တိုးအက်လာသော ခေါင်းလောင်းသံ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း/ မြန်မာရွှေ့ပြောင်းကလေးများပညာသင်ကြားရာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ New Wave ကျောင်း

နိုင်ငံရပ်ခြား ဒေသမှာ တရားမဝင်လုပ်သားတွေအဖြစ် ကျီးလန့်စာ စားနေရတဲ့အချိန်မှာ ကလေးတွေရဲ့ပညာရေးကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ အတော်မလွယ်ကူတဲ့ အခြေအနေတစ်ခုပါ။ ဒါပေမဲ့ အဆိုးဆုံး အခြေအနေ တွေကြားမှာ …

နွားခြံတွေ၊ နွားချေးတွေ၊ ရွံဗွက်တွေ၊ မြက်ရိုင်းပင်တွေကြားထဲက စာသင်ကျောင်းလေးတစ်ကျောင်းဟာ မိုးဖွဲဖွဲကြားမှာ တိတ်ဆိတ်နေပါတယ်။ မိုးရေစက်တွေကြောင့် အလံတိုင်ထိပ်ဖျားမှာ တွဲလွဲကျနေတဲ့ ထိုင်းနိုင်ငံတော်အလံက တချက် တချက် လေအဝှေ့မှာ လှုပ်ရှားလူးလွန့်နေပါတယ်။ အရင် ရက်တွေက ဆိုရင်တော့ အဲဒီကျောင်းလေးဟာ ကလေးငယ်တွေရဲ့ စာဆိုသံတွေ၊ ဆော့ကစားနေသံတွေနဲ့ စည်ကားနေတတ်ပေမယ့် အခုတော့ တကယ့်ကို တိတ်တဆိတ်ပါပဲ။

“ကျောင်းကို လာဖမ်းချင်ဖမ်းနိုင်တယ်၊ တစ်ပတ်လောက်ပိတ်ထားပေးဖို့ဆိုပြီး ရွာသူကြီးက ပြောခိုင်းလို့ဆိုပြီး ကျားလက်ဝါးအဖွဲ့က လာပြောတယ်။ အဲဒါကြောင့် တစ်ပတ်ပိတ်ထားရတယ် ” လို့ ကျောင်းအုပ်ကြီးဖြစ်တဲ့ ဒေါ်သက်သက်ဇော်က ပြောတယ်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသမှာရှိတဲ့ အဲဒီကျောင်းကလေးကို ဖွင့်လှစ်ခဲ့တာဟာ အခုဆိုရင် (၈)နှစ်ရှိခဲ့ပါပြီ။ ရွေ့ပြောင်းမြန်မာလုပ်သားတွေရဲ့ သား၊သမီး ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ အဲဒီ Light School ကျောင်းမှာ မူကြိုတန်းကနေ (၄) တန်းအထိ ကျောင်းသူကျောင်းသားပေါင်း (၅၈) ဦးရှိပါတယ်။ အခုတော့ သူတို့လေးတွေလည်း စာမသင်နိုင်ဘဲ မိဘတွေနဲ့အတူ အဆင်ပြေရာနေရာတွေကို တိမ်းရှောင် နေထိုင်နေကြရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေအတွက်တော့ နိုင်ငံရပ်ခြား ဒေသမှာ တရားမဝင်လုပ်သားတွေအဖြစ် ကျီးလန့်စာ စားနေရတဲ့အချိန်မှာ ကလေးတွေရဲ့ပညာရေးကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ အတော်မလွယ်ကူတဲ့ အခြေအနေတစ်ခုပါ။ ဒါပေမဲ့ အဆိုးဆုံး အခြေအနေ တွေကြားမှာပဲ စာသင်ကျောင်းကလေးတွေကို အကောင်းဆုံးဖြစ်အောင် ထူထောင် ထားခဲ့ကြပါတယ်။

 

အခုအချိန်မှာတော့ ဒီအခြေအနေတွေကို ပျက်ယွင်းလာစေတဲ့ အကြောင်းတစ်ရပ်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံမှာ အသစ်ထုတ်ပြန်လိုက်တဲ့ အလုပ်သမားဥပဒေသစ်ပါ။ ဥပဒေသစ်အရ အလုပ်ရှင်ရော၊ အလုပ်သမားကိုပါ ထောင်ဒဏ်၊ ငွေဒဏ်တွေ တိုးမြှင့်ပြဌာန်းလိုက်ပြီး ထိုင်းနိုင်ငံတစ်ဝန်းက …

 

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက မဲဆောက်၊ မယ်လ၊ မယ်ရမ၊ ဖုတ်ဖ၊ ဖုတ်ဖရ၊ ထဆောင်ရမ်း စတဲ့ဒေသတွေမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေရဲ့ သားသမီးတွေပညာရေးအတွက် ဖွင့်လှစ်ထားတဲ့ ကျောင်းပေါင်း (၆၈) ကျောင်းရှိပါတယ်။ အများစုက မူလတန်းကျောင်းလေးတွေပါ။ အထက်တန်းအဆင့်ကျောင်းကတော့ (၈) ကျောင်းရှိပါတယ်။ အဲဒီကျောင်းတွေမှာ မြန်မာနိုင်ငံရဲ့ သင်ရိုးကိုပဲ အဓိကထား သင်ကြားကြပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ အဲဒီကျောင်းအများစုမှာတော့ အတန်းကြီးလာသူတွေ၊ အရွယ်ရောက်လာသူတွေကပဲ ဆရာ၊ ဆရာမလေးတွေအဖြစ် အတန်းငယ်ကလေးတွေကို ပြန်လည်သင်ကြားရင်း ပညာဖြန့်ဝေနေကြတာပါ။ ထိုင်းနိုင်ငံသားဆရာနဲ့ နိုင်ငံခြားသားဆရာ ငှားရမ်းနိုင်တဲ့ကျောင်းဆိုတာကတော့ အတော်နည်းပါးပါတယ်။ မြန်မာရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများအစည်းအရုံး (Burma Migrant Teacher Association) ရဲ့ စာရင်းအရ လက်ရှိ ပညာသင်နှစ်မှာ ကျောင်းသူကျောင်းသား (၁၄၀၀၀) ကျော်နဲ့ ဆရာ၊ ဆရာမပေါင်း (၇၀၀) ကျော်ရှိပါတယ်။

MoE (Ministry of Education) လို့ခေါ်တဲ့ ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနက အဲဒီကျောင်းတွေကို တရားဝင် ဖွင့်လှစ်ခွင့်ပေးထားတာ မဟုတ်ပေမယ့် Migrant Learning Center တွေအဖြစ်တော့ အသိအမှတ် ပြုပေးထားပါတယ်။ တခြားသောဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း သက်ဆိုင်ရာ ကျောင်းအုပ်တွေရဲ့ စွမ်းဆောင်မှု၊ ပေါက်ရောက်မှု၊ လိုက်လျောညီထွေနေထိုင်မှု စတဲ့အခြေအနေတွေ ပေါ်မူတည်ပြီး အဲဒီကျောင်းတွေကို နားလည်မှုနဲ့ အသိအမှတ်ပြုထားကြပါတယ်။ အဲဒီလို နားလည်မှု တွေနဲ့ပဲ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ကြတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဒီအခြေအနေတွေကို ပျက်ယွင်းလာစေတဲ့ အကြောင်းတစ်ရပ်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံမှာ အသစ်ထုတ်ပြန်လိုက်တဲ့ အလုပ်သမားဥပဒေသစ်ပါ။ ဥပဒေသစ်အရ အလုပ်ရှင်ရော၊ အလုပ်သမားကိုပါ ထောင်ဒဏ်၊ ငွေဒဏ်တွေ တိုးမြှင့်ပြဌာန်းလိုက်ပြီး ထိုင်းနိုင်ငံတစ်ဝန်းက အထောက်အထားမဲ့ ပြည်ပအလုပ်သမားတွေကို ရှာဖွေဖမ်းဆီးတာ၊ စစ်ဆေးမေးမြန်းတာ၊ မူရင်းနိုင်ငံပြန်လည်ပို့ဆောင်တာတွေကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။

အဲဒီအကျိုးဆက်အဖြစ် ပြန်ပို့ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေဟာ ဒီနေ့အချိန်အထိ (၂၀၀၀၀) ဝန်းကျင်ရှိလာခဲ့ပါပြီ။ မြန်မာအစိုးရရဲ့ မေတ္တာရပ်ခံမှု၊ ညှိနှိုင်းမှု၊ ထိုင်းနိုင်ငံသားအလုပ်ရှင်တွေရဲ့ တောင်းဆိုမှုကြောင့် ဒီဥပဒေကို ရက်ပေါင်း (၁၈၀) ရပ်ဆိုင်းထားဖို့ ထိုင်းနိုင်ငံဘက်က အချိန်နောက်ဆုတ်ခဲ့ပေမယ့် ဖမ်းဆီးစစ်ဆေးမှုတွေ၊ ပြန်လည်ပို့ဆောင်မှုတွေကတော့ ပြုလုပ်နေကြဆဲပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ဇွန်လထဲမှာ ရွှေ့ပြောင်းတွေနဲ့ပတ်သက်တဲ့ စာရင်းအချက်အလက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ စလုပ်လာတယ်။ ဇွန်လ (၂၅) ရက်မှာ ရွှေ့ပြောင်းကျောင်းဆရာ တစ်ယောက် စပြီးအဖမ်းခံရတယ်။ ဇွန်လ (၂၆) ရက်မှာ ကျောင်းအုပ်တစ်ယောက်နဲ့ ကျောင်းဆရာ (၂)ယောက် ထပ်ပြီး အဖမ်းခံရတယ်။ ထိုင်းရဲ့ ပညာရေးဥပဒေနဲ့ လက်ရှိဘုရင်ရဲ့ အမိန့်အရတော့ ကျောင်းတွေထဲကို ဝင်ပြီးဖမ်းခွင့်မရှိဘူး။ ဒါပေမဲ့ အပြင်မှာ ဖမ်းလို့ရတယ်။ အခုဆို မိဘတွေ အဖမ်းခံရတော့ ကလေးတွေလည်း တချို့ကျောင်းတွေမှာ သောင်တင်နေတယ်” လို့ မြန်မာရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများအစည်းအရုံး (Burma Migrant Teacher Association) ရဲ့ ဥက္ကဌနဲ့ Burma Labour Solidarity Organization(BLSO) ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်တဲ့ ဒေါ်ရွှေစင်ဝင်းက ပြောပါတယ်။

အခြေအနေတွေ မတည်ငြိမ်တာကြောင့် လက်ရှိမှာ ကျောင်းတချို့ကို ယာယီပိတ်ထားရပါတယ်။ ကလေးငယ်အချို့ဟာလည်း ကျောင်းတွေမှာပဲ သောင်တင်နေကြပါတယ်။ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကလေးတွေကို မခေါ်သွားဘဲ ယာယီထားခဲ့တဲ့အကြောင်းကတော့ သူတို့တွေအနေနဲ့ ထိုင်းနိုင်ငံကိုပြန်လာပြီး နေထိုင်လုပ်ကိုင်ဖို့ပဲ ရည်စူးထားကြလို့ဖြစ်ပါတယ်။

ပြည်ပအလုပ်သမားတွေကိုဖမ်းဆီးပြီး မူရင်းနိုင်ငံပြန်ပို့တဲ့အခါ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ရနောင်း၊ကော့သောင်း၊ မောတောင်၊ မြဝတီ၊ တာချီလိတ် စတဲ့ နယ်စပ်လမ်းကြောင်းတွေ အနက် မြဝတီလမ်းကြောင်းကပဲ အများဆုံးပြန်ပို့ခံကြရတာပါ။ ထိုင်းနိုင်ငံတဝှမ်း တခြားဒေသတွေမှာ နေထိုင်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံကို အပြီးပြန်လာကြတာမျိုးရှိပေမယ့် မြဝတီမြို့နဲ့နီးတဲ့ မဲဆောက်ဒေသတစ်ဝိုက်က ရွှေ့ပြောင်းလုပ်သားတွေကတော့ ထိုင်းနိုင်ငံကိုပဲ နည်းမျိုးစုံနဲ့ ပြန်သွားကြပါတယ်။

သူတို့တွေအနေနဲ့ လတ်တလောမှာ ဒီပြသနာကို အများဆုံးဖြေရှင်းနေကြတဲ့နည်းလမ်းကတော့ တစ်ပတ်ကြာနေထိုင်နိုင်တဲ့ နိုင်ငံကူးလက်မှတ်တွေလုပ်ပြီး ထိုင်းနိုင်ငံကို ပြန်လာကြတာပါပဲ။ အဲဒီလို လုပ်ရတဲ့အတွက် အရင်ထက် ကုန်ကျစရိတ်ပိုများလာပေမယ့်လည်း အလွယ်ဆုံးဖြေရှင်းနည်းအဖြစ် သက်တမ်းကုန်လိုက်၊ ပြန်ထွက်လိုက်၊ အသစ်ပြန်လုပ်လိုက်၊ ပြန်လာလိုက်နဲ့ပဲ ဖြေရှင်းနေကြရပါတယ်။

`work permit ထဲမှာ ကျောင်းဆရာဆိုတဲ့ အလုပ်မပါဘူးလေ။စာအုပ်ထဲက အလုပ်နဲ့အပြင်ကအလုပ်မတူတော့တရားမဝင်ဖြစ်နေတာ။ ထိုင်း MOE က ထုတ်ပေးထားတဲ့ကတ်ကလည်း နားလည်မှုပဲရှိတာ၊ တရားမဝင်ဘူးလေ။တကယ်လည်းဖမ်းရော ဘာမှလုပ်လို့မရဘူးလေ။ကရင်ပြည်နယ်အစိုးရအနေနဲ့ ဒီဘက်က အာဏာပိုင်တွေနဲ့ညှိုနှိုင်းပြီးကျောင်းဆရာတွေအသိအမှတ်ပြုကတ်ထုတ်ပေးရင်ကောင်းမယ်။ဒါပေမဲ့ ကျောင်းသားမိဘတွေပါအဖမ်းခံနေရတယ်ဆိုတော့ ကလေးတွေလည်းစာလာသင်လို့မဖြစ်နိုင်ဘူးလေ´ လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က New Wave Migrant Learning Center ရဲ့ ကျောင်းအုပ်ကြီးက ပြောတယ်။

ကျောင်းအုပ်ကြီးဟာ သူကိုယ်တိုင် အဖမ်းခံထိခဲ့တာပာ။သူ့ကျောင်းက ကျောင်းဆရာတစ်ယောက်အဖမ်းခံရလို့ လိုက်သွားပြီး ထိုင်းပညာရေးဌာနက ထုတ်ပေးထားတဲ့ကတ်ပြတယ်၊ ကျောင်းဆရာဖြစ်ကြောင်း သွားပြောပေးတယ်။ ဒါပေမဲ့ သူပါအဖမ်းခံလိုက်ရပြီး မြဝတီကို အပို့ခံရတယ်။ ချက်ချင်းလိုလိုပဲ တံတားမှာ တစ်ပတ်ကတ်လုပ်ပြီး သူ မဲဆောက်ကိုပြန်ရောက်လာတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တကယ်တမ်းတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံနေကြရတာဟာ မှန်ကန်တဲ့ အထောက်အထား လက်မှတ်တွေ မရှိကြလို့ပါ။ ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ဖို့ဆိုရင် နိုင်ငံကူး လက်မှတ်(Passport)နဲ့ အလုပ်လုပ်ခွင့်(Work Permit) လိုပါတယ်။ နိုင်ငံကူးလက်မှတ်က သက်တမ်းရှိနေဆဲဖြစ်ဖို့လိုပြီး အလုပ်လုပ် ခွင့်မှာလည်း ဖော်ပြထားတဲ့ အလုပ်ရှင်နဲ့ အလုပ်နေရာ တူညီဖို့ လိုပါတယ်။ ဒါပေမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တွေအနေနဲ့ မြန်မာနိုင်ငံသားမှတ်ပုံတင်မရှိတာ၊ ဘာသာစကား အားနည်းတာ၊ အချိန်မပေးနိုင်တာ၊ ဥပဒေ လုပ်ထုံးလုပ်နည်းကို နားမလည်တာတွေက တရားဝင်အထောက် အထားလက်မှတ်တွေပြုလုပ်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။ ဒါကြောင့်လည်း ထိုင်းအလုပ်ရှင်တွေ၊ နှစ်နိုင်ငံပွဲစားတွေရဲ့ လှည့်ဖြားအနိုင်ကျင့်မှုကို ခံနေကြရတာပါ။

“အခု ထိုင်းအစိုးရက ခဏရပ်ဆိုင်းထားမယ်ဆိုတော့ ကျွန်မတို့လည်း နည်းနည်းပြင်ဆင်ချိန်ရတယ်။ ကျွန်မတို့စုဖွဲ့ထားတဲ့ ပညာရေးဆိုင်ရာ Network တွေ၊ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကလေးတွေအတွက်၊ ဆရာ ဆရာမတွေအတွက် လုံခြုံမှုတစ်စုံတစ်ရာ သူတို့ဘက်ကနေ ဘယ်လိုပေးနိုင်မလဲပေါ့။ Statement လေးတစ်စောင်ဖြစ်ဖြစ်ဖြစ်ပေါ့၊ အတည်ပြုချက်လေးတစ်ခုခုဖြစ်ဖြစ်ပေါ့။ ဝိုင်းပြီးဆော်သြသွားမယ်” လို့ ဒေါ်ရွှေစင်ဝင်းကပြောပါတယ်။

ရွှေ့ပြောင်းကျောင်းဆရာတွေဟာ ထိုင်းနိုင်ငံရဲ့ဥပဒေအရ တရားဝင် Work Permit ပြုလုပ်နိုင်တဲ့ အလုပ်(၃၅)မျိုးထဲမှာ မပါဝင်ပါဘူး။ ဒါကြောင့်လည်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ နားလည်ပေးမှုကိုပဲ ရယူပြီး လုပ်ကိုင်ဆောင်ရွက်နေကြရတာပါ။

“ထိုင်းအလုပ်သမားဥပဒေအရ နိုင်ငံခြားသားဆရာတွေ စာသင်ခွင့်မရှိဖြစ်နေတာ။ ကျောင်းတွေထဲဝင်စစ်ရင် အဲဒီဆရာတွေမှာ စာသင်ခွင့်မရှိတော့ ပြသနာဖြစ်မှာစိုးလို့ ကျောင်းကို ခဏပိတ်ထားတာပါ။ ကျောင်းတွေထဲ ဝင်မဖမ်းရင်တော့ ပြသနာမရှိနိုင်ပါဘူး” လို့ မဲဆောက်ဒေသအခြေစိုက် မင်းမဟော် Learning Center က ဒါရိုက်တာတစ်ဦးက ပြောပါတယ်။

မဲဆောက်ဒေသမှာ အကြီးမားဆုံး မြန်မာကျောင်းတစ်ကျောင်းဖြစ်တဲ့ ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ Child Developmemt Centre (CDC)ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ မန်းရွှေနှင်း ကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းဆရာ၊ ဆရာမတွေ၊ ကလေးတွေ ဘေးကင်းလုံခြုံဖို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် အားထုတ်သွားမယ်လို့ ဆိုပါတယ်။

CDC အနေနဲ့ ထိုင်းနိုင်ငံမှာ ၁၉၉၅ ခုနှစ်ကတည်းက စတင်အခြေပြုလှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ထိုင်းပညာရေးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ပုံမှန်အစည်းအဝေးတွေကျင်းပနိုင်တဲ့အထိလည်း အောင်မြင်မှုရခဲ့ပါတယ်။ ရွေ့ပြောင်းကျောင်းဆရာ၊ ဆရာမတွေရဲ့ သွားလာနေထိုင်ရေးအတွက် CDC ရဲ့ တရားဝင်အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးထားပြီး အဲဒီလက်မှတ်တွေဟာ သာမန်အခြေအနေ တွေမှာတော့ အထောက်အထားတစ်ခုအဖြစ် ရွှေ့ပြောင်းဆရာ၊ ဆရာမတွေကို အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသမှာ ပညာရေးနဲ့ပတ်သက်လို့ ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာလည်း ထိုင်း၊မြန်မာနယ်စပ်၊ မြဝတီမြို့မှာ Stay In School ကျောင်း ဖွင့်လှစ်ထားတဲ့ ဦးကျော်နိုင်ကတော့ ထိုင်းပညာရေးဝန်ကြီးဌာနဘက်က မြန်မာရွှေ့ပြောင်းကျောင်းဆရာ တွေကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးထားသလို မြန်မာနိုင်ငံဘက်ကလည်း အသိအမှတ်ပြု လက်မှတ် တမျိုးမျိုးထုတ်ပေးပြီး ရွှေ့ပြောင်းကလေးငယ်တွေရဲ့ပညာရေးအတွက် နှစ်နိုင်ငံညှိုနှိုင်းဆောင်ရွက်စေချင်ပါတယ်။

“ အဲဒီလို နိုင်ငံတော်အဆင့် တရားဝင်ဖြစ်လာဖို့ဆိုတာ မလွယ်ပေမယ့် ကျွန်တော်တို့ကတော့ အဖြစ်နိုင်ဆုံးအဆင့်ကနေ စပြီးကြိုးစားဖို့ တိုက်တွန်းရမှာပဲ။ တွန်းမှပဲ အရွေ့တစ်ခုဆိုတာ ဖြစ်လာမှာလေ” လို့ သူကဆိုပါတယ်။

BMTA ရဲ့ စာရင်းတွေအရ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသမှာ ၂၀၁၀ ပြည့်နှစ်က စာသင်ကျောင်းပေါင်း (၇၄) ကျောင်းရှိခဲ့ပြီး အများဆုံးဖွင့်လှစ်နိုင်တဲ့ကာလ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အထောက်အပံ့ရရှိမှုတွေ တဖြည်းဖြည်းလျော့နည်းတာနဲ့အတူ စာသင်ကျောင်းတွေ တဖြည်းဖြည်းလျော့နည်းလာပြီး အခုလက်ရှိမှာ (၆၈) ကျောင်းပဲ ဖွင့်လှစ်ထားနိုင်ပါတော့တယ်။

ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းကလေးအရေအတွက်က တဖြည်းဖြည်း မြင့်တက်လာပြီး အခုအခါမှာ (၁၄၀၀၀) ကျော်စာသင်ကြားနေကြပေမယ့် ကျောင်းအများဆုံးဖွင့်လှစ်နိုင်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကာလမှာ စာသင်ကြားတဲ့ကလေးဦးရေက (၁၂၀၀၀) ပဲရှိခဲ့ပါတယ်။ ဒီစာရင်းတွေအရ တစ်နှစ်ထက်တစ်နှစ် ကျောင်းအရေအတွက် လျော့ကျလာပေမယ့် ကျောင်းသားအရေအတွက်ကတော့ တိုးလာတာကို တွေ့နိုင်ပါတယ်။

“အခုဆို ကျောင်းတချို့ပိတ်ရတာတွေ၊ ပေးနေတဲ့ ဝန်ဆောင်မှုလျှော့ရတာတွေ ရှိလာပြီ။ ပြည်တွင်းအလှူရှင်တွေ၊ အသင်းအဖွဲ့တွေဆီက တတ်စွမ်းသမျှ အကူအညီတွေတော့ ရခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနကလည်း အကူအညီရနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ မြန်မာရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများအစည်းအရုံး (Burma Migrant Teacher Association) အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်းက ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က CDC ၊ Light School စတဲ့ကျောင်းတွေမှာ စာသင်ခဲ့ဖူးပြီး လက်ရှိမှာလည်း နယ်စပ်ဒေသက ပညာရေးနယ်ပယ်မှာပဲ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ ဒေါ်ငြိမ်းငြိမ်းကတော့ နှစ်နိုင်ငံပူးပေါင်းပြီး ခိုင်မာတဲ့အသိအမှတ်ပြုလက်မှတ်တစ်မျိုးမျိုးထုတ်ပေးဖို့က ရွှေ့ပြောင်းဆရာ၊ ဆရာမတွေအတွက် လတ်တလောမှာ အရေးအကြီးဆုံးလိုအပ်ချက်တစ်ခုဖြစ်တယ်လို့ မြင်ပါတယ်။

“အခုက ရက် (၁၈၀)စောင့်တယ်ဆိုပေမယ့် ပြီးရင် ပိုဖမ်းနိုင်တယ်။ လက်မှတ်လုပ်ဖို့က မတတ်နိုင်ကြတဲ့သူတွေများတယ်။ ဆရာ၊ ဆရာမတွေထဲမှာကို မတတ်နိုင်တဲ့သူတွေရှိနေတာ။ ဆရာအလုပ်ဆိုပြီးတော့လည်း ဒီမှာက တရားဝင်အသိအမှတ်ပြုထားတာမဟုတ်ဘူးလေ။ အလုပ်အမည်ခံနဲ့ လုပ်ကြရတာ” လို့ သူကဆိုပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးစိုးထွန်းနဲ့ ဆရာမဟောင်ဆိုင်းတို့ဟာ ရွှေ့ပြောင်းဆရာ၊ ဆရာမတွေ ဖမ်းဆီးခံရတဲ့အခြေအနေ၊ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးအခြေအနေ၊ စတာတွေနဲ့ ပတ်သက်လို့ မဲဆောက်ဒေသက Migrant Learning Center တွေကို သွားရောက်လေ့လာခဲ့ပြီး ကျောင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

“NNER အနေနဲ့ အစည်းအဝေးမှာတင်ပြပြီး ထိုင်းအစိုးရရဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ မဲဆောက်က အလုပ်သမားအရေးဆောင်ရွက်နေတဲ့ CSO တွေ၊ MLC တာဝန်ခံတွေနဲ့ အတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် နယ်မြေထိစပ်နေတဲ့ ကရင်ပြည်နယ်အစိုးရရဲ့ တာဝန်ရှိသူတွေပါ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားမယ်။ အဓိကကတော့ နှစ်နိုင်ငံအစိုးရအချင်းချင်း အမြန်ဆုံးလက်တွဲပူးပေါင်းဖြေရှင်းဖို့က အရေးအကြီးဆုံးပါ” လို့ NNER အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုးထွန်းက ဆိုပါတယ်။

လက်ရှိမှာ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေအတွက် မြန်မာအစိုးရအနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်နေပါပြီ။ ရွှေ့ပြောင်းအလုပ်သမားအရေးဟာ သက်ဆိုင်ရာနှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ ဆက်နွယ်နေတာကြောင့် အစိုးရချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာက တာဝန်ရှိသူတွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေကို ပြည့်စုံမှန်ကန်တဲ့အထောက်အထားတွေထုတ်ပေးပြီး တိုင်းတပါးမှာ အဖိနှိပ်မခံရအောင် ထိထိရောက်ရောက်ဆောင်ရွက်ပေးသင့်သလို ပညာရေးဝန်ကြီးဌာနကလည်း ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးအတွက် စီမံကိန်းချလုပ်ဆောင်သင့်ပါတယ်။

မဲဆောက်ဒေသက Migrant Learning Center တွေအနေနဲ့ကတော့ အရင်အစိုးရဟောင်း လက်ထက်ကတည်းက ရွှေ့ပြောင်းဒေသ ပညာရေးအခြေအနေနဲ့ပတ်သက်ပြီး ကိုယ့်နိုင်ငံ အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ အချက်အလက်တွေသတင်းပေးပို့တာမျိုးတွေ လုပ်ဆောင်လာခဲ့ကြတာပါ။ အခု NLD အစိုးရလက်ထက် မှာလည်း NNER၊ NLD ပညာရေးကွန်ရက် စတဲ့ ပညာရေးဆိုင်ရာ အသင်းအဖွဲ့ တွေအပြင် မြဝတီမြို့မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ ပညာရေးနဲ့ပတ်သက်ရင် မိခင်မြန်မာနိုင်ငံအစိုးရရဲ့ လုပ်ဆောင်ပေးမှုဟာ ထိုင်းနိုင်ငံအစိုးရရဲ့ အသိအမှတ်ပြု နားလည်ပေးမှုလောက်တောင် မရရှိဘူးလို့ သူတို့ခံစားနေကြရပါတယ်။ ဒါကြောင့်လည်း မြန်မာ နိုင်ငံတော်အစိုးရအနေနဲ့ နယ်စပ်ဒေသရောက် ရွှေ့ပြောင်းဆရာ၊ ဆရာမတွေကို တရားဝင်အသိအမှတ်ပြုပြီး ဘဝလုံခြုံရေးအတွက် ဘယ်လို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မလဲဆိုတာကိုတော့ မျှော်လင့်စောင့်စား နေကြဆဲပါ။

ငြမ်းမီဒီယာ
ဇူလိုင် ၉၊ ၂၀၁၇၊ မဲဆောက်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,