တရားမျှတမှုကတော့ ကျနော်တို့တိုင်းပြည်မှာ ရှာဖွေရခက်ပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

AMZ / လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်

အခုရခိုင်မှာကြည့်၊ လူတွေအတော်နာနေပြီ။ လူတွေအတော်ကိုနာနေပြီ။ ကျောင်းတက်နေတဲ့ ကလေးတွေတောင်မှ ဗုံးဆံမှန်၊ အမြောက်ဆံမှန်တွေဖြစ်နေတော့ …

လတ်တလော နိုင်ငံတွင် အရေးတကြီးဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် နိုင်ငံရေးအခြေအနေတချို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုး ဇော်အား ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းထားသည်။

ငြမ်းမီဒီယာ – အခုလက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်ရဲ့ အလားအလာကို ဘယ်လိုအကဲခတ်မိပါ သ လဲ။

UAMZ – ရှေ့တိုးဖို့အတွက် တော်တော်လေးခက်နေတယ်။ လက်ရှိ NCA ဆိုတဲ့ Process ကြီးက တိုးလိုတန်းလန်းကြီး ဖြစ်နေ တယ်။ အခု (၂၁) ပင်လုံကို ဆက်လုပ်မယ်လို့ပြောတယ်၊ လုပ်နိုင်မယ့်အခြေအနေမတွေ့သေးဘူးဖြစ်နေတယ်။ ဒီကြားထဲမှာ သက်ဆိုင်တဲ့သူတွေ ဆွေးနွေးတာတော့ သူ့ဟာနဲ့သူလုပ်နေကြတာပေါ့။ သို့သော်လည်း (၂၁) ပင်လုံဆိုတာကို ပြန်ခေါ်နိုင်ဖို့ အနေအထားမှာတောင်မှ အကန့်အသတ်တွေရှိနေတယ်။ (၁၀) ဖွဲ့ကတော့သဘောတူထားတယ်၊ လက်မှတ်ထိုးထားတယ်၊ လက်မှတ် မထိုးရသေးတဲ့အဖွဲ့ တွေလည်းကျန်သေးတယ်။ တစ်ဖက်က ရခိုင်မှာလည်း စစ်တွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ အခု KNU မှာတောင် စစ်ပြန်ဖြစ်တယ်၊ တချို့ဒေသတွေ တပ်မဟာ (၅) ဘက်မှာ။ ဆို တော့အဲဒီလိုအခြေအနေမျိုးတွေ မြင်ရတဲ့ အခါကျ တော့ နည်းနည်းစိတ်မချမ်းမသာဖြစ်ရတယ်။ ဒီ Peace Process ကြီးက ဘာဖြစ်နေတာလဲ။ ရှေ့ကိုဆက်သွားမှာလား မသွားဘူးလား ပေါ့။ အဲဒါတွေက တော်တော်လေးကို စိုးရိမ်စရာအခြေအနေတော့ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ခုနောက်ပိုင်း တိုင်းရင်းသားတွေဘက်က NLD အစိုးရအပေါ်ယုံကြည်မှု လျော့ကျလာတဲ့အခြေအနေကို တွေ့ရပါ တယ်။ တိုင်းရင်းသားပါတီတချို့က ခေါင်းဆောင်တွေဆိုရင် ယုံကြည်မှုကျဆင်းလာတဲ့အခြေအနေကို ထုတ် ပြောတာတွေတောင် ရှိလာတယ်။ ဆိုတော့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ အရေးအကြီးဆုံးဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့ယုံကြည်ကိုးစားမှုမရှိဘဲ ဇွတ်အတင်းရှေ့ဆက်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်ကို နိုင်ငံရေးရှုထောင့်ကကြည့်ရင် ဘယ်လိုသုံးသပ်မလဲ။

UAMZ – ဒီကိစ္စက လုပ်တော့ဆက်လုပ်ရမှာပဲ။ သို့သော် လည်းပဲ ဆက်လုပ်တဲ့နေရာမှာ ကိုယ်ထားခဲ့တဲ့သဘောထား တွေ၊ ကိုယ်ရပ်တည်ခဲ့တဲ့ရပ်တည်ချက်တွေ၊ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကို သေသေချာချာပြန် Review လုပ်ဖို့လိုတယ်။ တချို့ဟာတွေ ပြောင်းသင့်တာပြောင်းရမယ်။ တချို့နည်းနာတွေလည်းပဲ ပြောင်းသင့်တာပြောင်းရမယ်။ ကျနော်တော့အဲဒီ လိုထင်တယ်။ NCA လက်မှတ်ထိုးမှ စကားပြောမယ်ဆိုတဲ့မူကို တရားသေကိုင်ထားတဲ့ကိစ္စက အဲဒါခက်တယ်လို့ ကျနော်ထင်တယ်။ အဲဒါ အဟန့်အတားပဲလို့ ကျနော်မြင်တယ်။ NCA ကို သဘောတူတဲ့အဖွဲ့အစည်းတွေရှိတယ်။ အဲဒီသဘောတူတဲ့ အဖွဲ့အစည်းတွေ ကိုယ်၌က NCA ကို ပြန်ပြီးဆွေး နွေးချင်ကြတယ်။ ပြန်ပြီး Review လုပ်ချင်ကြတယ်။ ဆိုတော့ အဲဒီအခြေအနေကိုသာ လမ်းဖွင့် ပေးမယ်ဆိုလို့ရှိရင် တချို့အဖွဲ့အစည်းတွေထပ်ပါလာနိုင်တယ်။ ဥပမာ KIO တို့ဘာ တို့ဆိုလို့ရှိလည်းပဲ ဒီ NCA ကြီးလုပ်ခဲ့တဲ့ ဖြစ်စဉ်မှာ သူတို့ တောက်လျောက်ပါခဲ့ပဲ။ သူတို့ကလည်းပဲ သူတို့အနေနဲ့ တချို့ ကိစ္စတွေ ပြန်ဆွေးနွေးချင်တယ်၊ ပြန်ပြုပြင်၊ ပြန်ပြင်ချင်ကြတာတွေရှိတယ်။ ဆိုတော့ အဲဒီအခြေအနေတွေကို တစ်စုံတရာခွင့်ပြုနိုင်ဖို့လိုလိမ့်မယ်လို့ ကျနော်တော့ထင်တယ်။

ဒီပါတီကတော့ ငါတို့ကိုလုပ်ပေးလိမ့်မှာပဲ၊ ဒီပါတီကတော့ ငါတို့ကိုလုပ်ပေးမှာမဟုတ်ပါဘူး၊ ဒီပါတီကို တော့ပေါင်းလိုက်မယ်၊ ဟိုပါတီကိုတော့ပေါင်းလိုက်မယ်၊ အဲဒီလိုတွေ …

အဲဒီလိုပဲ NCA ပြင်ပမှာ တချို့အဖွဲ့အစည်းတွေရှိတယ်။ သူတို့ကလည်း NCA မဟုတ်ဘဲ သူတို့စကားပြောချင်တာရှိတယ်။ အဲဒီလိုအဖွဲ့အစည်းမျိုးတွေနဲ့လည်း သေသေချာချာစကားပြောဖို့ လိုလိမ့်မယ်လို့ထင်တယ်။ အဲဒါဆိုလို့ရှိရင် ဒီ NCA အပေါ်မှာ အခြေခံပြီးတော့ပဲ အကုန်လုံးပြန်စုလာနိုင်တယ်လို့ ကျနော်တော့နားလည်တယ်။ အဲဒီလိုအခြေအနေမဟုတ်ဘဲနဲ့ ဒါသဘောတူမှ ဆွေးနွေးမယ်၊ လက်မှတ်ထိုးမှ ဆွေးနွေးမယ် စသဖြင့်ပေါ့၊ ဆိုရင် အဲဒါလာဖို့နည်းနည်းခက်တယ်။ နောက်တစ်ခုက တစ်ဖက်က စကားပြောနေတာလည်းရှိတာပေါ့၊ တစ်ဖက်ကလည်း ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ စီမံချက်တွေ လုပ်နေတာရှိတယ်။ လမ်းတွေ ဖောက်နေတာ ရှိတယ်၊ တံတားတွေဆောက်နေတာရှိတယ်၊ စသဖြင့်ပေါ့။ ဒီအပေါ်တွေမှာအခြေခံပြီး တိုက်ပွဲတွေ ဖြစ်နေတာ လည်း ရှိတယ်။ အဲဒီတိုက်ပွဲအရှိန်တွေကိုလည်းမလျော့ချနိုင်ဘူးဆိုရင် ဆွေးနွေးပွဲက အခြေအနေသိပ်ပြီးကောင်းလိမ့်မယ်လို့ ကျနော်မထင်ဘူး။ နောက်အရေးအကြီးဆုံးကတော့ တပ်မူ (၆) ချက်ပေါ့။ တပ်မူ (၆) ချက်ကလည်း ပြန်စဉ်းစားဖို့လိုလိမ့်မယ်လို့ ကျနော်ထင် တယ်။ ငြိမ်းချမ်းရေးကိုလိုချင်တာ တကယ်ဟုတ်သလား မဟုတ်ဘူးလားပေါ့။ ကျနော်တို့တိုင်းပြည် တကယ် ငြိမ်းချမ်းမှဖြစ်မယ်ဆိုတာ လက်ခံသလားလက်မခံဘူးလား။ အဲဒီအပေါ်မှာမူတည်တယ်လို့ ကျနော်တော့ထင်တယ်။ NLD အပေါ်မှာတော့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု တစ်စုံတရာကျလာနိုင်တယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူကိုယ်၌က လည်း စစ်တိုက်နေတဲ့ကိစ္စတွေကို တားမှမတားနိုင် တာပဲ။ သူကိုယ်၌ကလည်း တပ်ကိုနားမချနိုင်ဘူးလေ။ ဆိုတော့ အဲဒီလို အခြေအနေမျိုးတွေအောက်မှာ သူလည်းသိက္ခာကျမှာပဲ။ သူ့ကိုယုံကြည်မှုအားကျမှာပဲလို့ ကျနော်တော့ထင် တယ်။

ငြမ်းမီဒီယာ – ငြိမ်းချမ်းရေးဆိုတာ EAO တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ရုံနဲ့မရပါဘူး။ တစ်ဘက်က EAO မဟုတ်တဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ သဘောထားဆန္ဒ၊ သူတို့ရဲ့စိတ်ခံစားမှုတွေနဲ့လည်း အများကြီးဆိုင်ပါတယ်။ ဆိုတော့ စစ်အာ ဏာရှင်ခေတ် တလျောက် NLD နဲ့အတူ ရပ်တည်ထောက်ခံပေးခဲ့ကြတဲ့ တိုင်းရင်းသားတွေကို မဟာမိတ်အနေနဲ့တောင် အသိအမှတ်မပြုတဲ့ပုံစံက Peace Process အပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲ။

UAMZ – ကျနော်ထင်တာကတော့ ပြည်တွင်းမှာရှိတဲ့ တချို့သော တိုင်းရင်းသားနိုင်ငံရေးပါတီတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်နက်ကိုင်အင်အားစုတွေကြား တချို့အခြေအနေမှာ ပေါင်းကူးလုပ်လို့ရတယ်။ ဆက်စပ်ပေးလို့ ရတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ဒီတိုင်းရင်းသားနိုင်ငံရေးပါတီတွေက အများကြီးဆက်စပ်စည်းရုံးပေးလို့ရတယ်။ ဆိုတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့နွေးနွေးထွေးထွေး မရှိတဲ့ အခါကျတော့ ဒီအခြေအနေက NLD အတွက်တော့ လက်လွှတ်ဆုံးရှုံးစရာပေါ့။ ဒါပေမယ့် NLD ကိုယ်၌ကလည်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ အကြံဉာဏ်တွေ၊ အမြင်တွေ၊ သူတို့ရဲ့ဆက်စပ်မှုတွေကို မလိုအပ်ဘူးလို့ ယူဆထားသလားမှမသိတာ။ ကျနော်တော့ အဲဒါကိုသိပ်နားမလည်ဘူး။ သို့သော်လည်းပဲ သူတို့ ဒီ ငြိမ်းချမ်းရေး အတွက်ဆိုရင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို သူတို့အသုံးပြုလို့အများကြီးရတယ်။ နွေးနွေးထွေးထွေးမရှိဘူး၊ ခပ်ဝေးဝေး နေမယ်ဆိုရင်တော့ သူ့အားတွေဆုံးရှုံးတာပေါ့၊ သူ့ကိုလုပ်ပေးကိုင်ပေးချင်တဲ့လူတွေများတာပဲ။ ဒါပေမယ့် သူတို့ကိုယ်၌က အဲဒီလိုအသိအမှတ်မပြုတဲ့အခါ သူတို့မှာအင် အားတွေဆုံးရှုံးတာပေါ့။

ငြမ်းမီဒီယာ – အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေးက ဆက်စပ် နေတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒီဥပဒေအရ ဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကိုမကြိုက်ကြလို့ မငြိမ်းချမ်းမှုရဲ့ အကြောင်းတရားတွေ ဖြစ်လာရတယ်လို့ သုံးသပ်ကြတာတွေလည်းရှိတယ်။ တစ်ဖက်မှာလည်း အခြေခံဥပဒေကို ပြင် ဆင်ဖို့ဆိုတာ အောင်မြင်ဖို့တောင်မလွယ်ကူတဲ့ အခက်အခဲ တွေရှိနေပြန်တယ်။ ဆိုတော့ ဒီအခြေအနေတွေကနေ ရှေ့ ဆက်နိုင်ဖို့ အကောင်းဆုံးအရွေ့တစ်ခုအတွက် အဓိကလိုအပ်ချက်က ဘာဖြစ်မလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAMZ – ကျနော်မြင်တာကတော့ သူတို့ရဲ့စိတ်ဆန္ဒပဲ။ နိုင်ငံရေးစိတ်ဆန္ဒပဲ။ ခုနကကျနော်တို့ပြောခဲ့တဲ့ Political Will ပေါ့။ နိုင်ငံရေးအရစိတ်ဆန္ဒက အရေးကြီးတယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ တပ်မတော်ကလည်း တကယ် ပြောင်းလဲချင်ဖို့လိုတယ်။ ပြောင်းလဲချင်တဲ့စိတ် ဆန္ဒရှိဖို့လိုတယ်။ ပြောင်းလဲချင်တဲ့စိတ်ဆန္ဒရှိမှ အပြောင်းအလဲ အတွက်ကို ငါကဘာလုပ်ရမယ်၊ ငါကဘာလိုက်လုပ်ရမလဲ၊ ငါကဘာအနစ်နာခံရမလဲဆိုတာမျိုးဖြစ်မယ်။ အခုက အမြဲတမ်း ကိုယ်က ဘာမှ မပေးရဘဲ၊ ဘာမှအနစ်နာမခံဘဲနဲ့ သူများနဲ့ညှိဖို့နှိုင်းဖို့တော့ခက်လိမ့်မယ်။ နောက်တစ်ချက်က တိုင်းပြည် တစ်ခုရဲ့ တပ်မတော် ဆိုတာ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့စာရင် သူတို့ကအစ်ကိုကြီးနေရာက၊ အကြီးအကဲနေရာကစဉ်းစားရမယ်။ သူတို့ သဘောထားကြီးဖို့ လိုတယ်။ သူတို့ကိုယ်၌က တကယ်ပြောင်းလဲချင်ဖို့လိုတယ်။ သူတို့တကယ်သဘောထားကြီးမယ်၊ သူတို့ တကယ်ပဲ ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒရှိမယ်ဆိုရင် ဒီကိစ္စကလွယ်လွယ်လေးပါ။ နောက်တစ်ခုက အခြေခံဥပဒေပြင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာကြိုးပမ်းနေတာရှိတယ်။ တစ်ပြိုင်နက်ထဲမှာ လွှတ်တော်ပြင်ပကနေလည်းကြိုးစားကြရမှာပဲ။

NLD အခန်းကဏ္ဍ တော်တော်ကျနေပြီလို့ ကျနော်ထင်တယ်။ ဒါပေမယ့် ဗမာအများစုရှိနေတဲ့ဒေသတွေမှာတော့ သူပဲ …

လွှတ်တော်ပြင်ပဆိုတဲ့နေရာမှာ ခုနကပြောတဲ့ ငြိမ်းချမ်းရေးညီလာခံလိုကိစ္စမျိုးတွေဗျာ။ လက်တွေ့ကျသော အားလုံး သဘောတူညီမှု ရအောင်လုပ်တာမျိုး။ နိုင်ငံရေးအရသဘောတူညီမှုရအောင် လုပ်တာ။ နိုင်ငံရေးအရသဘောတူညီမှုရမှ ဒီသဘောတူညီမှုပေါ် အခြေခံပြီးတော့ အခြေခံဥပဒေကိုပြင်ကြရမှာ။ ဒါ NCA Concept ထဲမှာလည်းဒီအတိုင်းပဲပါတာပဲ။ အဲဒီတော့ အခြေခံဥပဒေပြင်ရေး ဆိုတာက လွှတ်တော်ပြင်ပနည်းလမ်းကနေလည်းကြိုးစားဖို့လိုမယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်အားကောင်းရင် အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စဟာလည်း တက် လာမှာပဲ။ အားကောင်းလာမှာပဲ။ ကျနော်တော့အဲဒီလိုပဲမြင် တယ်ဗျ။ နောက်တစ်ခုက ကျနော်တို့ တိုင်းပြည်မှာ စစ်ကရပ် ဖို့လိုပြီ။ ပြည်တွင်းစစ်ရပ်ဖို့လိုပြီ။ ငြိမ်းချမ်းရေးကနောက်တစ် ဆင့်ပေါ့။ ပထမတစ်ဆင့်က စစ်တွေမရှိဖို့၊ စစ်တွေရပ်စဲဖို့လို နေပြီလို့ကျနော်မြင်တယ်။ ခင်ဗျား အခုရခိုင်မှာကြည့်၊ လူတွေအတော်နာနေပြီ။ လူတွေအတော်ကိုနာနေပြီ။ ကျောင်းတက်နေတဲ့ ကလေးတွေတောင်မှ ဗုံးဆံမှန်၊ အမြောက်ဆံမှန်တွေဖြစ်နေတော့ အဲဒီဟာကရပ်ဖို့တော့လိုပြီ။ ရပ်ဖို့လိုတယ် ဆိုတာကို အစိုးရတွေလည်းသိမယ်ထင်ပါတယ်။ ဘာကြောင့်မရပ်သေးဘူးလည်းဆိုတာတော့ ကျနော်လည်းမပြောတတ်ဘူး။ ခုထိဘာလို့ မပြတ်သေးဘူးလဲဆိုတာတော့ မပြောတတ်ဘူး။ သို့သော်လည်း ရပ်ဖို့လိုနေပြီ။ အစိုးရအနေနဲ့သာပဲ၊ သို့မဟုတ် တပ်မတော် အနေနဲ့သာပဲ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး၊ အဲဒီစစ်ဖြစ်နေတဲ့ဒေသတွေမှာ သူတို့ အပစ်အခတ် ရပ်တယ်လို့သာ ကြေညာကြည့်၊ ကျန်တဲ့အဖွဲ့အစည်းတွေလိုက်လာလိမ့်မယ်။ ရပ်ဖို့လိုနေပြီ။

ငြမ်းမီဒီယာ – ဒီနေရာမှာ တပ်မတော်ကပြောပြောနေတဲ့ အမျိုးသားလုံခြုံရေးဆိုတဲ့ကိစ္စကိုရော ဘယ်လိုမြင်ပါသလဲ။

UAMZ – သူတို့ယူဆတဲ့အမျိုးသားလုံခြုံရေးဆိုတာက ဘာလဲတော့ကျနော်တို့မပြောတတ်ဘူး၊ နားမလည်ဘူး။ ကျနော်တို့ ယူဆတဲ့ အမျိုးသားနိုင်ငံရေးကတော့ ကျနော်တို့ပြည်သူလူထု လုံလုံခြုံခြုံ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနဲ့ စီးပွားဥစ္စာ ရှာဖွေ စားသောက်နိုင်တဲ့ အခြေအနေ။ ဒါမျိုးကိုဖန်တီးပေးနိုင်မယ်ဆိုရင် လုံခြုံတယ်လို့ကျနော်တို့ယူဆရမယ်။ ပြည်သူလူထုရဲ့ စားဝတ် နေရေး လုံခြုံမယ်ဆိုရင် လုံခြုံရေးလို့ ကျနော်တို့ယူဆရမယ်။ အခုတစ်ကမ္ဘာလုံးက စိုးရိမ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ်လို ဟာမျိုးကို မတော်တဆရောက်လာရင် အကာအကွယ်ပေးနိုင်ဖို့၊ အဲဒီလိုပေးနိုင်အောင်ကြိုးစားတာ လူထုရဲ့လုံခြုံရေးမဟုတ်ဘူးလား။ သဘာဝဘေး အန္တရာယ်တွေဖြစ်တယ်။အဲဒီသဘာဝဘေး အန္တရာယ်တွေရဲ့ ဒဏ်ကနေ သက်သာရာရအောင် လူထုကို ကူညီစောင့်ရှောက် ကာကွယ်ပေးနိုင်တာ၊ ပြန်လည်ထူထောင်ရေးတွေကို ပြည့်ပြည့်၀၀ လုံလုံလောက်လောက် ဖြစ်အောင် လုပ်ပေးနိုင်တာ ကျနော်တို့ တိုင်းပြည်ရဲ့လုံခြုံရေးမဟုတ်ဘူးလား။ ကျနော်တို့တိုင်းပြည် ကိုဝင်ပြီးတော့ လက်နက်နဲ့ ကျူးကျော်မယ့် အခြေအနေ ကနေ့ အချိန်အခါမှာမရှိပါဘူး။ ကျနော်တော့ အဲဒီလိုပဲနားလည်တယ်။ အဲဒီလိုအခြေအနေမရှိဘဲ အဲဒီလို အခြေအနေ တွေ ရှိနေပြီလို့ပြောတဲ့ကိစ္စဟာ ကိုယ့်အခန်းကဏ္ဍကိုကိုယ် မြှင့်ဖို့ကြိုးစားတာပဲ။ ခုနကပြောတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စမှာ လည်း ဒီလိုပဲ။ ကျနော်တော့အဲဒီလိုပဲနားလည်တယ်။ ကျနော်တို့တိုင်းရင်းသားပြည်သူအချင်းချင်း ညီညွှတ်ဖို့ကြိုးစားတဲ့ကိစ္စမှာ ညီညွှတ်ဖို့ကြိုးစားလေလေ ကိုယ့်တိုင်းပြည်ရဲ့လုံခြုံရေးကို ကောင်းအောင်လုပ်သလို ပိုမိုဖြစ်လေလေလို့ ကျနော်ကနားလည်တယ်။

နိုင်ငံရေးမှာပဲကြည့်ကြည့်၊ စီးပွားရေးမှာပဲကြည့်ကြည့်၊ လူမှုရေးမှာပဲကြည့်ကြည့် တရားမမျှတမှု က နေရတကာမှာရှိတယ်။ အဲဒီလို …

ကျနော်တို့တိုင်းပြည် မညီမညွှတ်ဖြစ်လေ ကျနော်တို့တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးထိခိုက်လေလေ၊ကျနော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေး ထိပါးလေလေပဲဖြစ်တယ်။ ကျနော်တို့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာထိပါးလေလေပဲဖြစ် တယ်။ ကျနော်တို့တိုင်းပြည် အခုက ဒုက္ခရောက်နေတယ်။ စီးပွားရေးကလည်းမကောင်းဘူး။ ကျနော်တို့ သူများအားကိုနေရတာပဲလေ။ ခင်ဗျားတို့မျက်မြင်ပဲ။ တရုတ်အားကိုးရ၊ အမေရိကန်အားကိုးရ၊ အလှူရှင်တွေအားကိုးရ အဲဒီအခြေအနေဖြစ်နေတာပဲလေ။ အဲဒါက အကယ်၍များ ကျနော်တို့က ညီညီညွှတ်ညွှတ်ရှိမယ်၊စည်းစည်း လုံးလုံး ရှိမယ်ဆိုရင် ကျနော် တို့သူများကို အားကိုးစရာမလိုဘူး။ သူများကို အားကိုးစရာ မလိုဘူးဆိုရင် သူများကိုအားကိုးရမှုလျော့ပါးလေလေ ကိုယ့်လုံခြုံရေးကကောင်းလေလေဖြစ်မှာပဲ။ ရိုးရိုးလေးပါ။ အဲဒီဟာကို ရိုးရိုးလေးပဲမြင်ကြည့်လို့ရပါတယ်။ အမျိုးသားလုံခြုံရေးအကြောင်းပြပြီး ဟိုအိမ်တက်ရှာ ဒီအိမ်တက်ရှာ၊ ဟို အိမ် ဧည့်စာရင်း စစ် ဒီအိမ်ဧည့်စာရင်းစစ်ပေါ့၊ အဲဒီလိုခေတ်မျိုးကတော့ မရှိသင့်တော့ဘူးလို့ကျနော်မြင်ပါတယ်။ တကယ်တော့ မရှိသင့် တော့ဘူး။ အဲဒီလိုလုပ်လေ ပြည်သူလူထုရဲ့ဘဝက မလုံမခြုံဖြစ်လေပဲ။ လူတွေက ဘယ်သူ့အဖေခေါ်ရမလဲမသိဘူး။ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရနဲ့။ အကုန်လုံးကိုကြောက်နေရတယ်။ စစ်ဖြစ်တဲ့ဒေသတွေမှာ ပိုဆိုးတယ်။ အဓိက အဲဒါပဲ။

ငြမ်းမီဒီယာ – စစ်ပွဲမရှိတဲ့ဒေသတွေမှာလည်း မလုံခြုံမှုတွေ၊ မမျှတတဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် မငြိမ်းချမ်းမှုတွေ ဖြစ်တတ် ပါတယ်။ ဥပမာ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေဟာ အုပ်ချုပ်ရေးစနစ်နဲ့ လူ့အဖွဲ့အစည်းထဲမှာ ရှိနေ တာကြောင့် မငြိမ်းချမ်းမှုတွေဖြစ်ရတာဆိုတဲ့ သုံးသပ်ချက်တွေကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAMZ – ငြိမ်းချမ်းရေးလို့ပြောတဲ့အခါကျ ငြိမ်းချမ်းရေးကကျယ်ပြန့်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် စစ်မဖြစ်တာ၊ စစ် တိုက်နေ တာတွေကိုရပ်တာတင် ငြိမ်းချမ်းရေးမဟုတ်ပါဘူး။ ဒီနေ့ ရန်ကုန်ကုန်မှာရှိတဲ့ ပြည်သူအများစု ငြိမ်းချမ်းတယ်လို့ ခင်ဗျားယူဆ သလား။ နေ့စဉ်နဲ့အမျှ သူတို့စားဝတ်နေရေးအတွက် ကြောင့်ကြနေရတယ်၊ စိုးရိမ်နေရတယ်။ နောက်သူတို့ ရဲ့လုံခြုံမှု၊ သူတို့ သားတွေသမီးတွေရဲ့လုံခြုံမှု၊ သူတို့မိသားစုတွေရဲ့လုံခြုံမှု၊ စားဝတ်နေရေးအရလုံခြုံမှု၊ အဲဒီလိုပဲ တော်ကြာဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရတွေလည်းအများကြီးပဲ။ ဆိုတော့ အဓိကကတော့ ငြိမ်းချမ်းရေးလို့ပြောရင် ငြိမ်းချမ်းရေးဆိုတာ လူတိုင်းလူတိုင်းနဲ့ ပတ်သက်တယ်။ စစ်ဖြစ်တဲ့ဒေသကလူတွေနဲ့လည်းပတ်သက်တယ်၊ စစ်မဖြစ်တဲ့ဒေသကလူတွေနဲ့လည်းပတ်သက်တယ်။

နိုင်ငံကိုချစ်တဲ့ကိစ္စက သူတို့ကိုးကွယ်ယုံကြည်မှုနဲ့ ဘာမှမဆိုင်ဘူး။ ကိုးကွယ်ယုံကြည်မှုဆိုတာက သူတို့ရဲ့ပုဂ္ဂလိကကိစ္စ။ ကျနော် …

နောက် တရားဥပဒေစိုးမိုးရေးဆိုတာ ကျနော်တို့တိုင်းပြည်မှာမရှိဘူး။ တော်တော်ချို့တဲ့သွားတယ်။ ဗစ်တိုးရီးယားအမှုကို ကြည့်ရင် သိသာတယ်။ ဆို တော့အဲဒီလိုလုံခြုံရေးမျိုးတွေကလည်း ကျနော်တို့တိုင်းပြည် ထဲမှာလိုတာပဲ။ တကယ်ငြိမ်းချမ်းတယ်ဆိုရင် ပြည်သူလူထုကပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့စီးပွားဥစ္စာကို လွတ်လွတ်လပ်လပ် ရှာဖွေစားသောက်နိုင်တဲ့အခြေအနေ၊ အဲဒီ အခြေအနေကို အကာအကွယ်ပေးတဲ့ဥပဒေ၊ အဲဒီဥပဒေအတိုင်း တကယ် အကာအကွယ်ပေးတဲ့အခြေအနေတွေရှိနိုင်မှ လူထုက ငြိမ်းချမ်းမှုရမှာလို့ ကျနော်နားလည်တယ်။ တရားမျှတမှုကတော့ ကျနော်တို့တိုင်းပြည်မှာ ရှာဖွေရခက်ပါတယ်။ ဘယ်နေရာမှာ ရှိလဲ၊ တရားမျှတမှု။ မတရားတဲ့ကိစ္စတွေဆွဲထုတ်ပြဆို အကုန်လုံးဆွဲထုတ်ပြလို့ရတယ်။ ရပ်ကွက်ထဲမှာကအစ၊ ဒါက တစ်တိုင်းပြည်လုံး အနေအထားလေ။ နိုင်ငံရေးမှာပဲကြည့်ကြည့်၊ စီးပွားရေးမှာပဲကြည့်ကြည့်၊ လူမှုရေးမှာပဲကြည့်ကြည့် တရားမမျှတမှု က နေရတကာမှာရှိတယ်။ အဲဒီလို အခြေအနေတွေကို ကျနော်တို့လျော့ မချနိုင်ဘူး ဆိုရင် လူထုက ဘယ်လို ငြိမ်းချမ်း မလဲ။ မငြိမ်းချမ်းနိုင်ဘူး။ ကျနော်တော့ အဲဒီလိုထင်ပါတယ်။ ကျနော်တို့လုပ်ရမှာတွေအများကြီးပဲ။

ငြမ်းမီဒီယာ – နိုင်ငံသားတစ်ယောက်ရဲ့ နိုင်ငံအပေါ်သစ္စာစာင့်သိမှုဟာ သူ့ရဲ့ကိုးကွယ်ယုံကြည်မှု၊ လူမျိုး၊ အသားအရောင်တို့နဲ့ ဘယ်လိုဆက်စပ်ပတ်သက်တယ်လို့ ယူဆပါသလဲ။

UAMZ – ကျနော်တို့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာရှိတယ်။ ဒီဒုတ်ဦးဘချိုနဲ့ထင်တယ်။ သူနဲ့ ပြောခဲ့ဆိုခဲ့တာ ရှိတယ်။ ဘာသာရေးနဲ့ပတ်သက်လို့၊ ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ။ ဘာသာရေး မစွက်ဖက်တဲ့ နိုင်ငံရေးစနစ်ကို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာရှိတယ်။ ကျနော်တို့တိုင်းပြည်ထဲမှာ အယူအဆအရ၊ လူမျိုးအရ၊ အသွေးအရောင်အရ အစုံနေကြတာကိုး။ အဲဒီလူတွေအကုန်လုံးက ကျနော်တို့နိုင်ငံသားတွေပဲ။ ကျနော်တို့တိုင်းပြည် လွတ်လပ်ရေး ကြိုးပမ်းမှုမှာလည်း ဒီလူ တွေအကုန်ပါခဲ့တာပဲ။ ဖက်ဆစ်တော်လှန်ရေးမှာလည်း ဒီလူ တွေအကုန်ပါခဲ့တာပဲ။ တပြိုင်နက်တည်းမှာ ကျနော်တို့တိုင်းပြည် ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ လုပ်တော့မယ် ဆိုတော့လည်း ဒီလူတွေအကုန်ပါခဲ့တာပဲ။ ကျနော်တို့ လွတ် လပ်ရေးကြိုးပမ်းမှုတုန်းက ဆရာကြီးဦးရာဇတ်တို့ဆို ဒါမူဆလင်ဘာသာဝင်တွေပဲ။ ခရစ်ယာန်ဘာသာဝင်တွေလည်းရှိခဲ့မှာပဲ။ ကျနော်တို့ ဖဆပလအဖွဲ့ချုပ်ကြီး ဖွဲ့တဲ့အခါမှာ၊ ဂျပန်ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ကြားဖြတ်အစိုးရဖွဲ့တဲ့အခါမှာ စောဘဦးကြီးတို့တောင်ပါတာပဲ။ ဒါ သူတို့ဆိုခရစ်ယာန်တွေ။ နောက်ပိုင်း ကရင်တော်လှန်ရေးလုပ်သွားတဲ့ ခေါင်းဆောင်တွေပေါ့။ အကုန်ပါခဲ့ကြတာပဲ။ ဆိုတော့ နိုင်ငံသားတစ်ယောက် နိုင်ငံကိုချစ်တဲ့ကိစ္စက သူတို့ကိုးကွယ်ယုံကြည်မှုနဲ့ ဘာမှမဆိုင်ဘူး။ ကိုးကွယ်ယုံကြည်မှုဆိုတာက သူတို့ရဲ့ပုဂ္ဂလိကကိစ္စ။ ကျနော်ဗုဒ္ဓဘာသာ ကျနော်ဗုဒ္ဓကိုယုံမယ်၊ ခင်ဗျားခရစ်ယာန်ဘာသာ ယေရှုကိုယုံမယ်၊ သူကအစ္စလမ်ဘာသာ၊ မိုဟာမက်က သူတို့ရဲ့တမန်တော်။ အဲဒါတွေက သူတို့ပုဂ္ဂလိကကိစ္စတွေလေ။ ဒီ တိုင်းဒီပြည်ကို ချစ်တာနဲ့မဆိုင်ဘူး။ ဒီတိုင်းဒီပြည်အရေးမှာ ဒီလူအားလုံးပါပြီးတော့ အလုပ်လုပ်နိုင်အောင် နိုင်ငံရေး ခေါင်းဆောင် တွေက အဲဒီအမြှော်အမြင်နဲ့ကြိုးပမ်းဖို့လိုတယ်လို့ ကျနော်ထင်တယ်။ အဲဒါမှ ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူဖြစ် လိမ့်မယ်လို့ ကျနော်တော့နားလည်တယ်။

ငြမ်းမီဒီယာ – နိုင်ငံတော်အဆင့်က ထုတ်ပြန်တဲ့ ၁၉၇၂ ခုနှစ်စာရင်းမှာ တိုင်းရင်းသားလူမျိုး (၁၄၄) မျိုးရှိခဲ့ပေမယ့် ၁၉၈၂ ခုနှစ် ထုတ်ပြန်တဲ့စာရင်းမှာကျတော့ တိုင်းရင်းသားလူမျိုးက (၁၃၅) မျိုးဖြစ်သွားပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာ တိုင်းရင်းသားလူမျိုး (၉) ခုလျော့သွားတယ်။ ဒီလိုအတိုးအလျော့ကိစ္စတွေကိုလွယ်လင့်တကူ လုပ်ကိုင်ဆောင်ရွက်နေပေမယ့် တစ်ဖက်မှာကျတော့ ဥပဒေ အရ ပြဌာန်းထားတဲ့ နိုင်ငံသားအခွင့်အရေး၊ တိုင်းသားအခွင့်အရေးတွေကို ပြည့်ပြည့်၀၀ရအောင်မဆောင်ရွက်ပေးနိုင်ဘူးလို့ သုံးသပ်ထောက်ပြနေကြတာတွေကိုရော ဘယ်လိုမြင်ပါသလဲ။

UAMZ – ၁၉၈၂ နိုင်ငံသားဥပဒေပေါ့။ အဲဒါကိုတော့ ပြန်ပြီးသုံးသပ်ရမယ့်ဥပဒေဖြစ်တယ်။နိုင်ငံသားဖြစ်မှု ဥပဒေတွေနဲ့ ပတ်သက်လို့ ပြန်ပြီးတော့ သေသေချာချာသုံးသပ်ရလိမ့်မယ်။ ပြန်သုံးသပ်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဥပဒေမျိုး၊ တရားမျှတတဲ့ဥပဒေမျိုး၊ ဒီမိုကရေဒီကိုအခြေခံတဲ့ဥပဒေမျိုး၊ လူတွေကိုခွဲခြားဖိနှိပ်မှု မလုပ်ဘဲ လူသားဖြစ်မှုကိုအခြေခံတဲ့ဥပဒေမျိုးဖြစ်အောင် ပြန်ပြီး သုံးသပ်ဖို့လိုတယ်။ ပြန်ပြီးပြင်ဆင်ဖို့လိုတယ်လို့ကျနော့်အနေနဲ့ အဲဒီလိုယူဆတယ်။ အခြေခံက ၁၉၈၂ ဥပဒေဟာ အတော်ကိုပဲ ခွဲခွဲခြားခြားရှိတဲ့ဥပဒေတစ်ခုအဖြစ် ကျနော်တော့ အဲဒီလိုယူဆတယ်။ အဲဒါကိုတော့ ကျနော်တို့ပြန်ပြီး ပြုပြင်နိုင်ဖို့၊ ပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။

ငြမ်းမီဒီယာ – လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာရုံးတချို့မှာ ဆိုင်းဘုတ်တင်ပြီးချိတ်ထားတဲ့ “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မည်” ဆိုတဲ့ Slogan လိုလိုစာ သားအပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UAMZ – ပြသနာက သူတို့ဥပဒေကိုယ်၌က အဲဒီလိုဖြစ်အောင်ဆောင်ရွက်နေသလိုဖြစ်နေတယ်။ လူမျိုးပြုတ် မပြုတ်တော့မသိဘူး ကျနော်တို့နိုင်ငံအခုက အစိပ်စိပ်အမြွှာမြွှာဖြစ်နေပြီ။ တချို့ကိစ္စတွေက အဲဒီဥပဒေကြောင့်ပဲ။ တချို့လူမျိုးတွေက ကရင်ဖြစ်လျှက်နဲ့ ကရင်လို့မပြောရဲဘူး၊ မှတ်ပုံတင်မှာ ဗမာဖြစ်နေတယ်။ တချို့လူမျိုးတွေက ရှမ်းဖြစ်ရဲ့သားနဲ့ သူတို့ ကိုယ်သူတို့ ရှမ်းလို့မပြောနိုင်ဘူး၊ ဗမာလို့ပြောနေကြရတယ်။ ကျနော်တို့အရင် တစ်ခေါက် ကြားဖြတ်ရွေးကောက်ပွဲတုန်းက SNLD ကကိုယ်စားလှယ်လောင်းတစ်ဦး မန္တလေးတိုင်းထဲမှာရှမ်းရေးရာ ဝန်ကြီးနေရာ ဝင်ပြိုင်တယ်။ အဲဒီမှာ တချို့နေရာတွေက ရှမ်းရွာတွေ။ ဒါပေမယ့်သူတို့တွေက မဲပေးလို့မရဘူး။ ဘာလို့လည်းဆို သူတို့မှတ်ပုံတင်ထဲမှာ ရှမ်းမဟုတ် ဘူး၊ ဗမာတွေဖြစ်နေတာကိုး။ ဆိုတော့ “မြေမျိ၍လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မည်” ဆိုတာ ဘယ်လိုသဘောလည်းတော့မသိဘူး။ အဲဒီတော့ ဟိုတိုင်းရင်းသားတွေကလည်း သူတို့ ကိုလာမျို သလို သူတို့ခံစားရတာပဲ။ မနေ့တစ်နေ့က ကျနော် သင်တန်းတစ်ခုသွားတယ်။ ဧရာဝတီတိုင်းမှာ ကျနော်တို့ဗမာတွေပဲ။ သူတို့ နာဂစ်ဖြစ်တဲ့အခါ ရှိတာတွေပျောက်တာပေါ့။ သူတို့က ဒီရပ်ဒီရွာမှာကြီးတာပဲ။ နာဂစ်ဖြစ်တော့ ရှိတာတွေ ဆုံးရှုံးပြီး ပျောက်တဲ့ အခါကျတော့ မှတ်ပုံတင်လည်းမရှိတော့ဘူး၊ အိမ်ထောင်စုစာရင်းလည်းမရှိတော့ဘူး။ ဘာမှမရှိတော့ဘူး။ ဆိုတော့တ ခြားဒေသကို ထွက်သွား၊ တခြားဒေသမှာလုပ်ကိုင်စားသောက်၊ မှတ်ပုံတင်တွေမရှိတဲ့အခါကျတော့ အခက်အခဲဖြစ်၊ သူတို့ရွာတွေပြန်သွား၊ အဆက်ဆက် နေခဲ့တဲ့ သူတို့ကို ကျေးရွာလူကြီးတွေက ဒီလူတွေဟာကျနော်တို့ ရွာတွေကလူတွေပါလို့ ဘယ်လောက်ပဲအာမခံခံ၊ အဲဒီလူတွေက ခုအချိန်ထိမှတ်ပုံတင်မရှိကြသေးဘူး။ အဲဒီတော့ သူတို့ကဘာလဲ။ သူတို့ကဗမာလေ၊ ဒီစကားပဲပြောတာ။ ဗမာစကားပဲ ပြောတာ၊ ဒီရွာမှာပဲကြီးတာ။ အဲဒီအခက်အခဲတွေက၊ အဲဒီဥပဒေအရဆိုရင် ဗမာစစ်စစ်တွေတောင်မှ မြန်မာနိုင်ငံသား မဖြစ်ရတဲ့ သူတွေအများကြီးပဲ။ ကျနော်ရောက်ခါစက ကြုံဖူးတာရှိတယ်။ တချို့ဧရာဝတီတိုင်းက ကလေးတွေကျောင်းသွားအပ်တဲ့အခါ ကျောင်းအပ်လို့ မရဘူး။ တစ်အချက်က သူတို့မှာအိမ်ထောင်စုစာရင်းမရှိဘူး၊ နှစ်အချက်က သူတို့မှာ မှတ်ပုံတင်တွေ ဘာတွေ မရှိဘူး။ ကျောင်းနေဖို့အတွက် အခက်အခဲရှိတယ်။ ကျနော် အဲဒါကိုဘယ်လိုမှနားမလည်ဘူး။ အဲဒီလိုကိစ္စတွေက ကျနော်တို့ သေသေချာချာကြည့်ရမယ့်ကိစ္စတွေ။ အဲဒါမျိုးတွေကအများကြီးပဲ။ မဆလ လက်ထက်က ဟာသလား တကယ်လားတော့မသိဘူး၊ တစ်ခုကြားဖူးတယ်ဗျ။ တောကအဖွားကြီးတစ်ယောက် ရထားလက်မှတ် ဝယ်တယ်။ ဝယ်တဲ့အခါကျတော့ ရထား လက်မှတ် ရောင်းတဲ့ သူက မှတ်ပုံတင်တောင်းတယ်။ ဆိုတော့အဖွားကြီးက ဘာပြောလဲဆိုတော့ ‘ ငါ့သားရယ် လူကိုယ်တိုင် လာနေပြီပဲ၊  မှတ်ပုံတင်လိုသေးလို့လား’ လို့မေးတယ်။ အဲဒီလိုကျေးလက်တွေမှာ မှတ်ပုံတင်မရှိတဲ့လူတွေကအများကြီးပဲ။ အခု နာဂစ်လို ကိစ္စမျိုးကြောင့် မှတ်ပုံတင်ပျောက်လို့ သွားလုပ်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး မရတဲ့သူတွေလည်း အများကြီးရှိတယ်။ အဲဒါမျိုးတွေတောင်ရှိတယ်။ ဒါက ကျနော်တို့ဥပဒေနဲ့လည်းဆိုင်မယ်၊ ဥပဒေရဲ့အားနည်းချက်လည်းဖြစ်မယ်။ နောက် ဌာနဆိုင်ရာ တွေရဲ့ ပြသနာလည်းပါတယ်။ ဌာနဆိုင် ရာတွေက အရိုးစွဲနေပြီ။ အချောင်ခံရတာက ကျနော်တို့ပြည်သူတွေပဲ။ အရိုးစွဲနေတဲ့ လုပ်ထုံးလုပ်နည်း တွေပေါ့ဗျ။ အဲဒါတွေကြောင့် တော်တော်လေးပြသနာရှိတယ်။

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုအကဲခတ်မိပါသလဲ။

UAMZ – ၂၀၂၀ ရွေးကောက်ပွဲက ယှဉ်ပြိုင်မှုနည်းနည်း ပြင်းထန်မယ်လို့ထင်တယ်။ နောက်တစ်ခုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်လို့ ယုံကြည်မှုတော်တော်ကျတယ်လို့ကျနော်ထင်တယ်။ ဒါပေမယ့် ဒီယုံကြည်မှုကျတယ် ဆိုတာကလည်း ခုနကလို တိုင်းရင်းသားဒေသတွေမှာဆိုရင် တော်တော်ကျပုံရတယ်။ နောက်နိုင်ငံရေး အသိုင်းအဝိုင်းမှာ။ တော်တော်ကျပုံ ရတယ်။ ဆိုတော့ အဲဒီအတွက်လည်း သူတို့ တော်တော်လေး အသည်းအသန်တော့ ကြိုးပမ်းနေပုံရတယ်။ တပြိုင်နက်တည်းမှာ တခြားပါတီတွေလည်း အများကြီးဖြစ်လာတယ်။ ဆိုတော့ ဒီတိုင်းရင်းသားဒေသတွေမှာတော့ ကျိန်းသေတယ်၊ NLD အခန်းကဏ္ဍ တော်တော်ကျနေပြီလို့ ကျနော်ထင်တယ်။ ဒါပေမယ့် ဗမာအများစုရှိနေတဲ့ဒေသတွေမှာတော့ သူပဲဆက်ရှိနေလိမ့်မယ်လို့ ကျနော်တော့အဲဒီလိုပဲထင်တယ်။

ငြမ်းမီဒီယာ – အကယ်၍များ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်ပါတီတည်းက အစိုးရဖွဲ့နိုင်တဲ့ရာခိုင်နှုန်းအထိ အနိုင်မရခဲ့ဘူးဆိုရင် ဖြစ်လာနိုင်တဲ့နိုင်ငံရေးအခင်းအကျင်းက ဘယ် လိုရှိမလဲ။

UAMZ – ကျနော်ထင်တယ်၊ ကျနော့်နားလည်မှုကတော့ NLD က အစိုးရဖွဲ့နိုင်လောက်တဲ့မဲတော့ရဦးမယ်လို့ ထင်တယ်။ အကယ်၍ အဲဒီလောက်မှသူမရဘူးဆိုရင်လည်း သူက ခုနကတိုင်းရင်းသားအင်အားစုတွေနဲ့ပေါင်းမလား၊ ဒါမှမဟုတ် USDP တို့ သူတို့မဟာမိတ်တွေနဲ့ပေါင်းမလား၊ စစ်တပ်နဲ့ ပေါင်းမလား မဟာမိတ်လုပ်မလား။ အဲဒါတွေ သူရွေးချယ်ရမှာပဲ။ အဲဒီ အခြေအနေ တော့ ဖြစ်လာနိုင်တာပေါ့။ ဒါပေမယ့် ကျနော်နားလည်သလောက်ကတော့ သူကတော့အစိုးရဖွဲ့နိုင်လောက်တဲ့ အခြေအနေတော့ ရှိလိမ့်ဦးမယ်လို့ ကျနော်အဲဒီလိုနားလည်တယ်။

ငြမ်းမီဒီယာ – တချို့က လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ အာဏာရှင်လက်ဟောင်းတွေရဲ့ အပြီးသတ် တိုက်ပွဲ ဆိုပြီးပြောဆိုနေကြတာတွေကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UAMZ – ဒီနေ့ ကျနော်တို့တိုင်းပြည်ရဲ့ အပြောင်းအလဲက ဒီရွေးကောက်ပွဲနိုင်ငံရေးတစ်ခုတည်းနဲ့ပြောင်းမှမဟုတ် ဘူးဗျ။ ဒီ ရွေးကောက်ပွဲ နိုင်ငံရေးကလည်းလိုပါတယ်၊ ဒီမိုကရေစီစနစ်ကို တကယ်ဖွံ့ဖြိုးအောင်၊ တိုးတက်အောင်သွားမယ် ဆိုရင် ပုံမှန် ရွေးကောက်ပွဲတွေ စနစ်တကျဖြစ်လာဖို့လိုတယ်။ ဒီကိစ္စကလည်းလိုအပ်ပါတယ်။ တပြိုင်နက်တည်းမှာ ခုနကလို ရွေးကောက်ပွဲ ပြင်ပ၊ လွှတ်တော်ပြင်ပနိုင်ငံရေးအင် အားစုတွေရဲ့ အားကောင်းရေးလည်းလိုတယ်။ ခုနကပြောတဲ့ ငြိမ်းချမ်းရေး Process လို ကိစ္စမျိုး ကလည်း အားကောင်းဖို့လိုတယ်။ ဘက်စုံကစုတွန်းမှဒီတိုင်းပြည်ရဲ့ အပြောင်းအလဲကို လုပ်နိုင်မှာဖြစ်တယ်။ ဒီ ရွေးကောက်ပွဲ နိုင်ငံရေး တစ် ခုတည်းနဲ့တော့ အာဏာရှင်စနစ်၊ အာဏာရှင်အငွေ့အသက်တွေက ကျနော်တို့လူ့အဖွဲ့အစည်းကနေ ပျောက်သွားမှာ မဟုတ်ဘူးလို့ကျနော်ထင်တယ်။ ကျနော်တော့ အဲဒီလိုပဲနားလည်တယ်။

ငြမ်းမီဒီယာ – လက်ရှိနိုင်ငံရေးပါတီတွေထဲမှာ ဒီမိုကရေစီစံနှုန်းတွေပြည့်ဝတဲ့နိုင်ငံရေး ပါတီတစ်ခုကို ပြပါဆိုရင်ဘယ် ပါတီကိုပြမလဲ။ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်တည်ထောင်သူ ဦးမြအေးကတော့ ဦးအောင်မိုးဇော် တို့ရဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ညွှန်းပါတယ်။

UAMZ – ကျနော်တို့လည်းကြိုးစားတုန်းပါပဲ။ သူအဲဒီလိုပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ကြိုးစား နေတုန်းပါပဲ။ လက်တွေ့ ကျတော့ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးပါတီတွေက နိုင်ငံရေးပါတီပီပီပြင်ပြင်အဖြစ် မရပ် တည်နိုင်သေးဘူးလို့ ကျနော်မြင်တယ်။ ဒါပေမယ့်တစ်ခုရှိတာက နိုင်ငံရေးပါတီဆိုတာကိုဘယ်လို နားလည်သလဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့။ တကယ်ပဲ နိုင်ငံရေးပါတီတစ်ခုဟာ သူရဲ့အတွေးအခေါ်တစ်ခု၊ အဲဒီအတွေးအခေါ်အပေါ် အခြေခံပြီးတော့ သူ့ရဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ Program တွေ၊ လုပ်ငန်းစဉ်တွေ၊ ဒီအပေါ်မှာအခြေခံပြီးတော့ နိုင်ငံရေးပါတီတွေစုဖွဲ့တာပေါ့။ ဒါကတစ်ခု။ ဟုတ်ပြီ အဲဒီအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံရေးပါတီတွေစုဖွဲ့တယ်ဆိုလို့ရှိရင်လည်း အဲဒီအပေါ်မှာ သူ့ရဲ့ခေါင်းဆောင်မှု အဆင့်ဆင့်က ဘယ်လိုလဲ၊ ဘယ်လိုရွေးချယ်သလဲ၊ နောက်သူတို့ပါတီဝင်တွေက ဘယ်လိုပုံစံနဲ့ ဖြစ်တည်ခွင့်ပြုသလဲ စသဖြင့်ပေါ့ဗျာ။ အဲဒီအခြေအနေအရ ကျနော်တို့က သွားကြရဦးမယ်။ လက်တွေ့ အရပြောမယ်ဆိုရင်တော့ အဲဒီအခြေအနေကို ဖြတ်သန်းဖို့ ဆိုတာ ကျနော်ထင်တယ်၊ ကျနော်တို့ဆီမှာရှိတဲ့ပါတီတွေမှာ အဲဒီလောက်အခြေအနေမရှိသေးဘူး၊ မဖြတ်သန်းနိုင်သေးဘူး။ ရုန်းနေကန်နေကြရတာပေါ့။ ယုံကြည်မှုအရတော့ ရှိချင်ရှိမှာပေါ့။ လက်တွေ့မှာတော့ မလွယ်သေးဘူးလို့ ကျနော်မြင်တယ်။ ကျနော်တို့ ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆို အများကြီးအားထားတယ်ဗျ။ သူတို့ဆိုရင် အင်အားအများကြီးရှိတယ်။ သူတို့ပါတီကို စနစ်တကျသာ ဒီမိုကရက်တစ် ပါတီအဖြစ် သူတို့အသေအချာ တည်ဆောက်နိုင်မယ်ဆိုရင် သူတို့လုပ်လို့ရတယ်လို့ထင်တယ်။ ဒါပေမယ့် လက်တွေ့ကျတော့ သူတို့မှာလည်း အဲဒီအခြေအနေမရှိဘူး။ ဆိုတော့ ခက်တယ်။ ဒီမိုကရေစီကိုယုံတယ်ဆိုတာထက် စစ်အုပ်စုစစ်အာဏာရှင် စနစ်ကို ဖယ်မယ်ဆိုတဲ့အဆင့်ပဲ ကျနော်တို့ရှိသေးတယ်။ ဒီမိုကရေစီစနစ်ကို တကယ်စနစ်တကျသွားတဲ့ နိုင်ငံရေးပါတီတစ်ခုအဖြစ် တက်လှမ်းနိုင်ဖို့က ကြိုးစားကြရဦးမယ်လို့ ကျနော် ထင်တယ်။ ရုန်းကြရဦးမယ်လို့ထင်တယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါ။

UAMZ – ကျနော်တို့တိုင်းပြည်၊ ကျနော်တို့လူ့အဖွဲ့အစည်းအတွက် အကုန်လုံးရုန်းကြဦးမယ်လို့ ကျနော်ထင်တယ်။ ဟိုပါတီ ဒီပါတီဆိုပြီးလည်း အားကိုးနေလို့မရဘူး။ လူတိုင်း လူတိုင်းပေါ့၊ ကျနော်တို့တိုင်းပြည်ကို အပြောင်းအလဲဖြစ်ချင် တဲ့လူတိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရလိမ့်မယ်၊ ကိုယ့်အားကိုယ်ကိုးရလိမ့်မယ်။ နောက် ခင်ဗျားပြောသလို ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ အဖိနှိပ်ခံရတဲ့အုပ်စုတွေရှိတယ်။ ခွဲခြားဆက်ဆံခံရတဲ့ အင်အားစုတွေရှိတယ်။ သူတို့ဆိုလို့ရှိရင်လည်း သူတို့ခြေထောက်ပေါ်သူတို့ ရပ်ရလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒီပါတီကတော့ ငါတို့ကိုလုပ်ပေးလိမ့်မှာပဲ၊ ဒီပါတီကတော့ ငါတို့ကိုလုပ်ပေးမှာမဟုတ်ပါဘူး၊ ဒီပါတီကို တော့ပေါင်းလိုက်မယ်၊ ဟိုပါတီကိုတော့ပေါင်းလိုက်မယ်၊ အဲဒီလိုတွေအစား သူတို့ အခွင့်အရေးအတွက် သူတို့ဟာသူတို့ တိုက်ပွဲဝင်ရလိမ့်မယ်လို့ထင်တယ်။ သူတို့ယုံတဲ့ပါတီရှိတယ်၊ အဲဒီပါတီနဲ့ပေါင်းပြီး သူတို့ကြိုးစားကြရလိမ့်မယ်လို့ ကျနော် ထင်တယ်။ ဒီအတိုင်း ရွေးကောက်ပွဲမျှော်နေရင်တော့၊ ဒီပါတီကတော့ ငါတို့ အခွင့်အရေး အတွက် လုပ်ပေးမယ်၊ ပါတီကတော့ ငါတို့အခွင့်အရေးအတွက် လုပ်ပေးနိုင်တယ်လို့ စဉ်းစားကြရင်တော့ မသင့်တော်ဘူး လို့ကျနော်ထင်တယ်။ ကျနော်တို့အကုန်လုံးကကျနော်တို့ တိုင်းပြည် အပြောင်းအလဲ အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ရုန်းကြရလိမ့်မယ်။ ကျနော်အဲဒီလိုပဲမြင်တယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

တစ်တိုင်းပြည်လုံးက ချောက်ထဲမှာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,