တိုင်းရင်းသားပါတီတွေ၊တိုင်းရင်းသားတွေအားလုံးကို မျက်ကွယ်ပြုလိုက်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SLHK / အရှိုချင်းအမျိုးသားပါတီဥက္ကဌ (ဦး) ဆလိုင်းဟန်ကြည်

တိုင်းရင်းသားတွေ ကို သိပ်အလေးမထားတော့တဲ့ သဘောတွေတွေ့လာရတယ်။ ဘာဖြစ်လို့ လည်း ဆို ကျနော် ဥပမာတစ်ခုပြောမယ်။ ဦးသိန်းစိန် အစိုးရလက်ထက် …

အရှိုချင်းအမျိုးသားပါတီ ဥက္ကဌ (ဦး) ဆလိုင်းဟန်ကြည်အား ၂၀၂၀ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများအပါအဝင် ပါတီ၏ မူဝါဒနှင့်ရည်မှန်းချက်များ၊ လက်ရှိ နိုင်ငံရေး အခြေအနေများကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – အရှိုချင်းအမျိုးသားပါတီရဲ့ နိုင်ငံရေးမူဝါဒနဲ့ ပါတီစတင်ဖွဲ့စည်းဖြစ်ပုံ သမိုင်းကြောင်းကိုပြောပြပေးပါ။

SLHK – ကျနော်တို့က ၂၀၁၂ နှစ်ဆန်းပိုင်းလောက်ကစပြီး ကျနော်တို့ ချင်းတိုင်းရင်းသားတွေ စုစည်းပြီး အရှိုချင်းအမျိုးသား ပါတီကိုထူထောင်ဖို့ တိုင်ပင်ဖြစ်ကြတယ်။ ပါတီထူထောင်ဖို့ သဘောတူညီမှုရပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ပါတီ တည်ထောင်ခွင့် စပြီးလျှောက်ခဲ့တယ်။ မေလမှာ ပါတီတည်ထောင်ခွင့်ရတယ်။ ဆက်တိုက်ပဲ မေ (၁၆) ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်လျှောက်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့မှာ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ရ တယ်။ ကျနော်တို့ အရှိုချင်းတွေက မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ဆိုတဲ့ တိုင်းဒေသ ကြီး (၅) ခုနဲ့ ရခိုင်ပြည်နယ်မှာ အများစုရှိကြတော့ အဲဒီတိုင်းဒေသကြီး (၅) ခုနဲ့ ပြည်နယ်တစ်ခုမှာရှိကြတဲ့ အရှိုချင်း တိုင်းရင်းသားတွေ စုစည်းပြီးတော့ အရှိုချင်းအမျိုးသား ပါတီကို တည်ထောင်ခဲ့ကြတာပါ။ ပြီးတော့မှ ဗဟိုကော်မတီဖွဲ့တယ်။ ဒါကတော့ ပါတီဖွဲ့စည်း တည်ထောင်ခဲ့တဲ့ဖြစ်စဉ်အကျဉ်းပေါ့။

ကျနော်တို့အရှိုချင်းတွေဟာ ခုနကပြောတဲ့ တိုင်းဒေသကြီးနဲ့ ပြည်တွေမှာ နေထိုင်ကြပေမယ့်ကျနော်တို့ဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အခွင့်အရေးဆုံးရှုံးရတာတွေရှိတာကြောင့် အဲဒီအတွက်နိုင်ငံရေးပါတီ တစ်ခု ထူထောင်ပြီး လုပ်ကိုင်မယ်ဆိုတာ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ပါ။

တိုင်း (၅) ခုနဲ့ ပြည်နယ် တစ်ခုမှာ ကျနော်တို့ အရှိုချင်းတိုင်းရင်းသားတွေနေထိုင်တဲ့မြို့နယ်က (၃၇) မြို့နယ် လောက် ရှိပါတယ်။ အဲဒီလိုခွဲပြီးနေထိုင်ကြတော့ တစ်နေရာချင်းစီမှာ လူနည်းစု သဘောမျိုးဖြစ်နေပြီး အခွင့်အရေးအရ ဆုံးရှုံးရတာတွေရှိလာတာပါ။

လက်ရှိနိုင်ငံ ရေးစနစ်ရဲ့ပုံစံကလည်း များတဲ့သူကအနိုင်ရပြီး အနိုင်ရတဲ့လူကပဲ လုပ်ကိုင် ဆောင်ရွက်ခွင့် အကုန်ရတဲ့သဘောမျိုး ဖြစ်နေ တော့ ကျနော်တို့လူနည်းစုတိုင်းရင်းသားတွေက နိုင်ငံရေးအခွင့်အလမ်း ဆုံးရှုံးတာမျိုးတွေဖြစ်ရတာပေါ့။

နိုင်ငံရေးအခွင့် အလမ်းလို့ပြောတဲ့နေရာမှာ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့ အဆင့်ကိုမပြောနဲ့ ကျနော်တို့ အရှို ချင်းတွေ နေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေရဲ့ အစိုးရ အဖွဲ့တွေ၊ လွှတ်တော်တွေမှာတောင် ကျနော်တို့မပါနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ဒီလို ကိစ္စတွေ အတွက်ရည်ရွယ်ပြီး ကျနော်တို့ပါတီကို စုစည်းတည်ထောင်လုပ်ကိုင်ကြတာပါ။

ပါတီရဲ့ မူဝါဒအနေနဲ့ကတော့ နံပါတ်တစ်အနေနဲ့ အရှိုချင်းတိုင်းရင်းသားများရဲ့ အမွေအနှစ်ဖြစ်တဲ့ ရေမြေတောတောင်၊ ယဉ်ကျေးမှု ဘာသာစကား၊ စာပေ၊ လူမျိုး၊ တိမ်ကောပျောက်ကွယ် ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရေးဆိုတာကတစ်ချက်။ နောက်တစ်ချက်က စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီစနစ် ပီပြင်စွာပေါ်ထွက်လာရေးနဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့အချက်တွေပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒါပေမယ့် ကျနော်တို့ပါတီရဲ့မူဝါဒရည်မှန်းချက်တွေထဲမှာ ကျနော်တို့အရှိုချင်းအမျိုးသားတွေ အပါအဝင်တိုင်းရင်းသားတွေ အားလုံး လူမှုရေးအခွင့်အလမ်း၊ နိုင်ငံရေးအခွင့်အလမ်းတွေ တန်းတူညီမျှရေးဆိုတဲ့ရည်မှန်းချက်လည်း ပါပါတယ်။ နောက်တစ်ခုက ကျနော်တို့အနေနဲ့ ပြည်သူ့လွှတ်တော်တို့၊အမျိုးသား လွှတ်တော်တို့မှာ ပါဝင်လာနိုင်ပြီး နိုင်ငံရဲ့တာဝန်တွေကို တိုင်းရင်းသား ပြည်သူ အားလုံး အတွက် ဆောင်ရွက်လုပ်ကိုင်ခွင့် ရနိုင်ဖို့ကိုလည်း ကျနော်တို့ ရည်မှန်းပါတယ်။

အဲဒီလိုဖြစ်လာခဲ့ရင် လွှတ်တော်အသီးသီးမှာပါဝင်လာကြတဲ့ နိုင်ငံရေးပါတီအသီးသီးက ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ လက်တွဲ ပူးပေါင်းပြီး နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို ဆောင်ရွက်မယ်ဆိုပြီး ကျနော်တို့ရည်ရွယ်ထားပါတယ်။

ပထမအဆင့်ကတော့ ကျနော်တို့ ကိုယ်နေထိုင်ရာတိုင်းဒေသကြီးမှာပါဝင်နိုင်ဖို့ပေါ့။ အဲဒီမှာ ကျနော်တို့အခြေအနေပေးရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဝင်ရောက်အရွေးချယ်ခံဖို့လည်း မျှော်လင့်ပါတယ်။ ဥပမာ မကွေးတိုင်းမှာဆိုရင် ကျနော်တို့ အရှိုချင်းအမျိုးသားတွေဦးရေ တစ်သိန်းခွဲလောက်ရှိတယ်။ အဲဒီမှာ ကျနော်တို့အနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ရရှိနိုင်ဖို့ အတွက်လည်း ကြိုးစားနေပါ တယ်။

တကယ်လို့ တိုင်းရင်းသားရေးရာဝန်ကြီး ရခဲ့ရင် ကိုယ့်တိုင်းရင်းသားတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင် သလို၊ တိုင်း အစိုးရအဖွဲ့မှာ လည်း ကိုယ့်တာဝန်ကျရာကို ထမ်းဆောင်နိုင်မှာပါ။ နောက် ရခိုင်ပြည်နယ်မှာဆိုရင်လည်း ကျနော်တို့အရှို ချင်းအမျိုးသားတွေ တစ်သိန်းကျော် လောက်ရှိတော့ အဲဒီမှာလည်းတိုင်းရင်းသားရေးရာဝန်ကြီး ရရှိအောင်ကျနော်တို့ ကြိုးစားနေပါတယ်။

တိုင်းရင်းသားတွေ လိုလားချက်တွေကို NLDအစိုးရ အကောင်အထည်မဖော်နိုင်ဘူး

ငြမ်းမီဒီယာ – အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အရှိုချင်းအမျိုးသားပါတီက ဘယ်နှနေရာဝင်ပြိုင်ဖို့ စီစဉ်ထားပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SLHK – ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ကျနော်တို့ (၈) နေရာလောက်ဝင်ပြိုင်ခဲ့တယ်။ တိုင်းရင်းသားရေးရာဝန်ကြီး နေရာဆိုရင် ရခိုင်ပြည်နယ်မှာရော မကွေးတိုင်းမှာပါ ကျနော်တို့ဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ အရှုံးနဲ့ပဲရင်ဆိုင်ခဲ့ရ တယ်။

အဲဒီ မကွေးတိုင်းထဲမှာပဲ ပြည်သူ့လွှတ်တော်အတွက်တစ်နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော် အတွက် တစ်နေရာကို ငဖဲမြို့က ဝင်ပြိုင် တယ်။ နောက်ပဲခူးတိုင်းထဲက ကျနော်တို့ အရှိုချင်းတွေ အများစုနေထိုင်တဲ့ ပန်းတောင်းမြို့နယ်မှာ တိုင်းဒေသကြီး အတွက် တစ်ယောက်၊ ပြည်သူ့ လွှတ်တော်အတွက်တစ်ယောက်ပြိုင်တယ်။ နောက် ပေါက်ခေါင်းမြို့ကတစ်ယောက် ပြိုင်တယ်။ ပြီးတော့ အမ်းမြို့နယ်မှာ ပြည်နယ်လွှတ်တော် အတွက် တစ်ယောက်ဝင်ပြိုင်တယ်။ စုစုပေါင်း ကျနော်တို့ (၈) ဦး ဝင်ပြိုင်ခဲ့တာပေါ့။

ဒါပေမယ့် တစ်နိုင်ငံလုံးမှာလည်း NLD ကရသွားတဲ့အနေအထားမှာ ကျနော်တို့ကတော့ အရှုံးနဲ့ပဲရင်ဆိုင် ကြရတာပေါ့။

အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အဲဒီ (၈) နေရာကို ဝင်ပြိုင်ဖို့တော့ ရည်မှန်းထား ပါတယ်။ လက်ရှိမှာက COVID – 19 ကလည်းရှိနေတော့ အစည်းအဝေးတွေဘာတွေလုပ်ဖို့ အခက်အခဲရှိနေလို့ တိတိကျကျတော့ မဆုံးဖြတ်ရသေးဘူး။

လာမယ့် ဇူလိုင်လထဲလောက်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေ နဲ့အညီ လုပ်ကိုင် ဆောင်ရွက်ပြီး၊ တတ်နိုင် သမျှ လူစုလူဝေးလည်းမဖြစ်ရအောင်စီစဉ်ပြီး စည်းဝေးတိုင်ပင် ဆုံးဖြတ်နိုင်ဖို့ မျှော်လင့်ထားပါ တယ်။

ငြမ်းမီဒီယာ – ရွေးကောက်ပွဲအတွေ့အကြုံရှိထားပြီးသားဆိုတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုမျှော်လင့် ထားပါသလဲ။

SLHK – ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတွေမှာ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာတွေ ရနိုင် လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ကျန်တဲ့နေရာတွေအတွက်လည်း ကျနော်တို့အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာပါ။

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီအနေနဲ့ ဘာတွေကြိုတင်ပြင်ဆင် စီစဉ်ထားပါသလဲ။

SLHK – လာမယ့်ဇူလိုင်ထဲမှာတော့ ကျနော်တို့ ပါတီခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံပြီးဆုံးဖြတ်နိုင် ဖို့တော့ မှန်းထားပါတယ်။ အဲဒီမှာဆုံးဖြတ်ချက်ကျပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက် အသိပေးပြီး လုပ်ကိုင်ရမှာတွေတော့ရှိပါတယ်။

မဲဆွယ်ကာလ တစ်လဆိုတာက လည်း တကယ်တမ်းလက်တွေ့မှာ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတစ်ယောက် အတွက် မလုံလောက်ပါဘူး။ ဆိုတော့ လူစုလူဝေးလည်း မဖြစ်ရအောင်၊ မဲဆွယ်တဲ့သဘောမျိုးလည်း မဖြစ်ရအောင် စီစဉ်ပြီး ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို သူ့ဒေသခံပြည်သူတွေသိအောင်တော့ တတ်နိုင်သမျှ ဘောင်ထဲစည်းထဲကနေ ဆောင်ရွက် ဖို့တော့ စဉ်းစားထားတာရှိပါတယ်။ ဥပမာ ကျေးရွာလေးတွေကိုဆင်းပြီး သဘောတရားလေးတွေပြောပြတာမျိုးပေါ့။

လူစုလူဝေးသဘောမျိုးလည်းမဖြစ်ရအောင်၊ စည်းရုံးတဲ့သဘောလည်းမဖြစ်အောင်တော့ ဆောင်ရွက်ရမှာပေါ့။ စည်းရုံးတဲ့ သဘောမျိုးဖြစ်သွားရင် ဘောင်မဝင်တဲ့အခါ အရေးယူတာတွေဘာတွေ ဖြစ်လာနိုင်တယ်လေ။

ဖက်ဒရယ်စနစ်ဖြစ်လာရင် တချို့သောလုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်တွေကို လက်လွှတ်ရမှာကို စိုးရိမ်နေသလားပေါ့။ သူ့ပြည်နယ်နဲ့သူ၊ သူ့လုပ်ပိုင်ခွင့်နဲ့ သူ ခွဲဝေပေးလိုက်ရမှာကို စိုးရိမ်မှု …

ငြမ်းမီဒီယာ – ၂၀၁၅ တုန်းက အင်တာဗျူးတစ်ခုမှာ လွှတ်တော်ထဲရောက်ရင် အခြေခံ ဥပဒေပြင်ဆင်ရေးကို အဓိက ဦးစားပေး လုပ်မယ်လို့ အရှိုချင်းအမျိုးအသားပါတီက ပြောထားတာတွေ့ရပါတယ်။အခုပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းမှာလည်း ပြင်ဆင်ဖို့ (၂) ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဘာကြောင့်မအောင်မြင်တာလို့ သုံးသပ်မိပါသလဲ။

SLHK – ဟုတ်တယ်။ အဲဒီတုန်းက ကျနော်တို့ပါတီအတွင်းရေးမှူးဖြေထားတာထဲမှာပါပါတယ်။ ဒီ အခြေခံဥပဒေပြင်ဆင်ဖို့ ဆိုတာ ကျနော်တို့ပါတီရဲ့ ရည်ရွယ်ချက်တစ်ခုပါ။ ဘာဖြစ်လို့လည်း ဆိုတော့ တိုင်းရင်းသားအခွင့်အရေးအတွက်ပေါ့။

ကျနော်တို့ပါတီက (၂၄) ပါတီဖွဲ့ထားတဲ့ NBF မှာလည်းပါပါတယ်။ ဆိုတော့ တိုင်းရင်းသား အခွင့်အရေးလို့ပြောရင် ဖက်ဒရယ် ကိစ္စ လည်း ပါတာပေါ့။ ဥပမာအနေနဲ့ပြောရရင် အခြေခံ ဥပဒေထဲက ပုဒ်မ ၂၆၁ လိုမျိုးတွေက ကျနော်တို့တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင် ပြဌာန်း ပိုင်ခွင့်ကို မရနိုင်စေတဲ့ပြဌာန်းချက်မျိုးလို့ပြောရမယ်။

ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေက အများစုအနိုင်ရပေမယ့် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကိုကျတော့ တိုင်းရင်းသား ပါတီတွေ က ရွေးချယ်ခန့်အပ်ခွင့်မရှိဘဲ သမ္မတက ခန့်အပ်တာမျိုးပေါ့။ ဒါကြောင့် အခြေခံဥပဒေကို ပြင်သင့်တယ်လို့ ကျနော်တို့ ယူဆတာပါ။

ဒါပေမယ့် လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ကြိုးစားကြတာ မအောင်မြင်ဘူးဆိုတာကလည်း ပြင်ဖို့ခက်ခဲတဲ့ အခြေအနေတွေ ရှိနေလို့ပါပဲ။ သူ့မှာ ပြင် ဆင်ဖို့နည်းလမ်းကို ပြဌာန်းထားတာ ကအစ ဆင့်ကဲဆင့်ကဲ အချက်တွေနဲ့ဆိုတော့ ပြင်ဆင်ရမယ့်နည်းလမ်းက အောင်မြင်ဖို့ မလွယ်ကူတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဥပမာ ပုဒ်မ ၄၃၆ လိုဟာမျိုးတွေပေါ့။

၄၃၆ မူအရဆိုရင် ပြင်ဆင်နိုင်ဖို့က တော်တော်ခက်ခဲပါတယ်။ (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံမှုရရမယ်ဆိုတာမျိုးကအစ နောက်ဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူ ရမယ်ဆိုတာ အထိဆိုတော့ အခက်အခဲကတော့တော်တော်ရှိမှာပါ။

ပုဒ်မလေးတစ်ခုကိုပြင်ဖို့ကအစ အဆင့်တွေအများကြီး ဆိုတော့ အဲဒီမှာတင် ပြင်ဖို့ ခဲခဲယဉ်းယဉ်း ဖြစ်နေတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဆိုတော့ အခြေခံဥပဒေထဲ မှာ ပြဌာန်းထားတဲ့ အတိုင်းဆိုရင်ပြင်ဆင်ဖို့ ခဲယဉ်းတဲ့ အခြေအနေဖြစ်နေတော့ အဲဒါကြောင့်ပဲ မအောင်မြင်ရတာလို့ သုံးသပ်ပါတယ်။

တိုင်းရင်းသားပါတီတွေကို အလေးထားစေချင်တယ်၊ လက်တွဲစေချင်တယ်၊ ဆွေးနွေးစေချင်တယ်။ ဘာလို့လည်း ဆိုတော့ ပြည်မမှာသာ တိုင်းရင်းသားပါတီတွေ အင်အားနည်းတာ …

ငြမ်းမီဒီယာ – လက်ရှိအစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် အသိအမှတ်ပြုမှုကို ဘယ်လိုမြင်ပါသလဲ။

SLHK – ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိအစိုးရကိုဦးဆောင်နေတဲ့ပုဂ္ဂိုလ်တွေက ကျနော်တို့ တိုင်းရင်းသားတွေကို သိပ်ဦးစား မပေးဘူးလို့ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့ တာဝန်ယူကာစက ကျနော်တို့တိုင်းရင်းသားတွေ တော်တော်လေးကို မျှော်လင့်ခဲ့တာပေါ့ဗျာ။

ကျနော်တို့တိုင်းရင်းသားပါတီတွေနဲ့ ကျနော်တို့တိုင်းရင်းသားတွေအားလုံးကို အလေးထား လိမ့်မယ်လို့ ယူဆခဲ့ကြတာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာကတော့ ကျနော်တို့ တိုင်းရင်းသားတွေ ကို သိပ်အလေးမထားတော့တဲ့ သဘောတွေတွေ့လာရတယ်။ ဘာဖြစ်လို့ လည်း ဆို ကျနော် ဥပမာတစ်ခုပြောမယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေး ညီလာခံ လုပ်တော့ ပါတီတိုင်းတက်ခွင့်ရခဲ့တယ်။

ပြီးတော့ UPDJC ရွေးချယ်မယ် ဆိုပြန်တော့လည်း ကိုယ့် ကိုယ်စားလှယ်တွေကို UPDJC မှာပါနိုင်အောင် ကျနော်တို့ မဲပေး ရွေးချယ်ခွင့် ရခဲ့တယ်။ သို့သော် နောက်ပိုင်းမှာ NLD အစိုးရလည်း တာဝန်ယူလာရော UPDJC ကအပြောင်းအလဲတွေ ဖြစ်သွား တယ်။ အပြောင်းအလဲဆိုတာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ အရွေးမခံရတဲ့ပါတီတွေက ကိုယ်စားလှယ်တွေ UPDJC ထဲကထွက် ပေးလိုက်ရတယ်။

တိုင်းရင်းသားတွေရဲ့ဝန်းရံမှု၊ ပေးဆပ်ခဲ့မှုတွေ အလဟဿဖြစ်ကုန်တယ်

အနိုင်ရပါတီမှပါရမယ်ဆိုတော့ တိုင်းရင်းသားပါတီက လူတွေအများစုက ထွက်ပေးလိုက်ရတယ်။ ကျနော်တို့ယူဆတာက ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင် တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားတွေအားလုံးဝိုင်းဝန်းမှ အောင်မြင်မယ်လို့ ယူဆတယ်။

တိုင်းရင်းသားပါတီတွေကနေတဆင့် တိုင်းရင်းသားတွေက သဘောတရားတွေသိရှိပြီး အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြမှ ဒါ အောင်မြင်လိမ့်မယ် အဲဒီလိုကျနော်တို့ကမြင်တယ်။ ဒါပေမယ့် ခုနကပြောသလို ဖြစ်သွားတဲ့ အခါကျတော့ ကျနော်တို့ တိုင်းရင်းသား ပါတီတွေကိုရော၊ တိုင်းရင်းသားတွေအားလုံးကိုပါ လက်ရှိအစိုးရက မျက်ကွယ်ပြု လိုက်တဲ့သဘောလို့ ကျနော်တို့ မြင်တယ်။ တိုင်းရင်းသားပါတီ အများစုက ကိုယ်စားလှယ်တစ်ဦးမှ အရွေးမခံကြရတာတွေ ရှိတယ်။

ဒီတိုင်းရင်းသားပါတီတွေကို ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတဲ့နေရာကနေ ထုတ်လိုက်တော့ ငြိမ်းချမ်းရေးရဖို့ တော်တော်လေး အလှမ်းဝေး နေဦးမယ်လို့ ကျနော်တို့ မြင်တယ်။

ဒါတွေပြီးတော့ နောက် NLD က တိုင်းရင်းသားကော်မတီ ဆိုပြီးဖွဲ့တဲ့အခါမှာလည်း ပါတီရဲ့ဒုဥက္ကဌပြောတာရှိတယ်လေ။ သူတို့က တိုင်းရင်းသားပါတီတွေနဲ့ဆွေးနွေးဖို့ မဟုတ်ဘူး ဆိုတဲ့ သဘောမျိုးပြောတာတွေ၊ သူတို့ရဲ့တိုင်းရင်းသားကော်မတီကိုလည်း သူတို့ ပါတီထဲက တိုင်းရင်းသားတွေနဲ့ပဲ ဆောင်ရွက်တယ် ဆိုတာမျိုးတွေ ပြောတာကိုကြည့်ရင် ဒါတွေဟာ တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားတွေကို သိပ်အလေးမထားဘူးလို့ ကျနော်တို့ကတော့ ယူဆတယ်။

လူ့အခွင့်အရေး စတဲ့အပိုင်းတွေမှာ ထူးမခြားနားပေမယ့် ခုနကပြောတဲ့ လုံခြုံရေး ပိုင်းမှာတော့ တော်တော်လစ်ဟာတယ်လို့ အောက်မေ့တယ်။ ကိုယ့်ကိုယ်ကိုယ် …

ကျနော်တို့ကတော့ တိုင်းရင်းသားပါတီတွေကို အလေးထားစေချင်တယ်၊ လက်တွဲစေချင်တယ်၊ ဆွေးနွေးစေချင်တယ်။ ဘာလို့လည်း ဆိုတော့ ပြည်မမှာသာ တိုင်းရင်းသားပါတီတွေ အင်အားနည်း တာ၊ ပြည်နယ်တွေမှာကျတော့ တိုင်းရင်းသားပါတီတွေရဲ့ အင်အား က အများကြီး ရှိတယ်။

ဒါတွေကိုလက်မတွဲဘဲ ကိုယ့်ပါတီဝင်တိုင်းရင်းသားလောက်နဲ့ပဲ သွားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေပါလိမ့်မယ်။ အဲဒီတော့ ကျနော်တို့တိုင်းရင်းသားတွေအပေါ် လက်ရှိအစိုးရရဲ့ အလေးထားအသိအမှတ်ပြုမှုကတော့ အားနည်းတယ်လို့ပဲ ကျနော် ယူဆပါ တယ်။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေထဲမှာလဲ အင်အားကြီးတဲ့ မျိုးနွယ်စုတွေက လူနည်းစု မျိုးနွယ်စုငယ်တွေအပေါ် ခွဲခြားဆက် ဆံတာ၊ ဖိနှိပ်တာတွေရှိတယ်လို့ တချို့ကပြောကြ ပါတယ်။ ဒီကိစ္စတွေကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

SLHK – အဲဒီလိုကိစ္စမျိုးတွေက မသင့်လျော်တဲ့ကိစ္စတွေပါ။ အဲဒီလိုမျိုး ခွဲခြားဆက်ဆံတာတွေ၊ ဖိနှိပ်တာတွေက ဖြစ်လည်း မဖြစ်သင့်၊ လုပ်လည်းမလုပ်သင့်ပါဘူး။

ကျနော်တို့ အရှိုချင်းမျိုးနွယ်ထဲမှာလဲ ‘လိုင်းတူ’ တို့၊ ‘စုမ်းတူ’ တို့ အဲဒီလိုမျိုးတွေ ရှိပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဘာခွဲခြားမှုမှ မရှိပါဘူး။ အားလုံးဟာ အတူတူပါပဲ။

အခု ‘အရှိုချင်း’ လို့နာမည်တပ် ရတာကလည်း နည်းနည်းလေး လူများစုမို့လို့သာ တပ်လိုက် ရတာပါ။ အခု ကျနော်တို့ လုပ်နေတာ ကလည်း ကိုယ့်ရဲ့မျိုးနွယ်စု အားလုံးအတွက် ပါပါတယ်။ ဒါကိုလည်း အရင်ကစည်းရုံးရေးဆင်းတိုင်း ကျနော်တို့ပြောပါတယ်။ ဆွေးနွေး ပါတယ်။ ဆွေးနွေးတဲ့ အချိန်မှာ သူတို့လည်းလက်ခံပါတယ်။ သို့သော် တစ်ခါတလေမှာတော့ သူတို့စိတ်ထဲမှာ တစ်မျိုး ဖြစ်ကောင်း လည်း ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အရှိုချင်းမှာတော့ ဘာခွဲခြားမှု၊ ဖိနှိပ်မှုမှ မရှိပါဘူး။

ငြမ်းမီဒီယာ – လက်ရှိ NLD အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် တွေရဲ့ အရွေ့ကို ဘယ်လိုအကဲခတ်မိပါသလဲ။

SLHK – လက်ရှိအနေအထားက တိုးတက်မှုမရှိဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ဖက်က ရှေ့မှာငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေချိန်မှာပဲ နောက်မှာကတိုက်ပွဲတွေဖြစ်နေတယ်။

ဒါတွေဟာဘာ ကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ တိတိကျကျမသိပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အများစုက တန်းတူညီမျှ ရေးဆိုတဲ့ တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ကျနော်တို့ယူဆတယ်။ ဆိုတော့ တဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးနေတုန်းမှာပဲ တစ်ဖက်မှာတိုက်ပွဲတွေဖြစ်နေတော့ ဒါတွေဟာငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အနှောင့်အယှက်ဖြစ် စေပြီး လိုသလောက်ခရီးမရောက်ဖြစ်ရတယ်လို့ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်။

ကျနော်တို့ လူနည်းစုတိုင်းရင်းသားတွေမှာ ဆုံးရှုံးမှုတွေများနေပါတယ်။ မကွေးတိုင်းမှာ ဆိုရင် အရှိုချင်းတိုင်းရင်းသားတွေ တစ်သိန်းခွဲလောက်ရှိပေမယ့် …

ငြမ်းမီဒီယာ – ပါတီစုံဒီမိုကရေစီစနစ်ဆိုပြီး လုပ်လာတာ ခုဆို ဆယ်စုနှစ်တစ်ခုရှိပါပြီ။ ဆိုတော့ ပထမငါးနှစ်နဲ့ ဒုတိယငါးနှစ် ယှဉ်ကြည့်ရင် ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်းတွေ ဘယ်လိုကွာခြားပြောင်းလဲမှု ရှိတယ်လို့ထင်သလဲ။

SLHK – သိပ်တော့မထူးဘူးလို့မြင်ပါတယ်။ တိုးတက်လာတယ်လို့မမြင်ဘူး။ လက်ရှိ အစိုးရ မှာလည်း လုပ်ကိုင်ရတဲ့အခက် အခဲ အများကြီးရှိမှာပေါ့။ ဟိုဘက်ကာလမှာထက် ဒီဘက် ကာလမှာ မြို့ပေါ်တွေအထိ လုံခြုံရေးအခြေအနေတွေ လစ်ဟာ တာတွေ ရှိတယ်လို့ ဒီလိုကျနော်ထင်တယ်။

ကျန်တဲ့လူ့အခွင့်အရေး စတဲ့အပိုင်းတွေမှာ ထူးမခြားနားပေမယ့် ခုနကပြောတဲ့ လုံခြုံရေး ပိုင်းမှာတော့ တော်တော်လစ်ဟာတယ်လို့ အောက်မေ့တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မလုံခြုံသလို ခံစားရတယ်။

သူများမြို့နယ်တွေမှာလည်း သတင်းကြားရတယ်၊ ကိုယ့်မြို့နယ် မှာလည်း အဲဒါမျိုးလေးတွေ ရှိနေတဲ့အခါကျတော့ ဒီဟာက သိပ်ပြီး တော့ တိုးတက်လာတယ်လို့တော့ မမြင်သေးဘူး။ ဒီအတိုင်းပဲရှိနေသေးတယ်လို့ ထင်ရတယ်။

ငြမ်းမီဒီယာ – ဖက်ဒရယ်စနစ်ကိုအကောင်အထည်ဖော်ဖို့ တိုင်းရင်းသားတွေကရော၊ တပ်မတော်နဲ့ အစိုးရကပါ သဘောတူ ထားကြ ပေမယ့် ဖက်ဒရယ်စနစ်အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့အချက်အလက်တွေ ဆောင်ရွက်တည်ဆောက်မှုအပိုင်း မှာ သိသာ ထင်ရှားတဲ့ အရွေ့ကိုမတွေ့ရတော့ လက်ရှိအစိုးရရဲ့ ဖက်ဒရယ်စနစ်တည်ဆောက်လိုတဲ့ဆန္ဒကို ဘယ်လိုအကဲခတ်မိပါသလဲ။

SLHK – ကျနော်တို့တိုင်းရင်းသားတွေကတော့ ဖက်ဒရယ်ကို အရမ်းမျှော်လင့်တာပေါ့။ အစိုးရပိုင်း အနေကလည်း လိုလား လောက်မယ်လို့ ယူဆပါတယ်။ သို့သော် ဘာကြောင့် နည်းနည်း ခဲယဉ်းနေသလဲဆိုတာတော့ ကျနော်တို့လည်း တိတိကျကျတော့ မပြောတတ်ဘူး။

လူထုဆန္ဒနဲ့မကိုက်ညီရင် လူထုကလည်း သူတို့ရွေးချယ်မှုကို ပြန်သုံးသပ်မှာပဲ – အပိုင်း (၁)

ကျနော်တို့ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဘာတွေမှာ မပါဝင်ရတော့ ဘယ်ကိစ္စအတွက် ဘယ်အစုအဖွဲ့မှာ ဘာဖြစ် နေတယ်ဆိုတာတွေကို ကျနော်တို့လည်းမသိရဘူး။ ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အစုအဖွဲ့တွေထဲက တချို့အစုအဖွဲ့ တွေမှာ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို လျှောလျှောရှူရှူ မဖြစ်စေနိုင်တဲ့အကြောင်းတရား လေးတွေရှိပါလိမ့်မယ်။ ဆိုတော့ အစိုးရအနေနဲ့ ကိုင်တွယ်ရတဲ့နေရာမှာ နည်းနည်းတော့ခဲယဉ်းမယ်ထင်ပါတယ်။ အဲဒီအစု အဖွဲ့လေးတွေမှာ အခက်အခဲ ရှိနေလိမ့်မယ်လို့ ယူဆတယ်။

နောက်တစ်ခုစဉ်းစားစရာရှိတာက ဖက်ဒရယ်စနစ်ဖြစ်လာရင် တချို့သောလုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်တွေကို လက်လွှတ်ရမှာကို စိုးရိမ်နေသလားပေါ့။ သူ့ပြည်နယ်နဲ့သူ၊ သူ့လုပ်ပိုင်ခွင့်နဲ့ သူ ခွဲဝေပေးလိုက်ရမှာကို စိုးရိမ်မှုမျိုးလည်း ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီဟာကတော့ တော်တော်များများ ခေါင်းဆောင်ပိုင်းတွေမှာ ရှိကောင်းရှိနိုင်တယ်လို့ ထင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်စရာ အကြောင်းမရှိဘူး

ဗဟိုရဲ့လုပ်ပိုင်ခွင့်တော်တော်များများကို ပြည်နယ်တွေကိုခွဲဝေပေးရမှာ ဆိုတော့ အဲဒီဟာကို စိုးရိမ်မှုတော့ရှိနေမယ်လို့ ယူဆလို့ ရတယ်။ အမှန်အတိုင်းပြောရရင် ဒီဟာကို ခွဲဝေမပေးလိုဘူး ဆိုတဲ့ သဘောမျိုးတော့ရှိဦးမယ်။ အဲဒီအတွက်ကို စဉ်းစားနေ လိမ့်မယ်လို့ အဲဒီလိုလည်း ယူဆမိတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောပေးပါဦး။

SLHK – ကျနော်တို့ပါတီအနေနဲ့ပြောရမယ်ဆိုရင် ကျနော်တို့အနေနဲ့ တိုင်းအဆင့်ကိုပဲ အဓိက လက်လှမ်းမီတယ်။ တိုင်းဒေ သကြီးမှာ လွှတ်တော်အနေနဲ့ဆိုရင်လည်း ကျနော်တို့ လူနည်းစု တိုင်းရင်းသားတွေကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရှိ သင့်ပါတယ်။ ဒီအချက်ကို အစိုးရ အနေနဲ့ရော၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော စဉ်းစားပေးစေချင်ပါတယ်။

ခုဆိုရင် ကျနော်တို့ လူနည်းစုတိုင်းရင်းသားတွေမှာ ဆုံးရှုံးမှုတွေများနေပါတယ်။ မကွေးတိုင်းမှာ ဆိုရင် အရှိုချင်း တိုင်းရင်းသား တွေ တစ်သိန်းခွဲလောက်ရှိပေမယ့် တိုင်းဒေသကြီး အဆင့်မှာ အရှိုချင်း အမျိုးသားတွေကိုကိုယ်စားပြုသူ တစ်ယောက်မှမပါသေး ဘူး။ ဒါဟာလည်းစိတ်မကောင်းစရာ အချက်တစ်ခုပါ။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ကိုမျှော်မှန်း တယ်ဆိုတာ ဒီအချက်တွေလည်းပါ ပါတယ်။

အစ္စလာမ်ဘာသာဝင်တွေကို NLD အမတ်လောင်းအဖြစ်ရွေးမလား

ပြည်နယ်တွေမှာတော့ ဖက်ဒရယ်ဖြစ်ပြီဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသဖြင့် မျှော်လင့်ချက် အများကြီး ရှိပါ တယ်။ ကျနော်တို့မှာကျတော့ ဖက်ဒရယ် ဖြစ်သည့် တိုင်အောင် မျှော်လင့်ချက်က အဲဒီလောက်ထိမရှိ ဘူး။ သို့သော် ကျနော်တို့ လေ့လာရသလောက် ကတော့ ဖက်ဒရယ်မှာလည်း လူနည်းစုအခွင့်အရေးဆိုတာ ပါပါတယ်။ ဒါကြောင့် ဒါတွေကို ဆောင်ရွက် ပေးနိုင်မယ် ဆိုရင် ကျနော်တို့လူနည်းစုတိုင်းရင်းသားတွေအတွက် ပိုကောင်းလာ မှာပါ။

အဲဒါကြောင့်လည်း တိုင်းဒေသကြီးအဆင့်လောက်မှာ ကျနော်တို့လူနည်းစုတိုင်းရင်းသားတွေကို ကိုယ်စားပြုသူ အနည်းဆုံး အစိုးရ အဖွဲ့မှာဖြစ်ဖြစ် ပါနိုင်အောင်စဉ်းစားပေးသင့်တယ်လို့ ကျနော့်အနေနဲ့ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,