ဒီစဉ်းစားချက်မျိုးက ဒီနေ့ NLD မှာ သိပ်ရှိပုံမရဘူး – အပိုင်း(၁)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SNLD / SNLD ဒုတိယ ဥက္ကဋ္ဌ (၁) ဦးစိုင်းညွှန့်လွင်

ရသမျှဟာအားလုံး ငါ့ဟာချည်းပဲ’ ဆိုပြီးတော့ မရ ရအောင်ယူမယ်ဆိုတာမျိုးက နိုင်ငံရေးလောဘ အရမ်းကြီးသွားပြီ။ နိုင်ငံရေးလောဘကြီးသွားရင် မဖြစ်နိုင်တော့ဘူး . . .

ပါတီသက်တမ်းနှစ် (၃၀) ကျော်ခဲ့ပြီဖြစ်သော SNLD ပါတီသည် ၁၉၈၈ နောက်ပိုင်း မြန်မာ့နိုင်ငံရေးခရီးကြမ်းတွင် ဒီမိုကရေစီ အရေးအတွက် အခက်အခဲအကျပ်အတည်းအမျိုးမျိုးကြားမှ ကြိုးစားရပ်တည်ခဲ့ကြသည့် နိုင်ငံရေးပါတီများထဲမှ တစ်ခုဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေမှုများအပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး SNLD (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) ပါတီ ၏ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးစိုင်းညွှန့်လွင်ကို ငြမ်းမီဒီယာက တွေ့ဆုံ မေးမြန်းခဲ့သည်။

ငြမ်းမီဒီယာ – SNLD ပါတီရဲ့ ၂၀၁၉ ညီလာခံမှာ မူဝါဒတစ်ခုပြောင်းလဲခဲ့တာတွေ့ရပါတယ်။ လူမျိုးအခြေပြုတဲ့ပါတီ အဖြစ်ကနေ ပြည်နယ်အခြေပြုတဲ့ပါတီအဖြစ် ပြောင်းလဲလိုက်တာတွေ့ရပါတယ်။ အဲဒီ မူဝါဒအပြောင်းအလဲဟာ ဖက်ဒရယ် ဒီမိုကရေစီ စနစ်အတွက် ပြင်ဆင်တာများလား။

USNL – ကျွန်တော်တို့ ပထမကတော့ လူမျိုးအခြေခံကနေ ဒေသအခြေခံပေါ့၊ အခုကျတော့ ဒေသအခြေခံတောင် မဟုတ်တော့ဘဲ မူဝါဒအခြေခံပေါ့။ ဒီကိစ္စဟာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ပြောင်းလဲဖို့စကြိုးစားပြီ။ ပြီးတော့ ဒီဟာက နည်းဗျူလည်းဖြစ်တယ်ပေါ့နော်။ မူလ မဟာဗျူဟာဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့၊ ဒါကပြောင်းလဲလို့ လည်း မရဘူးလေ။ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်တဲ့အခါမှာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ အခြေခံမူတွေ က ရှိနေသေးတာပေါ့။ အဲဒီမဟာဗျူဟာကို အကောင်အထည်ဖော်ဖို့အတွက် နည်းဗျူဟာအနေနဲ့ မူဝါဒကိုအခြေခံရတာပေါ့။ ဒီ မူဝါဒတွေ ဟာ ကျွန်တော်တို့ အကောင်အထည်ဖော်တဲ့ ရည်မှန်းချက်တွေပေါ့၊ အကောင်အထည်ဖော်တဲ့ နည်းဗျူဟာတွေ ဖြစ်မှာပေါ့။ အရင်တုန်းကတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုရင် ကျွန်တော်တို့က လူမျိုးကိုအခြေခံတဲ့အခါကျတော့ ကန့်သတ်ချက်ရှိတယ်။ အဲဒီလိုပဲ ဒေသကိုအခြေခံတဲ့အခါမှာလည်း ဒေသကန့်သတ်ချက်ဆိုတာရှိတယ်။ ဆိုတော့ မူဝါဒကို အခြေခံပြီး ဆောင်ရွက်မယ်ဟေ့ဆိုရင် ကန့်သတ်ချက်မရှိတော့ဘူးလေ။ ဒီမူဝါဒကိုလက်ခံတဲ့လူတွေက ကျွန်တော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ်။ ပူးပေါင်းဆောင်ရွက်တဲ့အခါ ဒေသလည်းမရွေးတော့ဘူး၊ လူမျိုးလည်းမရွေးတော့ဘူး။ အဲဒီရည်မှန်းချက်ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီမူဝါဒအပြောင်းအလဲဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ SNLD အတွက် အားသာချက်တစ်ခု ဖြစ်လာနိုင် သလား။ ဒေသခံတွေရဲ့ ယုံကြည်မှုကို ပိုရလာနိုင်စေသလား။

USNL – ပြောမယ်ဆိုရင်တော့ ဒီဒေသဆိုင်ရာအခြေခံလူတွေပေါ့။ ဒီလူတွေအနေနဲ့ကျတော့ အရိုးသားဆုံးပြောရရင် သိပ် နားမလည် ကြဘူး။ သူတို့ကို ဒါတွေသွားပြောလည်း သိပ်မထူးဘူး။ ကျွန်တော်တို့ရဲ့ အဓိကပစ်မှတ်ကတော့ နိုင်ငံရေးလောကနဲ့ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေးကိုနားလည်တဲ့လူထု၊ နောက်တစ်ခုက ကိုယ့်ရဲ့ပါတီဝင်တွေပေါ့။ ဒါကအဓိကပစ်မှတ်ပေါ့။ ဆိုတော့ တကယ် ၂၀၂၀ အတွက် အဓိကပစ်မှတ်တော့ မဟုတ်ပါဘူး။ ၂၀၂၀ အတွက်ကတော့ ကျွန်တော်တို့ ရောက်နေတဲ့နေရာကနေ စည်းရုံးရေး အတွက်ပေါ့နော်၊ ကျွန်တော်တို့ အဲဒါကိုရှင်းပြကြဖို့တော့ ရှိပါတယ်။ ဒါပေမယ့် ဒီမူဝါဒပြောင်းလဲတယ်ဆိုတဲ့ကိစ္စက ၂၀၂၀ ပြီးရင် ရပ်သွားမယ့်ကိစ္စမဟုတ်ဘူး။ သူကဆက်သွားနေဦးမှာပဲ။ ဆိုတော့ အခုလို မူဝါဒ (Policy) ကိုအခြေခံတဲ့ပါတီဖြစ်ဖို့ လုပ်တယ် ဆိုတာ ၂၀၂၀ ကိုရည်မှန်းတာမဟုတ်ပါဘူး။ ၂၀၂၀ နောက်ပိုင်းမှာလည်း ဒါကိုဆက်လုပ်သွားမှာပါ။

ငြမ်းမီဒီယာ – တရုတ်စီမံကိန်းတွေဖြစ်တဲ့ ( BRI , BCIM , CMEC ) တွေနဲ့ပတ်သက်ရင်ဒေသခံတွေရဲ့ သဘောထားအတိုင်း SNLD ကရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားတယ်။ ဒီမံကိန်းတွေအပေါ် ဒေသခံတွေက ဘယ်လိုသဘောထားကြလဲ။

USNL – လောလောဆယ်တော့ ဒီစီမံကိန်းတွေက ဘယ်နေရာမှာ လုပ်မလဲဆိုတာ မပေါ်သေးဘူး။ မပေါ်သေးတော့ ဒေသခံ လူထုတွေ လည်း မသိသေးဘူး။ မသိတော့ သူတို့သဘောထားက မရှိသေးဘူး။ ဆိုတော့ တရုတ်ကုမ္ပဏီကို ကျွန်တော်တို့ မေးကြည့်တဲ့အခါ သူတို့က ၂၀၂၁ လောက်မှ စမယ်ပေါ့။ ၂၀၂၀ ထဲမှာတော့ သူတို့ရဲ့အစီအစဉ်တွေကို ပြောမှာပါ။ အဲဒီ အချိန်လောက်ကျမှ လူထုရဲ့တုန့်ပြန်မှုကို သိရမှာ။ ဒါကို ကြေငြာချက်ထဲမှာ ထည့်ရေးရတာက လူထုစိတ်ကျေနပ်အောင် ထည့်ရေးရတာပါ။ တကယ်တော့ ပါတီဆိုတာက လူထုကိုခေါင်းဆောင်ရတာလေ။ လူထုက ပါတီကို ခေါင်းဆောင်တာ မဟုတ်ပါဘူး။

ဒီနေ့ NLD မှာ သိပ်ရှိပုံမရဘူး။ ဒါပေမယ့် USDP က စနေပြီ။ သူတို့ တချို့နေရာတွေမှာ ပြိုင်ချင်မှ ပြိုင်မှာ။ အဲဒါမျိုးတွေရှိတယ်။ ကျွန်တော်ဒါကို ဝေဖန်ပြီးတော့ သိပ်မပြောချင်ဘူး။ ခုတလော …

ဒါပေမယ့် ကျွန်တော်တို့ ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ အဲဒီတော့ ပြည်သူလူထုရဲ့ သဘောထားကို လွန်ဆန်မှာ မဟုတ်ပါဘူး။ အဲဒီ သဘောတရား တွေ လည်း ရှိပါတယ်။ အဲဒီတော့ နှစ်ခုရှိတာပေါ့နော်။ ပါတီက လူထုရဲ့စကားကို နားမထောင်တာတော့မဟုတ်ဘူးပေါ့နော်။ လူထုရဲ့ သဘောထား အပေါ်မှာ လုပ်သင့်လုပ်ထိုက်တဲ့ ခေါင်းဆောင်မှုကို ပေးသွားမှာပဲ။ ပါတီဆိုတာမရှိရင်လည်း လွှတ်တော် ကိုယ်စားလှယ် ဆိုတာ ဒီလူထုရဲ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လူထုအလိုအတိုင်းပေါ့နော်၊ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်သွားမှာ ပဲ။ ဥပမာ – လူထုက အတွေးအခေါ်မှားနေတယ်ဆိုရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တာကို လူထုကိုရှင်းပြပြီး အဆင်ပြေတဲ့နည်းလမ်းနဲ့ လူထုအတွက် ဆောင်ရွက်ပေးရမှာပေါ့။ ဆိုပါစို့ စီမံကိန်းတစ်ခုအတွက် လူတွေကို ဒီကနေရွှေ့ပေးပါဆိုပြီးပြောရင်၊ ဒီ အတိုင်း အတင်း အကျပ် ရွှေ့ခိုင်းရုံဆို ဒါလည်းမဟုတ်သေးဘူးလေ။ ဒီလူတွေအတွက် လုံလောက်တဲ့ လျော်ကြေးတွေဘာတွေ ဆောင်ရွက် ပေးရင် ပိုကောင်း တာပေါ့။ အဲဒီလိုဖြစ်အောင် ပြေပြေလည်လည်နဲ့ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒါဟာလည်း လူထု အတွက် လုပ်ပေးတာပဲပေါ့။ အားလုံးက ထိပ်တိုက်တွေ့ဖို့ချည်း မဟုတ်ပါဘူး။ အေးအေးချမ်းချမ်း ဖြေရှင်းလို့ရတဲ့ဟာတွေလည်း ရှိမှာပဲ။ ဒါက ဥပမာတစ်ခုအနေနဲ့ ပြောပြတာပါ။ ဒီအချက်ကို ထုတ်ပြန်ချက်ထဲမှာ ဘာလို့ထည့်လည်းဆိုတော့ BRI ဆိုတဲ့ တရုတ်စီမံကိန်းက ရှမ်းပြည်မြောက်ပိုင်းတစ်ခုလုံးကို ဖြတ်သွားတော့မယ်။ အဲဒီလိုဖြတ်သွားမယ့်ဒေသတွေက ကျွန်တော်တို့ပါတီဝင်အများစုရှိတဲ့ ဒေသဖြစ်တယ်။ ဆိုတော့ ဒီကိစ္စကို ကျွန်တော်တို့က ချန်ထားလို့မရတော့ဘူး။ ဒီကိစ္စကို ထည့်စဉ်းစားထားရတော့မယ်။ ပြည်ထောင်စုအဆင့်က မစဉ်းစားဘူးဆိုရင်တောင် ကျွန်တော်တို့တွေက စဉ်းစားထားရမယ်။

ငြမ်းမီဒီယာ – နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးနဲ့ လူငယ်တွေ ပိုပါဝင်လာစေဖို့ SNLD ပါတီအနေနဲ့ ဦးစားပေး ဆောင်ရွက် မယ်လို့ ဆိုထားတော့ လက်ရှိပါတီရဲ့ဦးဆောင်မှုပိုင်းမှာ အမျိုးသမီးဦးရေနဲ့ အမျိုးသားဦးရေ မျှခြေတစ်ခုကို ရောက်ပြီလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USNL – အရိုးသားဆုံးဝန်ခံရရင် မျှခြေတစ်ခုကို မရောက်သေးပါဘူး။ အမျိုးသမီးခေါင်းဆောင်တွေက အမျိုးသား ခေါင်းဆောင် တွေ လောက် မလုပ်နိုင်ကြသေးပါဘူး။ အထူးသဖြင့် ကျွန်တော်တို့လောက် အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေ ပါတီထဲမှာ မရှိ သေးဘူး။ ကျွန်တော်တို့ဘက်က အမျိုးသမီးတွေ (၃၀) ရာခိုင်းနှုန်းပါရမယ်၊ လူငယ်တွေ ဘယ်လောက် ပါရမယ်ဆိုပြီး လုပ်ပေမယ့် ထိုက်တန်တဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ ရှိဖို့ လိုသေးတာကိုး။ အရည်အချင်းမရှိဘဲ ပါတီခေါင်းဆောင်ထဲမှာ လာထည့် ထားလည်း ပါတီနာတာပဲရှိတယ်။ ဒါပေမယ့် ဒါကဘာလဲဆိုတော့ ကျွန်တော်တို့ အမျိုးသမီးတွေကို ပြုစုပျိုးထောင်ပေးရမယ်။

ဒေါ်အောင်ဆန်းစုကြည် လည်း အသက်ကြီးလာပြီ။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေနေရာမှာ လက်လွဲနိုင်တဲ့ ခေါင်းဆောင်တွေ ရှိဖို့ လိုအပ်တယ် …

အထူးသဖြင့် လူငယ်အမျိုးသမီးခေါင်းဆောင်တွေကို ကျွန်တော်တို့ ထူထောင်ထားပါတယ်။ အခုလက်ရှိ ဘယ်ပါတီမှ မလုပ်သေးတဲ့၊ ပါတီရဲ့ CEC ထဲမှာ လူငယ်လေးဦးကို ထည့်ထားပါတယ်။ ၂၀၁၉ ပါတီညီလာခံမှာ ထည့်ခဲ့တာပါ။ အမျိုးသမီး နှစ်ယောက်၊ အမျိုးသား နှစ်ယောက်ပေါ့။ ဒါက အရမ်းစွန့်စားရတယ်။ ကျွန်တော်တို့ပါတီက ထိပ်တန်း (၅) ပါတီထဲမှာ ပါတာပဲ လေ။ ဘာပဲဖြစ်ဖြစ် ဒီ CEC ဆိုတာ အရေးကြီးတာပဲ။ အမှန်မှာတော့ ထုံးစံက အရံဗဟိုကော်မတီဝင်တို့ ဘာတို့ ထားရမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီလောက်စိတ်မရှည်ဘူး။ သူတို့ကို တခါတည်း CEC ထဲမှာထည့်ထားလိုက်တယ်။ ဘာလို့ အဲဒီလို ထည့်လဲဆိုတော့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ထိုင်တဲ့အခါ စဉ်းစားပုံစဉ်းစားနည်းတွေ၊ ဆွေးနွေးပုံ ဆွေးနွေးနည်း တွေ သူတို့ကိုရသွားစေချင်တာ။ သူတို့ဆီက အကြံဉာဏ်တွေ အများကြီး ရမှာတော့မဟုတ်ဘူး။ သို့သော်လည်း ကျွန်တော်တို့ဆီက အတွေ့အကြုံတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စဉ်းစားပုံစဉ်းစားနည်းတွေ၊ ဘယ်အခြေခံပေါ်မှာစဉ်းစားသလဲဆိုတာမျိုးကို သူတို့ သိသွားအောင် လို့ပါ။ ဒါ ကျွန်တော်တို့ Risk ပေါ့နော်။ ဘယ်လောက်အကျိုးရှိမလဲဆိုတာတော့ မသိသေးဘူး။ အဲဒီတော့ ခုနကပြောတဲ့မျှခြေတစ်ခုကိုတော့ မရောက်သေးပါဘူး။ ရောက်တယ်လို့ပြောရင် လိမ်ပြောရာကျမှာပေါ့။

ငြမ်းမီဒီယာ – တစ်ဆက်တည်းပေါ့၊ အခုလို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသမီးတွေပါဝင်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေဖို့ဆိုရင် ပြည်ထောင်စုအဆင့်ကနေ ဘယ်လို ဆောင်ရွက် သင့်တယ်လို့ ယူဆပါသလဲ။

USNL – ပြည်ထောင်စုအဆင့်ကတော့ ကျွန်တော်တို့အနေနဲ့ မပြောသာဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အဆင့်က ပြည်ထောင်စုအဆင့်ကို မရောက်သေးဘူး။ ဒါပေမယ့် အမျိုးသမီးတွေ အစွမ်းပြနိုင်ဖို့ဆိုတာ ခင်ဗျားဘောလုံးပွဲ ကြည့်သလိုပေါ့။ ပွဲထွက်ခွင့်ရှိမှလဲ အစွမ်းပြလို့ရမှာလေ။ အရံခုံမှာထိုင်နေရရင်တော့ ဘယ်လိုလုပ် ခြေစွမ်းပြမလဲ။ အဲဒီတော့ ပြည်ထောင်စုအဆင့် ခေါင်းဆောင်တွေနဲ့ ဆိုင်တာပေါ့ဗျာ။ နောက်တစ်ခုက ဘယ်လောက်ပဲပွဲထွက်ခွင့် ပေးချင်ပေမယ့် အရည်အချင်း မမီရင်လည်း ခက်ပါတယ်။ ပွဲထွက်ခွင့်လည်း ရတယ်၊ ခြေစွမ်းလည်း ပြနိုင်တယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးပေါ့။ သူ့ကိုတော့ ဘယ်သူမှ မငြင်းနိုင်ဘူးလေ။ ကျွန်တော်တို့ ဆီမှာတော့ အမျိုးသမီး အမျိုးသားကို သိပ်အဓိက မထားဘူး။ ခွဲလည်း မခွဲခြားဘူး။ အရည်အချင်းနဲ့ အတွေ့အကြုံကိုပဲ ကျွန်တော်တို့ ပိုဦးစားပေးတယ်။ ဒီအချိန်မှာပေါ့နော်။ လက်ရှိ ကျွန်တော်တို့ နိုင်ငံက Stable ဖြစ်ပြီး ပုံမှန်ဖြစ်နေရင်တော့ ခင်ဗျားပြောသလို ပွဲထွက်ခွင့်တွေ ပေးသင့်တာပေါ့။ ပုံမှန်ဆိုတော့ ပွဲမကျပ်ဘူးပေါ့။

ဘောလုံးကန်သလိုပေါ့။ ကိုယ့်မှာလည်း ဂိုးပေါက်ရှိတယ်၊ သူ့မှာလည်းဂိုးပေါက်ရှိတယ်လေ။ ကိုယ့်မှာဂိုးပေါက်မရှိရင်တော့ ဟုတ်တာပေါ့။ ကိုယ်ချည်းပဲသွင်းနေမယ်။ ဒါကတော့ဟုတ်တယ်။ အခုကိုယ့်မှာ ဂိုးပေါက်ရှိတော့ သူများလည်း သွင်းမှာပဲ …

လတ်တလောမှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ နောက် ပညာရေး စသဖြင့် အစစအရာရာ အကုန်အကျပ်အတည်းတွေ ရှိတယ်။ ယှဉ်ပြိုင်မှုတွေ များတယ်။ ယှဉ်ပြိုင်မှုတွေများတော့ ရုန်းကန် ရတာပေါ့။ ဒီလိုအချိန်မှာ ကျွန်တော်တို့ ခုနကပြောတဲ့ အမျိုးသမီး အမျိုးသား မျှခြေရဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လုပ်ဖို့ဆိုတာ ကျွန်တော်ထင်တယ်၊ မလွယ်လှသေးဘူး။ ရုန်းမထွက်နိုင်လောက်သေးဘူး။ ဒီအချိန်မှာတော့ ခဏသည်းခံရမှာပဲ။ လုံးဝ ပွဲထွက်ခွင့် မပေးဘူးလည်း မဟုတ်ဘူးလေ။ ခုလည်း ထွက်နေကြတာပဲ။ ဆိုလိုတာက ထိုက်သင့်သလောက်ပေါ့။ သူတို့ချည်း ချန်ထားလို့လည်းမရဘူး။ ဒေါ်အောင်ဆန်းစုကြည် လည်း အသက်ကြီးလာပြီ။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေနေရာမှာ လက်လွဲနိုင်တဲ့ ခေါင်းဆောင်တွေ ရှိဖို့ လိုအပ်တယ်။ လေ့ကျင့်ပျိုးထောင်ပေးရမှာပေါ့။ ကျွန်တော်တို့ထဲမှာဆို စိုင်းကျော်ညွှန့်တို့ဆို သုံးလေး နှစ်လောက်ပဲ ရှိသေးပေမယ့် အများကြီး လုပ်နိုင်တယ်လေ။ ဒါကြောင့် တွဲဖက်အတွင်းရေးမှူး  ဖြစ်လာတာပေါ့။ ကျွန်တော်တို့ အထဲမှာ အဲဒါတော့ ရှိတာပေါ့။

ငြမ်းမီဒီယာ – ရှမ်းပြည်နယ်မှာ မြို့နယ်ပေါင်း (၅၅) မြို့နယ်ရှိတော့ SNLD က မြို့နယ်အားလုံးမှာ ဝင်ရောက် ယှဉ်ပြိုင် သွားမှာ လား။ ၂၀၂၀ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ထားပြီးပြီလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USNL – မပြိုင်ပါဘူး။ ဥပမာ ကလောလိုနေရာမျိုးဆိုရင် ကျွန်တော်တို့ မပြိုင်ဘူး။ ကလောမှာ ကျွန်တော်တို့ ပါတီဝင် နည်းတယ်။ အဲဒီလိုမျိုးပေါ့နော်။ နောက် ‘ဝ’ ဒေသ (၄) မြို့နယ်ဆို ကျွန်တော်တို့ ပြိုင်မှာ မဟုတ်ဘူး။ နောက် ပလောင်လူမျိုးတွေရဲ့ ပါတီရှိတဲ့ နမ့်ဆမ်တို့ ဘာတို့ဆိုလည်း ကျွန်တော်တို့ ဝင်ပြိုင်မှာ မဟုတ်ဘူး။ ကိုယ်စားလှယ်လောင်းတွေလည်း မရွေးထားသေးဘူး။ အဲဒီဟာ က စကားများမယ့် အလုပ်ပဲ။

ငြမ်းမီဒီယာ – SNLD က ရှမ်းပြည်နယ်မှာတောင် လူမျိုးစုပါတီတွေရှိတဲ့ နေရာမျိုးမှာ ဝင်မပြိုင်ဘူး ဆိုတဲ့ သဘောထားမျိုး ရှိတော့ ပြည်မကပါတီတွေ တိုင်းရင်းသားဒေသတွေမှာ လာပြိုင်ကြတာကိုရော ဘယ်လိုမြင်ပါသလဲ။

USNL – စိတ်စေတနာပေါ့ဗျာ။ နှလုံးသားမှာ ရှိတဲ့ ဖြူစင်တဲ့ စိတ်စေတနာ က နံပါတ်တစ် အချက်ပဲ။ နံပါတ်နှစ် အချက်ကတော့ ဉာဏ်ရှိခြင်း မရှိခြင်းပေါ့။ ကိုယ်မနိုင်တဲ့နေရာ ဘာလို့သွားပြိုင်မှာလဲ။ ဆိုတော့ အခု ကျွန်တော်တို့ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ မြို့နယ်တချို့မှာဆိုရင် လက်ရှိအာဏာရပါတီက ကိုယ်စားလှယ်တွေ ဝင်ပြိုင်တာပဲ။ သူတို့ မဲရတာ ရာဂဏန်းပဲ၊ ထောင်ဂဏန်း တောင် မပြည့်ဘူး။ ခေါင်းဆောင်တွေ တချို့ပေါ့၊ ‘တစ်ပြည်လုံး ငါတို့ပြိုင်မယ်။ နိုင်ရမယ်’ ဆိုတာ တကယ်တော့ လွဲနေတာပေါ့။

အားလုံး နိုင်ရမယ်ဆိုတာတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အားလုံးသွားပြိုင်ရမယ်ဟေ့ဆိုရင် ခုနက မနိုင်တဲ့နေရာ ဘာလို့ သွားပြိုင် မှာလဲ

ဒါက ဉာဏ်အပေါ်မှာ စကားပြောတယ်။ အကုန်နိုင်ရမယ်ဆိုတဲ့၊ ရာနှုန်းပြည့်နိုင်ရမယ်ဆိုတဲ့ အယူအဆက လွဲတယ်လေ။ ခေါင်းဆောင် ဆိုတာ ဒီလိုမျိုးစဉ်းစားတတ်ရမယ်လေ။ ကိုယ်ရှုံးမယ့်နေရာလည်း ရှိနိုင်သေးတယ်။ ဘောလုံးကန်သလိုပေါ့။ ကိုယ့်မှာလည်း ဂိုးပေါက်ရှိတယ်၊ သူ့မှာလည်းဂိုးပေါက်ရှိတယ်လေ။ ကိုယ့်မှာဂိုးပေါက်မရှိရင်တော့ ဟုတ်တာပေါ့။ ကိုယ်ချည်းပဲသွင်းနေမယ်။ ဒါကတော့ဟုတ်တယ်။ အခုကိုယ့်မှာ ဂိုးပေါက်ရှိတော့ သူများလည်း သွင်းမှာပဲ။ ဒါကိုလည်း မြင်ဖို့တော့ လိုတာပေါ့။ အားလုံး နိုင်ရမယ်ဆိုတာတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အားလုံးသွားပြိုင်ရမယ်ဟေ့ဆိုရင် ခုနက မနိုင်တဲ့နေရာ ဘာလို့ သွားပြိုင် မှာလည်း။ ကိုယ့်လူမှမရှိဘဲ။ ကိုယ့်စည်းရုံးရေးနယ်မြေလည်း မဟုတ်ဘူး။ ပြည်ထောင်စု ပါတီကြီးဖြစ်လို့ သွားပြိုင်တယ်ဆိုရင် လွဲတာပဲ။ ဒီစဉ်းစားချက်မျိုးက ဒီနေ့ NLD မှာ သိပ်ရှိပုံမရဘူး။ ဒါပေမယ့် USDP က စနေပြီ။ သူတို့ တချို့နေရာတွေမှာ ပြိုင်ချင်မှ ပြိုင်မှာ။ အဲဒါမျိုးတွေရှိတယ်။ ကျွန်တော်ဒါကို ဝေဖန်ပြီးတော့ သိပ်မပြောချင်ဘူး။ ခုတလောက သူတို့နဲ့ သိပ်အံမဝင်ဘူး ဖြစ်လာတာ ပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက်က သိပ်မပြောချင်ဘူး။ ကိုယ့်စည်းရုံးရေး မပိုင်တဲ့ နေရာတွေမှာ ဝင်မပြိုင်သင့်ဘူး။ စိတ်စေတနာကောင်းနဲ့ ဝင်မပြိုင်ဘူး ပြောလို့ရတာပဲ။ အမှန်က မနိုင်လို့မပြိုင်တာဆိုပေမယ့် စိတ်စေတနာကောင်းနဲ့ ဝင်မပြိုင်ဘူးလို့ ပြောရင် စကားလည်းမလှဘူးလားဗျာ။ အဲဒီလိုမျိုးတော့ ဖြစ်သင့်တယ်လေ။ ‘ရသမျှ ဟာအားလုံး ငါ့ဟာချည်းပဲ’ ဆိုပြီးတော့ မရ ရအောင်ယူမယ် ဆိုတာမျိုးက နိုင်ငံရေးလောဘ အရမ်းကြီးသွားပြီ။ နိုင်ငံရေးလောဘကြီး သွားရင် မဖြစ်နိုင်တော့ဘူး။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ဒီဒုက္ခပေးတဲ့ အခြေခံဥပဒေကို ရေးဆွဲထောက်ခံခဲ့တဲ့အထဲမှာ ကျွန်တော်တို့မပါဘူး – အပိုင်း(၂)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။