တရားဥပဒေစိုးမိုးရေးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ နေနေရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MM / ဦးမောင်မောင်

လူသတ် သမားရဲ့ပုံကို အနီးစပ်ဆုံးဆွဲပြီးတော့မှ မနေ့က ကျွန်တော်ပေးလိုက်တယ်။ သေနတ်နဲ့ပစ်တဲ့လူက အသားဖြူဖြူ၊ အရပ်က (၅) ပေ (၈) လက္မ လောက် ရှိမယ်။ နောက်တစ်ခုက စကားသံ အနည်းငယ်လေး ဝဲတယ်။ စကားပြော …

စက်တင်ဘာလ (၃) ရက်နေ့၊ ည (၉) နာရီခန့်က မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင်နေထိုင်သော ဦးမောင်မောင်အား သေနတ်သမား တစ်ဦးက သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ အဆိုပါအမှုကို နယ်မြေခံရဲတပ်ဖွဲ့က တရားခံ ဖမ်းဆီးရမိရေးအတွက်အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။ မူဆယ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်ကလည်း အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က တစိုက် မတ်မတ်ဖြင့် အခြေအနေ တစ်ခု သိနိုင်အောင် ဖော်ထုတ်သင့်ကြောင်း၊ ယင်းသို့ မဟုတ်ဘဲ အမှုသာဖွင့်ထားပြီး အဖြေ မပေါ်ပါက လက်ရဲဇက်ရဲ ဆက်လုပ်နေကြဦးမည် ဖြစ်ကြောင်း ငြမ်းမီဒီယာသို့ ပြောကြားထားသည်။အထက်ပါ အခြေအနေ များနှင့် ပတ်သက်ပြီး ကာယကံရှင် ဦးမောင်မောင် ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားသည်များအား ဖော်ပြလိုက်ပါသည်။

ငြမ်းမီဒီယာ  – စက်တင်ဘာ (၃) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အမှုအခြေအနေကို စပြီး ပြောပြပေးပါခင်ဗျား။

UMM – သြဂုတ် (၃၁) ရက်နေ့က ပုဂ္ဂိုလ်တစ်ဦးကို facebook account တစ်ခုက ရေးတယ်ပေါ့ဗျာ။ အဲဒါကို ကျွန်တော်ရေးတယ် ဆိုပြီး လာစွပ်စွဲတယ်။ ကျွန်တော်က အဲဒီလို ရေးလေ့ရေးထ မရှိတဲ့အကြောင်း အဲဒါလေး ကျွန်တော် ပြောပြတယ်။ ကျွန်တော် မဟုတ်တဲ့အကြောင်း ပြောပြတယ်။သူကမရဘူး။ကျွန်တော်ရေးတယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့က ကျွန်တော့်ကို ဘာပြောလဲ ဆိုတော့ ကျွန်တော်ရေးတယ်ဆိုပြီးပဲ စွပ်စွဲတယ်။ စွပ်စွဲပြီးတော့မှ ဒါနဲ့ပတ်သက်ပြီး ခြိမ်းခြောက်တယ်ပေါ့။ (၃) ရက် အချိန်ပေး မယ်ပေါ့။ အဲဒီ facebook account ကို ဖြုတ်ချပေးဖို့။ (၃) ရက်အချိန်ပေးမယ်ဆိုတော့ သူတို့ပြောတဲ့အတိုင်းပဲ (၃) ရက်မြော က်နေ့မှာ ကျွန်တော် ပစ်ခတ် ခံရတယ်ပေါ့။ ဒီအမှုနဲ့ ပတ်သက်ပြီး အမှုစစ်ကကျတော့ ရဲအုပ်သန့်ဇင်ဦး။သူ့ကို ကျွန်တော် ပြောပြ တယ်။ အသံဖိုင်လည်း ပေးလိုက်တယ်။ အဲဒီနေ့က တစ်ဆက်တည်းပဲ၊ ကျွန်တော်က ပန်းချီလည်း ဆွဲတယ် ဆိုတော့ လူသတ် သမားရဲ့ပုံကို အနီးစပ်ဆုံးဆွဲပြီးတော့မှ မနေ့က ကျွန်တော် ပေးလိုက်တယ်။ သေနတ်နဲ့ပစ်တဲ့လူက အသားဖြူဖြူ၊ အရပ်က (၅) ပေ (၈) လက္မ လောက် ရှိမယ်။ နောက်တစ်ခုက စကားသံ အနည်းငယ်လေး ဝဲတယ်။ စကားပြောရင် ဖြေးဖြေး ပြောတယ်။ ဘယ်ခြေကို ထုတ်ပြီး ဘယ်လက်နဲ့ညွှန်ပြပြီး ပြောတတ်တဲ့ အလေ့လေး တွေ့ရတယ်။ ခန္ဓာကိုယ်ကတော့ နည်းနည်း ပြည့်ပြည့်ပေါ့။ အဲဒါလေး ရဲစခန်းကို ကျွန်တော်ပြောပြ လိုက်တယ်။ နောက် သူနဲ့အတူ ပါလာတဲ့ မျက်နှာမှာ မက်စ် တပ်ထားတဲ့လူက ကျတော့ နှာခေါင်း နည်းနည်းလုံး တယ်၊ ကြီးတယ်။ မက်စ်တပ်ပြီး အုပ်ထားတာဆိုတော့ ကျန်တာဘာမှမသိရဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ  – အခင်းဖြစ်ပွားပုံ ဖြစ်စဉ်လေး ပြောပြပေးပါဦးခင်ဗျား။

UMM – ဖြစ်တဲ့အချိန်က ည (၉) နာရီ (၂၀) မိနစ်ပဲရှိသေးတယ်။ ကျွန်တော့်ရဲ့ခြံကခြံအကြီးနဲ့ခြံအသေးပေါ့။ အပေါ်ခြံအကြီးရဲ့ မျက်နှာ စာက (၇၅) ပေရှိတယ်။ ခြံတွေမှာ ကျွန်တော်က မီးတိုင်တွေ ထွန်းထားတော့ အဲဒီအလင်းရောင်က တော်တော် အားကောင်းတယ်။ သူတို့ကို ကျွန်တော် သေသေချာချာမြင်ရတယ်။ သူက ကျွန်တော့်ကိုသေနတ်နဲ့ချိန်လိုက်တယ်လို့ ယူဆရတဲ့အချိန်ရယ်၊ ကျွန်တော် ရှောင်တဲ့အချိန်ရယ်၊ ပစ်တဲ့အချိန်ရယ်က တစ်ချိန်တည်းပဲ။ စစချင်း သူကကျွန်တော့်ကို မင်္ဂလာ မူဆယ် သွားတဲ့လမ်းကို မေး တယ်။

သေနတ်တွေကို ကြယ်ခေါင်ဘက်မှာဆို လွယ်လွယ်ကူကူဝယ်လို့ရတဲ့အနေအထားတစ်ခုရှိတယ်။ နောက်တစ်ချက်က တရားမဝင်လမ်းကြောင်းတွေက ပိတ်ဆို့ရခက်တယ် …

ကျွန်တော်က မင်္ဂလာမူဆယ် သွားတဲ့လမ်းကို ဖြေပေးတယ်။ ဆိုတော့ သူက သူနဲ့ အတူပါလာတဲ့လူကို ကားသွားယူ ဆိုပြီး ရှောင်ခိုင်းလိုက်တယ်။ အဲဒီလိုရှောင်ခိုင်းပြီးတာနဲ့ ကျွန်တော့်ဘက်လှည့်ပြီး ပစ်တော့ တာပဲ။ ကျွန်တော်တို့ ကျည်ကွယ်ရာကို တိမ်းရှောင်လိုက်ချိန်မှာ သေနတ်သံ သုံးချက်ထပ်ကြားတယ်။ ကျွန်တော် ထင် တယ်၊ ကျွန်တော်တို့ကို မီမလား ဆိုပြီးတော့ ပစ်လိုက်တဲ့ သဘောပဲ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ အိမ်မကြီးရောက်သွားတဲ့ အချိန်မှာ နောက်ထပ် သေနတ်သံ တစ်ချက် ကြားရ တယ်။ ကျွန်တော်မွေးထားတဲ့ (၆) လသားအရွယ် Malinois ခွေးကြီး အပစ် ခံရပြီး သေသွားပြီဆိုပြီး ကျွန်တော်နဲ့ အတူ လာအိပ်ပေး နေတဲ့ မောင်ကောင်းမြတ်ထွန်းက လာပြောတယ်။ သေနတ်နဲ့ပစ်တဲ့အချိန်က ပစ်တဲ့သူနဲ့ ကျွန်တော်နဲ့ ပေ (၃၀) လောက်ပဲ ကွာပါတယ်။

ငြမ်းမီဒီယာ  – အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်နေတာတွေအပေါ် နစ်နာသူကာယကံရှင်အနေနဲ့ စိတ်ကျေနပ်မှု ရပါသလားခင်ဗျား။

UMM – ကျွန်တော်က ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ ကိုတော့ မသိဘူး။သူတို့ကိုကျွန်တော်ဆက်သွယ် မေးမြန်းကြည့်တော့ သူတို့ လုပ်ကိုင်ဆောင်ရွက် နေပါတယ်ဆိုပြီး ပြောတယ်။ ကျွန်တော်က သူတို့နဲ့ ပတ်သက်ပြီး သူတို့ဘယ်လောက် အတိုင်းအတာထိလုပ်မ လဲ ဆိုတာ တော့ ကျွန်တော်တစ်ပတ်တော့စောင့်ကြည့်မယ်ဆိုပြီး ယူဆထားတယ်။ တစ်ပတ် အတွင်းမှာ သူတို့ဘာတွေ လုပ်မလဲ ပေါ့။ အဲဒီမှာ အနည်းငယ်တော့ ကျွန်တော်ကျေနပ်မှု ရှိမလား၊ အဲဒီမှာ ကျွန်တော် ဘာတွေ Complain တက်ရမလဲ၊ ဒါနဲ့ပတ် သက် ပြီး ဘယ်သူတွေကို အကူအညီတောင်းရမလဲ၊ ဒီအပေါ်မှာ သူတို့လုပ်တာဟာ ကျေနပ်မှု ရမလား၊ သူတို့လုပ်တာကို စောင့် ကြည့် ပြီး တစ်ပတ်နေပြီးမှ ကျွန်တော်ပြောလို့ရမယ်။ သူတို့ဘက်ကလည်း လုပ်နေတယ်လို့ယူဆပါတယ်။

ငြမ်းမီဒီယာ  – အခုလို ည (၉) နာရီဝန်းကျင်လောက်မှာတင် မြို့ပေါ်လူနေရပ်ကွက်ထဲမှာ လူတစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်လာတော့ မူဆယ်မြို့ရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ မြို့ခံလူထုရဲ့ လုံခြုံရေးကို ဘယ်လိုသုံးသပ် မှတ်ချက်ပြုချင်ပါသလဲခင်ဗျား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMM – ကျွန်တော်တို့ဆီက တစ်ဘက်တရုတ်ပြည်နဲ့ တော်တော်လေးနီးတဲ့အပိုင်းရယ်၊ နောက်တစ်ခုက သေနတ်တွေပေါ့၊ သေနတ်တွေကို ကြယ်ခေါင်ဘက်မှာဆို လွယ်လွယ်ကူကူဝယ်လို့ရတဲ့အနေအထားတစ်ခုရှိတယ်။ နောက်တစ်ချက်က တရားမဝင်လမ်းကြောင်းတွေက ပိတ်ဆို့ရခက်တယ်၊ တရားမဝင်လမ်းကြောင်းတွေက တော်တော်များတယ်။

တရားဥပဒေစိုးမိုးမှုရှိလာရင် စိုးရိမ်ထိတ်လန့်ပူပင်စရာတွေလည်းလျော့ကျလာမှာပေါ့။ ပြည်သူကလည်း ရဲကိုယုံမယ်၊ ရဲကလည်း ပြည်သူနဲ့တစ်သားတည်းရှိမယ်ဆိုလို့ရှိရင် …

အဲဒီအပေါ်မှာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ရှိတဲ့သူတွေ၊ ပြစ်မှုကျူးလွန်ထားတဲ့သူတွေကတော့ တစ်ခုခုလုပ်ပြီးရင် တစ်ဘက်က တရုတ်ပြည်ထဲ ဝင်ပြေးလေ့ရှိတဲ့ အနေအထားတော့ရှိတယ်။ အဲဒီလိုဆိုတော့ ဒီဘက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တရုတ်ရဲတပ်ဖွဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးတာမျိုးတွေလည်း ရှိတယ်။ လောလောဆယ် ကျွန်တော်ပြောချင်တာကတော့ တရားဥပဒေစိုးမိုးရေးက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ကျွန်တော်တို့က နေနေရတယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် နေရာကလည်း နယ်စပ်ဖြစ်တဲ့ အပေါ်မှာ နည်းနည်းလေး စဉ်းစားဆောင်ရွက်ရတဲ့ အပိုင်းလေးတွေရှိတာပေါ့။

ငြမ်းမီဒီယာ  – အခုဖြစ်ရပ်ကြောင့် မူဆယ်မြို့ခံပြည်သူတွေ စိုးရိမ်ထိတ်လန့်ပူပန်မှုတွေ အနည်းနဲ့အများရှိနိုင်တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုကုစားမှုတွေ ဆောင်ရွက်သင့်တယ်လို့ ယူဆပါသလဲ။

UMM – ကျွန်တော်ထင်တာကတော့ ပြည်သူဗဟိုပြု ရဲလုပ်ငန်းသာ အောင်မြင်ရင်တော့ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိလာမှာပါ။ တရားဥပဒေစိုးမိုးမှုရှိလာရင် စိုးရိမ်ထိတ်လန့်ပူပင်စရာတွေလည်းလျော့ကျလာမှာပေါ့။ ပြည်သူကလည်း ရဲကိုယုံမယ်၊ ရဲကလည်း ပြည်သူနဲ့တစ်သားတည်းရှိမယ်ဆိုလို့ရှိရင်တော့ တရားဥပဒေစိုးမိုးရေးဆိုတာ ဖြစ်သွားမယ်လို့ထင်တယ်ဗျ။

ငြမ်းမီဒီယာ  – အဲဒီလို တစ်သားတည်းဖြစ်ဖို့ အဓိကကျတဲ့အချက်က ဘာများဖြစ်မလဲ။

UMM – ယုံကြည်မှုပေါ့။ အပြန်အလှန်ယုံကြည်မှုပေါ့။ ကျွန်တော်တို့ကလည်း ပြည်သူတစ်ယောက်အနေနဲ့ပြည်သူပုံစံမျိုး နေကြမယ်၊ တစ်ဘက်ကလည်း ကျွန်တော်တို့ယုံကြည်အောင်လုပ်ပေးမယ်ဆိုလို့ရှိရင်၊ အဲဒီလို ယုံကြည်မှုသာ ရှိမယ်ဆိုရင် အားလုံးက အောင်မြင်သွားမှာပဲလေ။ အားလုံးက အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ တရားဥပဒေ စိုးမိုးမှုလည်း ရှိလာမယ်၊ တိုင်းပြည်လည်း အေးချမ်းသာယာသွားမယ်ပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,