ဒီကိစ္စကို တည်ဆဲအစိုးရက ဆုံးဖြတ်ပေးရမှာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများ ၂၀၁၇ ခုနှစ်က ဆန္ဒထုတ်ဖော်ခဲ့စဉ်

လက်ရှိအချိန်ထိ အလုပ်သမားရာထောင်ချီ အလုပ်ဆင်းနေကြသော စက်ရုံအလုပ်ရုံများ၌ COVID – 19 ရောဂါကာကွယ်ရေး ထိန်းချုပ်ဆောင်ရွက်မှုအခြေအနေကို အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးဌေးအား ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – အခုအချိန်ထိ ပုံမှန်လည်ပတ်နေတဲ့ အလုပ်သမားတွေရာချီရှိတဲ့ စက်ရုံအလုပ်ရုံတွေမှာ COVID -19 ရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာကဘာတွေစီစဉ်ညွှန်ကြား ဆောင်ရွက်ပေးထားပါသလဲ။

UH – တစ်နေ့ကတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာအစည်းအဝေးခေါ်တယ်။ ကျနော်တို့ကဆွေးနွေးတာပဲရှိတယ်။ ဝန်ကြီးချုပ်က ဘာမှဆုံးဖြတ်ချက်ချမသွားဘူး။ ဆုံးဖြတ်ချက် မရှိတဲ့အစည်းအဝေးလို့ပြောရမှာပေါ့။ ကျနော်တို့ဘက်က တင်ပြတဲ့ တင်ပြချက်သာ ရှိတော့ လက်တွေ့အားဖြင့်ဘာမှအလုပ်မဖြစ်တဲ့သဘောပေါ့။ အခုလက်ရှိ အလုပ်သမားရာထောင်ချီ အလုပ်ဆင်းပြီး လည်ပတ် နေတဲ့ စက်ရုံတွေအတွက်တော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်ရုံတွေလိုက်နာဖို့ထုတ်ထားတဲ့ အချက်တွေပဲရှိတယ်လို့ ကျနော်တို့သိထားတယ်။ လတ်တလောအားဖြင့်တော့ အဲဒါပဲရှိတယ်။ အဲဒါနဲ့ပဲသွားနေကြတာပေါ့။ လက်တွေ့အားဖြင့်တော့ စက်ရုံတွေ ကို ရပ်နားဖို့အစီအစဉ်မရှိတော့ ဒီအတိုင်းပဲသွားနေကြတာပေါ့။ ကျနော်တို့ကတော့ ဒီဧပြီလကို စက်ရုံတွေယာယီရပ်နားဖို့ အစည်းအဝေးမှာ တင်ပြတယ်။ အလုပ်သမားအဖွဲ့ချုပ်တွေကလည်းတင်ပြကြတယ်။ တစ်ဖက်ကလည်း ဒီလိုယာယီရပ် နားတဲ့ လအတွက် အလုပ်သမားတွေရဲ့လုပ်ခလစာကိုဘယ် လိုပေးမလဲဆိုတဲ့ ကိစ္စကလည်း ရှိတာပေါ့။ အလုပ်သမား အဖွဲ့ချုပ်တွေ တင်ပြတာက ဧပြီလမှာ သင်္ကြန်ရုံးပိတ်ရက်အပါအဝင် ပိတ်ရက် (၁၄) ရက်ရှိတော့ အဲဒီ (၁၄) ရက်အတွက် အလုပ်ရှင် ဘက်ကကျခံ၊ ကျန်တဲ့ (၁၆) ရက်ကိုတော့ နိုင်ငံတော်အစိုးရ (သို့) လူမှုဖူလုံရေးရန်ပုံငွေကနေ ကျခံပေးဖို့ပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အလုပ်သမားမှာ အလုပ်မလုပ်ရင် ငတ်ဖို့ပဲရှိတယ်။ တစ်ဖက်ကလည်း ရောဂါကူးစက်ရင် အန္တရာယ်ရှိတယ်။ ဆိုတော့ ကမ္ဘာမှာလက် ရှိဖြစ်နေတဲ့ နိုင်ငံတွေကို …″

ဒါပေမယ့် ဒါတွေကကျနော်တို့ အလုပ်သမားအဖွဲ့ချုပ်တွေဘက်က ဆွေးနွေးတင်ပြတဲ့အချက်အနေနဲ့ပဲရှိတာပါ။ ဝန်ကြီးချုပ် ဘက်က ဆွေးနွေး တာတွေကို ကျနော်တို့လေ့လာတဲ့အခါ အစိုးရဘက်က ဒီနေ့အထိယာယီရပ်နားဖို့ အစီအစဉ်မရှိသေးဘူးပေါ့။ နောက်တော့ ဘယ်လို ဆုံးဖြတ်မလဲမသိဘူး။ ကျနော်တို့အလုပ်သမားအဖွဲ့တွေ၊ CSO တွေအမြင်ကကျတော့ ခုအချိန်မှာ စက်ရုံတွေကိုယာယီ ရပ်နား ထားသင့်တယ် လို့မြင်တယ်။ ဘာလို့လည်းဆို တချို့စက်ရုံတွေဆို အလုပ်သမားထောင်ချီရှိနေတော့ ကူးစက်မယ်ဆို ဒါက ဘယ်လိုမှ ကု စားလို့မရနိုင်တဲ့အခြေအနေပေါ့။ ဒါကကျနော်တို့ဘက်က စိုးရိမ်ပူပန်မှုပေါ့။ ဒါပေမယ့် အစိုးရဘက်က ဒါတွေ အပေါ်မှာ ဘာမှအစီအစဉ်မရှိသေးတော့ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ အဲဒီနေ့က အစည်းအဝေး မှာ ကျနော်ကတော့ ကျန်တဲ့သူတွေနဲ့မတူတဲ့ ဥပဒေရှုထောင့်ကတင်ပြခဲ့တာရှိတယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေးနဲ့ ဆိုင်တဲ့ ပုဒ်မ (၁၈) ပြဌာန်းချက်ကိုသုံးပြီး စက်ရုံတွေကိုယာယီရပ်နားမယ် ဆိုရင်ရတဲ့အကြောင်း တင်ပြခဲ့တယ်။ အဲဒီနေ့က အစည်းအဝေးမှာရှိတဲ့ တိုင်းအဆင့်အရာရှိတွေကတော့ အဲဒီဥပဒေကိုမိတ္တူကူးယူသွားကြတယ်။ ကျနော်တို့ တင်ပြချက် တွေအပေါ်မှာ ဝန်ကြီးချုပ် ကတော့ ဘာမှအဖြေပေးမသွားဘူး။ သူက ‘တင်ပြပေးပါမယ်’ ပဲပြောတာပေါ့။ ကျနော်တို့က အဲဒါနဲ့ပဲပြန်လာခဲ့ရတာပေါ့။

ငြမ်းမီဒီယာ – ဒီလိုအရေးကြီးနေတဲ့ အချိန်မျိုးတောင် စက်ရုံတွေမပိတ်နိုင်ရတာဟာ ဘယ်လိုအကြောင်းကြောင့်လို့ ယူဆပါသလဲ။

UH – ပထမတုန်းကတော့ စက်မှုဇုန်တွေက တချို့စက်ရုံ တွေက COVID – 19 ကြောင့် ကုန်ကြမ်းပြတ်လပ်လို့ စက်ရုံ ပိတ်သိမ်းဖို့ ကြိုးစားခဲ့ကြတာတွေရှိခဲ့တယ်။ အဲဒီကာလမှာထူးခြားချက်အနေနဲ့ စက်ရုံတွေက ကုန်ကြမ်းပြတ်လပ်လို့ဆိုပြီး ပိတ်ချင်ကြတာ။ အဲဒီတုန်းက နစ်နာတဲ့အလုပ်သမားတွေက စုပေါင်းတောင်းဆိုကြတယ်။ တချို့စက်ရုံတွေမှာဆို သပိတ်မှောက်တာတွေ တောင် ရှိခဲ့တယ်။ ကျနော်တို့အလုပ်သမားအဖွဲ့တွေကလည်း စက်ရုံပိတ်သိမ်းတာကို ဥပဒေနဲ့အညီဆောင်ရွက်ဖို့တင်ပြခဲ့ကြတယ်။

 ‘ဒါက အလုပ်ရှင် အလုပ်သမားတွေ ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းဖို့သင့်တယ်’ ဆိုတော့ ဒါက ပြဿနာကို အလုပ်သမားနဲ့အလုပ်ရှင်အပေါ်ပုံချလိုက်တဲ့သဘောပေါ့ …″

ဒါကပထမပိုင်းထူးခြားချက်ပေါ့။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ လူနာစတွေ့ပြီးကူးစက် ခံထားရသူ ဦးရေတိုးလာတဲ့ အချိန်ကျတော့ အလုပ်ရှင်တွေက ပိတ်ပေးဖို့ပြောတာမျိုးမရှိတော့ပြန်ဘူး။ ပြသနာဖြစ်တဲ့စက်ရုံတွေကတော့ သီးခြားပေါ့။ လူနာစတွေ့ပြီး ဦးရေ တိုးလာချိန်မှာ ကျနော်တို့အလုပ်သမားအဖွဲ့တွေ၊ အလုပ်သမား တွေ၊ CSO တွေက ပိတ်ဖို့တင်ပြကြတယ်။ ဒါပေမယ့် သူတို့ က မပိတ်ချင်ပြန်ဘူး၊ ဆက်သွားချင်နေကြတယ်။ အဲဒီလိုဖြစ် တာ။ ဆိုလိုတာက စောစောပိုင်းတုန်းက သူတို့ပဲပိတ်ဖို့ပြောတယ်၊ အခု ကျမပိတ်ချင်ပြန်ဘူး။ မှန်ပါတယ်၊ အလုပ်သမားမှာ အလုပ်မလုပ်ရင် ငတ်ဖို့ပဲရှိတယ်။ တစ်ဖက်ကလည်း ရောဂါကူးစက်ရင် အန္တရာယ်ရှိတယ်။ ဆိုတော့ ကမ္ဘာမှာလက် ရှိဖြစ်နေတဲ့ နိုင်ငံတွေကိုကြည့်ပြီး သင်ခန်းစာယူသင့်တယ်။ အခုကျနော်တို့ဆီက တချို့စက်ရုံတွေမှာ အလုပ်သမား ထောင်ချီရှိနေတယ်။ တာဝန်ရှိသူတွေစဉ်းစားသင့်တာက မပြန့်ပွားခင်ပိတ်မလား၊ ပြန့်ပွားပြီ ဆိုတော့မှ ပိတ်မလားဆိုတဲ့ အချက်ပေါ့။ အခုဖြစ်နေတာက ပိတ်သင့်မပိတ်သင့် ဝိဝါဒတွေကွဲနေကြတာ။ တချို့စက်ရုံတွေကျတော့ လုပ်ခလစာခံစားပြီး ပိတ်ပေးထားတာလည်းရှိတယ်။ တကယ်တမ်းပြောရင် ဒီကိစ္စကိုတည်ဆဲအစိုးရက ဆုံးဖြတ်ပေးရမှာ။

စက်ရုံတွေ ပိတ်လိုက်ရင် ဒီလုပ်သားတွေအလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အတွက် အခက်အခဲဖြစ် လာမှာကိုများ သူတို့အနေနဲ့စဉ်းစားနေတာလား။ ဒါတွေက …″

ခက်တာ က အစိုးရကလည်း ဒီကိစ္စကိုစိတ်ဝင်စားမှုအားနည်းနေတယ်။ ဒါက ကျနော်တို့ အလုပ်သမားတွေကြုံနေရတဲ့ သေရေး ရှင်ရေးပြသနာပါ။ ကျနော်တို့ကတော့ အမြန်ဆုံးဆုံးဖြတ်ပေးစေချင်တယ်။ အလုပ်ရှင်တွေကလည်း အစိုးရကအမိန့်ပေးရင် သူတို့ပိတ်မယ်ဆိုပြီး တင်းခံနေကြတာကိုး။ အစိုးရကလည်း အမိန့်မထုတ်ဘူး။ ကျနော်တို့ကတော့ ဒီဝိဝါဒကို ဘယ်ကနေ အဖြေရှာ သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဆုံးမိန့်ခွန်းမှာပါတာပေါ့နော်။ လူစုလူဝေးကိုရှောင်ဖို့ မိန့်ခွန်းထဲမှာပါသလို တစ်ဖက်ကကျတော့လည်း စက်ရုံတွေပိတ်ဖို့ အစီအစဉ်မရှိဘူးဆိုတာပါတယ်။ COVID -19 နဲ့ပတ်သက်ပြီးပြောတဲ့ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာကို အဲဒီလို ရှေ့နောက်ကွဲလွဲမှုတွေရှိတယ်။ လူစုလူဝေးကိုရှောင်ရမယ်ဆိုရင် စက်ရုံတွေမှာက လူစုလူဝေးတွေ ဖြစ်နေတော့ ရှောင်သင့်တာပေါ့။ တစ်ဖက်ကလည်း စက်ရုံတွေပိတ်ဖို့အစီအစဉ်မရှိဘူးပြောထားပြန်တော့ အဲဒီအပေါ်မူတည်ပြီး လုပ်ရကိုင်ရတာခက်နေတယ်။ ဆိုတော့ အဲဒီအပေါ်မှာ တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရတွေ၊ အလုပ်ရှင်တွေ အကုန်လုံးက လုပ်ရကိုင်ရခက်နေကြတယ်။

ငြမ်းမီဒီယာ – မေးခွန်းက ဒီလိုစိုးရိမ်စရာအခြေအနေမှာ တောင်စက်ရုံတွေပိတ်ဖို့ အစိုးရဘက်ကမစီစဉ်နိုင်ရတာဟာ ဘယ်လို အချက်တွေကြောင့်လဲဆိုတာကို သုံးသပ်ပြောပြပေးဖို့ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UH – မစီစဉ်နိုင်တာတော့မဟုတ်ဘူးဗျ။ သူက စီစဉ်ဖို့ ဆုံးဖြတ်ချက်မချသေးတာပါ။ အဓိကကတော့ မြန်မာနိုင်ငံက စီးပွားရေးဖွံ့ဖြိုးမှု နည်းတဲ့နိုင်ငံဖြစ်တော့ ဒီစက်ရုံတွေပိတ် လိုက်ရင် စီးပွားရေးကျဆင်းတာတွေ၊အလုပ်လက်မဲ့ များလာတာတွေ ဖြစ်လာမှာ ကိုလည်း စိုးရိမ်တာတွေရှိမှာပေါ့။ နိုင်ငံမှာကအလုပ်အကိုင် အခွင့်အလမ်း ကလည်း ရှားပါးတာကိုး။ ပြည်တွင်းရွေ့ပြောင်း လုပ်သား ဦးရေကို က (၉) သန်းကျော်ရှိတယ်။ အဲဒီတော့ စက်ရုံတွေ ပိတ်လိုက်ရင် ဒီလုပ်သားတွေအလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အတွက် အခက်အခဲဖြစ် လာမှာကိုများ သူတို့အနေနဲ့စဉ်းစားနေတာလား။ ဒါတွေကကျနော်တို့မှန်းဆ စဉ်းစားကြည့်တာတွေပေါ့။ အစိုးရ ဘက်က ဘာမှ ထုတ်မပြောတော့ ကျနော်တို့ကမှန်းဆရုံပဲတတ်နိုင် တာ။ အခုစက်ရုံတွေ ယာယီပိတ်ရင်တောင် အလုပ်သမားတွေ အနေနဲ့ နယ်ပြန်ဖို့ခက်တယ်။ နယ်တွေမှာလည်းရန်ကုန် ကလာတဲ့သူဆိုရင် Quarantine (၁၄) ရက်၊ ရန်ကုန်ပြန် လာရင်လည်း ဒီမှာ Quarantine (၁၄) ရက်ဆိုတော့ အဆင်မပြေတော့ဘူး။ အဲဒီတော့ ယာယီပိတ် ထားချိန်မှာလက်ရှိ နေတဲ့နေရာမှာပဲ Home Stay နေတာအဆင်ပြေလိမ့်မယ် လို့ ကျနော်တို့ယူဆတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကျနော်တို့က အစိုးရရဲ့ဆုံးဖြတ်ချက်ကိုပဲ စောင့်နေရတာပေါ့။

ငြမ်းမီဒီယာ – လူစုလူဝေးဆိုတဲ့အနေအထားနဲ့ လုပ်ငန်းခွင်ဆိုတဲ့အနေအထားနှစ်ခုက မတူဘူးဆိုပြီး တချို့ကလည်း ထောက်ပြကြ တော့ အဲဒီအခြေအနေကို လက်ရှိလုပ်သားရာထောင်ချီရှိတဲ့ စက်ရုံတွေကလုပ်ငန်းခွင်အနေအထားနဲ့ယှဉ်ပြီး သုံးသပ်ပေးပါဦး။

UH – ကွားခြားတာက စက်ရုံအများစုက လူဦးရေထောင်နဲ့ချီလုပ်ကြတာတွေရှိတယ်။ အထူးသဖြင့် CMG လုပ်ငန်းတွေပေါ့။ တချို့တွေ လည်း လေးထောင်ငါးထောင်အထိရှိတယ်။ အခုဒဂုံတောင်ပိုင်းတို့၊ ဒဂုံအရှေ့တို့က တချို့စက်ရုံတွေဆို ငါးထောင် အထက်တွေ တောင် ဖြစ်နေတာရှိတယ်။ ဆိုတော့ မတော်တဆကူးမယ်ဆိုရင် ဖြေရှင်းကုသရတော့မယ် ဆိုရင် အခက်အခဲ ဖြစ်နိုင်တယ်။

တာဝန်ယူမှု တာဝန်ခံမှုအားနည်းတာကို ဆိုလိုတာပါ။ ဒါကတော့ ကျနော်တို့ဗမာပြည်နဲ့ သင့်လျော်တဲ့အသုံးအနှုန်းပေါ့ဗျာ။ ဒီမိုကရေစီစနစ်မှာတော့ အစိုးရတစ်ရပ်ဟာ …″

ခုနောက်ပိုင်းအချက်အလက်တွေအရဆိုရင် လေကလည်းကူးစက်နိုင်တယ်လို့ပြောလာပြီ။ အရင်ကတော့ လက်ဆေး ရုံနဲ့ ရတယ်ပေါ့။ ဆိုတော့ နှာခေါင်းစည်းမစည်းရင် လုပ်ငန်းခွင်ထဲက ထောင်ချီတဲ့လုပ် သားတွေအတွက် စိုးရိမ်စရာပေါ့။ နှာခေါင်း စည်းကလည်း တစ်နေ့ကိုတစ်ခုနဲ့ အဆင်ပြေနိုင်မလား၊ လုပ်သားရာထောင်ချီနေတဲ့အရေအတွက်ကို လုံလောက်အောင် ဘယ်လို စီစဉ် ပေးကြမလဲ၊ ဒီကိစ္စတွေကအစ ပြဿနာတွေရှိပါတယ်။ စက် ရုံတွေမှာက စုပြုံပြီးအလုပ်လုပ်နေကြရတာ။ တစ်ယောက်နဲ့ တစ်ယောက်သုံးပေ အကွာနေကြရမယ်ဆိုတယ်။ နိုင်ငံတကာမှာအခုဆို ခြောက်ပေအကွာလို့ ပြောနေကြပြီ။ အဲဒီတော့ လုပ်သား ထောင်ချီတဲ့စက်ရုံတွေမှာ ဒီအတိုင်းနေဖို့ကလည်း မလွယ်ဘူး။ နောက် ဒီစက်ရုံကိုအလုပ်ဆင်းဖို့လာတဲ့အချိန်မှာလည်း ကားတွေ ပေါ်မှာပြည့်ကျပ်နေတာ။ ဒါတွေက ကူးစက်နိုင်တဲ့ အခွင့်အလမ်းတွေ များနေသလိုဖြစ်နေတယ်။ ဆိုတော့စဉ်းစားရမှာက လူသားတွေ ဖြစ်တဲ့ ဒီအလုပ်သမားတွေရဲ့ ရှင်သန်ရေးကိုစဉ်းစားမလား၊ လုပ်ငန်းရှင်တွေရဲ့ အလုပ်တွေအောင်မြင်ရေးကိုပဲ စဉ်းစား မလားဆိုတာပေါ့။ ဒီနေ့ လက်တလောမခြေအနေက စီးပွားရေးကအဓိကလား၊ ရှင် သန်ရေးကအဓိကလားဆိုတာ ဆုံးဖြတ်ကြ ရမှာ ပေါ့။ အခုဖြစ်နေတာက တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါလိုဖြစ်နေတာ။ အခုကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဖြစ်နေပြီ။ ဒီ အခြေအနေ မှာ ပထမဆုံးအလုပ်သမားတွေကို မကူးစက်အောင်ဆိုပြီး သူတို့ရဲ့ရှင်သန်ရေးကိုပထမစဉ်းစားရမယ်။ ဒုတိယအနေနဲ့ကျမှ စီးပွားရေး အပေါ်သက်ရောက်မှုတွေကို ကျနော်တို့စဉ်းစားရမှာပေါ့။ အဲဒီတော့ လိုအပ်တဲ့ လုပ်ငန်းတွေကို ချန်ထားပြီး ယေဘုယျ အားဖြင့်သိပ်အရေးမကြီးတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ယာယီရပ်နားဖို့စဉ်းစားသင့်တယ်။ ဒါမှလည်း ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်တာကို အထောက်အကူဖြစ်စေမယ်။ အခုရန်ကုန်မှာဆိုရင်လည်း အများပြည်သူက စိုးရိမ်မှုတွေ ရှိလာပြီ။ ဒီအခြေအနေ မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဒီအကြပ်အတည်းကို စီမံခန့်ခွဲတာမျိုးဖြစ်စေချင်တယ်။ စည်းရုံးတဲ့ သဘော၊ လှုံ့ဆော်တဲ့ သဘောမျိုးလောက်နဲ့ ရတဲ့အဆင့်မဟုတ်တော့ဘူးလို့ထင်တယ်။ တကယ့်အမိန့်အာဏာနဲ့ စနစ် တကျ စီမံခန့်ခွဲမှုတွေလုပ်မှ အဆင်ပြေတဲ့အနေအထားကို ရလိမ့်မယ်လို့ ကျနော်တို့မြင်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိအခြေအနေမှာ အလုပ်သမားတွေအတွက် ရောဂါကူးစက်ခံရမှုမရှိအောင် ညွှန်ကြားစီစဉ် ဆောင်ရွက်ပေးမှု အပိုင်းနဲ့ပတ်သက်ပြီးအစိုးရရဲ့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအပေါ် အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးအနေနဲ့ ဘယ် လိုမှတ်ချက်ပြုချင်ပါသလဲ။

UH – ခပ်တိုတိုနဲ့ပြောရရင် တာဝန်မဲ့ရာကျတယ်လို့ ကျနော်တို့သုံးသပ်ရမလိုဖြစ်နေတာပေါ့။ ဘာကြောင့်လဲဆိုတော့ အခုနောက်ဆုံး ဖြေရှင်းခြင်းနဲ့ပတ်သက်လို့ ဝန်ကြီးဌာနကတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးပြောတာက ‘ဒါက အလုပ်ရှင် အလုပ်သမားတွေ ဆွေးနွေး ညှိနှိုင်းပြီး ဖြေရှင်းဖို့သင့်တယ်’ ဆိုတော့ ဒါက ပြဿနာကို အလုပ်သမားနဲ့အလုပ်ရှင်အပေါ်ပုံချလိုက်တဲ့သဘောပေါ့။ အစိုးရ ဝန်ကြီးဌာနရဲ့ တာဝန်ယူမှု တာ ဝန်ခံမှုက အားနည်းနေတာပေါ့။ တကယ်တော့ ဒါဟာအစိုးရကနေ တာဝန်ယူပြီးစီမံခန့်ခွဲရမယ်။ အဲဒီစီမံခန့်ခွဲမှုအောက် မှာ ကျနော်တို့အလုပ် သမားတွေရော၊ အလုပ်ရှင်တွေရော၊ ပြည်သူတွေရော အားလုံး စနစ်တကျ လိုက်နာကြရမယ်။ ဒီလိုမဟုတ်ဘဲ စည်းရုံးရေးဆန်ဆန်နဲ့ ပညာပေးတာတွေလောက်နဲ့ မလုံလောက်တော့တဲ့ အခြေအနေ ရောက်နေ တာလေ။ တကယ်လက်တွေ့ဖြစ်လာရင် အဲဒီလောက်နဲ့မလုံလောက်ဘူး။ စနစ်တကျစီမံကွပ်ကဲဖို့လိုတယ်။ စနစ်တကျ စီမံကွပ်ကဲမှု အပိုင်းက လက်ရှိမှာအားနည်းနေတာပေါ့။ ဒါအပေါ်မှာ ကျနော်တို့ကတော့စိတ်ပူမိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လုပ်ကိုင်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီးသုံးတဲ့ ‘အားနည်းတယ်’ ဆိုတာက လုပ်တော့လုပ်တယ် နည်းနည်းပဲ လုပ်တယ် ဆိုတဲ့သဘောမျိုးပေါ့။ အခုက ဘာမှမလုပ်ဘဲ အလုပ်ရှင်နဲ့ အလုပ်သမားဘက်ကိုပဲ ပုံချလိုက်တာဆိုတော့ ‘အားနည်းတယ်’ လို့ပြောတာ အဆင်ပြေပါ့မလား။

UH – ကျနော်ပြောတဲ့ ‘အားနည်းတယ်’ ဆိုတာကတော့ တာဝန်ယူမှု တာဝန်ခံမှုအားနည်းတာကို ဆိုလိုတာပါ။ ဒါကတော့ ကျနော်တို့ဗမာပြည်နဲ့ သင့်လျော်တဲ့အသုံးအနှုန်းပေါ့ဗျာ။ ဒီမိုကရေစီစနစ်မှာတော့ အစိုးရတစ်ရပ်ဟာ တာဝန် ယူမှုတာဝန်ခံမှုရှိရတော့ ဒီနေရာမှာ တာဝန်ယူမှုတာဝန်ခံမှု အားနည်းတယ်’လို့ ဒီသဘောသုံးတာပါ။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

အလုပ်သမားတွေဟာ ရောဂါကပ်ဘေးထက် မငတ်ရေးကိုပိုဦးစားပေးနေရတယ်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,