တိုင်းရင်းသားတွေ လိုလားချက်တွေကို NLDအစိုးရ အကောင်အထည်မဖော်နိုင်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TNP / တအာင်း (ပလောင်)အမျိုးသားပါတီ ၏ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်

ငြိမ်းချမ်းရေး ဆွေးနွေးမှုက ရပ်တန့်နေတယ်လေ။ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။ ရှေ့မတိုးနိုင်တော့ အားမရဘူး ပေါ့ဗျာ …

တအာင်း(ပလောင်)အမျိုးသားပါတီ (Ta’ang National Party) ၏ ရွေးကောက်ပွဲ ကာလအတွက် ပြင်ဆင်မှုများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် နိုင်ငံရေး မြော်ရည်ချက်များ အား တအာင်း (ပလောင်)အမျိုးသားပါတီ ၏ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင် ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်း ထားပါသည်။

ငြမ်းမီဒီယာ – တအာင်း(ပလောင်)အမျိုးသားပါတီ အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ဘာတွေ ဘယ်လို ပြင်ဆင်ထားပြီးပြီ လဲခင်ဗျ။

UMOK – အခုလောလောဆယ်မှာတော့ ကိုယ်စားလှယ်လောင်းတွေ ကို အောက်ခြေပါတီ အတွင်းကနေ ရွေးတင်ထားတာ ရှိတယ်။ အဲဒီလိုရွေးတင်ပြီးတော့မှ မြို့နယ်အဆင့်ကို ပြန်ရွေးချယ်မှာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့ အခု ဇူလိုင်လဆန်းမှာ အစည်းအဝေးထိုင်ဖို့ရှိတယ်။ အခုလောလောဆယ်တော့ မြို့နယ်အသီးသီးက ရွေးကောက်ပွဲ ဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကိုတော့ ကျနော်တို့ ရယူထားပါတယ်။

ငြမ်းမီဒီယာ – အခုအခြေအနေက ကိုဗစ်ကပ်ကာလလည်းဖြစ်တော့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ဒီလို အခြေအနေ အပေါ်မှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရတာရှိလဲ။

UMOK – ကျနော်တို့ လူစုလူဝေးလုပ်လို့မရတဲ့ အခါကျတော့ ဗဟိုကော်မတီ အစည်းအဝေး တောင်မှ ဘယ်လို လုပ်မလဲဆိုတာကို အစီအစဉ်ဆွဲနေတဲ့ အနေအထားမျိုးပဲ ရှိတယ်။

လူထုကို စည်းရုံးတဲ့အခါမှာ ဘယ်လို စည်းရုံး ရမလဲ ဆိုတဲ့ နည်းလမ်းကို ကျနော်တို့ စဉ်းစားနေရတုန်းပဲ။ နောက်တစ်ခုက စည်းရုံးရေး ကာလမှာ ကျနော်တို့ ဒေသမှာက မိုးမကုန်သေးဘူး။ စက်တင်ဘာ၊အောက်တိုဘာ ဆို မိုးမကုန်သေးဘူး။

အဲဒီတော့ သွားလာရေး အရမ်းခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲလည်း ရှိတယ်။ နောက်တစ်ချက်က ဘဏ္ဍာရေး အခြေအနေပေါ့ဗျာ။ကျနော်တို့မှာ အခက်အခဲတွေ အများကြီးပါ။

တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ၊တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး နိုင်ခွင့်၊ကိုယ်ပိုင် ပြဌာန်းခွင့်တွေ ပိုပြီးတော့ ရလာအောင်၊အာမခံချက် …

ငြမ်းမီဒီယာ – ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ မမျှတဘူး။ အာဏာရပါတီကိုဘက်လိုက်တယ် ဆိုတာမျိုး သုံးသပ်ဝေဖန်နေကြတဲ့ နိုင်ငံရေးပါတီတွေ လည်း ရှိကြပါတယ်။ တအာင်း အမျိုးသားပါတီ အနေနဲ့ရော ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘာများ မှတ်ချက်ပြု ချင်လဲ ခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMOK – လောလောဆယ် ဒီနေ့ အနေအထားအထိတော့ ဘယ်လိုမှ မမြင်သေးပါဘူး ။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သူဆောင်ရွက်မယ့် သူချမှတ်ထားတဲ့ ဇယားရှိတယ်လေ။

အဲဒီဟာတွေက နိုင်ငံရေးပါတီ တွေမှာလည်း ချမှတ်ထာပြီးသားဆိုတော့ ဒီအတိုင်းဆောင်ရွက် သွားမယ်လို့ ကျနော်ထင်တယ်လေ။ လောလောဆယ် ဒီနေ့အခြေအနေအထိတော့ ကျနော်အဲဒီလိုပဲ မြင်တယ်။

ငြမ်းမီဒီယာ – တအာင်း(ပလောင်)အမျိုးသားပါတီအနေနဲ့ အခုနိုင်ငံရဲ့ အခြေအနေမှာ ဘယ်လို အကြောင်းအရာတွေ ကို ပြုပြင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထင်လဲ။ဘာတွေ လုပ်ဆောင် သွားမလဲ။

UMOK – အဓိကက တော့ ကျနော်တို့ ဒေသမှာ တည်ငြိမ်အေးချမ်းရေးပေါ့။အဓိက က ငြိမ်းချမ်းရေးပေါ့ဗျာ။ အဲဒါရှိမှပဲ ဒေသရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရေး၊ကျန်းမာရေး ဒါတွေကိုကျနော်တို့ တောက်လျောက်လုပ်သွားလို့ရမယ်။

နယ်မြေအနေအထားက ကျနော်ဆို့ဆီမှာ ငြိမ်းချမ်းရေး မရသေးတဲ့ အခါကျတော့ ခုနကပြောတဲ့ ဟာတွေကို လုပ်နိုင်တဲ့ အတိုင်းအတာ အထိ ထိထိရောက်ရောက် မလုပ်ဆောင်နိုင် ဘူး။အဲဒီတော့ ကျနော်တို့က ငြိမ်းချမ်းရေးကိစ္စကို ဦးတည်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်။

နောက်တစ်ချက်က တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ၊တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး နိုင်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပိုပြီးတော့ ရလာအောင်၊အာမခံချက် ပိုပြီးတော့ ရလာအောင် ကျနော်တို့ ဆောင်ရွက်ဖို့ ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း ဒီမိုကရေစီစံနှုန်းနဲ့ အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံမျိုးရရှိအောင် ကျနော်တို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

ငြမ်းမီဒီယာ – လက်ရှိအာဏာရပါတီ ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်မှာ ရော ဘာများ မှတ်ချက်ပြုချင်လဲ။

UMOK – အခုသိတဲ့အတိုင်းပဲလေ။ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ရပ်ဆိုင်းနေတာပဲ။ ရပ်တန့်နေတာပေါ့ဗျာ။ အားမရဘူး။ အားမရသေးဘူးလို့ ကျနော်က တော့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အားမရဘူးဆိုတာ ဘယ်လိုအပိုင်းတွေကို အားမရတာလဲခင်ဗျ။

UMOK – လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ရော၊ လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ရော ငြိမ်းချမ်းရေး ဆွေးနွေးမှုက ရပ်တန့်နေတယ်လေ။ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။ ရှေ့မတိုးနိုင်တော့ အားမရဘူး ပေါ့ဗျာ။

ငြမ်းမီဒီယာ – NLD အာဏာရလာရင် တိုင်းရင်းသားအရေး၊တိုင်းရင်းသားတွေရဲ့ လိုလားချက်၊ အခွင့်အရေး ဒါတွေ ဖြစ်လာ လိမ့်မယ် လို့ မျှော်လင့်ခဲ့ကြသူတွေလည်း ရှိပါတယ်။ အခုကျတော့ ဒီလိုအခြေအနေတွေဟာ က တကယ့်လက်တွေ့မှာ ဖြစ်မလာခဲ့ဘူးလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ တအာင်း(ပလောင်)အမျိုးသားပါတီ အနေနဲ့ ကရော ဒီအပေါ်မှာ ဘယ်လို မြင်လဲခင်ဗျ။

တိုင်းရင်းသား ပါတီတွေနဲ့ ယှဉ်ပြိုင်တဲ့ အခါမှာတော့ ရလဒ်ကတော့ သိပ်မရနိုင်ဘူးလို့ ကျနော်ကတော့ သုံးသပ်တယ်။ နောက်တစ်ခု က ၂၀၁၅ လို သောင်ပြိုကမ်းပြို ကတော့ …

UMOK – တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုကတော့ အားနည်းတယ်လို့ပဲ ကျနော် ကတော့ မြင်ပါတယ်။ တိုင်းရင်းသားတွေ လိုလားချက်တွေကို NLDအစိုးရ အကောင်အထည် မဖော်နိုင်ဘူး။ လုပ်ဆောင်ချက်တွေမှာ လည်း အားနည်း ချက်တွေ အများကြီးရှိတယ်။ တိုင်းရင်းသားတွေနဲ့ ထိတွေ့မှု၊ ဆက်ဆံမှုကလည်း ပြတ်တောက်နေတယ်။

ငြမ်းမီဒီယာ – တအာင်း(ပလောင်)အမျိုးသားပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပြီးရင် ဘယ်ဒေသေတွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိလဲ။

UMOK – ဟုတ်ကဲ့။ ကျနော် ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ဝင်ပြိုင်ခဲ့တဲ့ မြို့နယ်တွေမှာပါပဲ။ ရှစ်မြို့နယ် ပေါ့။ ပလောင် ဒေသဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ။ အဓိက က ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဝင်ပြိုင်မယ်။ ပြီးတော့ နမ့်ခမ်၊မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊မိုးကုတ် ရှစ်မြို့နယ် ဝင်ပြိုင်ဖို့ ကျနော်တို့ လျာထားပါတယ်။

ငြမ်းမီဒီယာ – အဲဒီတော့ ရွေးကောက်ပွဲကာလမှာ အခြားတိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ပြုထားတာ၊ ညှိနှိုင်းထားမျိုးရော ရှိလား။

UMOK – လောလောဆယ်တော့ မရှိသေးဘူး။ ဒီနေ့အချိန်အထိတော့ အခြားနိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်တာ၊ ညှိနှိုင်း ဆွေးနွေးတာ မျိုးတော့ မရှိသေးပါဘူး။ နောင် ရှိကောင်းရှိလာနိုင်တာပေါ့ လေ။

ငြမ်းမီဒီယာ – တချို့နိုင်ငံရေးပါတီတွေကတော့ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာ လူငယ်တွေကို ဦးစားပေးရွေးမယ် ဆိုတာမျိုး  ချမှတ်ထားတာမျိုး ရှိတယ်။ တအာင်း (ပလောင်)အမျိုးသားပါတီအနေနဲ့ကရော ကိုယ်စားလှယ်လောင်း ရွေးချယ်မယ့် နေရာမှာ ဘယ်လိုမူတွေချမှတ်ထားတာရှိလဲ။

UMOK – ၂၀၁၀၊၂၀၁၅ မှာတော့ လူကြီးပိုင်းများတယ်။ ၂၀၂၀ မှာတော့ လူငယ်ပိုင်းနဲ့ အမျိုးသမီး ပိုင်းကို ဦးစားပေးရွေးချယ်ဖို့ မူချမှတ်ထားတယ်။ မြို့နယ်တွေကိုလည်း ညွှန်ကြားထားပါတယ်။

ငြမ်းမီဒီယာ – လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ မျှော်လင့်ရဲ့လား။

UMOK – အင်းပေါ့။ မရောက်လာသေးတဲ့ အခါကျတော့လည်း ရွေးကောက်ပွဲဟာ လွတ်လပ် မယ်၊ တရား မျှတမယ်လို့ ကျနော်တု့ိကတော့ ယုံကြည်ထားတယ်။ ဖြစ်လာမယ့်အခြေအနေက တစ်မျိုးဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။ လက်ရှိအခြေအနေကတော့ ယုံကြည်မှုနဲ့ ရွေးကောက်ပွဲဝင်သွားမှာပါ။

ငြမ်းမီဒီယာ – လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ယှဉ်ပြိုင်တဲ့အခါ မနိုင် နိုင်ဘူးလို့ ပြောဆို သုံးသပ်ထားတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ၂၀၁၅ တုန်းကလို သောင်ပြိုကမ်းပြို မနိုင် နိုင်ဘူးလို့ ပြောတာမျိုးလည်း ရှိကြပါ တယ်။ အဲဒီအပေါ်ရော ဘယ်လို ထင်မြင်ယူဆပါလဲခင်ဗျ။

UMOK – သဘောတူတယ်။မှန်တယ်။ ပြည်နယ်တွေမှာ၊တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား ပါတီတွေနဲ့ ယှဉ်ပြိုင်တဲ့ အခါမှာတော့ ရလဒ်ကတော့ သိပ်မရနိုင်ဘူးလို့ ကျနော်ကတော့ သုံးသပ်တယ်။ နောက်တစ်ခု က ၂၀၁၅ လို သောင်ပြိုကမ်းပြို ကတော့ မရနိုင်တော့ဘူး။

ငြမ်းမီဒီယာ – အဲဒီတော့ NLD ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်လောက်တဲ့ ကိုယ်စားလှယ်လောင်းအရေအတွက် ရပါ့မလား။

UMOK – ကိုယ်စားလှယ်လောင်းအနေနဲ့ကတော့ အစိုးရဖွဲ့နိုင်တဲ့ လောက်အထိ ရကောင်းရနိုင်တယ်။ ရနိုင်မယ်လို့တော့ ကျနော်တို့ မြင်တယ်။ ဒါပေမယ့် ၂၀၁၅ တုန်းကလို အားနဲ့အင်နဲ့ ရဖို့တော့ မလွယ်ဘူး။

ငြမ်းမီဒီယာ – အခြားဖြည့်စွက်ပြောလိုတာများ ရှိမလားခင်ဗျ။

UMOK – ရွေးကောက်ပွဲဟာ လွတ်လပ်မယ်၊မျှတမယ် ယုံကြည်မှုနဲ့ ကျနော်တို့ ရွေးကောက်ပွဲဝင်မှာ။ NLD အနေနဲ့ ပြည်နယ်တွေမှာတော့ သိပ်ရမယ်လို့တော့ ကျနော်မမြင်ဘူး။ပြည်ထောင်စုအစိုးရဖွဲ့နိုင်လောက်တဲ့ အင်အားကတော့ ပြည်မမှာ ရနိုင်မယ်။

ငြမ်းမီဒီယာ – ကျေးဇူးပါခင်ဗျ ဦးမိုင်းအုဏ်းခိုင်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,