ဒေါ်အောင်ဆန်းစုကြည် ရှေ့ကလျှောက်ရင် နောက်ကလိုက်မယ့် အနေအထား မရှိတော့ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UDHM / UNDP ၏ ဥက္ကဌ ဦးဒေးဗစ်လှမြင့်

ဒီနေ့ ရှေ့ကို ဘာမှ မရောက်ဘဲနဲ့ ၊ဘာတစ်ခုမှ လည်း အဆင်မပြေ၊ အောင် လည်း မအောင်မြင် အခြေအနေက နောက်ကိုတောင် ပြန်ဆုတ်လာတဲ့ အခြေအနေ …

ရွေးကောက်ပွဲပြင်ဆင်မှု ကြုံတွေ့နေရသည့် အခြေအနေများ၊ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး မျှော်တွေးချက်၊NLD အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု စသည်တို့နှင့်ပတ်သက်၍ ၁၉၉၀ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများဖြင့် အခြေခံဖွဲ့စည်း ထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးဒေးဗစ်လှမြင့် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – ဦးဒေဗစ်လှမြင့်အနေနဲ့ ၁၉၉၀ ရွေးကောက်ခံ အမတ်တစ်ယောက်လည်းဖြစ်ခဲ့ တယ်။ ၁၉၉၀ ကိုပြန်ကြည့်ရင် နိုင်ငံရေးအရ ဘာတွေကို ဆင်ခြင်မိလဲ။ ဘာတွေကို သင်ခန်းစာအနေနဲ့ရခဲ့လဲ။

UDHM – ကျနော်တို့ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲ အနိုင်ရခဲ့ပေမယ့် လွှတ်တော် ခေါ်ယူပေးခဲ့ခြင်း မရှိဘူး။ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တဲ့ စစ်အစိုးရက တာဝန်ပျက်ကွက်ခဲ့တာပေါ့။ ဒါပေမယ့် ဒီနေရာမှာ ကျနော်တို့ ဘာကို သွားတွေ့သလဲဆိုတော့ ကျနော်တို့ ၁၉၉၀ အဖွဲ့အနေနဲ့ လုပ်သင့်လုပ်ထိုက်ခဲ့တဲ့ အလုပ်တွေကို မလုပ်နိုင်ခဲ့တာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ ရွေးကောက်ပွဲပြီးတဲ့ အခါမှာ အစိုးရ ဖွဲ့ရမယ့် ကိစ္စပေါ့။ ကျနော်တို့ဂန္ဒီခန်းမမှာ ကျင်းပခဲ့ တာမှာ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ပထမဆုံး အကြိမ်တွေ့တဲ့ အချိန်မှာ ကျနော်တို့ အစိုးရ တစ်ခါတည်း ဖွဲ့လိုက် ရမှာ။ လုပ်သင့်လုပ်ထိုက် တာကို မလုပ်ဘူးပေါ့ဗျာ။

အစိုးရ မဖွဲ့ဘဲနဲ့ ဟိုစာထုတ်၊ ဒီစာထုတ်နဲ့ မသေချာမရေရာတဲ့ဟာတွေကို သွားပြီး လုပ်တဲ့ အခါကျတော့ ရွေးကောက်ပွဲ ရလဒ်ကြီးက အကောင်အထည်မပေါ်ဘဲ အဲဒီကစပြီး ရှင်းရှင်းပြောရရင် ဂန္ဒီခန်းမကနေ ခ၊ ခပြီး ကျိုးတဲ့ သဘော ရှိတာပေါ့။ အဲဒါ သင်ခန်းစာ။ သင်ခန်းစာက ဘာလဲဆိုတော့ ကျနော်တို့က အခြေအနေနဲ့ အချိန်အခါပေးတဲ့ အချိန်မှာ အလုပ်လုပ်ရမယ့် ဟာကို တာဝန်က မလုပ်ခဲ့ကြတာ။

ကျနော်တို့ကတော့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ က အဲဒီအချိန်မှာ စီအီးစီ မဟုတ်ဘူး။ ပါတီမှာ ပေါ်လစီ ဆုံးဖြတ်ချက် ပေးနိုင်တဲ့သူတွေ မဟုတ်ဘူး။ နောက်က လိုက်ရတာဖြစ်တဲ့ အတွက် အထက်ကလုပ်တဲ့ကိစ္စကို ကျနော်တို့က တင်ပြရုံက လွဲလို့ ကျနော်တို့ ကျန်တာ မလုပ်နိုင်ခဲ့ဘူး။ အဲဒါသင်ခန်းစာပဲ။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို မလုပ်ခဲ့လို့ ကျနော်တို့ ၉၀ ရွေးကောက်ပွဲ ကြီးရဲ့ ရလဒ်က ဒီလိုအခြေအနေမျိုး ဖြစ်သွားခဲ့တာ။

ဒီစဉ်းစားချက်မျိုးက ဒီနေ့ NLD မှာ သိပ်ရှိပုံမရဘူး – အပိုင်း(၁)

ငြမ်းမီဒီယာ – ၉၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ယောက်၊ အခု UNDP ပါတီရဲ့ ဥက္ကဌ ။အခုအချိန်မှာ NLD အစိုးရရဲ့ နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်မှုတွေကို မှတ်ချက်ပြုပါဆိုရင် ဘာဖြစ်မလဲခင်ဗျ။

UDHM – NLD အစိုးရ က ရှေ့ကို သူသွားရမယ့် လမ်းကို အရင်မူလက ကျနော်တို့ချမှတ်ထားတဲ့ ၁၉၈၈ ခုနှစ်က ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းကြောင်းအရကို လျောက်တဲ့နေရာမှာ လိုအပ်ချက် တွေ အများကြီး ရှိလာတယ်ဆိုတာကို ကျနော်တို့တွေ့ရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်တစ်ခု က လက်ရှိ သွားနေတဲ့ အခင်အကျင်းမှာ ရှေ့မရောက်ဘဲ နောက်ကြောင်းကို ပြန်လှည့်လာတဲ့ ပုံစံမျိုးကို တွေ့နေ ရတယ်။ အဓိက ပြောချင်တာကတော့ ဗျာ အရင်တုန်းက ကျနော်တို့တတွေ ရှိနေတုန်းက NLD ပါတီ ပုံစံနဲ့ လက်ရှိပါတီရဲ့ ပုံစံက လုံးဝမတူတော့ဘူးဗျ။

ပါတီမှာတာဝန်ယူနေတဲ့ ခေါင်းဆောင်အပိုင်းမှာ ကျနော်တို့ ပါဝင်ခဲ့တုန်းက ခေါင်းဆောင်ပိုင်းနဲ့ လက်ရှိ ရှိနေတဲ့ ခေါင်းဆောင်ပိုင်း က အင်မတန်ပျော့ပြောင်းတယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။

ရွေးကောက်ပွဲ ပြီးတဲ့အခါ NLD အစိုးရဖြစ်သွားတဲ့ အခါကျတော့ ဒီအတူလက်တွဲခဲ့တဲ့ လူတွေနဲ့ လျောက်တဲ့ ခရီးကို မလျောက် တော့ဘူး။ သူက ဘယ်လိုဖြစ်သွားလဲ ဆိုတဲ့ အခါ …

ရှေ့ကိုတက်ရမယ့် ခရီးကြမ်းကြီး တစ်ခုလုံးရှိနေတယ်။ ဆူးတော၊ခြုံတောထဲကို ကျနော်တို့ သွားရမယ့်အနေအထားက ရှိနေ သေးတယ်။

ဒီအချိန်မှာ ကျနော်တို့ ပန်းခင်းတဲ့ လမ်းကို လျောက်ရမယ့် အချိန်မဟုတ်ဘူး။ ခရီးကြမ်းကို လျောက်ရမယ့် အချိန်မှာ NLD အနေနဲ့က ပန်းခင်းတဲ့ လမ်းကို လျောက်နေသလိုပဲ ကျနော်တို့ မြင်နေရတယ်။

ဥပမာဗျာ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကိစ္စရပ်တွေက ကျနော်တို့က အစိုးရဖွဲ့ဖို့၊အနိုင်ရရေး ဆိုတာထက် ဒီကနေ့ ရှေ့ကိုသွားမယ့် ခရီးအတွက် လှေခါးထစ် တစ်ခုလို့ပဲ ကျနော်က မြင်စေချင်တယ်။

အခုဟာ က NLD က ဟိုးအရင် မူလ NLD တုန်းက တိုင်းရင်းသားတွေနဲ့ အသိုင်းအဝိုင်း တစ်ခု တည်ဆောက် ထားတာ။ NLD အာဏာ မရခင် ကာလမှာ တိုင်းရင်းသားတွေနဲ့ တစ်သွေးတည်း ၊တစ်သားတည်း သွားခဲ့ ကြတာလေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အရင်တုန်းက ရွေးကောက်ပွဲ ပြီးပြီးချင်းမှာပဲ ကျနော်တို့ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်နဲ့ အတူ ကျနော်တို့ UNLD နဲ့ ၊NLD နဲ့ ၊SNLD တို့နဲ့ အားလုံး အတူလက်တွဲပြီး တော့ ကြေညာချက် တွေ ထုတ်တယ်။ အတူသွားတယ်။

ဒီဒုက္ခပေးတဲ့ အခြေခံဥပဒေကို ရေးဆွဲထောက်ခံခဲ့တဲ့အထဲမှာ ကျွန်တော်တို့မပါဘူး – အပိုင်း(၂)

အဲဒီနောက်ပိုင်းမှာ အခက်အခဲတွေကြုံလည်း အတူတူ ကျော်ဖြတ်တယ်။ နောက် CRPP ဖွဲ့တယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေနဲ့ အတူတူသွားကြတယ်။ အကုန်လုံးလည်း အဖမ်းခံတယ်။ ထောင်ထဲလည်းဝင်ကြတယ်။အတူတူသွားကြတာပဲ။ တစ်ခရီးတည်း လျောက်ခဲ့ကြတာ။

ဒါပေမယ့် ရွေးကောက်ပွဲ ပြီးတဲ့အခါ NLD အစိုးရဖြစ်သွားတဲ့ အခါကျတော့ ဒီအတူလက်တွဲခဲ့တဲ့ လူတွေနဲ့ လျောက်တဲ့ ခရီးကို မလျောက် တော့ဘူး။ သူက ဘယ်လိုဖြစ်သွားလဲ ဆိုတဲ့ အခါ ကျတော့ သူက သူပေးတာကိုပဲ ယူရမယ့် အနေအထားတွေ အကုန် ဖြစ်ကုန်ရော။ အားလုံးကဗျာ တန်းတူရည်တူ အတူတူ တစ်ခရီးတည်းကို ဖြတ်ခဲ့ကြတယ်။

ဒီလိုအခြေအနေမျိုး ရောက်လာရင် ငါတို့အတူတူလက်တွဲပြီး ဆက်သွားမယ် မဟုတ်ဘဲနဲ့ သူ့ရဲ့ အောက်မှာဘဲ တိုင်းရင်သားတွေကို ထားချင်တဲ့ အနေအထားတွေ့လာရတယ်။ဒါကြောင့်မို့ ရှမ်းတို့ဘာတို့နဲ့ NLD နဲ့က အတူ လက်တွဲလာခဲ့တဲ့ အနေအထား မရှိတော့ဘူး ဖြစ်သွားတာပေါ့။

နောက်တစ်ခုက ထပ်ပြီး လုပ်လိုက် တာ က မဟာမိတ် ဆက်ဆံရေး မရှိဘူးဆိုပြီး ဖြစ်လာတယ်။ ဖြစ်လာတော့ ကျနော်တို့က ရှေ့ဆက်သွားဖို့ ခရီးက ပါတီ တစ်ခုတည်း ၊အစိုးရတစ်ခုတည်းနဲ့ နိုင်ငံကို ဦးဆောင်သွားလို့ မရဘူးဗျ။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီနိုင်ငံက ပြည်ထောင်စုနိုင်ငံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံဖြစ်တဲ့ အတွက် လူမျိုး တစ်မျိုးတည်း၊ ပါတီတစ်ခုတည်း၊ အစိုးရ တစ်ခုတည်း က ဒါကို ဦးဆောင်ပြီး ငါတို့ တည်ဆောက်မယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒီနေ့ တိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအများကြီး ။ငြိမ်းချမ်းရေးက မရ။ ဒီလိုအချိန်မှာ အားလုံးအတူ လက်တွဲပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်ကို အကောင်းဆုံး၊ အလှပဆုံး ဖြစ်အောင် ပုံဖော်ရမယ့် အလုပ်ကို မလုပ်ဘဲနဲ့ ငါတို့အဖွဲ့အစည်း၊ ငါတို့ အစိုးရ၊ ငါတို့ပဲ ဆိုတဲ့ ကိုယ့်အတွက်တစ်ခုတည်းကိုပဲ စဉ်းစားပြီးတော့ လုပ်ကိုင်တာတွေ ဖြစ်တဲ့ အတွက် ဒီနေ့ ရှေ့ကို ဘာမှ မရောက်ဘဲနဲ့ ၊ဘာတစ်ခုမှ လည်း အဆင်မပြေ၊ အောင် လည်း မအောင်မြင် အခြေအနေက နောက်ကိုတောင် ပြန်ဆုတ်လာတဲ့ အခြေအနေ မျိုးကို ကျနော်တို့ မြင်နေ ရတယ်။

ရှစ်လေးလုံး အရေးတော်ပုံကနေ ပေးဆပ်ခဲ့ရတဲ့ သူတွေ ၊ ဘဝတွေ၊ အသက်၊သွေး၊ချွေးတွေက အလဟဿ ဖြစ်ကုန်မှာ ဗျ။ ဒါကို ကျနော်တို့ စိုးရိမ်တယ်။ဒါက …

တကယ်လို့သာ အရင်တုန်းက ရှစ်လေးလုံး အရေးတော်ပုံမှာ ဖြတ်သန်းလာခဲ့တဲ့ စိတ်ဓာတ်နဲ့ အဲဒီတုန်း က ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ် တွေနဲ့ နောက်တစ်ခါ ကျနော်တို့ရဲ့မိတ်ဆွေတွေ ။မိတ်ဆွေတွေ ဆိုတာက တိုင်းရင်းသား အဖွဲ့အစည်းတွေ ရှိတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ ရှိတယ်။

ဒီလိုအဖွဲ့အစည်းတွေမှာ စွမ်းစွမ်းတမံနဲ့ လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေအများကြီး ရှိတယ်။ ပညာရှင်တွေလည်း အများကြီး ရှိတယ်။ ဒါတွေကို အကုန် အတူလက်တွဲပြီး ကျနော်တို့နိုင်ငံကို ကောင်းကောင်းထူထောင်လို့ရ တယ်။ ဒါပေမယ့် အခုဟာက အားလုံးကို ထားခဲ့ပြီးတော့မှ လမ်းသစ်တစ်ခုကို ကိုယ့်ဘာသာစိတ်ကြိုက် ပုံဖော်တဲ့ အခါကျတော့ မူလ ရဲဘော်ရဲဘက်တွေ ကို လည်း စွန့်ခွာခဲ့တယ်။

တချို့တချို့အစိုးရရဲ့ ပုံစံကိုက ကျနော်တို့ ရဲဘော်ရဲဘက် တွေ ပါဝင်သင့် ပါဝင် ထိုက်တဲ့ သူတွေ မပါဘဲနဲ့ ကျနော်တို့ တစ်ခါမှ မတွေ့ဖူး၊ မကြားဖူးတဲ့ လူတွေနဲ့ အားကောင်းတဲ့ အစိုးရ တစ်ရပ် ဖြစ်မလာဘဲ အားပျော့ တဲ့ အစိုးရတစ်ရပ် ပုံစံနဲ့ သွားတဲ့အခါ ကျတော့ အရေး တော် ပုံကြီး တစ်ခုလုံးက လုပ်ခဲ့ရတဲ့ ကိစ္စရပ်တွေတောင် ဆုံးရှုံး သွားမှာတောင် ကျနော်တို့က စိုးရိမ်တယ်။ ဒါကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုပဲ။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ ကျနော်တို့ လျောက်ခဲ့ရတဲ့ လမ်းက မဆုံးသေးဘူး။ မဆုံးသေးတဲ့ ခရီးမှာ လမ်းမှာ NLD ပါတီဆိုတာ တော်လှန်ရေးမှာ ဦးဆောင်ခဲ့တဲ့ ပါတီ။သူက တစ်ခါတည်း ခါးကျိုး ကျသွားရင် ရှစ်လေးလုံး အရေးတော်ပုံကနေ ပေးဆပ်ခဲ့ရတဲ့ သူတွေ ၊ ဘဝတွေ၊ အသက်၊သွေး၊ချွေးတွေက အလဟဿ ဖြစ်ကုန်မှာ ဗျ။ ဒါကို ကျနော်တို့ စိုးရိမ်တယ်။ဒါက ကျနော်တို့ အမြင်ပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည် မဲမဆွယ်ရင် သူတို့လည်း သိပ်တော့ မလွယ်ဘူး

ငြမ်းမီဒီယာ – ၂၀၂၀ အလွန် မြန်မာ့နိုင်ငံရေးကို၊ ရွေးကောက်ပွဲအလွန်ကို ဘယ်လို မျှော်တွေးထားလဲခင်ဗျ။

UDHM – အခု ၂၀၂၀ ရွေးကောက်ပွဲကတော့ အရေးကြီးတဲ့ အနေအထား တစ်ခုပါတာပေါ့ဗျာ။ ဒါပေမယ့် ရွေးကောက်ပွဲ တစ်ခုတည်းကနေ နိုင်ငံရဲ့ အပြောင်းအလဲကို ဆုံးဖြတ်ချက်ပေးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက လုပ်ငန်းစဉ်တစ်ခုပဲ။

၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ လုပ်ရတာဖြစ်တဲ့ အတွက် ၂၀၀၈ အောက်ကနေ လုပ်တဲ့ ဟာ အားလုံးက အဆင်ပြေစရာ အကြောင်း မရှိဘူး။ အပြောင်းအလဲကို ရနိုင်တဲ့ အနေအထား မရှိဘူး။ ဒါက step တစ်ခုလောက်ပဲ ရှိတယ်။ တကယ့်တကယ် အားလုံး အပြောင်းအလဲ ကို ဖြစ်မသွားနိုင်ဘူး။

အဲဒီတော့ ဒီရွေးကောက်ပွဲအပြီးမှာ ပေါ်ပေါက်လာမယ့် အစိုးရသစ် က ကျနော်တို့ ခန့်မှန်း ထားတာ ကတော့ ညွှန့်ပေါင်း အစိုးရတစ်ရပ်ပဲ ဖြစ်လိမ့်မယ်လို့ ကျနော်တို့မြင်တယ်။ တစ်ပါတီတည်းက အပြတ်အသတ်နိုင်မယ် မထင်ဘူး။

အဲဒီတော့ ဒီလို ညွှန်ပေါင်းအစိုးရ တစ်ရပ်ဖြစ်လာခဲ့ရင် နိုင်ငံရေးမူဝါဒတွေ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး ပုံစံတွေ ပြောင်းသွားမယ်လို့ ကျနော်မြင်တယ်။

နိုင်ငံရေး ကလည်း မျှော်လင့်ချက်မရှိဘူး။ စီးပွားရေး ကလည်း မအောင်မြင်တော့ လူတွေ မှာက ထွက်ပေါက်မရှိတဲ့ အနေအထားကို ကျနော်တို့ မြင်တွေ့ရတယ်။ ဒါကို …

ညွှန်ပေါင်းဆိုတဲ့ နေရာမှာ ကျနော်ပြောတာက ပြည်မက ပါတီတွေ ညွှန့်ပေါင်းဖြစ်မှာ ပြောတာ မဟုတ်ပါဘူး။ ပြည်မပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေပေါင်းပြီးတော့ ညွှန့်ပေါင်း ဖြစ်ပေါ် လာမယ်။ ဖြစ်ပေါ်လာခဲ့ရင် ညွှန်ပေါင်းအစိုးရအနေနဲ့ ရှေ့ကို ဆက်သွားမယ့် ခရီးမှာ ကိုယ့်သဘောကိုယ်ဆောင်ပြီး လုပ်လို့ မရနိုင်ဘူး။

အဲဒီတော့ တိုင်းပြည်မှာကြုံနေတဲ့ တိုင်းရင်းသားပြဿနာ ၊ငြိမ်းချမ်းရေး ပြဿနာ၊ အခြေခံ ကျတဲ့ ဖွဲ့စည်းပုံပြဿနာတွေက အရင်တုန်း ကလို တစ်ဖွဲ့တည်း၊တစ်ခုတည်းနဲ့ မလုပ်နိုင်တော့ဘဲ အားလုံးနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းတဲ့အနေအထားမျိုးလည်း ရောက်လာနိုင် တယ်။

နောက်တစ်ခုက ဒီရွေးကောက်ပွဲဟာ အားလုံးမျှော်လင့်နေတဲ့ ပုံသဏ္ဍန် မဟုတ်ဘဲနဲ့ တခြားကို သွေဖည် သွားတဲ့ပုံစံမျိုးပေါ့ ။ရွေးကောက်ပွဲ သည် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ လား၊ ရွေးကောက်ပွဲသည် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လား၊မဖြစ်လား ဆိုတာ ရွေးကောက်ပွဲပြီးမှ ကျနော်တို့ သိရမှာလေ။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုရင်တော့ ကျနော်တို့ မပြောလိုဘူး။ ရွေးကောက်ပွဲ လမ်းကြောင်း က တည့်တည့် မတ်မတ် မလာဘဲနဲ့ တရားမျှတမှုနည်းပါးတယ်၊ လျော့တယ် ၊မရှိဘူး အဲဒီလိုမျိုး ဖြစ်လာရင် လာမယ့် ရှေ့အနာဂတ်မှာ ဒီလို ရွေးကောက်ပွဲနဲ့ သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊အစိုးရတွေကို ပြည်သူက အယုံအကြည်ရှိမှာ မဟုတ်ဘူး။

မရှိတဲ့ အခါကျရင် ဘာဖြစ်လာမလဲဆိုတော့ ကိုယ့်လမ်း ကိုယ်ဖောက်ပြီးတော့ ကျနော်တို့ အရင်တုန်းက ရှစ်လေးလုံးစိတ်ဓာတ်နဲ့ ပဲ ဆက်လက်ပြီး ချီတက်သွားဖို့ပဲ ကျန်တော့တယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံက ဒီလွှတ်တော်နိုင်ငံရေး လမ်းကြောင်းနဲ့ အပြောင်းအလဲ လုပ်လို့တော့ မရဘူး။ လွှတ်တော် အတွင်း၊ လွှတ်တော်ပြင်ပနှစ်ခုကို ချိတ်ဆက်ပြီး သွားမှ သာလျင် ကျနော်တို့နိုင်ငံ အရွှေ့ကို သွားလို့ရလိမ့်မယ်။ လွှတ်တော်တွင်း နိုင်ငံရေးက အားမကောင်းတော့ဘူးဆိုရင် အရင်အတိုင်းပဲပေါ့။ ကျနော်တို့လျှောက်ခဲ့တဲ့ လမ်းအတိုင်း ကျနော်တို့ ပြန်လျှောက် ရမယ့် အနေအထားမှာရှိတယ်။

လက်ရှိအစိုးရ လုပ်နေတဲ့ လုပ်ရပ်တွေက လုပ်ဆောင်တယ်။ အလုပ်လုပ်နေတယ်ဆိုတဲ့ သဘောကို ပြရုံကလွဲလို့ တကယ့်တကယ် အောင်မြင်နိုင်ဖို့ မလွယ်နိုင်ဘူး။ …

အားလုံး က လည်း စိတ်ပျက်နေပြီ။ စိတ်ကုန်နေပြီ။ ဘယ်လိုဖြစ်သလဲဆိုတော့ ဘာမှလည်း အားကိုးလို့မရဘူး။ မျှော်လင့် လို့လည်း မရဘူးဆိုတဲ့ လူတွေစိတ်ပျက်လာတယ်။နိုင်ငံရေး ကလည်း မျှော်လင့်ချက်မရှိဘူး။ စီးပွားရေး ကလည်း မအောင်မြင်တော့ လူတွေ မှာက ထွက်ပေါက်မရှိတဲ့ အနေအထားကို ကျနော်တို့ မြင်တွေ့ရတယ်။ ဒါကို ဘယ်လောက် အတိုင်းအတာအထိ တင်းခံနိုင်မလဲ။

စနစ်ကမပြောင်းဘူး၊ လူကပြောင်းသွားတာ

အခုရွေးကောက်ပွဲမှာလည်း လူတွေက မျှော်လင့်ချက် လေးတွေ ကိုယ်စီကိုယ်စီ ရှိနေတယ်။ သို့ပေမယ့် မျှော်လင့်ချက်အတိုင်း ဖြစ်မလာဘူး။ လူတွေ အကျပ်အတည်း ပိုဆိုးလာရင်တော့ ကျနော်တို့ တိုင်းပြည်ဟာ ရှေ့ဆက်ပြီးတော့ အပြောင်းအလဲကြီး တစ်ခုတော့ ဖြစ်လာနိုင် တယ်။ ကြုံလာနိုင်တယ်လို့တော့ ကျနော် အဲဒီလို တွက်ထားတယ်။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုရော ဘာများမှတ်ချက်ပြုချင်လဲ။

UDHM – အရင်ထက်စာရင် အခုအချိန်မှာတော့ အလွန်ပဲအားနည်းသွားတယ်လို့ ကျနော်တို့ မြင်တယ်။ အရင်တုန်း ကတော့ ရှေ့ကနေပြီး ပြတ်ပြတ်သားသား ရှေ့ကနေ ဦးဆောင်သွားနိုင် တယ်။ နောက်ကလိုက်တဲ့ သူတွေက သူ့ကို ယုံယုံကြည်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တာ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ အန္တရာယ် ကြုံကြုံ၊ အသက်ပဲပေးရပေးရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနောက်ကို လိုက်ပါခဲ့ကြတယ်။

အာဏာရပြီး နောက်ပိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ချက်တွေက အာဏာမရခင်ကာလ ဆောင်ရွက်ချက်တွေ ထက် ကွာဟချက်တွေ အများကြီး ဖြစ်လာတယ်။ လူတွေ မျော်လင့်ထားသလို သူ ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတာ တွေ့ရတယ်။ တွေ့တဲ့အပြင် လုပ်တာကိုင်တာတွေကလည်း လိုအပ်ချက် တွေ ၊အားနည်းချက်တွေကလည်း အများကြီး ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါကျတော့ အားလုံးက ဒီလို ဆက်သွား ရင်တော့ ငါတို့မျှော်လင့် ထားတာတွေ ဖြစ်မှာ မဟုတ်ဘူး ဆိုတာ အများစုက မြင်တယ်။

တစ်ခုရှိ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြတဲ့ အတိုင်းအတာကတော့ ကျန်သေးတယ်။ အဲဒါက လွဲလို့ ကျနော်တို့ ပတ်ဝန်း ကျင်မှာ မြင်တွေ့ကြားနေရတာတွေက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအရ ဦးဆောင်နိုင်တယ်၊ အပြောင်းအလဲကြီး ကို လုပ်နိုင် တယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ မရှိသလောက်ပဲ။ ဒါပေမယ့် သံယောဇဉ်ပေါ့။ ကျနော်တို့နိုင်ငံက ပြည်သူတွေက ခေါင်းဆောင်းကို ချစ်တဲ့ သံယောဇဉ် ။

နိုင်ငံရဲ့ အပြောင်းအလဲကို ပြည်သူကသာလျင် အဆုံးအဖြတ်ပေးနိုင်မယ်။ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့ အတွက် အားလုံး ကနေ …

သူလုပ်နိုင်တာ မလုပ်နိုင်တာထက် မေတ္တာကတော့ မပျက်ကြဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်အပေါ်မှာတော့ လူတွေက သံသယ ရှိတယ်။ ဟုတ်မှ ဟုတ်ပါ့ဦးမလား။ လုပ်မှ လုပ်နိုင်ပါ့မလားဆိုတဲ့ လူတွေကလည်း ရှိတယ်။ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး ဆိုတဲ့ လူတွေလည်း ရှိတယ်။ လူတွေက အမျိုးမျိုးအဖုံဖုံ တွေ့ရတာပဲ။

အရင်လို တစ်ဖြောင့် တည်း ဒေါ်အောင်ဆန်းစုကြည် ရှေ့ကလျှောက်ရင် နောက်က လိုက်ကြမယ် ဆိုတဲ့ အနေအထားမျိုး ကတော့ မရှိတော့ဘူးဗျ။

ငြမ်းမီဒီယာ – ပြည်သူလူထုကိုရော UNDP ပါတီ အနေနဲ့ ဘာသတင်းစကားပါးချင်လဲ။

UDHM – ပြည်သူလူထုကို သတင်း စကားပါးချင်တာက ကျနော်တို့နိုင်ငံအပြောင်းအလဲက အဖွဲ့အစည်းတစ်ခုတည်းက ၊အစိုးရ တစ်ရပ် တည်းကနေ ပြီးတော့ ပြောင်းလဲလို့ရအောင် ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတာ ပြောချင်တယ်။ နောက်တစ်ခုက ဒီနေ့ နိုင်ငံရဲ့ အပြောင်းအလဲကို လုပ်မယ်ဆိုရင် ကျနော်တို့ ပြည်သူတစ်ရပ်လုံးကနေ ပါဝင်ပြီးတော့ ဆောင်ရွက်မှရမယ်။

ဒီလို ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်တဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ ကိစ္စရပ်တွေ ရှိတယ်။ ဒီကိစ္စရပ်တွေဟာ ဒီနေ့ ကျနော်တို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ လွှတ်တော်ရှိတယ်။ ဒီလိုအဖွဲ့အစည်းတွေ၊ လွှတ်တော်တို့၊ လက်ရှိအစိုးရ လုပ်နေတဲ့ လုပ်ရပ်တွေက လုပ်ဆောင်တယ်။ အလုပ်လုပ်နေတယ်ဆိုတဲ့ သဘောကို ပြရုံကလွဲလို့ တကယ့်တကယ် အောင်မြင်နိုင်ဖို့ မလွယ်နိုင်ဘူး။

အဲဒီတော့ အဓိက အောင်မြင်နိုင်အောင် လုပ်နိုင်တာက ပြည်သူတစ်ရပ်လုံး ကနေပြီးတော့ ပါဝင်ပြီးတော့ အပြောင်းအလဲ တစ်ခုကို လုပ်နိုင်မှ သာလျင် အောင်မြင်မှာဖြစ်တယ်။ ကျနော်တို့ နိုင်ငံရဲ့ အပြောင်းအလဲကို ပြည်သူကသာလျင် အဆုံးအဖြတ်ပေးနိုင်မယ်။ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့ အတွက် အားလုံး ကနေ ဒီနိုင်ငံရဲ့ အပြောင်းအလဲကို ဆောင်ရွက်ကြပါလို့ ကျနော့်အနေနဲ့ ဒါကို မေတ္တာရပ်ခံချင်ပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

သစ်ခုတ်သမားတို့ ပြန်လာပြီ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,