တိုင်းရင်းသား လူမျိုးစုငယ်တွေ ဖိနှိပ်မှုခံနေရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်သူ ဦးမြအေး

ပြည်နယ် အတွင်းမှာ ရှိတဲ့ လူမျိုးစုတွေကြားမှာ လိုက်ပြီး သွေးခွဲ နေခြင်းဟာ နောင်တစ်ချိန်မှာ လူမျိုးစု ပဋိပက္ခတွေနဲ့ တိုင်းပြည်မတည်ငြိမ်မှုကို ဖြစ်ပေါ်စေမှာ ဖြစ်တယ်။ တကယ့်တကယ် …

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊တိုင်းရင်းသားလူမျိုးစု များအတွင်းရှိ လူမျိုးစုငယ်များ၏ အခြေအနေများ၊၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နေမှု အခင်းအကျင်း၊ရွေးကောက်ပွဲနှင့် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသား ခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင် တည်ထောင်သူ ဦးမြအေး ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်း ခဲ့သည်။

ငြမ်းမီဒီယာ – ဦးမြအေး ဦးဆောင်လုပ်ကိုင်နေတဲ့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ပြောပြပေးပါ။ပြီးခဲ့တဲ့လတွေက တောင်ကြီး၊မန္တလေးနဲ့ရန်ကုန်မှာ လုပ်ခဲ့တဲ့ပွဲတွေအပါအဝင်ပေါ့ ဦးမြအေး။

UMA – ကျနော်တို့ ပင်မမြန်မာနိုင်ငံ ဘယ်လို ဖြစ်လာသလဲ ဆိုတာပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားပေါင်းစုံ နဲ့ ပင်လုံတို့၊ ဘာတို့ဆိုတာ အလကားချုပ်ခဲ့တဲ့ စာချုပ်တွေ မဟုတ်ဘူး။ တိုတိုနဲ့လိုရင်းပြောရမယ်ဆိုရင် တိုင်းပြည်ရဲ့ လိုအပ်ချက်ကိုက ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်တည်ဆောက်မှရမယ်။ မတည်ဆောက် နိုင်သရွေ့ကာလပတ်လုံး ပြည်တွင်းစစ်ကလည်း ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ပြည်တွင်းစစ် ချုပ်ငြိမ်းအောင် လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါက နိုင်ငံရေးရဲ့အဓိက ပင်မကျတယ်လို့ မြင်တယ်။ ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု ဆောင်ပုဒ် ကိုယ်တိုင်ကိုက မြန်မာနိုင်ငံ ကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှ သာလျင် ငြိမ်းချမ်းရေးရမယ်။ ငြိမ်းချမ်းမှသာလျင် ဒီမိုကရေစီရှင်သန်နိုင်မယ်လို့ ဒါကျနော်တို့ ခံယူချက်လည်း ဖြစ်တယ်။ အဲဒါနဲ့အညီ ကျနော်တို့ တစ်လျောက်လုံး တိုင်းရင်းသား တွေနဲ့ ထိတွေ့ခဲ့တယ်။ ဒါပင်မနိုင်ငံရေး ရေစီးကြောင်းလို့လည်း ကျနော်မြင်တယ်။ ဒါက ကျန်တဲ့ဟာတွေ ပစ်ပယ်တာတော့ မဟုတ်ဘူး။ တကယ်လည်း Democratization တစ်ခု အောင်မြင်ဖို့ ဆိုရင် သူ့ရဲ့ Principle ထဲမှာ Power Sharing ကလည်း ပါတယ် လေ။ Power Sharing မှာလည်း Vertical ရှိတယ်။ Horizontal ရှိတယ်။Horizontal က တော့ အားလုံးသိတဲ့ အတိုင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်မျိုးဆက် က လက်နက်ကိုင်ဘက်ကို ယိမ်းသွားမှာ။ ဒါကတော့ တိုင်းပြည် အတွက် စိုးရိမ်စရာရှိတယ်။ ကျနော်တို့က …

Vertical မှာကျတော့လည်း ပြည်နယ်တွေကို အာဏာခွဲဝေပေးဖို့၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ကိစ္စကလည်း ဒီထဲမှာ ပါတယ်။ ကျနော်တို့ က အဲဒါနဲ့ပတ်သက်ပြီး လုပ်ခဲ့တဲ့ အခါမှာ မတူညီတဲ့ သဘောထားတွေကို အခြေခံအားဖြင့် နားထောင်တယ်။ နောက်ပြီးတော့ သမိုင်းဆိုင်ရာလေ့လာမှုတွေ လုပ်တယ်။ နောက်တစ်ခုက ဖြစ်နေတဲ့ လက်ငင်းအခြေအနေတွေနဲ့ ဘယ်လို ပေါင်းစပ်မလဲဆိုတာ ရှာဖွေကြံဆတယ်။ကြံဆတဲ့ အခါမှာ ကျနော်တို့ လုပ်တယ်ဆိုတာထက် ကျနော်တို့ က လုပ်နိုင်တဲ့ အခွင့်အလမ်းတစ်ခုကို ဖန်တီးတယ်ဆို ပိုပြီး မှန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ က We are not policy maker လေ။ ကျနော်တို့က ပေါ်လစီပြုသူတွေကို ပြည်ထောင်စုအသစ်ကို ဘယ်လို ဖွဲ့စည်းမလဲဆိုတာ ပုံစံပေါ်အောင်လုပ်တာ။ ဒါ ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုရဲ့ ပင်မလုပ်ငန်းပဲ။ နာမည်ကို က အဲဒါကြောင့်ပေးထားတာ။ ပြီးခဲ့တဲ့ဟာမှာ တောင်ကြီးမှာ တစ်ပွဲ လုပ်တယ်။ ဒီဟာတွေက Consulation meeting တွေပဲ။ လုပ်တဲ့ အခါမှာ ပြည်မမှာ ရှိတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ နဲ့လုပ်တယ်။ တောင်ကြီးမှာ လုပ်တဲ့ ရည်ရွယ်ချက်ကိုက တောင်ကြီးက ဖက်ဒရယ်အရေးနဲ့ ပတ်သက်ရင် ကနဦး ဖြစ်တယ်လို့ မြင်တယ်။ ရှမ်းမူကိုလေးစားတာလည်းပါတယ်။ အဓိက က တိုင်းရင်းသားတွေ ရဲ့ နိုင်ငံရေးသဘောထားကို လေးစားမှု ပေးတဲ့ အနေနဲ့ ပြည်မနိုင်ငံရေးသမားတွေ နဲ့ အဲဒီမှာ ကျနော်တို့ တစ်ခု လုပ်တယ်။ နောက်ပြီးတော့ ပြည်မနိုင်ငံရေးသမားတွေရဲ့ သဘောထားကို စုတယ်။ တစ်ခုရှိတာပေါ့။ အဲဒီမှာ EAO မပါဘူး။ ပါတီ မပါဘူး။ ပြီးတဲ့အခါ မန္တလေးမှာတစ်ခါ လုပ်တယ်။ အဲဒီမှာ တိုင်းရင်းသားဒေသက နိုင်ငံရေး သမားတွေကိုစုတယ်။ တက်ကြွ လှုပ်ရှားသူတွေကို စုတယ်။ အဲဒီမှာ တိုင်းရင်းသား ဒေသရဲ့ အသံကို တစ်ခါ ပြန်စုတယ်။ နောက်ဆုံးကကျတောဲ့ ဒီရန်ကုန်Summit Park View ဟိုတယ်မှာ လုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဟာက တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ ပြည်မက နိုင်ငံရေးပါတီတချို့ပါတယ်။ ပြည်မမှာတော့ ဒီမိုကရက်တစ် ပါတီလို့ ယူဆရတဲ့ သူတွေကို ခေါ်တယ်။ အထူး သဖြင့် ကျနော်တု့ိရဲ့ ညီနောင်တွေကိုခေါ်တာများပါတယ်။ နောက်တစ်ချက်က ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုလည်း ခေါ်ခဲ့၊ဖိတ်ခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အကြောင်းကြောင်းကြောင့် သူမတက်နိုင်တဲ့အကြောင်း ကျနော်တို့ကို အကြောင်းပြန်တယ်။ အဲဒီမှာ တိုင်းရင်းသားနိုင်ငံရေး ပါတီပေါင်း သုံးဆယ်ကျော် အကုန်ပါတယ်။ ပါတီ အသေးလေးတွေ လည်း ပါတယ်။အကြီးတွေလည်း ပါတယ်။ ဒီသဘောထားတွေ စုတယ်။ ဒီသဘောထားတွေ တစ်ခုချင်း၊တစ်ခုချင်း အလိုက်၊ စာအုပ်တွေရှိပြီးသား။မှတ်တမ်းတွေ ရှိပြီးသား။ ဒီလကုန်မှာတော့ ကျနော်တို့ ဒီဆွေးနွေးပွဲရဲ့ အမြင်တွေကို စာတမ်းတစ်ခု ထုတ်သွား မယ်။ ဒါက ကျနော်တို့ရဲ့ First Plan ပေါ့။ ဒါက ဒီနှစ်မှာ။ပြီးတော့ ရွေးကောက်ပွဲ ရှိတယ်။ ရွေးကောက်ပွဲမှာလည်း တစ်ဖက်က ကျနော်တို့မူအရ တိုင်းရင်းသား ဒေသ မှာတိုင်းရင်းသားပါတီတွေ အနိုင်ရတာ လိုချင်တယ်။ မြင်ချင်တယ်။ ကျနော်တို့ တတ်နိုင်သေ လာက် တိုင်းရင်းသားပါတီတွေကို ဖြစ်နိုင်သလောက်ဝန်းရံဖို့ ဆန္ဒရှိတယ်။ ပြည်မမှာ တော့ ရှင်းတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလွဲလို့ တခြား ကျနော်တို့ မမြင်သေးဘူးလေ။ ခြုံပြောရရင် ဒီမိုကရက်တစ် အင်အားစုတွေ ကို နိုင်စေချင်တယ်။

ငြမ်းမီဒီယာ– တောင်ကြီးမှာလုပ်ခဲ့တဲ့ ပြည်မနိုင်ငံရေးသမားတွေနဲ့ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပွဲ သူတို့သဘောထား အခြေအနေ ကရော ဘယ်လိုရှိလဲ။ ဘယ်လိုအကဲခတ်မိလဲ။

UMA – သိပ်ကောင်းတယ်ဗျ။ ဒါကြောင့်လေ နိုင်ငံရေးမှာ ကိုယ်ကြီးပဲထင်နေသလို ထင်တစ်လုံးနဲ့ လုပ်လို့ မရဘူးဗျ သိလား။ ကျနော်တော်တော်သဘောကျတယ်။ ကျနော်လည်းဝင်ဆွေးနွေး တယ်။ ကျနော့်ကို ခင်ဗျားကလုပ်တယ်။ ခင်ဗျား မဆွေးနွေးနဲ့ ထိုင်နားထောင်ဆိုပြီး(ရယ်လျက်ပြော)။သူတို့ဆွေးနွေးချက်တွေကတော်တော်ကောင်းတာဗျ။ ထင်မထားဘူး။

ငြမ်းမီဒီယာ– ဘယ်လိုအချက်တွေကြောင့် ကောင်းတယ်လို့ပြောတာလဲ။

UMA – ကောင်းတယ်ဆိုတာ က ဥပမာအားဖြင့်ဗျာ ကျနော်တို့ထက် အသက်အများကြီးငယ်တဲ့ လူငယ် တစ်ယောက် ဆွေးနွေးသွားတာ ဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပြည်ထောင်စုစစ်စစ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတဲ့ အချက်ကို ထောက်ပြတာ။ တော်တော်ကောင်းတယ်။ အချက်အလက်နဲ့ ထောက်ပြတာ။ ဒီအတိုင်းအလွတ်ကြီး စိတ်ထင်ရာမြင်ရာ ပြောတာမဟုတ်ဘူး။ နောက်တစ်ခုက တကယ့် ဖက်ဒရယ် ပြည်ထောင်စု အစစ် တည်ဆောက်ဖို့လိုတယ်။ ကျနော်တို့ အရင်ပုံစံမျိုး အတွေးအခေါ်ေ ဟာင်းတွေနဲ့ သွားလို့မရတော့ဘူးဆိုတဲ့ဟာတွေ၊ အဲဒီဆွေးနွေး ချက်တွေက သိပ်ကောင်းတယ်ဗျာ။ ကျနော်ထင်ကို မထားတာ။ ဆိုလိုတာက တော်တော်များများပြောကြတယ်လေ။ဗမာလူမျိုးတွေ ၊ဗမာတွေက အမြဲတမ်းပဲ ကြီးစိုးချင်တယ် ပြောတာ။ Burmanization ကတော့ ရှိတယ်။ Burmanization ရှိတယ်ဆိုတဲ့ အကြောင်းကို ဗမာလူမျိုး၊ ဗမာ တိုင်းရင်းသားတွေကိုယ်တိုင် ကိုက ပြောတာ။ နိုင်ငံရေးသမားတွေကိုယ်တိုင်ကိုက ပြောတာ။ဒါသူတို့ လည်း မလိုချင်တော့ဘူး။ တောင်ကြီးပွဲဆိုရင် ၇၄ Batch ကနေ ၂၀၀၇ အထိအကုန်ပါတယ်။ ကျနော် ထင်မထား ခဲ့ပေမယ့် တကယ့်ကိုကောင်းခဲ့တယ်။ Democratization ကို အောင်မြင်အောင် လည်း လုပ်သွားမယ်။ ဖက်ဒရယ်ကိုလည်း တွဲသွားမယ်။ တစ်စုံလုံးကို ခြုံပြီး ဆွေးနွေးသွားနိုင်တဲ့ လူတွေချည်းပဲ။ အဲဒီလူတွေက ပရိုဖိုင် အရ ပြောရင် လူသိတဲ့လူတွေ လည်းပါတယ်။မသိတဲ့ လူတွေလည်းပါတယ်။ ဒါပေမယ့် နိုင်ငံရေး လောကထဲက သိတဲ့ လူတွေပါပဲ။ ဆွေးနွေးချက်တွေက အရမ်းကောင်းပါတယ်။

ငြမ်းမီဒီယာ– ၇၄ မျိုးဆက်ကနေ ၂၀၀၇ မျိုးဆက်ဆိုတော့ အဲဒီ မျိုးဆက်အသီးသီးမှာရော ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ အမြင်ကွဲလွဲတာမျိုးရှိလားခင်ဗျ ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMA – ကြီးကြီးမားမား မရှိဘူး။ ဥပမာအားဖြင့် တော်တော် များများ ထောက်ပြတာက အော်လ်တာနေတစ်ကို စဉ်းစားမယ် ဆိုရင် ဒီ NCA စာချုပ်ဖြစ်ပေါ်လာအောင်ကြိုးစားခဲ့တဲ့ လူတွေနဲ့ လက်ရှိ NCA အတွင်းမှာ သွားနေတဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေရဲ့ သဘောထားကို လေးစားဖို့လိုတယ်။ အဲဒီသဘောထားကို လည်း ကျနော်တို့ ယူရမယ်။ဆိုလိုတာက NCA အတိုင်းသွားနေတဲ့ အခြေအနေကိုတော့ ပြင်ရမယ်ဆိုတာ အကုန်လုံးက လက်ခံ တယ်။ ဒီအခြေအနေအတိုင်းသွားလို့ မရဘူး။သို့သော် ဒါကြီးကို ပစ်ချလိုက်ပြီ တခြားဟာ သွားဖို့ဆိုရင် ဒီလူတွေရဲ့ ဆန္ဒ သဘောထား ကို မတီးခေါက်ဘဲ သွားလို့မရဘူးဆိုတာ တကယ် ကောင်း တယ်။ ဒီထောက်ပြချက် တွေက တစ်ခါတစ်လေ ကျနော်တို့တောင် သတိမမူမိတဲ့အချက်တွေ ရှိတယ်လေ။ နောက်တစ်ချက်က လက်ရှိ အစိုးရ လုပ်နေတဲ့ဟာသည် လောလောဆယ် (၂၁) ပင်လုံရဲ့ အခင်းအကျင်းပေါ့ဗျာ။ (၂၁) ပင်လုံရဲ့ အခင်းအကျင်း ဟာ ကြာလေလေ တိုင်းပြည်နစ်နာလေ ဖြစ်လိမ့်မယ်ဆိုတဲ့ အချက်တွေအပေါ်မှာတော့ ကွာဟချက် မရှိကြဘူးဗျ။ တစ်ခုကောင်းတဲ့ ကိစ္စက ဗျာ ပြည်မနိုင်ငံရေး သမားတွေ အထူးသဖြင့် ဗမာ တိုင်းရင်းသားတွေအများစုပါတဲ့ နိုင်ငံရေးသမားတွေအကုန်လုံးက ဖက်ဒရယ်စစ်စစ်ကို သွားမှရမယ်ဆိုတာ အားလုံးက သဘောတူတယ်။ တချို့ ထင်နေသလိုမျိုး အုပ်ထားတယ်ဆိုတာတော့ လုံးဝမဟုတ်ဘူး။ ကျနော် မြင်တာ အဲဒီလိုမရှိဘူး။ နောက်မျိုးဆက်ကို ကြည့်လိုက်မယ် ဆိုရင် လေ့လာအားတွေက ထင်မထား လောက်အောင်ကောင်း တယ်။ ဥပမာ ၂၀၀၇ မျိုးဆက်တွေဆိုရင် လူ့အခွင့်အရေး ရှုထောင့်ကနေ ချဉ်းကပ်တာတွေ ၊လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောသွားတာတွေ ၊ပြည်ထောင်စုရဲ့ သဏ္ဍန်ကို ဘယ်လိုသွားမလဲ ဆိုတာ ပြောသွားတာတွေက မထင်ထားဘူး။ တော်တော် များများ ကတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ဒီအတိုင်းသွားရင် မအောင်မြင်နိုင်ဘူးဆိုတာ သုံးသပ်ချက်တော့ ရှိတယ်။ အသစ်တွေ အများကြီးရတယ်။

ငြမ်းမီဒီယာ– မန္တလေးမှာ လုပ်ခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲ မှာ ဆို တိုင်းရင်းသားလူငယ်တွေလည်း တွေ့ရတယ်။ တချို့ဆို ပရိုဖိုင်းအကြီးကြီးမရှိပေမယ့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အဖြစ်နဲ့တော့ သတိထားမိပါတယ်။ အဲဒီဆွေးနွေးပွဲကရော ဘာထူးခြားချက်တွေရှိလဲ။

UMA – အဲဒီပွဲလည်း အရမ်းကောင်းတယ်။ နံပါတ်တစ်က ဘယ်သူမှ ပြည်ထောင်စုကြီးကို ပြိုကွဲချင်တဲ့ ဆန္ဒမျိုးမရှိဘူး။ ဒါလုံး၀ သေချာ တယ်။ နံပါတ် နှစ်က တိုင်းရင်းသားကျတော့ တိုင်းရင်းသား ဒေသအခံနဲ့ ပြန်ဆွေးနွေးတာ။ ဒေသအခံနဲ့ ပြန်ဆွေးနွေးတဲ့ အခါမှာ နှစ်လိုင်းကွဲ သွားတယ်။ တချို့ကျတော့ ဒေသခံအနေနဲ့ ခံစားမှုကိုတည်ပြီးပြောတာ။ တချို့ကျတော့ လက်နက်ကိုင်အဖွဲ့ရဲ့ သဘောထားအပေါ်မှာ မူတည်ပြီးပြော တာ။အဲဒါကတော့ နည်းနည်း လေးကွာတယ်။ ဒါပေမယ့် လုံးဝကြီး ကွဲပြားသွားတာ မဟုတ်ဘူး။ ချုပ်လိုက်ရင် အနှစ်သာရ ဘာသွားတွေ့လဲဆိုတော့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမှာ ပူးပေါင်းဆောင်ရွက်မှုရှိနေတဲ့ Political Space ကိုချဲ့ပေးရမယ် ဆိုတာ ထင်းခနဲမြင်ရတယ်။ Political Space ကိုချဲ့ပေး မှ သာလျင် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ နေရာမှာ သွက်လက်မြန်ဆန်မယ်။ Political Space ကို မချဲ့ပေးပဲနဲ့ ပိုပြီး အမြင်စောင်းအောင်လုပ်လာခဲ့မယ်ဆိုရင် မြေပေါ် လှုပ်ရှားမှု တွေက တိုင်းရင်းသားနိုင်ငံရေးအတွက် ဘာမှ အကျိုးအမြတ်မရဘူးလို့ သုံးသပ်လာခဲ့မယ်ဆိုရင် နောက်မျိုးဆက် က လက်နက်ကိုင်ဘက်ကို ယိမ်းသွားမှာ။ ဒါကတော့ တိုင်းပြည် အတွက် စိုးရိမ်စရာရှိတယ်။ ကျနော်တို့က တကယ်တမ်းက ဒီဘက်မှာ နိုင်ငံရေးဆန္ဒ ရှိပြီးသားဗျ။ တိုင်းရင်းသားတွေအနေနဲ့က ပြည်ထောင်စုကြီးက ခွဲထွက်သွားမယ်ဆိုတာ တစ်ယောက် မှ မရှိဘူးဗျာ။ နောက်တစ်ချက်က ဘာလဲဆိုတော့ ပြည်နယ် အသစ်တွေပေါ်ပေါက်ဖို့ ဆန္ဒရှိတဲ့ သူတွေလည်း ရှိကြတယ်။ ဥပမာအားဖြင့် အားလုံးသိတဲ့အတိုင်းပဲ ၀ ဆိုရင် ပြည်နယ် လိုချင်တယ်။ ဒါက သူ့ရဲ့ ဆန္ဒ သဘောထား ပဲ။ ဒီအပေါ် မှာလည်း မျှတတဲ့ အမြင်တွေနဲ့ ဆွေးနွေးဖို့ ညှိနှိုင်းဖို့ ပြည်နယ်သစ်တွေ မွေးဖွားပေးနိုင်တဲ့ Criteria တွေဆွေးနွေးဖို့ဆိုတဲ့ အခြေအနေတွေ ရှိလာတယ်။ သေချာတာတစ်ခုက အားလုံးရဲ့ Point Out က ဘာသွားတူလဲဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အတွင်း က သွားလို့ကေ တာ့ ဘယ်လိုမှ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် မဟုတ်ဘူး ဆိုတဲ့ အမြင်ရှိသလို ပြည်တွင်းစစ်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ကြာလေလေ အီလေလေဖြစ်ပြီးတော့မှ လည်ထွက်သွားနိုင်တယ်ဆိုတာမျိုး အကုန်လုံးက မြင်ကြတယ်။ ကျနော်ပြောတာက ဒါက လုံး၀ EAO လည်းမဟုတ်ဘူး။ ပါတီ လည်းမဟုတ်တဲ့ တိုင်းရင်းသား ဒေသက သူတွေရဲ့သဘောထားနဲ့ EAO လည်းမဟုတ်၊ ပါတီ လည်းမဟုတ်တဲ့ ပြည်မက နိုင်ငံရေး သမားတွေရဲ့ သဘောထား။ဒီသဘောထားတွေ စုတဲ့အခါမှာ သိပ်ကွာဟမှုမရှိဘူး။ တစ်ခုပဲ Democratization နဲ့ ဖက်ဒရယ်နဲ့ အမှန်က တစ်စုံလုံးပြဿနာကိုစဉ်းစားရရင်တော့ တူတူပဲ။ ဒါပေမယ့် အခြေအနေအရ နည်းနည်းခွဲပြော နေရတာတော့ ရှိတာပေါ့။ အဲဒါက လွဲရင် တိုင်ရင်းသားတွေ အစွန်းရောက်တွေ ဘာတွေပြောတယ်။ ကျနော် တွေ့တာတော့ အစွန်းရောက်တာ မတွေ့ဘူး။ စိတ်ခံစားမှုများတဲ့အခါမှာပြောတဲ့အခါ ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် အကုန်လုံးက ယထာဘူတကျကျ စဉ်းစားနိုင်တဲ့သူ၊တွေးခေါ်နိုင်တဲ့သူချည်း ပါပဲ။ပြည်ထောင်စု တစ်ခုလုံး ၊တစ်စုံလုံး အတွက် ဝိုင်းစဉ်းစားနေတဲ့ သူတွေချည်းပဲ။ ကွာသွားတာက ပြည်မနိုင်ငံရေးသမားကတော့ တစ်စုံလုံး အတွက်ကို တစ်ခါတည်း ပြောတာပေါ့ ဗျာ။ တိုင်းရင်းသားကတော့ တိုင်းရင်းသားဒေသအခြေခံနဲ့ ချဉ်းကပ်ပြီးပြောတယ်။ ဒါပဲကွာတာ။

ငြမ်းမီဒီယာ – အဲဒီတော့ တိုင်းရင်းသားမှာလည်း လူကြီးလူငယ် ပါတော့ မျိုးဆက် တစ်ခုနဲ့တစ်ခုကြားမှာရော ဘယ်လိုကွာဟမှုတွေ ရှိနေလဲ။

UMA – သိပ်မဝေးတော့ဘူးဗျ သိလား။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာ နောက်ဆုံးလုပ်တဲ့ပွဲက တိုင်းရင်းသား ပါတီတွေ ဖြစ်တာ ကိုး။ Policy maker roll မှာ ရှိတဲ့လူတွေ။ လူကြီးတွေ ကတော့ နိုင်ငံရေးပိုဆန်ပြီး နိုင်ငံရေး စကားကိုပြောတာပေါ့ ဗျာ။ဒီလောက် မဝေးဘူး။ဆိုလိုချင်တာက တိုင်းရင်းသားဒေသခံ လူငယ်တွေနဲ့ တိုင်းရင်းသား လူကြီးတွေကြားမှာ အရမ်းကွာသွားတဲ့ ဟာမျိုးတော့ မရှိဘူး။ တင်ပြပုံ presentation လုပ်တဲ့ နေရာမှာပဲ မတူတာ။ Goal ကတော့ တူတူပဲ။ တစ်ခုရှိတာက လူငယ်တွေ ကကျတော့ ပိုပြီးတော့ စဉ်းစားထား တာ ဒီပြဿနာကြီးကို အတွေးအေခါ်အသစ်တွေနဲ့ ချဉ်းကပ် ဖြေရှင်းသင့်တယ် ဆိုတာ၊ သမိုင်းကြောင်း ကို တူးဆွပြီး သင်ခန်းစာယူဖို့ပဲဖြစ်တယ်။ သမိုင်းကြောင်းရဲ့အနာတွေအပေါ်မှာ ထပ်ပြီး ဆွစရာ မရှိတော့ ဘူးလို့ မြင်တဲ့လူလည်း မြင်တယ်။ တချို့ လူကြီးကတော့ နည်းနည်းတော့ ကျန်တာပေါ့ဗျာ။ ဒါပေမယ့် ကျနော် သိသလောက် အများပေါ့ ဒီတစ်လျောက်လုံး ခြုံငုံသုံးသပ်ရရင် အကုန်လုံးက အပြုသဘောဆန်တဲ့ အမြင်တွေ ရှိကြတယ်။ စောစောက ပြောသလိုပေါ့ presentation လုပ်တဲ့အခါမှာ အနာတွေပါရင် ပါလိမ့်မယ်။ အားလုံး က တော့ ဒီဟာပြီးသွားရင် Goal ကတော့ အကုန်တူတယ်။

ငြမ်းမီဒီယာ– ဦးမြအေး ဆိုလိုတာက လူကြီးတချို့မှာ အတိတ်က အနာတွေ ပါတယ်။လူငယ်တွေမှာမပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMA – လူငယ်တွေ မှာတော့ တော်တော်ကို ကင်းတယ်။ ကျနော်ပြောတာကလေ လူကြီးတွေမှာ presentation မှာပဲ နည်းနည်း ဖြစ်တာနော်။ တကယ်တမ်းစိတ်ထဲမှာကျတော့ အဲလို မရှိတော့ဘူး။ ဒါကတော့ သမိုင်းမှာဖြစ်ခဲ့တာတော့ ပြောကြမှာ ပဲလေ။ ကျနော်တို့က နားလည်ပေးရမယ်လေ။ မဟုတ်ဘူးလား။ တကယ်လည်း နာခဲ့ရတဲ့ ဟာတွေ ရှိတာကိုး။ ကျနော်မြင်တာ ကတော့ ဖြည့်စွက်စဉ်းစားပြီးတစ်ဖက်နဲ့တစ်ဖက် နားလည်မှုနဲ့ နိုင်ငံရေးကိုနိုင်ငံရေးပုံစံ ချဉ်းကပ်ပြီး ဖြေရှင်းရင် ဒီပြဿနာ ပြေလည်တယ်။ နိုင်ငံရေးဆန္ဒရှိဖို့ လိုတာပေါ့။

ငြမ်းမီဒီယာ– အဲဒီတော့ ဦးမြအေးတို့ ဆွေးနွေးခဲ့တဲ့ ပွဲနှစ်ခုမှာ (၂၁)ပင်လုံရဲ့ လုပ်ငန်းစဉ်ကို ဘယ်လို သုံးသပ်ကြလဲ။

UMA – ပွဲက သုံးခုဗျ။ ကျနော်တို့ ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုက ဒီလကုန်မှာ စာတမ်းထွက်ပါလိမ့်မယ်။ ဒီသုံးပွဲလုံးရဲ့ သုံးသပ်ချက် စာတမ်း ထွက်ပါလိမ့်မယ်။ ထွက်တဲ့အခါမှာလည်း ပါလာမှာပါ။ တော်တော်များမျာက လက်ရှိသွားနေတဲ့ ၂၁ ပင်လုံ အခင်းအကျင်းက (၅၁)ချက် ပါတယ်။ဒီ(၅၁) ချက်ထဲမှာ Use လုပ်လို့ရတဲ့ဟာ ရှိတယ်။ တချို့ကကျတော့ နိုင်ငံရေးမဟုတ်ပေမယ့် နိုင်ငံရေးခေါင်းစဉ်အောက် ဆက်ထား ရတာရှိတယ်။ နောက် တစ်ချက်က ဟန်ချက်မညီတဲ့ပြဿနာ။ ဒါက ဆယ်ဖွဲ့နဲ့ဆွေးနွေး ထားတဲ့ဟာ။ဒါပေမယ့် မြောက်ပိုင်း သည် သီးခြားပြန်ဖြစ်လာတယ်။ ဒီဟန်ချက်မညီတဲ့ဟာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ကိစ္စရပ်တွေ ။ခြုံပြောရရင် လက်ရှိ NRPC ရဲ့အားနည်းချက် တွေကို တော်တော် များများက ထောက်ပြကြတယ်။ NRPC မှာ တိုင်းရင်းသား တွေ ရဲ့ ခံစားမှုကို ခံစားနားလည်တဲ့ သူတွေ တာဝန်ယူရင် ပိုကောင်းမယ် ဆိုတာ ထောက်ပြတယ်။ သူက ကျတော့ အစိမ်းကြီးလို ဖြစ်နေ တာပေါ့။ တိုင်းရင်းသား တွေရဲ့ သဘာဝကို နားလည်ဖို့ သူကကြိုးစားဆဲ ပဲ ရှိသေးတာကိုး။ အစိမ်းကြီးလို ဖြစ်နေတာ တစ်ချက်။နောက်တစ်ခုက ပေးမှတို့၊ ယူမှတို့ ဆိုတာထက် အားလုံးဝိုင်းပြီးတော့ သွားရမယ်။ ကျနော်မြင်တာကတော့ တည်လိုက်မယ်ဆိုရင် ဖက်ဒရယ်နဲ့ ကိုက်တဲ့ Constitution တစ်ခုကို ဘယ်လိုဖော်ဆောင်မလဲ ဆိုတာကို ပြန်ရောက်တာပေါ့။

ငြမ်းမီဒီယာ– ပွင့်ပွင့်လင်းလင်းပြောလို့ရမလား ဗျ။NRPC မှာ စိမ်းနေ တယ် ဆိုတာ ဒေါက်တာတင်မျိုးဝင်းတို့လို ပုဂ္ဂိုလ်မျိုးကို ဆိုလိုချင်တာလား။

UMA – ကျေနော်ပြောတာက တော်တော်များများက ပုဂ္ဂိုလ်ရေးအရ ပြောတဲ့ဟာတွေလည်း ရှိတာပေါ့ဗျာ။ ပုဂ္ဂိုလ်ရေးအရ မပြောဘဲ ခြုံငုံပြီး ပြောသွားတာလည်း ရှိတာပေါ့။ ကျနော်မြင်တာက တိုင်းရင်းသားတွေ ရဲ့သဘာဝ၊သူတို့ရဲ့ အနေအထားကို နားလည်မယ် ဆို ပိုကောင်းတာပေါ့။ အဲဒီလိုမဟုတ်ဘူး။ ဥပမာအားဖြင့် ဆိုပါစို့။ ရခိုင်ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ ရခိုင်နိုင်ငံရေး သမားတွေကို ဘေးဖယ် ထားခြင်းက ရလဒ်ကောင်း မထွက်နိုင်ဘူး။ ဒီလိုမျိုးပြဿနာ လေးတွေ ရှိတယ်။ နောက်တစ်ခါ ကချင် ပြည်နယ်ထဲမှာ ရှိတဲ့ ရှမ်းနီနဲ့ ကချင်နဲ့ ဂျိမ်းဖောနဲ့ အတိုးအတိုက်တွေ ရှိတယ်။ ဒီအတိုးအတိုက်ကို ဘယ်လိုစေ့စပ် ညှိနှိုင်း ဖြေရှင်းသွားမလဲဆိုတဲ့ ဟာမျိုးတွေ၊ နောက် သီးခြား လွတ်နေတဲ့ ၀ ။ ၀ ဆို ပြည်နယ် လိုချင်တယ်။ဒါက ရှင်းတယ်။ ပြည်နယ် လိုချင်တဲ့ အခါမှာ ဘယ်လိုပုံစံ မျိုးတွေ Criteria တွေ ဆွေးနွေးမလဲဆိုတဲ့အချက်၊ အဲဒီတော့ တိုင်းရင်းသား တစ်ခုခြင်း ၊တစ်ဖွဲ့ခြင်း၊ တစ်ပြည်နယ်ခြင်း၊ တစ်ပြည်နယ်ခြင်း ပြည်နယ်တစ်ခု ထဲမှာ ဆိုပေမယ့် တိုင်းရင်းသား အုပ်စုတွေက ရှိသေးတာကိုး။

Burmanization ကြီးက လွှမ်းတယ်။အဲဒီအောက်မှာ တိုင်းရင်းသားတွေကို ဖိထားတယ်။ တိုင်းရင်းသားတွေက ထပ်ပြီး သူ့ထက် အငယ်…အငယ်တွေကို ထပ်ပြီးဖိတယ် …

Minority within a minority တွေရဲ့ ခံစားချက် ဒါတွေအကုန်လုံးကို နားလည်ဖို့ ဆိုတဲ့ဟာကတော့ နဂိုကတည်းက တိုင်းရင်းသား တွေနဲ့ ထိတွေ့ ဆက်ဆံထားတဲ့သူဆို ပိုကောင်းတယ်။ ပိုပြီး သွက်တယ်လို့ မြင်တယ်။ နောက်တစ်ချက်က တစ်ကယ်တမ်းကျတော့ ပြည်မ ဒီမိုကရက် တစ် အင်အားစုကြီး ကို၊တိတိကျကျ ပြောရရင် NLD ပါတီပေါ့။ တိုင်းရင်းသားတွေက အရမ်းအားကိုးတယ်။ ဒါပေမယ့် NLD ပါတီ အနေနဲ့ မဟာမိတ် မူဝါဒတွေဘာတွေနဲ့ပတ်သက်ပြီး ငြင်းပယ်တဲ့ အခါကျတော့ တိုင်းရင်းသားတွေရဲ့ ရင်ထဲမှာ ခံစားချက်ကြီးကြီးမားမား ဖြစ်တယ်။ အဲဒီတော့ ဘာဖြစ်လဲ။ ငါတို့ဘာသာငါတို့ ငါတို့ပြည်နယ်တွေမှာ လုပ်ရတော့မယ်ဆိုတဲ့အသိ ဝင်လာတယ်။ အခုလောလောဆယ် ဒီအသိက အခုရွေးကောက်ပွဲ မှာ ဝင်နေ တာပေါ့။ ဒီ Space ကို ပိတ်ထားလိုက်ပြီဆိုရင် ကျနော် စောစောက ပြောသလို လက်နက်ကိုင် ဘက်ကို ရောက်သွား နိုင်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိကြတယ်။ ပြောချင်တာက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုတာ ထင်သလောက်မလွယ်ဘူး။ အရမ်းလည်း ရှုပ်ထွေးတယ်။ အရမ်းလည်း နက်နဲပါတယ်။အဲဒီတော့ ကျနော်တို့က အစောတလျင်လည်း သွားလို့မရသလို အရမ်း တုံ့ဆိုင်းနေလို့လည်းမရဘူး။ Minority လည်း ရှိတယ်။ within minorities လည်း ရှိတယ်။ အဲဒီဟာတွေအကုန်လုံးကို ခြုံငုံ နားလည်းတဲ့ သူတွေက နောက်ဆုံး နားမလည်ဘူး ဆိုရင် နားလည်တဲ့ သူတွေ ဝိုင်းပြီး အကြံပေးနိုင်အောင်လုပ်မှသာလျင် ဖြစ်လိမ့်မယ်လို့ အားလုံးနီးပါးက သုံးသပ်တယ်။ ပုဂ္ဂိုလ်ရေး အားနည်းချက် တွေကို လည်းထောက်ပြတာ ရှိပါတယ်။

ငြမ်းမီဒီယာ– လူမျိုးစုထဲမှာ ရှိတဲ့ လူနည်းစု Minority အခြေအနေေ တွ ကိုရော ဦးမြအေး ဘယ်လို သုံးသပ်လဲဗျ။

UMA – ဒီလိုဗျ။ အဲဒါတွေကလေ ရှုပ်ထွေးမှုတွေ ရှိလာ တာပေါ့။ ဥပမာအားဖြင့် ဒီနေ့ဒီအချိန်ခါမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းတစ်ခုမှာ ဆိုရင် ကချင် ပြည်နယ်မှာ လူဦးရေ ဘယ်လောက် ရှိတယ်။ဂျိမ်းဖောက ဘယ်လောက်၊ လချိတ်၊ လဝမ် က ဘယ်လောက်၊ရှမ်းနီက ဘယ်လောက်၊ဗမာ က ဘယ်လောက် အဲလိုပြောသွားတယ်။ ကချင်က သူက ဘယ်လိုလုပ် ကျေနပ် မတုန်း။ ဘာဖြစ်လို့လဲ ဆိုတော့ ကချင်မျိုးနွယ်စုထဲမှာ စောစောက ပြောခဲ့တဲ့ ဟာတွေက ပါတယ်လေ။ ရှမ်းနီက တော့ သီခြားပေါ့ဗျာ။ နောက်တစ်ခု က ဒါက ကချင် ဆိုတဲ့ Value ကို စဉ်းစားရမှာလေ။ အဲဒီလို Migrant တွေနဲ့ တွက်ပြီး လူမျိုးကို ပြောမယ်ဆိုရင် မွန်လည်း ဘယ်လိုလုပ် ကျေနပ်မလဲ။ ဒါကြောင့်မို့ ရွေးကောက်ပွဲ မှာတောင် Migrant တွေကို သုံးလနဲ့ မဲပေးခွင့် ပေးမယ်ဆိုတဲ့ အပေါ်မှာ တိုင်းရင်းသားပါတီတွေ သိပ်ကျေနပ်မှု မရှိဘူးလေ။ ဒါတွေကို ကျနော်တို့ က ဖြည့်စွက် စဉ်းစားရမယ်။

သေးသေးလေး ကွဲတာ ကို ကြီးကြီး ကြီး ကွဲအောင် သွားလုပ် လိုက်သလို ဖြစ်သွားရင် ကျနော်တို့မှာ ပြဿနာတွေအများကြီး …

သမိုင်းကြောင်းကို တူးဆွတာမဟုတ်ဘူး။ဒီဖက်က ဖိလို့ မွန်တွေအနေနဲ့ ထိုင်းထဲ ရောက်သွားခဲ့တဲ့ အခြေအနေမျိုးတွေ ရှိခဲ့တယ်လေ ဗျာ။ ဒါက ဒါကို သင်ခန်းစာယူဖို့ပြောတာ။ မွန်မှာတော့ မွန် လူဦးရေ နည်းတဲ့အတွက် မွန်တွေရဲ့ Value ကို ဖယ်လို့ဘယ်ဖြစ်မလဲ။ အဲဒါတွေ ရှိတယ်။ နောက်တစ်ခုက ဒီကြားထဲမှာ ပြဿနာက ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ ဒီလူမျိုးစုငယ်တွေ ကြားထဲမှာပဲ အယူအဆရေးရာ မဟုတ်ဘဲနဲ့ အခွင့်အရေး ရာ အပေါ်မှာ ခွဲခြားတဲ့ ဆက်ဆံရေးတွေက ရှိလာတယ်။ ပြည်သူ့စစ် လို ပုံစံမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ လက်နက်ကိုင်တော်လှန်ရေးတွေရှိတဲ့ ကာလမှာ ပြည်သူ့စစ် လို ဖြစ်လာတဲ့အခါကျတော့ ဒီလူမျိုးစု အုပ်စုအချင်းချင်းကြားမှာ ပဋိပက္ခတွေက ပြန်ဖြစ်လာ တယ်။ သူ့ဘက် ကိုယ့်ဘက် ဆိုတဲ့ ပြဿနာတွေဖြစ်လာတယ်။ ဥပမာအားဖြင့်ဗျာ ကချင်မှာဆို ဂျိမ်းဖော၊ လီဆူး၊ လဝမ် အစ ရှိသဖြင့် လူမျိုးစုတွေ ရှိတယ်ဗျာ။ဒါပေမယ့် အဲဒါတွေအကုန်လုံးက ကေအိုင်အေက ဖိနှိပ်လို့၊ဘာတို့ညာတို့ ဆိုတဲ့အခါကျတော့ သူတို့ကလည်း ပြည်သူ့စစ်လိုဖြစ်လာတယ်။ ဒီဘက်ကလည်း Supporting တွေ ပေးတယ်။ ပေးတဲ့အခါကျတော့ ကျနော်တို့က Divide and Rule ဝင်လုပ်သလိုဖြစ်နေတယ်။ ဖြစ်နေတော့ အဲဒီ ပြဿနာတွေ က ရေရှည်မှာ မကောင်းနိုင်ဘူး။ ကျနော်တို့က ဘာနဲ့အလားသဏ္ဍာန်သွားတူလဲဆိုတော့ ပြည်နယ် အတွင်းမှာ ရှိတဲ့ လူမျိုးစုတွေကြားမှာ လိုက်ပြီး သွေးခွဲ နေခြင်းဟာ နောင်တစ်ချိန်မှာ လူမျိုးစု ပဋိပက္ခတွေနဲ့ တိုင်းပြည်မတည်ငြိမ်မှုကို ဖြစ်ပေါ်စေမှာ ဖြစ်တယ်။ တကယ့်တကယ် ကျနော်တို့ကတောင် စုစည်ပေးရမှာ။ မစုစည်းပေးရင် မျိုးနွယ်စု ငါးခု ရှိရင် ငါးခါ စကားပြောရလိမ့်မယ်။ မျိုးနွယ်စုတစ်ခုတည်းပုံစံမျိုး သူတို့နားလည်မှု ယူထားရင် ကျနော် တို့ တစ်ခါပဲ စကားပြောရလိမ့်မယ်။ ကျနော်တို့ အော်လ်တာနေတစ် အသစ်ကို စဉ်းစားရမှာ။ ကိုလိုနီခေတ် Divide and Rule က နေရာတိုင်း မှာ အသုံးမဝင်ဘူး ထင်ပါတယ်။

ငြမ်းမီဒီယာ– အားသာတဲ့ လူမျိုးစုက အားနည်းတဲ့ လူမျိုးစုငယ်တွေ ကို ခွဲခြားဆက်ဆံတာ၊ဖိနှိပ်တာတွေ ရှိတယ်လို့ သိရပါတယ်။ ဦးမြအေး ပြောသလို ငါးစုရှိရင် ငါးခါ စကားပြောရမယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ဖိနှိပ်ခံရတာ၊ခွဲခြားဆက်ဆံခံရတဲ့ လူမျိုးစုငယ် တွေ အတွက် ဘယ်လိုစဉ်းစားသင့်လဲဗျ။

UMA – အဲဒါ သိပ်အရေးကြီးတဲ့ ကိစ္စပဲဗျ။ ဒါက Democratic Value ကို ဘယ်လိုထည့်မလဲ စဉ်းစားရမှာ။ ပြောပြရမှာက Democratic Norms တွေကို ဘယ်လိုထည့်မလဲဆိုတာ ပြောပြရမှာ။ ဟုတ်တယ်။ အမှန် တကယ်ပဲ။ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ဖြစ်နေတဲ့ ပြဿနာတွေက ဘက်မလိုက်တမ်း အားမနာတမ်း ပြောမယ်ဆိုရင် Burmanization ကြီးက လွှမ်းတယ်။အဲဒီအောက်မှာ တိုင်းရင်းသားတွေကို ဖိထားတယ်။ တိုင်းရင်းသားတွေက ထပ်ပြီး သူ့ထက် အငယ်…အငယ်တွေကို ထပ်ပြီးဖိတယ်။ အဲဒီလို ပုံစံမျိုးတွေ ဖြစ်နေ ကြတာ။ ဖြစ်နေကြတာ ဆိုတော့ ဒီဟာတွေ အကုန်လုံးကို ဖြေးဖြေးခြင်း ကျနော်တို့ သွားရမယ်။ လူတိုင်းလူတိုင်း ပေါ့ ချဉ်းကပ်ရမှာက Democratic Value ပဲ။ Democratic Value ကို ဘယ်အချိန်မှာ ဘယ်လိုထည့်မလဲ ဆိုတာ အရေးကြီးတယ်လို့ မြင်တယ်။ ဆိုပါစို့ဗျာ။ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ဗမာက လည်း ကချင် ပြည်သူက ရွေးချယ်လို့ ရှိရင် ဝန်ကြီးချုပ်ဖြစ်ပိုင်ခွင့် ရှိတယ်လေ။ ကျနော်မြင်တာ ကချင်ဆိုတာ Value ပဲ။ ဒီ Value ကို လည်းမပစ်ပယ်ဘူးဗျာ။ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အခွင့်အရေး တွေ အကုန်လုံးကို ပေးမယ်။ ဒီမိုကရက်တစ် Value ကို ဘယ်လို ထည့်မလဲ။ဒါကို ကျနော်တို့က ပေါင်းစပ်နိုင်ရမယ်လို့ ကျနော်မြင် တယ်။ဟုတ်တယ်။ အမှန်တကယ်လည်း အဲဒါပဲ။ ဒါပေမယ့် သေးသေးလေး ကွဲတာ ကို ကြီးကြီး ကြီး ကွဲအောင် သွားလုပ် လိုက်သလို ဖြစ်သွားရင် ကျနော်တို့မှာ ပြဿနာတွေအများကြီး ရှိလာလိမ့်မယ်။နောက်တစ်ချက်က Identity တွေကို ဖော်ထုတ်ခြင်း အားဖြင့် Democratization ကို ကျနော်တို့ က ရောက်မှာ မဟုတ်တော့ ဘူး။ ဒီ Identity တွေရဲ့ အားပြိုင်မှုက အရမ်းဆိုး လာရင် တိုင်းပြည်ပါ ပျက်နိုင်တယ်။ အခုဟာက Identity Politics က ရှေ့ကို ရောက်နေတာပေါ့။ တကယ်တမ်းပြောရင် ကျနော့် အမြင်က အခု မြန်မာနိုင်ငံက Democratization ကို သွားတဲ့ ဖြစ်စဉ်မဟုတ်ဘူး။အရမ်းအားနည်း နေတယ်လို့ မြင်တယ်။ Identity တွေ နောက်ကိုပဲ ကျနော်တို့ လိုက်နေရ သလို ဖြစ်နေတယ်။အဲဒီဟာ ကိုတော့ ရေရှည်မှာ ပြောင်းလဲပစ်ဖို့ လိုလိမ့်မယ်။ အမှန် တကယ်လည်း ဟုတ်တယ်။ တိုင်းရင်းသားလူမျိုးစုငယ်တွေ အနေနဲ့ တချို့ တချို့ ဖိနှိပ်မှုတွေ ခံနေရတယ်။ဒါကအမှန်ပဲ။ တိုင်းရင်းသား လူမျိုးစု ငယ်တွေ ဖိနှိပ်မှုခံနေရတယ်ဆိုတာ ငြင်းပယ်ဖို့ အကြောင်း ရင်း မရှိဘူး။

ငြမ်းမီဒီယာ

(ဆက်လက်ဖော်ပြပါမည်။)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,