နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒီကိစ္စကို စိတ်ဝင်စားရင်တော့ …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

COVID -19 ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်က ဆရာဝန်တစ်ဦး – အပိုင်း(၂)

မြန်မာပြည်မှာ လုပ်လို့မရရင် နိုင်ငံခြား သွားလုပ်ဖို့ပဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆေးက ကမ္ဘာမှာ လိုအပ်နေတာလေ။ ကျနော်တို့ …

COVID -19 ကာကွယ်ဆေးကို မြန်မာပြည်က ဆရာဝန်တစ်ဦးက ထုတ်လုပ်ရန်ကြိုးစားနေသည် ဆိုသည့်သတင်း စကားသည် ကြားရသူများအတွက် ဂုဏ်ယူတစ်ဝက်၊မယုံတစ်ဝက်ဖြစ်နိုင် သူများလည်းရှိသည်။အံ့အားသင့် သူများလည်း ရှိမည်။ လုံးဝ မယုံသူများလည်း ရှိမည်။ သို့သော် COVID -19 ကာကွယ်ဆေးထုတ်ရန် ဆိုသည့် ကိစ္စမှာ စိတ်ကူးပြီး ထုတ်ပြောသည့် ကိစ္စမဟုတ်ဟု ဒေါက်တာအောင်မြင့်ကဆိုသည်။

ဒေါက်တာ အောင်မြင့်၏ လုပ်သက် နှစ်(၃၀) တွင် (၂၇) နှစ်ခန့်သည် ကာကွယ်ဆေးထုတ်လုပ်မှုတွင် လုပ်ကိုင်ခဲ့ သူဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကာကွယ်ဆေးထုတ်ရန် နည်းပညာဖြင့် ကာကွယ်ဆေးအများအပြားကို ထုတ်လုပ်ခဲ့ဖူး ကြောင်းလည်း ဒေါက်တာ အောင်မြင့်က ငြမ်းမီဒီယာ ကိုပြောသည်။

COVID -19 Vaccine ထုတ်လို့ရနိုင်သည့် နည်းပညာနှင့်ပတ်သက်၍ ဒေါက်တာအောင်မြင့် ရေးသားခဲ့သော စာတမ်းကို အင်္ဂလန် နိုင်ငံက Veterinary Record Journal က ဖော်ပြခဲ့သည်။

ဒေါက်တာအောင်မြင့်သည် COVID -19 Vaccine ထုတ်လုပ်ရန် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ထံ စာပေးပို့ခဲ့ပြီး တာဝန်ရှိသူအချို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်ရန် အခြေအနေမပေးခဲ့ပေ။ အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ငြမ်းမီဒီယာ က ဒေါက်တာအောင်မြင့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

အခုက အစိုးရ ဆိုပေမယ့် တကယ်တမ်း အစိုးရဆိုတဲ့ တစ်ဖွဲ့လုံးကြီး ကငြင်းပယ်တာလား။ ဒီတစ်စုလေးက ငြင်းပယ် တာလား ဆိုတာ …

ငြမ်းမီဒီယာ – အခုအစိုးရက ဆရာရဲ့ ကာကွယ်ဆေးထုတ်မယ့် အခြေအနေကို ငြင်းပယ်တဲ့ သဘောတော့ သက်ရောက်နေပြီပေါ့ဆရာ။ အဲဒီတော့ ဆရာ့အနေနဲ့ကရော ဒီ COVID -19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိလဲခင်ဗျ။

Dr.UAM – ငြင်းပယ်တဲ့ သဘောသက်ရောက်တာမဟုတ်ဘူး။သူက ငြင်းကို ငြင်းပယ်လိုက်တာ။ တကယ်တမ်းတော့ ဒီဟာကို အဆိုပြုတာ ကျနော်တစ်ယောက်တည်းမဟုတ်ဘူးဗျ။ ကျနော်က ဒီဌာနနဲ့ ပေါင်းလုပ်မယ်ဆိုတဲ့အခါ ဆေးသုတေသနဦးစီးဌာနက ဒုညွှန်မှူး နှစ်ယောက်ရယ် ၊သုတေသနအရာရှိ တစ်ယောက်ရယ် က အဖွဲ့ဝင်အနေနဲ့ တွဲပါ ပါတယ်။

ဆေးသုတေသနဌာနရဲ့ ပစ္စည်းကိရိယာတွေ၊နည်းပညာ သုံးဖို့လည်း ဒီအထဲမှာ ပါ ပါတယ်။ ပါတဲ့အတွက်ကြောင့် အဖွဲ့လိုက် တင်တာပါ။ တင်တယ်ဆိုကတည်းက ဒီလူတွေအကုန်ညှိနှိုင်းပြီး တင်တာပါ။ သို့သော် ကျနော် အချက်(၈) ချက်ဆိုပြီးတော့ ကျနော့်ဖေ့စ်ဘွတ်မှာ သူတို့ပြန်ကြားတဲ့ စာတွေဘာတွေ တင်ထားတာ ရှိပါတယ်။ အဲဒါကို ဖတ်တော့နားမလည်ဘူးဆိုတော့ နားလည်အောင် ပြန်ရှင်းပြပြီးတော့ ဒီအချက် (၈) ချက်နဲ့ ပယ်ချထားတယ်ဆိုတာ အဲဒီအချက် (၈) ချက်ကို ကျနော်တို့ ပြန်စာရေးတဲ့ဟာရယ် ၊တစ်ချက်ခြင်းကို ပြန်ရေးတာ အင်္ဂလိပ်လိုပဲရေးပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီနည်းပညာဟာ ဖြစ်နိုင်တယ်ဆိုတဲ့ ဟာကို အငြင်းပွားတာ မဟုတ်ဘူး။ ဘာလို့ ယုံကြည်သလဲဆိုတော့ …

အဲဒီတော့ မြန်မာလိုဘာသာပြန်ပြီး တင်ပေးထားတာ ရှိပါတယ်။ ဆိုတော့ အဲဒီ (၈) ချက်လုံးသည် ပယ်ရမယ်ဆိုတဲ့ ဟာတွေနဲ့ ဘယ်လိုမှ အကြောင်းမညီညွှတ်ပါဘူး။ အဲဒါကိုပြန်ဖြေရှင်းထားတာ။ ဒီ(၈)ချက်လုံးနဲ့ အကျုံးမဝင်တဲ့ အတွက်ကြောင့် ၊ဒီ (၈) ချက်လုံးသည် ပယ်ရမယ်ဆိုတဲ့ အခြေအနေ မဟုတ်တဲ့ အတွက်ကြောင့် အဲဒီအချက် တွေက လည်း မမှန်ကန်ဘူးပေါ့။

ပယ်ရလောက်တဲ့ အနေအထားမဟုတ်တဲ့အတွက်ကြောင့် ဒါကို ပြန်လည် စဉ်းစားပေးပါဆိုတဲ့ စာမျိုး ပြန်ရေးတယ်။ သို့သော် အဲဒီနေ့ ချင်းပဲ ဒါဟာ (၁၅) ဦးပါတဲ့ Board အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ နောက်တစ်ခါ အဆောက်အဦဆောက်ဖို့၊ စမ်းသပ်မယ်ဆိုတဲ့ ကိစ္စတွေအတွက် ဘီလီယံနဲ့ချီပြီးကုန်ကျမယ့် ငွေကြေးကိစ္စတွေ လုပ်ဆောင်ဖို့ မထိုက်တန်တဲ့အတွက်ကြောင့် ၊မထိုက်တန် ဘူးလို့ ဆုံးဖြတ်ချက်အပါအဝင် နောက်ထပ်သူတို့က ဒါကိုတော့ လုံးဝခွင့်မပြုပါဘူးလို့ စာတစ်စောင် ထပ်ရေးလာတဲ့ အတွက် ဒါက လုံးဝ ပိတ်သွားပြီ။ ဒီဟာက သူတို့ပယ်ချတယ်။ပြီးသွားပြီ။ ဒီအစိုးရဌာနနဲ့ လုပ်စရာ အကြောင်း ဆက် မရှိတော့ဘူးလို့ ငြင်းလိုက်တာကို ကျနော်ရခဲ့တာပါ။

ငြမ်းမီဒီယာ – ဒီ ကာကွယ်ဆေးထုတ်ဖို့ ကျနော်တို့မှာ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ မရှိဘူး။ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ငွေကြေး မရှိဘူး။ ဒါကြောင့်ငြင်းပယ်တာလား။ နောက်တစ်ခုက ဒီ Vaccine အတွက် အကျိုးအမြတ်က မသေချာလို့ အစိုးရဘက်က ငြင်းပယ် ခဲ့တာလား။

Dr.UAM – ဒီဟာက မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ကျနော့်ရဲ့ နည်းပညာ သုံးပြီး လုပ်မယ်ဆိုရင် လိုအပ်ချက်က နှစ်ချက်ပဲ ရှိတယ်။ နှစ်ချက်ဆိုတာက အခုCOVID -19 ရောဂါဖြစ်ပါတယ်လို့ သေသေချာချာ စမ်းသပ်ထားတဲ့ လူနာဆီက နှာခေါင်းတို့ဖတ် ထပ်ယူပေးဖို့ပဲလိုတယ်။ အဲဒါက တစ်ခု။ နောက်တစ်ခုက အဲဒီ လူနာဆီက သွေးနမူနာ တစ်ခုထဲက သွေးရည်ကြည် အဲဒါလေးနမူနာ ရချင်ပါတယ်။ အဲဒီဟာက လူနာ (၅) ယောက်လောက်ဆီက ရရင် ဒီအလုပ်က လုပ်လို့ရပြီ။ အခြားကြီးကြီးမားမား အကြောင်းအရာတွေ မပါဘူး။

တစ်ခုရှိတာက အဲဒီဟာကို ဒီဘက်တီးရီးယားတွေကို ဒီဗိုင်းရပ်စ်တွေကို ကိုယ်လိုချင်တဲ့ မျိုးဗီဇ လွှဲပြောင်းပြီး ကြည့်တဲ့အခါ ဒီဘက်တီးရီးယား ဟာ ကာကွယ်ဆေးအဖြစ် သုံးနိုင်တဲ့အဆင့် ဖြစ်၊မဖြစ်ဆိုတာကို သူ့ဆီမှာ Anti gen တွေ ထုတ်လုပ်တယ်၊ မထုတ်လုပ်တယ် စမ်းဖို့ကျတော့ ဒီ Antigen တွေကို စစ်ဆေးနိုင်တဲ့ Test Kit တွေ။ ဒါကတော့ နိုင်ငံခြားကနေ မှာရပါမယ်။ ဒါကလည်း သိန်း လေး၊ငါး၊ ခြောက်ဆယ်ထက် ပိုမကုန်ဘူး။

နောက်တစ်ခုက ဒီထက်တစ်ဆင့်မြှင့်ပြီးတော့ အဲဒီဘက်တီးရီးယားထဲမှာ ဘယ် Gene တွေပါလဲဆိုတာ Gene sequencing မှာ လုပ်ကြည့်လို့ရတယ်။ ဒီဗိုင်းရပ်စ်မှာ ဘယ် Gene အစိတ်အပိုင်းတွေပါလဲ။ အဲဒီလိုမျိုးလုပ်ဖို့ အတွက်ဆိုရင်လည်း စက်ပစ္စည်း ကိရိယာက ဆေးသုတေသနမှာ ရှိပါတယ်။ အဲဒီအတွက်လိုအပ်တဲ့ ကုန်ကြမ်း ၊ sequence လုပ်ဖို့ အတွက် လိုအပ်ပစ္စည်း အပိုးသုံးဝယ်ရမယ်ဆိုရင်လည်း တစ်ယူနစ်ကို သိန်းတစ်ရာ့ငါးဆယ် နီးပါး၊ တစ်ရာ့နှစ်ဆယ်လောက်ကျတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီတော့ စုစုပေါင်းက သိန်းနှစ်ရာ မရှိဘူး။ ဆိုတော့ သူများ တိုင်းပြည်မှာ အခု နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့ကြေး ဆိုပြီး ပေးတာတောင် ဒေါ်လာကို သန်းနှစ်ရာ၊ သုံးရာပေးတယ်ဗျ။ ဒီသုတေသနလုပ်ဖို့အတွက် ခုဟာက သိန်းနှစ်ရာ လောက် ကုန်မယ့် ဒီသုတေသနတစ်ခုဗျာ။ အဲဒီနောက်တစ်ခုက ဘယ်သူ့မှလည်း အလှူခံစရာမလိုပါဘူး။ အိတ်က စိုက် လိုက် လို့လည်း ရပါတယ်။ သို့သော် ငွေကြေးအကြောင်းအရာ မဟုတ်ဘူး။

ဒီထဲမှာပါမယ့် နမူနာပစ္စည်းတွေကတော့ ကျန်းမာရေးဌာနက တရားဝင်ရမှပဲ။ အဲဒီဟာကတော့ အခက်အခဲ ရှိတယ်။ အဲဒီဟာ ရမယ်ဆိုရင် ငွေကြေးနဲ့ ဒီပစ္စည်းတွေကိုဝယ်တာ နိုင်ငံခြားက မှာတာ၊ သွင်းတဲ့ အခါကျတော့လည်း ဒီသုတေသနအတွက် သွင်းရ ပါတယ်ဆိုတဲ့ သွင်းပေးတဲ့ ကုမ္ပဏီ ကို ဌာနဆိုင်ရာထောက်ခံချက်တွေ ပေးရင် ဒီပစ္စည်းတွေ ရောက်လာ နိုင်တယ်။ စမ်းတဲ့ အဆင့်တွေ လုပ်လို့ရပါတယ်။ စမ်းတဲ့အဆင့်ရပြီးပြီ ဆိုရင် ဒီတိရစ္ဆာန်မှာတော့ အန္တရာယ် မရှိဘူး။

လူမှာ အန္တရာယ် ရှိလား၊ မရှိဘူးလားဆိုတာ ဗော်လန်တီယာတွေ ဖိတ်ခေါ်ပြီးတော့ နိုင်ငံတကာမှာ လုပ်သလို Clinical trials ပေါ့။တစ်ယောက်ထိုးမယ်။ နှစ်ယောက် ထိုးမယ်။ တစ်ဆင့်ပြီး တစ်ဆင့်ပေါ့။ ဒါလည်း ဒီလို ဘက်တီးရီးယားတွေကို ပိုးသတ်ပြီး ထိုးတဲ့ကာကွယ်ဆေးတွေကို ကျနော်တို့အများကြီး ထိုးခံရဖူးပါတယ်။ အခုကာကွယ်ဆေးဆိုတာလည်း ဒီလိုအမျိုးအစားပါပဲ။

ပုလိပ်ကာကွယ်ဆေးဆိုတာလည်းဒီလိုအမျိုးအစားပါပဲ။ အလားတူဆေးတွေ ကျနော်တို့ ထိုးခံရတဲ့ အတွက်ကြောင့် ထူးထူးခြားခြား အန္တရာယ် ကိုယ့်အတွက်ဘာမှ မရှိဘူး။ ထိုးတဲ့နေရာလေး နည်းနည်းလေးနာမယ်။ ကိုယ်အပူလေးတက်ပြီး တချို့ဆေးတွေဆို ပြင်းရင် ဖျားတာ ပေါ့။ ဒီလောက်ပါပဲ။ အဲဒီလောက်နဲ့ စမ်းသပ်လို့ရတဲ့အဆင့်ပါ။

ကနဦးအဆင့်မှာ နမူနာ ပစ္စည်းလေးတွေက တရားဝင် ကိုယ့်ဘာသာ မရနိုင်ဘူး။ တရားဝင်တောင်းခံပြီး ခွင့်ပြုချက်ရှိမှ ဒါလေးတွေ ကိုင်တွယ်ခွင့် ရှိတဲ့ အတွက်ကြောင့် လောလောဆယ်အခက်အခဲ က အဲဒီအပိုင်းပဲ။

Board အဖွဲ့နဲ့ စကားပြော ချိန်မှာ ဖြစ်အောင်ဆိုတဲ့ အပိုင်းမှာ ပူးပေါင်းပြီးတော့ လုပ်မယ်ဆိုတဲ့ ဆန္ဒရှိတဲ့ပုံစံ မရှိဘဲ ဒါကို မဖြစ်ဘူးဆိုတဲ့ …

ငြမ်းမီဒီယာ – နိုင်ငံတကာမှာတော့ ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်ဖို့ အပြင်းအထန်လုပ်နေကြပါတယ်။ အစိုးရရော၊ ရင်းနှီးမြှုပ်နှံတဲ့ အဖွဲ့အစည်းတွေက ပါ ငွေ ပုံအော သုံးနေကြတာပါ။ ဆရာ့အနေနဲ့ ဒီကာကွယ်ဆေးထုတ်ဖို့ ဘယ်လို ဆက်သွားမလဲ။ ဆက်လုပ်ဖို့ရော အစီအစဉ်ရှိလား။

Dr.UAM – ကျနော်ကတော့ အဲဒီအခြေအနေလေးကို နားလည်မှု ရှိလာရင် လောလောဆယ် ကတော့ အခု သွားပြီး တင်ပြတဲ့ ကိစ္စက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရေးတယ်ဆိုပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က စာဖတ်ဖြစ်သလား၊ မဖတ်ဖြစ် ဘူးလားဆိုတာ မသိရဘူး။ သိသာတာကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးကတော့ ဒီစာကို ဖတ်ရတာ သေချာ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီကို အီးမေးလ်ဝင်တယ်။သူကိုယ်တိုင် အီးမေးလ် ပြန်ရေးတယ်။ ဒီအပိုင်းကတော့ သေချာတယ်။ သို့သော်သူက အောက်ကို ချပေးလိုက်တယ်။

အခု ဒီဆေးသုတေသန ဦးစီးဌာန နဲ့ သူ့ဆီက Board အဖွဲ့ပေါ့။ ဒီသုတေသန လုပ်ငန်းရဲ့ Boardအဖွဲ့ပေါ့။ အဲဒီအဖွဲ့ရဲ့ သဘောထားက နိုး ဖြစ်နေတယ်။ နဂိုတုန်းကလည်း ရေးတဲ့ စာတွေမှာ လည်း ကျနော် ထည့်ရေး ပါတယ်။ ကျနော်ဖြစ်စေချင်တာက ဒီကိစ္စက တစ်ကမ္ဘာလုံးမှာ ဒီဆေးဖြစ်မှ ပဲ လူတွေအနေနဲ့ ပုံမှန်ပြန်ဖြစ်မှာ။ စီးပွားရေးလုပ်ငန်းတွေလည်း လွတ်လွတ်လပ်လပ် ပုံမှန် ပြန်လုပ်နိုင်မယ် ဆိုတော့ ဒီဆေးအတွက် တအားဝိုင်းပြီး လုပ်နေကြတယ်။ ဒီဟာကို လုပ်ဖို့အတွက် သုတေသန ဆိုတဲ့ ဟာ အတွက် သုတေသနဌာနဆိုတာလည်း အစိုးရမှာ ဒီတစ်ဌာနပဲ ရှိပါတယ်။

သူ့မှာ ဒီဟာအတွက် အစီအစဉ်တွေ ရှိထားပြီးသား ဖြစ်လိမ့်မယ်။ သူတို့အစီအစဉ်ထဲမှာ ကျနော့်နည်းပညာပေးပြီးတော့ ပူးပေါင်း ပါဝင်ချင်ပါတယ် ဆိုတဲ့ သဘောတရား၊အဲဒီလိုဆန္ဒနဲ့ ရေးခဲ့တာဗျ။ ဒါပေမယ့် တကယ်လက်တွေ့ကျတော့ Board အဖွဲ့နဲ့ စကားပြော ချိန်မှာ ဖြစ်အောင်ဆိုတဲ့ အပိုင်းမှာ ပူးပေါင်းပြီးတော့ လုပ်မယ်ဆိုတဲ့ ဆန္ဒရှိတဲ့ပုံစံ မရှိဘဲ ဒါကို မဖြစ်ဘူးဆိုတဲ့ ဘက်ကနေ ဆန္ဒကိုတွေ့ရတဲ့အတွက်ကြောင့် ဒီဘက်ပိုင်းကတော့ ဆက်ပြီး လုပ်ဖို့ မလွယ်ဘူး။ သို့သော် တစ်ချက် ရှိတာက ဥပမာ နိုင်ငံတော် အကြီးအကဲ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လိုမျိုးက ဒီလိုမျိုး ဖြစ်နေသလား။အဲဒါဆိုရင်တော့ ဒါလေးပြန်ပြီး စဉ်းစားကြည့်ရအောင် ဆိုတဲ့ ဟာမျိုးဆိုရင်တော့ ဒီအလုပ်က ပြန်အစကောက်ပြီး လုပ်ကောင်း လုပ်နိုင်စရာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်က ပြောထားတာက ဒီဖေ့စ်ဘွတ်မှာလည်း ရေးနေတာတွေက နှစ်ပတ်သုံးပတ်အတွင်းမှာ ဆေးမျိုးစေ့ကို ကျနော်ရအောင်လုပ်မယ်။

အဲဒီလောက်လေး စောင့်ကြည့်ပြီး လေကျယ်ထားတာ မှန်ရောမှန်လား။ အဲဒီလောက်စစ်ဖို့အတွက် ပိုက်ဆံ အများကြီး မကုန်ဘူး။ ခုနက ပြောတဲ့ သိန်းနှစ်ရာ လောက်တော့ ကုန်မှာပေါ့ဗျာ။ အဲဒီလောက် စမ်းမယ်ဆိုရင် ဖြစ်၊ မဖြစ် ဆက်လုပ်သင့်၊ မလုပ်သင့် အဖြေပေါ်သွားပြီ။ အဲဒီလောက်အထိ စမ်းဖို့အတွက် ညွှန်ကြားနိုင်တဲ့ ၊ အပေါ်ကနေ Overruleလုပ်နိုင်တဲ့ အကြီးအကဲ တစ်ယောက် ယောက်က ပြောရင်တော့ ပြန်ပြီး အစကောက်နိုင် စရာ ရှိတယ်ဗျ။

ငြမ်းမီဒီယာ – ခုနက မေးခွန်းမှာ ဆရာ့အနေနဲ့ ဒီ ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် ဘယ်လို ခြေလှမ်းဆက်လှမ်းမလဲ ဆိုတာ ပြောပါဦးခင်ဗျ။

Dr.UAM – တကယ်လို့များ နိုင်ငံတော်အကြီးအကဲတွေ ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အထိရောက်ပြီးတော့ သူကများ ဒီကိစ္စကို စိတ်ဝင်စားရင်တော့ ဒီဟာကို ပြန်ပြီးဆွေးနွေးလာရင် မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်သွားမယ်လို့ မျှော်လင့်တယ်။ အဲဒီလို မှ မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ တိုင်းပြည်မှာ ထူးထူးခြားခြား တွေ့ရှိထားတဲ့ တွေ့ရှိချက်ပါ။

ကျန်တဲ့ နိုင်ငံတကာမှာ ဒီနည်းပညာ ဘယ်သူမှ မသုံးသေးဘူး။ ဒီလောက် မြန်မြန် ဆန်ဆန်လည်း ဆေးတစ်ခု မရနိုင်ဘူး။ မြန်မာပြည်၊ ကိုယ့်ပြည်တွင်းမှာ ဒီကိစ္စကို အသုံးချပြီးတော့ လုပ်တဲ့ အလုပ် လုပ်စေချင်ပါတယ်။ ကျနော်က အခုဆို နိုင်ငံတကာက ဖတ်ရှုနေတဲ့ ဂျာနယ်မှာ ကျနော်ရေးထားတယ်။ အဲဒီနည်းကို ကျန်တဲ့ လူက စိတ်ဝင်စားပြီးတော့ အဲဒီနည်းကို စာနဲ့တော့ ရေးထား တာ ဟုတ်ပါတယ်။ သူတို့ လက်တွေ့ သုံးချင်ပါတယ်။ သူတို့ကို ဝိုင်းကူပါလို့ ပြောလာရင်၊ဆက်သွယ်လာရင် ကျနော်က ငြင်းဖို့ ခက်တယ်။

အဲဒီတော့ ကိုယ့်ဆီက ဟာက အပြင်ကိုရောက်သွားမယ်။ အဲဒီလိုလည်း ကျနော်မဖြစ်စေချင်ဘူး။ အဲဒီ အတွက် ကြောင့် ဒီဟာအတွက် ကို သည်းခံပြီး စောင့်ပါတယ်။ပြောရမယ်ဆိုရင် စောစောတုန်းကလည်း သည်းခံပါတယ်။ ဘယ်လိုခေါ်မလဲ သည်းခံ စောင့်ရင်း ကြိုးစားနေတယ်ပေါ့ဗျာ။

အများပြည်သူက ဖြစ်နိုင်ပါ့မလားဆိုတာ၊ တချို့ဆိုရင် ခေါင်းလောင်းကြီး ဆယ်တာနဲ့ နှိုင်းယှဉ်ပြောနေတတ်တယ်။ အဲဒီလိုမျိုးမဟုတ်ဘူး။ တကယ်တမ်း …

ငြမ်းမီဒီယာ – အခုနိုင်ငံတကာမှာလည်း ကိုဗစ်ကာကွယ်ဆေးထုတ်နိုင်ဖို့ အပြိုင်ကို ကြိုးစားနေကြတယ်လို့ ပြောလို့ရမှာပါ။ ဆရာက ကာကွယ်ဆေး ထုတ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေလည်း ရှိတော့ အခု နိုင်ငံတကာမှာ ကိုဗစ်ရောဂါကာကွယ်ဆေး ထုတ်လုပ်မှု အဆင့်၊ အခြေအနေက ဘယ်လို ရှိပါသလဲ ဆရာ။

Dr.UAM – အခုထက်ထိကတော့ နိုင်ငံတကာက နည်းပညာအသစ်နဲ့ လုပ်နေတဲ့ဟာတွေက ခုနကပြောတဲ့ နည်ပညာ အုပ်စုနှစ်ခု ပေါ့။ Messenger rna ရယ် adenoviruses ရဲ့ gene တွေကို ထုတ်ပေးတဲ့ သယ်ဆောင် သူပေါ့။ သူတို့ အဆိုအရ ဆိုရင် Vector ပေါ့။ အဲဒီလိုနည်း။ကာကွယ်ဆေးထုတ်ဖို့ဆိုရင် ဒီနှစ်ခု ရှိတယ်။ အဲဒါက အသစ်ပေါ့။ အဟောင်းကတော့ အခု တရုတ်က အခုထုတ်ပြီး စမ်းသပ်နေတယ်။

ဒီဗိုင်းရပ်စ်ကို မွေးပြီးတော့ ပိုးသတ်ပြီးတော့ ထုတ်တဲ့နည်းပေါ့။ အခုလူတွေ ထိုးနေတဲ့ တုပ်ကွေးရောဂါကာကွယ်ဆေး မျိုးပဲ။ ဒါက ဗိုင်းရပ်စ်ကို ပိုးသတ်ပြီးတော့ထုတ်တာ။ အဲဒီနည်းကတော့ သမာရိုးကျဆိုတော့ ဒီကောင်က ရမှာသေချာ တယ်။ ဟို ခြောက်ခု ကတော့ မသေချာသေးဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ဒုတိယ adenoviruses က ကာကွယ်ဆေး တွေ ထုတ်တဲ့နမူနာရှိတယ်။ Messenger rna ဆေးထုတ်တယ် ဆိုတာ ကမ္ဘာမှာ လိုင်စင်ရတဲ့ ဆေး တစ်ခုမှ မရှိဖူးသေးဘူး။ ဒါက လုံး၀ နည်းပညာ အသစ် တစ်ခုပဲ။ ဒါသည် အကောင် အထည် ပေါ်မလား။ မပေါ်ဘူးလား။ အခု ထိုင်း က လုပ်မယ်ဆိုတာလည်း ဒီနည်းပဲ။ ဆိုတော့ တစ်ယောက် ဆုံးရှုံးသွားရင် တကယ်လို့သာ မအောင်မြင်ဘူးဆိုရင် ကျန်တဲ့ ဟာတွေလည်း အောင်မြင်မယ်လို့ ပြောလို့ မရဘူး။ သေချာပေါက် ကတော့ တရုတ်ကဆေးကတော့ နည်းဟောင်းနဲ့လုပ်တာ ဒါကတော့ သေချာပေါက် အောင်မြင်တယ်။ adenoviruses ကလည်း ပြောလို့တော့မရသေးဘူး။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံမှာ ဒီလို ကာကွယ်ဆေးထုတ်နိုင်ဖို့ လုပ်နိုင်တဲ့သူ ရှိတဲ့အတွက် ဂုဏ်ယူပါတယ်ဆရာ။ တစ်ဖက်ကလည်း စိတ်မှာ မြန်မာနိုင်ငံမှာ ဒီလို လုပ်နိုင်တဲ့သူ ရှိတယ်ဆိုတာ ဒီဟာက ဖြစ်နိုင်ပါ့မလားဆိုတဲ့ စိတ်လည်းဖြစ်ပါတယ်။ အဲဒီတော့ ဆရာ့ အနေနဲ့ကရော ဒီအပေါ်မှာ ဘယ်လောက်အထိ ယုံကြည်လဲ ဆရာ။ ဖြစ်နိုင်ခြေကရော ဘယ်လောက်ရှိလဲဆရာ။ ဆရာ့ ယူဆချက် ကို ပြောပေးပါခင်ဗျ။

Dr.UAM – အခု ဒီနည်းပညာက စိတ်ကူးပြီးတော့ ထုတ်ပြောတဲ့ဟာမျိုး မဟုတ်ဘူး။ ဒီနည်းပညာကို အသုံးပြု ပြီးတော့ ကာကွယ်ဆေး တွေ အများကြီး ကျနော်ထုတ်ခဲ့ဖူးတယ်။ ၁၉၉၄ ကနေ ၂၀၀၆ ခုအထိ (၁၂) နှစ်လောက် ကိုယ်ပိုင် ကာကွယ်ဆေးတွေ ။တိရစ္ဆာန် ကာကွယ်ဆေးတွေ အများကြီးထုတ်ခဲ့တယ်။ အဲဒီ အထဲမှာ (၁၀) မျိုးလောက်က ဒီနည်းပညာကို သုံးပြီးတော့ ဘက်တီးရီယားနဲ့ ဗိုင်းရပ်စ်ရောဂါကို ကာကွယ်တဲ့ ကာကွယ်ဆေးတွေ ထုတ်ခဲ့တယ်။

ဆိုလိုတာက ဗိုင်းရပ်စ်တွေအတွက် လိုတဲ့ Antigens ကာကွယ်ပေးနိုင်တဲ့ အစိတ်အပိုင်း တွေကို အဲဒီ မော်လီကျူးတွေကို ဘက်တီးရီးယား နဲ့ထုတ်တာ။ အဲဒီလိုမျိုး ထုတ်ခဲ့တာတွေက (၁၀) မျိုးလောက်ရှိတယ်။ အဲဒီအထဲမှာ တစ်ခုပြောမယ်ဆိုရင် ခွေးရူးကာကွယ်ဆေး ဟာ ပြီးခဲ့တဲ့ နှစ်နှစ် လောက်က ဆေးသုတေသန ဦးစီးဌာနမှာကို ဒီကာကွယ်ဆေးကို ဒီနည်းနဲ့ ထုတ်တာ စမ်းနေပါတယ်။ အခု ဆက်စမ်းနေတယ်။သူတို့ Research Paper တွေဘာတွေ မထွက်သေးတာပဲ ရှိတာ။ စမ်းနေတယ်။

သူတို့ နည်းပညာနဲ့ ထုတ်တဲ့ဆေးက လူတစ်ဦးစာကို ဒေါ်လာ နှစ်ဆယ်၊သုံးဆယ် ကျမယ်ဆိုရင် အခုဒီဆေးက နှစ်ဒေါ်လာ၊ သုံးဒေါ်လာပဲကျမယ်။ အဲဒီလောက် …

စမ်းတဲ့ အတွက်ကြောင့် ဘက်တီးရီးယားထဲမှာ ခွေရူးဗိုင်းရပ်စ်ရဲ့ gene ဘယ်အပိုင်းတွေပါတယ် ဆိုတာ သူတို့သိထားတယ်။ နောက်တစ်ခါ ဒီခွေးရူးကာကွယ်ဆေးမှာ အဓိက အစိတ်အပိုင်းဖြစ်တဲ့ Rabies Virus glycoprotein ဆိုတာ အဲဒီရဲ့ gene ပါတယ် ဆိုတာ တွေ့တယ်။အဲဒီ glycoprotein ကိုလည်း တကယ့် ခွေးရူးဗိုင်းရပ်စ်နဲ့ ထုတ်တဲ့ကာကွယ်ဆေးမှာပါတဲ့ glycoprotein အတိုင်းပဲ ဆင်တူတယ်ဆိုတာ နောက်ဆုံး ခေတ်ပေါ်နည်းပညာတွေနဲ့ စမ်းသပ်ထားတာရှိတယ်။

ဆိုလိုတာက ဒီနည်းပညာနဲ့ ဒီဆေးထုတ်လို့ ရမယ် ဆိုတာကို အငြင်းမပွားဘူးဗျ။ အဲဒီဆေးသုတေသန Board ကလည်း အငြင်း မပွားဘူး။ ဒီနည်းပညာဟာ ဖြစ်နိုင်တယ်ဆိုတဲ့ ဟာကို အငြင်းပွားတာ မဟုတ်ဘူး။ ဘာလို့ ယုံကြည်သလဲဆိုတော့ ကိုယ့်ဘာသာကိုယ် သေချာတယ်။

အဲဒီအတွက်ကို အများပြည်သူက ဖြစ်နိုင်ပါ့မလားဆိုတာ၊ တချို့ဆိုရင် ခေါင်းလောင်းကြီး ဆယ်တာနဲ့ နှိုင်းယှဉ်ပြောနေ တတ်တယ်။ အဲဒီလိုမျိုးမဟုတ်ဘူး။ တကယ်တမ်းသုံးသပ်တဲ့ အဖွဲ့အနေနဲ့ကို ဒီနည်းပညာအပေါ်မှာ ဝေဖန်ချက်တစ်ခုမှမပေးဘူး။ သူတို့ ကိုယ်တိုင် Rabies Virus နဲ့ပတ်သက်ပြီး ဒီဌာနမှာ အခုစမ်းနေတာ ရှိတယ်။ အကောင်အထည်ဖော်နေတာ ရှိတယ်။ အဲဒီ အတွက်ကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ဟာကို ဘာမှ အငြင်းပွားစရာ မရှိဘူး။

ငြမ်းမီဒီယာ – ဆရာ့ဘက်မှာတော့ ဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆန္ဒရှိတယ်။ ယုံကြည်ချက်၊ အိမ်မက်ရှိတယ်။ ဒါပေမယ့် အစိုးရဘက်က ဒါကို လုံး၀ ဆန္ဒမရှိခဲ့ဘူးဆိုရင် ဆရာဘယ်လို ဆုံးဖြတ်ထားလဲခင်ဗျ။

Dr.UAM – ခုနက ကျနော်ပြောပြီးပါပြီ။ကျနော် ဒီနည်းပညာကတော့ အင်္ဂလန်ကထုတ်တဲ့ Veterinary Record Journal မှာ ဒီနည်းပညာအကြောင်းရေးပြီးသား ဖြစ်နေပြီ။ ဒီနည်းပညာကိုတွေ့ပြီးတော့ အဲဒီ နည်းပညာနဲ့ ဆက်စပ်ပြီးတော့ ဘာခေါ်မလဲ သူတို့ ဒီဟာကို ရည်ညွှန်းပြီးတော့ ဆက်ပြီးတော့ ရေးထားတာ တွေတောင် ရှိတာပဲ ။ဒါ နှစ်လတောင် မကြာသေးတဲ့ အချိန်မှာ ။ဒါနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်လာတာတွေ ရှိတယ်ဗျ။ အဲဒီတော့တကယ်လို့များ သူတို့ကသေသေချာချာလုပ်ချင် ပါတယ် ဆိုတဲ့ ဟာကို ကမ်းလှမ်းလာမယ် ဆိုရင် ဒီနေရာမှာ မြန်မာပြည်မှာ လုပ်လို့မရရင် နိုင်ငံခြား သွားလုပ်ဖို့ပဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆေးက ကမ္ဘာမှာ လိုအပ်နေတာလေ။ ကျနော်တို့ဆီမှာပဲ ထုတ်ထုတ်၊ ဘယ်နေရာမှာပဲ ထုတ်ထုတ် ဆေး တကယ်လို့ သာ ရမယ်ဆိုရင် ၊ဆိုလိုချင်တာက ဒီဆေးလုပ်တဲ့နည်းပညာက အရမ်းဈေးသက်သာမယ်။

သူတို့ နည်းပညာနဲ့ ထုတ်တဲ့ဆေးက လူတစ်ဦးစာ ကို ဒေါ်လာ နှစ်ဆယ်၊သုံးဆယ် ကျမယ်ဆိုရင် အခုဒီဆေးက နှစ်ဒေါ်လာ၊ သုံးဒေါ်လာပဲ ကျမယ်။ အဲဒီလောက် ကွာနိုင်တယ်။ အဲဒီအတွက်ကြောင့်ဘယ်နည်းနဲ့မဆို ဖြစ်ဖို့ အနေအထားက တခြား လူ တစ်ယောက် ယောက်က၊ ကျန်တဲ့ အဖွဲ့အစည်းတစ်ခုခုက ဆက်သွယ်လာတယ် ဆိုရင်တော့ ကျနော် လုပ်ဖြစ်အောင် လုပ်မှာပဲ။ ဒီမှာကတော့ ဖြစ်ချင်တာပေါ့ဗျာ။ ဖြစ်စေချင်လို့ပဲ ကမ်းလှမ်းတာပေါ့။ အခုက အစိုးရ ဆိုပေမယ့် တကယ်တမ်း အစိုးရဆိုတဲ့ တစ်ဖွဲ့လုံးကြီး ကငြင်းပယ်တာလား။ ဒီတစ်စုလေးက ငြင်းပယ် တာလား ဆိုတာကတော့ နည်းနည်းဝေဖန်စရာတော့ ရှိပါတယ်။

ငြမ်းမီဒီယာ – ဆရာဖြည့်စွက် ပြောလိုတာများ ရှိမလား။

Dr.UAM – ကျနော်စောစောက ပြောပြီးသားမှာလည်း ပါပါတယ်။ အဓိကက တော့ ဒီသတင်း အချက်အလက် ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတတို့ အဲလိုမျိုးအဆင့်တွေ အနေနဲ့ သိပြီးတော့ ၊သေသေချာချာ အခြေအနေမှန်ကို သိပြီးတော့ ဒါကို ပြန်လည် စဉ်းစားဖို့အတွက် လုပ်ပေးစေချင်တယ်လို့ ကျနော်ပြောချင် ပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဆရာခင်ဗျာ။

ငြမ်းမီဒီယာ

COVID -19 ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်က ဆရာဝန်တစ်ဦး – အပိုင်း(၁)

Covid-19 ကာကွယ်ဆေး ဘယ်သူထုတ်လာနိုင်မလဲ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,