တံတားအသစ်မပြီးမချင်း ဇက်ကိုပဲသုံးရမှာပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး

ရွေးမြစ်ပေါ်တွင် တည်ဆောက်ထားသည့် မြောင်းမြကြိုးတံတားသည် ဧပြီ(၁)ရက်နေ့ နံနက် တစ်နာရီခွဲခန့်က ပြိုကျခဲ့ရာ ခြောက်ဘီး ကား တစ်စီးနှင့် လူနှစ်ယောက်ပါမြစ်ထဲသို့ ကျသွားခဲ့သည်။ ယင်းတံတား ကျိုးသွားသည့်အတွက် လမ်းပန်း ဆက်သွယ်ရေး အခြေအနေနှင့် တံတားကျိုးခဲ့သည့် ဖြစ်စဉ်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက် နေသည်ကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်၊စက်မှု၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ထားသည်။

ငြမ်းမီဒီယာ – မြောင်းမြကြိုးတံတား ကျိုးကျသွားတဲ့အတွက် လက်ရှိအခြေအနေမှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနဲ့ ဘာတွေများဆောင်ရွက်နေပါသလဲ။

ဦးဝင်းဌေး – ကျွန်တော်တို့အစိုးရအနေနဲ့ လက်ရှိလုပ်နေတာကတော့ ရေလမ်း ကင်းရှင်းရေးကို ဦးစားပေးလုပ်နေတယ်။ ဒီနေ့အဖို့ အတွက် ကတော့ စက်တပ်ရေယာဉ်တွေ သွားလာမှုကို ပိတ်ထားတယ်။ ကျိုးသွားတဲ့ တံတားရဲ့ အစိတ်အပိုင်းက ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မနက်ဖြန် တိုင်းပြီး ဘယ်လိုအခြေအနေမျိုး သွားလို့ရမယ်ဆိုတာ သိတော့မှ ကျွန်တော်တို့ ပြန်ဖွင့်ပေးမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြတ်တောက်သွားတဲ့ လမ်းပန်းဆက်သွယ်ရေးကို ဘယ်လို စီစဉ်ထားပါသလဲ။

ဦးဝင်းဌေး – ရေလမ်းကြောင်းပြန်ဖွင့်ဖို့ အတွက်ကို ကျိုးသွားတဲ့ တံတားရဲ့ လက်ရှိ အနေအထားနဲ့ ရေထဲကအနေအထားကို တိုင်းတာပြီးတော့မှ ပြန်ဖွင့်လိုရမယ်။ ကားလမ်းနဲ့သွားနိုင်ဖို့အတွက်ကို နှစ်ရက်၊သုံးရက်အတွင်း ဇက်ဆိပ်ပြီးအောင် လုပ်မယ်။ ဇက်က ပုသိမ်ကတစ်စီး ရန်ကုန်က နှစ်စီး လာနေပါပြီ။ လပွတ္တာနဲ့ မြောင်းမြက ကားတွေ ကူးနိုင်ဖို့ကို အဲလိုမျိုး ဆောင်ရွက်နေပါတယ်။

ငြမ်းမီဒီယာ – မတ်လ(၁၁)ရက်နဲ့ (၁၂)ဝန်းကျင်က တံတားပြင်ဆင်ရေးကို တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့က ပြင်ဆင်ထားတယ်။ အခုရက်ပိုင်းအတွင်း ကျိုးကျတယ်ဆိုတော့ တံတားကြံ့ခိုင်းရေးကို ဝန်ကြီးအနေနဲ့ ဘာများသိထားပါသလဲ။

ဦးဝင်းဌေး – အဲဒီ(၁၁)ရက်(၁၂)ရက်နေ့က ပြင်တယ်ဆိုတာက မိုင်နာ ပြင်တာ ပါ။ အခင်းတို့ဘာတို့ပဲ ပြင်တာ။ ဒီတံတားက အတွင်းထဲကို ယိုင်နေတာ။ တိုင် လေးတိုင် ယိုင်နေတာ။ အများဆုံး ယိုင်နေတာက မြောင်းမြဘက်ခြမ်းပေါ့။ အများဆုံးယိုင်နေတာက ၂၈၂ မီလီမီတာလောက် ယိုင်နေတာ။ အဲဒါကိုလည်း ဒီတံတားက အန္တရာယ်ရှိတာဖြစ်တဲ့အတွက် အသစ် တစ်စင်းက ဘေးမှာ ကပ်လျှက်ဆောက်နေပြီ။ အဲဒါက ၂၀၁၇ ဇူလိုင်လ လောက်ကတည်းက စဆောက်နေတာပါ။ ဆောက်နေတဲ့ အခါမှာလည်း ကျွန်တော်တို့လည်း တောက်လျောက်တိုင်းနေတာပါ။ အဲဒီတိုင်စောင်းနေတာက သိပ်မပြောင်းလဲဘူး။ အခုဖြစ်တာက ဆိုင်ကြိုးတွေပြတ်သွားတယ်။

ငြမ်းမီဒီယာ – အခုဖြစ်တဲ့ တံတားကျိုးတဲ့ကိစ္စအတွက် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့ရှိပါသလား။

ဦးဝင်းဌေး – ချက်ခြင်းစီစစ်ပြီး အစီရင်ခံစာထွက်မှာပါ။ ပြည်ထောင်စုက ဒုဝန်ကြီးလည်းလာနေပါပြီ။ ဆောက်လုပ်ရေးက လူကြီးတွေလည်း လာနေပါပြီ။ မကြာခင်မှာပဲ ကျွန်တော်တို့ Report ထွက်ပါမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တံတားအသစ်ဆောက်နေစဉ်မှာ တံတားအဟောင်းကကျိုးသွားပြီ ဆိုတော့ တံတားအသစ်မပြီးမချင်း ဇက်ကိုပဲသုံးရမှာလား။

ဦးဝင်းဌေး – တံတားအသစ်မပြီးမချင်း ဇက်ကိုပဲသုံးရမှာပါ။ တံတားအသစ်ပြီးဖို့က (၂)နှစ်လောက်ကြာဦးမယ်။

ငြမ်းမီဒီယာ – တံတားကျိုးကျသွားတဲ့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ထိခိုက်နိုင်တယ်။ ကုန်စည်ဈေးနှုန်းတွေ တက်နိုင်တယ်ဆိုတဲ့ ပြောစကားတွေကြားရပါတယ်။ အဲဒီအတွက် ဘာမှတ်ချက်များ ပေးချင်ပါသလဲ။

ဦးဝင်းဌေး – အဲဒါကတော့ ကျွန်တော်တို့လည်း လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်အောင် အားချင်းလုပ်နေပါတယ်။ လပွတ္တာနဲ့ မြောင်းမြ ခရိုင်နှစ်ခုလုံးက တံတားဟိုဖက်ခြမ်းမှာ ဖြစ်နေတော့ အားချင်း လုပ်နေပါတယ်။ လမ်းပန်း ဆက်သွယ်ရေးကို မပူကြပါနဲ့ လမ်းပန်း ဆက်သွယ်ရေး အမြန်ဆုံး ချောမွေ့အောင် ဌာနပေါင်းစုံနဲ့ ကျွန်တော် ဦးဆောင်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။ အမြန်ဆုံး အဆင်ပြေ သွားပါမယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

 

မြောင်းမြကြိုးတံတားကို ၁၉၉၆ခုနှစ် စက်တင်ဘာတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တံတားခွင့်ပြုတန်ချိန်(၆၀)ရှိခဲ့ရာ နောက်ပိုင်း တွင် ခွင့်ပြုတန်ချိန်(၂၀) သာခွင့်ပြုခဲ့ရာ တံတားခံနိုင်ဝန်(၈၀)ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပြီး အန္တရာယ်ရှိလာသည့် အတွက် တံတားဟောင်းဘေးတွင် ကပ်လျှက် ခံနိုင်ဝန် တန်ချိန်(၆၀) ဝန်အားရှိသည့် သံကူကွန်ကရစ် တံတားသစ်ကို ၂၀၁၇ ခုနှစ် ဇွန်လကစတင်ပြီး ဆောက်လုပ်နေကြောင်းသိရသည်။ မြောင်းမြကြိုးတံတားသည် လပွတ္တာ၊ မြောင်းမြ ၊အိမ်မဲ၊ ကျောင်းကုန်း၊ ကျုံပျော် ကားလမ်းပေါ်တွင် တည်ရှိနေပြီး တံတားဟောင်းသည် အန္တရာယ် ရှိနေပြီ ဖြစ်သည့် အတွက် တံတားသစ် တစ်စင်း ဆောက်လုပ်ပေးရန် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက လွှတ်တော်တွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,