တော်ဝင်လမ်းကို မောင်းနှင်သူ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း/ တော်ဝင်မိသားစုကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးကိုကိုထွေး

နေရေးလေးမရှိလို့ ကိုယ့်သားသမီးကို သူများလက်ထဲအတင်းထိုးပြီး အိမ်ခန်းလေး ပေးရင်ပြီးရောဆိုပြီး သူများ ကီပင်ဘဝနဲ့ ထိုးထည့်ပေးရတဲ့မိသားစုတွေ အများကြီးတွေ့ရတယ်။ မဟာမြိုင်အိမ်ရာ လုပ်တဲ့အခါ အငယ် လေးတို့ရွာဖြစ်သွားတယ်။ အဲဒါတွေက …

ဆင်းရဲတဲ့ဒဏ်နဲ့ အမျိုးတွေကြားမှာ အနှိမ်ခံရတဲ့ဒဏ်တွေက တွန်းအားဖြစ်ပြီး အလုပ်လုပ်ချင်တဲ့စိတ်၊ ပိုက်ဆံရှာချင်တဲ့စိတ်၊ ချမ်းသာချင်တဲ့စိတ်ကို အရွယ်နဲ့ မလိုက်အောင် သူ့ရင်ထဲမှာ ငယ်ငယ်ကတည်းက ကိန်းအောင်းနေစေခဲ့တယ်။

ကလေးသဘာ၀ သြဇာစေ့တောက်တမ်း ကစားကြရင် သူက သြဇာစေ့တွေ ရှာဖွေ စုဆောင်းပြီး ပြန်ရောင်းစားတယ်။ သားရေကွင်း ပစ်တမ်း ကစားကြရင်လည်း သားရေကွင်း အထုပ်လိုက် ဝယ်ပြီး ပြန်ရောင်းစားတယ်။ ရတဲ့အမြတ်နဲ့ ဆော့တယ်။ မိဘလုပ်ငန်းက ဆီးထုပ်တွေ ယူရောင်းပြီး ရတဲ့ အမြတ်ကို သုံးတယ်။ ဒီလိုမျိုးနဲ့ စီးပွားရှာတဲ့ အလေ့အကျင့် ဆိုတာ ငယ်ငယ်ကတည်းက သူ့ဗီဇလို ဖြစ်နေခဲ့တယ်။

သူက တစ်နေ့ သူဌေး ဖြစ်ရမယ်လို့ ငယ်ငယ်ကတည်းက သန္တိွဋ္ဌာန်ချခဲ့တဲ့ သူ။ တစ်နေ့မှာ သူတွေး မိတဲ့အတွေးက “အသက် ဘယ်အရွယ်မှာ ဘယ်လောက် ချမ်းသာမှာလဲ”၊ “သေကာနီးမှ ချမ်းသာရင်ရော ဘာ အကျိုးရှိမှာလဲ”၊ “ဘယ်အချိန်မှာ အလုပ် စလုပ်ရမလဲ”၊ “ဘယ်အချိန် အိမ်ထောင်ပြုရမလဲ”၊ “ဘယ်အချိန်မှာ အနားယူ ရမလဲ”။ လဲပေါင်း များစွာနဲ့ အတွေးတွေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အလုပ်လုပ်နေသူတွေက အသက် (၆၀)ဆို ပင်စင်ယူကြတာ သူသိတယ်။ ဒီတော့ သူလည်း အသက်(၆၀)ဆို နားသင့်ပြီလို့ မှတ်လိုက်တယ်။ ဖအေခါးကုန်း သားစားတုန်း မဖြစ်အောင် သူအသက် (၆၀) ရှိချိန်မှာ သားသမီးက ကိုယ့်ကိုယ်ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ အသင့်ဖြစ်တဲ့ အရွယ် (၃၅) နှစ်ဖြစ်ရမယ်။ ဒီအတွက် သားသမီး (၃၅)နှစ် အရွယ် ဖြစ်စေဖို့ သူအသက်(၂၃)နှစ်မှာ အိမ်ထောင်ပြုရမယ်။ အိမ်ထောင် ပြုတဲ့ အခါလည်း အိမ်တစ်ဆောင်၊ မီးတစ်ပြောင် ထားနိုင်ရမယ်။ ဒီအတွက် ခိုင်မာတဲ့ စီးပွားရေး တစ်ခုရှိရမယ်။ အဲဒီ အခြေအနေ ဖြစ်အောင် (၁၀)နှစ်တော့ ကြိုးစားရမယ်။ အဲဒီလို သူ့ဘာသာ အသက်ပိုင်းခြား အလိုက် ရည်မှန်း ချက်တွေချရင်း နောက်ဆုံးတော့ လက်ရှိ အချိန်ဖြစ်တဲ့ (၁၃) နှစ်သားမှာ စီးပွား စရှာဖို့ ဆုံးဖြတ်ခဲ့တယ်။

“ငယ်ငယ်ကတည်း က ပိုက်ဆံလက်ဖြန့်တောင်းရတာ ကို သိမ်ငယ်တယ်လို့ ထင်တယ်။ မိဘဆီ ကဖြစ်ဖြစ်၊ ဘယ်သူ့ဆီ က ဖြစ်ဖြစ် သွားတောင်းရတာ သိမ်ငယ်တယ်လို့ ထင်တယ်။ ကိုယ်ပိုင်ပိုက်ဆံ သုံးရတာ အရသာရှိတယ် ထင်တယ်။ အဲဒီ ခံယူချက်က ဘဝတိုးတက်ဖို့၊ ကောင်းဖို့ဖြစ်လာတာပဲ”

တော်ဝင်မိသားစုကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုထွေးနဲ့ ရန်ကုန်မြို့၊ တော်ဝင် စင်တာ က သူ့ရဲ့ ရုံးခန်းမှာ စကားပြောဆိုဖြစ်တော့ သူ့ငယ်ဘ၀ က နွမ်းပါးမှုတွေ အကြောင်းပြောပြရင်း ဒီနေ့ ဒီအခြေအနေ ကို ရောက်ရှိ လာရတဲ့ အဓိကအကြောင်းရင်းကို ပြောပြတယ်။ တော်ဝင်မိသားစု ကုမ္ပဏီရဲ့ ဦးဆောင်သူ တစ်ယောက်အဖြစ် ဒီနေ့ မြန်မာ့စီးပွားရေး လောကမှာ သူအောင်မြင်နေပေမယ့် ငယ်ဘဝဖြတ်သန်းမှုကတော့ ထင်သလောက် မချောမွေ့ခဲ့ပါဘူး။

သူ့ကို အဖ ဦးသာဒင်၊ အမိ ဒေါ်အုန်းကျင်တို့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ၁၉၅၄ ခုနှစ်က မွေးတယ်။ မွေးချင်း ငါးဦးမှာ သူက လေးဦးမြောက်။ အောင်သပြေကျောင်း၊ ကွက်သစ်ကျောင်း၊ အ.ထ.က(၃) စမ်းချောင်း၊ အ.ထ.က (၆) အလုံ တို့မှာ ပညာသင်ကြားတယ်။

၁၉၅၉ ခုနှစ်လောက် ကတည်း က တော်တော် လေး ယိုင်နဲ့လာတဲ့ မိသားစု စီးပွားရေး အခြေအနေကြောင့် ဘဝကို ခက်ခဲစွာ ရုန်းကန် လာခဲ့ရတယ်။ ကြီးပွား ချမ်းသာလိုစိတ် ကိန်းအောင်း လာခဲ့တယ်။ ကြီးပွားလိုစိတ် ထက်သန်လွန်းတော့လည်း တက္ကသိုလ် ပထမနှစ် အရောက်မှာပဲ လုံးဝကို ကျောင်းဆက် မတက်တော့ဘဲ အလုပ်ဘက်ကိုပဲ ဇောက်ချ ဖြစ်ခဲ့တယ်။

၁၉၆၇ ခုနှစ်လောက်ကတည်း က (၁၃)နှစ်သားလေး ကိုကိုထွေးဟာ စီးပွားရေးကို ဘယ်က စလုပ်မလဲ ဆိုတာသိဖို့ ရန်ကုန်မြို့တွင်းက စီးပွားရေး လုပ်ငန်းတွေ ရှိရာနေရာတွေ ကို လက်တွေ့သွားရောက် လေ့လာတယ်။ မော်တင်ကနေ ပုစွန်တောင် အထိ တစ်လမ်းဝင် တစ်လမ်းထွက် အခေါက်ခေါက် အခါခါ လမ်းလျောက်ရင်း ဘယ်နေရာမှာ ဘာစီးပွားရေးတွေ လုပ်တယ်၊ ဘယ်ဈေးမှာ ဘာတွေရောင်းတယ် ဆိုတာ လေ့လာတယ်။ သူသာ စီးပွားရေး လုပ်ရင် ဘာတွေကို ဘယ်လိုနေရာမှာ လုပ်မလဲ စိတ်ကူးနဲ့ တွေးကြည့်တယ်။ သူ့စိတ်တိုင်းကျ လေ့လာပြီးတဲ့ နောက်မှာတော့ ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့ သူ့ရဲ့စီးပွားရေး လုပ်ငန်းကို စတင်ခြေချခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၁၉၈၆ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ မလုပ်ကိုင်မီ အချိန်ထိ ကုန်ရောင်းကုန်ဝယ်လုပ်ငန်း၊ ကားဝယ်ရောင်း လုပ်ငန်း၊ အဝေးပြေး ကားလုပ်ငန်း၊ ပလတ်စတစ် လုပ်ငန်း၊ ကြက်မွေးမြူရေး လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ပြောင်းလဲ လုပ်ကိုင်တယ်။ အထိုက်အလျောက်လည်း အောင်မြင်တယ်။ ဒါပေမဲ့ သူလုပ်သမျှ စီးပွားရေးလုပ်ငန်းတွေဟာ သူမျှော်မှန်းတဲ့ သူဌေးဖြစ်ရေး လုပ်ငန်းချဲ့ထွင်နိုင်ဖို့အတွက်တော့ အကန့် အသတ်ရှိတာ သူတွေ့ရတယ်။ ဒါကြောင့်လည်း အကန့်အသတ်မရှိဘဲ လိုအပ်မှုတွေ အများအပြားရှိနေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းဘက်ကို သူပြောင်းလဲ ခြေချတယ်။ ၁၉၉၃ ခုနှစ်မှာ တော်ဝင်မိသားစု ကုမ္ပဏီကို တည်ထောင်တယ်။

ပြင်းပြတဲ့ကြိုးစားမှုနဲ့ အတူ လက်တွေ့ဘဝကလည်း သူရည်မှန်းချက် ချထားတဲ့အတိုင်း အားလုံးနီးပါး အောင်မြင်ခဲ့ပါတယ်။ သူ (၂၃)နှစ်အရွယ် ၁၉၇၇ ခုနှစ်မှာ အိမ်ထောင်ပြုတယ်။ သမီးကြီးကို ၁၉၇၉ ခုနှစ်မှာ မွေးတယ်။ ၂၀၁၄ ခုနှစ်မှာ သူ့အသက်(၆၀)ပြည့်တော့ သမီးကြီးက (၃၅)နှစ်။ အခုဆိုရင် သမီးနှစ်ယောက်က ဖခင်နဲ့ တွဲပြီး မိသားစု ကုမ္ပဏီ လုပ်ငန်း ကို ဦးဆောင်နေတဲ့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်လာခဲ့ပြီ။ ချမ်းချမ်းသာသာလည်း နေထိုင်နိုင်ခဲ့ပြီ။ အားလုံး အထဲမှာ သူ့ရည်မှန်းချက်နဲ့ မကိုက်ညီခဲ့တာ တစ်ခုကတော့ အနားယူဖို့ ကိစ္စပါပဲ။ အခုချိန်အထိ သူမနားနိုင်ဘဲ အလုပ်တွေ လုပ်နေရဆဲ။ စီးပွား ဆက်ရှာနေရဆဲ။

“မပူမပင်ရရင် ချမ်းသာတယ်။ ပူပင်နေရရင် ဆင်းရဲတာပဲ။ တကယ်တမ်း ကျတော့ ခုချိန်အထိ မချမ်းသာ ပါဘူး။ ဘာလို့လဲဆိုတော့ ဘဏ်တိုးတွေ က ဘယ်လောက်ပေးရမှာ၊ ဘယ်လုပ်ငန်းက ဘာဖြစ်ပြန်ပြီနဲ့ လုပ်ငန်းကြီး လာလေ အပူများလာ လေပဲ။ အဲဒါတွေလည်း ပြန်တွက် ကြည့် ရတယ်။ အဲဒါဆိုရင် ဘယ် အချိန်မှာတော့ ငါရှာတဲ့၊ ဖွေတဲ့ အလုပ်ကို ရပ်လိုက်ရင် ချမ်းသာမလဲပေါ့။ ဒါက အသက်ကြီး လာတဲ့ အခါမှ တွေးမိတဲ့အတွေးတစ်ပိုင်းပေါ့” လို့ ဦးကိုကိုထွေး က ဆိုတယ်။

တော်ဝင်မိသားစုကုမ္ပဏီရဲ့ လက်အောက်မှာ တော်ဝင်ဆောက်လုပ်ရေး လုပ်ငန်း၊ တော်ဝင် ပရိဘောဂ လုပ်ငန်း၊ တော်ဝင် ဥယျာဉ်ဟိုတယ်၊ တော်ဝင် စင်တာ၊ တော်ဝင် ဖွံ့ဖြိုးရေးလုပ်ငန်း စတာတွေ ရှိတယ်။ နှစ်ဖက် ညီအကို မောင်နှမ ဆွေမျိုးသားချင်း ဝန်ထမ်း (၁၃၀) ကျော် အပါအဝင် အမြဲတမ်းနဲ့ အချိန်ပိုင်း ဝန်ထမ်းပေါင်း (၃၀၀၀) ကျော်ရှိတယ်။ ဒီလို များပြားတဲ့ဝန်ထမ်းတွေ ကိုအုပ်ချုပ်ဖို့ ဝန်ထမ်း စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မူဝါဒကတော့ ရိုးရှင်းပါတယ်။ “ကိုယ့်လုပ်ငန်းရဲ့ဝန်ကို ထမ်းနိုင်မယ့် ဝန်ထမ်းကို ရွေးချယ်တတ်ဖို့ပဲ”လို့ အနှစ်ချုပ် ဆိုတယ်။ အရည်အချင်းရှိသူကို လူမှန်၊ နေရာမှန် ခန့်ထားနိုင် ဖို့က အကောင်းဆုံး ဝန်ထမ်းစီမံခန့်ခွဲမှုအဖြစ် ဦးကိုကိုထွေးက ယုံကြည် တယ်။

“အမြဲတမ်း လူမှန်နေရာမှန်ရှိအောင် အရည်အချင်းရှိတဲ့သူကတော့ မရနိုင်ဘူး။ မရနိုင်ရင် ဘာလုပ်ရ မလဲ။ သင်ပေးရတာပေါ့။ စနစ်တကျ သင်ကြားမှု လုပ်ရတယ်။ ဒါမှ ကိုယ်လိုချင်တဲ့ ဟာကို အချိန်တို အတွင်း ရတယ်။ အလုပ်ကို ကောင်းမွန်စေတဲ့၊ မြန်ဆန်စေတဲ့ System ကို ထားရှိ ကျင့်သုံးဖို့တော့လိုတာပေါ့” လို့ ဆိုတယ်။

သီရိရိပ်သာ အိမ်ရာ၊ တော်ဝင် အိမ်ရာ၊ မဟာမြိုင် အိမ်ရာ၊ မုဒိတာ အိမ်ရာ အပါအဝင် အိမ်ရာတွေ အများအပြားတည်ဆောက်ခဲ့တဲ့ တော်ဝင်ဆောက်လုပ်ရေး လုပ်ငန်းဟာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ ဘက်ကို ထဲထဲဝင်ဝင် အာရုံစိုက် လုပ်ဆောင်နေတာ သတိထား မိတယ်။ ဒါပေမဲ့ ဒီလိုတန်ဖိုးနည်း အိမ်ရာတွေကို ဦးစားပေးဆောက်လုပ်ရတဲ့ အကြောင်းရင်းက ဦးကိုကိုထွေးရဲ့ ဘဝဖြတ်သန်းမှုတွေထဲမှာ နေရေးအခက်အခဲ ဆိုတာကို ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ဖူးတာကြောင့်ဆိုတာ ကိုတော့ အခုမှ ကျွန်တော် သိခဲ့ရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“အိမ်ငှားနေရဖူးတယ်။ မိသားစုကများလာတဲ့အခါ အိမ်တစ်အိမ်နဲ့ မလောက်တော့ အိမ်ငှားနေရတယ်။ အိမ်ရှင်နဲ့ ပြသနာတက်တဲ့ အခါကျတော့ အရမ်း စိတ်ဆင်းရဲရတယ်။ သူတို့အိမ်က ထွက်ချင်ပေမယ့် မထွက်နိုင် တဲ့အခါ တော်တော်စိတ်ဆင်းရဲရတယ်။ လူတွေအပေါ်မှာ ကိုယ်ချင်းစာကြည့်တာပေါ့။ ရှင်းရှင်းပြောရရင် နေရေးလေးမရှိလို့ ကိုယ့်သားသမီးကို သူများလက်ထဲအတင်းထိုးပြီး အိမ်ခန်းလေး ပေးရင်ပြီးရောဆိုပြီး သူများ ကီပင်ဘဝနဲ့ ထိုးထည့်ပေးရတဲ့မိသားစုတွေ အများကြီးတွေ့ရတယ်။ မဟာမြိုင်အိမ်ရာ လုပ်တဲ့အခါ အငယ် လေးတို့ရွာဖြစ်သွားတယ်။ အဲဒါတွေက ပိုပို သိလာတာ။ မိန်းကလေးမို့ လို့လား၊ ယောကျာ်းလေးလည်း ပျက်စီးရတာတွေ တစ်ပုံကြီးပဲ။ နေစရာမရှိလို့၊ အိမ်လခမရှိလို့ ဒုက္ခရောက်ရသူတွေအများကြီးပဲ။ လူမှုရေး နစ်နာမှုတွေ အများကြီးရှိတယ်။ ဒါကို ငါနိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ၁၉၉၅ ကတည်းက တန်ဖိုးနည်း အိမ်ရာကို တောက်လျောက်လုပ်လာခဲ့တာ”

ဦးကိုကိုထွေးက သူ့ခံယူချက်ကို ပြောပြတယ်။ သူဆောက်ခဲ့သမျှ တန်ဖိုးနည်း အိမ်ရာတွေ က ကာလပေါက်ဈေးအောက် ထက်ဝက်လောက် နိမ့်တဲ့ဈေးနှုန်းတွေနဲ့ပဲ ရောင်းချခဲ့တာပါ။ တခြား အလုပ်တွေမှာ အမြတ်အစွန်းအတွက် စီးပွားရှာခဲ့ပေမယ့် ဒီနေရာမှာတော့ သူလောဘ မကြီးဘူး။ ကိုယ်ချင်းစာတရားနဲ့ အများ ကောင်းကျိုးပြုနိုင်အောင် ရည်မှန်းချက် ထားရှိထားတယ်။

လက်ရှိအချိန်အထိ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း (၆၀၀၀) ကျော်လောက် ဆောက်ခဲ့ပြီးပြီ။ နောက်ပိုင်း တစ်နှစ်မှာ အခန်း(၅၀၀၀၀) လောက်ဆောက်နိုင်ဖို့ ကြိုးစားနေပေမယ့် မြေနေရာရရှိဖို့က အဓိက အခက်အခဲ ဖြစ်နေတယ်။ ကုန်ကျစရိတ် နည်းပါးတဲ့ နည်းစနစ်တွေသုံးပြီး တန်ဖိုးနည်းအိမ်ရာ တွေတည်ဆောက်ဖို့ နည်းပညာ၊ ငွေကြေး၊ အလုပ်သမား အင်အား သူ့မှာရှိပေမယ့် မြေနေရာ ရရှိဖို့ကတော့ အစိုးရရဲ့ ပူးပေါင်းပါဝင်ကူညီမှုမရဘဲ သူမတတ်နိုင်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ သူမသေခင် အခန်း သုံးသိန်းလောက် ဆောက်ပေးနိုင်ခဲ့ဖို့ စိတ်အား ထက်သန်နေဆဲပဲ။

ဦးကိုကိုထွေးက “ငါ ဘာတွေတော့ ဘယ်လောက် ရအောင် လုပ်လိုက်မယ်ဆိုတဲ့ လောဘတွေအပေါ် မှာတော့ ထိန်းနိုင်တယ်။ မထိန်းနိုင်တာက အလုပ်လောဘ။ အလုပ်လုပ်ချင်တာ” လို့ဆိုတယ်။

နေ့စဉ် ည(၉း၀၀)နာရီ အိပ်ရာဝင်၊ အလုပ်အရေးကြီးရင် မနက်(၂း၀၀) နာရီ၊ ပုံမှန် မနက်(၄း၀၀) နာရီအိပ်ရာထပြီး အလုပ်လုပ်၊ မနက်(၆း၃၀) နာရီက စပြီး လုပ်ငန်းခွင်တွေ လိုက်ကြည့်၊ မနက်(၁၀း၀၀) နာရီမှာ ရုံးထိုင်၊ စီမံခန့်ခွဲမှုတွေလုပ်၊ နေ့လယ် (၁း၀၀) နောက်ပိုင်းမှာ လူမှုရေးလုပ်ငန်း အချိန်ပေး၊ ညနေ(၅း၀၀) နောက်ပိုင်းမှာ ကိုယ်ပိုင် အချိန်အဖြစ် အနားယူတဲ့ အလေ့အကျင့်ကို နှစ်ပေါင်း (၅၀) လောက် လုပ်ကိုင်ခဲ့တဲ့ ဦးကိုကိုထွေးက အချိန်ကို ပွားယူလို့ရတယ်ဆိုတာကို နားလည်သဘောပေါက်ထားတယ်။

“လုပ်ငန်းအရှိန်ကို မြန်အောင်လုပ်တဲ့နည်းက System ကို အသုံးချပြီး စီမံခန့်ခွဲမှုနဲ့ လိုအပ်တဲ့ ကိရိယာ၊ လူသူဖြည့်ဆည်းဖို့ပါပဲ။ အချိန်ဆိုတာ ကူလို့ရတယ်။ ပွားယူလို့ရတယ်။ အချိန်စီမံခန့်ခွဲမှုဆိုတာ ရတဲ့အချိန်ကို လုပ်ငန်းပမာဏနဲ့ တွက်ချက်ပြီး လူ့အင်အားနဲ့စက်စွမ်းအားတွေကို အသုံးချပြီး လုပ်ငန်းပြီးအောင် စနစ်တကျ စီမံတာပါပဲ” လို့ သူက ပြောတယ်။

စီးပွားရေးလုပ်ငန်းတွေ ဆိုတာ နေ့စဉ် အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ရစမြဲမို့ ဒီလို အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းလဲလို့ မေးကြည့်တဲ့အခါ ဦးကိုကိုထွေးက “တချို့ဟာတွေက ထိုင်ရှိခိုးပြီး ဖြေရှင်းရတာလည်း ရှိတာပေါ့” လို့ ရယ်ရယ်မောမော ဖြေတယ်။ ရယ်စရာအဖြစ် သူပြောပေမယ့် ဒီစကားက စီးပွားရေး လောကမှာ ပစ်ပယ်ထားမရတဲ့ အဖြစ်မှန်တစ်ခုမှန်း ကျွန်တော်တွေးလိုက်မိတယ်။

“အခက်အခဲကို ကြိုတင် တွက်ဆပြီး စီမံခန့်ခွဲနိုင်ခြင်းက အထိရောက်ဆုံးဖြစ်တယ်။ ဝီရိယလိုတယ်လို့ ပြောတာပေါ့။ စီမံခန့်ခွဲမှုဆိုတာက ပြေလည်အောင် ဖြေရှင်းခြင်းလို့ အဓိပ္ပာယ်ရတဲ့ အတွက် စီမံခန့်ခွဲ တတ်တာဟာ အခက်အခဲဖြေရှင်းခြင်းပါပဲ”

သူ့ရဲ့ အခက်အခဲဖြေရှင်းနည်းကို ပြောပြရင်း ကုမ္ပဏီတွင်း စီမံခန့်ခွဲမှု အခက်အခဲတွေအပြင် ဘဏ်ချေးငွေမရမှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှု၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်များပြားမှု၊ မူဝါဒ မတည်ငြိမ်မှု စတဲ့ လုပ်ငန်းရှင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း ဦးကိုကိုထွေးက ရှင်းပြတယ်။

“လုပ်ငန်းစတော့မယ်ဆိုရင် ပညာဆိုတာကို နားလည်အောင်လုပ်ပါ။ ပညာဆိုတာ ဘွဲ့မဟုတ်ပါဘူး။ စနစ်တကျ နားလည်သဘောပေါက်မှ ပညာပါ။ ပညာကို တတ်အောင်လုပ်ပါ။ လုပ်ချင်စိတ်ရှိပါ။ မျှော်မှန်းချက်၊ ရည်မှန်းချက် ရှိပါ။ ကိုယ်လုပ်နိုင်တာနဲ့ အလုပ်ကိုစပြီး တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွားပါ။ ဒါက စီးပွားရှာတဲ့ System ပါ။ ခုန်ပျံကျော်လွှား သွားရင် ပြုတ်ကျရင် နာတယ်။ တစ်ဆင့်ချင်း တက်ပါ။ တချို့က ကြာမယ် ထင်တာ။ အဲဒါက မြန်ပါတယ်” လို့လည်း လူငယ်တွေအတွက် အကြံပြု စကားဆိုတယ်။

သူ့ရဲ့ အနာဂတ်ရည်မှန်းချက်တွေ အထဲမှာတော့ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ဖို့၊ တန်ဖိုးနည်း အစားအသောက်တွေ ထုတ်လုပ်ဖို့၊ ဆေးရုံ၊ ဆေးခန်းတွေ တည်ဆောက်ဖို့၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ လှူဒါန်းမှုတွေလုပ်ဖို့ ရည်ရွယ်ထားတာတွေ့ရတယ်။ ဒီအလုပ်တွေ လုပ်နိုင်ဖို့ သူတစ်ဦးတည်း မတည် တည်ထောင်ထားတဲ့ တော်ဝင် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလည်း တဖက်တလမ်းက ပါဝင် ဆောင်ရွက်နေ ပါတယ်။ ဖောင်ဒေးရှင်းရဲ့ လက်ရှိအချိန်အထိ လှူဒါန်းမှုက ကျပ်သိန်းပေါင်း တစ်သိန်းခွဲလောက် ရှိပါပြီ။

သူများနဲ့မတူတဲ့ အတွေးအခေါ်တွေ တွေးတတ် လွန်းပြီး အလုပ်ပေါ်မှာ သတ္တိရှိရှိ အားထည့်လုပ်တတ်တဲ့ လေယာဉ်သူဌေးကြီး Howard Hughes ၊ မှတ်ဉာဏ်ကောင်းလွန်းတဲ့ သင်္ဘော သူဌေးကြီး အိုနာစစ်၊ စိတ်နဲ့ဂဏန်းတွက်ချက်ရာမှာ ထူးချွန်တဲ့ အာကာသယာဉ်မှူး Neil Armstrong တို့ကို အတုယူအားကျခဲ့တဲ့ ဦးကိုကိုထွေးက သူတို့ဆီက အကောင်းဆုံးအချက်တွေကို အတုယူပြီး ကြိုးစားခဲ့တယ်လို့ ဆိုတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း နေ့စဉ် ပြန်လည်သုံးသပ်ပြီး အမှားတွေ့ရင် ပြင်တယ်၊ မှန်တာတွေ့ရင် ပိုကောင်းအောင် ကြိုးစားတယ်။

သူက “ချင့်ချိန်ဖို့အတွက် ဦးနှောက်ထဲမှာ မှတ်ထားတာ ဘာမှ မရှိရင် ဘာမှ လုပ်မရဘူး။ တချို့က မှတ်စရာ မလိုဘူး၊ မှတ်စရာတွေ အားလုံးဟာ Internet က ဒေါင်းလုတ် လုပ်ရင်ရတယ်၊ ဒါတွေကို အလွတ်ကျက်ရင် အချိန်ဖြုန်းတာနဲ့ အတူတူပဲလို့ ပြောကြတယ်။ မဟုတ်ဘူး။ ဦးနှောက် အလုပ်လုပ်ဖို့ အတွက် မှတ်ကို မှတ်ရမယ်။ တွက်ကို တွက်ရမယ်။ ဆန်းကို ဆန်းစစ်ရမယ်၊ လုပ်ကို လုပ်ကြည့်ရမယ်။ စဉ်းစားတာများတဲ့သူဟာ စဉ်းစားတတ်တယ်၊ တွက်တာများတဲ့သူဟာ တွက်တတ်တယ်။ မှတ်တတ်တဲ့ အကျင့်ရှိတဲ့သူဟာ မှတ်ဉာဏ် ပိုကောင်းတယ်။ မှတ်တာ၊ တွက်တာ၊ စဉ်းစားတာ တွေဟာ ဦးနှောက်ရဲ့အလုပ် ဖြစ်တယ်။ ဦးနှောက်အလုပ်လုပ်မှ ဉာဏ်ထွက်တယ်။ ဒီအခြေခံ အရည်အချင်းတွေ ရှိဖို့လိုတယ်” လို့ ဆိုတယ်။

၂၀၀၂ ခုနှစ်မှာ နိုင်ငံတော်ကပေးတဲ့ လူမှုထူးချွန်ဆု(ပထမအဆင့်)၊ ၂၀၁၃ ခုနှစ်မှာ မြန်မာ့စက်မှုလက်မှုပြပွဲ ကပေးတဲ့ အကောင်းဆုံး တီထွင်ကြံဆမှု ဆု၊ ၂၀၁၄ ခုနှစ်မှာ Myanmar Engineering Society ကပေးတဲ့ Honorary Follow ဆု၊ ASEAN Federation of Engineering Organization ကပေးတဲ့ Honorary Follow ဆုတွေရရှိထားတဲ့ ဦးကိုကိုထွေးဟာ လက်ရှိမှာ အသင်းအဖွဲ့ပေါင်း (၂၂) ဖွဲ့မှာ နာယက၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ CEC ၊ Honorary Member နဲ့ Member အဖြစ် ပါဝင်ဆောင်ရွက်နေတယ်။

ဦးကိုကိုထွေးက ဘဝမှာ အရာရာကို Time Plan နဲ့ အစီအစဉ်တကျ လုပ်လေ့ရှိသူမို့ သူမရှိတော့တဲ့ အနာဂတ်ကာလမှာ မျိုးဆက်ဖြစ်သူ သမီးနှစ်ယောက် သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အဆင်ပြေပြေ ရပ်တည်နိုင်ဖို့ လည်း အခုကတည်းက အစီအစဉ်တွေ ချနေပြန်တယ်။

“သူတို့ကို Construction လုပ်ငန်းနဲ့ ဆက်လုပ်နိုင်ဖို့ကို ပုံစံ ပြောင်းပစ်တယ်။ အလုပ်သမားတွေကို အလုပ်ရှင်ဖြစ်အောင် လွှဲပေးဖို့ လုပ်နေတယ်။ ငါ့ပစ္စည်းတွေပေးမယ်၊ မင်းတို့က ငှားသုံး၊ မင်းတို့လုပ်၊ မင်းတို့က အလုပ်ရှင်ဖြစ်လာမယ်။ ပြီးရင် ငါ့သမီးတွေလက်ထက်ကျရင် မင်းတို့ကို ကန်ထရိုက်ပေးမယ်။ ကန်ထရိုက်ယူပြီး ပြန်လုပ်။ အဲဒီတော့ သမီးတွေက ပစ္စည်းငှားစားတဲ့ဥစ္စာရမယ်၊ ကန်ထရိုက်ပေးပြီးတော့ ရလာတဲ့ အကျိုးအမြတ်ပဲ ယူမယ်။ ဝန်ထမ်းတွေကို အလုပ်ရှင် ဖြစ်အောင် လုပ်ပေးပြီး သမီးတွေ၊ မြေးတွေကလည်း မိန်းကလေး တွေဖြစ်တော့ သင့်တော်တဲ့ စီမံခန့်ခွဲမှုဖြစ်အောင် စီစဉ်ထားတယ်။ ဒါ့ကြောင့် သူတို့နဲ့ လိုက်လျော ညီထွေရှိမယ့် အလုပ်တွေကို စီစဉ် ထားခဲ့တယ်” လို့ ဆိုပါတယ်။

မေ(၂၉)၊၂၀၁၈ ၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။