တံခါးများ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Illustration / တချို့ အိမ်တွေရဲ့ တံခါးတွေမှာ သံဆူးကြိုးတွေဆင့် ပိုမြင့်လာသည်။

အဂတိ တိုက်ဖျက်ရေး ကော်မရှင်က ငါးကြီးကြီးတွေ ဖမ်းမည် ဆိုသည့် တံခါးကို ဆွဲဖွင့် လိုက် သည်။ ကိုယ့်လယ် ကိုယ်ပြန်တောင်းသည့် လယ်သမားရဲ့အသံက ထောင်တံခါးကို ဖွင့်လိုက် သည့်အသံ။ တစ်နိုင်ငံလုံး ဈေးထွက်ရောင်းနေ သလား အောက်မေ့ရတယ်။ ဝယ်သူကို မရှိဘူး …

တံခါး (၁)

တံခါးပိတ် အစည်းအဝေး။ သိုသိုသိပ်သိပ်။ လျှို့လျှို့ဝှက်ဝှက်။ အထဲက စကား အပြင် မရောက်စေချင်။ အပြင်က လူတွေ အထဲမဝင်စေချင်။ တံခါး။ မြန်မာအဘိဓာန်မှာ ဖွင့်နိုင်၊ ပိတ်နိုင်သော အရွက်တပ်ဆင် ထားသည့် အပေါက်ဟု ဖွင့်ဆိုသည်။

တံခါး(၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပိတ်လှောင်ထားသည့် တံခါးကို တွန်းဖွင့်ကြသည်။ ဒီမိုကရေစီ ခရီးကြမ်းမှာ လျှောက်ရင်း ဖြတ်ရင်း ထောင်တံခါးကြီးနောက် ရောက်သွားသူတွေ။ ပိန်းပိတ်မှောင်နေချိန်၊ တံခါးတွေ ပိတ်ထားချိန်။ တစ်ယောက်လက် တစ်ယောက်ချိတ်။ စမ်းတဝါးဝါး သွားနိုင်ခဲ့သူတွေ။ လမ်းဖောက်နိုင်ခဲ့ သူတွေ။ လမ်းလျှောက်နိုင်ခဲ့သူတွေ။ အလင်းတံခါး အပွင့်မှာ လက် မချိတ်နိုင်တော့။ သည်လမ်းကို သည်လူ တွေနဲ့ မလျောက်ချင်ကြတော့။ သည်ခရီးကို သည်လူတွေနဲ့ မသွားချင်ကြတော့။ ရယ်စရာကောင်း သည်လား။ ရင်နာစရာ ကောင်းသည်လား။ တံခါးတွေ ပိတ်လိုက်ကြသည်။

တံခါး(၃)

လဖက်ရည်ဆိုင်ခေတ်၊ လဖက်ရည်ဆိုင်က သီချင်း။ အိမ်တံခါးကိုဖွင့်။ လမ်းပေါ်ကို ကျွန်တော် တို့ ဆင်းလာကြသည်။ ဆောင်းဘောက်က သီချင်းက နှလုံးသားကို ခပ်ကြမ်းကြမ်း ဆွဲဖွင့်သည်။ ဆံပင်တွေ ထောင်လာ သလိုလို၊ သွေးကြောတွေ ထခုန်လာသလိုလို။

“ ငရဲကိုဖောက်ထွက် … သွေးပျက်ညရဲ့ အိပ်မက်ထဲ…ရုပ်ဝတ္ထုတွေ ဝိညာဉ်နဲ့ အားလုံးဟာ … ခြောက်လှန့်နေခဲ့ … သေခြင်းရဲ့ တံခါးများ… ရှေ့မှာ … သေခြင်းရဲ့တံခါးများ … အနားမှာ … သေခြင်းရဲ့တံခါးများ …။

တချို့ပြောတဲ့ ရူးမိုက်မှုနဲ့ ကျွန်တော်တို့ ပိတ်ထားသည့် တံခါးတွေကို ဆွဲဖွင့်ကြ၊ ပိတ်ထားသည့် တံခါးတွေကို ရိုက်ချိုးကြ။

“ … ဒီမှာ … ငါ့ရဲ့ ငရဲ အခန်းငယ်ထဲ … လွတ်မြောက်ချင်စမ်း … လမ်းဟာ … ဘယ်မှာလဲ…”

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 

အမေ သည်လ သမီး ငွေပို့နိုင် မယ် မဟုတ်ဘူး။ စက်မှုဇုန် အလုပ်သမလေးက သူ့ဘဝတံခါးကို သူ့ဖုန်း မက်ဆေ့ကနေ သူ့အမေကို ဖွင့်ပြ။ ညီလေးရယ် ငှက်ပျော သီးနှစ်လုံးက ညနေစာ အတွက်ဘယ်လုံလောက် ပါ့မလဲ။ အစ်ကို့လို ဆိုက်ကားနင်းတဲ့ သူ တစ်ယောက်အတွက် ဆာတာပေါ့။ ဒါပေမဲ့ …

 

တံခါး(၄)

လမ်းတွေ၊ လူတွေ။ ပျံဝဲကြ။ ဒဏ်ရာများနဲ့ ပျံဝဲကြ။ အဝေးကို ပျံဝဲရ။ “ဂျိမ်း” ဆိုတဲ့ တံခါး ပိတ်သံကြီး။ သည် တံခါးပိတ်သံကြီးနဲ့ အတူ လူငယ်ဘ၀ လတ်ဆတ်လွန်းသည့် နေ့ရက်တွေ တိုက်စားခံလိုက်ရ။ တချို့ ဆယ်စုနှစ် နှစ်စု။ တချို့ ဆယ်စုနှစ် နှစ်ခု နီးပါး။ ငယ်ရွယ်နုပျိုမှုနဲ့ ခွန်အားတွေကို ပိတ်ထားတဲ့ တံခါးနံရံတွေ က အညှာအတာမရှိ တဖဲ့ဖဲ့ ဝါးမြို လိုက်ကြသည်။

အပြန် … အပြန် … တံခါးဖွင့်စောင့်ကြိုမယ့်သူမရှိ။ တံခါး ဖွင့်စောင့်ကြို နေသော်လည်း ပြန်လာမယ့် သူ ပြန်မလာတော့။ တံခါးဝမှာ ရပ်နေတုန်း။ ပိတ်ထားတဲ့ တံခါးတွေဟာ ပိတ်ထားတုန်း။ ဖွင့်ထားတဲ့ တံခါးတွေဟာ ဖွင့်ထားတုန်း။ တံခါးမရှိ၊ ဓားမရှိသလို ဖွင့်ထားတုန်း။

တံခါး(၅)

၂၀၁၅ လောက်ကထင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်း တံခါးကို လေလံ တင်သည်။ ကြမ်းခင်းဈေး သိန်းနှစ်ထောင်။ သည်တံခါး အရောင်က အဝါနဲ့ အနီ။ သည်တံခါးက တစ်ချိန်တုန်းက အမြဲလိုလို ပိတ်ထားသည့်တံခါး။ သည်တံခါး တင်မက သည်တံခါး တပ်ဆင် ထား သည့် အိမ်ရှေ့ လမ်းကိုပါ ပိတ်ထားသည် မဟုတ်လား။ မြန်မာ့ ဒီမို ကရေစီခရီးတွင် သည်တံခါးက ပြောနိုင်သော အကြောင်းအရာတွေ အများကြီး ရှိပေလိမ့်မည်။ ပိတ်ထားခြင်း ခံခဲ့ရသူတွေ၊ ဝင်ရသူတွေ၊ ထွက်သွားသူတွေ။ လုံးဝမဝင်ရ သူတွေ။ တချို့ ရှိသေးသည်။ တချို့ မရှိတော့။ သည်တံခါးကို ဆွဲပိတ်လိုက်သည့် လက်တွေ။ သည်တံခါးကို ဆွဲဖွင့်လိုက်သည့် အခြေအနေတွေ။ စုဆောင်း တတ်သူတို့ စုဆောင်အပ်သည့်တံခါး။ သမိုင်းဝင်။ တန်ဖိုးရှိ။

တံခါး(၆)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တိန့်ရှောင်ဖိန်က တရုတ်ပြည်ရဲ့ တံခါးကြီးကို ဆွဲဖွင့်ခဲ့သည်။ ဆော်ဒီက ရေနံသူဌေးကြီး တစ်ဦးက သူ့အိပ်ခန်းတစ်ခါးကို ရွှေသားအတိချ၊ တန်ဖိုးကြီး ကျောက်တွေ စီချယ်ထားသည်။ တချို့ အိမ်တွေရဲ့ တံခါးတွေမှာ သံဆူးကြိုးတွေဆင့် ပိုမြင့်လာသည်။ ဂျပန်ခေတ်က အဘွားတို့ အိမ်တွေဆိုတာ တံခါးပိတ် အိပ်စရာမလိုဘူး။ သူခိုးသူဝှက် မရှိဘူးဟု ဆုံးသွားသည့် ကျွန်တော့် အဘွားက သူ့ဇာတိ မြို့လေးက တံခါးတွေအကြောင်း ပြောသွာဖူးသည်။ ကျွန်တော့်မိတ်ဆွေက သူ့သားလေးကျောင်းက စာကြည့်တိုက်တံခါး အမြဲလိုလို ပိတ်ထား သည်ဟု ခံပြင်းဒေါသသံနဲ့ ပြောသည်။ ပုံပြင်ထဲက လောဘ ကြီးသည့် တံခါးမှူးခမျာ ကြိမ်ဒဏ်သာ ရသွားရှာသည်။ အဂတိ တိုက်ဖျက်ရေး ကော်မရှင်က ငါးကြီးကြီးတွေ ဖမ်းမည် ဆိုသည့် တံခါးကို ဆွဲဖွင့် လိုက် သည်။ ကိုယ့်လယ် ကိုယ်ပြန်တောင်းသည့် လယ်သမားရဲ့အသံက ထောင်တံခါးကို ဖွင့်လိုက် သည့်အသံ။ တစ်နိုင်ငံလုံး ဈေးထွက်ရောင်းနေ သလား အောက်မေ့ရတယ်။ ဝယ်သူကို မရှိဘူး ဟု သစ်သီးသည်လေးက သူ့ခံစားချက်တံခါး ကို ဆွဲဖွင့်ပြသည်။ အမေ သည်လ သမီး ငွေပို့နိုင် မယ် မဟုတ်ဘူး။ စက်မှုဇုန် အလုပ်သမလေးက သူ့ဘဝတံခါးကို သူ့ဖုန်း မက်ဆေ့ကနေ သူ့အမေကို ဖွင့်ပြ။ ညီလေးရယ် ငှက်ပျော သီးနှစ်လုံးက ညနေစာ အတွက်ဘယ်လုံလောက် ပါ့မလဲ။ အစ်ကို့လို ဆိုက်ကားနင်းတဲ့ သူ တစ်ယောက်အတွက် ဆာတာပေါ့။ ဒါပေမဲ့ ကြာလာ တော့လည်း ဆာတဲ့ဒဏ်ကို ခံနိုင်သွားတယ်။ ထမင်းတစ်နပ် ရှစ်ရာ။ အစ်ကို တစ်နပ်မစားတော့ သမီးကျောင်းစရိတ်အတွက် ခံသာတာပေါ့ တဲ့။ အနှေးယာဉ် သမားကြီး ဖွင့်ပြတဲ့ တံခါး။ မေတ္တာတရား။ မပြေလည်မှု။ ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်မယ့်အသံတွေ။ တင်းတင်း ပိတ်ထားတဲ့ တံခါးတွေ။

တံခါး(၇)

စေ့ရုံစေ့ထားသည့်တံခါး၊ သော့ခလောက်ကြီးကြီးနဲ့ ပိတ်ခတ်ထားသည့် တံခါး၊ မင်းတုံး ချထား သည့် တံခါး၊ ချိပ်ပိတ်ထားသည့် တံခါး။ ဖွင့်ထား သည့် တံခါး။ အထဲက ပိတ်ထားသည့် တံခါး၊ အပြင်က ပိတ်သွားသည့် တံခါး။ ရုတ်ခြည်း ပိတ်လိုက်သည့်တံခါး။ သိထားသည့် တံခါး။ မသိ ထား သည့် တံခါး။ ကျွန်တော်တို့၊ ခင်ဗျားတို့ ရှေ့က တံခါးများ။

တံခါး(၈)

တချို့တံခါးတွေသည် ပိတ်ထားသည် ဆိုသော်လည်း အဓိပ္ပာယ် အမျိုးမျိုး။ အပြင်ကလူ အထဲ မဝင် နိုင်ဖို့၊ အထဲကို မမြင်နိုင်ဖို့ ပိတ်သည်။ တချို့ကျတော့ အထဲကလူ အပြင်မထွက်နိုင်ဖို့ ၊ အပြင်ကို မမြင်နိုင်ဖို့ ပိတ်သည်။ တံခါး၏ သဘောကိုက အဖွင့်၊ အပိတ် သဘော နှစ်ခုဟု ဆိုသော်လည်း ဖွင့်သည်လည်းမဟုတ် ပိတ်သည်လည်းမဟုတ် ဟရုံသာ ဟ ထားသည့် တံခါး။ ထို ဟ ထားသည့် တံခါးကနေ ကျွန်တော်တို့ ဘာကိုမြင်နေ ရသနည်း။ တံခါး တစ်ချပ်ကို ဆွဲဖွင့်။ တံခါးတွေကို ဆွဲဖွင့်။ ကျွန်တော်တို့၊ ခင်ဗျားတို့ ရှေ့က တံခါးများ။

ခြိမ့်ဖေ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။