တိုင်းရင်းသားတွေရဲ့ဝန်းရံမှု၊ ပေးဆပ်ခဲ့မှုတွေ အလဟဿဖြစ်ကုန်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Hurn Kayang / (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်

နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည်၊ နောက် ဦးဝင်းထိန်၊ နောက် ဒေါက်တာဇော်မြင့်မောင် အဲဒီသုံးဦးနဲ့သွားတွေ့တဲ့အချိန် ကျနော်ကိုယ်တိုင် ပါသွားပါတယ်။ အဲဒီမှာ …

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင်ကျင်းပမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ကြုံတွေ့ရနိုင်သည့် အခက်အခဲများနှင့် မြန်မာနိုင်ငံရေးအခြေအနေတချို့ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်အား ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ဒီမိုကရေစီခရီးကြမ်းတစ်လျောက် ဘဝတွေ၊ အသက်တွေစတေးပြီး ကျားကန်ပေးခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ တုံ့ပြန်မှုသဘောထားကို တိုင်းရင်းသား နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ ထိုက်တန်တယ်လို့ ယူဆပါသလား။

တိကျတဲ့ မူဝါဒကိုပြဌာန်းပြီး လုပ်ဆောင်တာမျိုး မရှိတဲ့အတွက်ကြောင့်မို့လို့ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်မယ်၊ ဒီကွေ့မှာဒီတက်နဲ့လှော်မယ် …

USL – ဒီမေးခွန်းက အဖြေလည်းပဲ အဲဒီထဲမှာ တစ်ခါတည်းပါသွားပြီလို့ ကျနော်မြင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ NLD ရဲ့ မူဝါဒကို ပြောရအောင်။ NLD မှာက ဘယ်လိုကိစ္စမျိုးကို ဘယ်လိုပုံစံနဲ့ချီတက်ပါမယ်၊ ဘယ်လိုလုပ်ပါမယ်ဆိုတာ အတိအကျပြဌာန်း ထားတာမျိုး အင်မတန်ရှားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပါတီခေါင်းဆောင်ရဲ့လမ်းညွှန်မှု၊ ပါတီခေါင်းဆောင်ရဲ့နှုတ်မိန့်တွေက သာလျှင် သူတို့ရဲ့ မူဝါဒသဘောမျိုး ကျနော်လေ့လာ တွေ့ရှိ ရပါတယ်။ ဥပမာ ဖက်ဒရယ် အကြောင်းပြောမယ်။ ဖက်ဒရယ်ဆိုလို့ရှိရင် ဒါ ၁၉၅၈ အဲဒီကာလကတည်းက ကျနော်တို့ ရှမ်းနိုင်ငံရေး သမားတွေ၊ ရှမ်းပြည်ကနိုင်ငံရေးလေ့လာသူတွေ၊ ကျွမ်းကျင် သူတွေ တစိုက်မတ်မတ် စတင်ပြီးတော့ လုပ်ဆောင်လာတယ်။

တစ်ခေတ်တစ်ခါမှာ ခဏမှိန်သွားတယ်၊ လုပ်ခွင့်မရဘူး၊ ပိတ်ပင်ခံရတယ်ဆိုပေမယ့်လို့ ရင်ထဲမှာတော့ပျောက်မသွားဘူးလေ။ ဒါသူ့ရဲ့ နဂိုမွေးရာပါအခွင့်အရေးလို့ယူဆပြီးတော့မှ ရှမ်းပြည်နယ်နိုင်ငံရေးသမားတွေက တိုက်ပွဲဝင် ရင်ဆိုင်ကြတာကိုး။

ဒီစဉ်းစားချက်မျိုးက ဒီနေ့ NLD မှာ သိပ်ရှိပုံမရဘူး – အပိုင်း(၁)

နောက်ပိုင်းမှာ NLD ပါတီပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒီအပေါ်မှာ ရပ်တည်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်အောင် သူ့ အနေနဲ့ ကြိုးပမ်းပါမယ်ပြောပြီး တော့မှ အားလုံးနဲ့ အတူတူ လက်တွဲလုပ်ဆောင်ကြမယ်ဆိုတဲ့ သဘောမျိုး လုပ်ဆောင်လာတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဝမ်းပန်းတသာဝန်းရံကြတာပေါ့ဗျာ။ CRPP လိုဟာမျိုး၊လွှတ်တော်ကိုယ်စားပြု ကော်မတီ ပေါ့ ဗျာ။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတဲ့အဖွဲ့အစည်းမျိုး ပေါ်ပေါက်လာတဲ့ အထိ ဝန်းရံခဲ့ကြတယ်၊ လက်တွဲခဲ့ကြတယ်။

တကယ်တမ်းသူ (ဒေါ်အောင်ဆန်းစုကြည်) ရွေးကောက်ပွဲနိုင်ငံရေးထဲကိုဝင်သွားတဲ့အချိန်၊ လွှတ်တော်နိုင်ငံရေးထဲကို ဝင်သွားတဲ့ အချိန်နဲ့ နောက်ဆုံးအာဏာရတဲ့အချိန် အဲဒီ ကတိကဝတ်တွေဟာ ကျနော်တို့ထင်ထားတာနဲ့ တစ်ထပ်တည်းကျမလာတော့ဘူး ပေါ့နော်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီအခါကျတော့ တိုင်းရင်းသားတွေရဲ့ဝန်းရံမှု၊ အရင်ကပေးဆပ်ခဲ့မှုတွေဟာ အလဟဿဖြစ်ကုန်တာပေါ့။ အဲဒီအပေါ်မှာ အယုံအကြည်တွေ ပျက်ပြီးတော့မှ၊ အပြန်အလှန်လေးစားမှုတွေ ပျောက်ပြီးတော့မှ ဒါ ကျိုးတိုးကျဲတဲတွေဖြစ်ကုန်တာပေါ့။ အဲဒါ ကြောင့်မို့လို့ တစ်ချက်တည်းဖြေပါဆိုရင် သဘောမကျကြဘူး။ ဝန်းရံခဲ့ရကျိုး မနပ်ဘူးလို့ပြောရမှာပေါ့။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အနှစ်ချုပ်မယ်ဆိုရင်တော့ တိကျတဲ့ မူဝါဒကိုပြဌာန်းပြီး လုပ်ဆောင်တာမျိုးမရှိတဲ့ အတွက်ကြောင့်မို့လို့ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်မယ်၊ ဒီကွေ့မှာဒီတက်နဲ့လှော်မယ် ဆိုတဲ့သဘောမျိုးနဲ့ လုပ်ဆောင်နေတာမို့လို့ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီကိုသွားတဲ့လမ်းကြောင်းဟာ ဒီနေ့ အထိ ပီပီပြင်ပြင်ဖြစ်မလာတာလို့ ကျနော်ဒီအတိုင်းပဲသုံးသပ် တယ်။

ငြမ်းမီဒီယာ – ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဆီကို ဦးတည်ရွေ့လျားနိုင်ဖို့ဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လိုရလဒ်မျိုး လိုအပ်ပါသလဲ။

USL – စုပေါင်းခေါင်းဆောင်မှုကို အလေးအနက်ပြုတဲ့၊ စုပေါင်းခေါင်းဆောင်မှုကို တန်ဖိုးထားတဲ့နိုင်ငံရေး အခင်းအကျင်းမျိုးကို ဖန်တီးဖို့လိုအပ်ပါတယ်။ ဒီပြည်ထောင်စုကြီးဟာ တိုင်းရင်းသားတွေအကုန်လုံး စုပေါင်းပိုင်ဆိုင်တာပါ။

အဲဒီစုပေါင်းပိုင်ဆိုင်တဲ့ပြည်ထောင်စုကြီးကို အားလုံးကပဲ စုပေါင်းပြီးတော့ တက်ညီလက်ညီနဲ့ စုပေါင်းဦးဆောင်၊ စုပေါင်းလုပ် ဆောင်ကြရ မယ်ဆိုတဲ့ အမြင်သဘောထားမျိုးအပေါ်မှာ ရပ်တည်ဖို့လိုအပ်ပါတယ်။

ဒီဒုက္ခပေးတဲ့ အခြေခံဥပဒေကို ရေးဆွဲထောက်ခံခဲ့တဲ့အထဲမှာ ကျွန်တော်တို့မပါဘူး – အပိုင်း(၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ဦးတစ်ဖွဲ့တည်းက ကျနော်တို့မလိုလားတဲ့ ပုံစံပေါ့ဗျာ၊ တစ်ဦးတစ်ဖွဲ့ တည်း တစ်စုတစ်ဖွဲ့တည်းက ဦးဆောင် နေပြီးတော့မှ အားလုံးကို ကိုယ်စားမပြုဘူးဆိုတဲ့ အချိန်ကျရင် ဒါ ပြည်ထောင်စုရဲ့ရနံ့ လည်းပျက်ပြယ်၊ ပြည်ထောင်စုရဲ့ အာနိသင် လည်း ပျက်သုဉ်းမှာပဲ။ အဲဒီ အခါကျရင် ကျနော်တို့အားလုံးရည်မှန်းတဲ့ဖက်ဒရယ် ပြည်ထောင်စု ဆိုတာ တဖြည်းဖြည်း ဝေးကွာ သွားမှာပါ။

သူတို့ပေးတဲ့ရာထူးကိုလက်ခံပြီး နောက်မှပြန်ပြီးတော့ မဟုတ်ဘူး ဘာညာပြောတယ် ဆိုတာ လုံးဝကို ဒါ ဗလောင်းဗလဲ ဆန်တဲ့ကိစ္စပဲ။ လုံးဝမဟုတ်ဘူး။ အဲဒါကို …

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ SNLD ကို ဝန်ကြီးတစ်နေရာပေးဖို့ ကမ်းလှမ်း ခဲ့ပေမယ့် ပထမလက်ခံပြီး နောက်တစ်ပတ် အတွင်းမှာ လက်မခံဘူးဖြစ်သွားတယ်။ ဘာမကျေနပ်သလဲ သူတို့မသိကြောင်း NLD ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က အင်တာဗျူးတစ်ခုမှာ ပြောထားတာကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

USL – အဲဒီမှာ ဦးဝင်းထိန်ဖြေထားတဲ့အချက် လုံးဝလွဲပါတယ်။ ဝန်ကြီးတစ်နေရာစာပေးမယ်၊ ကျနော်တို့ကလက်ခံတယ်၊ လေးငါးရက် တစ်ပါတ်နေပြီးတော့မှ လက်မခံတော့ဘူး အကြောင်းပြန်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။

သူ့ကိုယ်သူအယုံအကြည်လွန်ပြီးတော့မှ အများကြီးမျှော်လင့်ပြီး တကယ်တမ်း လူထုကိုယ်တိုင် က လာနားမထောင် တာကိုကြည့်ပြီးတော့ ရွေးကောက်ပွဲနေ့မှာ မဲပေးတဲ့အပေါ် သူသုံးသပ်တာ …

နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည်၊ နောက် ဦးဝင်းထိန်၊ နောက် ဒေါက်တာဇော်မြင့်မောင်အဲဒီသုံးဦးနဲ့ သွားတွေ့တဲ့ အချိန် ကျနော်ကိုယ်တိုင် ပါသွားပါတယ်။ အဲဒီမှာ သူတို့ပေးတဲ့နေရာကတိုင်းရင်းသားရေးရာ ဝန်ကြီးလို့ပြောတယ်။ အဲဒီ တိုင်းရင်းသား ရေးရာဝန်ကြီးဟာ ဘာလုပ်ရတဲ့ နေရာလဲ၊ ဘာလုပ်ရမှာလဲမေးတော့ တိတိကျကျအဖြေမရဘူး။

ရှင်းရှင်းပြောရရင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းကို ဦးစီးဦးဆောင်လုပ်ရမယ့် အနေအထားလားမေးတော့ ‘မဟုတ်ပါဘူး’ တဲ့။

အဲဒီတော့ စာပေယဉ်ကျေးမှုအဆင့်လောက်ပေါ့နော်။ ဒီအဆင့်လောက် ကိုလုပ်ရမယ့် အနေအထားမျိုး ဆိုရင် ခုလည်းခင်ဗျားတို့ အားလုံး အသိပဲလေ။ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာရဲ့ အနေအထား။ သူ့ရဲ့လုပ်ပိုင်ခွင့်၊ နောက် အကျိုးသက်ရောက်မှု ပေါ့ နော်။ ဘယ်လောက်ထိရှိနေလဲ။ အဲဒီအနေအထားကိုမကြိုက်လို့ ကျနော်တို့ကလက်မခံခဲ့တာပါ။

အဲဒီတော့ သူတို့ပေးတဲ့ရာထူးကိုလက်ခံပြီး နောက်မှပြန်ပြီးတော့ မဟုတ်ဘူး ဘာညာပြောတယ် ဆိုတာ လုံးဝကို ဒါ ဗလောင်းဗလဲ ဆန်တဲ့ကိစ္စပဲ။ လုံးဝမဟုတ်ဘူး။ အဲဒါကို အတိအကျကို ငြင်းပါတယ်။ နောက်တစ်ခုရှိပါသေးတယ်။ ဒါနဲ့တစ်ဆက်တည်းပဲ ပြောပါမယ်။ ကျေးသီးနဲ့ မိုင်းရှူးမှာ ဘယ်ပါတီကိုမဲမထည့်လို့ရှိရင်ရွာပြင်ကနေပြီး သေနတ်ဖောက်တယ်ဆိုတာ မျိုးက လုံးဝ မရှိခဲ့ဘူး။

ဦးဝင်းထိန် ကျေးသီးနဲ့ မိုင်းရှူးကိုလာတဲ့အချိန် ကျနော် ကိုယ်တိုင် အဲဒီမှာစည်းရုံးရေး လုပ်ဖို့ရောက်နေတာ။ကျနော် ကိုယ်တိုင်က လချီပြီးနေတာပါ။ အဲဒီတော့ သူလာတဲ့အချိန် ကျေးသီးမှာဆိုလို့ရှိရင် ထိုင်ခုံ ရှစ်ဆယ်တစ်ရာလောက် ခင်းထားတာ သူ့ထိုင် နားထောင်တဲ့ လူက ထိုင်ခုံတစ်ဝက် မရှိပါဘူး။ နောက်မိုင်းရှူးမှာဆိုလို့ရှိရင်လည်းလူတစ်ရာ မပြည့်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် မဲမဆွယ်ရင် သူတို့လည်း သိပ်တော့ မလွယ်ဘူး

အဲဒီတော့ သူ့ကိုယ်သူအယုံအကြည်လွန်ပြီးတော့မှ အများကြီးမျှော်လင့်ပြီး တကယ်တမ်း လူထုကိုယ်တိုင် က လာနားမထောင် တာကိုကြည့်ပြီးတော့ ရွေးကောက်ပွဲနေ့မှာ မဲပေးတဲ့အပေါ် သူသုံးသပ်တာ ယုတ္တိဗေဒမကျဘူး၊ မျက်ရမ်းမှန်းဆ သုံးသပ်ချက် ဖြစ်လို့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။

သူ့စည်းရုံးရေးခရီးစဉ်မှာတောင် လာနားထောင်တဲ့လူက ကျဲတိကျဲတောက်၊ ကျိုးတိုးကျဲတဲပဲ လာနားထောင်တာ၊ မဲပေးတဲ့အချိန်ကျ တော့ရော ဘယ်လိုရလဒ်မျိုးရမလဲဆိုတာ သူကိုယ်တိုင်သေသေချာချာ သုံးသပ်ဖို့လိုအပ်ပါတယ်။

စောနကကျနော်ပြောပြီးပါပြီ။ ပါတီဝင်အင်အား ရာဂဏန်းသေးသေးလေးပဲရှိတဲ့ဒေသမှာ သူ့ပါတီကိုမဲပေးတဲ့လူက ဘယ်နှထောင် ရှိနိုင်မှာတုန်း။

အဲဒီအပေါ်မှာမကျေနပ်တာတစ်ခုနဲ့ပဲ လက်နက်ကိုင်အဖွဲ့အစည်းတွေဆွဲထည့်ပြီးတော့ ဟိုစွပ်စွဲ၊ ဒီစွပ်စွဲဆိုတဲ့အပြောမျိုးဟာ ဒါ လူကြီးတစ်ယောက် အနေနဲ့ မလုပ်သင့်တဲ့ကိစ္စပါ။ သေချာရေရာ ခိုင်လုံမှုမရှိတဲ့၊ အထောက်အထားမရှိတဲ့ကိစ္စတွေကို ဒီလိုမျိုး အင်တာဗျူးမှာ လက်လွတ် စပယ်ပြောတာမျိုးဟာ ဒါ တာဝန်ယူမှုအင်မတန် ကင်းတဲ့လုပ်ရပ်လို့ ကျနော်မြင်ပါတယ်။ ဒီအပေါ်မှာ လည်းပဲ ကျနော်လုံးဝကန့်ကွက်ပါတယ်။

ငြမ်းမီဒီယာ – ‘အခြေခံဥပဒေပြင်ဆင်ဖို့’ ဆိုတဲ့ကြွေးကြော်သံက မဲဆွယ်လို့အကောင်းဆုံး Slogan တစ်ခုပါ။ ခြေ/ဥ ပြင်ဖို့ ကြွေးကြော် လိုက်တာနဲ့ လူထုကိုမဲဆွယ်ပြီးသားဖြစ်သလို တစ်ဖက်က စစ်တပ်ကိုလည်း ဗီလိန်အဖြစ်ပုံဖော်ပြီးသား ဖြစ်စေပါတယ်။ လွှတ်တော် မှာ ပြင်ဆင်ဖို့ နှစ်ကြိမ်ကြိုးစားခဲ့တာလည်း ထိရောက်မှုမရှိသလို တိုင်းရင်းသားတွေပြင် ချင်တဲ့ ပုဒ်မတွေမပါလို့ အမြင် မကြည်လင်မှုတွေ တောင်ရှိခဲ့တော့ NLD ရဲ့ခြေ/ဥပြင်ဖို့ဆိုတဲ့ကိစ္စက မပြင်ချင်တာလား၊ မပြင်နိုင်တာလား၊ ပြင်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုကိုအသုံးချပြီး လူထုကိုမဲချူနေတာလားဆိုပြီး မေးခွန်းထုတ် ကြတာတွေကို ဘယ်လိုမြင်ပါသလဲ။

USL – ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုပြီးတော့မှ အဲဒီခေါင်းစဉ်အောက်မှာ လုပ်နည်း လုပ်ဟန် နှစ်ရပ်ရှိတယ်ပေါ့။ ပထမ တစ်ချက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ။ အဲဒီ ညီလာခံကနေတဆင့် နိုင်ငံရေးတွေဆွေးနွေးမယ်။ ရရှိလာတဲ့ ရလဒ် အပေါ် အခြေခံပြီးတော့မှ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခြေခံမူအဖြစ်ထားရှိမယ်ဆိုတဲ့ နည်းလမ်းကတစ်ခု။

ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံကြီးအဖြစ် ကျနော်တို့ဂုဏ်ယူနေရ မှာလားဆိုတဲ့မေးခွန်းဖြစ်လာတယ်။ ဒီအပေါ်မှာ တပ်မတော်ကလည်း …

ဒါပေမယ့် NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်မှုဟာ အရာထင်ခဲ့တာ ဘာမှမရှိပါ ဘူး။ ပြည်ထောင်စုသဘောတူညီမှု (၅၁) ချက်ရတယ်။ အဲဒီ (၅၁) ချက်က ဖွဲ့စည်းပုံပြင်ဆင်ဖို့ အတွက် အခြေခံကောင်းတွေ မဖြစ်ခဲ့ဘူးဗျ။ အခြေခံမူအဖြစ် ကိုးကားရလောက်တဲ့ ပြုပြင်ပြောင်းလဲမှုလည်းမရှိဘူး။ တိုင်းရင်းသားတွေ စိတ်ကျေနပ် လောက်တဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ အချက်အလက်တွေမပါဘူး။

အဲဒါကြောင့်မို့လည်း နောက်ဆုံးမှာ UPDJC အစည်းအဝေးကိုတောင်မှပဲ ဖြစ်သလိုလုပ်လိုက်ရတဲ့ အနေအထားမျိုးတွေ ကျနော်တို့ တွေ့ရပါတယ်။ ခေါင်းဆောင်ကိုယ်တိုင်က UPDJC လို အစည်းအဝေးမျိုးကို မတက် တာ နောက်ပိုင်းမှာ တွေ့လာရပါလိမ့်မယ်။

ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံကလည်းပဲ အခု အကြောင်းကြောင်းကြောင့် စတုတ္ထအကြိမ်ကိုတောင်မှ ဘယ်အချိန်ဘယ်လို လုပ်မယ်ဆိုတာ ဆွေးနွေးမရတဲ့ အနေအထားဆိုတော့ နောက်ဆုံး လုပ်ဖြစ်ရင်တောင်မှပဲ ပြည်ထောင်စုသဘောတူညီချက် အပိုင်း (၃) ဆိုတဲ့ အချက်ကို ဒါ အတည်ပြုရုံတစ်ချက်ပဲရှိတယ်။ ဒါလေး အတည်ပြုပြီးရင် ပြီးသွားပြီပေါ့နော်။ ဆိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုလည်း လုပ်တယ်ဆိုတဲ့ အနေအထားမျိုး လုပ်ရုံသက်သက် လုပ်ပြတဲ့အနေအထားမျိုး ရောက်သွားမှာပဲ။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့အချက်ကို ရောက်မလာနိုင်ဘူးပေါ့နော်။ ဒီလိုနဲ့ ဒီတစ်ပိုင်းက နိဂုံးချုပ် သွားပါလိမ့်မယ်။ နိဋ္ဌိတံ သွားလိမ့် မယ်။ အဲဒီလိုမျိုး ငြိမ်းချမ်းရေးကိစ္စမှာ မအောင်မြင်တဲ့အတွက်ကြောင့်မို့လို့ လွှတ်တော်ထဲမှာပြင်ဖို့ ထပ်ပြီး ကြိုးစားပြန်တယ်။ ဒါက လည်းပဲ နောက်ဆုံးအပိုင်း ကဏ္ဍရောက်မှ ထပြင်တယ်ဆိုတာ အားလုံးအသိပဲလေ။ အဲဒီလိုပြင်မယ်ဆိုတဲ့အခါကျတော့လည်း စစ်တပ် မပါဘဲနဲ့၊ တပ်မတော်ရဲ့သဘောထားမပါဘဲနဲ့ ပြင်လို့မရဘူးဆိုတာ အကုန်လုံးသိနေကြတာပဲ။

မြေကွက်ကိစ္စဆိုရင် ကျန်တဲ့လူတွေ တိုင်းပြည်ချွတ်ခြုံ ကျလောက်တဲ့ အထိ ဘာပဲရောင်းစားရောင်းစား၊ မြေကွက်တွေပဲသိမ်းသိမ်း၊ လယ်တွေပဲ သိမ်းသိမ်းပေါ့ဗျာ။ ကိုယ်ကိုယ်၌ က …

နိုင်ငံရေးလေ့လာဖူးတယ် ဆိုရင် အကုန်လုံးသိမှာပဲ။ ၄၃၆ (က) (ခ) ဘယ်လိုပြဌာန်း ထားတယ်ဆိုတာ အားလုံးက အလွတ်ရ သလောက် ကိုဖြစ်နေပြီ။ အဲဒီတော့ ၄၃၆ (က) (ခ) ပြဌာန်းချက်ကို ကျော်လွန်နိုင်ဖို့အတွက် ဆိုလို့ရှိရင် တပ်မတော်နဲ့ အကျေအလည် ညှိနှိုင်းပြီးတော့မှ အခြေခံသဘောတူညီချက် ရပြီဆိုတော့မှ ထပြီးလုပ်သင့်တာပါ။

အဲဒီလိုမဟုတ်ဘဲနဲ့ ပြင်ဆင်ချင်တဲ့အချက်ကို ကိုယ့်ဘက်ကမဲအသာစီးရထားတာပဲဆိုတဲ့ အနေအထားတစ်ခု ဖော်ဆောင်ပြီးတော့မှ ပြင်ဆင်လိုက်တဲ့အခါ တစ်ဘက် ကိုလည်း မခံချင်စိတ်ကိုဆွပေးရာရောက်တာပေါ့ဗျာ။ အဲဒါကြောင့်မို့လည်း နောက်ဆုံး ဒီမိုကရေစီနဲ့ အနိုင်ကျင့်တယ် ဘာညာဆိုတဲ့ မလိုလားအပ်တဲ့စကားလုံးတွေတောင် ထွက်ပေါ်လာတယ်။ ဒီမိုကရေစီကိုယ်၌က အရောင်ဆိုး ခံလိုက် ရတာပေါ့။

အဲဒီလိုအနေအထားက ဘာကိုပြတာလဲဆိုတော့ နိုင်ငံရေးမရင့်ကျက်မှုကိုပြတာပဲ။ ခေါင်းဆောင်တွေအချင်းချင်း တပ်မတော် ခေါင်းဆောင်နဲ့ တစ်ဖက်ကပါတီခေါင်းဆောင်၊ အစိုးရခေါင်းဆောင်ပေါ့။ အဲဒီနှစ်ဦးနှစ်ဖက်ကြားထဲမှာ ပြေလည်တဲ့ ဆွေးနွေးမှု မရှိဘူး။ နိုင်ငံရေးအပေးအယူအရ ကျေကျေလည်လည် မဆွေးနွေးခဲ့နိုင်ဘူး။ ခရီးတစ်ခုရောက်တဲ့ အထိကို မဆွေးနွေးခဲ့နိုင်ဘူး ဆိုတာ ပြသရာရောက်တယ်။

စနစ်ကမပြောင်းဘူး၊ လူကပြောင်းသွားတာ

ဒါကြောင့်မို့လို့လည်း ပြင်ဆင်ရေးလမ်းကြောင်းက သွေဖည်ပြီးတော့ လုံးဝမအောင်မြင်ဘဲဖြစ်သွားရတာလို့ ကျနော်သုံးသပ် ပါတယ်။ အဲဒီအချက်နှစ်ချက်ကိုထောက်ပြီးပြောမယ်ဆိုလို့ရှိရင် မပြင်နိုင်တာလားဆိုရင် မပြင်နိုင်တာမဟုတ်ဘူးဗျ။ ပြင်ချင်တဲ့ စိတ်ဓာတ် အမှန်ရှိရင် ပြင်ကိုပြင်နိုင်တယ်။

ကျနော်တို့ပြည်ထောင်စုကြီးဟာ ပြည်တွင်းစစ်ဖြစ်လာတာ အနှစ် (၇၀) နီးပါးရှိလာပြီ။ အဲဒီတော့ ကမ္ဘာမှာ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံကြီးအဖြစ် ကျနော်တို့ဂုဏ်ယူနေရ မှာလားဆိုတဲ့မေးခွန်းဖြစ်လာတယ်။ ဒီအပေါ်မှာ တပ်မတော်ကလည်း လိုချင် မှာမဟုတ်ဘူး။ တိုင်းပြည်ကလည်း ဖွတ်ဖွတ်ညက်ညက်ကြေနေပြီ။

အဲဒီတော့ တိုင်းပြည်ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေက ကိုယ့်နိုင်ငံကို ဆင်းရဲတွင်းထဲမှာ ထပ်ပြီးနှစ်ထား ဦးမှာလား။ ဒီအတိုင်းပစ်ချထားဦးမှာလားဆိုတာ လူထုကမေးစရာဖြစ်လာတာပေါ့။

ဒါကြောင့်မို့လို့ ကိုယ့်ရဲ့နိုင်ငံရေးစိတ်ဆန္ဒကဘာလဲ။ တိုင်းပြည်ကြီးပွားတိုးတက်စေချင် တယ်၊ ပြည်တွင်းငြိမ်းချမ်းစေ ချင်တယ် မှန်လို့ ရှိရင် ဒါ ပြင်ကိုပြင်ရပါလိမ့်မယ်။ မပြင်နိုင်စရာ အကြောင်းမရှိပါဘူး။ အဲဒီတော့ ပြင်ချိန်မတန်သေးဘူး၊ ပြင်လိုက်တာနဲ့ ကိုယ့်ရဲ့ အစုအဖွဲ့ အကျိုးမရှိလောက်ဘူးလို့ အဲဒီလိုယူဆနေတဲ့ အဖွဲ့အစည်းတွေရှိနေသေးလို့ မပြင်နိုင်တာလို့ ဒီအတိုင်းပဲ သုံးသပ် ပါတယ်။ ပုဒ်မ ၂၆၁ လိုဟာမျိုးက မဖြစ်မနေပြင်ရမယ်။ ဒါပေမယ့် သူ့တစ်ခုတည်းကို ကွက်ပြီးပြင်ရုံနဲ့လည်းပဲ တိုင်းရင်းသားတွေ လိုလားတဲ့၊ တိုင်းရင်းသားတွေရဲ့ နဂိုရပိုင်ခွင့်ကိုအကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူး။

နောက်တစ်ချိန်တည်းမှာပဲ ၂၆၁ မပြင်ဘဲနဲ့လည်း ပြည်နယ်ဝန်ကြီးချုပ်ဆိုတဲ့ကိစ္စက ပေးလို့ရနေတာပဲ။ ဥပမာ ပြီးခဲ့တဲ့ ၂၀၁၅ ရခိုင်ပြည်နယ်မှာ ANP ပါတီကအပြတ်အသတ် အနိုင်ရတယ်။ ဆိုတော့ သမ္မတအနေနဲ့က ANPပါတီကို မပေးရဘူးလို့ ပြဌာန်းချက် မှာမှ မရှိဘဲ။ ၂၆၁ (က) (ခ) (ဂ) ကိုပြန်ပြီး ကြည့်လိုက်ပါ။ မပေးချင်လို့ကို မပေးတာပဲဗျာ။ ပေးမယ်ဆို ပေးလို့ ရနေတဲ့ အနေအထားပဲ။ အဲဒီလိုမျိုး နိုင်ငံရေးရင့်ကျက်မှုပေါ့။ နိုင်ငံရေးစွန့်လွှတ်မှု၊နိုင်ငံရေး ရင့်ကျက်မှုတွေ ဆိတ်သုဉ်းနေတဲ့ အခါကျတော့ ဒါ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊တိုင်းရင်းသား သွေးစည်းညီညွှတ်ရေးကို လည်း အပီအပြင် မတည်ဆောက်နိုင်တော့ဘူး။

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရာမှာပဲဖြစ်ဖြစ် ရင့်ကျက်ပြီးတော့ သိက္ခာရှိတဲ့ စွန့်လွှတ်မှုမျိုးကို မလုပ်ဆောင်နိုင် ဘူးဆိုလို့ရှိရင် လိုရာပန်းတိုင်ကတော့ ဒီထက်မကဝေးနေဦးမှာပါပဲ။

ကိုယ်ကလူထု အစိုးရစစ်စစ်လို့ကြွေးကြော်ထားတော့ အမှားမရှိအောင်နေမှသာလျှင် လူထုရဲ့ အားကိုးရာ ဖြစ်မှာပေါ့။ …

ငြမ်းမီဒီယာ – ၂၀၁၄ ခုနှစ် ခုလိုအချိန်လောက်က ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတဲ့ “တခြား ပြည်သူပြည်သားတွေထက်ပိုပြီးတော့ အခွင့်အရေးရနေတာဟာ တကယ်ပဲ ဝမ်းသာစရာကိစ္စရောဟုတ် ရဲ့လား ဆိုတာ စဉ်းစားစေ ချင်ပါတယ်” ဆိုတဲ့စကားကိုသတိ ပြုမိတယ်။ အခုနေပြည်တော်က မြေကွက်ကိစ္စ ကလည်း လူပြောများလာတော့ အဲဒီစကားနဲ့ အခုကိစ္စကြားမှာ ဘယ်လိုအကြောင်းအရာတွေ ခြားနားသွားတယ်လို့မြင်ပါသလဲ။

USL – အဲဒါကလည်း စောစောကပြောသလို စာရွက်ပေါ်မှာတိတိကျကျရေးချထားတဲ့ မူဝါဒ မရှိလို့ပါပဲ။ ကြုံရင်ကြုံသလို မိန့်ခွန်းမှာ ထည့်ပြောလိုက်တယ်၊ ကြုံရင်ကြုံသလို အမှာစကားမှာ ထည့်ပြောလိုက်တယ်။ ပြီးတော့ အဲဒါကိုလည်း သေသေချာချာ record လုပ်မထားတဲ့ အခါကျတော့ နောင်တစ်ချိန်မှာ ဒီအပြောနဲ့ လုပ်တဲ့လုပ်ရပ်က ဆန့်ကျင်သွားတဲ့အနေအထားမျိုး ရောက်သွားနိုင် ပါတယ်။ အဲဒါကြောင့်မို့လို့ မူဝါဒပီပီပြင်ပြင်မရှိထားလို့ရှိရင် ဒီအမှားမျိုးက ကင်းနိုင်မှာမဟုတ်ဘူး။ ရှေ့လျောက်လဲ ထပ်မဖြစ် ဘူးလို့ မပြောနိုင်ဘူး။

အဲဒါကြောင့်မို့လို့ မူဝါဒအသေအချာ မချမှတ်ထားဘူးဆိုလို့ရှိရင် ဒီအမှားမျိုးကို ဆက်တိုက်ကြုံတွေ့ရနိုင်တယ်လို့ ကျနော်မြင်တယ်။ နောက်မြေကွက်ကိစ္စကတော့ ကျနော့်အမြင် သိပ်တောင် ဆန်းမနေတော့ပါဘူးဗျ။

ဘာဖြစ်လို့လည်းဆို UEC Law ကိစ္စပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေမှာပဲဖြစ်ဖြစ်ပေါ့။ အတိအကျပြောရင် ကြံခိုင်ရေး ပါတီခေတ် ကာလ တုန်းက ဥပဒေကိုဖောက်ဖျက်ပြီးတော့ ကျင့်သုံးခဲ့တဲ့လုပ်ရပ်တွေကို အတိုက်အခံဘဝမှာတော့ ထိုးနှက်ခဲ့တယ်၊ တိုက်ခိုက်ခဲ့တယ်၊ ဆန့်ကျင်ခဲ့တယ်။ သူကိုယ်တိုင်အာဏာရလာတဲ့အချိန်ကျတော့ ရှေ့ကလူကျင့်သုံးခဲ့တဲ့ အမှားမျိုးကို သူကထပ်ပြီးကျင့်သုံးတယ်။

သူတောင်လုပ်သေးတာပဲ၊ ငါလည်းလုပ်တော့ဘာဖြစ်တုန်း ဆိုတဲ့ အဲဒီလိုသဘောထားမျိုးနဲ့ ထပ်ပြီးကျူးလွန်တယ်။ အဲဒီလိုမျိုးက ထပ်ခါထပ်ခါဖြစ်လာတော့ ကြည့်မကောင်းတော့ဘူးပေါ့ ဗျာ။ ဥပမာ မြေကွက်ကိစ္စဆိုရင် ကျန်တဲ့လူတွေ တိုင်းပြည်ချွတ်ခြုံ ကျလောက်တဲ့ အထိ ဘာပဲရောင်းစားရောင်းစား၊ မြေကွက်တွေပဲသိမ်းသိမ်း၊လယ်တွေပဲသိမ်းသိမ်း ပေါ့ဗျာ။ ကိုယ်ကိုယ်၌ က အဲဒီလိုမျိုးလိုက်လုပ်စရာလားဗျ။ ကိုယ်ကလူထု အစိုးရစစ်စစ်လို့ကြွေးကြော်ထားတော့ အမှားမရှိအောင်နေမှသာလျှင် လူထုရဲ့ အားကိုးရာ ဖြစ်မှာပေါ့။

အဲဒီတော့ ပြင်ချင်တယ်၊ ပြန်ပြုပြင်မယ်ဆိုရင် ဒီကိစ္စ အချိန်ကတော့ရပါသေးတယ်။ ဟို ကားပါမစ်ကိစ္စလိုပေါ့။ လူထုက အသံတွေ သိပ် ထွက်လာတော့ ကားပါမစ်ကိစ္စလည်း ပျောက်သွားတာ ခင်ဗျားတို့လည်း သတိထားမိပါလိမ့်မယ်။ အခုမြေကွက်ကိစ္စလည်း ကားပါမစ်လိုပျောက်သွားတယ်ဆိုလို့ရှိရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ ပိုကောင်းတာပေါ့။ အဲဒီလိုမျိုးဖြစ်ပါစေလို့ပဲ ဆုတောင်း ပါတယ်။

လူထုဆန္ဒနဲ့မကိုက်ညီရင် လူထုကလည်း သူတို့ရွေးချယ်မှုကို ပြန်သုံးသပ်မှာပဲ – အပိုင်း (၁)

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောပေးပါဦး။

USL – အခုလုပ်မယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင် တယ်။ လွတ်လပ်ပြီး တရားမျှတတယ် ဆိုတာ ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်ပြီးတရား မျှတရမယ်၊ ရွေးကောက်ပွဲအတွင်းကာလမှာ လွတ်လပ်ပြီးတရားမျှ တရမယ်၊ တစ်ခါ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာလည်း လွတ်လပ်ပြီး တရားမျှတရမယ်ဆိုတဲ့ အချက် သုံးချက်နဲ့ကိုက်ညီအောင် လက်ရှိ အစိုးရက ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ အဲဒါကို အလေးအနက်ထားပြီး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တောင်းဆို လိုပါ တယ်။ ဒါလေးတစ်ချက်ပါပဲ။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,