နိုင်ငံရေးကို ရိုးရိုးသားသား ယှဉ်လို့မရတဲ့အခါမှာ …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SDFB / ရန်ကင်းတောင်ဆရာတော်

ငါ့ဘာသာမှငါ့ဘာသာ၊ ငါ့လူမျိုးမှငါ့လူမျိုး၊ငါ့တိုင်းရင်းသားမှ ငါ့တိုင်းရင်းသား ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးတွေနဲ့ ချဉ်းကပ်ကြမယ်ဆိုရင် …

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ သတင်းတု၊ သတင်းအမှားတွေ ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ လာခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကင်းတောင်ဆရာတော်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – အရှင်ဘုရား ဦးတင်ပါတယ် ဘုရား။ တပည့်တော် မေးခွန်း လျောက်ထားပါရစေ။ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ သတင်းတု၊သတင်အမှားတွေ ကို အသုံးချပြီး သွေးထိုးလှုံ့ဆော်မှုတွေ တွေ့နေရပါတယ်။ အဲဒီအပေါ်မှာ အရှင်ဘုရား ဘာများ မိန့်ကြားချင်ပါသလဲ။

ဆရာတော် – ဒီကနေ့ လူမှုကွန်ရက်မှာ အထူးသဖြင့် ဘာသာရေး၊လူမျိုးရေး၊ နိုင်ငံရေး တွေကို အကြောင်းပြုပြီး ဝါဒမှိုင်းတွေ၊ သတင်းအမှားတွေနဲ့ ဝါဒဖြန့်နေကြတာ ဦးဇင်းတို့ တွေ့နေရတယ်။ ဦးဇင်းတို့ မြင်တာ ဒါက ခိုင်လုံတဲ့ နိုင်ငံရေးမူဝါဒ၊ ခိုင်လုံတဲ့ နိုင်ငံရေး လမ်းစဉ် မရှိတဲ့ ပုဂ္ဂိုလ်တွေပေါ့ ၊အထူးသဖြင့် ပြည်သူလူထုရဲ့ ဆန္ဒကို မလေးစားတဲ့ ပုဂ္ဂိုလ်တွေ ၊ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီအောင် မကြိုးစားနိုင်၊ မဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံရေးကို ရိုးရိုးသားသား ယှဉ်လို့ မရတဲ့ အခါမှာ ဘာသာရေး၊ လူမျိုးရေးတွေ၊ အမျိုးသားရေးတွေ အကြောင်းပြပြီး နိုင်ငံရေးကို အပုပ်ချတိုက်ခိုက်နေတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သတင်းတုတွေနဲ့ ပတ်သက်လို့ကတော့ ဒီကနေ့ နိုင်ငံသူ၊နိုင်ငံသား တွေက ဘာသတင်းပဲကြားကြား စိတ်လိုက်မာန်ပါ ရမ်းပြီး မဆုံးဖြတ်ဖို့၊ ရမ်းပြီး မယုံကြဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ …

ဒါတွေက လူမှုကွန်ရက်မှာ အများကြီး တွေ့နေရတယ်။ တချို့ကလည်း ဂရုတစ်ခု အနေနဲ့ ဖွဲ့ပြီး တစ်ယောက်ကို အကောင့်ပေါင်း လေးငါးဆယ်ခု ကိုင်ပြီး ဒီဝါဒဖြန့် စစ်ဆင်ရေး၊ဒီသတင်းတု စစ်ဆင်ရေး တစ်ရပ်ဆင်နွှဲနေတယ်လို့ ဒီလိုလည်း ဦးဇင်းတို့ ကြားရတယ်။ ဒါကြောင့် ဒါတွေကတော့ ဦးဇင်းတို့ နိုင်ငံအနေနဲ့ မဖြစ်သင့်ပါဘူး။ သတင်းကို နားထောင်တဲ့ ပုဂ္ဂိုလ် ယုံတဲ့ ပုဂ္ဂိုလ် လည်းပဲ သတင်းတစ်ခုကို သတင်းရင်းမြစ်မခိုင်မာဘဲ ရမ်းပြီးတော့ မယုံစေချင်ဘူး။ ရမ်းပြီးတော့ ဖြန့်ဝေတာတွေ မလုပ်စေချင်ဘူး။

ဒီဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံ၊တိုင်းရင်းသားပေါင်းစုံဟာ ပန်းပေါင်းစုံဖူးပွင့်နေတဲ့ ဥယျာဉ်ကြီး တစ်ခုလိုပါပဲ။ ဒါက မတူကွဲပြားတဲ့ အလှအပတွေနဲ့ အရောင်အသွေး စုံလင်စွာ လှပနေတာပါ။ ရှိနေတဲ့ …

ငြမ်းမီဒီယာ – သတင်းအမှား၊သတင်းတု တွေနဲ့ ပတ်သက်ပြီး ပြည်သူလူထု အနေနဲ့ ဘယ်လို ရှောင်ရှားသင့် သလဲ အရှင်ဘုရား။ ဒီအပေါ် မှာလည်းအရှင်ဘုရား မှတ်ချက် ကို သိချင်ပါတယ်။

ဆရာတော် – သတင်းတုတွေနဲ့ ပတ်သက်လို့ကတော့ ဒီကနေ့ နိုင်ငံသူ၊နိုင်ငံသား တွေက ဘာသတင်းပဲကြားကြား စိတ်လိုက်မာန်ပါ ရမ်းပြီး မဆုံးဖြတ်ဖို့၊ ရမ်းပြီး မယုံကြဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်အောင် ၊နိုင်ငံတည်ငြိမ်မှုပျက်အောင် ၊အဲဒီတော့ နိုင်ငံတည်ငြိမ်တာကို ၊ဖွံ့ဖြိုးတိုးတက်တာကို မလိုလားတဲ့ ပုဂ္ဂိုလ်တွေ၊ မလိုလားတဲ့ အဖွဲ့အစည်းတွေ၊ မလိုလားတဲ့ အုပ်စုတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒမှိုင်းတွေ ဖြန့်နေတာတွေ ၊သတင်းတုတွေ ဖြန့်နေတာတွေ ၊လုပ်နေတာတွေ တွေ့ရပါတယ်။ ဒါကြောင့် ဦးဇင်းတို့ ပြည်သူလူထုအနေနဲ့ သတိဝီရိယ ကြီးကြီး ထားပြီး ဘာသတင်းပဲကြားကြား ရမ်းပြီးတော့ မယုံကြဖို့၊ နောက်ပြီးတော့ သတင်းတစ်ခုကြားတယ်၊တွေ့တယ်ဆိုရင် ခိုင်လုံတဲ့ သတင်းဌာနတွေ၊ ခိုင်လုံတဲ့ ပေ့ချ်တွေ ကနေ တရားဝင်တက်လာပြီဆိုမှ ယုံကြဖို့ ။ ဒါကအရေးကြီးပါတယ်။ ဦးဇင်း ကတော့ သတိထားကြဖို့ ပြောချင်ပါတယ်။

ငါတို့နိုင်ငံသားအားလုံးအတွက် ငါတို့နိုင်ငံအတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံအတွက် ဘယ်လိုညှိနှိုင်းပြီးတော့ ဘယ်လို အကျိုးစီးပွားတွေ ဖြစ်အောင် ဆောင်ရွက်ကြမလဲ။ ကျယ်ပြန့်တဲ့ အမြင်မျိုးနဲ့ …

ငြမ်းမီဒီယာ – မတူကွဲပြားမှုတွေနဲ့ နေတဲ့ တိုင်းပြည်မှာ ဒီလိုမျိုး လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် သွေးထိုးလှုံ့ဆော် နေသူတွေကို ဘာများမှတ်ချက်ပေးချင်ပါလဲ အရှင်ဘုရား ။

ဆရာတော် – ဘာသာရေး၊လူမျိုးရေးတွေကို အကြောင်းပြုပြီး အဓိကရုဏ်းတွေဖြစ်အောင်၊တည်ငြိမ်မှုပျက်အောင် လုပ်နေတဲ့ ပုဂိုလ်တွေပေါ့။ ဦးဇင်းတို့နိုင်ငံရဲ့လက်ရှိပကတိအခြေအနေကို က ဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင်တွေ ပြောနေသလိုပါပဲ ဦးဇင်းတို့ နိုင်ငံမှာ ရှိနေတဲ့ မတူကွဲပြားမှုတွေ၊ အဲဒီမတူကွဲပြားမှုတွေ ကို အသုံးချပြီး နိုင်ငံအတွက် အင်အားတစ်ရပ်အနေနဲ့ စည်းလုံးညီညွတ်မှုတွေကို တည်ဆောက်ပြီး တိုးတက်တဲ့ နိုင်ငံတစ်ခု တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဦးဇင်းတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာလည်း ပါပြီးသား ဖြစ်ပါတယ်။ အခြေခံဥပဒေထဲမှာ ဘာသာရေး၊လူမျိုးရေး အကြောင်းပြုပြီး တိုက်ခိုက်တာတွေ ၊ပုတ်ခတ်တာတွေ မလုပ်ရဘူး။ မစော်ကားရဘူးဆိုတာ ပြဌာန်းထားပြီး သား ဖြစ်ပါတယ်။ နိုင်ငံအတွက် စဉ်းစားကြတဲ့ အခါမှာ နိုင်ငံရေး အမြင်အရ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ဖို့ လိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီတော့ အကြောင်းအရာတစ်ခု သုံးသပ်တော့မယ်၊ ပြောကြ၊ဆိုကြ၊ဆွေးနွေးကြတော့မယ်ဆိုရင် ဦးဇင်းတို့ နိုင်ငံသူနိုင်ငံသား အားလုံးက ကိုယ့်နိုင်ငံအတွက် ဘာလုပ်ကြမလဲ။ အဲဒီတော့ ငါတို့နိုင်ငံသားအားလုံးအတွက် ငါတို့နိုင်ငံအတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံအတွက် ဘယ်လိုညှိနှိုင်းပြီးတော့ ဘယ်လို အကျိုးစီးပွားတွေ ဖြစ်အောင် ဆောင်ရွက်ကြမလဲ။ ကျယ်ပြန့်တဲ့ အမြင်မျိုးနဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။

အဲဒီလို မဟုတ်ဘဲ ငါ့ဘာသာမှ ငါ့ဘာသာ၊ ငါ့လူမျိုးမှ ငါ့လူမျိုး၊ငါ့တိုင်းရင်းသားမှ ငါ့တိုင်းရင်းသား ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးတွေနဲ့ ချဉ်းကပ်ကြမယ်ဆိုရင် ဦးဇင်းတို့ နိုင်ငံက အချင်းချင်းဝိဝါဒတွေ ကွဲပြီး ရှေ့မရောက်ဘဲ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဦးဇင်းတို့ တိုက်တွန်းနေတာက ၊အထူးတိုက်တွန်းချင်တာက ဦးဇင်းတို့ နိုင်ငံမှာ ပကတိရှိနေတဲ့ ဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံ ဒါက အားလုံးရှိနေတာပဲ။ ဒါက ငြင်းပယ်လို့မရဘူး။

ဒီပကတိအရှိတရားကို လက်ခံရမယ်။ ဦးဇင်းတို့က ဘာနဲ့တူသလဲဆိုတော့ ဦးဇင်းတို့ နိုင်ငံဟာ ဒီဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံ၊တိုင်းရင်းသားပေါင်းစုံဟာ ပန်းပေါင်းစုံဖူးပွင့်နေတဲ့ ဥယျာဉ်ကြီး တစ်ခုလိုပါပဲ။ ဒါက မတူကွဲပြားတဲ့ အလှအပတွေနဲ့ အရောင်အသွေး စုံလင်စွာ လှပနေတာပါ။ ရှိနေတဲ့ ကွဲပြားမှုတွေ ဒါက ဦးဇင်းတို့ ခွဲခြားနေတာ မဟုတ်ဘူး။ သဘာဝကို က ရှိနေတဲ့ ကွဲပြားမှုတွေ။ အဲဒီမတူကွဲပြားမှုတွေကို သိရှိနားလည် လက်ခံပြီး အားလုံးညီညီညာညာနဲ့ လက်တွဲပြီးတော့ နိုင်ငံအတွက် ဘာတွေ လုပ်ဆောင်နိုင်ကြမလဲ။

အခု လာတော့မယ် ၂၀၂၀ ရွေးကောက်ပွဲ။ အဲဒီတော့ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံကို ကောင်းစေချင်တယ်ဆိုရင်၊ မြှင့်တင်ချင်တယ်ဆိုရင် ငါတို့အနေနဲ့ ၊ငါတို့ရထားတဲ့ မဲတစ်ပြားကို နိုင်ငံအတွက် တန်ဖိုးရှိရှိ အသုံးချမယ်ဆိုတဲ့ ကျယ်ပြန်တဲ့ အမြင်မျိုးနဲ့လုပ်ကိုင်ဆောင်ရွက် ကြဖို့ ဦးဇင်း က တိုက်တွန်းချင်းပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,