ဒီစီမံကိန်းနဲ့ နိုင်ငံသားတွေရဲ့အသက် ဘယ်ဟာက တန်ဖိုးရှိသလဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အစိုးရတစ်ရပ်ရဲ့ အဓိကတာဝန်က နိုင်ငံသားတွေကို ကာကွယ်ရမှာဗျ
နိုင်ငံသားတွေကို ကာကွယ်ဖို့ကိစ္စဟာ ဒီလိုစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ကိစ္စထက် ပိုအရေးကြီးတယ်
အခုက အဲဒီစီမံကိန်းတွေလုပ်နေတဲ့ လုပ်ငန်းရှင်တွေ အကျိုးဖြစ်ထွန်းဖို့အတွက် နိုင်ငံသူနိုင်ငံသားတွေကို စတေးနေသလို ဖြစ်နေတာ

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးမိုင်းနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏လူမှုဘဝများ ထိခိုက်သည့်အတွက် ပိတ်သိမ်းပေးရန် တောင်းဆိုမှုများရှိနေခဲ့သည်မှာ ကာလအတော်ကြာခဲ့ပြီဖြစ်သည်။ မကြာသေးခင်ရက်ပိုင်းကလည်း ဒေသခံများက လူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြသည်။ ၎င်းကိစ္စများနှင့်ပတ်သက်ပြီး လူထုလှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် MATA အဖွဲ့မှ ဦးအောင်ကျော်မိုးကို ငြမ်းမီဒီယာ ဆက်သွယ်မေးမြန်းထားခြင်းကို ဖော်ပြလိုက်ပါသည်။

နိုဝင်ဘာ (၁)၊ ၂၀၁၉၊ ရန်ကုန်
The Nyang News

ငြမ်း – ပြီးခဲ့တဲ့ အောက်တိုဘာ (၃၀) ရက်နေ့ကပြုလုပ်ခဲ့တဲ့ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပိတ်သိမ်းရေး လူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲရဲ့ ရည်ရွယ်ချက်တွေက ဘာတွေများလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAKM – ဒီ လူထုလှုပ်ရှားမှုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကို လူမှုကွန်ရက်စာမျက်နှာမှာလည်း ကျနော်ရေးတင်ထားပါတယ်။ စုစုပေါင်း ရည်ရွယ်ချက် (၄) ခုနဲ့ ကျနော်တို့လုပ်ခဲ့တာပါ။ နံပါတ်တစ်က ဒီစီမံကိန်းကြောင့် ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေဟာ ဒေသခံတွေရဲ့လူမှုဘဝကို ထိခိုက်နေတာတွေရှိတယ်။ ဒီအပေါ်မှာ အစိုးရက တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ ဒါက နံပါတ်တစ်ပေါ့။ နံပါတ်နှစ်က ဒီစီမံကိန်းပတ်ဝန်းကျင်ဒေသတေရဲ့ မြေထု၊ လေထု နဲ့ရေထုတွေမှာ အဆိပ်သင့်မှုပမာဏ များနေတာကို ဒီကနေ့အထိ သက်ဆိုင်ရာက စနစ်တကျစီမံခန့်ခွဲနိုင်မှု မရှိတာပေါ့။ တတိယတစ်ချက်က ဒီ တီကျစ်ကျောက်မီးသွေးမိုင်းနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံ စီမံကိန်းကို တည်ဆဲဥပဒေတွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ပြီး ခွင့်ပြုပေးခဲ့တာမျိုးမဟုတ်တဲ့အချက်။ နောက်ဆုံး နံပါတ်လေးအချက်က ဒီမိုင်းတွင်းနဲ့ လျှပ်စစ်ဓာတ်အားစက်ရုံ စီမံကိန်းဟာ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ကိုယ်ကျိုးစီးပွားရှာဖွေမှုဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒေသခံတွေရဲ့ လူမှုဘဝတွေ ဆိုးဆိုးရွားရွား ထိခိုက်နေတာရှိတယ်။ ဒါကို အစိုးရက နိုင်ငံဘဏ္ဍာသုံးပြီး ဒီကုမ္ပဏီတွေကို ကာကွယ်ပေးနေတယ်။ ဒေသခံပြည်သူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ လူမှုဘဝဒုက္ခအခက်အခဲတွေကိုတော့ လစ်လျူရှုထားတယ် ဆိုတဲ့အချက်ပေါ့။ နိုင်ငံ့ဘဏ္ဍာအသုံးပြုတယ်ဆိုတာက ဒီလိုပါ။ ဧဒင်မိုင်းတွင်းကထွက်တဲ့ ကျောက်မီးသွေးကို တစ်နေ့ တန်ချိန် (၂ ၅၀၀) လောက် အစိုးရကပြန်ဝယ်နေရတယ်။ တစ်တန်ကို အရင်က (၄၀ ၀၀၀) ကျပ်နဲ့ စာချုပ်ချုပ်ခဲ့တယ်။ ၂၀၁၈ ခုနှစ် (၁၀) လပိုင်းကစပြီး ဧဒင်စွမ်းအင်ကုမ္ပဏီက ကျောက်မီးသွေးတစ်တန်ကို (၄၈ ၀၀၀) ကျပ်အထိ ဈေးတက်တောင်းခဲ့တယ်။ အဲဒါကို အစိုးရက ဝယ်ပေးနေရတယ်။ တစ်နေ့ကို ကျပ်သိန်း (၁ ၂၀၀) ဘိုးလောက်ရှိတာပေါ့။ အဲဒီလိုဝယ်ပြီး ဒီကျောက်မီးသွေးတွေကို Wuxi Huagaung ကုမ္ပဏီကို ပေးရတယ်။ Wuxi Huagaung ကုမ္ပဏီက အဲဒီကျောက်မီးသွေးကိုသုံးပြီး ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ် (၀ . ၀၃၅) US ဒေါ်လာနဲ့ အစိုးရက ပြန်ဝယ်ရတယ်။ အဲဒီတော့ နိုင်ငံ့ဘဏ္ဍာတွေကို ဒီကုမ္ပဏီနှစ်ခုရဲ့ အကျိုးစီးပွားအတွက် သုံးနေရသလို ဖြစ်မနေဘူးလား။ ဒါတွေက စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာမှာ အတိအကျဖော်ပြထားတာတွေ။ အဲဒီတော့ ကိုယ်ကျိုးစီးပွားအတွက်လုပ်နေတဲ့ ကုမ္ပဏီတွေကိုတော့ နိုင်ငံဘဏ္ဍာသုံးပြီး ကာကွယ်ပေးနေပေမယ့် ဒီကုမ္ပဏီတွေကြောင့် ဒုက္ခရောက်နေတဲ့ နိုင်ငံသားတွေကိုတော့ မျက်နှာလွှဲခဲပစ်လုပ်ရာမရောက်ဘူးလား။ ဒီအချက်တွေကြောင့် လူထုလှုပ်ရှားမှုကို လုပ်ရတာပါ။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ အရေးယူဆောင်ရွက် ဖြေရှင်းပေးစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။

 ငြမ်း – ဒေသခံတွေရဲ့ လူမှုဘဝထိခိုက်မှုတွေ ဆိုတဲ့အချက် ကို ပိုပြီးတိတိကျကျ ပြောပေးလို့ရနိုင်မလား။

UAKM – လူမှုဘဝ ဘာတွေထိခိုက်နစ်နာမှုရှိသလဲဆိုတော့ ကျနော်တို့ ပြာတွေကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးထားတဲ့ အချက်အလက်တွေရှိတယ်။ အဲဒီဒေသမှာ ပတ်ဝန်းကျင်တစ်ခုလုံးက ညစ်ညမ်းနေတာကြောင့် အသက်ရှုဖို့တောင် လေကောင်းလေသန့် မရှိတော့သလောက်ကို ဖြစ်နေတာ။ ပြီးတော့ သန့်ရှင်းတဲ့သောက်သုံးရေ မရတော့ဘူး။ ဒီစီမံကိန်းရဲ့ အကျိုးဆက်ကြောင့် ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ ဒေသခံကလေးသူငယ်တွေနဲ့ တချို့အမျိုးသမီးတွေမှာ အဆိပ်သင့်တဲ့ လက္ခဏာတွေ ရှိလာနေပြီ။ တချို့ဒေသခံတွေရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားတဲ့ကျန်းမာရေးပြဿ နာတွေ အများကြီးဖြစ်နေပြီ။ ဒါတွေကို ဒီကနေ့အထိ အစိုးရဘက်က တာဝန်ယူမှုတာဝန်ခံမှုနဲ့ ဖြေရှင်းဆောင်ရွက်ပေးတာ လုံးဝကိုမရှိသေးဘူး။ ဒီစီမံကိန်းကြောင့်ဖြစ်လာရတဲ့ ဒေသခံတွေရဲ့ ဆိုးရွားတဲ့ကျန်းမာရေးပြဿ နာတွေကို အစိုးရဘက်က ကာကွယ်စောင့်ရှောက်ပေးတာတွေ၊ ကုသပေးတာတွေ လုံးဝမရှိဘူး။ နောက်ပြီးတော့ ဒီစီမံကိန်းကစွန့်ပစ်လိုက်တဲ့ ဓာတုပစ္စည်းတွေရှိတယ်။ စက်ရုံကစွန့်ထုတ်လိုက်တဲ့ ကျောက်မီးသွေးပြာတွေရှိတယ်။ အဲဒီဟာတွေကို စနစ်တကျစွန့်ပစ်တာမျိုးမရှိတော့ ပတ်ဝန်းကျင်တစ်ခုလုံးက မြေထု၊ ရေထုနဲ့ လေထုထဲကို နည်းအမျိုးမျိုးနဲ့ ပျံ့နှံစိမ့်ဝင်သွားနေတော့ ဒီဒေသမှာ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးက သတ္တုအဆိပ်သင့်မှု အရမ်းမြင့်မားနေတယ်။ ဘယ်လိုဖြစ်နေသလဲဆိုတော့ နီကယ်သတ္တုဓာတ်တွေ ပါဝင်မှုများနေတာ၊ ခရိုမီယမ်ပါဝင်မှုမြင့်နေတာ၊ အာဆင်းနစ်ပါဝင်မှုများနေတာ၊ ခဲဓာတ်ပါဝင်မှုမြင့်နေတာတွေရှိတယ်။ ဒါတွေကို သုတေသနပြုလုပ်ထားတဲ့ အချက်အလက်တွေနဲ့ ကျနော်တို့အခိုင်အမာ ပြောထားတာရှိတယ်။ ဒါပေမယ့် ဒီလောက်ထိ ညစ်ညမ်းအဆိပ်သင့်နေတဲ့ ပတ်ဝန်းကျင်ကြီးကို ခုအချိန်ထိ ကောင်းမွန်တဲ့စီမံခန့်ခွဲမှု မလုပ်သေးဘူး။ တကယ့်ကို ပစ်စလက်ခတ်လုပ်နေတာ။ ဘယ်လောက်ထိတောင်လဲဆို အဲဒီဓာတုအဆိပ်သင့်စေတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ကျောက်မီးသွေးပြာတွေကို ထားသိုတဲ့နေရာတောင် စနစ်တကျမရှိဘူး။

ငြမ်း – လူထုလှုပ်ရှားမှုလုပ်ရတဲ့ အချက်တွေပြောသွားတဲ့အထဲမှာ တည်ဆဲဥပဒေတွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးခဲ့တာမဟုတ်ဘူးဆိုတဲ့အချက်ကို သတိပြုမိပါတယ်။ အဲဒီအချက်ကို အသေးစိပ်ပြောပြပေးပါဦး

UAKM – အဲဒီဟာက ကျနော်တို့နိုင်ငံမှာ အခုလိုစီမံကိန်းတွေအတွက် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ ဒီစီမံကိန်းမစတင်မီမှာ EIA (Environmental Impact Assessment) ဆိုတာလုပ်ရတယ်။ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်နိုင်မှုတွေကို ဆန်းစစ်အကဲဖြတ်တာပေါ့ဗျာ။ နောက်တစ်ခါ ၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေရှိတယ်။ ၂၀၁၅ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ EIA လုပ်ထုံးလုပ်နည်းတွေရှိတယ်။ အဲဒီအထဲက အပိုဒ် (၈) နဲ့ အပိုဒ် ( ၉) မှာ ပြဌာန်းထားတာက ဒီစီမံကိန်းကို ပြုပြင်ပြောင်းလဲတာပဲဖြစ်ဖြစ်၊ ပြင်ဆင်တာပဲဖြစ်ဖြစ် EIA လုပ်ထုံးလုပ်နည်းနဲ့အညီ အရင်ဆုံးဆောင်ရွက်ရမယ်ဆိုတဲ့အချက်ပေါ့။ အခုဒီကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းဟာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ မှာတင်ဒါအောင်ခဲ့တယ်။ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Wuxi Huagaung Electric Power Engineering ကုမ္ပဏီက တင်ဒါအောင်တာပေါ့။ အဲဒီတော့ သူတို့က EIA အတွက် E – Guard Environmental Service ကုမ္ပဏီကိုတာဝန်ပေးခဲ့တယ်။ E – Guard က EIA လုပ်တဲ့ Third Party ပေါ့။ EIA လုပ်တယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်လုပ်တယ်ဆိုတာက ပတ်ဝန်းကျင်သာမကပါဘူး။ စီမံကိန်းတစ်ခုကို စတင်လုပ်ဆောင်တော့မယ်ဆိုရင် ဒီပတ်ဝန်းကျင်မှာ နေထိုင်ကြသူတွေရဲ့ လူမှုဘဝတွေ၊ လူမှုပတ်ဝန်းကျင်တွေ ထိခိုက်မှုမရှိအောင် အစအဆုံးကို အချက်အလက်တွေ စုဆောင်းရှာဖွေပြီး Third Party အနေနဲ့ ရေးပေးရတာ။
ဒီအပေါ်မှာမှ ဆုံးဖြတ်ချက်ချမယ့်သူတွေက ဒီအချက်အလက်တွေကို စဉ်းစားပြီး ဆုံးဖြတ်ချက်ချနိုင်မှာ။ အဲဒီတော့ ဒီ EIA ဆိုတာက စီမံကိန်းမစခင်မှာ လုပ်ရမှာလေ။ ဒါကို သူတို့ရဲ့အစီရင်ခံစာထဲမှာ ဘာရေးထားလဲဆိုတော့ ရှမ်းပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၆ ခုနှစ်၊ မေလ (၂၆) ရက်နေ့မှာ စက်ရုံကိုစမ်းသပ်လည်ပတ်ခွင့် ပေးလိုက်ပါတယ်ဆိုတော့၊ ဒါ ဥပဒေလုပ်ထုံးလုပ်နည်နဲ့ စ လွဲတော့တာပဲ။ ကဲ လုပ်ထုံးလုပ်နည်းနဲ့လွဲတာ လွဲပြီးပြီ။ အခုတစ်ခါ E – Guard ကနေ EIA အစီရင်ခံစာ ထွက်လာပြီ။ EIA အစီရင်ခံစာထွက်လာတော့ ကျနော်တို့လည်း ဖတ်ရတယ်။ နောက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ECD) နဲ့လည်း ကျနော်တို့သွားတွေ့တယ်။ ECD ကလည်း ဒီ EIA အစီရင်ခံစာဟာ လိုအပ်ချက်တွေရှိနေပါတယ်ဆိုပြီး အကြံပြုချက်တွေအများကြီးထောက်ပြထားတယ်။ အကြံပြုချက်တွေထောက်ပြထားတာ စုစုပေါင်းစာမျက်နှာ (၇၁) မျက်နှာရှိတယ်။ ဆိုတော့ ဒီစာမျက်မျက်နှာ (၇၁) မျက်နှာမှာ ထောက်ပြ အကြံပြုထားတာတွေကို ပြန်လုပ်ရမယ့် Process တွေကအများကြီးကျန်သေးတယ်။ အဲဒီတော့ ဒီ EIA အစီရင်ခံစာကို အတည်ပြုခြင်းမရှိသေးဘူးလို့ ကျနော်တို့ယူဆရတယ်။ EIA အစီရင်ခံစာ အတည်ပြုချက်ရမှ၊ Ecc လက်မှတ်ရမှ၊ စက်ရုံကို စတင်စမ်းသပ်လည်ပတ်ခွင့်ရှိတာ။ အခုဟာက EIA လုပ်ထုံးလုပ်နည်းတောင်မပြီးသေးဘဲ စက်ရုံကိုနောက်ထပ် (၃) နှစ် စမ်းသပ်လည်ပတ်ခွင့် ပေးလိုက်တယ်ဆိုတော့ ဒါဟာ အစိုးရကိုယ်တိုင် လုပ်ထုံးလုပ်နည်းတွေကို လွဲမှားစွာပြုကျင့်ရာရောက်သွားပြီ။ ဒီလို အစိုးရကိုယ်တိုင်က ဥပဒေတွေကိုမျက်ကွယ်ပြုတယ်၊ ဖီဆန်လာတယ်၊ သွေဖယ်လာတယ်ဆိုတာက နိုင်ငံတော်အတွက် အလားအလာမကောင်းဘူး။ နိုင်ငံတော်တည်ဆောက်ရေးမှာ အရေးပါတဲ့ စီမံကိန်းကောင်းတစ်ခုဖြစ်ဖို့ဆိုရင် ဥပဒေနဲ့ထိန်းကျောင်းရတာပါ။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်ရတာ မဟုတ်ပါဘူး။ ဒါက နိုင်ငံသူနိုင်ငံသား အားလုံးနဲ့ဆိုင်တဲ့ကိစ္စလေ။ အဲဒီတော့ အခု ဒါကို ဘယ်ဝန်ကြီးဌာနကဆုံးဖြတ်သလဲ၊ ဒါတွေက ရှင်းရှင်းလင်းလင်းမရှိဘူး။ ဘယ်သူတာဝန်ခံမလဲဆိုတဲ့ကိစ္စတွေလည်း ရှင်းရှင်းလင်းလင်လင်းမရှိဘူး။ ဆိုတော့ အဲဒီလို အခြေအနေတွေကြောင့် အခုလိုလူထုလှုပ်ရှားမှုတွေ ဖြစ်လာရတာပေါ့။

ငြမ်း – ဒီစီမံကိန်းတွေ အခုလိုအခြေအနေ ဖြစ်နေရတာဟာ ပြည်ထောင်စုအဆင့် Policymaker တွေရဲ့ လမ်းညွှန်ချက်တွေနဲ့ မူဝါဒတွေကိုလက်တွေ့အကောင်အထည်ဖော်ရသူတွေကြားက ဟနေတဲ့အချက်ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေကိုရော ဘယ်လိုမြင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAKM – နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောထားတာရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါ တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့လိုတယ် ဆိုတဲ့အချက်ပေါ့။ အဲဒီတော့ ကျနော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်နေတာလည်း မှန်တယ်။ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်နေတာလည်း မှန်တယ်။ တာဝန်သိရင်းနှီးမြှုပ်နှံမှုဆိုတာ ခုနကပြောတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီလုပ်တဲ့၊ ပြည်သူကိုမထိခိုက်တဲ့၊ ကောင်းမွန် တဲ့ စီမံကိန်းတစ်ရပ်ဖြစ်ဖို့ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် က ရည်ညွှန်းတယ်လို့ ကျနော်တို့ယူဆတယ်။ ဒါပေမယ့် လက်တွေ့မှာ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့တွေ၊ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ခွင့်ပြုစီစဉ်ပေးရတဲ့ဝန်ကြီးတွေက နိုင်ငံတော်အတိုင်ပင်ခံရဲ့ ခုနကစကားကို တန်ဖိုးမထားဘူး၊ အလေးမထားဘူး ဆိုတဲ့အချက်ကိုလည်း ကျနော်တို့မြင်တွေ့နေရတယ်။ ဘာကြောင့်လည်းဆိုတော့ လက်တွေ့မြေပြင်မှာ တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေဆိုတာ တစ်ခုမှမရှိဘဲ လူထုကိုဒုက္ခပေးတဲ့ စီမံကိန်းတွေချည်း ဖြစ်နေတာက အစိုးရတစ်ရပ်အတွက် ဂုဏ်သိက္ခာကျဆင်းစေတဲ့ အကြောင်းတစ်ခု ဖြစ်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တာဝန်သိရင်းနှီးမြှုပ်နှံမှုဆိုတာကို highlight လုပ်ပေးထားပေမယ့် တစ်ဖက်မှာ အကောင်အထည်ဖော်နေတဲ့ ဝန်ကြီးဌာနကလူတွေနဲ့ ဗျူရိုကရေစီယန္တရားကလူတွေက မလိုက်နာဘူး။ အဓိက ပြည်နယ်တွေမှာဆိုရင်လည်း NLD အစိုးရနဲ့ပတ်သက်ပြီး ခန့်အပ်ထားတဲ့ ဝန်ကြီးတွေပဲများပါတယ်။ ဒါပေမယ့် ဒီဝန်ကြီးတွေကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှုဆိုတဲ့စကားကို အလေးမထားကြဘူး။ ဒါက သိပ်အရေးကြီးတယ်။ ပြောမယ်ဆို ဟန်ချက်မညီတဲ့ အခင်းအကျင်းပေါ့။

ငြမ်း – တရားဝင်ပြဌာန်းထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ရှိနေပါလျက်နဲ့ အစိုးရဘက်က အဲဒီအတိုင်းအဆင့်ဆင့် ဆောင်ရွက်မှုမရှိတဲ့ကိစ္စကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UAKM – ပွင့်ပွင့်လင်းလင်းပြောရရင် နံပါတ်တစ်က အစိုးရတစ်ရပ်ဟာ ကိုယ်လုပ်ဆောင်နေတဲ့ နယ်ပါယ်တစ်ခုကို ကိုယ်ကိုယ်တိုင် မကျွမ်းကျင်တာပဲ။ အဓိကကတော့ စာမဖတ်တာ။ ဒီလူတွေ စာဖတ်တာမဟုတ်ဘူးဗျ။ ရှင်းရှင်းပြောရရင် လူထုကထောက်ခံထားတဲ့ အစိုးရအဖွဲ့ထဲမှာပါဝင်နေတဲ့ ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေတာ။ အောက်ခြေလွတ်နေတာဗျ။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာ။ အဓိကက စာမဖတ်တဲ့ပြဿ နာပေါ့။ အကြောင်းကိစ္စတစ်ခုရှိလာရင် အဲဒါနဲ့ဆိုင်တဲ့ဥပဒေတွေ၊ သက်ဆိုင်ရာနယ်ပါယ်က အချက်အလက်တွေကို ရှာဖွေလေ့လာပြီး ဖတ်ရမှာဗျ။ အခုက ဗဟုသုတအားနည်းတယ်။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့၊ နိုင်ငံရေးသမားလို့ နာမည်ခံ ထားတဲ့သူတွေအနေနဲ့ စာတွေအကုန်လုံးကို လိုက်ဖတ်နေရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်တဲ့ပညာရှင်တွေကိုခေါ်ပြီး ဆွေးနွေးလို့ရတယ်၊ အသုံးပြုလို့ရတယ်လေ။ ဒီလိုမလုပ်ဘူးဆိုတာ ကျွန်တော်တို့တိုင်းပြည်က အစိုးရရဲ့အမှားပဲဗျ။ အခုဝန်ကြီးတွေရှိတယ်ဗျာ၊ အစိုးရတာဝန်ရှိသူတွေရှိတယ်။ ကျနော်တို့ပြောတာက ပညာရပ်အားလုံးကို ကျွမ်းကျင်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဒါပေမယ့် အခြေခံဗဟုသုတလောက်တော့ ရှိသင့်တာပေါ့။ နိုင်ငံရေးသမားဆိုတာ အခြေခံဗဟုသုတတော့ ရှိရမယ်။ နောက်ပြီး ဘယ်သူတွေဟာ ကျွမ်းကျင်ပညာရှင်တွေလဲ၊ အဲဒီ ကျွမ်းကျင်ပညာရှင်တွေကိုခေါ်ပြီး ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်၊ ပြီးမှ ကိုယ်က နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချရမှာဗျ။ အဲဒီလိုလုပ်ရမှာကို နိုင်ငံရေးသမားပါပြောပြီး အစိုးရအဖွဲ့မှာ ပါဝင်နေတဲ့သူတွေက ဒီအလုပ်ကိုမလုပ်တာလေ။ အဲဒါကြောင့်မို့လဲ တလွဲတချော်တွေဖြစ်နေတာပေါ့။ လူထုအပေါ်မှာ တာဝန်မခံတဲ့ပုံစံတွေဖြစ်နေတာပေါ့။ ဒီနေ့ အစိုးရက စနစ်ပြောင်းဖို့ လုပ်နေတယ်။ စနစ်တစ်ခုကို မှန်ချင်တယ်ဆိုရင်၊ စနစ်တစ်ခုကို မှန်အောင်ပြုပြင်ပြောင်းလဲဖို့ဆိုရင် လုပ်ထုံးလုပ်နည်းဥပဒေတွေ အသက်ဝင်ဖို့လိုတယ်။ ဒီလို လုပ်ထုံးလုပ်နည်းဥပဒေတွေ အသက်မဝင်ဘူးဆိုရင်၊ ဒီလုပ်ထုံးလုပ်နည်း ဥပဒေတွေကို မလိုက်နာဘူးဆိုရင် စနစ်ပြောင်းချင်တယ်ဆိုတာ ဘာကိုပြောင်းချင်တာလဲ မေးခွန်းထုတ်ရတော့မယ်။ အခု ဒီမိုကရေစီရပြီလို့ သွားပြီးအော်နေရုံနဲ့မရဘူး။ လူထုကိုတာဝန်ခံရမယ်။ လူထုကိုထိန်းကျောင်းရမယ်။ ဘယ်လိုထိန်းကျောင်းမလဲ၊ ဒီဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ပဲ ထိန်းကျောင်းရမယ်။ အစိုးရကိုယ်တိုင်လည်း ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျင့်ကြံရမှာပဲ။ ဒီလိုမှမဟုတ်ဘဲ အဲဒီသဘောမကျင့်ကြံဘူးဆိုရင်တော့ ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့စကားကို ဟန်ဆောင်ပန်ဆောင်ပြောနေတဲ့ အစိုးရတစ်ရပ်ပဲဖြစ်မှာပဲ။

ငြမ်း – စီမံကိန်းတော်တော်များများမှာ ဒေသခံတွေနဲ့ ပြဿ နာတွေဖြစ်ကြတဲ့ အခြေအနေကိုရော ဘယ်လိုသုံးသပ်ရှုမြင်ပါသလဲ။

UAKM – အဲဒါကိုပြောချင်တာ။ အခု ဒီလိုစီမံကိန်းတွေကိုကြည့်လိုက်လေ။ မန္တလေးတိုင်းက အောင်သပြေကိုကြည့်မလား၊ ပြဿ နာတွေ အများကြီးပဲ။ လူထုအဖမ်းခံရတယ်ဗျာ။ ထောင်ထဲမှာသေတယ်ဗျာ။ တကယ်ဆိုရင် ဒီစီမံကိန်းနဲ့ နိုင်ငံသားတွေရဲ့အသက် ဘယ်ဟာကတန်ဖိုးရှိသလဲဆိုတာ အစိုးရကစဉ်းစားရမှာလေ။ အစိုးရတစ်ရပ်ရဲ့ အဓိကတာဝန်က နိုင်ငံသားတွေကို ကာကွယ်ရမှာဗျ။ နိုင်ငံသားတွေကို ကာကွယ်ဖို့ကိစ္စဟာ ဒီလိုစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ကိစ္စထက် ပိုအရေးကြီးတယ်။ နိုင်ငံသားတွေကိုအကောင်းဆုံး ကာကွယ်စောင့်ရှောက်မှုပေးပြီးမှ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိမယ့်စီမံကိန်းတွေကို နိုင်ငံနဲ့နိုင်ငံသားတွေ ထိခိုင်မှုမရှိအောင် ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အကောင်အထည်ဖော်ရမှာလေ။ ဟုတ်တယ်မလား။ စီမံကိန်းတွေဆိုတာ နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးဖြစ်ထွန်းရမှာ။ အခုက အဲဒီစီမံကိန်းတွေလုပ်နေတဲ့ လုပ်ငန်းရှင်တွေ အကျိုးဖြစ်ထွန်းဖို့အတွက် နိုင်ငံသူနိုင်ငံသားတွေကို စတေးနေသလို ဖြစ်နေတာ။ ပြောင်းပြန်ဖြစ်နေတယ်။ အဲဒါကိုက မှားယွင်းနေတဲ့စနစ်ကြီးပဲ။ ကိုယ်ကျိုးစီးပွားရှာနေတဲ့ ကုမ္ပဏီတွေကိုရဲ့အကျိုးစီးပွားကိုပဲ ရှေးရှုနေမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားဆိုတာ မလိုတော့ဘူးပေါ့။ ဘာလုပ်တော့မှာလဲ။ ကုမ္ပဏီတွေကို တာဝန်ခံတဲ့အစိုးရပဲဖြစ်တော့မှာပေါ့။ တကယ်က ပြည်သူတွေကို တာဝန်ခံတဲ့အစိုးရဖြစ်ရမှာလေ။ အခုက ကိုယ်ကျိုးစီးပွားရှာတဲ့ ကုမ္ပဏီတွေကိုတာဝန်ခံတဲ့ အစိုးရဖြစ်နေတယ်။ ဒီနေ့တိုင်းပြည်မှာ မြင်နေရတာပဲ။ အခုစီမံကိန်းတွေအားလုံးကို ကြည့်လိုက်၊ အရင်အစိုးရလုပ်ခဲ့တဲ့ စီမံကိန်းတွေပါလို့ လွဲမချနဲ့။ ဒီအစိုးရလက်ထက်မှာလုပ်တဲ့ စီမံကိန်းတွေမှာလည်း မှားယွင်းနေတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှားယွင်းနေတဲ့စီမံကိန်းတွေအားလုံးကို လက်ရှိတာဝန်ယူထားတဲ့အစိုးရက ပြင်ဆင်ပြောင်းလဲမှုတွေ ဥပဒေနဲ့အညီ စနစ်တကျ လုပ်ကိုလုပ်ရမယ့်တာဝန်ရှိတယ်။ အဲဒီလိုလုပ်လိမ့်မယ်လို့ မျှော်လင့်ခဲ့လို့ လူထုကသူတို့ကို သောင်ပြိုကမ်းပြိုမဲပေးခဲ့ကြတာလေ။ ယုံလို့ ပုံအပ်ခဲ့တာ။ ဟုတ်တယ်မလား။ အခုကတော့ တလွဲတချော်တွေလုပ်နေတာ။ ဒါက မှားယွင်းနေတဲ့ကိစ္စတွေချည်းပဲ။

ငြမ်း – ၂၀၁၅ ခုနှစ်က တင်ဒါအောင်ခဲ့တဲ့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး လက်ရှိအစိုးရအနေနဲ့ ကိုင်တွယ်ဆောင်ရွက်ရာမှာ အခက်အခဲရှိနေတာမျိုးတွေများ ရှိနေနိုင်သလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAKM – ၂၀၁၅ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တင်ဒါအောင်ခဲ့တာမှန်တယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ ကိုယ့်လက်ထဲ ဆုံးဖြတ်ကြီးကြပ်ပိုင်ခွင့် ရှိလာပြီပဲဗျာ။ EIA လုပ်တယ်ဆိုတာမျိုးပေါ့။ လုပ်ထုံးလုပ်နည်းဥပဒေတွေ ရှိနေတာပဲ။ ဒီဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို လှည့်မကြည့်ဘဲ၊ မကျေညက်ဘဲ လုပ်နေတာက ဒါဟာ ကိုယ်ကျိုးအတွက်လုပ်နေတဲ့ ကုမ္ပဏီတွေရဲ့အကျိုးစီးပွားကို ကာကွယ်ပေးသလိုဖြစ်နေတာ။ တကယ်တော့ ဒီလူတွေ ဥပဒေကိုနားမလည်တာဗျ။ ရှင်းရှင်းပြောရရင် EIA ဆိုတာတောင် ဘာမှန်းသိမှာမဟုတ် ဘူး။ တခြားမပြောနဲ့ဗျာ။ ပညာရှင်တွေပါလို့ပြောခဲ့တဲ့ ဦးစောမိုးမြင့်တို့လိုမျိုးတောင်မှ နောက်ဆုံးထပြန်သွားတာဗျ။ ဒီ တီကျစ်စက်ရုံကြီးဟာ ခေတ်မမီတော့ပါဘူးဆိုတာ သူတို့ပဲပြောခဲ့တယ်။ သူတို့သိနေတယ်။ ပြီးလဲပြီးရော ဒီစက်ရုံကြီးဟာ Clean Coal Technology နဲ့လည်ပတ်နေတာပါတို့၊ ကျောက်မီးသွေးစက်ရုံကြီးဟာ အရမ်းပဲသန့်ရှင်းနေပါတယ်တို့ပြောတဲ့ ပညာရှင်ယောင်ဆောင်နေတဲ့ ပညာရှင်တွေကိုလည်း ကျနော်တို့တွေ့လာရတယ်။

ငြမ်း – အခု လူထုလှုပ်ရှားမှုတော့ လုပ်ခဲ့ပြီးပြီ။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က အရေးယူဆောင်ရွက်မှုတွေမလုပ်ဘူး၊ ဒီအတိုင်းပဲဆက်သွားနေမယ်ဆိုရင် နောက်ထပ် ဘာတွေဆက်လုပ်ဖို့ စီစဉ်ထားပါသလဲ။

UAKM – ကျနော်တို့ကတော့ ဥပဒေဘောင်ထဲကနေ နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်သွားမှာပဲဗျ။ ဆိုလိုတာက အစိုးရတစ်ရပ်ရဲ့ ဥပဒေမဲ့ပြုကျင့်မှု၊ ပြည်သူအပေါ်တာဝန်ပျက်ကွက်မှုတွေကို အများပြည်သူသိအောင်တော့ လုပ်သွားရမှာပဲလေ။ အစိုးရတစ်ရပ်က လူထုနဲ့ နိုင်ငံအပေါ် ဥပဒေမဲ့ပြုကျင့်နေတာကိုတော့ ကျနော်တို့ရအောင်ပြောရမှာပဲဗျ။ လူထုအပေါ် တာဝန်မခံဘူး၊ နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေကို မလိုက်နာဘူး စတဲ့အချက်တွေပေါ့။ ကျနော်ပြောတာက အခု နိုင်ငံတော်မှာ တည်ဆဲဥပဒေတွေရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ တဆင့်ရေးဆွဲပြဌာန်းထားတာတွေရှိတယ်။ ဖွဲ့စည်ုပုံအခြေခံဥပဒေကို ပြည်သူအများစု မကြိုက်ကြဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒါက လက်ရှိတည်ဆဲဥပဒေပဲလေ။ မကောင်းရင် ကိုယ့်လက်ထက်မှာ ဥပဒေတွေကိုကောင်းအောင်ပြုပြင်။ ကိုယ့်မှာ အခွင့်အလမ်းရှိနေပြီးသားပဲ။ ဒါပေမယ့် တည်ဆဲဥပဒေတွေအားလုံးကိုတော့ နိုင်ငံသူနိုင်ငံသားတွေချည်းပဲ လိုက်နာရမှာမဟုတ်ဘူး၊ အစိုးရကလည်း လိုက်နာရမယ်။ အရင် စစ်အစိုးရခေတ်က ကျနော်တို့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ဘာတွေအော်ခဲ့လည်း။ ‘ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရဘူး’ ဆိုတဲ့ကိစ္စကို အော်ခဲ့ကြတယ်လေ။ အဲဒီတော့ အခုထက်ထိ ဥပဒေအထက်မှာရှိနေသေးရင်၊ အဲဒီ ဥပဒေအထက်မှာရှိနေတဲ့ လူတွေထဲမှာ ကိုယ်ကိုယ်တိုင်လည်းပါနေရင်တော့ ဒါဟာ မကောင်းဘူးပေါ့ဗျာ။ ဘာလုပ်မှာလည်း။ ဒါဟာ အာဏာရှင်စနစ်ကို ဦးတည်တာပဲ။

ငြမ်း – ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်မီးသွေးမိုင်းကို ဓာတ်ပုံရိုက်တဲ့ကိစ္စမှာ ကုမ္ပဏီဘက်ကလူတွေ ရောက်လာပြီး တားမြစ်တာတွေ၊ အချေအတင်ဖြစ်ရတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

UAKM – ဧဒင်စွမ်းအင်ကုမ္ပဏီက ဧဒင်ဦးချစ်ခိုင်ရဲ့ ကုမ္ပဏီလေ။ ဒီ ဧဒင်ကုမ္ပဏီကို ကျောက်မီးသွေးတူးဖော်ဖို့အတွက် တရားဝင်လိုင်စင်ပေးထားတာ။ ဟုတ်တယ်နော်။ ဆိုတော့ ဒီလိုတူးဖော်နေတဲ့ကိစ္စက ဘာလျှို့ဝှက်ချက်တွေရှိလို့လဲ။ ကျနော်တို့က သူတို့ရုံးခန်းတွေ အဆောက်အဦတွေထဲ ဝင်ထွက်သွားလာ၊ သူတို့ရဲ့စာရွက်စာတမ်းတွေကိုယူ၊ သူတို့ပိုင်နက်ဧရိယာထဲဝင်နေရင်တော့ ဒါဆိုသူတို့ တားခွင့်ရှိတယ်။ ဒါပေမယ့် အများပြည်သူနဲ့သက်ဆိုင်တဲ့ ဧရိဟာပိုင်နက်ကနေ ဧကရာချီတဲ့ ကျောက်မီးသွေးမိုင်းကြီးကို ဓာတ်ပုံလှမ်းရိုက်တာ ရိုက်ခွင့်မပေးဘူးဆိုတော့ သူတို့မှာ ဘာလျှို့ဝှက်ချက်တွေရှိနေလို့လဲ။ ဟုတ်တယ်နော်။ နောက်တစ်ခုက နိုင်ငံတော်ကနေ သူတို့ကို ကျောက်မီးသွေးတူးဖော်ဖို့အတွက်ကိုပဲ တရားဝင်လိုင်စင်ပေးထားတာ၊ လူတွေကိုရိုက်နှက်ပိုင်ခွင့် ပေးထားတာမဟုတ်ဘူးဗျ။ သူတို့မှာ အဲဒီအခွင့်အာဏာ မရှိဘူး။ အစိုးရရဲ့ ရဲတပ်ဖွဲ့တို့ဘာတို့ ဆိုရင်တောင် တားချင်ရင် ဥပဒေနဲ့အညီတားရတာ။ အခု ဒီကုမ္ပဏီဝန်ထမ်း (၅၀) (၆၀) လောက်က အများပြည်သူပိုင်ဧရိယာမှာ သတင်းသမားတွေ မှတ်တမ်းဓာတ်ပုံရိုက်တာကို လာပြီးတားတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်နေပါတယ်ဆိုတဲ့ အစိုးရကို ကျနော်တို့က မေးခွန်းထုတ်ရတော့မယ်။ ဧဒင်ဦးချစ်ခိုင်ကို ကျောက်မီးသွေးမိုင်းပဲ လုပ်ခွင့်ပေးထားတာလား၊ အခွင့်အာဏာတွေကို အခုလောက်အထိ သုံးခွင့်ပေးထားသလားဆိုတာ မေးရတော့မယ်။ ဦးချစ်ခိုင်ကို အဲဒီလိုမျိုးအာဏာ ပေးထားတာမဟုတ်ဘူးဆိုရင် အစိုးရက အကောင်အထည်ဖော်နေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာဘာလဲ ထပ်မေးရမယ်။ ကျနော်တို့ နိုင်ငံသားတွေဟာ အခုလို ကုမ္ပဏီတွေက ခြိမ်းခြောက်တာကို ခံနေရပြီဆိုရင် ကျနော်တို့လူမှုဘဝတွေရဲ့ လုံခြုံမှုဆိုတာဘာလဲ၊ လုံခြုံမှုဘယ်လောက်ရှိနိုင်မှာလဲ။ အဲဒီနေရာက ‘ တားမြစ်နယ်မြေ’ ၊ ‘ဓာတ်ပုံမရိုက်ရ’ ၊ ‘ဗွီဒီယိုမရိုက်ရ’ ၊ ‘ကန့်သတ်နယ်မြေ’ ၊ ‘အပြင်လူမဝင်ရ’ စတဲ့ သတိပေးတားမြစ်ချက် တစ်ခုမှမရှိတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ဧရိယာပါဗျာ။ ဒီလိုနေရာကနေ ကျနော်တို့ရိုက်တာလေ။ ကျနော်တို့က ခြံစည်းရိုးခတ်ထားတဲ့ သူတို့ပိုင်နက်ထဲကိုဝင်ပြီးတော့ ဓာတ်ပုံရိုက်တာမဟုတ်ဘူးဗျ။ ဒါကတော့ ဥပဒေမဲ့ပြုကျင့်တာပဲ။

ငြမ်း – ပြည်တွင်း ပြည်ပက ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ရင် အစိုးရတစ်ခုပြောင်းရင် တမျိုးလုပ်လို့မရဘူး။ ဒါကြောင့် ပျော့ပြောင်းညင်သာတဲ့ ကိုင်တွယ်မှုမျိုးနဲ့ ဆောင်ရွက်ရတာပါဆိုတဲ့ သုံးသပ်ချက်တွေကိုရော ဘယ်လိုယူဆပါသလဲ။

UAKM – အဲဒါက လူထုမျှော်လင့်ချက်နဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ကျင့်ဝတ်ဂုဏ်သိက္ခာလေ။ အခုက ကျင့်ဝတ်ပါဖောက်ပြန်နေတာ။ နောက်ဆုံး နိုင်ငံရေးသီလမရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်နေတာလေ။ နိုင်ငံရေးသမားဆိုတာ ကိုယ့်ရဲ့သခင်၊ အလုပ်ရှင်ဖြစ်တဲ့ ပြည်သူကိုစောင့်ရှောက်ရမှာ။ ပြည်သူကိုသခင်၊ ပြည်သူကိုအလုပ်ရှင်ဆိုတာကို စကားလုံးသက်သက်နဲ့ ပြောနေရုံနဲ့မရဘူး။ လက်တွေ့လုပ်ပြရမှာ။ နိုင်ငံရေးသမားတွေကို အခုလို လုပ်ပိုင်ခွင့်တွေရအောင် ပြည်သူကမဲပေးပြီးပုံအပ်တာ ဘာကြောင့်လဲဆိုတာ စဉ်းစားကြည့်ပေါ့။ ဒီလူတွေကို ပုံအပ်လိုက်တာ ပြည်သူကမျှော်လင့်ချက်နဲ့ ပုံအပ်လိုက်တာဗျ။ သူတို့ရဲ့သီလကိုယုံလို့ ပုံအပ်ခဲ့တာ။ အခုက သီလကြောင်တွေချည်းပဲဖြစ်နေတယ်။ ကျင့်ဝတ်မဲ့တဲ့ သီလကြောင်နိုင်ငံရေးသမားတွေချည်းပဲ။

ငြမ်း – တီကျစ်အပါအဝင် ခုနကပြောတဲ့ နိုင်ငံတဝန်းက စီမံကိန်းတွေမှာ ပြည်သူတွေရဲ့ထိခိုက်နစ်နာမှုတွေကို သက်ဆိုင်ရာကသိအောင် လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်း ဘယ်လောက်ရှိလဲ။

UAKM – ကျနော်တို့ MATA ကတော့ အရပ်ဘက်အဖွဲ့အစည်းပေါင်း (၄၂၀) လောက်နဲ့ ဖွဲ့စည်းထားတာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ MATA အဖွဲ့ဝင်တွေရှိပါတယ်။

ငြမ်း – တခြား ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

UAKM – အဓိကက တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံကိစ္စမှာ လျှပ်စစ်မီးရခြင်း/ မရခြင်း၊ တိုင်းပြည်မှာလျှပ်စစ်လိုအပ်ခြင်း/ မလိုအပ်ခြင်း ဆိုတဲ့ပြဿ နာတွေကို ကျနော်တို့ အငြင်းပွားနေတာ မဟုတ်ဘူး။ အခုဒေသခံတွေကလည်း သူတို့ လျှပ်စစ်ဓာတ်အားရလို့/ မရလို့ ဆန္ဒပြနေကြတာမဟုတ်ဘူး။ စီမံကိန်းတစ်ခုကို အစိုးရကိုယ်တိုင် က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီညွှတ်ဘဲလုပ်နေတာကို လက်မခံနိုင်လို့ ထောက်ပြနေရတာ။ ဆန္ဒထုတ်ဖော်နေရတာ။ ဒီ တီကျစ်တစ်ခုတည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တခြားသောစီမံကိန်းတွေမှာလည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီညွှတ်ဘဲ လုပ်နေမယ်ဆိုရင် ဒါကို လူထုကတုံ့ပြန်နေဦးမှာပဲ။ ကျနော်တို့နိုင်ငံမှာ ဒီကိစ္စတွေအတွက် ဥပဒေတွေရှိပါတယ်။ EIA Procedure ဆို အရမ်းကောင်းပါတယ်။ လူထုနဲ့ တွေ့ဆုံဆွေးနွေးရမယ်၊ လူထုအသံတွေ ပါဝင်ရမယ်ဆိုတဲ့အချက်တွေ အရမ်းကောင်းပါတယ်။ ဒါပေမယ့် အဲဒီအချက်တွေကို မလုပ်ခဲ့တဲ့ အကျိုးဆက်က ကျနော်တို့တိုင်းပြည်မှာ ဘာစီမံကိန်းလုပ်လုပ် ပဋိပက္ခမရှိတဲ့စီမံကိန်းဆိုတာ မရှိသလောက်ပဲ။ ကျနော်တို့က တိုင်းပြည်ကို တည်ငြိမ်စေချင်တာပေါ့။ လူထုကိုယ်တိုင် ဒီစီမံကိန်းတွေဟာ ငါတို့အတွက်ပါလားဆိုတာကို နားလည်လာအောင်၊ ရင်ဘတ်ထဲရောက်အောင် အစိုးရကလုပ်ရမှာ။ လုပ်ရမယ်ဆိုတာ ဥပဒေနဲ့အညီ ကောင်းမွန်တဲ့စီမံကိန်းတွေဖြစ်အောင် စနစ်တကျကြီးကြပ်စီမံပြီး လူထုလက်ခံအောင်လုပ်ရမယ်။ အခုတော့ ဒီမံကိန်းက ကိုယ်ကျိုးစီးပွားရှာတဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေနဲ့ အစိုးရကတစ်ဖက်၊ လူထုကတစ်ဖက် အဲဒီလိုဖြစ်နေတာ။ ဒါကို အစိုးရက မပေါင်းစည်းပေးနိုင်သရွေ့ ဒီပဋိပက္ခတွေက အနာဂတ်မှာလည်း ဆက်ဖြစ်နေဦးမှာပဲ။

ငြမ်း – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Photo – (ဦး) Aung Kyaw Moe facebook

ဦးအောင်ကျော်မို


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။