တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ မူတစ်ခုချနိုင်ရင် ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာမှာပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NST / မွန်ညီညွတ်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ၊တွဲဖက်အတွင်းရေးမှူး(၂) (ဦး) နိုင်စံတင်

ဖက်ဒရယ် နိုင်ငံလည်း အော်တယ်။တပ်မတော်လည်း လက်ခံထားတယ်။ ဒါပေမယ့် အခုပါလာတယ်။ပါလာတော့ တကယ့် ဖက်ဒရယ်နိုင်ငံအစစ်မှာ တပ်မတော်က အစိုးရ အောက်မှာပဲ နေရမယ်။ဒီကိစ္စတွေက …

၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဘယ်လို ပြင်ဆင်ထားလဲ။ပါတီ မူဝါဒတွေကရောဘာလဲ။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ လက်ရှိနိုင်ငံရေး အခြေအနေအပေါ် ကိုရော ဘယ်လိုရှုမြင်သလဲ။ မွန်ညီညွတ်ရေးပါတီ၏ ပြောရေးဆိုခွင့် ရှိသူ၊ တွဲဖက် အတွင်းရေးမှူး(၂) (ဦး) နိုင်စံတင် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်ထားသည်။

ငြမ်းမီဒီယာ – တိုင်းရင်းသားပါတီတွေ ပေါင်းတယ်။ မဟာမိတ် လုပ်ကြတယ်။ အဲဒီလို ဖွဲ့ထားပေးမယ့်လည်း အတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်။ ပေါင်းစည်းထားတယ် ဆိုပေမယ့် လည်း ညှိမရသေးတဲ့ ပြဿနာတွေရှိတယ်လို့ လည်း သိရပါ တယ်။အဲဒီတော့ ရှေ့ဆက်ရမယ့်ခရီးကရော ဘယ်လိုရှိမလဲ။ ဘယ်လိုများဖြစ်လာနိုင်မလဲ။

NST – အခုဟာက မြင်တာတစ်မျိုးပေါ့။ကျနော်တို့ မမြင်တာ မဟုတ်ပါဘူး။အရင်တုန်းကအဲလိုတိုင်းရင်းသား မဟာမိတ်ဖွဲ့တာ မကွဲပါဘူး။သူ့မဟာမိတ်နဲ့သူရှိတယ်။ ကိုးဆယ်တုန်းက ရွေးကောက်ပွဲဝင်ထားတဲ့ တိုင်းရင်းသားပါတီတွေက UNA လို့ဖွဲ့ထားတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ထားတဲ့ တိုင်းရင်းသား ပါတီတွေက NBF လို့ဖွဲ့ထားတယ်။ ဒါပေမယ့် အဲဒီနှစ်ဖွဲ့ဟာ ဘယ်လိုမှ ပေါင်းစည်းလို့မရဘူး။ဟုတ်တယ်။ ကျနော်တို့ အခု First Step ခေါ်တာပေါ့။ ကျနော်တို့ အဖွဲ့တွေ မဖွဲ့ဘူး။ ကျနော်တို့ မွန်ပေါင်း စည်းထားတဲ့ ပါတီရယ်။ ကရင်ပေါင်းစည်းထားတဲ့ ပါတီရယ်၊ ကယားပေါင်းစည်းထားတဲ့ပါတီရယ်၊ ကချင်ပေါင်းစည်း ထားတဲ့ ပါတီရယ်၊ ချင်းပေါင်းစည်းထားတဲ့ပါတီရယ် ကျနော်တို့ ပေါင်းစည်းထားတဲ့ ငါးပါတီက ညှိနှိုင်းပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်အုပ်စုနဲ့ ကိုယ်ရှိပေမယ့် ကျနော်တို့ကျ အုပ်စုမဖွဲ့တော့ ဘူး။ ကျနော်တို့ Contact Person သဘောမျိုး ကျနော်တို့ ဆက်ဆံ တယ်။ အချင်းချင်း အပြန်အလှန်ဆွေးနွေးကြတာပေါ့။ ကျနော်တို့ တိုင်းရင်းသား Seminar တစ်ခု လုပ်ဖို့ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၀၈ အခြေခံဥပဒေကို ပြင်ရင် ပြဌာန်းထားတဲ့ ဥပဒေအတိုင်းပြန်ပြင် ရမှာလေ။ မဟုတ်ဘူး လား။သူဘာကြောင့် …

အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ တိုင်းရင်းသား Seminar တစ်ခုလုပ်ဖို့ရှိတယ်။ လုပ်တယ်ဆိုတာ ကျနော်တို့ ငါးပါတီ သဘော တည်းနဲ့ လုပ်တာ မဟုတ်ဘူး။ ကျနော်တို့ NBF နဲ့UNA သဘော တူညီချက်ရယူပြီးမှပဲ ဘယ်လိုဖွဲ့စည်းမလဲ ဆောင်ရွက် မလဲဆိုတာ လောလောဆယ် မူအရ တိုင်းရင်းသား Seminar တစ်ခု လုပ်ဖို့အားလုံးသဘောတူ ထားတယ်။ ဘယ်လိုဆောင်ရွက်သွားမလဲ။ အဲဒီမှာ ဘာတွေ ဆွေးနွေး မလဲ ဆိုတာတော့ အခုမှစတင်ညှိနှိုင်းနေတုန်းပါ။ ညှိနှိုင်းပြီးရင်အဖြေတစ်ခုတော့ ပြန်ထွက် လာမှာပေါ့။

ငြမ်းမီဒီယာ – ပါတီတွေပေါင်းစည်းလိုက်ပေမယ့် တိုင်းရင်းသားပါတီ အချင်းချင်းမှာကို မကျေလည် သေးတဲ့ပြဿနာတွေ၊ ညှိနှိုင်းလို့ အဆင်မပြေတာတွေ ရှိနေသေးတယ်ဆိုတာ ကြားရတာတွေ ရှိပါ တယ်။ဆိုတော့ တိုင်းရင်းသားအချင်းချင်း ကြားမှာ အဆင်မပြေ၊ မကျေလည်၊ညှိနှိုင်းမရ အခြေအနေက တကယ်သွားချင်တဲ့ လမ်းကြောင်းကို ရောက်အောင်သွားနိုင်ပါ့မလား။

NST – တစ်ဦးနဲ့တစ်ဦးဒေသချင်းမတူဘူး။ မတူတဲ့အခါကျတော့ ခံစားချက်လည်းမတူဘူး။ ကျနော်တို့ ယဉ်ကျေးမှုနဲ့ ကယား ယဉ်ကျေးမှု တူချင်မှတူမယ်လေ။ မတူတဲ့အခါကျတော့ နည်းနည်းတော့ အကွဲအလွဲ တော့ရှိမှာပေါ့။ဒါပေမယ့် ဘုံသဘော တူညီချက် ရဖို့ ဒါကြောင့် ကျနော်တို့ Seminar တစ်ခု လုပ်မယ်လို့ ပြောလိုက်တာ။ ကျနော်တို့နားလည်ပြီးသားပါ။

၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်သွားဖို့ လုပ်ထားတာရှိပါတယ်။ အခု လွှတ်တော်မှာ ပြင်ဆင်တာ ကျနော် အားမရဘူးဗျ။ ခုနက ကျနော် ပြောသလို …

တိုင်းရင်းသား တစ်ခုနဲ့ တစ်ခုက ဘာသာရေးအရလည်း ဥပမာ ကချင်တို့၊ ချင်းတို့ဆိုရင် သူတို့က ခရစ်ယာန်ပဲလေ။ ကျနော်တု့ိဆို ဗုဒ္ဓဘာသာ များတယ် လေ။အဲဒါက ဘုံသဘောတူညီချက်ရဖို့ ကျနော်တို့ Seminarတစ်ခု ထိုင်မယ်။ သဘောထား ကွဲလွဲတာက ဒါက ဖြစ်တတ်တဲ့သဘောပဲလေ ပါတီတစ်ခုတည်းမှာတောင် အမြင်သဘောထား အကွဲအလွဲ ရှိသေးတာပဲ။ပါတီကွဲတာ ကျနော် မပြောဘူး။ အမြင်သဘောထားကွဲတာ ကဖြစ်တတ်တဲ့ သဘောပဲ။အများစုဖွဲ့ထားတဲ့ အခါမှာ အားလုံးတစ်သဘောတည်း ဘယ်ဖြစ် မလဲ။ ဒါပေမယ့် ဘုံသဘောတူညီချက်တို့၊ အစည်းအဝေး ဆုံးဖြတ်ချက်တု့ိဘာတို့ အဲဒါတော့ ရှိရမှာပေါ့။ ကျနော်တို့လည်း တိုင်းရင်းသားတွေ ဘုံသဘောတူညီချက်ရယူဖို့၊ ဒီလိုအမြင်လေး ကွဲနေတာကို မူအရတစ်ခုရယူဖို့ Seminar တစ်ခုလုပ်မယ်လို့ အဲဒီသဘောမျိုးကျနော်ပြောတာပါ။

ငြမ်းမီဒီယာ – ဘယ်ပါတီက ဖြစ်ဖြစ်ပါ (ဦး) နိုင်စံတင်တို့ ဒေသ ပြည်သူတွေက ရွေးချယ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက တကယ်ရော ပြည်သူ့အကျိုးကိုပြုခဲ့ရဲ့လား။မပြုခဲ့ဘူးလား။

NST – ၂၀၁၀ နဲ့ ၂၀၁၅ သိပ်မတူတော့ဘူး။ ၂၀၁၀ တုန်းက တိုင်းရင်းသားပါတီတွေ အနိုင်များတယ်။ ၂၀၁၅ မှာကျတော့ တိုင်းရင်းသားတွေ အနိုင်နည်းတယ်။ တိုင်းရင်းသားတွေ ကွဲသွား တာလည်း ရှိတယ်။ပါတီကွဲတာ များတယ်။ ကျနော်တို့ မွန်မှာတောင် နှစ်ပါတီ ဖြစ်နေတဲ့အခါကျတော့ အချင်းချင်းယှဉ်ပြိုင်မှုဖြစ် သွား တယ်။ လွှတ်တော်ထဲရတဲ့ နေရာမှာ အင်အား နည်းသွားတယ်။ ၂၀၁၀ မှာဆိုရင် ကျနော်တို့တစ်ပါတီထဲဝင်တော့ (၁၆) ဦး တောင်နိုင်သွားတယ်။(၁၆) ဦး ဆိုတာ က ကရင် ပြည်နယ်ပါ ပါတာပေါ့။ မွန်ပြည်နယ်မှာဆို (၁၃) ဦး ပဲ နိုင်ပါတယ်။ဒါပေမယ့် ၂၀၁၅ မှာကျတော့ ကျနော်တို့ နှစ်ပါတီလုံး ပေါင်းမှ တစ်ယောက်ပဲ နိုင်တော့ လွှတ်တော်မှာ အင်အားနည်း သွားတာပေါ့။ တိုင်းရင်းသား ကိုယ်စားလှယ်တွေက နယ်မြေဒေသ အကြောင်းကို အကုန်လုံး သိပြီး သား။ တကယ်ဖြစ်တဲ့ ပြဿနာကို သွားတင်ရင်လည်း တစ်ဦးနှစ်ဦးထဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အာဏာက အားလုံးယူထားတဲ့ အခါကျတော့ အောက်ခြေမှာ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေ တာ။ပြည်နယ်အစိုးရ က ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။အပေါ်က …

တင်ရုံပဲ ရှိတယ်။ တိုင်းရင်းသားတွေ အားလုံးက ဒေသဖွံ့ဖြိုးရေးအတွက် တကယ် လိုအပ်တယ်ဆို အားလုံး တင်ကြ တာပဲ။ ဒေသမှာ ဘာဖြစ်တယ်၊ ဒေသမှာ လုပ်လို့မဖြစ်တာဆို ကန့်ကွက်တဲ့အဆို တင်ကြတာပဲ။ ဥပမာ ကျောက်မီးသွေး သုံး ဘိလပ်မြေစက်ရုံ တည်တဲ့ ကိစ္စ ကန့်ကွက်တာ။ ပြည်နယ်အစိုးရ က ချမှတ် ထားတဲ့ဟာဖြစ်တော့ အခုက စက်ရုံလည်ပတ်နေပြီ။ အဲဒီလိုသဘော။ ဒေသအခြေအနေ ကိုတော့ ကျနော်တို့လွှတ်တော် ကိုယ်စားလှယ်တွေက သိပြီးသားပါ။

ငြမ်းမီဒီယာ – လူထုရွေးချယ်မှုနဲ့ NLD အစိုးရတက်လာပေမယ့် လည်း သူလှုပ်ရှားလို့ရတဲ့အကန့်အသတ်က ကြီးတယ်။အဓိက ကတော့ ဒါဟာ ဖွဲ့စည်းပုံကြောင့်လို့ ညွှန်းဆိုတာလည်းရှိတယ်။ အခု ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုခရီး မရောက်တာဟာ ဖွဲ့စည်းပုံ အကျပ်အတည်းကြောင့်လား ဒါမှမဟုတ်ရင် အစိုးရရဲ့ သဘောထားကြောင့် ညှိမရတာလားခင်ဗျ။

NST – ကျနော်တို့သုံးသပ်တာက NLD ထဲမှာ အာဏာရှင် ပုံစံမျိုးဖြစ်နေတယ်။ တစ်ဦးတစ်ယောက်ရဲ့ဆန္ဒကိုပဲ ရယူပြီး ဆောင်ရွက်နေတဲ့အခါကျတော့ ဘယ်လိုမှ အမှန် မဖြစ်နိုင်ဘူး။ ဘာပဲလုပ်လုပ် တစ်ယောက်က ဒါကို ခွင့်ပြုမှ လုပ်လို့ရတဲ့ သဘောမျိုးဖြစ်သက်ရောက်နေတယ်။ အစိုးရ တစ်ခုဆိုတာ သမ္မတ က အာဏာ အရှိဆုံးပဲလေ။ အခု လက်ရှိအစိုးရက ပါတီက သွားပြီး လွှမ်းမိုးသလိုဖြစ်နေတယ်။ လက်ရှိအစိုးရက အစိုးရဖြစ်ပြီး ဆောင်ရွက်ဖို့ရှိတာကို အပြည့်အဝ ဆောင်ရွက်ခွင့် မရှိဘဲ ပါတီက လွှမ်းမိုးတဲ့သဘောမျိုး သက်ရောက်နေတာ။ ကျနော်တို့တော့ အဲလိုပဲမြင်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ဆန္ဒကိုပဲ ရယူပြီး ဆောင်ရွက်သွားတဲ့သဘောဆိုတော့ ဘယ်လိုမှမဖြစ်သင့်တဲ့ သဘောမျိုးပဲ။

ငြမ်းမီဒီယာ – ဒါဆို အခုဖြစ်နေတဲ့ အခင်းအကျင်းတွေက ဖွဲ့စည်းပုံနဲ့ မဆိုင်ဘူးလို့ ပြောချင်တာလားခင်ဗျ။

NST – ဖွဲ့စည်းပုံဆိုတာက လက်ရှိက အဲဒီမှာရယူချင်ရင် အများကြီးရယူလို့ရတယ်။ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမကြိုက်တာအဲဒါပဲ။ တစ်ခါတလေကျတော့ ကိုယ်လုပ်ချင်ရင် အဲဒီထဲက ဆွဲထုတ်ပြီး လုပ်လို့ရသွား တယ်။တစ်ချို့ဟာကျတော့ ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်။ အဲဒါကြောင့် ဒီဖွဲ့စည်းပုံကို ပြင်သင့်တယ်ပြောနေတာပေါ့။ ဖွဲ့စည်းပုံအရ သွားတာ မဟုတ်ပါဘူးဗျ။ဖွဲ့စည်းပုံက တကယ်တော့ အကောင်းဘက် အသုံးပြုရင်တော့ ကောင်းသွားမှာပါ။အဓိက က ကျနော်တို့ လောလောဆယ် ဖက်ဒရယ်မူ မရောက်တာတောင် အာဏာခွဲဝေမှု Decentralization က ကောင်းကောင်းမှ မလုပ်ဖြစ်တာ။ အားလုံး အာဏာက အားလုံးယူထားတဲ့ အခါကျတော့ အောက်ခြေမှာ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေ တာ။ပြည်နယ်အစိုးရ က ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။အပေါ်က အမိန့်ပေးမှ ၊ခွင့်ပြုမှ လုပ်ရတဲ့ ညသဘောသက်ရောက်နေ တယ်။ဖွဲ့စည်းပုံက ပြင်လို့ ရပါတယ်။အားလုံးမပြင်နိုင်တာတောင် အဓိက ပွိုင့်လေးတွေ လောလောဆယ် လုပ်လို့ရမယ့် ဟာတွေ အများကြီးပြင်လို့ရပါတယ်။

ငြမ်းမီဒီယာ – ဖွဲ့စည်ပုံပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ အာဏာကို လျှော့ချဖို့ စသဖြင့်ပေါ့ ခင်ဗျာ NLD ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းနေမှုကိုတွေ့ရပါတယ်။အဲဒီအပေါ်ရော ဘယ်လို သုံးသပ် မိလဲ။ ဘာပြောချင်လဲခင်ဗျ။ နောက်တစ်ခုက တပ်မတော်ရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုက အခုသွားနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုလမ်းကြောင်းအပေါ်ဘယ်လောက် အခက်အခဲရှိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

NST – ကျနော်မြင်တာက လက်ရှိအာဏာရတဲ့အစိုးရအပေါ်မှာ မူတည်တယ်။ လက်ရှိအာဏာရအစိုးရက တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ သင့်တာပေါ့။အမှန်မှန်က ကျနော်တို့နိုင်ငံကလည်း လွတ်လပ်ရေး ရကတည်းက တပ်မတော်နဲ့ ရလာတာကိုး။အဲဒီဟာတွေက ဗိုလ်ချုပ်နေဝင်းအာဏာ သိမ်းတော့ လည်း တပ်မတော်နဲ့ အုပ်ချုပ်ခဲ့တယ်။ ရှစ်ဆယ့်ရှစ်ပြီး တော့လည်း တပ်မတော်နဲ့အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတစ်ခုပါ။အခုမှ အရပ်သား အစိုးရဆိုတာ ရွေးကောက်ပွဲတင်တာနဲ့ အခုမှ ဖြစ်ပေါ်လာတာပါ။ ၂၀၁၀ တုန်းကဘာပြောသလဲ။ တပ်မတော်အစိုးရက အရောင်ပြောင်းပြီးတော့ အုပ်ချုပ်သွားတဲ့ သဘောမျိုးပဲ ရှိနေတယ်။ အခုမှပြောင်းတာ။ ကျနော်ပြောချင်တာက တကယ်လိုအပ်တာပဲ လောလောဆယ်ပြောင်းသင့်တယ်။

၂၀၂၀ မှာတော့ အများစု နိုင်အောင်တော့ ကျနော်တို့ကြိုးစား သွားမယ်လို့ ဆုံးဖြတ်ချက် ချပြီးသား။အခြားပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းနေတာ …

ဥပမာဗျာ အငြင်းအခုန် ဖြစ်နေကြတဲ့ တပ်မတော် ကတောင် ပုဒ်မ ၂၆၁ ကိုပြင်မယ်။ ဒါပေမယ့် NLD မှာ အဲဒါမပါဘူး။ အဲဒီလိုမျိုးပေါ့။ အမှန် မှန်က ပြင်မယ်ဆိုတာက ဘယ်လိုပြင်မှာလဲ။ အခြေခံဥပဒေ ၃၆၄တို့ ဘာတို့ မှာရှိတာက အဆင့်နှစ်ဆင့် သွားရမယ်။ ပထမ အပိုင်းကျတော့ ခုနှစ်ဆယ့်ငါး အပေါင်း တစ်နဲ့ ဆုံးဖြတ်မယ်။ ပလပ်ဝမ်းအပြင် မဲဆန္ဒရှင်တွေ အားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံမှသာအတည်ဖြစ်မယ်ဆိုတာ ဒါတွေက တအားပြောင်းဖို့ ခက်တဲ့ဟာတွေ ကြီးပဲ။ ကျနော်တို့ညှိနှိုင်းရမှာက နှစ်ဆယ့်တစ် ပင်လုံ NCA ရဲ့ သဘောတူညီချက်အရဆိုရင်တော့ နှစ်ဆယ့်တစ် ပင်လုံမှာ ရရှိလာတဲ့ဆုံးဖြတ်ချက်တွေကို ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်သွားဖို့ လုပ်ထားတာရှိပါတယ်။ အခု လွှတ်တော်မှာ ပြင်ဆင်တာ ကျနော် အားမရဘူးဗျ။ ခုနက ကျနော် ပြောသလိုပဲ ပြင်ဖို့လည်း တအား ခက်နေတယ်။ သွားမယ်ဆိုရင်လည်း ပြင်ဆင်သင့်တဲ့ဟာတွေနဲ့ သွားရမယ်။ ဒီကိစ္စမှာဆို ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ကျနော်မြင်တယ်။ နာမည်ကောင်းရအောင်တော့ ပြင်မယ်လို့ ပြောနေကြမှာပေါ့။ ဒါပေမယ့် ဘယ်လိုမှ ပြင်ဆင်လို့မရသေးဘူးလို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ – အဲဒီတော့ ပြည်ထောင်စုလွှတ်တော်နာယက က NLD အစိုးရ သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြီးစီးအောင် လုပ်မယ်လို့ ပြောထားတာရှိတယ်ခင်ဗျ။ အဲဒါက ဖြစ်လာနိုင် ပါ့မလား။

NST – တကယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြင်မယ် ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လက်ရှိလွှတ်တော်မှာ တပ်မတော် က နှစ်ဆယ့်ငါးရာခိုင်နှုန်းပါတယ်။ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်း ပလပ် ဝမ်းဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ ဖျားနာ တာတို့ ၊ကွယ်လွန်သွားတာတို့ ဒီကြားထဲမှာ နောက်ထပ် ကြားဖြတ် ရွေးကောက်ပွဲကလည်း မလုပ်တော့ဘူးလေ။အဲဒီတော့ ဘယ်လိုမှ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းမပြည့်တော့ဘူး။ပလပ် ဝမ်းဖြစ်ဖို့ တအား ခက်ခဲတယ်။

ငြမ်းမီဒီယာ – ဒါဆို ဒီအစိုးရသက်တမ်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြီးစီးအောင်လုပ်မယ်လို့ဘာကြောင့် ပြောတာလဲ။ ဘယ်လိုယူဆလဲ ခင်ဗျ။

NST – အဲဒါတော့ကျနော်လည်း နားမလည်နိုင်တော့ဘူး။ သူလည်း သိနေမှာပါ။ကျနော်တို့ထက်ပိုသိမှာပါ။သူက ပြည်ထောင်စု လွှတ်တော် နာယကကြီးပဲ။ ဘာကြောင့်သူပြောသလဲ ကျနော် ဘယ်လို စဉ်းစားရမှန်မသိတော့ဘူး။ ကျနော်တို့ဒီအစိုးရ ရော၊ လွှတ်တော်ရော ၂၀၀၈ အခြေခံဥပဒေနဲ့ ရွေးကောက် တင်မြှောက် လာတဲ့ ဟာတွေပါပဲ။  ၂၀၀၈ အခြေခံဥပဒေကို ပြင်ရင် ပြဌာန်းထားတဲ့ ဥပဒေအတိုင်းပြန်ပြင် ရမှာလေ။ မဟုတ်ဘူး လား။သူဘာကြောင့် ပြောလဲ ကျနော်လည်း နားမလည်နိုင်တော့ ဘူး။

ငြမ်းမီဒီယာ – တပ်မတော်ရဲ့ နိုင်ငံရေးမှာပါဝင်နေမှုက ထဲထဲဝင်ဝင် ရှိတော့ အဲဒီပါဝင်နေမှု အပေါ်ဘယ်လိုသုံးသပ်လဲခင်ဗျ။ တပ်မတော် က ဘယ်လိုအခန်းကဏ္ဍမှာပဲ ရှိသင့်လဲ။

NST – တကယ့်ဖက်ဒရယ်နိုင်ငံမှာဆိုရင် တပ်မတော်က အစိုးရလက်အောက်မှာပဲ ရှိရမှာလေ။ ဒါပေမယ့် ကျနော်တို့နိုင်ငံက တကယ့်ဖက်ဒရယ်နိုင်ငံ ဖြစ်သွားပြီလား။ အခုမှ ကလေး လမ်းလျောက် သင်ခါစလား။ စဉ်းစားရမှာပေါ့။ ပြောင်းလဲလာတဲ့ နိုင်ငံတွေကို ကြည့်ရင် တပ်မတော်ပါခဲ့တယ်။ဒါပေမယ့် တဖြည်းဖြည်း လျှော့သွားတယ်။ အခြေခံဥပဒေမှာကိုရေးထားတာ ငါးနှစ်သက်တမ်းဆို ဘယ်လောက်လျှော့မလဲ။ ဆယ်နှစ် သက်တမ်းဆို ဘယ်လောက်လျှော့မလဲ။ထူးခြားတာက ၂၀၀၈ အခြေခံဥပဒေမှာ အဲဒါပါမလာဘူး။ တပ်မတော်အခန်းကဏ္ဍကို ပထမဦးဆုံးပါ လာတာ လက်ခံနိုင်တယ်။နောက်ပိုင်းသူတို့ ဆက်ပါလာရင် တစ်မျိုးကြီးပေါ့။ကျနော်တို့ ဖက်ဒရယ် နိုင်ငံလည်း အော်တယ်။တပ်မတော်လည်း လက်ခံထားတယ်။ ဒါပေမယ့် အခုပါလာတယ်။ပါလာတော့ တကယ့် ဖက်ဒရယ်နိုင်ငံအစစ်မှာ တပ်မတော်က အစိုးရ အောက်မှာပဲ နေရမယ်။ဒီကိစ္စတွေက အားလုံးနားလည်ပြီးသားပါ။ အခုလောလောဆယ်ပါနေတယ်။ အဲဒါကိုလျှော့ဖို့က ခုနက ကျနော်ပြောသလိုပဲ တအားခက်တဲ့ ဟာတွေပါ။

ငြမ်းမီဒီယာ – NLD နဲ့ တိုင်းရင်းသားပါတီတွေရဲ့ အခု ဆက်ဆံရေး အခြေအနေက ဟိုးအရင်ကလိုတော့ မဟုတ်ဘူး။ ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ တပ်နဲ့တိုင်းရင်းသားပါတီ တချို့အနေနဲ့ ပူးပေါင်းသွားနိုင်ခြေ ရှိလားခင်ဗျ။ အဲဒီအခြေအနေ ကရော ဖြစ်လာနိုင်လား။

NST – တိုင်းရင်းသားတွေအားလုံးရဲ့ သဘောဆန္ဒကို မရယူ ထားတော့ အဲဒါတော့မသိဘူး။ ကျနော်တို့ ပါတီအနေနဲ့ကတော့ မဖြစ်နိုင်ဘူး။ညှိနှိုင်းဆောင်ရွက်မှုက တော့ လုပ်ရမှာပဲ။ ဘယ်ဟာနဲ့ ပဲဖြစ်ဖြစ်။ ညှိနှိုင်းဆောင်ရွက်မှုတော့ ယူရမှာပဲ။ပေါင်းသွားမယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ဒါပေမယ့် မလိုအပ်တဲ့ ဟာတွေဖြစ် လာမှာ စိုးလို့ ကျနော်တို့ တိုင်းရင်းသားညီလာခံတစ်ခုခေါ်ပြီးတော့ သဘောထား အချင်းချင်း ဆွေးနွေးပြီး မူအရ သဘောတူညီချက် ဘယ်နှခုထွက်လာမလဲတော့ မသိဘူး။အဲဒါကိုစိတ်ပူလို့ပါ။ လိုအပ်တာ လုပ်တာပါ။တပ်နဲ့ချည်းပဲမဟုတ်ပါဘူး။ အခြား ပါတီတွေကပါ ဝယ်(ဝယ်တယ်ဆိုတာ အသင့်ကောက်စား သွားတာမျိုး ပေါ့ဗျာ)လို့ရတဲ့သဘောဖြစ်နေတယ်။ ပြီးခဲ့တဲ့ အစိုးရရော၊ဒီအစိုးရရော က လွှတ်တော်ဒုဥက္ကဌတို့ ၊ဝန်ကြီးတွေ ခန့်တဲ့ နေရာမှာ သက်ဆိုင်ရာ ပါတီကို အသိမပေးဘဲနဲ့ ပုဂ္ဂိုလ်ကိုပဲ ခန့်လိုက်တဲ့ သဘောမျိုး သက်ရောက်တဲ့ အခါကျတော့ ပါတီထဲက အချင်းချင်း ပြန်ပြီးကွဲပြဲကြတာ အများကြီးပါ။အဲဒီလိုဖြစ်တော့ ကျနော်တို့ ဒါကိုမြင်ထားတယ်။အဲဒါလည်းကျနော်တို့ စိတ်ပူတယ်။ တပ်နဲ့ပေါင်းဖို့ က တစ်ခု၊နိုင်တဲ့ပါတီတစ်ခုက ဒီတိုင်းရင်းသားအစုနဲ့ ပေါင်းမှပဲ အစိုးရဖွဲ့မယ်ဆိုရင် ဝယ်သွားမှာတစ်ခုကို စိုးရိမ်တယ်။

ငြမ်းမီဒီယာ – သိထားတာကတာ့ တချို့ပါတီတွေမှာ အနိုင်ရပါတီက အစိုးရဖွဲ့လို့ ဝန်ကြီးနေရာ အတွက်ခန့်အပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ဆိုရင်လက်မခံဘူး ဆိုတဲ့ မူချထားတာမျိုးရှိတယ်။ မွန်ညီညွတ်ရေးပါတီမှာရော ဘယ်လိုမူရှိလဲ။

NST – ကျနော်တိုပါတီက ပါတီအပေါ်မှာမူတည်တယ်။ ပါတီက ပဲ ဆုံးဖြတ်မှာ။ပုဂ္ဂိုလ်ကိုခေါ်ရင် ပါတီက ခွင့်ပြုမှ သွားရမယ်။ ခွင့်မပြု ရင် သွားလို့မရဘူး။အဲဒီမူတော့ ချထားတယ်။ပါတီမသိဘဲနဲ့ ကိုယ့်ဘာသာသွားရင် ပါတီကနေ ထုတ်ရမှာပဲ။ အနိုင်ရပါတီက ကျနော်တို့ ပါတီက လူကို ဝန်ကြီးခန့်ချင်တယ်၊လွှတ်တော်ဒုဥက္ကဌ ခန့်ချင်တယ် ဆိုရင် ပါတီဆီမှာ ခွင့်ပြုချက်တောင်းရမယ်။ အဲဒီလိုမူချထားပါတယ်။

ငြမ်းမီဒီယာ – မွန်ညီညွတ်ရေးပါတီကရော ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုမျှော်လင့်ထားလဲ။ အင်အားကြီး ပါတီတွေအခြေအနေ ကရော ခင်ဗျ။ချောင်းဆုံတံတားကိစ္စအပြီးမှာ NLD ပါတီ အခြေအနေကရော ဘယ်လို ရှိလဲ။

NST – ကျနော်တို့ကတော့ ပြောလို့မကောင်းဘူး။ပြင်ပ တစ်ဦး တစ်ယောက်အနေနဲ့တော့ပြောလို့ ကောင်းတာ ပေါ့။ ကျနော်တို့ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီ ပေါင်းစည်းနိုင်တာက အင်အားသာသွားပြီ။ ၂၀၁၀ လိုမျိုး မနိုင်တာတောင် အဲဒီ ထက်မ လျော့ဘူးလို့ကျနော်တို့မြင် ထားတယ်။အဲဒီထက် ပိုရင်ပိုမယ်။ ဒါကကျနော်တို့ရဲ့ အခြားပါတီတွေရဲ့ အင်အားကို မပြောလို၊ မဝေဖန်လိုပါဘူး။ ကျနော်တို့ အခုပြင်ဆင်ထားတာက ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၀ ထက်မလျော့အောင် ဒီထက်ပိုနိုင်အောင် ညှိနှိုင်း ဆောင်ရွက်ထားတယ်။စည်းရုံးရေး လည်း ဆင်းတယ်။ ဒီလောက်ပဲ ကျနော်ပြောချင်ပါတယ်။ တခြားပါတီအကြောင်း မဝေဖန်လိုပါဘူး။

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲအလွန် လွှတ်တော် နိုင်ငံရေး မှာ တိုင်းရင်းသားတွေရဲ့ပါဝင်မှု အခြေအနေ မပေးဘူး ဆိုရင် လာမယ့်နှစ်တွေမှာ ဘာတွေဖြစ်လာနိုင်မလဲ။

NST – ဖက်ဒရယ်နိုင်ငံဆိုတာ ချက်ခြင်းဖြစ်လာတဲ့ဟာ မဟုတ်ဘူး။ ကျနော်တို့ ဆက်ပြီး ကြိုးစားရမှာပဲ။ ၂၀၂၀ မှာတော့ အများစု နိုင်အောင်တော့ ကျနော်တို့ကြိုးစား သွားမယ်လို့ ဆုံးဖြတ်ချက် ချပြီးသား။အခြားပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းနေတာ အဲဒါ ပါပဲ။များတာနိုင်နိုင်၊နည်းတာနိုင်နိုင် အမြင်သဘောထား တစ်ခုတည်း မူအရ သဘောတူနိုင်ဖို့ ကျနော်တို့ Seminar ထိုင်တာ ပါ။ တိုင်းရင်းသားတွေအများစုနိုင်မယ်လို့ တွက်ထားတယ်။ တကယ် လို့ မနိုင်ရင်လည်း Seminar ထိုင်ရတဲ့အစုအဖွဲ့ဟာ အမြင် မပြောင်းလဲဘူးလို့ ကျနော်တို့ မြင်ထားတယ်။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက်ပြောချင်သလဲခင်ဗျ။

NST – ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို သွားချင်ရင် တိုင်းရင်းသားတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အခါကျတော့ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒနဲ့ကိုက်ညီတဲ့ မူတစ်ခုချနိုင်ရင် ထာဝစဉ်ငြိမ်းချမ်းရေးရော၊ ထာဝရ ငြိမ်းချမ်းရေး ရော ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်လာ မှာပါ။ဒါကြောင့် ဗမာအပါအဝင် တိုင်းရင်းသားအားလုံး ဒါကို စဉ်းစားပြီးတော့၊ အချင်းချင်း ပြန်လည်ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားဖို့သင့်တယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်ခင်ဗျ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ပြောတာတစ်မျိုး အလုပ်လုပ်တာ၊အကောင်အထည် ဖော်တာ တစ်မျိုးဖြစ်နေတယ် – အပိုင်း (၁)

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,