နိုင်ငံတကာမီဒီယာတွေ ရေငုံနှုတ်ပိတ် မသိချင်ယောင်ဆောင်နေတာကို အရမ်းပဲ အံ့သြတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

URG/ ရခိုင်ပြည်နယ်ရှိဟိန္ဒူကူညီထောက်ပံရေးအဖွဲ့တာဝန်ခံ ဦးရာဂူနေမြင့်

လူ့အခွင့်အရေးသမားတွေကို လေးစားပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးသမားတွေ အော်ပါ၊ လူ့အခွင့်အရေးကို ဖောက်ဖျက်တဲ့သူမှန်သမျှကို လက်ညိုးထိုးပြီး အော်ပါ။ ဘက်မလိုက်ပါနဲ့ …

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မှုများတွင်အသတ်ခံရသည့်ဟိန္ဒူဘာသာဝင်များအား ရှာဖွေဖော်ထုတ်မှုများပြုလုပ်နေခြင်း ဟိန္ဒူဒုက္ခသည်များ ကူညီထောက်ပံနေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရှိဟိန္ဒူကူညီထောက်ပံရေးအဖွဲ့တာဝန်ခံလည်းဖြစ်၊ ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးအတွက် ၉၆-၉၈မျိုးဆက်                 ကျောင်းသား လှုပ်ရှားမှုတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ဦးရာဂူနေမြင့်နှင့် ငြမ်းမီဒီယာကကတွေ့ဆုံမေးမြန်း                               ထားသည်။

ငြမ်း-အခုဘာတာဝန်တွေယူထားပါသလဲ။ ဘာတွေလုပ်ဆောင်နေပါသလဲ။

Ragu – ကျွန်တော်က လောလောဆယ်မှာတော့ ဟိန္ဒူကူညီထောက်ပံရေး ကော်မတီရဲ့ တာဝန်ခံပါ။ အဓိကက ကူညီ   ထောက်ပံ့ရေး ဖြစ်တဲ့အတွက် ကူညီထောက်ပံ့နိုင်ဖို့တွေ အလှူခံတာတွေနဲ့ ဟိုဘက်ကလူတွေနဲ့ ချိတ်ဆက်တဲ့ လုပ်ငန်းတွေလုပ်ရပါတယ်။ ကူညီတယ် ဆိုတဲ့နေရာမှာ သူတို့ရဲ့လိုအပ်ချက် မှန်သမျှကို ဒီကနေ အတတ်နိုင်ဆုံး               လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း-ရခိုင်မှာ နေရပ်ရှောင် ဟိန္ဒူဒုက္ခသည် အရေအတွက် ဘယ်လောက်ရှိတယ်လို့ သိထားပါသလဲ။

Ragu – စစ်တွေမှာတော့ (၁၁၀၀ )ကျော် လောက်ရှိတယ်။ ဘူးသီးတောင်မှာက ငါးရာကျော်၊ ခြောက်ရာလောက်ရှိတယ်။ မောင်းတောမှာက စာရင်းအတိအကျ ရဖို့တော်တော်ခက်တယ်။စုစုပေါင်းလိုက်ရင်တော့ (၃၀၀၀) နီးပါးလောက် ရှိမယ်။မောင်းတောမှာက ဒုက္ခသည်စခန်းမှာ ရောက်နေတဲ့သူတွေရှိသလို ဒုက္ခသည်စခန်းတော့မရောက်ဘူး ရွာတွေမှာပဲရှိနေပြီး အခက်အခဲရှိနေတာတွေရှိတယ်။ သွားလာဖို့ခက်ခဲတာတို့ အစားအစာအတွက်ခက်ခဲတာတို့ ရှိတယ်။ပြောရမယ်ဆိုရင် သူတို့လည်း ဒုက္ခသည်တွေလို ဖြစ်နေတာပေါ့။

ငြမ်း-သူတို့အတွက် ဘာတွေကူညီထောက်ပံ့မှုတွေလုပ်ပြီးပြီလဲ။ နောက်ပိုင်းမှာ ရော ဘာတွေလုပ်ဖို့ရှိလဲ။

Ragu – နိုင်ငံတော်အစိုးရကရော ၊ကျန်တဲ့အဖွဲ့အစည်း တွေကပါ စားသောက်စရာတွေ လာထောက်ပံ့တာ ရှိတယ်။               တစ်ဖက် ကလည်း ကျန်းမာရေးအတွက်ကူညီပေးနေတာတွေလည်းရှိတယ်။ဆန်၊အာလူး၊ကြက်သွန်၊ ပဲ ရှိတယ် ဆိုပေမယ့် နေ့စဉ်ချက်ပြုတ်ဖို့ဈေးဖိုးလိုဟာမျိုးက တစ်ရက်ကိုနှစ်သိန်းခွဲ သုံးသိန်းနီးပါးလောက်ကုန်တယ်။ လူတစ်ထောင်စာလောက် အတွက်လေ။ သူတို့ငွေရေးကြေးရေးပြတ်တယ်ဆိုရင် ဒီကနေချက်ခြင်းလွှဲပေး တယ်ပေါ့။ အဲ့ဒါအပြင် လူသုံးကုန်ပစ္စည်းတွေ ၊အမျိုးသမီးသုံးပစ္စည်းတွေ စာရီတွေအကုန်လုံးပို့ပေးပြီး ကျန်တဲ့ရခိုင်တိုင်းရင်းသားတွေ အတွက်လည်း အဝတ်အစားတွေနဲ့ ငွေကြေးလည်း လှူဒန်းဖို့စီစဉ်ထားပါတယ်။

ယနေ့အချိန်အခါမှာ အလောင်းတွေတွေ့နေပြီ။ အဲဒါနဲ့ပတ်သက်လို့လည်း နိုင်ငံတကာ မီဒီယာမှာက သိပ်ပြီးဖော်         ပြတာ မတွေ့ရ ဘူး။ အဓိက ပြောချင်တာက CNN တို့ အယ်ဂျားဇီယားတို့လိုနေရာတွေမှာသိပ်ဖော်ပြတာမျိုး မရှိဘူး။ ကျွန်တော်ပြောချင်တာက မီဒီယာကတော့ ဘယ်ဘက်ကဖြစ်ဖြစ် ဖြစ်တဲ့အတိုင်းပြရမှာပဲ။အခုကျွန်တော်တို့ ဟိန္ဒူ လူမျိုးတွေ အသတ်ခံရတယ်။ ကျင်းတူးမြှုပ်ထားတယ်။ လက်တွေကြိုးတုပ်ပြီး လည်လှီးခံရထားရတယ်။ ဒါပေမဲ့ …

ငြမ်း-အစ်ကို့အနေနဲ့ဘူးသီးတောင် မောင်တောကို ရောက်ခဲ့ပြီလား။ ဘယ်လိုအခြေအနေတွေ တွေ့မြင်ခဲ့ရလဲ။

Ragu – ဘူးသီးတောင်မောင်တောကို ကျွန်တော် နိုင်ငံတော်အစီအစဉ်နဲ့ ဘာသာပေါင်းစုံအဖွဲ့ နဲ့လိုက်သွားခဲ့တယ်။ဟိန္ဒူ     ဘာသာရေး အဖွဲ့က ကျွန်တော့်ကိုလိုက်သွားပေးဖို့တာဝန်ပေးလို့ လိုက်သွားခဲ့တယ်။ ဟိုကိုရောက်တော့ သူတို့နှိပ်စက်        ခံရတာတွေ သတ်ဖြတ် ခံရတာတွေကို ပြောပြကြတယ်။ ပွင့်ပွင့်လင်းလင်းပါပဲ။ ဘင်္ဂါလီတွေ ရှေ့မှာပဲ ပြောပြကြပါတယ်။ ဒီအကြမ်းဖက် ဖြစ်စဉ်တွေမှာ မပါဝင်တဲ့ဘင်္ဂလီတွေကလည်း သူတို့ အကြမ်းဖက်မှုကိုလက်မခံဘူး။ဒါကြောင့်                         အခုလည်း ဘယ်မှ မသွားဘူးဆိုတာကို ပြောပြကြတယ်။ဒါပေမဲ့ သူတို့ လူဦးရေက အခုလည်းအများကြီးပါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း-တိုင်းရင်းသားတွေရော ဦးရာဂူနေမြင့်တို့ဟိန္ဒူလူ့အဖွဲ့အစည်းရော အကြမ်းဖက်ခံရတယ်လို့ပြောတယ်။                         ဒါပေမဲ့ ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြနေတာ ကျတစ်မျိုးဖြစ်နေပါလား။ဦးရာဂူနေမြင့်တို့ပြောသလိုလည်း                        မဟုတ်ပါလား။

Ragu – ကမ္ဘာ့မီဒီယာမှာကတော့ ဟုတ်တယ်ဗျ။ ရခိုင်တိုင်းရင်းသားတွေရော ဟိန္ဒူတွေရော ဒုက္ခရောက်တယ်။ နေရပ်ကို ရှောင်ပြေးနေရတယ်ဆိုတာကို သြဂုတ်လ ၂၅ရက် နေ့ကစပြီးတောဒီလလေးရက် ငါးရက်လောက်ထိကို ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြတာတော့ မတွေ့ရဘူး။ကျွန်တော် ပြောချင်တာကလည်း အဲ့ဒါပဲ။ လူမျိုးသုဉ်း သတ်ဖြတ်မှုလုပ်တယ် လို့ပြောကြ တယ်။သေချာတာတစ်ခုကတော့ ဘူးသီးတောင် မောင်တောလိုနေရာမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဟိန္ဒူတွေရဲ့ လူဦးရေ ရာခိုင်နှုန်းက ဘူးသီးတောင် မောင်တောပေါင်းရင် ငါးရာခိုင်နှုန်းလောက်ပဲရှိတယ်။မောင်တောမှာဆို နှစ် ရာခိုင်နှုန်း ပဲရှိတယ်။အဲ့ဒီအထဲမှာမှ ကျွန်တော်တို့ဟိန္ဒူက ဝ.၅ ပဲ ရှိတယ်။ ကျွန်တော် တို့က အနည်းဆုံးပဲ။ Minority Cleansing လုပ်သလိုဖြစ်နေတာ။ ကျွန်တော်တို့ ဘူးသီးတောင် မောင်တောရောက်တာ (၇)ရက်နေ့က ရောက်တာ။ အဲ့ဒီက ဒေသခံတွေ ကတောက်လျောက်ပြောနေတာ ခမောင်းဆိပ်တစ်ရွာလုံး ပျောက်သွားပြီလို့ ပြောနေ ကြတာ။ အဲ့ဒီမရောက်ခင်ကတည်းက ဟိန္ဒူ အဖွဲ့ချုပ်ကို ဟိုကနေသတင်း ပို့တယ်။ ကျွန်တော်တို့ကလည်း သက်ဆိုင်ရာ ကိုဆက်သတင်းပို့တယ်။ သွားတဲ့ နေရာမှာလည်း ဝန်ကြီးတွေကို တင်ပြတယ်။ ပြည်တွင်းကလည်း မကြေညာဘူး။ နိုင်ငံတကာကလည်း အရေးမလုပ်ဘူး။ ယနေ့အချိန်အခါမှာ အလောင်းတွေတွေ့နေပြီ။ အဲဒါနဲ့ပတ်သက် လို့လည်း နိုင်ငံတကာ မီဒီယာမှာက သိပ်ပြီးဖော်ပြတာ မတွေ့ရ ဘူး။ အဓိက ပြောချင် တာက CNN တို့ အယ်ဂျားဇီယားတို့လိုနေရာတွေမှာသိပ်ဖော်ပြတာမျိုး မရှိဘူး။ ကျွန်တော်ပြောချင်တာက မီဒီယာကတော့ ဘယ်ဘက်ကဖြစ်ဖြစ် ဖြစ်တဲ့အတိုင်း ပြရမှာပဲ။အခုကျွန်တော်တို့ ဟိန္ဒူလူမျိုးတွေ အသတ်ခံရတယ်။ ကျင်းတူးမြှုပ်ထား တယ်။ လက်တွေကြိုးတုပ်ပြီး လည်လှီးခံရထားရတယ်။ ဒါပေမဲ့ အဲ့ဒါတွေဖော်ပြတာ မျိုးမတွေ့ရဘူး။ ဒီကိစ္စကို လက်တွေ့ မမြင်လို့မပြော ဘူးဆိုရင်၊ ဟိုဘက်မှာရော သူတို့ လက်တွေ့မြင်ပြီး ပြောတာမျိုးမဟုတ်ဘူး။ သူတို့ဘက်လိုက်မှု ရှိနေတာ။ ကျွန်တော် အံ့သြတာက ဒီဟိန္ဒူ တွေကိုဘယ်သူလုပ်တယ် ဘယ်ဝါလုပ်တယ် ဆိုတာ နောက်တစ် ကန့်။ ဒါကဆက်လက်စစ်ဆေးဖော်ထုတ် အရေးယူ ဆောင်ရွက်ရမယ့် ကိစ္စ။ ဘယ်သူ ဖြစ်ဖြစ် ကျွန်တော်ပြောတာက။ ဒီအချိန်မှာ အချို့ကပြောကြတယ်။ ဒါတပ်က ဇာတ်ဆင် တာတို့ပြောချင်လည်းပြောမယ်။ ဒါက နောင်တစ်ချိန်မှာအဖြေ ထွက်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ပညာရှင် တွေရောနိုင်ငံ တကာပညာရှင်တွေရော မီဒီယာသမားတွေ ရော ဖော်ထုတ်လိုက်ရင် ဘယ်သူလုပ်တယ်ဆိုတာ ပေါ်လာမှာလေ။ အဲဒါက နောက်တစ် ကန့်။ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော်တို့ Minority လူနည်းစုကို ခုလိုလုပ်သွားတဲ့ ကိစ္စကို နိုင်ငံတကာ မီဒီယာတွေက ရေငုံနှုတ်ပိတ် လုပ်ပြီး မသိချင်ယောင်ဆောင်နေ တာကို ကျွန်တော်အရမ်းပဲ အံ့သြတယ်။

ငြမ်း-ဟိန္ဒူဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးတွေလုပ်နေသလို အရင်ကလည်း နိုင်ငံရေးလုပ်ခဲ့ဖူးသူတစ်ယောက်ဆိုတော့ အခုလက်ရှိအခြေအနေတွေကို နိုင်ငံရေးအရ ဘယ်လိုသုံးသပ်လဲ။

Ragu – နိုင်ငံရေးအရ ပြောရရင်တော့ ဒီပြဿနာက တော်တော်ကြာခဲ့တဲ့ ပြဿနာ။ အဲဒီဒေသက တော်တော်များများက ဒီပြဿနာကို ဘာသာရေးပြဿနာဆိုတဲ့ပုံစံမျိုး သူတို့ကမမြင်ကြဘူး။ မြင်တာက ဘယ်လိုမြင်လဲဆိုတော့ ဒီအစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေက သူတို့အခွင့်အရေးတွေ မရဘူး၊ သူတို့ သွားချင်လာချင်တာကို လွတ်လွတ်လပ်လပ်သွားလို့ လာလို့မရဘူး။ အဲဒီအပေါ်မှာ မကျေနပ်တာရယ်၊ သူတို့လိုချင်တဲ့ အမည်တစ်မျိုးရယ်၊ အဲဒီအမည်ကို ဒီဘက်က အတည်မပြုတဲ့ အပေါ်မှာ ပေါက်ကွဲတာမျိုး ရှိတယ်။ ဘာသာရေး ပြဿနာတစ်ခုမှ မပါဘူး။ ဒီဘက်က တိုင်းရင်းသားတွေကလည်း ဘာသာရေးအရ မုန်းတီးနေတာ မဟုတ်ဘူး။ သူတို့နယ်မြေ ကို လုတယ်၊ အကြမ်းဖက်တယ်ဆိုပြီး မြင်နေကြတာ။ ဒါက ဘူးသီးတောင် မောင်တောမှာ ကျွန်တော်တွေ့ခဲ့ရတဲ့ လူတွေရဲ့အမြင်။ စစ်တွေမှာလည်း ဒီအတိုင်းပဲ။ ဒါ ဘာသာရေးမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးကို လာပြီးတော့ ထိခိုက်တာလို့ပဲ မြင်ကြတယ်။ ဒါပေမဲ့ အဲဒီကိစ္စကြီၤးက အဲဒီဒေသမှာ အဲဒီလို ဖြစ်နေပြီးတော့ ရန်ကုန်လို၊ မန္တလေးလို မြို့တော်ကြီးတွေကိုဆွဲသွင်း လာတာကြတော့ ဘာသာရေးပြဿနာ တပ်ပြီးတော့ သွင်းလာကြတယ်။ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာ ပြဿနာမဖြစ် ဖြစ်အောင် လုပ်နေကြတာမျိုးတွေတွေ့ရတယ်။ ဒီကြားထဲ အခုဆို ဟိန္ဒူကိုပါ ရောထည့်ခြင်း ခံရတယ်။ ကျွန်တော်ပြောချင်တာက ဒီလိုလူတွေရဲ့ အသက်ကို ရင်းပြီးတော့ နိုင်ငံရေးအရ အမြတ်ထုတ်တဲ့ပုံစံမျိုးကို ကျွန်တော်လုံး၀ ရှုတ်ချတယ်၊ အကြမ်းဖက်တာကိုလည်း ကျွန်တော်ရှုတ်ချတယ်။

ငြမ်း-ဟိန္ဒူဘာသာအသင်းချုပ်အနေနဲ့ ခမောင်းဆိပ်ရွာက ဟိန္ဒူတွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ ဘာတွေ ဆောင်ရွက်နေတာ ရှိလဲ။

Ragu – သူတို့က (၃)ရက်နေ့လောက်ကတည်းက လုပ်နိုင်တဲ့ဟာတွေ လုပ်နေတယ်။ နိုင်ငံတော်အဆင့်အထိ စာပို့တာတွေ လုပ်တယ်။ ဟိန္ဒူဘာသာရေးအဖွဲ့ဆိုတာက နိုင်ငံတော်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်း ဖြစ်နေတယ်။ ဘာသာရေးကိစ္စတွေကိုပဲ လုပ်ဆောင်ရမယ့် အဖွဲ့အစည်းဖြစ်တယ်။ တချို့ကိစ္စတွေမှာ ပြောချင်တိုင်းပြော၊ လုပ်ချင်တိုင်း ဝင်လုပ်လို့မရဘူး။ အခုလို ကူညီကယ်ဆယ်ရေးကိုတောင် လုပ်မယ်ဆိုရင် ဘောင်က သိပ်မဝင်တဲ့အခါကျတော့ လူကြီးတွေက ကျွန်တော်တို့ကို လုပ်ခွင့်ပေးတာ။ ကျွန်တော်တို့အခု ဒီအဖွဲ့မှာဆိုရင် ဟိန္ဒူအမျိုးအနွယ်တွေ တော်တော်များများ ပါကြတယ်။ ကျွန်တော်တို့ လိုအပ်တဲ့အကူအညီ အထောက်အပံ့တွေကို သူတို့က နောက်ကနေ ထောက်ပံ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း-ဘာသာရေးအဖွဲ့အစည်း ဆိုပေမယ့် အခုလို ဟိန္ဒူဘာသာဝင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကမ္ဘာက သိအောင်လို့ တစ်ခုခုလုပ်ဖို့ အစီအစဉ်မရှိဘူးလား။

Ragu – ဒီ တစ်ရက်၊ နှစ်ရက်အတွင်းမှာ ဘာသာရေးအဖွဲ့ချုပ်ကလည်း ဆုတောင်းပွဲ လုပ်ဖို့ ရှိတယ်။ အဲဒီအပြင် စာတွေထုတ်ပြန်ဖို့လည်း ပြင်ဆင်နေတာတော့ ရှိတယ်။ သူတို့ဆီက ထွက်လာတာကိုပဲ ကျွန်တော်တု့ိလည်း ဆက်ကြည့်ရမယ်။ ကျွန်တော် အဓိက ပြောချင်တာက ဒီပြဿနာကို အခြေခံပြီးတော့ မလိုလားအပ်တဲ့ အမုန်း စကားတွေ ပြောပြီးတော့ ပြဿနာရဲ့တကယ့်အဖြေမှန်ကို ဖြေရှင်းနိုင်ဖို့မလုပ်ဘဲနဲ့ အဲဒါကြီးကို အခွင့်ကောင်းယူပြီးတော့ နိုင်ငံရေးအမြတ်ထုတ်တာမျိုးကိုတော့ ကျွန်တော်မလိုလားဘူး။ ပြီးတော့ ကျွန်တော်တို့ ဟိန္ဒူဘာသာဝင်တွေကလည်း သွေးမဆူကြဖို့နဲ့ သူများပြောတိုင်း နားမယောင်ကြဖို့ ပြောချင်တယ်။ အခုဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ တက်ရေးတာမျိုးတွေ တွေ့ရတယ်။ သွေးဆူပြီးတော့ ပြဿနာရှာချင်တဲ့လူတွေကိုလည်း တွေ့ရတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အဖြေ တစ်ခုရတဲ့အချိန်အထိ စောင့်စေချင်တယ်။ သွေးဆူပြီး ပြဿနာရှာမယ်ဆိုရင် ကျွန်တော်တို့ အမှန်ကနေ အမှားဖြစ်သွားမယ်။ ကမ္ဘာ့အလယ်မှာ ဘယ်သူက မှားလဲ မှန်လဲဆိုတဲ့အဖြေ ပေါ်တဲ့အထိ သည်းခံပြီး ထိန်းသွားစေချင်တယ်။

အခု ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် သူတို့တွေ ပြောကြတယ်၊ ထောက်ပြကြတယ်။ ပြောပါ။ ဒီမှာရှိတဲ့ ရခိုင်တွေရော၊ တိုင်းရင်းသားတွေရော ဟိန္ဒူတွေရော လူနည်းစုတွေ ရှိတယ်။ အထူးသဖြင့် ဟိန္ဒူတွေ အများဆုံးအသတ်ခံရတယ်။ အဲဒီလူတွေ အတွက် လည်း လူ့အခွင့်အရေးဆိုတာ ရှိပါတယ်။ သူတို့လည်း လူသားပါ။ သူတို့အတွက် …

ငြမ်း-ဒီ ရွာလုံးကျွတ်အသတ်ခံရတဲ့ သတင်းတွေထွက်ခဲ့တာ ကြာပြီ။ ဒါပေမဲ့ အခုတော့ ရှာဖွေနေပြီလို့ သတင်းတွေ ထုတ်ပြန်တယ်။ ကာလအားဖြင့် အချိန်နှောင်းတယ်လို့ ပြောလို့ရမလား။

Ragu -အဲဒီကိစ္စက ကျွန်တော်တို့ (၇)ရက်နေ့ ရောက်ကတည်းက တင်ပြပြီးသွားပြီ။ ဒါကိုဆောင်ရွက်ပေးပါ၊ လုပ်ပေးပါလို့လည်း ပြောပြီးသွားပြီ။ သက်ဆိုင်ရာ အာဏာပိုင် တွေက အခုလုပ်နေတာနဲ့ ပတ်သက်ပြီး နောက်ကျသလား၊ အချိန်လွန် နေပြီလား ဆိုတာကိုတော့ ကျွန်တော်မပြောလိုဘူး။ သူတို့ရဲ့ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေ ကလည်း တစ်မျိုးဖြစ်ချင် ဖြစ်နေနိုင်တယ်။ နယ်မြေတည်ငြိမ်အောင် လမ်းပန်း ဆက်သွယ်ရေးတွေ အဆင်ပြေအောင် လုပ်နေရတာမျိုးတွေကလည်း အများကြီး ရှိနေသေးတယ်။ အဲဒါတွေကြောင့် ဒီအချိန်မှ သူတို့စလုပ်တာလို့ ထင်တယ်။

ငြမ်း-အခု ကြားရတဲ့သတင်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှာ ဟိန္ဒူဘာသာဝင်အချို့ ရောက်နေတယ်လို့ ကြားရတယ်။ သူတို့နဲ့ ပတ်သက်လို့ရော ဘာတွေလုပ်နေတာတွေ ရှိလဲ။

Ragu – အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဟိန္ဒူအဖွဲ့ချုပ်က လူကြီးတွေက နိုင်ငံတော်ကို တင်ပြထားတာတွေ ရှိတယ်။ နိုင်ငံတော်ကလည်း ဟိုဘက်က ရှိတဲ့ လူတွေကို 1993 ခုနှစ်၊ သဘောတူညီချက်နဲ့ ပြန်ပြီးတော့ လက်ခံဖို့ ပြောထားပြီးသား။ အဲဒီအချိန်ကျရင် ကျွန်တော်တို့က လိုအပ်တဲ့ဟာတွေကို နိုင်ငံတော်နဲ့အတူ ပူးပေါင်း ပြီးတော့ ဒီနိုင်ငံမှာ တကယ်မွေးခဲ့တဲ့သူတွေ၊ ဒီနိုင်ငံမှာ တကယ်နေခဲ့တဲ့သူတွေကို ပြန်လာလို့ရအောင် ပူးပေါင်းဆောင်ရွက်ပေးမယ်။ မောင်တောက တာဝန်ခံပေးတဲ့ စာရင်းအရဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဟိန္ဒူဒုက္ခသည် (၅၁၅) ယောက် ရှိတယ်လို့ သိရတယ်။ အဲဒီအထဲကမှ ဆယ်ယောက်ကို အစ္စလာမ်တွေက လာခေါ်သွားပြီး ရိုက်နှက်တာတွေ ဖြစ်ကြတော့ နှစ်ယောက်က ပြန်ရောက်လာတယ်။ အချို့ကတော့ ဆေးရုံရောက်နေတယ်။ အချို့လည်း ပျောက်နေတယ်။ ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီးတော့ လှမ်းပြီးတော့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ဘယ်လိုမှ လက်လှမ်းမမီဘူးဖြစ်နေတယ်။ ဒီဘက်က တာဝန်ရှိတဲ့သူတွေ သိအောင် လို့တော့ ကျွန်တော်တို့ ပြောပြနေတာတွေ ရှိတယ်။ ဟိုဘက်မှာရှိတဲ့ လူတွေကလည်း စိုးရိမ်ကြောင့်ကြနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ဟိန္ဒူဒုက္ခသည်စခန်း ပတ်ပတ်လည်မှာ အဆင်မပြေတဲ့ ဒုက္ခသည်တွေရှိနေတာကြောင့် စိုးရိမ်နေကြတယ်။

ငြမ်း-ဟိန္ဒူဘာသာဝင်တွေ အစုလိုက် အပြုံလိုက် အသတ်ခံရတာက လက်ရှိမြန်မာနိုင်ငံ မှာဖြစ်နေတဲ့ ပြဿနာထဲကို ဟိန္ဒူတွေကို ဆွဲထည့်တယ်လို့ ယူဆတာလား။

Ragu – ကျွန်တော်ပြောတာက အဲဒါပြောတာ။ ကျွန်တော်တို့ ဟိန္ဒူတွေက လူတိုင်းနဲ့ အဆင်ပြေအောင် ငြိမ်းငြိမ်းချမ်းချမ်း နေတယ်။ ပြဿနာမရှိဘူး။ အခုတော့ ကျွန်တော် တို့ ဟိန္ဒူတွေက ပေါ်ပြူလာဖြစ်တဲ့ အထဲမှာ ပါသွားတာ။ ကိုယ်လုပ်လိုက် တာ မဟုတ်ဘူး။ ကိုယ်က လုပ်ခြင်းခံရတာ။ ဒါက တိုက်ဆိုင်မှုလားဆိုတာတော့ ပြောဖို့ ခက်တယ်။ ညှင်းပန်းနှိပ်စက် အသတ်ခံရပြီး အခုလို ပြန်ဖော်လို့ရတဲ့အချိန်မှာတော့ ဟိန္ဒူတွေက (Topic)က တက်လာတယ်။ တကယ်ဖြစ်သွားတာလား၊ သက်သက်မဲ့လုပ်သွားတာလားဆိုတာကတော့ အခုအချိန်မှာ ပြောဖို့ခက်တယ်။

ရခိုင်ပြဿနာဆိုတာကလည်း တစ်ချိန်ချိန် ရောက်ရင် ဖြေရှင်းလို့ရတဲ့ပြဿနာ ဖြစ်လာမှာပါ။ ဒါပေမဲ့ မှန်မှန်ကန်ကန်နဲ့ တရားမျှတ စွာ ဖြေရှင်းမယ်ဆိုရင်တော့ ဖြေရှင်းနိုင်လိမ့်မယ်။ ဒါပေမဲ့ အချိန်တော့ယူရလိမ့်မယ် …

ငြမ်း-အစိုးရသတင်းထုတ်ပြန်ချက်တွေနဲ့ ဦးရာဂူနေမြင့်တို့ရထားတဲ့ သတင်းအချက်အလက် ကိုက်ညီမှုရှိရဲ့လား။

Ragu – တော်တော်များများ ကိုက်ညီပါတယ်။ ကျွန်တော်တို့ ရထားတာက တစ်ရာကျော်လောက် ပျောက်ဆုံးနေတယ်လို့ ရထားတယ်။ အစိုးရကလည်း အခုဆက်ပြီး ရှာဖွေရေးတွေ လုပ်နေတယ်။ သတင်းထူးမှာပါ။ တချို့ အင်မတန် ကောင်းတဲ့ ကိစ္စလေးတွေ လုပ်နေတာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ပြောလို့ မရသေးဘူး။

ငြမ်း-ရခိုင်မှာဖြစ်တဲ့ အဖြစ်အပျက်တွေကို အကြောင်းပြုပြီး မြို့ကြီးတွေပေါ်မှာ လှုံ့ဆော်မှုတွေ လုပ်နေတယ်ဆိုတာကို ဦးရာဂူနေမြင့်လည်း အခုနက ပြောသွားတယ်။ ဟိန္ဒူအသိုင်းအဝိုင်းအတွက် ဦးရာဂူအနေနဲ့ ဘာပြောချင်လဲ။

Ragu – ကျွန်တော့်ရဲ့ ဆိုရှယ်မီဒီယာမှာလည်း အဲဒါကို ရေးမှာပါ။ အခုဖြစ်သွားတဲ့ အပေါ်မှာ နာကျည်းပြီးတော့၊ မုန်းပြီးတော့ ဒီဘက်မှာလာပြီးတော့ ဖောက်ခွဲတာမျိုး မဖြစ်ရအောင် ကိုယ်ကိုယ်တိုင် မဟုတ်ဘဲ သူများက ကိုယ့်ကိုယ် တိုက်တွန်းလို့ ပေါက်ကွဲတာပဲ ဖြစ်ဖြစ်၊ သူများရဲ့ ဆွဲဆောင်မှုကို မပါဖို့၊ သတိနဲ့ နေကြဖို့ တိုက်တွန်း ချင်ပါတယ်။ ခက်တာက လူဆိုတာကလည်း ယုံကြည်မှုတွေ၊ အမြင်တွေက တူချင်မှ လည်း တူမှာဆိုတော့ တချို့ကတော့ လွယ်လွယ်နဲ့ ဆွဲခေါ်လို့ ရတာမျိုးလည်း ရှိမယ်။ အချို့ကြတော့ နိုင်ငံရေးအကြောင်းကို နားလည်တယ်။ နားလည်တော့ လွယ်လွယ်နဲ့ စည်းရုံးတိုင်းမပါတာလည်း ရှိတယ်။ ကျွန်တော်တို့ ဟိန္ဒူတွေက များသောအားဖြင့် နိုင်ငံရေးမှာ ဝင်ပါလေ့မရှိကြဘူး။ လွယ်လွယ်နဲ့တော့ ကျွန်တော်တို့ ဟိန္ဒူတွေကို စည်းရုံးလို့မရဘူး။ ဒါပေမဲ့ စည်းရုံးမယ်ဆိုရင်လည်း လွယ်လွယ်လေးနဲ့ ပါသွားမယ့် ရိုးအတဲ့ ဟိန္ဒူတွေလည်း များတယ်။

ငြမ်း-ကျွန်တော်တို့ နိုင်ငံမှာ ဘာသာပေါင်းစုံ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အဖွဲ့ရှိ တယ်။ အခုဖြစ်နေတဲ့ ပြဿနာတွေကို အဲဒီအဖွဲ့အစည်းတွေက ဝင်ပြီးတော့ စေ့စပ် ညှိနှိုင်းလို့ အဆင်ပြေမယ်လို့ ယူဆလား။

Ragu – အခုဖြစ်နေတဲ့ ပြဿနာတွေကို ဘာသာပေါင်းစုံ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းက ဝင်ပြီး စေ့စပ်ပေးလို့ ပြေလည် သွားမယ်လို့ မထင်ဘူး။ ဘာလို့မထင်လဲ ဆိုရင် ဘာသာပေါင်းစုံအဖွဲ့ ရသေ့တောင်ကို သွားတဲ့အခါ ကျွန်တော်က ဟိန္ဒူ ကိုယ်စားပြုနဲ့ ပါသွားတယ်။ မြေပြင်မှာ ဘာဖြစ်နေလဲဆိုတာကို သိချင်တာ။ အခြေအနေမှန်ကို ဘယ်သူမေးမေး အမှန်အတိုင်းပြောပြနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သွားကြတာ။ ဒုက္ခရောက်နေတဲ့ သူတွေကို ဘာတွေကူညီပေးနိုင်မလဲဆိုပြီး သွားကြတာ။ ဒါပေမဲ့ ဟိုကျတော့ အကြီးအကျယ် ဆန္ဒပြ၊ သံပုံးတွေ တီးပြီး ဆန္ဒပြတာ ခံရတယ်။ သူတို့က ဘယ်လိုသိထားလဲဆိုတော့ ဘာသာပေါင်းစုံ အဖွဲ့က ငြိမ်းချမ်းရေးတရား လာဟောမယ်လို့ သိထားကြတော့ ငြိမ်းချမ်းရေးတရား လာဟောမယ်ဆိုတာကို လက်ကိုမခံနိုင်ဘူးဆိုပြီးတော့ ဆန္ဒပြကြတာ။ ဘာသာပေါင်းစုံအဖွဲ့က သွားပြီးတော့ ငြိမ်းချမ်းရေးတရား ဟောရုံနဲ့တော့ ဒီကိစ္စကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မယ်လို့ မထင်ဘူး။

ငြမ်း-ရခိုင်ပြဿနာက ငြိမ်းချမ်းနိုင်မယ်လို့ ထင်လား။

Ragu – ဘယ်ပြဿနာမှ မဖြေရှင်းနိုင်တဲ့ပြဿနာဆိုတာတော့ မရှိဘူး။ အကောင်းဆုံး သော နည်းလမ်းကို ရှာဖွေပြီး လက်ဆုပ်လက်ကိုင်ပြုပြီး မှန်မှန်ကန်ကန် ဖြေရှင်းမယ် ဆိုရင်တော့ ဘယ်ပြဿနာမဆို ဖြေရှင်းလို့ရမယ်လို့ ကျွန်တော်ထင်တယ်။ ဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး။ အဲဒီလိုပဲ။ ရခိုင်ပြဿနာဆိုတာကလည်း တစ်ချိန်ချိန် ရောက်ရင် ဖြေရှင်းလို့ရတဲ့ပြဿနာ ဖြစ်လာမှာပါ။ ဒါပေမဲ့ မှန်မှန်ကန်ကန်နဲ့ တရားမျှတ စွာ ဖြေရှင်းမယ်ဆိုရင်တော့ ဖြေရှင်းနိုင်လိမ့်မယ်။ ဒါပေမဲ့ အချိန်တော့ယူရလိမ့်မယ်။

ငြမ်း-အကြမ်းဖက်တိုက်ခိုက်တဲ့အဖွဲ့က တစ်လနားထားတယ်လို့ ထုတ်ပြန်ထားတယ်။ တစ်လပြည့်ရင် ဘာဖြစ်မယ်ဆိုတာ ကျွန်တော်တို့လည်း မသိနိုင်ဘူး။ နိုင်ငံတော်ကတော့ လုံခြုံရေးကို ထိန်းသိမ်းထားနိုင်ပြီလို့ ပြောတယ်။ အဲဒီတော့ ဟိန္ဒူဘာသာဝင်တွေ အတွက်ရော ဘာတွေပြင်ဆင်သင့်တယ်လို့ ပြောမလဲ။

Ragu – ဒီအကြမ်းဖက်အဖွဲ့က သီးသန့်ထင်သာမြင်သာတဲ့ အဖွဲ့မဟုတ်ဘူး။ ကိုယ့်ဘေးနားမှာ ရှိနေရင်တောင် သိချင်မှ သိမှာ။ တိုင်းပြည်မှာ နေထိုင်တဲ့ပြည်သူ အားလုံး လုံလုံခြုံခြုံ နေထိုင်နိုင်ဖို့ လုံခြုံရေးကို သေချာလေး ယူပေးစေချင်တယ်။ အထူးသဖြင့် မောင်တောဒေသမှာ အေးချမ်းစွာနေထိုင်တဲ့ ဘင်္ဂါလီတွေရော၊ တိုင်းရင်းသားတွေရော၊ ဟိန္ဒူတွေရော အားလုံးကို အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်ခြင်းကို မခံရအောင် အကြမ်းဖက်အဖွဲ့တွေရဲ့ စည်းရုံးခြင်းကို မခံရအောင် နိုင်ငံတော်က လုံလုံခြုံခြုံလေး စောင့်ကြည့်ပေးဖို့ ပြောချင်တယ်။

ငြမ်း-ဦးရာဂူအနေနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် နိုင်ငံရေး ပြုပြင် ပြောင်းလဲ ဖို့ ကြိုးစားခဲ့သူတစ်ယောက် ဖြစ်သလို၊နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်တယ်။ အခုဖြစ်တဲ့ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ ပြောတဲ့သူတွေ ရှိတယ်။ အဲဒီလူတွေကို ဘာပြန်ပြောချင်လဲ။

Ragu – လူ့အခွင့်အရေးသမားတွေကို ကျွန်တော်လေးစားပါတယ်။ ကျွန်တော်လည်း ဒီမိုကရေစီ လူ့အခွင့်အရေးကို အရမ်း တန်ဖိုး ထားလို့ ဘဝနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့လို့ ပေးဆပ်ခဲ့ရတာတွေ ရှိပါတယ်။ လူ့အခွင့်အရေးသမားတွေကို လေးစားပါတယ်။ ဒါပေမဲ့ လူ့အခွင့် အရေးသမားတွေ အော်ပါ၊ လူ့အခွင့်အရေးကို ဖောက်ဖျက်တဲ့သူမှန်သမျှကို လက်ညိုးထိုးပြီး အော်ပါ။ ဘက်မလိုက်ပါနဲ့။ အခု ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် သူတို့တွေ ပြောကြတယ်၊ ထောက်ပြကြတယ်။ ပြောပါ။ ဒီမှာရှိတဲ့ ရခိုင်တွေရော၊ တိုင်းရင်းသားတွေရော ဟိန္ဒူတွေရော လူနည်းစုတွေ ရှိတယ်။ အထူးသဖြင့် ဟိန္ဒူတွေ အများဆုံး အသတ်ခံရတယ်။ အဲဒီလူတွေ အတွက် လည်း လူ့အခွင့်အရေးဆိုတာ ရှိပါတယ်။ သူတို့လည်း လူသားပါ။ သူတို့အတွက်လည်း နည်းနည်လေး အသံထွက်ပေးကြပါလို့ ပြောချင်ပါတယ်။

ငြမ်း-ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။

Ragu – ကျွန်တော့်အနေနဲ့ကတော့ မီဒီယာတွေကို တကယ်ဖြစ်နေတာကို ဖြစ်တဲ့ အတိုင်းပဲ ဆက်ပြီးတော့ တင်ပြပေးပါလို့ ပြောချင်ပါတယ်။

 

ငြမ်းမီဒီယာ
စက်တင်ဘာ(၂၇)၊ ၂၀၁၇၊ ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,