ဒေါက်တာပလက်ဖောင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / စီးပွာရေးလုပ်ငန်းရှင်ဒေါက်တာမောင်မောင်လေး

တောင်လေတိုက်ရင် မြောက်ရောက်တာ၊ အရှေ့တိုက်ရင် အနောက် ရောက်တာ မဖြစ်ရဘူး။ နောက်ပြီး Surround yourself with winners တဲ့။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့သူတွေနဲ့ ခြံရံထားပါ။ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်၊ အပေါင်းအသင်းမှာပဲဖြစ်ဖြစ် အရက်သမားနဲ့ ပေါင်းရင် အရက်သမားဖြစ်သွားနိုင်တယ်။ ဘိန်းစားနဲ့ပေါင်းရင် ဘိန်းစားဖြစ်သွားနိုင်တယ် …

“စာတိုက်ကြီးကို ကောင်းကောင်းလုပ်ကျွေးခဲ့တာပေါ့။ မိတ်ဆက်စာတွေ ပို့ရတယ်၊ တစ်နေ့ ငါးစောင်။ တော်တော်ဒုက္ခရောက်တာနော်။ ဘယ်က အုတ်ကြားမြက်ပေါက်၊ ဓာတ်တိုင်အောက် သေးပေါက်တဲ့ကောင်လည်း ဆိုပြီး တချို့အဖက်လည်း မလုပ်ပါဘူး”

ကုန်သည်စက်မှုအသင်းချုပ်မှာ လုပ်တဲ့ Business Matching တွေမှာ လူအလာနည်းနေတဲ့ အကြောင်း ပြောပြရင်း ဒေါက်တာမောင်မောင်လေး က သူဖြတ်သန်းခဲ့ရတဲ့ ကြမ်းတမ်းမှု ကို ပြောပြတယ်။ မချင့်မရဲ ပြောနေ တဲ့ သူ့ဟန်ပန် က အတိတ်မှာ ပင်ပန်းခဲ့ရတဲ့အခြေအနေကို မေ့မရနိုင် တာထက် လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေကို အားမလို အားမရဖြစ်နေ ဟန် ပေါက်ပါတယ်။

“ရေကန်အသင့်ကြာအသင့်။ သံရုံးတွေနဲ့ လုပ်တာ။ UMFCCI ကလည်း အာမခံတယ်။ အုတ်ကြားမြက်ပေါက်တွေမဟုတ်ဘူး။ ဒီ ကုမ္ပဏီ ကောင်း တွေ ဒီမှာ လာလုပ်တာ ရေကန် အသင့်ကြာအသင့်။ ပင့်တာ။ ကော်ဖီ တိုက် မုန့်ကျွေးပြီးလုပ်တာ။ ဒါကို မလာချင်ဘူး။ အန်ကယ် တော်တော် စိတ်မကောင်းဘူး”

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၁၉၇၇ခုနှစ် ဝန်းကျင်လောက်က ဒေါက်တာမောင်မောင်လေးဟာ သူ့ကိုယ်သူ ဒေါက်တာ ပလက်ဖောင်း လို့ နာမည်ပေးပြီး ရန်ကုန်မြို့ ပန်းဆိုးတန်း တစ်ဝိုက်၊ (၃၇) လမ်းတစ်ဝိုက် လမ်းဘေး ပလက်ဖောင်း တွေမှာ လမ်းလျှောက်တယ်။ အဲဒီက စာအုပ်ဆိုင်တွေမှာ မဂ္ဂဇင်း အဟောင်းတွေ လိုက်ဝယ်တယ်။ အဲဒီစာအုပ်တွေမှာပါတဲ့ လိပ်စာတွေ၊ Telex Number တွေရှာပြီး Telex ပို့ပြီး မိတ်ဆက်တယ်။ တချို့က စာပြန်ပေမယ့် တချို့ကလည်း အဖက် မလုပ်ဘူး။ ဒါပေမဲ့ သူကတော့ ပို့မြဲ၊ အဆက်အသွယ်တွေ ရှာဖွေဆဲ။

အဲဒီအခြေအနေတွေကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ ဒေါက်တာ မောင်မောင်လေး အတွက်တော့ ဆက်သွယ်ရေး နည်းလမ်းကောင်းတွေ၊ အသင်းအဖွဲ့တွေရဲ့ ပံ့ပိုးမှုတွေရှိနေတဲ့ ဒီနေ့ဒီအချိန်မှာ စီးပွားရေး အချိတ်အဆက်တွေ၊ နိုင်ငံခြား အဆက်အသွယ်တွေ ရနိုင်တဲ့ အခွင့်အရေး ကောင်းတွေ ကို မြန်မာကုမ္ပဏီတွေ စိတ်ဝင်စားမှု နည်းပါးနေကြတာဟာ တော်တော်လေးကို မချင့်မရဲဖြစ်စေဟန် တူပါတယ်။ “ရေကန်အသင့် ကြာအသင့်” ဆိုတဲ့စကားလုံးကို ထပ်ခါ ထပ်ခါပြောနေခြင်းက သူ့ရဲ့အားမလိုအားမရဖြစ်နေမှုကို ပေါ်လွင်တယ်။

လွန်ခဲ့တဲ့ (၁၈) နှစ်ကတည်းက မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှာ ပါဝင်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁)၊ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်တွေ ထမ်းဆောင် ခဲ့တဲ့ ဒေါက်တာမောင်မောင်လေးဟာ လက်ရှိမှာလည်း ဒုဥက္ကဌ အနေနဲ့ ဆက်လက်တာဝန် ထမ်းဆောင်နေသူတစ်ဦးပါ။ အထူးသဖြင့် နိုင်ငံတကာနဲ့ ဆက်ဆံရေးကဏ္ဍကို သူအာရုံစိုက် လုပ်ဆောင်ခဲ့ပြီး စီးပွားရေးဆိုင်ရာ အဆက်အသွယ်ကောင်းတွေကို မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးနိုင်အောင် သူကြိုးစားခဲ့တယ်။

ဒေါက်တာမောင်မောင်လေးက ရန်ကုန်ဇာတိ။ ၁၉၅၀ ပြည့်နှစ်မှာ မွေးတယ်။ မွေးချင်း သုံးယောက် မှာ အကြီးဆုံးသား။ အ.ထ.က (၁) ဒဂုံ(English Methodist High School) က ၁၉၆၈ ခုနှစ်မှာ(၁၀) တန်းအောင်ပြီး ဆေးတက္ကသိုလ် တက်တယ်။ ၁၉၇၆ ခုနှစ်မှာ MBBS ဘွဲ့ရတယ်။ အဲဒီနောက်တော့ လျော်ကြေး (၁၅၀၀၀) ပေးပြီးထွက်တယ်။ အမေရိကား သွားဖို့ လုပ်တယ်။ အဲဒီအတွက် ဒေါ်လာ (၁၂၀) သွင်းပြီး ဘန်ကောက်မှာ စာမေးပွဲဖြေဖို့အလုပ် နိုင်ငံကူးလက်မှတ်အချိန်မီ မရခဲ့တာက ဒေါက်တာပလက်ဖောင်းဘ၀ ကို ငါးနှစ်လောက် ဖြတ်သန်းနေစေခဲ့တယ်။

၁၉၇၇ ခုနှစ် ကနေ ၁၉၈၀ ပြည့်နှစ်လောက်အထိ မိတ်ဆက်စာတွေပို့ပြီး အဆက်အသွယ်တွေ ရှာဖွေတယ်။ ၁၉၈၀ ပြည့်နှစ်မှာ နိုင်ငံခြား ကိုယ်စားလှယ် အဖြစ် သူစ အလုပ်လုပ်တယ်။ နိုင်ငံခြား ကိုယ်စားလှယ် ဆိုတာက အဲဒီတုန်းက ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဝန်ကြီးဌာန တို့မှာရှိတဲ့ ဆေးဝယ်ခြမ်းရေးအဖွဲ့တွေကို ဆေးဝါးနဲ့ ဆေးဝါးကိရိယာတွေ လိုက်စပ်ရတဲ့ အလုပ်ပါ။

Revlon Health Care, Roussel Uclaf, Ohmeda ဆိုတဲ့ နိုင်ငံခြားဆေး ကုမ္ပဏီ သုံးခုမှာ တစ်လ ဒေါ်လာ (၁၀၀) နဲ့ သူ အလုပ် လုပ်တယ်။ MFTB ဘဏ်စာရင်းမှာ တစ်ဒေါ်လာ ခြောက်ကျပ်နှုန်းနဲ့ လဲလှယ်ပြီး ငွေထုတ်ယူရတယ်။ ၁၉၈၅ ခုနှစ်မှာတော့ အစိုးရရဲ့ မူဝါဒ အပြောင်းအလဲဖြစ်ပြီး အဲဒီနိုင်ငံခြားဆေး ကိုယ်စားလှယ်တွေ အားလုံး ရုပ်သိမ်းခံ လိုက်ကြ ရတယ်။ ကား၊ လက်နှိပ်စက်၊ ရုပ်ရှင်ပြစက်၊ စာရွက်စာတမ်း၊ ဆေးနမူနာတွေအားလုံး လျော်ကြေး မရဘဲ အသိမ်းခံ ကြရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“လုပ်တဲ့သူတွေအကုန်လုံးက တောခိုသွားကြတယ်။ တောခိုတဲ့ meaning က ခိုးကြောင် ခိုးဝှက် လုပ်ကြရတယ်။ အန်ကယ်တို့ အချင်းချင်း ကိုယ့်ဟာကိုယ် ဂျိန်းစ်ဘွန်းလို့ ပြောကြတယ်။ 007 ဆိုပြီးတော့။ ဂျိန်းစ်ဘွန်းဆိုပြီး ခိုးကြောင်ခိုးဝှက် လုပ်ကြရတယ်။ အစိုးရက ငွေတော့ ဝင်တာ မတားဘူး။ ငွေတော့ရတယ်။ ခိုးကြောင် ခိုးဝှက်လုပ်ရတယ်။ ဒီသူခိုးဈေးကွက်ကို လုပ်ပေးတာ အစိုးရ ပေါ်လစီ ကပဲ လုပ်တာနော်။ ဟိုအရင် အစိုးရကလုပ်ခဲ့တာ။ ဒါမျိုး ထပ်မဖြစ်စေ ချင်ဘူး။ နောင်တစ်ခေတ်မှာ ဒီဥစ္စာကို သင်ခန်းစာယူရမယ်။ ဒါကို အစိုးရတွေ ကလည်း သိဖို့လိုတယ်” လို့ ဒေါက်တာမောင်မောင်လေးက ဆိုတယ်။

အဲဒီတော့ သူလည်း ဆေးကုသရင်း ဆက်လက် ရပ်တည်ခဲ့တယ်။ ကိုယ်ပိုင်ဆေးခန်း နှစ်ခုနဲ့ သမဆေးခန်း တစ်ခုထိုင်ရင်း အောင်မြင်တဲ့ ဆရာဝန် တစ်ယောက်ဖြစ်အောင် ကြိုးစား လုပ်ကိုင် ခဲ့ပြန်တယ်။ ၁၉၈၈ အရေးအခင်းမှာ အဲဒီဆေးခန်းတွေ ရပ်ဆိုင်းခဲ့ရပေမယ့် လက်ရှိ အချိန်ထိတော့ ဆေးကုသမှုတွေကို မရပ်ဘဲ ဆက်လုပ်နေဆဲပါ။

၁၉၉၃ ခုနှစ်မှာ ဇနီးရဲ့ နာမည်က “နီ”၊ သူ့ရဲ့ နာမည်က “လေး”၊ သမီးရဲ့နာမည်က “နိုင်”၊ သားရဲ့ နာမည်က “နီလေး” ဆိုတဲ့ စာလုံးတွေ ကိုယူပြီး “နီလေးနိုင်” ကုမ္ပဏီကို တည်ထောင်တယ်။ ၁၉၉၉ ခုနှစ်မှာ မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း တည်ထောင်ပြီး ဥက္ကဌအဖြစ် တာဝန်ယူလုပ်ဆောင်တယ်။ UMFCCI မှာ ပါဝင်ပြီး နိုင်ငံခြားရေးရာ ကိစ္စတွေကို အဓိက တာဝန်ယူခဲ့တယ်။

ဒေါက်တာမောင်မောင်လေးက “အစိုးရရဲ့ ပေါ်လစီတွေကို ကိုယ်လည်း သိပ်မယုံတဲ့အတွက် ဒီလုပ်ငန်းကို ၁၉၈၈ ကတည်းကစပေမယ့် ၁၉၉၃ ခုနှစ်မှ နီလေးနိုင်ကို စထောင်ခဲ့တယ်။ နှစ်အတော်ကြာ ထင်ထင် ပေါ်ပေါ် သိပ်မနေဘဲ Low Profile နဲ့ နေခဲ့တယ်။ တစ်ခါသေဖူး ပျဉ်ဖိုး နားလည် ဆိုသလို တစ်ခါသေဖူးတဲ့အတွက် တော်တော်လေး ကြောက်ပါတယ်” လို့ ဆိုတယ်။

၂၀၀၀ ပြည့်နှစ်မှာ ပြည်တွင်းတိုင်းရင်းသားပိုင် အနောက်တိုင်းဆေးဝါး ထုတ်လုပ်မှုတွေ ရပ်ဆိုင်းခံရပြီး စက်ပစ္စည်း၊ ဆေး၊ ဆေးဝါး ကုန်ကြမ်း တွေ အားလုံး ကို စက်မှု(၁) ကို အပ်ခဲ့ရပြန်တယ်။ ပြည်တွင်းထုတ် သမီးတော် အပ်ချုပ်စက်တွေ ရောင်းကောင်းဖို့ ပြည်ပက အပ်ချုပ် စက် တင်သွင်းမှု ပိတ်ခဲ့သလို ပြည်တွင်းထုတ် မောင်ဗမာစက်ဘီးတွေ ရောင်းကောင်းစေဖို့ ပြည်ပ စက်ဘီး တင်သွင်းမှု ပိတ်ခဲ့သလိုပါပဲ။ အဲဒီ မူဝါဒက လည်း ပြည်တွင်းဆေးဝါးလုပ်ငန်းတွေ အညွှန့်တုံးပြီး အခု အချိန် ထိ နာလန် မထူနိုင်စေခဲ့ပါဘူး။

“ဒီအတိုင်းသွားနေလို့မရဘူး။ politico-economy ဆိုတာ အမြဲ ဆက်နေ ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဆက်နေတယ်။ စီမံ ခန့်ခွဲမှု လုပ်တဲ့သူ ဟာ နိုင်ငံရဲ့လမ်းစဉ်၊ နိုင်ငံရဲ့ မူဝါဒကို သေသေချာချာ သိထားပြီး တော့ ကိုယ်ဘာ အိတ်စပတ်လုပ်ရမယ်ဆိုတာ သိဖို့လိုတယ်။ အမျိုးမျိုး အစိုးရက ပြောင်းတဲ့ဟာကို ကိုယ်က ကြိုတင်မြင်နိုင်ပြီး ပြင်ဆင် ထားနိုင်ဖို့ လိုတယ်”

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါက်တာမောင်မောင်လေးက အဲဒီအဖြစ်အပျက်ကနေ သင်ခန်းစာ ယူခဲ့ တယ်။ ဒါပေမဲ့ အစိုးရရဲ့မူဝါဒတွေက မတည်မငြိမ်ဖြစ်နေလေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် လုပ်ကိုင်ရ ပိုမိုခက်ခဲလေပါပဲ။ သူလည်း သတိထားနေရင်းနဲ့ပဲ ပေါ်လစီအပြောင်းအလဲရဲ့ နောက်ဆက်တွဲ ဆုံးရှုံးမှု ကို နောက်တစ်ကြိမ် ထပ်မံ ကြုံတွေ့ရပြန်ပါတယ်။

အဲဒါကတော့ ၂၀၀၀ နောက်ပိုင်းမှာ နိုင်ငံခြားဝင်ငွေရှိသူ ပြည်ပပို့ကုန် လုပ်တဲ့သူပဲ တင်သွင်းခွင့် ရမယ် လို့ ပေါ်လစီပြောင်းလဲလိုက်ခြင်းပါပဲ။ ဒါကြောင့် အရင်က ၁၉၉၃ ခုနှစ် ကနေ ၁၉၉၉ ခုနှစ်လောက်အထိ နိုင်ငံခြားငွေကိုဝယ်ပြီး ဆေးဝါးတင်သွင်းခွင့်ရခဲ့တဲ့ သူတို့လို လုပ်ငန်းရှင် တွေ ဟာ ငါး၊ ပုစွန် ပို့ကုန် လုပ်ငန်းရှင်တွေဆီ ငွေကို ကြိုတင်ပေးပြီး သူတို့ဆီက ပြန်ရ တဲ့နိုင်ငံခြားငွေနဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ ဝယ်ယူ တင်သွင်းခဲ့ရပါတယ်။

ဒီလုပ်ငန်းစဉ်တွေမှာ လက်လွှဲပြောင်းမှုအဆင့်တွေ များပြားတာ၊ နားလည်မှု နဲ့ ယုံကြည်ပေး ထား ရတာ၊ ဥပဒေအရကာကွယ်ပေးနိုင်မှု အားနည်းတာတွေရဲ့ အကျိုးဆက်အဖြစ် ၂၀၀၄ ခုနှစ်မှာ ငွေလိမ် ခံခဲ့ရတယ်။ သူအပါအဝင် လုပ်ငန်းရှင် (၂၉) ဦးဟာ ဒေါ်လာ နှစ်သန်း နီးပါး အလိမ်ခံရပြီး အားလုံးဆုံးရှုံးသွားခဲ့ကြပါတယ်။

“မိသားစုကတော့ အလူးအလဲပဲ။ အန်တီဆိုရင် တရားစခန်းတောင် ဝင်ရတဲ့ဘဝရောက်တယ်”

 

ဘယ်တော့မှ Reactive မဖြစ်ပါနဲ့။ ခြင်ကိုက်မှ ခြင်မရိုက်ပါနဲ့။ Proactive အမြဲဖြစ်ပါ။ ကြိုတင်တွေးထားပြီး ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ အင်္ဂလိပ်စကားရှိပါတယ်။ If you fail to plan, you plan to fail တဲ့။ ကြိုတင်စီမံချက် မထားရင် မအောင်မြင်ဘူး။ ဒါက အရေးကြီးတယ်။ အန်ကယ် ဒါကို အမြဲသုံးသပ်ပြီး Proactive ဖြစ်အောင်လုပ်တယ် …

 

သူကတော့ “လဲရင် ပြန်ထ လူ့ဘဝ” လို့ ခံယူထားတဲ့အတိုင်း သင်ခန်းစာ ယူပြီး ရှေ့ဆက် လျှောက် တယ်။ ဒီဆုံးရှုံးမှုအတွက် နိုင်ငံတော်ကို တင်ပြတဲ့ အခါ လိမ်လည်သွားတဲ့ လုပ်ငန်းရှင် ကို အမည်ပျက် စာရင်း သွင်းလိုက်ပေမယ့် ဆုံးရှုံးသွားတဲ့ ငွေကြေးတွေ ကတော့ ပြန်မရတော့ ပါဘူး။ အကောင်းဘက်ကတွေးရင် သူတို့အတွက် အကြီးမားဆုံး ရလဒ်ကတော့ Account Transfer တွေ လုပ်ခွင့်ပြန်ရ လာခြင်းပါပဲ။

“Export လုပ်မှ Import လုပ်လို့ရမယ်ဆိုတော့ သူ့ကို ပိုက်ဆံ အရင်ပေးထားရတယ်၊ ငါးပုစွန် အတွက်ကို။ သူက ငါးပုစွန်အတွက်သုံး။ သုံးပြီးမှ ကိုယ့်ကိုပေးမှ လုပ်လို့ရတာဆိုတော့ ဒုက္ခရောက်လိုက် တာလေ” လို့ ဒေါက်တာမောင်မောင်လေးက ဆိုတယ်။

World Bank လက်အောက်က International Finance Corporation (IFC) ရဲ့ ထုတ်ပြန်ချက် အရဆိုရင်တော့ တစ်ကမ္ဘာလုံးက မိသားစုကုမ္ပဏီတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ တည်ထောင်ပြီးတဲ့နောက် တတိယမျိုးဆက်၊ မြေးလက်ထက်မှာ ပျက်စီးသွားကြပါတယ်။ အချင်းချင်း မသင့်မြတ်မှုတွေ၊ စီမံခန့်ခွဲမှုအမှားတွေ၊ သူတစ်လူ ငါတစ်မင်း ဆုံးဖြတ် ချက် တွေက ပျက်သုဉ်းစေတဲ့ အဓိက အကြောင်းရင်းတွေဖြစ်ကြ လို့ဆိုပါတယ်။

လက်ရှိမှာတော့ ဒေါက်တာမောင်မောင်လေးတည်ထောင်ထားတဲ့ နီလေးနိုင် ကုမ္ပဏီနဲ့ Medical Business International (MEDIBIZ) ကုမ္ပဏီတို့ဟာ ဝန်ထမ်း(၁၈၀) ကျော်နဲ့ မိသားစုကုမ္ပဏီအဖြစ် တည်တည် ငြိမ်ငြိမ် ရပ်တည်နေပါတယ်။ ဓာတ်ဆား၊ အသက် ကယ်ဆေး၊ ကင်ဆာဆေးမျိုးစုံ၊ အရေပြားဆေးမျိုးစုံ၊ ကျောက်ခြေစက်၊ နှလုံး သွေးကြော ချဲ့ကိရိယာ၊ အောက်ဆီဂျင်စက် စတဲ့ ဆေးနဲ့ ဆေးပစ္စည်း တွေကို တင်သွင်းဖြန့်ချိနေတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင် တာတွေအတွက် နယူးယောက်မြို့မှာရှိတဲ့ သားကြီးဖြစ်သူကရော၊ နယူးယောက်မြို့က ကမ္ဘာ့ကုလသမဂ္ဂမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ သမီးဖြစ်သူကပါ ဖခင်နဲ့အတူ ဝိုင်းဝန်း အလုပ်လုပ်ပေးနေကြတယ်။

“ဘယ်တော့မှ Reactive မဖြစ်ပါနဲ့။ ခြင်ကိုက်မှ ခြင်မရိုက်ပါနဲ့။ Proactive အမြဲဖြစ်ပါ။ ကြိုတင်တွေးထားပြီး ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ အင်္ဂလိပ်စကားရှိပါတယ်။ If you fail to plan, you plan to fail တဲ့။ ကြိုတင်စီမံချက် မထားရင် မအောင်မြင်ဘူး။ ဒါက အရေးကြီးတယ်။ အန်ကယ် ဒါကို အမြဲသုံးသပ်ပြီး Proactive ဖြစ်အောင်လုပ်တယ်”

“Honesty is the best policy” လို့ ရိုးသားမှုကို ကိုယ်ပိုင် စီးပွားရေး မူဝါဒ အဖြစ် လက်ကိုင် ထားတဲ့ ဒေါက်တာမောင်မောင်လေးက ကိုယ့်ကိုယ်ရေး ကိုယ်တာ အလုပ်၊ ကိုယ့်ရုံးအလုပ်၊ ကုန်သည်စက်မှု အသင်း က ပေးထားတဲ့အလုပ်၊ နိုင်ငံတော်ကပေးတဲ့ အလုပ်တွေနဲ့ ပုံမှန် လည်ပတ်နေတဲ့ သူ့ဘဝမှာ သူကျင့်သုံးတဲ့ အချိန်စီမံခန့်ခွဲမှု နည်းလမ်း ကို ပြောတယ်။

လူငယ်တွေ အနေနဲ့ လုပ်ငန်း စတင်တဲ့အခါ ကိုယ်သိတဲ့လုပ်ငန်း၊ ကိုယ်တတ်တဲ့လုပ်ငန်း၊ ကိုယ်နိုင်တဲ့လုပ်ငန်း၊ ကိုယ်ဝါသနာပါတဲ့ လုပ်ငန်းကို အခြေပြုဖို့၊ တစ်စိုက်မတ်မတ်လုပ်ဖို့၊ အချိန်ကို အကျိုး ရှိစွာသုံးစွဲဖို့၊ စာဖတ်ဖို့နဲ့ တခြားသူတွေ ဘယ်လိုတိုးတက်လာလဲ လေ့လာ အတုယူဖို့ လည်း သူက တိုက်တွန်းတယ်။

“တောင်လေတိုက်ရင် မြောက်ရောက်တာ၊ အရှေ့တိုက်ရင် အနောက် ရောက်တာ မဖြစ်ရဘူး။ နောက်ပြီး Surround yourself with winners တဲ့။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့သူတွေနဲ့ ခြံရံထားပါ။ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်၊ အပေါင်းအသင်းမှာပဲဖြစ်ဖြစ် အရက်သမားနဲ့ ပေါင်းရင် အရက်သမားဖြစ်သွားနိုင်တယ်။ ဘိန်းစားနဲ့ပေါင်းရင် ဘိန်းစားဖြစ်သွားနိုင်တယ်” လို့ သတိပေးတယ်။

ဒေါက်တာမောင်မောင်လေးက သူ့ရဲ့ပိုင်ဆိုင်မှုတွေအထဲမှာ ဝန်ထမ်းတွေ ကို အကြီးမား ဆုံးသော တန်ဖိုးအရှိဆုံးအရာအဖြစ် သတ်မှတ်ထား တယ်။ ဝန်ထမ်းတွေ မပါဘဲ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် မဖြစ်ဘူး ဆိုတာလည်း သူနားလည် လက်ခံထားတယ်။ ဒါကြောင့်လည်း ဝန်ထမ်းတွေ ကို ကျောသား ရင်သား မခွဲခြားဘူး၊ မပစ်ပယ်ဘူး။ ကျန်းမာရေး အတွက် မိသားစု က အစ ဆေးကုပေးတယ်။ အနာဂတ် ဘ၀ အာမခံချက် အတွက် လုပ်သက်ရင့်ဝန်ထမ်းတွေကို အစုရှယ်ယာ ပေးတယ်။ ကောင်းသော လမ်းညွှန်မှုတွေ ပေးတယ်။

“အန်ကယ် UMFCCI မှာ (၁၈) နှစ်လုပ်တာ တစ်ပြားမှ မရဘူးနော်။ ကော်ဖီပဲသောက်ပြီး လုပ်တာ။ ဘာမှ အခွင့်အရေးလည်း မရဘူး။ ယူရင်တော့ ရချင်ရမှာပေါ့နော်။ သို့သော် ဘယ်လို အကျိုးရှိသွားလဲ ဆိုတော့ အန်ကယ်က ဂေါက်လည်း မရိုက်ဘူး။ စောနပြောသလို အောင်မြင် ထား တဲ့သူတွေနဲ့ ခြံရံထားပါဆိုတဲ့ အတိုင်း UMFCCI မှာ လုပ်နေတဲ့သူတွေ တစ်ယောက်မှ ဖွတ်ကျား မရှိဘူး။ သူတို့ အောင်မြင် တယ်။ သူတို့နဲ့ ခြံရံထားတော့ အကြားအမြင်ဗဟုသုတရပြီး ကိုယ်က တတ်သွားတာပါ”

ဘာပဲဖြစ်ဖြစ် ဒေါက်တာမောင်မောင်လေးကတော့ သူ့ရဲ့လက်ရှိဘဝကို ကျေနပ်နေတယ်။ အောင်မြင်တဲ့ သူတိုင်းကို သူ့ရဲ့Role Model အဖြစ် ခံယူတယ်။ သူတို့တွေဆီက ကောင်းတာ ယူတယ်၊ မကောင်းတာ ပယ်တယ်။ အကုန်လုံးက အကောင်းဆုံးမဟုတ်ပေမယ့် အကုန်လုံး ဆီက အကောင်းဆုံးကိုယူပြီး မှန်မှန်ကန်ကန်နဲ့ ကိုယ့်ဘဝတိုးတက်အောင် လုပ်သွားဖို့ လက်ရှိ အချိန်အထိ သူ စိတ်အား ထက်သန်နေဆဲပဲ။

“ခေတ်လူငယ်တွေက အရင်တုန်းက ခရိုနီတို့၊ အိုဒီဂတ်တို့၊ ရိုက်စား လုပ်ပြီး ချမ်းသာ သွားကြတဲ့ သူတွေ ကို စံနမူနာယူပြီး ဒါမျိုးု ဖြစ်ချင်ကြတယ်။ တော်တော်များများ က လမ်းကြောင်းမှန်ပေါ် တက်ပြီး လျှောက်လှမ်းချင် တာ မရှိဘူး။ မှန်မှန်ကန်ကန် လုပ်ဖို့လိုပါတယ်။ မှန်မှန်ကန်ကန် နဲ့ သမားရိုးကျသွားတဲ့အပြင် ပြောင်းလဲလာတဲ့ခေတ်ကြီး၊ အခါကြီးမှာ ဖြစ်ပေါ်လာတဲ့တီးလုံးတွေနဲ့ ကနိုင်အောင်ကြိုးစားရမယ်။ ကနိုင်အောင် အရည်အချင်း ကို ပြည့်မီအောင် လုပ်ထားရမယ်။ ကမ္ဘာကြီးက နေ့စဉ်နဲ့အမျှပြောင်းနေတယ်။ ဘီလူးဆိုင်းတီးရင်လည်း ဘီလူးက ကနိုင်အောင်၊ မင်းသားဆိုင်းတီးရင် လည်း မင်းသားက ကနိုင်အောင်၊ ဘယ်လိုစမ်းစမ်း ဘက်စုံက ကနိုင် အောင် Knowledge က အရမ်းလိုတယ်” လို့ ဒေါက်တာမောင်မောင်လေးက ဆိုပါတယ်။

ဇော်နောင်လင်း
သြဂုတ်(၂၇)၊၂၀၁၈


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။