ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်ပြုရာကျတာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စနှင့် ပတ်သက်၍ သဘောထားအမြင်များက ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

နိုဝင်ဘာ (၄)၊ ၂၀၁၉၊ ရန်ကုန်
The Nyang News

ဗိုလ်မှူးကြီးခွန်ဥက္ကာ (ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်)

▪️ကျနော့အမြင်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တစ်ခုနဲ့တစ်ခု မူဝါဒပေါ်လစီတွေ သိပ်တော့မတူကြဘူးဗျ။ အထူးသဖြင့် မြောက်ပိုင်းအဖွဲ့တွေက သူတို့မှာ လူငယ်ခေါင်းဆောင်တွေများတဲ့အတွက် သူတို့စဉ်းစားချက်တွေက ကျနော်တို့နဲ့လည်း ကွာခြားချက်ရှိတာပေါ့ဗျာ။ ဒါပေမယ့် အရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်ကို ဖမ်းဆီးခေါ်ဆောင်တဲ့ကိစ္စကတော့ ဘာပဲဖြစ်ဖြစ် ဒါက ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်ပြုရာကျတာပေါ့။ ပါတီခေါင်းဆောင်ပဲဖြစ်ဖြစ်ပေါ့။ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တစ်ဦးကို ဖမ်းဆီးတဲ့အဆင့်ဆိုတော့ ဒါ ဘယ်အကြောင်းပြချက်နဲ့ပဲဖမ်းလဲတော့မသိဘူးပေါ့လေ၊ သို့သော်လည်းပဲ ဒါက ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဒီမိုကရေစီဖြစ်စဉ် အပြောင်းအလဲကို အနှောင့်အယှက် အဟန့်အတားဖြစ်စေနိုင်တာပေါ့။ အဲဒါတော့ ကျနော်ပြောချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးငိုင်ဆာခ့် ( ဥက္ကဌ ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

▪️တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေက တော်လှန်ရေးပဲခေါ်ခေါ် ဒီဟာကိုလုပ်ကိုင်ကြတဲ့အချိန်မှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်ရေးကိုတော့ အဓိကဦးတည်ပြီးတော့ ထားသင့်တယ်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်မှုကိုထိခိုက်စေတဲ့ဟာ တစ်ဖက်နဲ့တစ်ဖက် အထင်မြင်လွဲ နာကျည်းစေမယ့်ကိစ္စတွေကို ရှောင်လွှဲသင့်တယ်။

ဦးဖေသန်း (ရခိုင်ပြည်နယ်၊ မြေပုံ မဲဆန္ဒနယ်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)

▪️သူတို့အခြေအနေအရ သူတို့ထိန်းသိမ်းထားတာနေမှာပေါ့။ သူတို့ဘာကြောင့် ထိန်းသိမ်းထားလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် သူတို့စစ်ဆေးစရာရှိတယ် ဘာညာတော့ သတင်းတွေမှာကြားရတယ်။ အဲဒါနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဒီလိုဖြစ်ရတဲ့အပေါ်မှာသတိ ထားရမယ့်အချက်တွေတော့ ရှိတာပေါ့။ ကျနော်ကတော့ ဘာပဲဖြစ်ဖြစ် အဲလိုမဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ဖြစ်လာရတဲ့အကြောင်းရင်းခံ သူတို့မှာရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။တိုင်းရင်းသားတွေကြားမှာ နားလည်မှုလွဲနိုင်သလား ဆိုတော့ ဒါက စစ်ဖြစ်နေတာပဲဗျာ။ စစ်ဖြစ်တာဆိုတော့ နားလည်မှုလွဲနိုင်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်နေတော့ လူထုကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်နေတာပေါ့။ ဒါပေမယ့် ခုနကပြောသလို သူတို့အကြောင်းနဲ့သူတို့ ရှိပါလိမ့်မယ်။ စစ်ဖြစ်နေတယ်ဆိုကတည်းက ဥပဒေအရ မှားတယ်၊ မှန်တယ်ဆိုတာက တရားဥပဒေအရ ရှင်းလို့ မရတော့ဘူးလေ။ သူတို့ရဲ့အကျိုးအကြောင်း မူတည်ပြီးတော့ လုပ်ဆောင်ကြတာလို့ ကျနော်ကမြင်တယ်။ စစ်ဖြစ်နေတဲ့အတွက် အစိမ်းရော၊ အကျက်ရောဆိုသလို အကုန်လုံး မှားတာလည်း ရှိမယ်။ မှန်တာလည်းရှိမယ်။ ဒီလိုတော့ဖြစ်ကြမှာပဲ။ ကျနော်တို့ ရခိုင်ပြည်နယ်မှာလည်း အရပ်သား အပြစ်မဲ့ပြည်သူ တွေသေတယ်။ ကြားက မြေဇာပင်ဖြစ်ရတာတွေလည်းရှိတယ်။ တစ်ဖက်နဲ့တစ်ဖက်ကတော့ သူမှားတယ်၊ ကိုယ်မှန်တယ် ပြောနေကြတာပေါ့ဗျာ။ ဒါကြောင့် ကျနော်တို့က ဒါကို စစ်ရဲ့အနိဌာရုံလို့ သတ်မှတ်တယ်။ ဘာကြောင့် ထိန်းသိမ်းရတယ်ဆိုတဲ့အပေါ်မှာ ဘာမှမှတ်ချက်မပြုလိုဘူး။ ဒါပေမယ့် ဒီလိုအဖြစ်မျိုး ဖြစ်တယ်ဆိုတာတော့ မကောင်းဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာပဲ ဒါတွေ သူတို့အချင်းချင်း ဆွေးနွေးကြတဲ့အခါမှာ ဒီလိုကိစ္စမျိုးတွေ ပပျောက်သွားမယ်လို့ ကျနော်ထင်ပါတယ်။

 

ဦးသာထွန်းလှ (ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ)

▪️ကျနော်ကတော့ ဦးဝှေ့တင်းအကြောင်းကို ဘာမှမသိဘူးဗျ။ ဒါပေမယ့် ဦးဝှေ့တင်းဟာ NLD ပါတီကအမတ်လို့တော့ သတင်းတွေမှာပါလို့ သိရတယ်။ အဲဒီတော့ ဦးဝှေ့တင်းအခြေအနေဘယ်လိုဆိုတာ ကျနော်မသိဘူး။ ကျနော်နဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်လည်းမဟုတ်။ ဦးဝှေ့တင်းက NLD ပါတီကအမတ်သာဖြစ်တယ်။ တိုင်းရင်းသားပါတီကအမတ်မဟုတ်ဘူး။ အဲဒီတော့ ဘယ်လိုသဘောထားရှိလည်းဆိုရင် ဦးဝှေ့တင်းကိုလည်း ကျနော်မသိဘူးခင်ဗျား။ ကျနော်နဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ အဲဒါကြောင့် ဒီဖြစ်စဉ်အပေါ်မှာ ဒီဖြစ်စဉ်ရဲ့အခြေအနေကိုလည်း မသိဘူးခင်ဗျား။ ကျနော်ပြောမယ်ဆိုရင် ကျနော်တို့ရခိုင်ပါတီက အရင်ဥက္ကဌဖြစ်တဲ့ ဒေါက်တာအေးမောင်ကိုလည်း ဒီအစိုးရက ဖမ်းဆီးပြီးထောင်ချထားတာရှိပါတယ်။ ကျနော်တို့ပါတီမှာ အရင်ကလုပ်ခဲ့တဲ့ ဒေါက်တာအေးမောင်ကို ဒီအစိုးရက ဖမ်းဆီးထားတာတွေ ရှိတယ်။ အဲဒီတော့ ဒီဖမ်းဆီးမှုကိုပြောမယ်ဆိုရင် ကျနော်တို့က အဲဒါကြောင့် သူတို့အခုထုတ်ပြန်တာက ဖမ်းဆီးထားတာလား၊ ခေါ်ယူပြီးမေးမြန်းတာလား ဆိုတဲ့အပေါ်မှာ မူတည်လိမ့်မယ်ထင်ပါတယ်။ အဲဒီတော့ ဒီအခြေအနေကိုမသိတော့ ကျနော့အနေနဲ့ သဘောထားမှတ်ချက်ပေးဖို့ မရှိပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါက်တာနန္ဒာလှမြင့် (ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

▪️ဘယ်လိုပဲသုံးသပ် သုံးသပ် ဒါ ဖြစ်သင့်တဲ့ကိစ္စမဟုတ်ပါဘူး။ ကောင်းမွန်တဲ့လုပ်ရပ်လည်းမဟုတ်ပါဘူး။ အထူးသဖြင့် ကျနော်တို့နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ ပြယုဂ်တစ်ခုပေါ့။ အခြေခံအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံသားအချင်းချင်း မညီညွှတ်ကြတဲ့ ပြဿ နာတွေပေါ့။ ဒီလိုကိစ္စတွေကြောင့် တိုင်းပြည်မဖွံဖြိုး မတိုးတက်ရခြင်း၊ ကျနော်တို့နိုင်ငံသားတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး မနေနိုင်ရခြင်းရဲ့ အခြေခံအကြောင်းတရားက ကျနော်တို့မညီညွှတ်ကြလို့ပေါ့။ မညီညွှတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿ နာက ဖွံ့ဖြိုးမှုနောက်ကျမယ်၊ ဆင်းရဲမယ်၊ ပြည်သူတွေပညာမတတ်ကြဘူး။ အဲဒီတော့ အခုလိုလုပ်ရပ်တွေက တိုင်းပြည်ကိုဆွဲချတဲ့ လုပ်ရပ်တွေပဲ။ ဒါကြောင့် ဘယ်ရှုထောင့်ကပဲကြည့်ကြည့် မကောင်းတဲ့လုပ်ရပ်တွေဖြစ်တဲ့အတွက် ကျနော်တို့ လက်ခံလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။

ဦးခင်မောင်လတ် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

▪️သူ့ကိုလွတ်စေချင်ပါတယ်။ လွတ်မယ်လို့လည်း ယုံကြည်ပါတယ်။ ဘာလို့လည်းဆိုတော့ သူလည်း ရခိုင်တိုင်းရင်းသား မျိုးနွယ်ပဲလေ။ ရခိုင်တိုင်းရင်းသားမျိုးနွယ်ထဲမှာ သူတို့ပါတယ်။ ခမြီတို့၊ မြိုတို့ဆိုတာ။ အဲဒီဒေသမှာက ရခိုင်၊ ခမြီ၊ မြိုတို့ဆိုတာ အကုန်လုံးရောနေကြတာ။ ရခိုင်တိုင်းရင်းသားမျိုးနွယ်ထဲမှာ ခမြီလည်းပါတယ်၊ မြိုလည်းပါတယ်။ ကျနော်ကတော့ သူလွတ်မယ်လို့ပဲ ယုံကြည်ပါတယ်။ သူက ရခိုင်မျိုးနွယ်စုလည်းဖြစ်တယ်။ ရခိုင်မျိုးနွယ်စုတွေက နှစ်ပေါင်းထောင်နဲ့ချီပြီး ဒီလိုပဲအတူတူနေလာကြတာလေ။ စစ်မှုရေးရာကိစ္စကတော့ သီးသန့်ပဲဗျ။ အရပ်သားအမြင်နဲ့တော့ မတူဘူး။ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကျင့်သုံးတဲ့ဥပဒေတွေက အရပ်ဘက်ဥပဒေတွေနဲ့ တခြားစီပဲလေ။ ဒီ စစ်ဥပဒေဆိုတာကလည်း သီးခြားပဲလေ။ နိုင်ငံတကာ Convention တွေရှိတယ်။ အရပ်သားတွေအမြင်နဲ့တော့ သူတို့လုပ်တာကိုင်တာနဲ့ မတူဘူး။ ဒီလိုပဲ ကျင့်သုံးတာလည်းမတူဘူး။ အဲဒါကြောင့် အရပ်ဘက်အမြင်တွေနဲ့ မပြောချင်ဘူး။

ဦးမောင်လှကျော် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊
ရခိုင်အမျိုးသားပါတီ)

▪️အဲဒီကိစ္စတွေကျနော်မသိသေးတော့ ဘယ်လိုမြင်တယ် ဆိုတာ ကျနော်မပြောနိုင်ဘူး။ ဒီလောက်ပဲဗျာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။