ဒီစကားဟာ ပညာရေးဝန်ထမ်းအမျိုးသမီးတွေကို စော်ကားလိုက်တာပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဒီအနေအထားမျိုးမှာ ဒီလိုစကားမျိုးပြောတာက အကြမ်းဖက်မယ့်သူတွေ၊ စော်ကားမယ့်သူတွေကို အားပေးအားမြှောက်လုပ်သလို ဖြစ်သွားစေတယ်လို့ ကျွန်မတို့ထင်တယ်။ ကျွန်မတို့ ပညာရေးဝန်ထမ်းဆရာမတွေကို အကြမ်းဖက်ခံရအောင်၊ လုံခြုံမှုမရှိအောင် အားပေးအားမြှောက်လုပ်တဲ့၊ လှုံ့ဆော်တဲ့စကား . . .

အောက်တိုဘာ (၁၃)၊ ၂၀၁၉၊ ရန်ကုန်
The Nyang News

အောက်တိုဘာလ (၅) ရက်နေ့က ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအတွက် ဝန်ထမ်းအိမ်ရာကိစ္စအား ကျေးရွာလူထုက တင်ပြခြင်းအပေါ် ပဲခူးတိုင်းဝန်ကြီးချုပ်က ပြန်လည်ပြောကြားချက်နှင့်စပ်လျဉ်းပြီး အခြေခံပညာ ပညာရေးဝန်ထမ်းများသမဂ္ဂ၊ အမျိုးသမီးအခွင့်အရေးကော်မတီဝင်ဒေါ်ဇာဇာအောင်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားခြင်းကိုဖော်ပြလိုက်ပါသည်။

ငြမ်း – ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ ပြောစကားအပေါ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်တစ်ဦးအနေနဲ့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DZZA – တိုင်းဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ဒီလိုပြောတာဟာ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ အရမ်းကိုပေါ့ပျက်ပျက်နိုင်တဲ့စကားကိုပြောတယ်လို့ ခံစားရတယ်။ ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ဆိုရင်လည်း ဒီစကားမျိုးပြောတဲ့ ဒီလိုလူမျိုးကို စိတ်ပျက်မိတယ်။ စိတ်ပျက်မိတယ်ဆိုတာက ဒီလိုပါ၊ ပညာရေးဝန်ထမ်းဆိုတာလည်း ပြည်သူပဲလေ။ ပြည်သူကိုလုံခြုံမှုပေးနိုင်တဲ့၊ ပြည်သူကိုကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်မျိုးပဲ ကျွန်မတို့လိုချင်တယ်။

ငြမ်း – အခြေခံပညာရေးသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ အရေးယူပေးဖို့ တောင်းဆိုထားတာတော့ပါတယ်။ ဒါပေမယ့် ဒီစကားဟာ ဝေးလံခေါင်ဖျားဒေသတွေမှာ အပင်ပန်းအနစ်နာခံ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေအပေါ် စော်ကားသလိုဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိတော့ ဒီစကားအတွက် ပဲခူးတိုင်းဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုတာဝန်ယူသင့်တယ်လို့ ထင်ပါသလဲ။

DZZA – ဒီစကားဟာ ပညာရေးဝန်ထမ်းအမျိုးသမီးတွေကို စော်ကားလိုက်တာပဲ။ သူ့အနေနဲ့ ပြန်တောင်းပန်သင့်တာပေါ့။ ဒီနေ့တောင်မှ facebook ပေါ်မှာတွေ့လိုက်တယ်၊ သူတောင်းပန်တယ်ဆိုတာပေါ့။ ဒါပေမယ့် အဲဒီတောင်းပန်တယ်ဆိုတဲ့စကားကိုတော့ သေသေချာချာမသိရသေးဘူးပေါ့နော်။ ဘာပဲဖြစ်ဖြစ် တောင်းပန်သင့်တယ်။ ပြောမယ်ဆိုရင် ဝန်ကြီးချုပ်တစ်ယောက်ရဲ့ ဒီလိုပြောဆိုမှုဟာ လက်ရှိအစိုးရရဲ့ပုံရိပ်ကိုတောင် ထိခိုက်နိုင်တဲ့ကိစ္စလေ။ ဒါဟာ ပြည်သူကိုမစောင့်ရှောက်နိုင်တဲ့၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်း အမျိုးသမီးတွေ အကြမ်းဖက်ခံရစေဖို့ လှုံ့ဆော်ရာရောက်တဲ့ စကားပဲလေ။

ငြမ်း – NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ ဒီလိုပြောဆိုမှုကို မပြောသင့်ဘူးဆိုတဲ့ မှတ်ချက်တော့ပေးတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်မှုအပိုင်းကတော့ အစိုးရရဲ့အပိုင်းဆိုတာမျိုး ပြောထားပါတယ်။ ဆရာမအနေနဲ့ ဘယ်လိုယူဆပါသလဲ။

DZZA – ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ် အခုလိုပေါ့ပျက်ပျက်နိုင်တဲ့စကားမျိုးကို ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ မပြောသင့်ဘူးလို့ ကျွန်မထင်ပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ အခုလိုပြောတာကိုလည်း ကျွန်မတို့လုံးဝမကျေနပ်ဘူး။ ပညာရေးဝန်ထမ်းဆိုတာ အမျိုးသမီးကအများစုလေ။ ဆရာဦးရေနဲ့ ဆရာမဦးရေဆို ဆရာမဦးရေကပိုများတယ်။ ပြီးတော့ ကျေးလက်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာမတွေ အများကြီးရှိတယ်။ အဲဒီကျေးလက်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ/ဆရာမတွေရဲ့ လုံခြုံမှုမရှိတဲ့အခြေအနေတွေ၊ ဖြစ်ရပ်တွေကလည်း အများကြီးပဲ။ အဲဒီလိုအခြေအနေ၊ အချိန်အခါ၊ အနေအထားမျိုးမှာ ဒီလိုစကားမျိုးပြောတာက အကြမ်းဖက်မယ့်သူတွေ၊ စော်ကားမယ့်သူတွေကို အားပေးအားမြှောက်လုပ်သလို ဖြစ်သွားစေတယ်လို့ ကျွန်မတို့ထင်တယ်။ ကျွန်မတို့ ပညာရေးဝန်ထမ်းဆရာမတွေကို အကြမ်းဖက်ခံရအောင်၊ လုံခြုံမှုမရှိအောင် အားပေးအားမြှောက်လုပ်တဲ့၊ လှုံ့ဆော်တဲ့စကားလို့တောင် ယူဆနိုင်ပါတယ်။

ငြမ်း – ဆရာမတို့သမဂ္ဂက လုပ်နေတဲ့ “ အမျိုးသမီးပညာရေးဝန်ထမ်းများ အကြမ်းဖက်ခံရမှုနှင့် ဘဝလုံခြုံမှုဆိုင်ရာ သုတေသနစစ်တမ်း” ကပြီးပြီလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DZZA – စစ်တမ်းက (၇၅) ရာခိုင်နှုန်း ပြီးမြောက်နေပါပြီ။ ကျွန်မတို့ အကုန်လုံးပြီးရင် သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်သလို သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီကိုလည်း ပေးပို့သွားဖို့ ရှိပါတယ်။

ငြမ်း – အဲဒီစစ်တမ်းက ပညာရေးဝန်ထမ်းတွေအတွက် ဘယ်ကဏ္ဍတွေကို အထောက်အပံ့ဖြစ်စေနိုင်ပါသလဲ။

DZZA – ဘယ်ကဏ္ဍတွေလည်းဆိုတော့ ကျွန်မတို့ပညာရေးဌာနမှာဆိုရင် ဝန်ထမ်းအိမ်ရာဆိုတာ လုံးဝမရှိပါဘူး။ ဝန်ထမ်းအိမ်ရာမရှိတဲ့အတွက် ကျေးလက်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ ဆရာမလေးတွေဟာ (ပဲခူးတိုင်းဝန်ကြီးချုပ်ပြောသလိုပေါ့) ရည်းစားစကားလိုက်ပြောခံရတာတွေရှိတယ်။ ပြောလို့ ရသွားတာလည်းရှိသလို မရတာတွေလည်းရှိတယ်။ မရတဲ့အခါ၊ ဆရာမလေးတွေကငြင်းဆန်တဲ့အခါ အသက်အန္တရာယ်ပြုတာမျိုးတောင်ရှိတယ်။ ပြီးတော့ မလုံခြုံတဲ့အိမ်တွေမှာ နေရတဲ့အတွက် အမျိုးသမီးပညာရေးဝန်ထမ်းတွေဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေကို ကြုံရတယ်။ တကယ်ကျူးလွန်ခံရတာတွေမှာ တချို့ကလည်း ရွာနာမည်ပျက်မှာစိုးလို့ ကြိတ်ဖြေရှင်းလိုက်တာတွေလည်းရှိတယ်။ အဲဒီလိုပြဿ နာတွေက အများကြီးပဲ။ အဲဒီတော့ ကျွန်မတို့က ဒီလိုပြဿ နာတွေရှိတာကြောင့် ကျောင်းရှိတဲ့နေရာတိုင်းမှာ လုံခြုံတဲ့ဝန်ထမ်းအိမ်ရာရှိဖို့ပေါ့။ ဝန်ထမ်းလေးယောက်ရှိတဲ့နေရာဆို လေးယောက်စာပေါ့။ ဒေသခံချည်းပဲဆိုရင်တော့ အကြောင်းမဟုတ်ဘူးလေ။ ဒေသခံမဟုတ်တဲ့အခါကျတော့ ဆရာမတွေအတွက် နေစရာကို ဟိုရှာ ဒီရှာရှာပြီး မလုံခြုံမှုတွေ ရှိနေတော့ ဒီလိုအခြေအနေတွေအတွက် ဝန်ထမ်းအိမ်ရာရရှိအောင်လို့ ကျွန်မတို့ကဆောင်ရွက်တဲ့အခါ ဒီစစ်တမ်းက အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေမှာပါ။ တကယ့်ဝေးလံတဲ့ဒေသတွေအထိသွားပြီး စစ်တမ်းအတွက် လိုအပ်တဲ့အချက်အလက်တွေကို ကောက်ယူထားတာဆိုတော့ ဒီစစ်တမ်းအပေါ် ကျွန်မတို့ ယုံကြည်မှုလည်း အပြည့်အဝရှိပါတယ်။

ငြမ်း – အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။