တိုက်ကြီးမြို့နယ်ကိုယ်စားပြု ကိုယ်စားလှယ်လောင်း (၃) ဦးကို မရွေးရန် လက်မှတ်ထိုးတောင်းဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ZZA / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ယာယီဌာနချုပ်

သူတို့ကို ဘယ်လိုဘယ်ကြောင့် သဘောမကျဘူးဆိုတာ ပုဂ္ဂိုလ်ရေး အရပြောဖို့ခက်ခဲတယ်။ကျနော်တို့ပါတီအတွင်းမှာ သက်ဆိုင်ရာလူကြီးတွေကို စာနဲ့ ပေနဲ့ ဘာကြောင့်သဘောမကျဘူးဆိုတာတော့ …

NLD က အတည်ပြုရွေးချယ်ထားသော တိုက်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း (၃) ဦးကို မရွေးရန် လူပေါင်း (၁၇၀၀) ကျော်က လက်မှတ်ရေးထိုးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ယာယီဌာနချုပ်ထံသို့ စာရေးသားကာတောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း တိုက်ကြီးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ သတင်းပြန်ကြားရေး ဦးသိန်းသန်းဦး က ငြမ်းမီဒီယာသို့ ပြောသည်။

တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၊ တိုင်းဒေသကြီးမဲဆန္ဒနယ် (၁) နှင့် (၂) နေရာများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြု ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း (၃) ဦးကို မြို့နယ်နှင့်ကိုက်ညီသည့် လူများဖြင့်ပြောင်းလဲရွေးချယ်ပေးရန် လက်မှတ်ရေးထိုးကာ တောင်းဆိုခြင်းဖြစ်သည်။

“မီဒီယာကိုကျနော်တို့က သူတို့ကို ဘယ်လိုဘယ်ကြောင့် သဘောမကျဘူးဆိုတာ ပုဂ္ဂိုလ်ရေး အရပြောဖို့ခက်ခဲတယ်။ကျနော်တို့ပါတီအတွင်းမှာ သက်ဆိုင်ရာလူကြီးတွေကို စာနဲ့ ပေနဲ့ ဘာကြောင့်သဘောမကျဘူးဆိုတာတော့ တင်ပြထားတယ်။ မီဒီယာကိုတော့ သူတို့ကို ဘာကြောင့်သဘောမကျဘူးဆိုတာကျနော်တို့ပြောခွင့်မရှိဘူးဗျ“ ဟု ဦးသိန်းသန်းဦးက ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြုရွေးချယ်ထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ယခုနှစ်မှစတင်ရွေးချယ်ခံ ထားရသူဖြစ်ပြီး၊ တိုက်ကြီးမဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၂) ဦးသည် လက်ရှိတွင်လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအဖြစ် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်။

ပြည်သူတွေဘက်က လက်ခံလို့ရတဲ့၊ သည်းခံလို့ ရတဲ့ ကိုယ် စားလှယ်လောင်းတစ်ယောက်ကို မျှော်လင့်တာဗျ။ပါတီပုံရိပ်က အစကတည်းက ရှိပြိးသား …

လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုအသစ်ပြန်လည်ရွေးချယ်ပေးရန် တောင်းဆိုထားသည့်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ယာယီဌာနချုပ်က လက်ခံထားကြောင်းသိရသည်။

“လက်ရှိမြို့နယ်ဖြစ်ပျက်နေတာကို ဗဟိုကသိရှိပြီး ပြောင်းလဲမှုလုပ်ပေးနိုင်လည်းလုပ်ပေးပေါ့။ လုပ်ပေးစေချင်တယ်ပေါ့။ဒါပေမယ့် ဒီတိုင်းပဲဖြစ်မယ်ဆိုရင်လည်းကျနော်တို့က လက် ခံပြီး ၂၀၂၀ အောင်နိုင်ရေးအတွက် ဘယ်လွှတ်တော်ကိုယ် စားလှယ်လောင်းပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် လက်ခံပြီးလုပ်ပေးဖို့ရှိပါတယ်။ အရေးကြီးတာက ဘယ်လွှတ်တော်အရပ်ရပ်မှာမှ မရှုံးချင်လို့ ဗဟိုကိုတင်ပြတဲ့သဘောပါပဲ” ဟု ဦးသိန်းသန်းဦး က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြန်ရွေးချယ်ပေးရန် လက်မှတ်ရေးထိုး တောင်းဆိုသူကြသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရပ်ကျေးအဖွဲ့ဝင်များ၊ ပါတီဝင်များနှင့်ဒေသခံများပါဝင်ကြောင်း ဦးသိန်းသန်းဦး က ပြောသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာများအတွက် တိုက်ကြီးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ပြီး ဗဟိုကိုတင်ပြထားသည့်စာရင်းတွင် လက်ရှိအတည်ပြုရွေးချယ်ထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပါဝင်ခြင်းမရှိကြောင်းနှင့် ဗဟိုကရွေးချယ်ထားသည့် တိုင်းဒေသကြီး မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ထောက်ခံမဲ (၁) မဲသာရရှိပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း (၂) သည် (၁၂) မဲဖြင့် တစ်ခြားတစ်ဦးနှင့်ပူးတွဲပြီးထောက်ခံမဲ အများဆုံး ရရှိထားသည့် ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း တိုက်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုဇေဇေအောင် က ပြောသည်။

“ပြည်သူတွေဘက်က လက်ခံလို့ရတဲ့၊ သည်းခံလို့ ရတဲ့ ကိုယ် စားလှယ်လောင်းတစ်ယောက်ကို မျှော်လင့်တာဗျ။ ပါတီပုံရိပ်က အစကတည်းက ရှိပြိးသားဗျ” ဟု ကိုဇေဇေအောင် က ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပါတီဗဟို၏ဆုံးဖြတ်ချက်အရ ပေါ်ပေါက်လာသည့်လွှတ်တော် ကိုယ်စားလှယ်လောင်းများကို မြို့နယ်ပါတီဝင်များအနေဖြင့် ကျေကျေနပ်နပ်နပ် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက် ပေးရန် မြို့နယ်ကိုယ်စားလှယ်လောင်းများကို အကြိမ်ကြိမ် ကတိကဝတ်တောင်းထားပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်ကြီးမြို့နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးလွင်စိုးမင်း က ပြောသည်။

“မိမိမလိုလားတဲ့သူဖြစ်လို့ မကျေနပ်ပါဘူးလို့ လက်မှတ်တွေစုပေါင်းထားပြီး လုပ်တယ်ဆိုတာကတော့ တခြားမှာပဲရှိနေပါပြီ။ ကျနော်တို့မြို့နယ်က နောက်တောင်ကျနေပါပြီ။ သူများမြို့နယ်တွေမှာလည်း ဖြစ်နေတာပဲ။ ဒါကအထူးအဆန်းတော့မဟုတ်ဘူး။ ဗဟိုက သူတို့ဘယ်လိုသတ်မှတ်စဉ်းစားမလဲမသိဘူး။ အဲဒီတော့ သိပ်တော့အထူးအဆန်းတော့မဟုတ်ပါဘူး။ ကျနော်တို့ပါတီက ဒီမိုကရက်တစ်ပါတီဖြစ်တယ်။ ဗဟိုဦးစီးစနစ်ကျင့်သုံးတဲ့ ပါတီမဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်တွေကို အားလုံးအချက်အလက် အခြေအနေတွေပေါ်မှာ ဝိုင်းဖွဲ့ညှိနှိုင်းပြီးဆောင်ရွက်ကြတာ။ လူတစ်ဦးတစ်ယောက်ကနေပြီးတော့မှ ဘယ်သူဘယ်သူ ပြင်လိုက်သတ်မှတ်လိုက်လို့ ပြောတဲ့ပါတီမဟုတ်ဘူး။ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ မူတွေနဲ့လုပ်တာ။ အဲဒီတော့မိမိမူနဲ့မညီလို့မပါလာတာကို မူနဲ့ညီတဲ့လူတွေမပါလာတာဆိုတာက မကျေနပ်သူရဲ့အတွေးအခေါ်အယူအဆတွေဖြစ်ပါတယ်“ ဟု ဦးလွင်စိုးမင်း က ပြောသည်။

ဦးလွင်စိုးမင်းသည် လက်ရှိ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်အရွေးချယ်ခံထားရသူတစ်ဦးလည်း ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ သြဂုတ်လ (၇) ရက်နေ့နောက်ဆုံးထားစာရင်းတင်သွင်းရမည်ဖြစ်သည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,