တရားဥပဒေစိုးမိုးရေးကို မတွေ့ရတာပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

PSDS / အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုး

စက်ရုံတစ်ရုံကဆိုရင် “နင်တို့ဟာနင်တို့ အပေါ်မှာ ဘယ်လိုပြောပြော၊ ငါတို့ကဆက်ဖွင့်မှာပဲ” ဆိုပြီးတောင်ပြောပါတယ်။ အရေးယူဆောင်ရွက်မှုနဲ့ပတ်သက်ရင် …

COVID – 19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံအလုပ်ရုံများကို သက်ဆိုင်ရာမှ စစ်ဆေးပြီးမှ ဖွင့်လှစ်ရန် ရန်ထုတ် ပြန်ခဲ့ပြီး နောက်ဆက်တွဲအခြေအနေများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လက်ထောက်အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးအား ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – COVID – 19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံအလုပ်ရုံတွေကို သက်ဆိုင်ရာက စစ်ဆေးပြီးမှ ပြန်ဖွင့်ဖို့ ညွှန်ကြား ထားတာတွေ့ရပါတယ်။ အခုစက်ရုံအလုပ်တွေ အဲဒီညွှန်ကြားချက်အတိုင်း လိုက်နာမှုအခြေအနေဘယ်လိုရှိပါသလဲ။ မလိုက်နာတဲ့ စက်ရုံတွေကို ဘယ်လိုအရေးယူဆောင်ရွက်မှုတွေ ရှိပါသလဲ။

MPSDS – အခုလောလောဆယ်တော့ ကျမတို့လက်ထဲကို စက်ရုံပေါင်း (၆၂) ရုံ စာရင်းရောက်လာပါတယ်။ အဲဒီစက်ရုံတွေက ဖွင့်လှစ်နေဆဲပါ။ အဲဒီ (၆၂) ရုံထဲက စက်ရုံတစ်ရုံကဆိုရင် “နင်တို့ဟာနင်တို့ အပေါ်မှာ ဘယ်လိုပြောပြော၊ ငါတို့ကဆက်ဖွင့်မှာပဲ” ဆိုပြီးတောင်ပြောပါတယ်။ အရေးယူဆောင်ရွက်မှုနဲ့ပတ်သက်ရင်တော့ ခုအချိန်ထိ ညွှန်ကြားချက်ကို မလိုက်နာတဲ့စက်ရုံပိုင်ရှင် အလုပ်ရှင်တွေကို တရားစွဲထားတယ်ဆိုတာမျိုး တစ်ယောက်မှမကြားမိသေးပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အလုပ်သမားတွေကျတော့ လစာမရရင် ဘာအခက်အခဲ ဖြစ်မလဲဆိုတော့ သေချာတယ် သူတို့က အဆောင်မှာငှားနေကြရတာ။ အိမ်လခမရရင် အိမ်ရှင်ကလည်းပေးနေမှာမဟုတ်ဘူး …

ကျမတို့ဆီကိုတိုင်ကြားတာနဲ့ ကျမတို့က အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနကို အကြောင်းကြားတယ်။ အကြောင်း ကြားတဲ့အခါ အလုပ်ရုံနဲ့အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးမှူးတွေကတော့ အဲဒီစက်ရုံကို ရပ် ထားပေးပါလို့ပြောတယ်။ တချို့စက်ရုံတွေဆိုရင် ဦးစီးမှူးတွေကပြောလည်း ဂရုကိုမစိုက်တာ။ ဆက်ဖွင့်ကြတယ်ပေါ့။ အဲဒီလိုမျိုးစက်ရုံတွေဆိုရင် ကျမတို့က နိုင်ငံတော်သမ္မတရုံးကို တိုက်ရိုက်သတင်းပေးပို့ တယ်။ ဒါပေမယ့် အခုလက်ရှိအချိန်ထိ တော့ စက်ရုံတွေကို အဲဒီကိစ္စအတွက် တရားစွဲထားတာမရှိ သေးပါဘူး။

ဒီအခြေအနေအတိုင်း ဆက်သွား မယ်ဆိုရင်တော့ မေလ၊ ဇွန်လလောက် မှာ သူတို့ဒုက္ခရောက်မယ်။ အဲဒီအချိန်မှာလည်း …

ငြမ်းမီဒီယာ – လတ်တလောမှာ နိုင်ငံတော်ကညွှန်ကြားချက်အရ စက်ရုံအလုပ်ရုံတွေ ပိတ်ရတယ်ဆိုတော့ အလုပ် သမားတွေရဲ့ စားဝတ်နေရေးအခြေအနေဘယ်လိုရှိတယ်ဆိုတာ ပြောပြပေးပါဦး။

MPSDS – အခုလက်ရှိက တစ်ချို့စက်ရုံတွေက (၁၀) အထိပိတ်ပေးတာပေါ့။ ဧပြီလ (၁၉) ရက်နေ့အထိက အများပြည်သူအလုပ် ပိတ်ရက်ဆိုတော့ အလုပ်ရှင်တွေက လုပ်ခလစာပေးဖို့တာဝန်ရှိတယ်။ ဧပြီ (၂၀) ရက်နေ့ကနေ (၁၀) ရက် ပိတ်ပေးတဲ့စက်ရုံတွေ ထဲမှာ လုပ်ခလစာအပြည့်ပေးတဲ့ စက်ရုံတွေရှိတယ်။အဲဒီအလုပ်ရှင်တွေကို ကျမတို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်တချို့သော အလုပ်ရှင်တွေကတော့ ဥပဒေအရ သူတို့ပေးရန်တာဝန်မရှိဘူးပေါ့။ တချို့သောအလုပ်ရှင်တွေက အလုပ်သမားတွေကို စာနာမှုနဲ့ လုပ်ခလစာစာကို ရာနှုန်းပြည့်ပေးတာရှိသလို တချို့ကလည်း လုပ်အားခကိုရာခိုင်နှုန်းနဲ့ ဥပမာ (၁၀) ရက်ပိတ်တာမှာ (၅) ရက်ခကို သူတို့ တတ်နိုင်သလောက် ပေးကြတာ မျိုးလည်း ရှိတယ်။ နောက်တစ်ခု ရှိတာက နိုင်ငံတော်ကစဉ်းစား ပေးထားတာ က လူမှုဖူလုံရေး ဝင်ထားတဲ့ အလုပ်သမားတွေဆိုရင် လူမှုဖူလုံရေးအဖွဲ့ ကနေပြီး လူမှုရေးထောက်ပံ့မှုစနစ်နဲ့ ပိတ်တဲ့ (၁၀) ရက်မှာ ပြန်ပြီး ထုတ်ပေး ဖို့ရှိတယ်။ ဒါက (၁၀) ရက်ပိတ်တဲ့သူအတွက် တစ်ပိုင်းပေါ့။ ဒါပေမယ့် အခုမြေပြင်အခြေအနေမှာက (၁၀) ရက်လုံး ပိတ်တဲ့ သူက ခပ်ရှားရှားရယ်။ အခုဟာက တစ်ရက်လောက်ပိတ်တယ်၊ နှစ်ရက်လောက်ပိတ်တယ်၊ ဒီတစ် ရက်လောက်မှာ စစ်ဆေးပြီးတော့ ခွင့်ပြုချက်ရရ မရရ ပြန်ဖွင့်ကြတဲ့ အခါကျတော့ တစ်ရက်နှစ်ရက်လောက်ပဲပိတ်တဲ့ စကရုံအများစုကို တွေ့နေရတယ်။

အခုကျမတို့ရဲ့ပြဿနာက ပိတ်တဲ့ ပြဿနာမဟုတ် ဘူး။ မပိတ်တဲ့ ပြဿနာဖြစ်နေတယ်။ အခုကျမတို့ဖြစ်နေတာက COVID – 19 ကို …

ဒီတစ်လကတော့ အလုပ် သမားတွေ အရမ်းကြီးအကြပ်အတည်း မတွေ့လောက်သေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ (၁၉) ရက်နေ့ အထိက အများပြည်သူအလုပ်ပိတ်ရက်ဆိုတော့ အလုပ်ရှင်ကပေးရန် တာဝန်ရှိတာကိုး။ အဲဒီမှာတောင် တချို့အလုပ်ရှင် တွေကမပေးချင်ကြဘူး။ ဒါပေမယ့် ဒါကဘယ်လိုပဲဖြစ်ဖြစ် ဥပဒေအရ ပေးကိုပေးရမှာပေါ့။ အခု ဧပြီ (၂၀) ရက်နေ့ကစပိတ် တာ မှာလည်း လူမှုဖူလုံရေးက ပြန်ရမှာဆိုတော့ တချို့သောရာခိုင်နှုန်းတွေအတွက် အထောက်အပံ့ဖြစ်စေမယ်။ ဒါပေမယ့် ဒီကြားကာလမှာ ပဲ လုပ်သားအင်အားလျော့ချလို့ အလုပ်ဖြုတ်ခံလိုက်ရ တာတွေရှိသေးတယ်။ ကျမတို့ကလည်း ဒီ COVID – 19 ကိုပဲ အာရုံစိုက် နေရတော့ အဲဒီကိစ္စတွေကို မကြည့်နိုင် အားဘူးဖြစ်နေတယ်။ အဲဒီအခြေအနေတွေတော့ရှိတယ်။ အလုပ်သမား တွေကတော့ ဒီဧပြီလအတွင်းမှာ သူတို့သိသိသာသာကြီး ဒုက္ခတော့မရောက်ဘူး။ သို့သော် ဒီအခြေအနေအတိုင်း ဆက်သွား မယ်ဆိုရင်တော့ မေလ၊ ဇွန်လလောက် မှာ သူတို့ဒုက္ခရောက်မယ်။ အဲဒီအချိန်မှာလည်း အထူးသဖြင့် အထည်ချုပ် အလုပ်သမားတွေ ကို ကျမတို့လုပ်ပေးဖို့ စဉ်းစားထားတာက EU ရဲ့ ပံ့ပိုးတဲ့ငွေရယ်၊ နောက် လူမှုဖူလုံရေးရန်ပုံငွေကပေးဖို့၊ အဲဒီ အစီအစဉ်တော့ရှိထားတယ်။ အလုပ်သမားတွေကျတော့ လစာမရရင် ဘာအခက်အခဲ ဖြစ်မလဲဆိုတော့ သေချာတယ် သူတို့က အဆောင်မှာငှားနေကြရတာ။ အိမ်လခမရရင် အိမ်ရှင်ကလည်းပေးနေမှာမဟုတ်ဘူး။ အဲဒီအခြေအနေကို သူတို့ မေ၊ ဇွန်၊ ဇူလိုင် လတွေမှာ ကြုံလာရနိုင်တယ်။

ငြမ်းမီဒီယာ – စက်ရုံအလုပ်ရုံတွေက ထောင်နဲ့ချီပြီးရှိနေ တော့ သက်ဆိုင်ရာကစစ်ဆေးတာလည်း အချိန်တစ်ခုတော့ ကြာနိုင်ပါ တယ်။ အဲဒီကာလအတွင်း ပိတ်ထားရမယ့်စက်ရုံတွေက အလုပ်သမားတွေရဲ့အခက်အခဲကို ပကတိအတိုင်းသုံးသပ်မယ်ဆို ဘယ်လို ပြောနိုင်မလဲ။

MPSDS – လောလောဆယ် ဒီလိုမျိုးစိတ်ခံစားချက်နဲ့ မဖြေချင်ဘူး။ လက်တွေ့ကျကျပဲဖြေကြရအောင်။ အလုပ်ပိတ်တယ် ဆိုရင်တော့ တမျိုးပေါ့။ အခုကလောလောဆယ်မပိတ်သေးတော့ ကျမက မပိတ်သေးတဲ့ အခြေအနေပဲပြောလို့ရမယ်။ ပိတ်သွားတယ်၊ လုပ်အားခ မရဘူးဆိုရင်တော့ သေချာတယ်၊ အလုပ်သမားတွေ စားစရာမရှိ နေစရာမရှိဖြစ်မယ်။ ဒါပေမယ့် အခုကျမတို့ရဲ့ပြဿနာက ပိတ်တဲ့ ပြဿနာမဟုတ် ဘူး။ မပိတ်တဲ့ ပြဿနာဖြစ်နေတယ်။ အခုကျမတို့ဖြစ်နေတာက COVID – 19 ကိုကာကွယ်ချင်တယ်၊ ကူးစက်မှုတွေ မဖြစ်စေ ချင်ဘူး။ အဲဒါကြောင့် ယာယီပိတ်ပေးကြပါပြောတဲ့အချိန်မှာ မပိတ်တဲ့ ပြဿနာဖြစ်နေတယ် ။ အဲဒါကိုပဲ ကျမက ပြောချင် တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အလုပ်ရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။ ဥပမာ UMFCCI အလုပ်ရှင်အဖွဲ့ချုပ်အနေနဲ့ သူတို့လုပ်ငန်းရှင်တွေကို လေးစားလိုက်နာဖို့ …

ငြမ်းမီဒီယာ – ကမ္ဘာတစ်ဝန်းဖြစ်နေတဲ့၊ လက်ရှိမြန်မာနိုင် ငံမှာလည်းဖြစ်နေတဲ့ COVID – 19 ရောဂါအန္တရာယ် အတွက် လိုအပ်ချက်အရ နိုင်ငံတော်က စက်ရုံအလုပ်ရုံတွေလိုက်နာဖို့ ထုတ်ပြန်ချက်ထုတ်တယ်။ မလိုက်နာရင် အရေးယူမယ် ဆိုတာကို လည်း တာဝန်ရှိသူတွေက ပြောထားတယ်။ ဒါပေမယ့် မလိုက်နာကြတာတွေရှိနေပြီး ဒီအပေါ်မှာ အရေးယူ ဆောင်ရွက်မှုလည်း မရှိဘူးဆိုတာ ဘာကြောင့်လို့ထင်ပါသ လဲ။

MPSDS – ကျမတို့ကတော့ ဒီမှာ အလုပ်ရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ကင်းလွတ်နေတာတွေ့ရတယ်။ ဒီမနက် မှာတင် အလုပ်ရှင် တစ်ဦးပြောသွား တာ က “ အစိုးရကပိတ် ဖို့ပြောတာမဟုတ်ပါဘူး၊ အစိုးရကမပိတ်ခိုင်းပါဘူး။ အစိုးရက ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်အတိုင်းလုပ်ပြီး ဖွင့်ဖို့ကိုပဲပြောတာပါ” ဆိုပြီး မီဒီယာမှာပြောသွားတယ်။ အဲဒီတော့ အလုပ်ရှင်တွေရဲ့ စိတ်ထဲမှာ ပိတ်ကိုမပိတ်ချင်တဲ့ ဆန္ဒပဲရှိနေတယ်။ အဲဒီတော့ ကျမတို့ပြောချင်တာက နိုင်ငံတော်ကအမိန့်ထုတ်တာလည်း ထုတ်တာတစ်ပိုင်းပေါ့။ ဒီနေရာမှာ အလုပ်ရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုပါတယ်။ သူတို့မတွေးမိတာက မတော်တဆ စက်ရုံထဲမှာ တစ်ယောက်များတွေ့ခဲ့ရင် အစုလိုက်အပြုံလိုက်ကူးစက်သွားမယ်၊ အဲဒီအချိန်ကျ စက်ရုံတစ်ရုံလုံး အလုပ်လုပ်လို့ မရတော့ဘူးဆိုတာကို သူတို့တွေးမိပုံမပေါ်ဘူး။ သူတို့က သူတို့စက်ရုံမှာမကူးဘူးဆိုပြီး မျက်စိစုံမှိတ်ပြီး ယုံကြည်နေပုံရတယ်။ ဒါပေမယ့် COVID – 19 သည် သူတို့စက်ရုံမှာလည်းဖြစ်နိုင်တယ် ဆိုတာ သူတို့မေ့နေပုံရတယ်။ အဲဒါကြောင့်မို့လို့ သူတို့က ပူးပေါင်း ဆောင်ရွက်မှု မလုပ်ကြဘူးပေါ့။ ကျမတို့ပြောချင်တာက နိုင်ငံတော်ကအမိန့်လည်းအမိန့်ပေါ့။ ဒါပေမယ့်နိုင်ငံသားတစ်ဦးချင်းစီတိုင်း အလုပ်ရှင်ရော၊ အလုပ်သမားရောက လိုက်နာဆောင်ရွက်ဖို့လိုတယ်။ ဒါဟာတရားဥပဒေစိုးမိုးရေးပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာ ကြီးကြပ်တာတစ်ခုတည်းမဟုတ်ပါဘူး၊ အလုပ်ရှင်ရော အလုပ်သမားရောက ဒါဟာလိုက်နာသင့်တယ် ငါတို့လေးစားလိုက်နာ ရမယ်ဆိုတဲ့ နိုင်ငံရေးကတိကဝတ်ပေါ့။ တရားဥပဒေ စိုးမိုးရေး ထဲမှာ အဲဒါလည်းပါတယ်။ တစ်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပြောသွားတာမှာလည်းပါတယ်။ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တွေ ပြောသွားတာမှာလည်း ပါပါတယ်။ အခုကျမတို့တွေ့နေရတာက တရားဥပဒေစိုးမိုးရေးကို မတွေ့ရတာပဲ။ ကြီးကြပ်တဲ့အပိုင်းကလည်း တစ်ပိုင်းပေါ့၊ အလုပ်ရှင်တွေရဲ့ လေးစားလိုက်နာမှုကလည်း တစ်ပိုင်းပေါ့။ အဲဒီတော့ ကျမတို့ ဒီမှာပြောချင်တာက အလုပ်ရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။ ဥပမာ UMFCCI အလုပ်ရှင်အဖွဲ့ချုပ်အနေနဲ့ သူတို့လုပ်ငန်းရှင်တွေကို လေးစားလိုက်နာဖို့ တိုက်တွန်းစာ တစ်စောင် လောက် ထုတ်ပေးသင့်တာပေါ့။ ကျမအနေနဲ့ အဲဒီလိုပြောချင်ပါတယ်။

စက်ရုံတစ်ရုံမှာ ရောဂါပိုးရှိသူတစ်ယောက်ပါသွားကြည့်၊ အဲဒီစက်ရုံက ပိတ်လိုက်ရပြီ၊ အဲဒီစက်ရုံရဲ့စီးပွားရေးက ကြောက်ဖို့ကောင်းသွားပြီ။ ဒါကတစ်ပိုင်း။ နောက်တစ်ခုက …

ငြမ်းမီဒီယာ – အလုပ်သမားတွေနေထိုင်တဲ့နေရာတွေ၊အဆောင်တွေမှာ ပိုးသတ်ဆေးဖြန်းတာတို့၊ ကျန်းမာရေး သတိနဲ့နေထိုင်ဖို့ သက်ဆိုင်ရာက ဆောင်ရွက်စီစဉ်တာမျိုးတွေရော ရှိနေပြီလား။

MPSDS – အဲဒါကို ကျမတို့မသိဘူး။ သို့သော် ကျမတို့အလုပ်သမားအဖွဲ့ချုပ်တွေကတော့ စောင့်နေလို့မရဘူးလေ။ အဲဒါကြောင့် ကျမတို့ အဖွဲ့ချုပ်ကတော့ ILO နဲ့ပူးပေါင်းပြီးတော့ အလုပ်သမားတွေနေတဲ့ အိမ်ရာတွေမှာပိုးသတ်ဆေး ဖြန်းဖို့တော့ ကျမတို့ စီစဉ် ထားတယ်။ တချို့သောနေရာတွေဆို ကျမတို့စလုပ်နေပြီ။ သမဂ္ဂရုံးခန်းတွေမှာလည်းစလုပ်နေပြီ။ သမဂ္ဂခေါင်းဆောင်တွေကို နှစ်ယောက် နှစ်ယောက်စီလောက် ပိုးသတ်ဆေးဖြန်းနည်း သင်တန်းပေးမယ်၊ ပြီးရင် အလုပ်သမားတွေနေတဲ့နေရာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး လုပ်သွားဖို့ စီစဉ်နေပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံက လည်း အဲဒီကိစ္စ ကို ထောက်ခံ ပြီး ပြောထားတာ ရှိတော့ နိုင်ငံတော်မှာ လည်း သူ့အစီအစဉ်နဲ့ သူတော့ ရှိပါလိမ့်မယ်။ အဲဒီအပိုင်း ကို ခုအချိန် ထိတော့ ကျမတို့အတိအကျ မသိ သေးပါဘူး။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါ။

MPSDS – ကျမအဓိကပြောချင်တာကတော့ ကျမတို့ရည် ရွယ်ချက်သည် တစ်နိုင်ငံလုံးမှာ COVID – 19အစုလိုက် အပြုံလိုက် ကူးစက်ခံရမှုမရှိအောင်ဆောင်ရွက်ရေးပါပဲ။ အဲဒါကြောင့်မို့ ဒီကာလမှာ ဘာပဲလုပ်လုပ် ကျမတို့က အဲဒီရည်ရွယ် ချက်ကို ရောက်အောင်သွားရမယ်။ စက်ရုံတွေယာယီပိတ် တာလည်းဒီရည်ရွယ်ချက်ပဲ။ပိုးသတ်ဆေး ဖြန်းတာလည်း ဒီရည်ရွယ်ချက်ပဲ။ အဓိက ရောဂါမကူးရေးပဲ။ တချို့ကတော့ လတ်တလောမှာဖြစ်နေတဲ့ လုပ်အားခတို့ ဘာတို့ကိုစိတ်ပူကြတာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းစဉ်းစားကြည့်လိုက် ပါ။ စက်ရုံတစ်ရုံမှာရောဂါပိုးရှိသူ တစ်ယောက်ပါသွားကြည့်၊ အဲဒီစက်ရုံ က ပိတ်လိုက်ရပြီ၊ အဲဒီစက်ရုံရဲ့စီးပွားရေးက ကြောက်ဖို့ကောင်းသွားပြီ။ ဒါကတစ်ပိုင်း။ နောက်တစ်ခုက အလုပ်သမားတွေအများကြီး ရောဂါကူးစက် သွားပြီ ဆိုရင် အဲဒီအလုပ်သမားတွေ လုပ်ငန်းရပ်လိုက်ရမယ်၊ ဆေးရုံတက်ရမယ်၊ ရောဂါကို စစ်ဆေးကုသရတော့မယ်၊ဆိုတော့ နောက်ဆက်တွဲကုန်ကျစရိတ်တွေ က အများကြီးပါ။ ပတ်ဝန်းကျင် အတွက်လည်း ကုန်ကျ စရိတ်တွေများတယ်။ နိုင်ငံတော် အတွက် လည်း ကုန်ကျစရိတ်တွေများတယ်။ ဒါကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် ကုန်ကျစရိတ်တွေကိုလည်း ထည့်သွင်း စဉ်းစားသင့် တယ်။ ကာကွယ်လို့ ကုန်ကျတာကိုမနှမြောကြပါနဲ့၊ ရောဂါကူးလို့ဖြစ်လာတဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ် က နိုင်ငံအတွက်ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အဲဒါကို ကျမအနေနဲ့ပြောချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

အလုပ်သမားတွေက COVID -19 စိန်ခေါ်မှုထဲမှာ ပိတ် မိသလိုဖြစ်သွားတာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,