တိုင်းရင်းသားလက်နက်ကိုင်ထဲကပဲ အင်အားကြီးသူတွေက ဘာသာရေးအရ ဖိနှိပ်မှုတွေရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MA / လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်

၂၀၀၈ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးထားတာမျိုး၊ တိုင်းရင်းသားတွေရဲ့တန်းတူညီမျှရေးအတွက် ပြဌာန်းပေးထားတာမျိုး ကျမ အနေနဲ့ မတွေ့မိဘူး . . .

ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတစ်ခုဖြစ်ပြီး ပါတီသက်တမ်း နှစ်ပေါင်း (၃၀) ရှိခဲ့ပြီဖြစ်သော လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ပါတီဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ရှမ်းပြည်နယ်အခြေစိုက် LNDP ပါတီရဲ့ သမိုင်းအကျဉ်းကို ပြောပြပေးပါ။

DATDM – ကျမတို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၁၉၈၉ ခုနှစ်ကတည်းက စတင်ဖွဲ့စည်း တည် ထောင်ခဲ့တာပါ။ ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီ (၂၇) ရက်နေ့မှာ ပါတီမှတ် ပုံတင်အမှတ် ၂၁၄ နဲ့ တရားဝင်ပါတီ အဖြစ် လက်ခံခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ ပါတီတည်ထောင်ခဲ့ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ မိုင်းပြင်း မဲဆန္ဒနယ်ကနေ ဦးဒယ်နီရယ်အောင်က အနိုင်ရခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျမတို့ ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ ကျမတို့ပါတီရဲ့ ပထမအကြိမ် ပါတီညီလာခံကို ကျင်းပခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၂ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၇ ခုနှစ်မှာတစ်ကြိမ်ဆိုတော့ ကျမတို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ပါတီညီလာခံကို (၃) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာ ကျမတို့ LNDP ပါတီက UNLD မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံမှာ ကျမတို့ ပါတီက အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးဒယ်နီရယ်အောင်နဲ့အတူ ဦးကျဟားရှဲ၊ ဦးယောအေးလှ၊ ဦးကျရှီးတို့က ပါတီကိုယ်စားပြုတက်ရောက်ခဲ့ပါတယ်။ အဲဒီကနေပြီးတော့မှ ၂၀၁၀ မှာ ပါတီကိုပြန်ပြီး မှတ်ပုံတင်ရတာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ လက်ရှိ နိုင်ငံရေးမူဝါဒတွေကို ပြောပြနိုင်မလား။

DATDM – နိုင်ငံရေးမူဝါဒအနေနဲ့ဆိုရင် ကျမတို့ပါတီရဲ့ ပထမအကြိမ် ပါတီညီလာခံမှာ ကတိသစ္စာ (၅) ချက်ကို ချမှတ်ခဲ့တယ်။ အဲဒီညီလာခံမှာပဲ ပါတီရဲ့ဖွဲ့စည်းပုံမူဝါဒနဲ့ သဘောထားကို မူကြမ်းရေးဆွဲပြီး စုစုပေါင်း အခန်း (၇) ခန်းနဲ့ ဖော်ပြထားတယ်။ အဲဒီအထဲမှာပါတဲ့ အဓိက အချက်တွေကို အကျဉ်းချုပ်ပြောရရင် လားဟူတိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ စုစည်းညီညွှတ်မှုကိုရအောင် စည်းရုံးလှုံ့ဆော်နိုင်ဖို့အတွက် ကျမတို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်၊ စစ်မှန်တဲ့ဒီမိုကရေစီကို လိုက်နာကျင့်သုံးမယ် စတဲ့အချက်တွေပါဝင်ပါတယ်။ ရည်ရွယ်ချက်အနေနဲ့ကတော့ ကျမတို့မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်အတိုင်းတည်ရှိပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနဲ့ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး အဓွန့်ရှည်ရေး၊ အဲဒီအတွက် ဒီမိုကရေစီကျင့်စဉ်တွေနဲ့အညီ လုပ်ဆောင်သွားနိုင်ရေး၊ နောက်တစ် ခုက လားဟူတိုင်းရင်းသား လူမျိုးတွေရဲ့ စာပေ ယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာနဲ့ အနုပညာ ဖွံ့ဖြိုးတိုးတက်ရှင် သန်လာစေဖို့အတွက် ကျမတို့ပါတီက ပြုစုပျိုးထောင်သွားဖို့၊ နိုင်ငံသားတိုင်း အခွင့်အရေးတန်းတူရရှိရေး တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေဒေသအတွင်းမှာ နိုင်ငံရေး စီးပွားရေး လူမှုရေး စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့၊ တမျိုးသားလုံးရဲ့ လူနေမှုအဆင့်အတန်းမြင့်မားလာဖို့၊ ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ လားဟူအမျိုးသား တွေနေထိုင်တဲ့ ဒေသရဲ့ လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်အောင်ဆောင်ရွက်ဖို့၊ နိုင်ငံတော်ဖွံ့ဖြိုးတက်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေရဲ့အတွေ့အကြုံတွေ နည်းပညာတွေ လုပ်နည်းလုပ်ဟန်တွေကို ရယူအကောင်အထည်ဖော်သွားရေး စတဲ့အချက်တွေပေါ့။

မဲဆန္ဒရှင်ပြည်သူတွေ ခြိမ်းခြောက်ခံရတာတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ ဆိုတော့ ကျမတို့က ပြိုင်သာပြိုင်တာ တရားမျှတတယ်လို့ မခံ စားရဘူး။ ၂၀၁၅ မှာ ဒီကိစ္စတွေ နည်းနည်းလျော့လာတယ် ဆိုပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ခြိမ်းခြောက်ခံနေရတာတွေ ရှိနေဆဲပါပဲ။ ဆိုတော့ …

ငြမ်းမီဒီယာ – လားဟူလူမျိုးထဲမှာ လားဟူန နဲ့ လားဟူရှီ ဆိုပြီး (၂) မျိုးရှိတဲ့အပြင် အမျိုးကွဲပေါင်း (၂၀) ကျော်အထိ ရှိတယ်လို့သိရပါတယ်။ LNDP ပါတီက လားဟူလူမျိုးအားလုံးကို ကိုယ် စားပြုနိုင်တဲ့ နိုင်ငံရေးပါတီတစ်ခုလို့ ပြောနိုင်ပါသလား။

DATDM – ကျမတို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက လားဟူန၊ လားဟူရှီ နှစ်မျိုးအတွက်သာမက ပြည်ထောင် စုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လားဟူအမျိုးပေါင်း (၂၀) ကျော် လုံးအတွက် ကိုယ်စားပြုပြီး လုပ်ဆောင်နေတဲ့ ပါတီဖြစ်ပါတယ်။ ကိုးကွယ်တဲ့ဘာသာလည်း ခွဲခြားခြင်းမရှိပါဘူး။ ဒီ လားဟူဆိုတဲ့တိုင်းရင်းသားတွေ အားလုံးအတွက် ကိုယ်စားပြုပြီး ကျမတို့လုပ်ကိုင်ဆောင်ရွက်တဲ့အခါ အနီအဝါ စသဖြင့်ခွဲခြားခြင်းမရှိပါဘူး။

ငြမ်းမီဒီယာ – လားဟူတိုင်းရင်းသားတွေ အများစုဟာ ရှမ်းပြည်နယ် ရဲ့ ဘယ်ဒေသတွေမှာ အခြေချနေထိုင်ကြပါသလဲ။ ရှမ်းပြည် နယ်ထဲမှာ လားဟူတိုင်းရင်းသားဦးရေ ဘယ်လောက်ရှိပါသလဲ။

DATDM – အခြေချနေထိုင်ကြတာကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းတွေအထိရှိပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ လားဟူလူမျိုးက ရှမ်းလူမျိုးပြီးရင် ဒုတိယအများဆုံးပေါ့။ အဲဒီ ရှမ်းပြည်အရှေ့ပိုင်းမှာတင် လားဟူတိုင်းရင်းသားဦးရေ (၁၈၀, ၀၀၀) ကျော်ရှိတယ်။ ရှမ်းပြည်နယ်တစ်ခုလုံးမှာ ဆိုရင် လားဟူတိုင်းရင်းသားဦးရေ (၄၀၀,၀၀၀) နီးပါးရှိပါတယ်။ သန်းခေါင်စာရင်းအရတော့ (၃၈၀,၀၀၀) လောက်ရှိတယ် ဆိုပေမယ့်လို့ ကျမတို့ ခန့်မှန်းချက်အရဆိုရင် လေးသိန်း၊ လေးသိန်းကျော်လောက် ရှိမယ်လို့ ထင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အမျိုးသမီးတွေမှာဆိုရင်လည်း အသက်အရွယ်ပေါင်းစုံ။ အထူးသဖြင့်ကလေးသူငယ်တွေမှာလည်း လိင်အကြမ်းဖက်မှု ကျူးလွန်ခံနေရတယ်ဆိုတာ ကျမတို့ တွေ့နေရတယ်။ ဆိုတော့ ဒီကိစ္စတွေ လျော့နည်းလာဖို့အတွက် စစ်ပွဲတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးရဖို့အရေးကြီးပါတယ် …

ငြမ်းမီဒီယာ – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက မဲဆန္ဒနယ် ဘယ်နှခုလောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါသလဲ။

DATDM – လက်ရှိအနေအထားအရ ကျမတို့ပါတီက ခုအချိန် ထိ အတည်ပြုထားတာကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ (၈) မြို့နယ်၊ တောင်ပိုင်းမှာတစ်မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာရှိပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းယောင်းနဲ့ မိုင်းယန်းကလွဲပြီး (၈) မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကျမတို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အတိအကျကိုတော့ ကျမတို့ပါတီရဲ့ နောက်ခြောက်လပတ် အစည်းအဝေးမှာမှ အတည်ပြုနိုင်မှာပါ။ လတ်တလောမှာတော့ ပြည်နယ်လွှတ်တော်အတွက် (၈) နေရာ၊ ပြည်သူ့လွှတ်တော် အတွက် (၂) နေရာ၊ အမျိုးသားလွှတ်တော်မှာ (၁) နေရာဆိုပြီး လျာထားတာရှိပါတယ်။

ငြမ်းမီဒီယာ – ပြည်တွင်းစစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ လိင်အကြမ်းဖက်ခံရမှုတွေ ရှိနေတယ်ဆိုပြီး ပြောဆိုကြတာရှိပါတယ်။ ရှမ်းပြည်နယ် ဟာလည်း ပြည်တွင်း စစ်ဖြစ်ပွားရာ ဒေသတစ်ခုဖြစ်နေတော့ ဒီပြောဆိုချက်တွေကို တိုင်းရင်းသား နိုင်ငံရေးပါတီဥက္ကဌ တစ်ယောက် အနေနဲ့ ဘယ်လိုမှတ်ပြုချင်ပါသလဲ။

DATDM – အရင်တုန်းကတော့ စစ်မက်ဖြစ်ပွားနေတဲ့နေရာဒေသတွေမှာပဲ လိင်အကြမ်းဖက်မှုတွေဖြစ်တယ်ပေါ့။ အခုက စစ်ဖြစ်နေတဲ့နေရာမှာရော၊ စစ်မဖြစ်တဲ့နေရာမှာရော လိင်အကြမ်းဖက်မှုက နေရာပေါင်းစုံမှာဖြစ်နေတယ်။ အဓိကကတော့ စစ်ဖြစ်နေတဲ့နေရာတွေမှာဆိုရင် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ်မှာ လိင်အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ကျမမြင်တယ်။ စစ်ဖြစ်နေတဲ့နေရာသာမက မြန်မာနိုင်ငံအနှံ့မှာကို ဒီလို လိင်အကြမ်းဖက်မှု တွေက ဖြစ်ပွားနေတယ်။ အမျိုးသမီးတွေမှာဆိုရင်လည်း အသက်အရွယ်ပေါင်းစုံ။ အထူးသဖြင့်ကလေးသူငယ်တွေမှာလည်း လိင်အကြမ်းဖက်မှု ကျူးလွန်ခံနေရတယ်ဆိုတာ ကျမတို့ တွေ့နေရတယ်။ ဆိုတော့ ဒီကိစ္စတွေ လျော့နည်းလာဖို့အတွက် စစ်ပွဲတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးရဖို့အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးလိုပဲ နောက်ထပ်အရေးကြီးတာ တစ်ခုက တရားဥပဒေစိုးမိုးရေးပါပဲ။ တရားဥပဒေစိုးမိုးမှုရှိမှသာ လိင် အကြမ်းဖက်မှုအပါအဝင် အကြမ်းဖက်တဲ့ အပြုအမူတွေကို ကျူးလွန်ဆောင်ရွက်ကြသူတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်မှာပါ။ ကျမတို့နိုင်ငံမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ကာကွယ်ပေးတဲ့ဥပဒေတွေ ရှိနေတယ်ဆိုပေမယ့် ဒီဥပဒေတွေက အသက် မဝင်သလိုဖြစ်နေတယ်။ ဒီဥပဒေတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လိုအပ်ပါ တယ်။ ဒီဥပဒေတွေမှာ ပြဌာန်းထားတဲ့အတိုင်း ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်နိုင်အောင် လုပ်ရမယ်။ အခုဆိုရင် ကျူးလွန်တဲ့သူတွေက လွတ်မြောက်နေတာတွေ၊ အမှုတွေကို အရေးယူဆောင်ရွက်နိုင်မှုမရှိဘဲ မေ့ပျောက် ခံလိုက်ရတာတွေ အများကြီးရှိနေပါတယ်။ ကျူးလွန်ခံရတဲ့ နစ်နာသူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းမပေးနိုင်ခြင်းဟာ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ပြည်သူအပေါ် သစ္စာမဲ့မှုတစ်ခုပါပဲ။ တစ်ဖက်က ကျူးလွန်သူတွေကို နောက်ထပ် လက်ရဲဇက်ရဲကျူးလွန်ဖြစ်အောင် အားပေးအားမြှောက် ပြုရာလည်း ရောက်ပါတယ်။

ရာထူးတိုးတဲ့နေရာတွေမှာ ဆိုရင်လည်း ဖိနှိပ်ထားတာတွေ အများကြီးတွေ့ရတယ်။ စစ်တပ်ထဲမှာဆို ပိုပြီးတော့ဆိုးတယ်။ ဗိုလ်ချုပ်လောက်ရာထူးအဆင့်ကို တိုင်းရင်းသားတွေထဲက ရတယ်ဆိုတာ အင်မတန်ရှားပါတယ်။ နောက်ထပ်တစ်ခုက ဘာသာရေးဖိနှိပ်မှုပဲ …

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေရဲ့ စာပေ၊ ဓလေ့ထုံးတမ်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက် က ဘယ်လောက်ထိ အသိအမှတ်ပြု ပံ့ပိုးဆောင်ရွက်မှု လုပ်ဆောင်ခဲ့တယ်လို့ ယူဆပါသလဲ။

DATDM – တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ပတ်သက်ပြီး အရင်တုန်းကတော့ ပံ့ပိုးမှုတော်တော်နည်းခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ လူဦးရေ (၅၀,၀၀၀) အထက်ရှိရင် တိုင်းရင်းသား ရေးရာဝန်ကြီးဆိုပြီး ရှိလာတော့ နည်းနည်းလေးတော့ အသိအမှတ်ပြုမှု ရှိလာတယ်လို့ပြောရမှာပေါ့။ ဒါက လည်း စာပေယဉ်ကျေးမှုပိုင်းအတွက်ပါပဲ။ ဒါပေမယ့် ထိထိရောက်ရောက်ဖြစ်အောင်ဆောင်ရွက်တာမျိုး၊ ဥပမာ ဘတ်ဂျက်တွေဘာတွေချပြီး ထိရောက်တဲ့ စီစဉ်ဆောင်ရွက်မှုမျိုးကိုတော့ ကျမ မတွေ့ရပါဘူး။ အရင်တုန်းကလည်း ဒီလိုပါပဲ၊ တိုင်းရင်းသားတွေရဲ့ ဓလေ့တွေ၊ ထုံးတမ်းစဉ်လာတွေ အကုန်လုံးက လျစ်လျူရှုခံခဲ့ရတာပါပဲ။ ခေတ်အဆက်ဆက် ကျမတို့တိုင်းရင်းသားတွေက လျစ်လျူရှုခံနေခဲ့ရတာပါ။ ကျန်တာမကြည့်ပါနဲ့၊ မြေယာကိစ္စတွေကိုပဲကြည့်။ ကျမတို့ဒေသတွေမှာ တိုင်းရင်းသားတွေ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ ဘိုးဘွားပိုင် မြေယာတွေဟာ အသိအမှတ်ပြုမခံရလို့ ဆုံးရှုံးသွားရတာတွေ အများကြီးရှိနေတယ်။ ဒါတွေက အနီးဆုံးသက်သေတွေပါပဲ။ ကျမတို့တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းစဉ် လာတွေ အသိအမှတ် ပြုမခံရဘူး။ ကျမတို့တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေဟာ လျစ်လျူရှုခံနေရတယ်။ ဆိုလိုချင်တာက ကျမတို့တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေကို အသိအမှတ်ပြု ပံ့ပိုးတယ်ဆိုတာ အပေါ်ယံဟန်ပြလောက်ပဲ လုပ်ခဲ့ကြတာပါ။ ဥပမာ ပြည်ထောင်စုနေ့လိုမျိုး၊ ကျောင်းသားအားကစားပွဲတော်လိုမျိုးတွေမှာ အကအနေလောက်ပဲ ထည့်သွင်းပေးခဲ့တာလေ။ နိုင်ငံတော်အဆင့်ကနေ ထိထိရောက်ရောက် လေးလေးနက်နက် အကောင်အထည်ဖော် ဆောင်ရွက်ပေးတာမျိုး၊ မြှင့်တင်ပံ့ပိုးပေးတာမျိုးက မရှိသလောက်ပါပဲ။ အခုတော့ နည်းနည်းပါးပါးလေး၊ အနည်းငယ်လောက်တော့ ရှိလာတယ်လို့ ပြောရမှာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့ဆိုတဲ့အချက်ကို LNDP ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက် ထဲမှာတွေ့ရတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ဆိုရင် အရေးအကြီးလိုအပ်ချက်က ဘာဖြစ်မလဲ။

DATDM – ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ဖို့ဆိုရင် တိုင်းရင်းသားတွေကို တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ဖော်ဆောင်ပေးဖို့လိုသလို၊ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိဖို့ လိုအပ်ပါတယ်။ ဒါတွေက အရေးအကြီးဆုံး အချက်တွေဖြစ်မယ်လို့ ကျမမြင်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိ ၂၀၀၈ အခြေခံဥပဒေဟာ တိုင်းရင်းသား တွေရဲ့ အခွင့်အရေးကို အထောက်အကူအပြုရုံသာမက ဖိနှိပ်ချိုး နှိမ်ထားတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို ဘယ်လိုမြင်ပါသလဲ။

DATDM – အဲဒါကို ကျမလက်ခံပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ၂၀၀၈ အခြေခံဥပဒေထဲမှာ တိုင်းရင်းသား တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးထားတာမျိုး၊ တိုင်းရင်းသားတွေရဲ့တန်းတူညီမျှရေးအတွက် ပြဌာန်းပေးထားတာမျိုး ကျမအနေနဲ့ မတွေ့မိဘူး။ အဲဒီဟာတွေအပြင် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖိနှိပ်ထားတဲ့ ပုဒ်မ ၂၆၁ လိုဟာမျိုးတွေကိုလည်း တွေ့ရတယ်။ တချို့ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးတာမှာတောင် တန်းတူညီမျှမှုမရှိဘူး။ ကျမတို့ လားဟူတိုင်းရင်းသားဦးရေဟာ ရှမ်းအရှေ့ပိုင်းမှာဆို ဒုတိယအများဆုံးဖြစ်တယ်။ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မက်မန်းမှာ ကျမတို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တောင် ရထားတယ်။ အဲဒီမှာဆိုရင်လည်း လားဟူတိုင်းရင်းသားတွေများတယ်။ လူဦးရေ (၄၀၀, ၀၀၀) ရှိတဲ့ လားဟူတိုင်းရင်းသားတွေက ရေးရာဝန်ကြီး တစ်နေရာပဲရတာကို ကြည့်ပေါ့။ အဲဒီတော့ တခြားတိုင်းရင်းသားလူမျိုးတွေကိုတောင် သွားကြည့်စရာမလိုဘူး။ ဒါတွေက ၂၀၀၈ အခြေခံဥပဒေကို မူတည်ပြီး ဖြစ်လာတဲ့ကိစ္စတွေပေါ့။ အဲဒီတော့ ဒီ ၂၀၀၈ အခြေခံဥပဒေဟာ တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေးတို့၊ တန်းတူညီမျှရေးတို့အတွက် ရေးဆွဲပေးထားတာ ဘာမှမရှိဘူး။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံမှာ ဗမာကြီးစိုးရေးလူမျိုးကြီးဝါဒ (Burmanization) အားကောင်းနေတယ်ဆိုတဲ့ ဝေဖန်ချက် တွေကိုရော တိုင်းရင်းသား နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

DATDM – ကျမအမြင်အရတော့ ဒါဟာလည်း အတိုင်းအတာ တစ်ခုအထိ မှန်နေတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ လက်ရှိနိုင်ငံရဲ့ အုပ်ချုပ်ရေးကဏ္ဍကိုပဲကြည့်ကြည့်၊ ဥပဒေပြုရေးကဏ္ဍကိုပဲကြည့်ကြည့်၊ တရားစီရင်ရေးကဏ္ဍကိုပဲကြည့်ကြည့် ဗမာလူမျိုးတွေပဲ အများစုဖြစ်ပြီး ကြီးစိုးထားတယ်လေ။ ဒါက မြင်သာအောင် ခပ်လွယ်လွယ်ဥပမာ ပြတာပါ။ ခေတ်အဆက်ဆက်မှာလည်း ဒီအတိုင်းပဲဖြစ်ခဲ့တာလေ။ အုပ်ချုပ်ရေးပိုင်းက ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေဆိုရင် တိုင်းရင်းသားတွေကို ဘယ်လောက်များ တာဝန်ပေးအပ်တာမျိုး ရှိခဲ့လို့လဲ။ ကာကွယ်ရေးကဏ္ဍက တပ်မတော်မှာပဲဖြစ်ဖြစ်၊ အုပ်ချုပ်ချုပ်ရေးကဏ္ဍက အစိုးရအဖွဲ့ထဲမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာကို တိုင်းရင်းသားတွေထဲက ရောက်တယ်ဆိုတာ လက်ချိုးရေတွက်လို့ရပါတယ်။ နောက်ပြီး ရာထူးတိုးတဲ့နေရာတွေမှာ ဆိုရင်လည်း ဖိနှိပ်ထားတာတွေ အများကြီးတွေ့ရတယ်။ စစ်တပ်ထဲမှာဆို ပိုပြီးတော့ဆိုးတယ်။

တိုင်းရင်းသားတွေထဲကလည်း လွှတ်တော်ထဲကိုရောက်ကြတာ ရှိပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲရောက်ကြတဲ့ အများစုက စစ်တပ် အသိုင်းအဝိုင်းနဲ့ အဆင်ပြေတဲ့သူတွေပေါ့။ ၂၀၁၅ နောက်ပိုင်း လွှတ်တော်ထဲရောက်တာက အရင်လိုမဟုတ် ဘဲ …

ဗိုလ်ချုပ်လောက်ရာထူးအဆင့်ကို တိုင်းရင်းသားတွေထဲက ရတယ်ဆိုတာ အင်မတန်ရှားပါတယ်။ နောက်ထပ်တစ်ခုက ဘာသာရေးဖိနှိပ်မှုပဲ။ ဘာသာရေးဖိနှိပ်မှုကြောင့်လည်း စစ်တပ်ထဲမှာရော၊ အုပ်ချုပ်ရေးပိုင်းမှာပါ တိုင်းရင်းသားတွေကို နေရာပေးတာမရှိခဲ့ဘူး။ ဗုဒ္ဓဘာသာကလွဲရင် ကျန်တဲ့ဘာသာဝင်တွေဆို ရာထူးမတိုးတော့ဘူး။ အရင်တုန်းက စစ်တပ်ထဲမှာ ပိုဆိုးတာပေါ့။ ဗိုလ်မှူးအဆင့်ကနေ ထပ်ပြီးရာထူးတိုးချင်ရင် ဗုဒ္ဓဘာသာဖြစ်မှ၊ ဗမာဖြစ်မှဆိုတာတွေ ရှိတယ်လေ။ ဒါကို လူတိုင်းလည်း သိကြပါတယ်။ တကယ့် ခေါင်းဆောင်ပိုင်းမှာဆိုရင် တိုင်းရင်းသားတွေ နေရာရတာ အင်မတန်နည်းပါတယ်။ ကြည့်လိုက်ရင် အထက်ပိုင်းခေါင်းဆောင်နေရာတွေမှာ ဗမာလူမျိုးချည်းပဲ ဖြစ်နေတာ ကျမတို့သာမက၊ အားလုံးလည်း မြင်တွေ့သိနေတာပဲလေ။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေထဲမှာ လက်နက်အင်အား၊ လူအင်အား၊ နိုင်ငံရေးအင်အားကြီးမားတဲ့ တိုင်းရင်းသား တွေက တခြားတိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံ ဖိနှိပ်တာတွေ ရှိတယ်ဆိုတဲ့ ထောက်ပြချက်တွေကို ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။ ကိုယ်တိုင်ရော အဲဒီလိုခွဲခြားဆက်ဆံတာမျိုးကို တွေ့ကြုံခဲ့ဖူးသလား။

DATDM – ဟုတ်ကဲ့။ ကျမတို့ လားဟူတိုင်းရင်းသားတွေ တော်တော်များများ ကြုံခဲ့ရလို့ ကျမတို့ဆီ အကူအညီ လာတောင်းတွေ ရှိပါတယ်။ အဓိက က တိုင်းရင်းသားလက်နက် ကိုင်ထဲကပဲ အင်အားကြီးသူတွေက ဘာသာရေးအရ ဖိနှိပ် မှုတွေရှိတယ်။ ၂၀၁၈ ခုနှစ်တုန်းက ‘ဝ’ အထူးဒေသမှာ လားဟူတိုင်းရင်းသားတွေရဲ့ ဘာသာရေး ဆရာတွေကို တိုက်ပိတ်ပြီးတော့ ဖမ်းထားတာတွေရှိတယ်။ တကယ်တော့ အဲဒီတုန်းက တခြားတိုင်းရင်းသားတွေလည်း ခံရပါတယ်။ ဒါပေမယ့် ကျမတို့က လားဟူတိုင်းရင်းသားတွေရဲ့ စာရင်းကိုပဲသိရတော့ လားဟူတိုင်းရင်းသားတွေ အကြောင်းကိုပဲ အဓိကထားပြောတာပါ။ ဘာသာရေးအဆောက်အဦတွေ ဖျက် ဆီးခံခဲ့ရတာတွေရှိတယ်။ ဘာသာရေးအဆောက်အဦတွေကို သိမ်းပြီးတော့ စခန်းလုပ်ထားတာတွေလည်း ရှိတယ်။ တချို့ဆို ခုထက်ထိတောင် ပြန်မရသေးဘူး။ ကျမ်းစာသင်ကျောင်းက ကျမတို့လားဟူလူမျိုး ကျောင်းသားကျောင်းသူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်သင်တန်းတွေပေး၊ စစ်မှုထမ်းဖို့ လုပ်ခိုင်းတာတွေရှိတယ်။ အဲဒီဒေသက လားဟူ တိုင်းရင်းသားတွေ ကျမတို့ကျိုင်းတုံဘက်ကို ထွက်ပြေးလာကြရတာ အများကြီးရှိတယ်။ ပြောမယ်ဆိုရင် စစ်သားစုဆောင်းခံရတာပေါ့။ နောက်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းမှာလည်း ၂၀၁၅ လောက်က စစ်သားစုဆောင်းခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ၊ ပျောက်ဆုံးသွားတာတွေရှိခဲ့တယ်။ နောက်ပြီး မြေယာနဲ့ ပတ်သက်ရင် လက်နက်ကိုင်အင်အားကြီးတဲ့သူတွေက လက်နက်အင်အား မရှိသူတွေအပေါ်မှာ နိုင်လိုမင်းထက် ပြုမူတာတွေ ကျမတို့တွေ့ရပါတယ်။

ငြမ်းမီဒီယာ – ရှမ်းပြည်နယ်ရဲ့ နယ်နိမိတ်က တရုတ်နိုင်ငံနဲ့ထိစပ်နေတယ်။ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းတချို့ လည်း ရှမ်းပြည်နယ်ထဲမှာ လုပ်ကိုင်နေကြတာရှိတယ်။ နောက်ထပ်လည်း တရုတ်ရဲ့ မဟာဗျူမြောက် စီမံကိန်းတချို့ကို ရှမ်းပြည်နယ်အတွင်းကနေ ဖြတ်သန်းပြီး အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတာတွေ ရှိနေတော့ LNDP ပါတီအနေနဲ့ တရုတ်အပေါ် နိုင်ငံရေးအရ ဘယ်လိုသဘောထား မူဝါဒရှိပါသလဲ။

DATDM – ကျမတို့က ကျမတို့မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးကို အဓိကထားတဲ့ပါတီပါ။ အဲဒီတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကိုပဲ အဓိကကြည့်ရမှာပဲ။ ကျမတို့ တိုင်းရင်းသားတွေအားလုံးက ဒီမြန်မာနိုင်ငံအတွင်းမှာ မီတင်းနေထိုင်ကြရတာလေ။ အဲဒါကြောင့် တရုတ်မှမဟုတ်ပါဘူး၊ တခြားဘယ်နိုင်ငံဖြစ်ဖြစ် ကျမတို့နိုင်ငံနဲ့ ကျမတို့တိုင်းရင်းသားလူမျိုးတွေရဲ့ အကျိုးစီးပွားထိခိုက်မယ်ဆိုရင် ကျမတို့ လက်မခံနိုင်ဘူး။ ကျမတို့နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ အဓိကကြည့်ပြီး စဉ်းစားဆောင်ရွက်ရမှာ ကျမတို့ရဲ့နိုင်ငံရေးမူဝါဒ သဘောထားပါပဲ။

ငြမ်းမီဒီယာ- ဗမာလူမျိုးကြီးဝါဒထူထောင်တယ်၊ Burmanization လုပ်တယ်လို့ တိုင်းရင်းသားတွေဘက်က ပြောတယ်။ ဒါပေမယ့် တစ်ဘက်ကကျပြန်တော့လည်း စစ်အာဏာရှင်စနစ်အောက်မှာ ဗမာတွေဟာလည်း တခြား သောတိုင်းရင်းသားတွေနည်းတူ ဖိနှိပ်ခံခဲ့ရတယ်၊ စစ်အာဏာရှင်စနစ်ဟာ ဗမာ၊ ကချင်၊ ရှမ်း၊ ရခိုင် စတဲ့ Identity ကိုကြည့်ပြီး ဖိနှိပ်တာမျိုးမဟုတ်ဘဲ သူနဲ့အယူအဆမတူသူတွေ အားလုံးကို ဖိနှိပ်ခဲ့တာပါလို့ သုံးသပ်ပြောဆိုကြတယ်။ ဒီကိစ္စအပေါ်မှာ တိုင်းရင်းသားနိုင်ငံရေးသမားတစ်ယောက် အမြင်နဲ့ဆို ဘယ်လိုယူဆပါသလဲ။

DATDM – သူနဲ့သဘောထားမတိုက်ဆိုင်သူတွေ၊ သူ့ကိုအတိုက်အခံလုပ်သူတွေကို ဖိနှိပ်ခဲ့တာ၊ နင်းခြေခဲ့တာ မှန်ပေမယ့်လို့ ကျမတို့ပြန်ကြည့်ရင် သူနဲ့အဆင်ပြေတဲ့ တခြားတိုင်းရင်းသားတွေကိုလည်း ချီးမြှောက်ခဲ့တာ မတွေ့ရပါဘူး။ သူတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းကို ထူထောင်တဲ့အခါကျတော့ ဗမာတွေအများစုနဲ့ပဲ ဖြစ်နေပြန်ရော။ ဆိုလိုချင်တာက အားလုံးကိုနင်းချေခဲ့လို့ တန်းတူခံခဲ့ရတယ်ဆိုရင် သူတို့နဲ့ အတိုက်အခံ မလုပ်တဲ့ တိုင်းရင်းသားခေါင်းဆောင် တချို့လောက်တော့ သူတို့ထိပ်ပိုင်းခေါင်းဆောင်ထဲမှာ ရှိနေသင့်တာပေါ့။ ဒီလိုလဲ ရှိမနေခဲ့ဘူးလေ။ အဲဒီတော့ ဗမာလူမျိုးကြီးဝါဒကို ထူထောင်တယ်ဆိုတာ တကယ်ဖြစ်နေတာလို့ ကျမကတော့ လက်ခံတယ်။

ငြမ်းမီဒီယာ – မကြာသေးခင်က ICJ မှာ မြန်မာနိုင်ငံက သွားရောက်လျှောက်လဲ ဖြေရှင်းရတဲ့ကိစ္စကို နိုင်ငံရေးရှုထောင့် အရ ဘယ်လိုသုံးသပ်မိသလဲ။

DATDM – ဒေါ်အောင်ဆန်းစုကတော့ အစိုးရတာဝန်ရှိသူအနေနဲ့ နိုင်ငံရဲ့အကျိုးစီးပွားအတွက် တာဝန်ယူမှု တာဝန် ခံမှုအပြည့်နဲ့ သူသွားရောက်ဖြေရှင်းခဲ့တာ ဖြစ်တယ်လို့ ကျမမြင်တယ်။ ဒါပေမယ့် လက်ရှိ ကျမတို့နိုင်ငံမှာ အစိုးရနှစ်ရပ်လိုဖြစ်နေတယ်။ အခု ICJ ကိစ္စမှာကျတော့ တပ်မတော်က အစိုးရရဲ့အောက်မှာရှိနေတဲ့ပုံမျိုး ဖြစ်နေပေမယ့် တကယ့်တကယ်တမ်းကျ ဖြစ်နေတဲ့နိုင်ငံရေးအခြေအနေအရ လက်တွေ့မှာတော့ အဲဒီလိုမရှိနေဘူး။ ဒါပေမယ့် နိုင်ငံတကာမှာ အခုလိုဖြေရှင်းရမယ့်ကိစ္စဖြစ်လာတော့ လက်ရှိအစိုးရကပဲ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ သွားရောက်ဖြေရှင်းခဲ့တယ်လို့ ကျမတို့မြင်တယ်။

ငြမ်းမီဒီယာ – ဆိုတော့ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲသင့်မစွဲသင့် နှစ်ဖက် လျှောက်လဲချက်ပေးရတဲ့ အခြေအနေဖြစ်သွားခဲ့ရပြီ။ ဒီအခြေအနေဟာ တပ်မတော်ကို တစ်ခုခုအပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ယူဆပါသလား။

DATDM – ကျမတို့က ဘယ်လိုပဲ သုံးသပ်ယူဆသည်ဖြစ်စေ သူတို့ကိုယ်၌ရဲ့ အပြုအမူတွေ၊ လက်ရှိသွားနေတဲ့ ပုံစံတွေ ပြောင်းလဲမပြောင်းလဲက သူတို့ကိုယ်တိုင်သာ အဓိကကျပါတယ်။ ကျမတို့သုံးသပ်တယ်ဆိုရင်တောင် ကျမတို့ရဲ့ သုံးသပ်ချက်သက်သက်ပဲ ဖြစ်နေပါလိမ့်မယ်။ လက်တွေ့မှာ ဖြစ် လာမယ်မဖြစ်လာဘူးဆိုတာ မပြောနိုင်ပါဘူး။ သူတို့ကိုယ် တိုင်က ပြောင်းလဲဖို့သာ လိုတာပါ။ ကျမတို့နိုင်ငံရဲ့ အကျိုးစီးပွားကို တကယ်လိုလားတယ် ဆိုရင်တော့ ဒါ ပြောင်းလဲဖို့လိုအပ်တာပေါ့။ မပြောင်းလဲဘူးဆိုရင်တော့ နိုင်ငံရဲ့အကျိုးစီးပွားကို မလိုလားလို့ပဲလို့ ကျမတို့က ဒီလိုသုံးသပ်ပါတယ်။

ငြမ်းမီဒီယာ – NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ဘယ်လောက်ဆောင်ရွက် ပေးနိုင်တယ်လို့ ထင်ပါသလဲ။

DATDM – လက်ရှိအချိန်ထိတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ပြည့်ပြည့်စုံစုံ ထိထိရောက်ရောက် ဆောင်ရွက်ပေးတာမျိုးတော့ မရှိသေးဘူး။ NLD အစိုးရအနေနဲ့ ရာနှုန်းပြည့် လုပ်ပိုင်ခွင့်မရှိသေးလို့ လက်ရှိမှာ မလုပ်နိုင်သေးပေမယ့် လုပ်ပိုင်ခွင့်ရှိလာခဲ့ရင်တော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။

ငြမ်းမီဒီယာ – ICJ ကိစ္စပေါ်လာတဲ့အချိန်မှာ အလားတူပြသနာမျိုးတွေဟာ ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာလည်း ရှိနေခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ကြားလာရပါတယ်။ ဒီအခြေအနေကို တိုင်းရင်းသားနိုင်ငံရေး ပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

DATDM – ဒါတွေက တကယ်ခံစားခဲ့ရတဲ့ တိုင်းရင်းသားတွေအနေနဲ့ အထောက်အထားတွေရှိလို့ တကယ်ခံစား ခဲ့ရတဲ့အကြောင်း ပြောကြတာပါ။ တကယ်ခံစားခဲ့ရပေမယ့် အရင်က ခုလိုပြောဖို့ အခွင့်အရေးမရှိခဲ့ဘူး။ ဒါကြောင့် တိုင်းရင်းသားတွေဘက်က ခုလိုပြောလာကြတာကို မှားတယ်လို့ ကျမအနေနဲ့ မယူဆပါဘူး။ သူတို့ အထောက်အထားတွေ ပြည့်ပြည့်စုံစုံနဲ့ ဖော်ပြကြတာဖြစ်လို့ မှားတယ်လို့ ပြောလို့မရပါဘူး။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေကို ထိပ်တန်းရာထူးနေရာတွေမှာ တာဝန်မပေးတာနဲ့ပတ်သက်ပြီး ပြောဆိုထောက် ပြကြတာတွေရှိပေမယ့် မြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတဟာ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ခဲ့သလို တတိယမြောက် သမ္မတဟာလည်း ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ခဲ့တယ်ဆိုပြီး ပြန်ချေပကြတာလည်းရှိပါတယ်။ အခု ၂၀၁၀ ကစပြီးတော့လည်း ဒုသမ္မတနေရာမှာ တိုင်းရင်းသားတစ်ဦးစီ နေရာရလာတာလည်းရှိတော့ ဒီအခြေအနေတွေ အပေါ်မှာ နိုင်ငံရေးအမြင်နဲ့ လက်တွေ့ကျကျ ဘယ်လိုသုံးသပ်မိပါသလဲ။

DATDM – ဒါက ၂၀၁၀ ဒီဘက်ပိုင်းမှာ အခြေအနေက အရင်ကထက် နည်းနည်းလေးတော့ ပြောင်းလဲလာတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဒုသမ္မတအဖြစ် တာဝန်ပေးတယ်ဆိုပေမယ့် ဒုသမ္မတတွေရဲ့ နောက်ကြောင်းတွေကို ကြည့်လိုက်ရင် သာမန် ဒီဘက်က အရပ်သားထဲကမဟုတ် ဘူးလို့ ကျမမြင်မိတယ်။ အဲဒီလို အနေအထားမျိုးတော့ မြင်ရတယ်။ ဒါတွေက ခေတ်အဆက်ဆက် နောက်ဆုံး စစ်အစိုးရခေတ်အထိ ဖြစ်ခဲ့တာတွေပါ။ တိုင်းရင်းသားတွေထဲက သမ္မတဖြစ်ခဲ့တယ်ဆိုတာကလည်း သူတို့က သက်တမ်းအကြာကြီး ဖြစ်ခဲ့တာ မဟုတ်ဘူးလေ။ ပြောရမယ်ဆိုရင် ခဏလေးပဲ ဖြစ်ခဲ့တာပါ။ နောက်ပြီး ကျမသိရသလောက် အဲဒီခေါင်းဆောင်တွေထဲက အဖမ်းခံရတာတွေရှိသလို ဘယ်မှာ ဘယ် လို အသတ်ခံတယ်ဆိုတာတောင် မဖော်ထုတ်နိုင်တာတွေလည်းရှိတယ်။ ခုအချိန်ထိတောင် တိတိကျကျ မဖော်ထုတ်နိုင်ဘူး။ အဲဒီတော့ အရင်ကတည်းက တိုင်းရင်းသားတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုမျိုးလုပ်ခဲ့တယ်ဆိုတာတော့ သိသာပါတယ်။

ငြမ်းမီဒီယာ – ၂၀၁၀ ကြံ့ခိုင်ရေးအစိုးရ လက်ထက်နဲ့ အခု NLD အစိုးရလက်ထက် ယှဉ်ကြည့်ရင် တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်မှုတို့၊ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့မှာ ဘယ်အစိုးရက ပိုအားကောင်းတယ် လို့ ပြောနိုင်မလဲ။

DATDM – ဒီလိုရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားတွေထဲကလည်း လွှတ်တော်ထဲကိုရောက်ကြတာ ရှိပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲရောက်ကြတဲ့ အများစုက စစ်တပ် အသိုင်းအဝိုင်းနဲ့ အဆင်ပြေတဲ့သူတွေပေါ့။ ၂၀၁၅ နောက်ပိုင်း လွှတ်တော်ထဲရောက်တာက အရင်လိုမဟုတ် ဘဲ ကွဲပြားလာတာတော့ တွေ့ရပါတယ်။ ရွေးကောက်ပွဲ အကြိုကာလမှာကတည်းက ကျမတို့ကိုယ်တိုင် NLD ထဲကဝင် ပြိုင်ကြပါ၊ တိုင်းရင်းသားတွေ အမျိုးသမီးတွေကို ဦးစားပေးတယ်လို့ ပြောခဲ့ပါတယ်။ ဆိုတော့ ၂၀၁၅ နဲ့ ၂၀၂၀ ကြား လွှတ်တော်ထဲရောက်ကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေထဲမှာ ဒီကမ်းလှမ်းချက်တွေကို လက်ခံပြီး ဝင်ခဲ့တဲ့သူတွေရော၊ တခြားတိုင်းရင်းသားကိုယ်စားလှယ်တွေရော ရှိပါတယ်။ အရင်လို သူတို့လူတွေ မဟုတ်တော့တာ တွေ့ရတယ်။ နောက်တစ်ခု ရွေးကောက်ပွဲကိုကြည့်ရင်လည်း ၂၀၁၀ တုန်းကဆို တိုင်းရင်းသားပါတီတွေ ရွေးချယ်ခံတဲ့နေရာမှာ မဲဆန္ဒရှင်ပြည်သူတွေ ခြိမ်းခြောက်ခံရတာတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ ဆိုတော့ ကျမတို့က ပြိုင်သာပြိုင်တာ တရားမျှတတယ်လို့ မခံ စားရဘူး။ ၂၀၁၅ မှာ ဒီကိစ္စတွေ နည်းနည်းလျော့လာတယ် ဆိုပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ခြိမ်းခြောက်ခံနေရတာတွေ ရှိနေဆဲပါပဲ။ ဆိုတော့ အစိုးရခြင်း ယှဉ်ကြည့်ရင် ဒီဘက် NLD အစိုးရလက်ထက်မှာလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က အစိုးရဖြစ်နေပေမယ့် ဒါမျိုးခြိမ်းခြောက်တာတွေ မတွေ့ရဘူး။၂၀၁၀ တုန်းကဆို လက်နက်ကိုင်ပြည်သူ့စစ်တွေဘက်က ခြိမ်းခြောက်တာတွေ၊ ကြိုတင်မဲကိစ္စတွေ စသဖြင့် အများကြီးရှိခဲ့တယ်။ ကျမတို့ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတယ်။ ဒီလိုအချက်တွေကတော့ ကွာခြားမှုရှိပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

DATDM – အဓိက က ၂၀၂၀ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ ကျမတို့က ဒါကိုပြောချင်ပါတယ်။ ကျမတို့ ပါတီက တက်လာတဲ့အစိုးနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိတယ် ဆိုပေမယ့် တက်လာတဲ့ အစိုးရက မှန်မှန်ကန်ကန် မျှမျှတတယှဉ်ပြိုင်ပြီး တက်လာတာမျိုး ဖြစ်ဖို့တော့လိုပါတယ်။ နိုင်ငံရဲ့အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မယ့်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးမယ့်၊ တိုင်းရင်းသားတွေနဲ့ လက်တွဲဆောင်ရွက်နိုင်မယ့် အစိုးရမျိုးကို ကျမတို့ လိုလားပါတယ်။ မမှန်ကန်မမျှတတဲ့နည်းနဲ့ အနိုင်ရတဲ့ အစိုးရမျိုးကို ကျမတို့တိုင်းရင်းသားတွေက လက်မတွဲချင်ပါဘူး။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,