ဒီမိုကရေစီ အစစ်အမှန်ဆိုရင် တပ်မတော်က အစိုးရလက်အောက်မှာပဲရှိရမယ် – အပိုင်း (၄)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း

လဝက တွေကလည်းစိစစ်ရမယ်။ လဝကတွေက ဗမာစကားလည်းမတတ်၊ ရှမ်းစကားလည်းမတတ်တဲ့ တရုတ်စစ်စစ်ကြီးတွေကို ကိုးကန့် ဆိုပြီး မှတ်ပုံတင်ထုတ်ပေးတယ်လေ။ သူကယူလိုက်ပြီးတော့ မှတ်ပုံတင်ထုတ်ပေးလိုက်တယ်။ အဲဒါပဲ။ လူမြိုမယ်ဆိုတာအဲဒါပဲ . . .

တိုင်းရင်းသားပါတီများအနက် အင်အားကြီးပါတီတစ်ခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ (၅၈) နေရာအထိ အနိုင်ရခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီဥက္ကဋ္ဌ (ဦး)စိုင်းအိုက်ပေါင်းကို ငြမ်းမီဒီယာက တွေ့ ဆုံ မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ဦးသိန်းစိန်အစိုးရလက်ထက်က လုပ်ကိုင်ဆောင်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖွဲ့နဲ့ အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာလုပ်ကိုင်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင် တဲ့အဖွဲ့၊ ဒီအဖွဲ့နှစ်ခုမှာ ဘယ်အဖွဲ့ကပိုအားသာလဲ၊ ဘယ်အဖွဲ့က တိုင်းရင်းသားတွေနဲ့ ပိုနီးစပ်သလဲ။

USAP – ခင်ဗျားတို့က ပိုသိမှာပေါ့။ ခင်ဗျားတို့က သိရဲ့ သားနဲ့ ကျနော့်ကိုလာမေးနေတယ်။ ကျနော်တို့က ဦးသိန်းစိန် ကို လည်း ကျနော်ရဲရဲပြောရဲတယ်။ ဦးစိုးသိန်းကိုလည်း ကျနော်ပြောရဲတယ်။ ဦးအောင်မင်းကိုလည်း ကျနော်ပြောရဲတယ်။ အခု နေပြည်တော် မှာ ဒုဝန်ကြီးဒေါက်တာစိုင်းကျော်ဦးဆိုတာ ကျနော့်တပည့်။ ကျနော့်လူ။ သူကအစတုန်းက မရဘူး။ ဝန်ကြီးနေရာမရဘူး။ ဦးခင်မောင်ဆွေ တို့ ပါတီက နေပြည်တော် မှာ ခြောက်ယောက်ပဲ နိုင်တယ်။ အဲဒါ ဒေါက်တာတင်ရွှေလားဘာလားမသိဘူး။ အဲဒါ သူ့ကိုဒုဝန်ကြီးပေးလိုက်တယ်။ ဟိုတယ်နဲ့ခရီး ဒုဝန်ကြီးရသွားတယ်။ ကျနော်သိတော့ ဟာ မဟုတ်သေးဘူး။ ကျနော်တို့က (၂၂) နေရာတောင်နိုင်တာ။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပေါင်းရင် ကျနော်တို့က (၂၂) ယောက်နိုင်တာ။ ဦးစိုးသိန်းကို ကျနော်ပြောတယ်။ ရှင်းရှင်းပြောရရင် ဦးသိန်းစိန်ကသမ္မတ၊ သူကဝန်ကြီးချုပ်လိုပဲ။ တကယ်တမ်းကျရင် ဦးစိုးသိန်းက Key Player လေ၊ အကုန်လုံးသူကကိုင်ထားတာ။ “ ဝန်ကြီး အဲဒါတော့ မဟုတ်သေးဘူးဗျာ။ ကျနော်တို့ပါတီကို ဒုဝန်ကြီးတစ်ယောက် ပေးရမယ်” လို့ ကျနော် ခဏခဏပြောတယ်။ ဦးအောင်မင်း တွေ့လည်းပြော၊ ဦးစိုးသိန်းတွေ့လည်းပြော၊ နောက်ပိုင်းသူတို့ နားပူတယ်ထင်ပါတယ်။ နောက်ပိုင်း မကြာဘူး ကျနော့်လူ ဒေါက်တာစိုင်းကျော်ဦးကို ဒုဝန်ကြီးပေးလိုက်တယ်။ အဲဒီလို ကျနော်တို့ကပြောယူရတယ်။ နိုင်ငံရေး က Bargaining လုပ်ရတယ်။ နောက် ၂၀၂၀ ကျရင် တော်တော်လေး Bargaining လုပ်ရမယ်၊ ဈေးဆစ်ရမယ်လို့ ကျနော်မြင်တယ်။ NLD က Landslide မနိုင်ရင် သူတို့တစ်ဖွဲ့တည်းနဲ့ ဘယ်လိုမှ အစိုးရမဖွဲ့နိုင်ဘူး။ NLD က ဘယ်သူနဲ့ပေါင်းမလဲ။ ဟိုတလောတုန်းက ကျနော် တပ်ချုပ်နဲ့ သွားတွေ့တော့ လ္ဘက်ရည်ဝိုင်းမှာ တပ်ချုပ်ကြီးကိုမေးကြည့်ခဲ့တယ်။ “တပ်ချုပ်ကြီး၊ ၂၀၂၀ ကျရင် NLD က ဘယ်လိုဖြစ်ဖြစ် Landslide မနိုင် နိုင်ဘူး။ ကျနော်ထင်တာ (၃၅) ရာခိုင်နှုန်း၊ (၄၀) လောက် တော့နိုင်မယ်။ (၅၀) အောက်ရောက် သွားရင် NLD နဲ့ တပ်ချုပ်တို့ (၂၅) ရာခိုင်နှုန်း ပေါင်းမလား” လို့ မေးလိုက်တယ်။ နိုင်ငံရေးဆိုတာ ပြောလို့မရဘူးလေ။ အမြဲတမ်း ရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ နိုင်ငံရေးမှာမရှိဘူး။ ဟုတ်တယ်မလား။ ကျနော်မေးတာကို သူမဖြေဘူးဗျ။ အဲဒါပဲလေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မေးတာက ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖွဲ့နှစ်ဖွဲ့မှာ ဘယ်အဖွဲ့က ပိုအားသာသလဲဆိုတာပါ။

USAP – ကျနော်ပြောတဲ့ဟာတွေထဲမှာ အဖြေကပါသွားပြီးသား။ ဦးအောင်မင်းဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အတူအိပ်၊ အတူစားနေလာတာ။ သူကစစ်ဗိုလ်လေ။ တိုက်လည်းတိုက်လာခဲ့ပြီ။ သူတပည့်တွေလည်း သေခဲ့ကြတာအများကြီးပဲလေ။ ငြီးငွေ့လာ ပြီပေါ့။ မတိုက်ချင်တော့ဘူးလေ။ တကယ်တမ်းကျတော့ တိုင်းရင်းသားတွေလည်း တိုက်ချင်သလားဆိုတော့ မတိုက်ချင်ဘူး။ ငြိမ်းချမ်းရေးလိုချင်ကြတယ်။ ဒါပေမယ့် အာဏာလည်း လိုချင်ကြတယ်။ အင်ဒိုနီးရှားလိုပေါ့။ အင်ဒိုနီးရှားက Aceh ပြည်နယ်ကို ကျနော်တို့ သွားလေ့လာကြတယ်။ သူတို့ဆီမှာ သူပုန်ခေါင်းဆောင်တွေက ဝန်ကြီးချုပ်ဖြစ်တာ နှစ်ဆက်ရှိပြီ။ သူပုန် ခေါင်းဆောင် တွေ ပါတီထောင်ပြီးအရွေးခံတာ ဝန်ကြီးချုပ်ပြန်ဖြစ်တယ်။ တကယ်တော့ လက်နက်ကိုင်ခေါင်းဆောင်တွေက Popular ဖြစ်တော့ ပါတီထောင်ပြီးအရွေးခံရင် ဝန်ကြီးချုပ်ဖြစ်ရင် ဖြစ်နိုင်တာပေါ့။ သူတို့ပါတီထောင်ပေါ့။

ငြမ်းမီဒီယာ – အခုပြောသွားတဲ့ပုံအရဆို ဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖွဲ့က ပိုအားသာတယ် လို့ ပြောချင်နေတာလား။

USAP – ပိုပြီးတော့ အလုပ်လုပ်တာပေါ့။ သဘောက ဘာခေါ်မလဲ၊ သူတို့က ပိုပြီးတော့ သိတာပေါ့ဗျာ။ ဒေါက်တာတင် မျိုးဝင်းကျတော့ သူကဆရာဝန်လေ။ သူကတိုင်းရင်းသားတွေရဲ့ ခံစားချက်လည်းမသိဘူး၊ စစ်တိုက်တာလည်း သူက အတွေ့အကြုံမရှိဘူး။ ဟုတ် တယ် မလား။ ဒီရန်ကုန်မှာပဲနေတာကိုး၊ ဆရာဝန်ဆိုတော့ ဆေးပဲထိုးနေမှာပေါ့။ လူနာပဲကုနေမှာပေါ့။ ဘယ်လိုလုပ် ငြိမ်းချမ်းရေး သိပ်ကျွမ်းမလဲ။ ဒါအမှန်တရားလေ။ ဒါ သူ့ကို သွားအပြစ်တင်လို့လည်း ဘယ် ရမလဲ။ ကျနော်မကျွမ်းကျင်တဲ့အလုပ်ကို သွားလုပ်ခိုင်းလဲ ကျနော် ဘယ်တတ်မလဲ။

ငြမ်းမီဒီယာ – လက်ရှိ မြန်မာနိုင်ငံကို ICJ မှာ Genocide ကိစ္စနဲ့ပတ် သက်ပြီး စွဲချက်တင်ထားတဲ့ကိစ္စကို နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘယ်လိုသုံးသပ်မလဲ။

USAP – ဒါကြီးက တော်တော်လေးရှုပ်ထွေးတယ်။ Very Complicated ပေါ့။ ရှုပ်ထွေးတယ်လို့လည်း ပြောလို့ရတယ်၊ ရှင်းရှင်း ပြောရင် သူတို့က OIC နိုင်ငံကိုး။ OIC ဆိုတော့ ဒါ အစ္စလာမ်မစ်နိုင်ငံတွေပေါ့။ သူတို့က အားရှိတာကိုး။ အားရှိ တော့ ပြောလည်း ပြောနိုင်တယ်လေ။ UN ကလည်း OIC ရံပုံငွေနဲ့ ရပ်တည်နေတာလေ။ ဟုတ်တယ်မလား။ အမေရိကန်တောင် သိပ်မထည့် နိုင်တော့ ဘူးလေ။ OIC ပိုက်ဆံနဲ့ပဲ။ ဒီကောင်တွေက အရမ်းချမ်းသာတာကိုး။ ရေနံနဲ့ ချမ်းသာတာ။ ဒါကတော့ နိုင်ငံရေးကစားကွက်ပဲ ဖြစ်နိုင် တယ်။ နိုင်ငံ ရေးကစားကွက် တစ်ခုပေါ့။ ဒါပေမယ့် ကျနော်ထင်တာတော့ ဒီလောက်တောင် မထိခိုက်နိုင်ဘူးလို့ ကျနော်ထင်တယ်။ ဘာကြောင့်လည်းဆို ကျနော်တို့အနောက်မှာ ရုရှားရှိတယ်၊ တရုတ်ရှိတယ်။ ကျနော်တို့က အတွေ့အကြုံမရှိဘူး။ International Law ကို ကျနော်တို့ မကျွမ်းကျင်ဘူး။ ဒီကိစ္စက International Law ကိုကျွမ်းကျင်တဲ့ပုဂ္ဂိုလ်မှ ကောင်းကောင်းပြောနိုင်မယ်။ ခင်ဗျားတို့ ဒေါက်တာဒေါ်ယဉ်ယဉ်နွယ် တို့ကို သွားမေးသင့်တယ်။ သူက UN မှာအကြာကြီးလုပ်ခဲ့တာကိုး။ သူတို့ဆို ကျွမ်းကျင် တယ်။ သူကဦးနေဝင်းရဲ့ ချွေးမလေ၊ ကျိုင်းတုံစော်ဘွားအမျိုးပေါ့။ သူ့အဖေလားမသိဘူး ရှမ်းတိုင်းရင်းသားက။ သူကရှမ်းလို ကောင်းကောင်းပြောတတ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တပ်မတော်ရဲ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုကို တိုင်းရင်းသားနိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဘယ်လိုမြင် ပါသလဲ။

USAP- ဒါက အာဏာနဲ့ဆိုင်တယ်။ တပ်မတော်က ရှင်းရှင်း ပြောရင် သူက ၁၉၆၂ မဟုတ်ဘူး၊ ၁၉၅၈ ကတည်းက အာဏာရှိလာပြီ ကိုး။ အိမ်စောင့်အစိုးရလက်ထက်ကတည်းက အာဏာရှိလာတယ်ဆိုတော့ ၁၉၆၂ ကနေ စပြီးတောက်လျှောက်ပဲ။ ဦးနေဝင်းလဲ ဒါပဲ။ စစ်တပ်ပဲလေ။ အကုန်လုံးက စစ်တပ်က နှစ်ပေါင်း (၅၀) လောက်ရှိပြီလေ။ သူတို့အုပ်ချုပ် လာတာ။ သူက အမြစ်တွယ်နေ ပြီလေ။ ဆိုတော့ ကျနော်ထင်တယ်၊ မြန်မြန်ဆန်ဆန် နောက်ဆုတ်ဖို့ဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့မှာ စိုးရိမ်မှု တွေ ရှိရင်ရှိမှာပေါ့။ ကိုယ်လည်း အတိအကျတော့မသိဘူး။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် တကယ့်ဒီမိုကရေစီ အစစ်အမှန်ဆိုရင် တပ်မတော် က အစိုးရလက်အောက်မှာပဲရှိရမယ်။ ဂျာမဏီမှာ ကြည့်လိုက်။ အရင်က အင်ဒိုနီးရှားလည်း တပ်ကပါတဲ့နိုင်ငံပဲလေ။

ရခိုင်ပြည်နယ်ကိစ္စကို ရခိုင်ပါတီကို မဆွေးနွေးဘူးဗျာ။ အဲဒါ တော်တော် ဝမ်းနည်းစရာ ကောင်းတယ်။ အမှန်က ခေါ်ယူပြီးတော့ ဆွေးနွေးပြီးတော့ အကြံ ဉာဏ် ယူလိုက် ပြီးတော့ လုပ်တယ်ဆိုရင် …

အခုမပါတော့ဘူး။ ဒါပေမယ့် အချိန်တော့ပေးရမယ်။ ကျနော်ထင်တယ်၊ နောက်ပိုင်းကျရင် တဖြည်းဖြည်းဖြစ်လာမယ် လို့တော့ ထင်တယ်။ Constitution ပေါ့ဗျာ။ အဲဒါကြောင့် ခုနကကျနော်ပြောတယ်မလား။ တကယ်တမ်းကျတော့ အခြေခံဥပဒေကို ပြင်မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်နဲ့ ရင်းရင်းနှီးနှီးရှိပြီးတော့ “ တပ်ချုပ် ကြီး ဒီလိုပြင်ချင်တယ်” ၊ “အစ်မ ဒီလိုပြင်တာ ကောင်းမယ်” ဘာညာ၊ အဲဒီလို ရင်းရင်း နှီးနှီးပေါ့။ ရင်းနှီးမှုရှိမှ ရမှာ။ မရင်းနှီးရင် မရဘူး။ ရင်းနှီးမှုရှိမှ ယုံကြည်မှု ဖြစ်မယ် လေ။ ခပ်တန်းတန်းနေတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်က သံသယဖြစ်မယ်လေ။ သူ့ကို ကိုယ်စိုးရိမ်၊ ကိုယ့်ကိုလည်း သူကစိုးရိမ်၊ ဒါ အလုပ်မဖြစ်ဘူးလေ။ တကယ်တမ်းကျ တပ်ကပါရင်လွယ်လွယ်လေး။ တပ် သဘောတူရင် လွယ်လွယ်လေး။ ဒါပေမယ့် တပ်ကသိပ်လွယ်တယ်လေ။ တစ်ယောက်ပဲလေ၊ တစ်မိန့်ပဲလေ၊ ဒါလုပ်လိုက်ဆို လုပ်လိုက်ပဲ၊ မတ်တပ်ရပ်လိုက် ဆို ရပ်လိုက်၊ ထိုင်ဆို ထိုင်။ Very Powerful လေ။ အဲဒါ သူလုပ်လို့ရတယ်။အဓိက က ယုံကြည်မှုပဲ။ ယုံကြည်မှု၊ နားလည်မှု အဲဒါပဲ။ တကယ်ပြောရင်တော့ ဒီနှစ်ဦးတည်းနဲ့လည်း အပြည့်အဝမရဘူး။ တိုင်းရင်းသားတွေလည်းပါမှ။ တိုင်းရင်းသားတွေကို ပစ်ပယ်ထား ခဲ့လို့ရှိရင် ဒုက္ခရောက်ပြီ။ ရခိုင်ကိစ္စကို ခင်ဗျားတို့ကြည့်လေ။ တိုင်းရင်းသားတွေကို ပစ်ပယ် ထားတယ်၊ ရခိုင်ပြည်နယ်ကိစ္စကို ရခိုင်ပါတီကို မဆွေးနွေးဘူးဗျာ။ အဲဒါ တော်တော် ဝမ်းနည်းစရာ ကောင်းတယ်။ အမှန်က ခေါ်ယူပြီးတော့ ဆွေးနွေးပြီးတော့ အကြံ ဉာဏ် ယူလိုက် ပြီးတော့ လုပ်တယ်ဆိုရင် ရခိုင်တွေရဲ့ ခံစားချက်ကို သိမယ်။ ပြည်ထောင် စုမြန်မာနိုင်ငံမှာ ရခိုင်လူမျိုးလောက် မျိုးချစ်စိတ်ပြင်းထန်တာမရှိဘူး။ ကျနော်လေ့လာကြည့်သလောက် ရခိုင်က မျိုးချစ်စိတ်အရမ်းပြင်းထန် တယ်။ သူတို့ကိုတော့ သွားပြီးလျော့တွက်လို့မရဘူးဗျ။ ရခိုင်လူမျိုးက တခြားလူမျိုးနဲ့မတူဘူး။

ငြမ်းမီဒီယာ – ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ထဲက နံပါတ် (၇) အချက်မှာ “နယ်စပ်ဒေသများ၏ နယ်သူနယ်သားများသည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထား သော အခွင့်အရေးများကို ခံစားနိုင်ခွင့်ရှိစေရမည်” ဆိုတဲ့ အချက်ပါတယ်။ အခုပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ (၇၂) ရှိခဲ့ပါပြီ။ ဒီ (၇၂) နှစ်အတွင်းမှာ အဲဒီလိုအခွင့်အရေးတွေကို နယ်စပ်ဒေသက နယ်သူနယ်သားတွေ ရရှိခံစားခဲ့ရဖူးတာမျိုး ရှိခဲ့သလား ဆိုတာ တိုင်းရင်းသားနိုင်ငံရေးသမားတစ်ယောက်အနေနဲ့ သုံးသပ်ပြောပြပေးပါဦး။

USAP – မရဘူးလေ။ မရဘူးလေ။ မရလို့ တချို့တိုင်းရင်းသားတွေ လက်နက်ကိုင်တော်လှန်နေတာ နှစ်ပေါင်း မနည်း တော့ဘူးလေ။ မရလို့၊ ဒါကိုလိုချင်လို့။ အခုက သူတို့ ဖက်ဒရယ် လိုချင်တယ်လေ။ ဖက်ဒရယ် လိုချင်တာ ပေးလိုက်ပေါ့။ အကောင်အထည် ဖော် ပေးလိုက်ပေါ့။ ပေးလိုက်ပါလား၊ ပြည်ထောင်စုထဲက မခွဲထွက်နဲ့၊ ဖက်ဒရယ် ကို အပြည့်အဝပေးလိုက်ပေါ့။ ပင်လုံစာချုပ်က တကယ်တမ်း ပြောရင် ဖက်ဒရယ် အစစ်အမှန် နိုင်ငံတွေ လောက်တောင် မရှိလှသေးဘူး။ ခင်ဗျား ဂျာမဏီတို့လို၊ ဆွစ်ဇာလန် တို့လို ဖက်ဒရယ်တွေကမှ တကယ့်အပြည့်အဝပဲ။ ကျနော်တို့သွားလေ့လာခဲ့တဲ့ အင်ဒိုနီးရှားက Aceh ပြည်နယ်ဆိုရင်၊ သူတို့ဆီက ဂက်စ် ထွက်တယ်၊ ရေနံ ထွက်တယ်။ အဲဒီ Aceh ပြည်နယ်ကထွက်တဲ့ ဂက်စ်တွေ၊ ရေနံတွေရဲ့ (၇၀) ရာခိုင်နှုန်းကို Aceh ပြည်နယ် က ခံစားခွင့်ရှိတယ်။ (၃၀) ရာခိုင်နှုန်းပဲ ပြည်ထောင်စုက ခံစားတယ်။ ကျန်တဲ့သယံဇာတတွေနဲ့ ပါတ်သက်ရင် ပြည်နယ်တွေက (၈၀) ရာခိုင်နှုန်း၊ ပြည်ထောင်စုက (၂၀) ရခိုင်နှုန်း။ Aceh ပြည်နယ် အပါအဝင် ပြည်နယ်တွေ အားလုံးဒီလိုပဲ။ ပြည်ထောင်စုက (၂၀) ရာခိုင်နှုန်းဆိုပေမယ့် ပြည်နယ်ပေါင်းက (၃၄) ခုရှိတော့ အများကြီးရတယ်လေ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရက အခြေခံဥပဒေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက ဘယ်လိုပြင်ချင်သလဲလို့ ကျနော်တို့ကို မေးခဲ့တယ်။ ကျနော်ကိုယ်တိုင်ရေးပြီး တင်လိုက်တယ်။ သမ္မတရုံးကိုပို့ လိုက်တယ်။ ကျနော်အဆိုတင်သွင်းလိုက်တာက “မြေပေါ် မြေအောက် သယံဇာတများနဲ့ အခွန် အခများအားလုံး ကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက (၇၀) ရာခိုင်နှုန်း၊ ပြည်ထောင်စုက (၃၀) ရာခိုင်နှုန်း ခွဲဝေ ယူသင့် ပါတယ်” လို့တင်ပြခဲ့တယ်။ ကျနော့်အကြောင်းပြချက်က ပြည်ထောင်စုက (၃၀) ရာခိုင်နှုန်းပဲရပေမယ့် (၁၄) ယူနစ်ဖြစ်တာကြောင့် (၄၂၀) ရမယ်။ ပြည်နယ်တစ်ခုချင်းစီကတော့ (၇၀) ပဲရမှာပေါ့။ ဒါဆိုတော့ ပြည်ထောင်စုကလည်း အများကြီးရမယ်။ အဲဒီလိုပုံစံမျိုး ကျနော်တို့ ဖြစ်ချင်တယ်လို့ Cabinet ထဲတင်လိုက်တယ်။ ကျနော်တို့ဝန်ကြီးချုပ်ကလဲ အဲဒါကို သဘောတူတယ်။

ရွှေလီလောက်ကိုပဲသွားကြည့်။ ရွှေလီက တကယ့်ဥရောပနိုင်ငံ တွေလိုပဲ။ အရမ်းလွတ်လပ်တယ်။ စီးပွားရေးက တအားကောင်းတယ်။ နိုင်ငံရေးကတော့ ကွန်မြူနစ်ပါတီ က ပဲ ကိုင် ထားတာပေါ့။ စီးပွားရေးကို …

အဲဒီအတိုင်း ကျနော် တို့ နေပြည်တော်ကိုတင် လိုက်တာပေါ့။ အဲဒီတော့ ဦးစိုးသိန်းက ကျနော်တို့ကိုပြောတယ်။ မင်းတို့ ရှမ်းပြည်နယ် က တကယ် လောဘကြီးတယ် ဘာညာပေါ့ဗျာ။ အဲဒါပဲလေ၊ အဲဒါပဲ။ ပြောရင် ကျနော်တည့်တည့် ပြောရဲတယ်။ ဟိုတစ်နေ့ကလဲ ကျနော် တို့ NBF မှာ ဦးမောင်မောင်စိုးလည်းလာပြီးတော့ ရှင်းပြတယ်။ ခင်ဗျားနော် အခု ဒေါက်တာမျိုးညွှန်၊ NLD ပြောရေး ဆိုခွင့် ရှိတဲ့လူလေ၊ ကျနော် တို့နဲ့ ဆွစ်ဇာလန်မှာ အတူသွားလေ့လာခဲ့တာပဲ။ လူအများစုက သဘောထား ကြီးမှဖြစ်မယ်လေ။ ဒါမှ ပြည်ထောင်စု ဖြစ် မှာ။ ဆွစ်ဇာလန်မှာ (၇၅) ရာခိုင်နှုန်းက ဂျာမန်လူမျိုး၊ ပြင်သစ်က (၂၀) ရာခိုင်နှုန်း၊ အီတလီက (၄) ရာခိုင်နှုန်း ၊ Romansh ဆိုတဲ့လူမျိုးငယ်တစ်မျိုးက (၁) ရာခိုင်နှုန်းတောင် မပြည့်ဘူး။ အဲဒီ လူမျိုး (၄) ခုလုံးရဲ့ ဘာသာစကားက ရုံးသုံး ဘာသာ စကားဗျ။ ကျနော် ဒေါက်တာမျိုးညွှန့်ကိုပြောတယ်။ “ခင်ဗျား ဟိုမှာ (၇၅) ရာခိုင်နှုန်းရှိတဲ့ ဂျာမန်တွေ ဘယ်လောက် သဘောထား ကြီးလဲ၊ ခင်ဗျားတို့ ဗမာတွေ (၆၀) ရာခိုင်နှုန်း တောင် မရှိဘူးနော။ တကယ်တမ်းကျတော့ ကျနော်တို့ ရှမ်းနီတွေဘာတွေလည်း အကုန်လုံး ဗမာဖြစ် သွားတာ။ ခင်ဗျားတို့ လူမျိုးကြီးဆိုတာ သဘောထားကြီးရမယ်” လို့ ပြောလိုက် တယ်။ အဲဒါပဲဗျ။ လူမျိုးကြီးတွေ သဘောထားမကြီးရင် ပြည် ထောင်စုဖက်ဒရယ်ပုံစံ မဖြစ်ဘူး။ မြင်သာအောင်ဥပမာ ပြောရရင် အိမ်တစ်အိမ်မှာ အစ်ကိုကြီးက သဘောထားကြီးကြီးနဲ့ ညီငယ် ညီမငယ်လေးတွေကို မျှမျှတတလုပ်ပေးသလို ပေါ့။ ဟိုနေ့က ဦးမောင်မောင်စိုးကိုလည်း ကျနော်ပြော ပြလိုက်တယ်။ “ခင်ဗျား လည်း ဗကပ ပဲ။ ခင်ဗျားတို့ ဗကပ ဘယ် လိုပြိုကွဲသွားသလဲ။ ဗမာတွေ အယောက် (၁၀၀) လောက်ပဲ ခေါင်းဆောင် နေရာမှာ နေတယ်၊ တိုင်းရင်းသားတွေက မကျေနပ်လို့ တော်လှန်လိုက်တာ သခင်ဗသိန်းတင်တို့ အသတ် မခံရတာ ကံကောင်း”လို့။ အဲဒါကြောင့် မမျှတလို့တော့ မရဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ခုနကပြောသွားတဲ့အထဲမှာ တရုတ်ကအိမ်နီးချင်းနိုင်ငံဖြစ်နေတယ်၊ Super Power လည်းဖြစ်တယ်လို့ဆိုတယ်။ တစ်ဘက်မှာကျတော့လည်း တရုတ်ကလာရောက် လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ Ethic ပိုင်းအရ စံချိန်စံညွှန်းတွေ မကိုက်ညီတာရှိနေတယ်။ ဒီကြားထဲကပဲ တရုတ်က တစ်စတစ်စလွှမ်းမိုးလာမှုတွေ ရှိလာတော့ ဒါတွေကို စနစ်တကျ ဘယ်လို ကိုင်တွယ်သင့်တယ်ဆိုတာကို သုံးသပ် ပေးပါဦး။

USAP – အဲဒါက လူအများစုဖြစ်တဲ့၊ ကျနော်တို့အခြေခံပြည် သူလူထုဖြစ်တဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေ ဝင်ငွေ ကောင်းအောင် လုပ်ပေးရမယ်။ လဝက တွေကလည်းစိစစ်ရမယ်။ လဝကတွေက ဗမာစကားလည်းမတတ်၊ ရှမ်းစကားလည်း မတတ်တဲ့ တရုတ်စစ်စစ်ကြီးတွေကို ကိုးကန့် ဆိုပြီး မှတ်ပုံတင်ထုတ်ပေးတယ်လေ။ သူက ယူလိုက်ပြီးတော့ မှတ်ပုံတင် ထုတ်ပေး လိုက်တယ်။ အဲဒါပဲ။ လူမြိုမယ်ဆိုတာအဲဒါပဲ။ တစ်နေ့မဟုတ်တစ်နေ့ မြိုမှာပဲ။

ငြမ်းမီဒီယာ – အဲဒီတော့ ရှမ်းပြည်နယ်မှာ တရုတ်က ရာခိုင်နှုန်းအားဖြင့်ဆို ဘယ်လောက်ထိရှိသလဲ။

လယ်မြေတွေကို တရုတ်တွေ လာငှား ပြီးတော့ ဖရဲသီး စိုက်တယ် လေ။ ဥပမာပြောရရင် ခင်ဗျားလယ်ကို ခင်ဗျားစိုက်ရင် (၁၀) သိန်းပဲရမယ်၊ ခင်ဗျား ဘာမှလုပ်စရာ မလိုဘူး ကျနော် က ခင်ဗျားကို သိန်း (၃၀) ပေးရင် …

USAP – ရာခိုင်နှုန်း အတိအကျတော့မသိဘူး။ ဒါပေမယ့် သူတို့က လားရှိုးနဲ့ မန္တလေးဆို လားရှိုးကို ကျော်ပြီးတော့ မန္တလေး မှာ လာအခြေချတယ်။ လားရှိုးက Central မကျဘူးလေ။ ကျနော်မှတ်ထားတဲ့ သန်းခေါင်စာရင်းအရဆိုရင် လားရှိုးမှာ တရုတ်လူမျိုးက (၆၀ ၀၀၀) ကျော်ရှိတယ်။ ရှမ်းက တစ်သိန်းတောင်မပြည့်ဘူး၊ (၉၀ ၀၀၀) ကျော်ပဲရှိတယ်။ လားရှိုးဆိုတာ ရှမ်းပြည်နယ်ရဲ့ ဒုတိယ မြို့တော်။ တရုတ်လူမျိုးက (၆၀ ၀၀၀) ကျော်၊ ဗမာက (၃၀ ၀၀၀) လောက်ရှိတယ်။ လားရှိုးမှာ ရှမ်းပြီးရင် တရုတ်က ဒုတိယ အများဆုံးပဲ။ ဒါပေမယ့် ဆက်ပြီးတော့ သိပ်လည်းမများလာဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ စီးပွားရေး သိပ် မကောင်း လှဘူး။ မန္တလေး ကျတော့ ရန်ကုန်ကနေ အဆက်အသွယ်လည်း ကောင်းတယ်။ နောက်ပြီး ကချင် ပြည်နယ်တို့၊ အနောက်ဘက် မုံရွာတို့ ဘာတို့ညာတို့ကလည်း အဆက်အသွယ်ရှိတော့ သူက Central ကျတယ်။ နောက်ပြီး တရုတ်က ကျောက် ဖြူကိုလှမ်းချင်တာကိုး။ အဲဒီတော့ မန္တလေးကိုတော့ တရုတ်က တစ်နေ့မဟုတ်တစ်နေ့တော့မြိုမှာပဲ။ မြိုတဲ့နေရာမှာ အဓိကက စီးပွားရေးပဲ။ စီးပွားရေး ကြောင့်ပဲ။ အဲဒီတော့ ကျနော်တို့ဆင်းရဲရင်တော့ ခံရမှာပဲ။ အခု လယ်မြေတွေကို တရုတ်တွေ လာငှား ပြီးတော့ ဖရဲသီး စိုက်တယ် လေ။ ဥပမာပြောရရင် ခင်ဗျားလယ်ကို ခင်ဗျားစိုက်ရင် (၁၀) သိန်းပဲရမယ်၊ ခင်ဗျား ဘာမှလုပ်စရာ မလိုဘူး ကျနော် က ခင်ဗျားကို သိန်း (၃၀) ပေးရင် ခင်ဗျား ကျနော့်ကို ပေးစိုက်မှာပဲ။ စီးပွားရေးလေ။ အဲဒါကြောင့် ကျနော်တို့ မချမ်းသာရင် ဒုက္ခရောက်မယ်။ ဒါကလည်း အစိုး ရအပေါ်မှာ အများကြီးမူတည်တယ်။ အစိုးရကိုယ်တိုင်က Policy ကောင်းကောင်းနဲ့ လုပ်ရမယ်။ တကယ့် အာဏာ ရှိတဲ့ ပုဂ္ဂိုလ်တွေက လုပ်ရမှာ။ ဒေါ်အောင်ဆန်းစုကြည် က တပ်ချုပ်နဲ့ တိုင်ပင်၊ နောက် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့တိုင် ပင်လေ။ ဒီတရုတ် လွှမ်းမိုးလာမှုကို ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပေါ့။ တကယ့် Think Tank တွေလည်းရှိရမယ်။ Think Tank မရှိရင် လုပ်ငန်းတစ်ခုက မရဘူး။ အမေရိကန်သမ္မတတောင် အကုန်လုံးကို သူမတတ်ဘူးလေ။ သူ့မှာလည်း အကြံပေးတွေ ရှိတယ်လေ။ အဲဒါကြောင့် ဦးသိန်းစိန်လည်း အကြံပေးတွေ အများကြီးခန့်တာ။ အခု ကျနော်တို့က အကုန်လုံး foreigner တွေချည်းပဲ။ Sean Turnell က ကျနော် တို့အခြေအနေနဲ့ အပ်စပ်ချင်မှ အပ်စပ်မှာပေါ့။ ဟုတ်တယ်မလား။ တချို့တွေကလည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင် ကြိုက်ချင်မှ ကြို က်မယ်လေ။ ဒါပေမယ်မယ့် ကျနော်တို့ က ကြိုက်တာမကြိုက်တာ အဓိက မဟုတ်ဘူး၊ တိုင်းပြည်နစ် နာမှာကြောက်လို့။ အဓိကက တောင်သူလယ်သမားတွေ စားဝတ်နေရေး မြန်မမြန်ချောင်လည်ဖို့ အရေးကြီးတယ်။ နို့မို့ဆို ကျနော်တို့ ဗမာပြည်က တောင်သူလယ်သမား၊ အလုပ်သမားရှားသွားမယ်။ အကုန်လုံး ထိုင်းကိုသွားနေကြတယ်။ ထိုင်းကလူတွေက ဥရောပကိုသွားကြတယ်။ ကျတော်တို့ နယ်သာလန်ရောက်တော့ ဟော်တယ် က ဝန်ထမ်းတွေက အကုန်လုံး ထိုင်းကချည်းပဲ။ ဟိုမှာက ပိုက်ဆံပိုရတာကိုး။ ကျနော်တို့ဆီကလူတွေက ထိုင်းကို သွားတယ်၊ ထိုင်းကလူငယ်တွေကျတော့ Europe ကိုသွားတယ်၊ အမေရိကကိုသွားတယ်။ Europe ကလည်းချမ်းသာတယ်လေ။ အဲဒီလိုပေါ့။ အဓိကက စီးပွားရေးပဲဗျ။

ငြမ်းမီဒီယာ – တရုတ်ရဲ့ BRI စီမံကိန်းဟာ ရှမ်းပြည်နဲ့လည်းဆက်စပ်နေတော့ ဒီစီမံကိန်းဟာ ရှမ်းတိုင်းရင်းသားတွေအတွက် အကျိုးဖြစ်ထွန်းမှုရှိမယ်လို့ ယူဆသလား၊ နိုင်ငံအတွက်ရော ဘယ်လောက် အကျိုးဖြစ်ထွန်းမယ်လို့ ယူဆသလဲ။ ဒါမှမဟုတ် တရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာ လွှမ်းမှုမဟာဗျူဟာက အစိတ်အပိုင်းသက်သက်ပဲ ဖြစ်နေမလား။

USAP – ဒါကတော့ unseen လေ။ မမြင်ရသေးဘူး။ ဖြစ်လည်းမဖြစ်လာသေးဘူးလေ။ တကယ်တော့ ကမ္ဘာကြီးက သီးသန့်နေ လို့လည်း မရတော့ဘူးလေ။ ကျနော် ပြီးခဲ့တဲ့ တစ်လ ကျော် နှစ်လလောက်က ပီကင်း ရောက်ခဲ့တယ်။ ဒီမောင်တွေကတော့ တကယ် တိုးတက်တယ်ဗျာ။ တရုတ်ပြည်ကြီးက အရင်နဲ့ ဘာမှမဆိုင်ဘူး။ အရမ်းကို တိုးတက်သွားတာ။ အရမ်းလည်း ချမ်းသာ သွားပြီ။

ကိုယ့်ပြည်နယ်မှာလည်း အစိုးရဖြစ်နိုင်မယ်။ ပုဒ်မ ၂၆၁ မပြင်နိုင်လည်း ဒီလောက် အရေး မကြီးဘူး။ ကိုယ်နိုင်ဖို့ပဲ အရေးကြီးတယ်။ သူတို့လည်း အစိုးရမဖြစ်ဖို့အရေးကြီးတယ်။ Landslide မနိုင်ဖို့ အရေးကြီးတယ် …

စားနိုင် သောက်နိုင် ဖြုန်းနိုင် တဲ့ဘဝကို တရုတ်တွေ ရောက်သွားပြီ။ ကျနော်တို့နိုင်ငံက concept ကိုပြင်ရမယ်။ တရုတ်တွေက တိန့်ရှောင်ဖိန်ခေတ် မှာ တအားတက်လာတယ်။ ကျနော်အရင်က မူဆယ်မှာ မူလတန်းကျောင်းအုပ်လုပ်ခဲ့တယ်။ ၁၉၆၄ ၁၉၆၅ ခုနှစ် တွေ လောက်က တရုတ်မှာ မော်စီတုန်းခေတ်ပေါ့။ ကျနော်တို့ မူဆယ်က အစိုးရဝန်ထမ်းတွေကို တရုတ်က အောက်တိုဘာ တော်လှန်ရေး အထိမ်းအမှတ်တွေဘာတွေဆိုရင် ဖိတ်တယ် ပေါ့ဗျာ။ အဲဒီတုန်းကတရုတ်တွေ ယူနီဖောင်းအပြာရောင် တစ်မျိုး တည်း၊ ဖာရာတွေကလည်းအပြည့်နဲ့ပေါ့။ အကုန်လုံး တန်းစီပြီးစားကြရတာ။ သူတို့စိုက်ခင်းတွေအတွက် မြေသြဇာဆိုလည်း မိလ္လာ ကိုသုံးကြရတာ။ အဲဒီ လွန်ခဲ့တဲ့နှစ်လေးငါးဆယ်လောက်ကနဲ့ ဘာမှမဆိုင်တော့ဘူး။ အခု ခင်ဗျား ရွှေလီလောက်ကိုပဲသွားကြည့်။ ရွှေလီက တကယ့်ဥရောပနိုင်ငံ တွေလိုပဲ။ အရမ်းလွတ်လပ်တယ်။ စီးပွားရေးက တအားကောင်းတယ်။ နိုင်ငံရေးကတော့ ကွန်မြူနစ်ပါတီ က ပဲ ကိုင် ထားတာပေါ့။ စီးပွားရေးကို အရင်းရှင်ပုံစံလုပ်လိုက်တယ်။ ပွင့်ပွင့်လင်းလင်းချလိုက်တယ်။ အဲဒီလို လုပ်လိုက်တယ်။ အဲဒီ တော့ ကျနော်တို့က သိပ်ကြောက်လို့ရှိရင်လည်းမရဘူးဗျ။ သူ့ကို Check and Balance တော့ လုပ်ရမယ်။ တရုတ်ချည်းပဲ အားမကိုးနဲ့လေ။ သူ့ဟာသူ One Belt One Road ပဲလာလာ၊ ဘာပဲလာလာ။ သူ့ကို ထိန်းဖို့နည်းလမ်းတော့ ရှာရမှာပဲ။ နောက်ပြီးတော့ အိန္ဒိယကိုလည်း investment ဖိတ်ခေါ်ပေါ့၊ ဂျပန်ကိုလည်း ဖိတ်ခေါ်ပေါ့။ အာဆီယံနိုင်ငံတွေလည်း လာပေါ့။ အနောက်နိုင်ငံတွေကို လည်း ဖိတ်ခေါ်ပေါ့။ စီးပွားရေးနဲ့ ကျနော်တို့ တက်အောင်လုပ်ရမှာ။ စီးပွားရေးမတက်ရင် ဥပမာ အိမ် တစ်အိမ်မှာ စားဖို့သောက်ဖို့ မလောက်ငှရင် ပြသနာတက်မှာပဲလေ။ ခင်ဗျား မိသားစုတစ်ခုကိုပဲ နမူနာအနေနဲ့ တွက်ကြည့်ပါ။ တခြားဘာမှမကြည့်နဲ့။ မိသားစုတစ်ခုနဲ့ နိုင်ငံတစ်ခုဟာ အခြေခံ အတူတူပဲ။ စီးပွားရေးမကောင်းရင် ရန်ဖြစ်ကြမယ်၊ စကားများ ကြမယ်၊ သူ့ကြောင့် ငါ့ကြောင့်နဲ့ပေါ့။ ဟုတ်တယ်မလား။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံ ဒီမိုကရေစီခေတ်ရဲ့ ပထမဆုံးသမ္မတ ကြီးဖြစ်ခဲ့တဲ့ စဝ်ရွှေသိုက်ဟာ ၁၉၆၂ စစ်တပ်ကအာဏာ သိမ်းတဲ့ အချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ရတယ်။ အဲဒီဖြစ်ရပ်ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကျဆုံးခန်း ဆိုပြီး ပြောကြတာတွေရှိတယ်။ ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားတစ်ယောက်ရဲ့ အမြင်နဲ့ဆိုရင် အဲဒီကိစ္စကို ဘယ်လိုသုံးသပ်မလဲ။

USAP – ဟုတ်တာပေါ့။ ဒါဟုတ်တာပေါ့။ တကယ်တမ်းကျရင် အာဏာသာ မသိမ်းခဲ့ရင် ဦးနုက ဖက်ဒရယ်တချို့ကို ပေး တော့မယ်ဗျ။ ဖက်ဒရယ်က ၁၉၆၁ တောင်ကြီးမူ/ရှမ်းမူလို့ ပြောကြတယ်လေ။ အဲဒီက လာတာပေါ့။ ရှစ်ပြည်နယ်တို့ ဘာတို့ အဲဒီကစတာပဲ။ ဒါတွေ ကို လင်းခေးဦးထွန်းမြင့်တို့ရေးတဲ့ ရှမ်းပြည်နယ်ရဲ့နစ်နာချက်များဆိုတဲ့ စာအုပ်တွေထဲမှာလည်း ပါတယ်။ တကယ်လည်း နစ်နာတာ ပဲလေ။ အဲဒါကြောင့်မို့လို့ ပေါ့။ တိုင်းရင်းသားတွေက ဗမာတွေကို ‘သဘောထားကြီးကြပါ၊ ခင်ဗျားတို့က ပြည်မမှာပဲနေကြတော့ တိုင်းရင်းသားတွေရဲ့ခံစားချက်ကို ခင်ဗျားတို့မသိကြဘူး’လို့ပြောတာ။ ငါတို့ချည်းပဲ ငါတို့ချည်းပဲ လုပ်နေရင် မရဘူးနော်။ အဲဒါကြောင့် ကျနော်တို့ရှမ်းက ဒါကိုမြင်ထားတော့ ကျနော်တို့ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ မစည်းလုံးရင်မရဘူး။ နောင် ကျနော်တို့ ၂၀၂၀ မှာ NLD က Landslide မနိုင်ရင်၊ တိုင်းရင်းသားတွေက တစ်ချို့တစ်ဝက်နိုင်လာတယ်ဆိုရင် တိုင်းရင်းသားတွေထဲက သမ္မတဖြစ်ဖို့ပေါ့၊ ကံကောင်းစွာ တပ်နဲ့ NLD မပေါင်းရင် တိုင်းရင်းသားကိုပဲ ရှာရလိမ့်မယ်။ တိုင်းရင်းသားနဲ့ တခြားပါတီ ကို ရှာရ တော့မယ်။ အဲဒီအချိန်ကျရင် ကျနော် တို့ ကိုယ့်ပြည်နယ်မှာလည်း အစိုးရဖြစ်နိုင်မယ်။ ပုဒ်မ ၂၆၁ မပြင်နိုင်လည်း ဒီလောက် အရေး မကြီးဘူး။ ကိုယ်နိုင်ဖို့ပဲ အရေးကြီးတယ်။ သူတို့လည်း အစိုးရမဖြစ်ဖို့အရေးကြီးတယ်။ Landslide မနိုင်ဖို့ အရေးကြီးတယ်။ အခု ဦးရွှေမန်း ပါတီ ပေါ်လာတယ်၊ ရှစ်ဆယ့်ရှစ်ပါတီပေါ်လာတယ်၊ ဒေါက် တာဒေါ်သက်သက်ခိုင် ပါတီပေါ်လာတယ်ဆိုတော့ Landslide နိုင်လိမ့်မယ်လို့ ကျနော်လည်း သိပ်မထင်ဘူး။ ဒါနည်းနည်းဝေးသေးလို့။ နီးလာရင်တိုက်ကွက်တွေက ပေါ်လာမယ်။ အဲဒါဆိုရင် နည်းနည်းကျနိုင်တယ်။ မတည်မြဲဘူးလေ၊ ဘယ်ဟာမှမတည်မြဲဘူး။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေဘက်က ဗမာတွေကဖိနှိပ်တယ်၊ ဗမာလူမျိုးကြီးဝါဒလို့ပြောကြတယ်။ ဒါပေမယ့် အာဏာရှင်က ပြည်သူကိုဖိနှိပ်တဲ့အခါ တိုင်းရင်းသားရယ် ဗမာရယ်ဆိုတဲ့ Identity ကိုကြည့်ပြီး ဖိနှိပ်ခဲ့တာမျိုးမတွေ့ရဘဲ အာဏာရှင်က သူနဲ့ အယူအဆမတူရင် အားလုံးကိုဖိနှိပ်ခဲ့တာဆိုတဲ့ သုံးသပ်ချက်တွေကိုရော ဘာပြောချင်ပါသလဲ။

USAP – ခင်ဗျားကလဲ၊ ကျနော်တစ်ခွန်းပဲပြောမယ်။ ကျနော် တို့ရှမ်းပြည်နယ်မှာ ကျနော်ဝန်ကြီးငါးနှစ်လုပ်ခဲ့တယ်။ ဘယ်မြို့နယ် မှာမှ ရှမ်းလူမျိုးအုပ်ချုပ်ရေးမှူးဆိုတာ မရှိခဲ့ဘူးဗျ။ အကုန်လုံး ဗမာတွေချည်းပဲဗျ။ မြို့နယ်အုပ်ချုပ်ရေးမှူးရော၊ ခရိုင်အုပ်ချုပ်ရေး မှူးရော အကုန်လုံး ဗမာတွေချည်းပဲ။ အရင်တုန်းက လွတ်လပ်ရေးရပြီးကာစလောက်က Shan Government ဆိုတာရှိခဲ့တယ်။ အရင် တုန်းက မြို့ပိုင်တွေအကုန်လုံးက ရှမ်းတွေချည်းပဲ။ ခရိုင်ဝန်တွေလည်း ရှမ်းတွေချည်းပဲ။ ရှမ်းပြည်အစိုးရက ကိုယ့်ဟာ ကိုယ် ခန့်လို့ ရတယ်လေ။ ဘွဲ့ရတာနဲ့ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်၊ ခရိုင်ဝန်၊ တိုင်းမင်းကြီးအထိ ရှမ်းလူမျိုးပဲ။ အဲဒီလိုရှိခဲ့တာလေ။ သူတို့ကအခု အကုန်လုံး ဗဟိုကပဲ ချတာလေ။ ကျနော်တို့ အခြေခံဥပဒေပြင်တဲ့အခါ ရာထူးဝန်အတွက် မရှိစေရဘူး။ ရာထူးဝန် မလိုဘူး။ ကိုယ့်ပြည်နယ်ကိုယ်ခန့်။ ဖက်ဒရယ်ပုံစံလေ။ လူမျိုးကြီးဝါဒရှိတာပေါ့၊ ဘာလို့မရှိရမှာလဲ။ သူတို့က အကုန်လုံးခန့် ထားတာလေ။ ကဲ ဘယ်မှာလဲ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျနော့်ကိုပြစမ်းပါ။ ခရိုင်အုပ်ချုပ်ရေးမှူး ဘယ်မှာလဲ။ ရှမ်းပြည်နယ်က (၅၅) မြို့နယ်မှာ ရှမ်းတစ်ယောက်မှ အုပ်ချုပ်ရေးမှူးမရှိဘူး။ ကျနော်လည်းရှာတာပဲ၊ တစ်ယောက်မှမရှိဘူး။ ဒုမြို့နယ် အုပ်ချုပ် ရေးမှူး ပဲရှိတယ်။ ခင်ဗျားကလဲ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

USAP – တခြားပြောစရာမရှိပါဘူး။ ကျနော်ပြောတာတော်တော်များတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ရခိုင်ပါတီကအများစုနိုင်ပြီး NLD က ဝန်ကြီးချုပ်ဖြစ်တယ် ဆိုတော့ . . . . အပိုင်း (၃)

အခြေခံဥပဒေပြင်နိုင်ဖို့ဆိုရင် နောက်ထပ် (၁၀) နှစ်နဲ့ ပြင်နိုင်ရင် ကံကောင်း – အပိုင်း(၂)

ကျနော်တို့က ဗမာတပည့်၊ စစ်တပ်ရဲ့တပည့်ဆိုပြီး စွပ်စွဲခံရတာ – အပိုင်း(၁)

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,