ဒီကလေးတွေက ပုံမှန်အခြေအနေမှာတောင် ထမင်းနပ်မှန်အောင်မစားရတဲ့ သူတွေလေ …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တချို့ကလေးတွေသည် မိဘလည်းမရှိဘူး။ အုပ်ထိန်းသူလည်း မရှိဘူး။ သူ့မှာဘာမှ အကာအကွယ် မရှိဘူး။ တစ်ကိုယ်တည်း။ ဒီကလေးမှာ …

လမ်းပေါ်ကလေးများကို ကူညီစောင့်ရှောက်မှုပေးနေသည့် Junior Dream (Non- Profit organization) သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လမ်းပေါ်ကလေးများ၏ ပညာရေး၊ကျန်းမာရေး နှင့်စားဝတ်နေရေး ကို တတ်နိုင်သမျှ ကူညီထောက်ပံ့နေသည့် Junior Dream (Non- Profit organization) တည်ထောင်သူ ဒေါ်က္ကုန္ဒြေနေနွယ် ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားပါသည်။

Junior Dream / Junior Dream (Non- Profit organization) တည်ထောင်သူ ဒေါ်က္ကုန္ဒြေနေနွယ်

ငြမ်းမီဒီယာ – လမ်းပေါ်ကလေးတွေကို ကူညီထောက်ပံ့ပေးနေတဲ့ Junior Dream ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အခုဆို ငါးနှစ်ရှိပြီ။ ငါးနှစ်တာကာလ အချိန်မှာ လုပ်ဆောင်ခဲ့တာတွေရယ် ၊အဖွဲ့စတင်တည်ထောင်တဲ့ အချိန်နဲ့ အခုအချိန်မှာ ဘာတွေ ကွာခြားမှုတွေရှိလဲ။

ENW – လွန်ခဲ့တဲ့ ငါးနှစ် ကျမတို့ စလုပ်ကတည်းက ပွင့်ပွင့်လင်းပြောရရင် လမ်းပေါ်နေကလေးဆိုတာ လူတွေနဲ့ ထဲထဲဝင်ဝင် ရင်းနှီးမှုမရှိကြဘူး။လမ်းပေါ်နေကလေးဆိုတာ ဘယ်လိုမျိုးလဲ၊ဘယ်ကလဲ။ အဲဒီလို ထွေပြား နေကြတဲ့အချိန်ပေါ့။ အဲဒီအချိန်တုန်းက ကျမတို့လို သာမန်လူတွေကို လမ်းပေါ်နေကလေးတွေ ဆိုတာ ဘယ်လိုလဲ ဆိုတာ သိအောင် Awareness ပေးရတာလည်း ခက်ခဲတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လမ်းပေါ်နေကလေးတွေရဲ့ ဘဝကို ဝင်ကြည့်ရတာလည်း နက်နက်ရှိုင်းရှိုင်း ဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုကလေးမျိုး တွေက တစ်နေရာ တည်းမှာ စုပုံပြီးတော့ အခုလှူလိုက်တယ် ပြီးသွားပြီဆိုပြီ လုပ်လို့မရဘူး။ အစဉ်တစ်စိုက်လုပ်ရတာ။ ကျမတို့ ၂၀၁၅ ကတည်းက လုပ်ခဲ့တာသည် တောက်လျောက် ဒီကလေးတွေနဲ့ တွဲပြီးလုပ်လာခဲ့တာ။ ထူးခြားချက်က လမ်းပေါ်နေ ကလေးတွေသည် တစ်ခါတည်း၊တစ်နှစ်တည်းနဲ့ မပြီးဘူး။ဒီကလေးတွေ ရှိတဲ့ တောက်လျောက် ကျမတို့ တတ်နိုင်သလောက် ကူညီသွားရမယ့် ကလေးတွေဖြစ်တယ်။ ဒီကလေးတွေနဲ့ ယုံကြည်မှု တည်ဆောက်ရတဲ့ ကာလကိုက နှစ်ချီပြီးတော့ ကြာပါပြီ။

အခုဆို ကျမတို့ ငါးနှစ်တာကာလအတွင်းမှာ သူတို့ရဲ့အောင်မြင်မှုတွေ ၊သူတို့ရဲ့ လမ်းစတွေကို ပွင့်ပွင့်လင်းလင်း စမြင်လာရတဲ့ အချိန်ပါ။ အခုဆို ကျမတို့ တွေ့ရတဲ့ အချိန်ထက်စာရင် သိသာထင်ရှားတဲ့ ကလေးမျိုးတွေ ရှိသလို ငါးနှစ်လုံးလုံးမှာ ကျမတို့ ဘယ်လိုပဲ လုပ်ပေးလုပ်ပေး စာသင်ခန်းထဲကို မရောက်နိုင်တာ။ ကျမတို့ လုပ်ပေးချင်သလို လုပ်ပေးလို့မရတဲ့ ကလေး မျိုးတွေ လည်း ရှိပါတယ်။ ဒီကလေးတွေက ရှိနေတုန်းပါပဲ။

ပွင်ပွင့်လင်းလင်းပြောရရင် အဓိက က ကျမတို့ ထိတွေ့ဆက်ဆံနေရတဲ့ ကလေးတွေ ကတော့ လက်လွတ်စပယ် မသေဆုံးနိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် သူတို့ကို ချိတ်ဆက်ပေးနေတဲ့၊ အမြဲတမ်း စောင့်ရှောက်ပေးနေတဲ့၊သူတို့ဘက် က အဖွဲ့လေး တွေ၊ သူတို့ဘက်က ဆရာ၊ဆရာမတွေ ရှိပါလားဆိုတာ သူတို့ရင်ထဲမှာ ရှိသွားတဲ့ အတွက်ကြောင့် အန္တရာယ်ကြုံ လာတဲ့အခါ ကျမတို့ ဆီကို ဖုန်းနဲ့သော်၎င်း တစ်ခုခုဆက်သွယ် လာပါတယ်။ အဲဒီတော့ သူတို့ရဲ့ အသက် အန္တရာယ်ကို ကာကွယ်နိုင်တဲ့ ဖြစ်စဉ်လေး တော့ ရှိပါတယ်။ ဒါပေမယ့် ကျမတို့မျှော်မှန်းသလို သူတို့ ပညာတတ်ကြီးတွေ ဖြစ်ရမယ် ဆိုတဲ့ ဟာကတော့ အရေအတွက်အားဖြင့် နည်းပါသေးတယ်။

Junior Dream

ငြမ်းမီဒီယာ – အခု Junior Dream က ငါးနှစ်သက်တမ်းရှိပြီ ဆိုတော့ လွန်ခဲ့တဲ့ ငါးနှစ်က တွေ့ခဲ့တဲ့ (၁၁) နှစ်အရွယ်ကလေး က အခုဆို (၁၆) နှစ်၊ (၁၃) နှစ်အရွယ်ဆို အခု (၁၈) နှစ်။ အဲဒီတော့ သူတို့တွေမှာ ဘာတွေ ပြောင်းလဲသွားတာရှိလဲ။ ပြီးတော့ သူတို့နဲ့ ထိတွေ့ဆက်ဆံရတဲ့အပိုင်းတွေမှာ ဘယ်လို အခက်အခဲတွေ၊ ဘာလိုအပ်ချက်တွေ ရှိသလဲခင်ဗျ။

ENW – ကျမ ဒီအလုပ်ကိုလည်း တကယ်ဝါသနာပါတယ်။ ဒီကလေးတွေကို စိတ်ရင်းအမှန်၊ရင်ထဲက အတိုင်းပဲ ဆက်ဆံတယ်။ ဆာဗေးကောက်တာက အစပေါ့။ပွင့်ပွင့်လင်းပြောရရင် ကျမတို့အနေနဲ့ သူတို့ကို ကူညီနေချိန်မှာ ပရဟိတကြီး လုပ်နေပါလား၊ လူတွေကို ကူညီနေပါလားဆိုတဲ့ စိတ်မျိုးနဲ့ ကျမတို့ မသွားဘူး။ တကယ့်ကို ကိုယ့် မောင်နှမတွေ၊ ကိုယ့်သားသမီးတွေ လို သဘောထားပြီး သူတို့ကိုချဉ်းကပ်တဲ့ အတွက် ကြောင့်မို့ ထူးခြားချက် က သူတို့နဲ့စတွေ့ခဲ့တဲ့ အချိန်တိုင်းမှာ ဘာမှ အခက်အခဲ မရှိခဲ့ဘူး။ တွေ့ခဲ့တဲ့ ကလေးက ရာကျော်ပြီ။ သူတို့နဲ့ နွေးနွေးထွေးထွေးရှိတယ်။

သူတို့ကနေ ဆက်ပြီး သူတို့ရဲ့အဖိုး၊အဖွား တွေနဲ့ ဆက်ဆံရေးမှာ မိသားစုသဖွယ် ဖြစ်သွားတယ်။ အဲဒီအတွက်ကျမတို့ အားရမှုရှိ တယ်။ အခက်အခဲမှာဆိုရင်တော့ ဒီကလေးတွေ စာသင်ခန်း ထဲကို ရောက်ဖို့ လုံးပန်းတဲ့အခါမှာတော့ အုပ်ထိန်းသူတွေနဲ့ ထိပ်တိုက်တွေ့ရတာပေါ့။ ထိပ်တိုက် တွေ့ရတယ် ဆိုတာ ရန်ဖြစ်တာတော့မဟုတ်ပါဘူး။ အခြားကိစ္စတွေမှာတော့ သူတို့နဲ့ကိုယ် နားလည်မှုရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သူတို့ ထမင်းငတ်တဲ့ အခြေအနေမျိုးတွေရှိတယ်။ ရောဂါကာကွယ်ရေးဆိုလည်း သူတို့အတွက် လက်ဆေးတာတို့၊ နှာခေါင်းစည်းတို့ ဆိုတာ သူတို့အတွက် အရမ်း ဝေးပါတယ်။ …

အုပ်ထိန်းသူ တွေအနေနဲ့ကျတော့ ဒီကလေးသည် ပိုက်ဆံဝင်ငွေ ရှာပေးနေတာအတွက်မို့ စာသင်ခန်းမှာ သူတို့ရဲ့ အချိန်ကို ဖဲ့ပေး ရတဲ့ အခါမှာ အဲဒါနဲ့ ပတ်သက်ပြီး ကျမတို့ တော်တော်များများ ရင်ဆိုင် ကျော်ဖြတ် ခဲ့ရတယ်။ အဲဒါတွေ ကျော်ဖြတ်ပြီးတော့ ရောက်ရ တာ။ထားပါတော့။ (၁၀) ယောက်မှာဆိုရင် သုံး၊လေးယောက်က စာသင်ခန်း ထဲကိုရောက်တဲ့ အနေအထား။ ခက်ခက်ခဲခဲ မိသားစု တွေကနေရောက်တာပါ။

ကလေးတစ်ယောက်ဆိုရင် သူက တောင်းရမ်းတဲ့ အလုပ်လုပ်တယ်။ ဒီကလေးက စာတော့သင်ဖူးတယ်။ ဒါပေမယ့် မိဘကလည်း ကျောင်း ပြန်မထားနိုင်ဘူး။ သူကလည်း ကျောင်းပြန်တက်ဘူး။ အဲဒီမှာ ကျမတို့ကျောင်းထားပေးထားတဲ့ NFPE (Non Formal Primary Education) ကျောင်း က ကလေးတစ်ယောက်ကို အဲဒီ မိဘက အကူအညီ တောင်းပြီးတော့ သူ့ကလေးကို ကျောင်းပြန် ထားတယ်။ အဲဒီကလေး က ကျမတို့ကလေး တစ်ယောက်ဖြစ်လာတယ်။ အဲဒီကလေးက အဲဒီလိုကနေ လုံးဝပြောင်းလဲသွားပြီး သူများတွေနဲ့တန်းတူ အစိုးရကျောင်းမှာ အလယ်တန်းတက်နေပြီ။ ဒီလို ကလေးမျိုး ကတော့ ကျမတို့ ကျေနပ်အားရမှု ရှိတဲ့ ကလေးမျိုးလို့ ပြောလို့ရတယ်။

Junior Dream

ဒီကလေးတွေကတော့ မနက်ကတည်းကနေ တနေကုန် ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်းနဲ့ လမ်းပေါ် မှာပဲ အသက် မွေးဝမ်းကျောင်း ကိုပြုရတဲ့ ကလေးမျိုးတွေပါ။ ဒါပေမယ့် …

ငြမ်းမီဒီယာ – လမ်းပေါ်နေကလေးဆိုတာကို ဘယ်လို စံနှုန်းနဲ့သတ်မှတ်တာလဲ။လမ်းပေါ်နေကလေးဆိုတာ ကို ဘယ်လိုမျိုးကလေးကို ခေါ်တာလဲခင်ဗျ။

ENW – အဲဒါကလည်း တကယ်အရေးကြီးတယ်ရှင့်။ ကျမတို့ အချင်းချင်းမှာတင် လမ်းပျော်၊လမ်းပေါ်၊လမ်းဘေး အများကြီး ကွဲပြားနေတာတွေ၊ မျိုးစုံ သတ်မှတ်ပြီးခေါ်ကြတယ်။ ကျမတို့ကတော့ ကျမတို့ကိုယ်တိုင် ထိတွေ့ ဆက်ဆံပြီး သိရှိလာတဲ့ အချက်အလက်အပေါ် မူတည်ပြီး လုပ်ထားတဲ့ဟာ။ လမ်းပေါ်နေ ကလေးဆိုတာမှာ တချို့ကလေးတွေသည် မိဘလည်းမရှိဘူး။ အုပ်ထိန်းသူလည်း မရှိဘူး။ သူ့မှာဘာမှ အကာအကွယ် မရှိဘူး။ တစ်ကိုယ်တည်း။ ဒီကလေးမှာ စောင့်ရှောက်မယ့်သူမရှိဘဲ လမ်းပေါ်မှာပဲ အိပ်။လမ်းပေါ်မှာ ဆိုပေမယ့် လူမြင်ကွင်း မှာတော့ မဟုတ်ဘူးပေါ့။သူ့မှာ အိမ်ခြေ၊ယာခြေမရှိဘဲ သူ့ဘာသာ လမ်းပေါ်မှာနေပြီး ဒီလိုပဲ လုပ်ကိုင် စားသောက်ရတာမျိုး။

နောက်တစ်ခုကကျတော့ သူ့မှာ အုပ်ထိန်းသူမိဘတွေ ရှိတယ်။ အုပ်ထိန်းသူက မိဘမဟုတ်ရင်တောင် အဖိုး၊အဖွား ရှိမယ်။ သူတို့ မိသားစုကိုယ်တိုင်က လမ်းပေါ်မှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်တယ်။ညကျတော့ သူတို့နေတဲ့ နေရာလေးကိုပြန်တယ်။ (၂၄ ) နာရီ ရှိတယ်ဆိုရင် နာရီ နှစ်ဆယ်လောက်ကတော့ သူတို့လမ်းပေါ်မှာ အချိန်ကုန်ဆုံးရတယ်။

လမ်းပေါ်နေကလေးနဲ့ ကော်ရှုတာက သူတို့ရဲ့ ထမင်းစား၊ ရေသောက် ကိစ္စလိုဖြစ်နေပြီ။ ကျမတို့က ဒါတွေမလုပ်ပါနဲ့။မကောင်းပါဘူးပြောလည်း …

နောက်တစ်ခု က Working street children ။သူတို့ကတော့ ပလုံကောက်မယ်။တွန်းလှည်းတွန်းမယ်။ သာမန်အားဖြင့် လူတစ်ယောက် က အလုပ်ချိန် ရှစ်နာရီ လောက်သာ လုပ်ရပေမယ့် ဒီကလေးတွေကတော့ မနက်ကတည်းကနေ တနေကုန် ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်းနဲ့ လမ်းပေါ် မှာပဲ အသက်မွေးဝမ်းကျောင်းကိုပြုရတဲ့ ကလေးမျိုးတွေပါ။ ဒါပေမယ့် သူတို့ကတော့ နေစရာအိမ်တွေ ရှိကြတယ်။ အချိန်တန်ရင်တော့ အိမ်တွေပြန်ကြတယ်။ဒါပေမယ့် Working street children လို့ သုံးနှုန်းကြ တယ်။ အဓိကကတော့ သူတို့သည် အချိန်မရွေး အသက်အန္တရာယ် ကျရောက်နိုင်တဲ့အခြေအနေမှာ ရှာဖွေ လုပ်ကိုင် စားသောက် နေရတဲ့ ကလေးအမျိုးအစားတွေပေါ့ရှင့်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Junior Dream

ငြမ်းမီဒီယာ – ရန်ကုန်မှာ လမ်းပေါ်နေ ကလေးအရေအတွက် ဘယ်လောက်ရှိလဲခင်ဗျ။ တစ်နိုင်ငံလုံး အတိုင်းအတာရော ဆာဗေး ကောက်ယူထားတာများ ရှိမလား။

ENW – ကျမတို့ထက် အရင့်အရင် ထုတ်ပြန်ထားတဲ့ စစ်တမ်းတွေတော့ ရှိပါတယ်။ ဒေတာတွေကလည်း သူတို့ နှစ်အလိုက် ထုတ်ပြန်ထားတာပေါ့။ ကျမတို့ကတော့ ၂၀၁၅ ကနေ စကောက်ထားတယ်။ အဲဒီမှာ နယ်စုံ ကောက်ထားတာ ဆိုရင် (၁၆၀) နီးပါးရှိတယ်။

အဲဒီမှာ လိုတိုးပိုလျှော့နဲ့ဆိုရင် အခုလက်ရှိ ၂၀၂၀ မှာဆိုရင် ကျမတို့ ပုံမှန်စောင့်ရှောက်နေတဲ့ ကလေးက (၁၂၀) ၊ထပ်တိုးက (၈၀) ဆိုရင် နှစ်ရာ ပတ်ဝန်းကျင်မှာ ရှိတယ်။ ဒါက တကယ်ကို ဆိုးဝါးပြီး လမ်းပေါ်နေကလေးလို့ ပြောလို့ရတဲ့ အရေအတွက်ပေါ့။

တစ်ခါတလေ ကျတော့ လည်း အလုပ်လုပ်ရတဲ့ ကလေးအမျိုးအစားတွေတော့ အများကြီး ရှိပါတယ်။ မီးပွိုင့်တွေမှာ ပန်းရောင်း တာတို့ ၊ပြန်သွားတာ ဒါမျိုးတွေလည်း ရှိပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင် (၄၀၀) ဝန်းကျင်လောက် ရှိမယ်ထင်ပါတယ်။

ကိုယ်တိုင် မလုပ်နိုင်ရင် လုပ်နိုင်တဲ့ အဖွဲ့အစည်းကို ဒီကလေးတော့ တွေ့တယ်။ အန္တရာယ် တော့ အချိန်မရွေးကျနိုင်တယ်။ rape case အန္တရာယ်မျိုး …

Junior Dream

ငြမ်းမီဒီယာ – ဒီဘက်နှစ်ပိုင်းတွေမှာ ကော်ရှုတဲ့ကိစ္စမျိုးမှာ လမ်းပေါ်နေ ကလေးတွေ လုပ်ကြတာ အများဆုံး တွေ့လာရပါတယ်။ ဒီအခြေအနေမျိုးတွေကို ဘယ်လိုကြုံတွေ့ရတာရှိလဲခင်ဗျ။ဒါတွေ လွန်မြောက်အောင် ဘယ်လို စီမံဆောင်ရွက်လို့ရနိုင်မလဲခင်ဗျ။

ENW – ကျမပွင့်ပွင့်လင်းလင်းပြောရရင် လမ်းပေါ်နေကလေးနဲ့ ကော်ရှုတာက သူတို့ရဲ့ ထမင်းစား၊ ရေသောက် ကိစ္စလိုဖြစ်နေပြီ။ ကျမတို့က ဒါတွေမလုပ်ပါနဲ့။မကောင်းပါဘူးပြောလည်း သူတို့က အေးဆေးပဲ။Neglect ပဲ။ ဒီအပေါ်မှာ သူတို့က အပန်းမကြီးတော့ဘူး။ ထမင်းအဆာခံလို့ ရှုတယ်လို့ အမျိုးမျိုးတွေ ပြောကြတယ်။ ဘယ်လိုနည်းနဲ့ပဲ စသုံးခဲ့၊သုံးခဲ့ ဒီကလေးတော်တော်များများနဲ့ ကော်ရှု တာက ခွဲလို့မရဘူးဖြစ်နေတာ။

ကျမတို့ လည်း ဒီကိစ္စတွေမဖြစ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ဒါကိုလုပ်ဆောင်ဖို့က ကျမတို့ တစ်ဖွဲ့ တည်းနဲ့ မရဘူး။ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒါကို စီမံချက်ကြီးတစ်ခုအနေနဲ လုပ်မှရမှာရှင့်။ ကျမတို့ဘေးမှာတင် တွေ့ နေရတဲ့ ဒီကလေးတွေ ကိုပြောင်းလဲကြည့်ပေးဖူးတယ်။ ဒါပေမယ့် ကျမတို့က ကမ့်တစ်ခု အနေနဲ့ရော၊ သူတို့ကို အချိန်အပြည့် မကြည့်ရှုနိုင်တော့ အချိန်တန်ရင်သူတို့က ကော်ရှုတာကို ပြန်လုပ်တာပဲ။ ဒီဟာက လွယ်မလိုလိုနဲ့ အရမ်းခက်တယ်။

ကျမတို့ တစ်ဖွဲ့တည်းမရဘူး။သက်ဆိုင်ရာဝန်ကြီးဌာနတွေကရော ဒီအပေါ်မှာ သေချာ ဇောက်ချပြီး လုပ်မှ အဆင်ပြေမယ်လို့ ထင်တယ်။ ကျမတို့လည်း လက်လှမ်းမီသလောက်အများကြီး လုပ်ခဲ့ ဖူးတယ်။ ဖြတ်တဲ့စခန်းတွေဘာတွေလည်း ကျမတို့ရောက်ဖူး တယ်။ ခက်တာက ဒီကော်က မူးယစ်ဆေးဝါး လိုလည်း မဟုတ်ပြန်ဘူး။ သူ့အတွက် သီးသန့် လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ထည့်သွင်း လုပ်ဆောင်မှ အဆင်ပြေနိုင်မယ်ရှင့်။

လမ်းပေါ်နေကလေး တွေအပေါ် အမြင်လေးတွေ ဘယ်လို ရှိသလဲဆိုတော့ “ လှူနေရင်လည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဘာလို့ လှူနေကြတာလဲ။ ဒီဟာတွေ …

ငြမ်းမီဒီယာ – အခု Junior Dream က ကောက်ယူထားတဲ့ အချက်အလက်တွေအရ လမ်းပေါ်နေကလေး လေးရာဝန်းကျင်။ ဒီထက်လည်း များနိုင်တယ်လို့ထင်ပါတယ်။ ဒီကလေးတွေ ဒီလို အခြေအနေ ရှိနေတာက ယေဘူယျ ပြောနိုင်တာ ဆင်းရဲ တယ်ဆိုတဲ့ အချက်အပြင် အခြားဘယ်လိုအချက်တွေ ရှိနိုင်ဦးမလဲ ခင်ဗျ။ ပြီးတော့ ဒီကလေးတွေအတွက် လုံခြုံတဲ့ ကျန်းမာတဲ့ ဝန်းကျင် တစ်ခု ဖြစ်အောင် ဘယ်လို လုပ်ဆောင် ဖန်တီးလို့ ရနိုင် မလဲဗျ။

Junior Dream

ENW – ဆင်းရဲမယ်။အမေ၊အဖေတွေက ကွဲကြမယ်။ရိုက်မယ်။အကြမ်းဖက်မှုတွေဖြစ်မယ်။ဒါတွေက ထပ်တလဲလဲတွေဆိုတော့ အကုန်လုံးသိကြမယ်။ ဒီအခြေအနေတွေက ကလေးတွေ လမ်းပေါ်ကို မဖြစ်မနေ ရောက်လာမယ့်အခြေအနေ။

ကျမတို့ ပြန်ချုပ်ရရင် ကျမတို့ဖြစ်စေချင်တာလေး တစ်ခုရှိတယ်။ “ လျစ်လျူမရှုဖို့ “ ပေါ့။ အခုလည်း လူမှုဝန်ထမ်းဦးစီးကလည်း အဲဒီအချက်ကို ထည့်သွင်းထားတာ ကျမတို့တွေ့တယ်။ လျစ်လျူမရှုနဲ့ဆိုတာက လူတွေက တွေ့ကြတယ်။ပိုက်ဆံဆိုလည်း လှူလိုက် ကြတယ်။ ဝိုင်းပြီး ကူညီတဲ့အခါ ကူညီလိုက်ကြတယ်။ ဒါမျိုးတော့ ရှိပါတယ်။

ဒါပေမယ့် တစ်စိုက်မတ်မတ် နဲ့ ကျမတို့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတိုင်းလူတိုင်းက ကိုယ်ကိုယ်တိုင်မလုပ်နိုင်ရင်တောင်မှ ဒီအပေါ်မှာ လုပ်နိုင်တဲ့လူကိုတစ်ဆင့်လှမ်းပြောမယ်။ အဲဒီလို လျစ်လျုမရှုဘဲ တောက်လျောက် လုပ်မယ်ဆိုရင်တော့ ကလေး အရေအတွက်များများ ပြောင်းလဲ သွားနိုင်တယ်ရှင့်။

လျစ်လျူမရှု ဆိုတဲ့ နေရာမှာလည်း ပိုက်ဆံလာတောင်းတဲ့အခါမှာ ပိုက်ဆံလှူလိုက်တာ မျိုးတင်မကဘူး။ အန္တရာယ် ကျရောက် နိုင်တဲ့ အနေအထားတွေ့တယ်ပေါ့။ ကိုယ်တိုင် မလုပ်နိုင်ရင် လုပ်နိုင်တဲ့ အဖွဲ့အစည်းကို ဒီကလေးတော့ တွေ့တယ်။ အန္တရာယ် တော့ အချိန်မရွေးကျနိုင်တယ်။ rape case အန္တရာယ်မျိုး ဒီကလေးမှာ ဖြစ်နိုင်တယ်။ ကျရောက်နိုင်တယ်။ ဒါမျိုး သတင်းပို့ပေးတာ မျိုးပေါ့ရှင်။

လူတိုင်းလူတိုင်းက လျစ်လျူမရှုဘဲ လုပ်ကြမယ်ဆိုရင်  ဒီကလေးတွေမှာ အန္တရာယ်လည်း ပိုပြီး တော့ ကင်းနိုင်မယ် လို့ ကျမတို့ မျှော်လင့်ပါတယ်ရှင့်။

ကျမတို့မနက်ဖြန်တွေ သာသာယာယာနဲ့ နေဖို့ဆိုတာ ဒီကလေးတွေ ဟာ ကျမတို့နဲ့အဝေးကြီးမဟုတ်ဘူး။ ထားပါတော့ ။ လမ်းထိပ်မှာ …

ငြမ်းမီဒီယာ – အခု ကိုဗစ်ကာလမှာ လမ်းပေါ်ကလေးတွေကို Junior Dream က သွားရောက် လှူဒါန်း နေတာတွေလည်း တွေ့ရပါ တယ်။ ဒီကာလမှာ Junior Dream အနေနဲ့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရလဲ။ ဒီကာလမှာ လမ်းပေါ်ကလေး တွေရဲ့ အခြေအနေမှာရော ဘယ်လို ပြောင်းလဲမှုတွေနဲ့ တွေ့ကြုံနေရလဲခင်ဗျ။

ENW – ဒီကလေးတွေက ပုံမှန်အခြေအနေမှာတောင် ထမင်းနပ်မှန်အောင်မစားရတဲ့ သူတွေလေ။ အရင်က ဗိုက်ဆာတဲ့အချိန်မှာ အချိန်မရွေး၊နေရာမရွေ။ သူတို့လှုပ်ရှားလို့ရတယ်။ကိုဗစ်အချိန်မှာ ဘာခက်သွားလဲဆိုတော့ အဲဒီလိုရှာဖွေစားသောက်ဖို့ ကိုဗစ် ဆိုတာကြီး က ဟန့်တားလာတဲ့ အတွက်ကြောင့် သူတို့အတွက် မနက်၊ည ဝမ်းစာအတွက် အလုပ်သွားဖို့ကို လုံးဝသွားလို့မရတော့ဘူး။

သူတို့ ထမင်းငတ်တဲ့ အခြေအနေမျိုးတွေရှိတယ်။ ရောဂါကာကွယ်ရေးဆိုလည်း သူတို့အတွက် လက်ဆေးတာတို့၊ နှာခေါင်းစည်းတို့ ဆိုတာ သူတို့အတွက် အရမ်း ဝေးပါတယ်။

သူတို့မှာဒါတွေလုပ်ဖို့ ရေရရှိဖို့၊ဆပ်ပြာရရှိဖို့ အဲဒါတွေက ခက်ပါတယ်။ ကျန်းမာရေးက ဖြစ်လာခဲ့ရင်ဖြစ်လာတယ် ဆိုတဲ့ ဟာကိုပဲ သူတို့ရင်ဆိုင်ရမှာ။ ကာကွယ်နိုင်မှုအပိုင်းမှာ သူတို့အတွက်အရမ်းကို အားနည်းပါတယ်။ ကျမဘက်က ဒီအချိန်မှာ၊ဒီကာလမှာ ပိုဇောင်းပေးပြီး သူတို့အတွက် ပိုလုပ်ပေးဖြစ်တာ။

Junior Dream

ငြမ်းမီဒီယာ – လမ်းပေါ်နေကလေးတွေကို ကူညီဆောင်ရွက်မှုပေးတဲ့အခါမှာ အခက်အခဲအကြီးဆုံးနဲ့ စိန်ခေါ်မှုက ဘာများ ဖြစ်မလဲ ခင်ဗျ။

ENW – အရမ်းကြီးခက်ခဲတာမျိုးတော့ မရှိပါဘူး။ဒါပေမယ့် တစ်ခါတလေတော့ လမ်းပေါ်နေကလေး တွေအပေါ် အမြင်လေးတွေ ဘယ်လို ရှိသလဲဆိုတော့ “ လှူနေရင်လည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဘာလို့ လှူနေကြတာလဲ။ ဒီဟာတွေဖြစ်မယ့်အစား ဟိုဟာဖြစ်ပါလား။သဲထဲရေသွန်ပေါ့။” ဒါမျိုး Feedback လေးတွေ တော့ ကျမတို့အမြဲတမ်း ရင်ဆိုင်ရတယ်ရှင့်။

ကျမတို့ မလုပ်နိုင်တဲ့အခြေအနေမှာ တစ်ခါတလေ အားမရဖြစ်တာ၊ တစ်ခါတလေ အလုပ်ကို ဆက်မလုပ်ချင်တဲ့ စိတ်ဓာတ်ကျတဲ့ အပိုင်းလေးတွေလည်း ကြုံရတယ်။ …

အဲဒါလည်း ကျမတို့ သိပါတယ်။ အဲဒီလို ပြောလာတဲ့ လူတွေ အပေါ်မှာ ဒီကလေးတွေကို ကျမတို့ ဘယ်လိုမျိုးပြုပြင်ပြောင်းလဲလို့ ရနိုင်တယ် ဆိုတဲ့ အပေါ် မှာ Awareness ထပ်ပြီးတော့ ပျံ့ပွားအောင်လုပ်ပေးဖို့ လိုနေတယ်ဆိုတာ ကျမတို့ကိုယ် ကျမတို့ ထင်ပါတယ်။

Junior Dream

ငြမ်းမီဒီယာ – ဒီလူ့အဖွဲ့အစည်းမှာ သနားကရုဏာနဲ့ မေတ္တာတရားကတော့ ရှိကြပါတယ်။ဒါပေမယ့် တချို့ကျတော့လည်း ဒီ လမ်းပေါ် ကလေးတွေနဲ့ ထိစပ်လိုက်ရမှာ၊ပတ်သက် လိုက်ရမှာ ကို ကြောက်ရွံ့တာမျိုး။မပတ်သက်ချင်တာမျိုး အဲဒီလို အခြေအနေတွေ ကိုရော ဘယ်လို မှတ်ချက်ပေးချင်လဲ။

ENW – ကလေးတိုင်းဟာ အားလုံးကလေးပါပဲ။ ကျမလည်းအမြဲတမ်း ပြောပါတယ်။ကျမတို့မနက်ဖြန်တွေ သာသာယာယာနဲ့ နေဖို့ဆိုတာ ဒီကလေးတွေ ဟာ ကျမတို့နဲ့အဝေးကြီးမဟုတ်ဘူး။ ထားပါတော့ ။ လမ်းထိပ်မှာ တောင်းနေတယ်။ လမ်းထိပ်မှာ ကော်ရှုနေတဲ့ကလေးတွေ၊ ဆဲနေတဲ့ကလေးတွေ၊ ရန်ဖြစ်နေတဲ့ ကလေးတွေ။

ဒီကလေးတွေဟာ သူတို့ကလေးတွေ ကျမတို့နဲ့ မဆိုင်ဘူးလို့ ထင်လိုက်မယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ဘူး။ ဒါပေမယ့် ကြီးလာတဲ့အခါ ကျမတို့ဆီမှာ လူသတ်မှုတွေ၊ခိုးမှုတွေ စတာတွေက ဒီကနေ ထွက်ပေါ်လာတာရှင့်။ ဒါတွေက ကျမတို့နဲ့ နီးစပ်ပါတယ်။ အမှန်တကယ် သက်ဆိုင်ပါတယ်။

ဒီလိုကလေးတွေကို ပစ်ထားမယ်။ လျစ်လျူရှုထားမယ်ဆိုရင် ကျမတို့အိမ်မှာ ကောင်းကောင်း မွန်မွန် အေးအေးချမ်းချမ်းနဲ့ မနက်ဖြန် တွေကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းဖို့ ဆိုတာ အရမ်းခက်ခဲ သွားလိမ့်မယ်။

ဒီကလေးတွေကို ထိတွေ့ချင်မှ ထိတွေ့ချင်မှပေါ့။ ဒီကလေးတွေက ရိုင်းစိုင်းရင် ရိုင်းစိုင်း မယ်။တစ်ခါတစ်လေ ညစ်ပတ် ပေတူး စုတ်ပြတ် နေမယ်။ ဒါပေမယ့် လျစ်လျူမရှုရဘူး ဆိုတဲ့ ဟာနဲ့ နည်းနည်းလေး စောင်းငဲ့ပြီး ဖေးမနိုင်တယ်ဆိုရင် ကောင်းပါ တယ်။ အေးချမ်းသာယာတဲ့ မနက်ဖြန်တွေ၊ ကျမတို့ရဲ့ ကမ္ဘာကြီး အတွက် ဒါတွေက ကျမတို့နဲ့သက်ဆိုင်ပါတယ်။

ငြမ်းမီဒီယာ – ငါးနှစ်တာကာလဆိုတော့ လမ်းပေါ်က ကလေးတွေအများကြီးနဲ့ တွေဆုံခဲ့ရမှာပဲ။အဲဒီအထဲက အမှတ်ရနေတဲ့ ထူခြားနေတဲ့ ကလေးတစ်ယောက်အကြောင်း ပြောပြပါဦးခင်ဗျ။

ENW – သူက မိန်းကလေးရှင့်။ ကျမနာမည်တော့ မပြောတော့ပါဘူး။ သူတို့မိသားစုအစဉ်အဆက်က လမ်းပေါ်နေခဲ့တာ။ ဒီကလေး က ဘာထူးခြားလဲဆိုတော့ သူက ယဉ်ကျေးတယ်။ ကျမ ဒီကလေးကို စတွေ့ တုန်းက ခုနှစ် နှစ်သာသာ၊ ရှစ်နှစ် လောက်ပဲ ရှိဦးမယ်။ အလှူသွားပြီဆိုရင် တချိုကဆို နေရာ လုတက် တာ မျိုးရှိတယ်လေ။ ဒီကလေးက လုံးဝမရှိဘူး။

အဲဒီကတည်းက ဘာလုပ်ရမလဲ။ဘာကိုင်ရမလဲ ဆိုပြီးစတွေ့တဲ့ ကလေးပေါ့။ ဒီကလေး ပလုံကောက်ရာကနေ ကျမတို့ကျောင်းထား တယ်။ ဒါပေမယ့် သူ့ရဲ့ အုပ်ထိန်းသူ အဖွားနဲ့က အရမ်းပြဿနာ တက်ရတယ်။ ဒီအဖွားရဲ့နေ့စဉ်ဝင်ငွေက ဒီကလေးက နေ့စဉ်ရှာ နေရတော့ ဒီကလေးကို ကျမတို့ကျောင်းထားဖို့စီစဉ်ရင် ဒီအဖွားက မရဘူး။

ကျမတို့ လျစ်လျူ မရှု တဲ့နည်းနဲ့ ကူညီမယ်ဆိုရင်တော့ ကျမတို့ ကလေးတစ်ယောက်နှစ်ယောက်ကို ပြောင်းလဲရာကနေ အယောက်တစ်ရာ၊ နှစ်ရာ …

လုံးဝစာမတတ်တဲ့အတွက်ကြောင့်မို့ နောက်ဆုံး အစိုးရကျောင်း မဟုတ်ရင်တောင် သေစာရှင်စာတော့တတ်ပါစေ ဆိုပြီး အစိုးရ NFPE (Non Formal Primary Education) ညနေခင်းကျောင်း တက်လို့ရအောင် လုပ်ခဲ့တယ်။ဒါပေမယ့် နှစ်တန်းပဲ တက်နိုင်ပါတယ်။

ဒီကြားထဲမှာ အဖွားက ကျောင်းလာထုတ်လိုက်၊ကျမတို့က လုပ်လိုက်နဲ့ အဲဒီလို အခြေအနေဖြစ်လာ တယ်။ဒီကလေးက သူများကို ကူညီတတ်တယ်။ ကျမတို့ Care Home လေးဖွင့်တဲ့အခါမှာ သူ့ကို ဗော်လန်တီယာ အဖြစ်ထားတယ်။ ကျောင်တးစ်ခုလုံးရဲ့သော့ကို သူ့ကိုအပ်ထားနိုင်တဲ့အထိ ကျမတို့ ရခဲ့တယ်။ အဲဒီလိုကလေးမျိုးတွေလည်း လမ်းပေါ်နေကလေးတွေမှာ ရှိတယ်။

ဒါပေမယ့် ကျမတို့ဆက်ပြီး မကူညီနိုင်ဘူး။ သူ့ကို အသိုင်းအဝိုင်းထဲကနေဆွဲထုတ်မယ်။ တစ်နေရာမှာသေချာထားမယ်။ သူ့ကို အလုပ်တွေ ဘာတွေ ရှာဖွေပေးမယ်။ချိတ်ဆက်ပေးမယ်ဆိုရင် သူ့အနာဂတ်လေးကောင်းသွားမှာ။ဒါပေမယ့် ကျမ စိတ်မကောင်း ဖြစ်ရတယ်။ဘာဖြစ်လို့စိတ်မကောင်းဖြစ်ရတာလဲဆိုရင် အဲဒါတွေကို သိနေပေမယ့် သူ့အဖွားရဲ့ဒဏ်ကို ကျမတို့ မတွန်းလှန်နိုင် ခဲ့ဘူး။နောက်တော့ သူယောကျာ်းရသွားတယ်။ အချိန်မတန်ခင်မှာပဲ ယောကျာ်းရတယ်။ အခုကလေးတစ်ယောက်နဲ့။ ကျမတို့ ကူညီမှုတွေ ဆက်လုပ် ပေးနေတယ်။

ဖြစ်နိုင်တဲ့ ဟာတွေသိပေမယ့် လုပ်ပေးနိုင်တဲ့ ဟာတွေ အများကြီးလုပ်ပေးနိုင်ခဲ့မယ် ဆိုရင်တောင်မှ ၊ဖြစ်နိုင်တဲ့ဟာတွေ သိပေမယ့် လို့ ကျမတို့ မလုပ်နိုင်တဲ့အခြေအနေမှာ တစ်ခါတလေ အားမရဖြစ်တာ၊ တစ်ခါတလေ အလုပ်ကို ဆက်မလုပ်ချင်တဲ့ စိတ်ဓာတ်ကျတဲ့ အပိုင်းလေးတွေလည်း ကြုံရတယ်။ တစ်ခါတလေ သူတို့ပျော်တဲ့အခါ ပီတိဝမ်းသာဖြစ်ရတယ်။ ဒီငါးနှစ်အတွင်းမှာပေါ့။ ဒီကလေး ကတော့ ကျမ ယူကြုံးမရ ဖြစ်တယ်လို့ ပြောလို့ရသလို ဒီလောက်လုပ်နေတဲ့အချိန်မှာ ဖြစ်စေချင်သလို မဖြစ်တဲ့ကလေး ဆိုပြီး ကျမ ဝမ်းနည်းရတယ်။

ငြမ်းမီဒီယာ – ဖြည့်စွက်ပြောလိုတာများ ရှိရင်ပြောပေးပါဦး။

ENW – အနှစ်ချုပ်ကတော့ လျစ်လျူမရှုပါနဲ့ ပေါ့။ ကျမတို့ ကျော်သွားလို့ရတယ်။ဒါပေမယ့် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ကျမတို့ လျစ်လျူ မရှု တဲ့နည်းနဲ့ ကူညီမယ်ဆိုရင်တော့ ကျမတို့ ကလေးတစ်ယောက်နှစ်ယောက်ကို ပြောင်းလဲရာကနေ အယောက်တစ်ရာ၊ နှစ်ရာ ဖြစ် သွားမယ်။အဲဒီစကား လေး လက်ဆောင်ပါးချင်ပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ် ခင်ဗျ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,