နိုင်ငံရေးဆိုတာ သေဖို့အတွက်လုပ်တာမဟုတ်ဘူး၊ ရှင်ဖို့ အတွက်လုပ်တာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KTK/ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွန်းခိုင်

ကျနော်တို့က မြိုတိုင်းရင်းသားဖြစ်နေလျှက်နဲ့၊ အသက်ရှင်လျှက်ရှိနေပါလျှက်နဲ့ သမိုင်းမရှိတဲ့လူမျိုးလို၊ နာမည်မရှိတဲ့လူမျိုးလို အဲဒီလိုဖြစ်သွားမှာ …

ရခိုင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွန်းခိုင်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီရဲ့ သမိုင်းကြောင်းနဲ့ ပါတီမူဒကို စပြီးပြောပြပေးပါ။

UKTK – ကျနော်တို့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီရဲ့မူဝါဒက (၃) ချက်ရှိပါတယ်။ နံပါတ်တစ်ကတော့ ဒို့တာဝန် အရေးသုံးပါးနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာတဲ့ အမျိုးသားနိုင်ငံရေးကို ကျင့်သုံးမယ်ဆိုတဲ့အချက်။ နံပါတ်နှစ်က စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော် ပေါ်ပေါက်လာရေးကို တိုင်းရင်းသားပြည်သူများနဲ့အတူ လက်တွဲကြိုးပမ်းဖော်ဆောင်မယ်ဆိုတဲ့အချက်။ နံပါတ်သုံးက မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီအနေနဲ့ ရည်မှန်းချက်တူညီရင် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို မျက်ခြည်ပြတ်မခံဘဲ မည်သည့်နိုင်ငံရေးပါတီ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အချက်။ အဲဒီသုံးချက်ပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီကို ၁၉၈၈ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ပါတီအမည်က မြို (ခေါ်) ခမိ အမျိုးသားညီညွှတ်ရေးအဖွဲ့ ဆိုတဲ့နာမည်နဲ့ပေါ့။ မြိုနဲ့ ခမိဆိုတာ လူမျိုးနှစ်ခုမဟုတ်ပါဘူး။ တစ်ခုတည်းပါ။ ဒါ ကြောင့်လည်း ကျနော်တို့က မြို (ခေါ်) ခမိ ဆိုပြီးနာမည်ပေးခဲ့တာပါ။

တချို့က မှတ်ပုံတင်ထဲမှာ ခမိလို့ဖြစ်နေတယ်။ တချို့က မြိုလို့ဖြစ်နေကြတယ်။ ပေါက်တောတို့၊ မြောက်ဦးတို့၊ ပုဏ္ဏားကျွန်းတို့၊ ဘူးသီးတောင်တို့ဖက်မှာတော့ ခမိအမည် နဲ့ရှိကြပါတယ်။ ကျနော်တို့ကျောက်တော်ဖက်မှာတော့ မြို နာမည်နဲ့ရှိကြတယ်။ ဒါပေမယ့် ခမိနဲ့ မြိုက စကားလည်းအတူ တူပဲ၊ ရိုးရာဓလေ့တွေလည်းအတူတူပဲ။ ဆိုတော့ ကျနော်တို့ က ပေါင်းပြီး မြို (ခေါ်) ခမိ ဆိုတဲ့နာမည်နဲ့ဖွဲ့စည်းခဲ့တာပါ။ အဲဒီကစပြီး ကျနော်တို့နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်လာခဲ့ကြတာပါ။

ခုဆို ပါတီသက်တမ်းက (၃၂) နှစ်ရှိပါပြီ။ ဒါပေမယ့် ၂၀၁၂ လောက်မှာကျတော့ တချို့က ခမီပါတီဆိုပြီးတည်ထောင်လာကြတာတွေလည်းရှိလာတယ်။ နောက်တစ်ခါ ၂၀၁၄ သန်းခေါင်စာရင်းမှာလည်း ခမိ ဆိုတဲ့နာမည်ကို မြို ဆိုပြီးပြင်ဆင်ခဲ့တာရှိတယ်။ အဲဒီတော့ ကျနော်တို့တိုင်းသားအများစုရဲ့သဘောထားဆန္ဒတွေအရ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ (၇) ရက်နေ့မှာ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီဆိုတဲ့အမည် ကိုပြောင်းခဲ့ကြပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ကျနော်တို့ ပါတီက ဥက္ကဌကြီး ဦးစံသာအောင်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ လွှတ်တော်ထဲကိုရောက်တယ်ပေါ့။ အဲဒီကစပြီး ဒီ ၂၀၀၈ အခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကျနော်တို့တင်ပြတယ်၊ ဆွေးနွေးတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးစံသာအောင်အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင် (၅) ဦး၊ စုစုပေါင်း (၆) ဦး ညောင်နှစ်ပင်ညီလာခံကိုတက်ရောက်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ၁၉၉၂ ပါတီတွေဖျက်သိမ်းတော့လည်း ကျန်ခဲ့တဲ့ (၁၀) ပါတီထဲမှာ ကျနော်တို့ပါတီပါပါတယ်။ ဒါတွေက ကျနော်တို့ပါတီ ရဲ့ သမိုင်းတွေပေါ့။

ရွေးကောက်ပွဲနိုင်င်ခြင်းမနိုင်ခြင်းက အဓိက မကျပါဘူး။ ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့ ဒီနိုင်ငံတည်ဆောက်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်ပြီးဆောင်ရွက်ချင်တယ်၊ ပြောရေးဆိုခွင့်တွေရချင်တယ်၊ နောက် …

ငြမ်းမီဒီယာ – ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲအတွေ့အကြုံတွေကို ပြောပြပေးပါဦး။

UKTK – ၁၉၉၀ ရွေးကောက်ပွဲမှာတော့ ကျနော်တို့ပါတီက ဥက္ကဌကြီး ဦးစံသာအောင်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ကျနော်ပါတီက လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း (၉) ဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော် တို့ ရွေးချယ်ခံရခြင်းတော့မရှိခဲ့ဘူး။ အရွေးချယ်မခံခဲ့ရပေမယ့် ကျနော်တို့တိုင်းရင်းသားတွေရဲ့မဲတွေတော့ အများကြီးရခဲ့ပါတယ်။ တချို့က တစ်သောင်းကျော်ရကြတယ်။ တချို့က ရှစ်ထောင်ကျော်ရကြတယ်၊ တချို့က ခုနစ်ထောင်ကျော်ရကြတယ်။ ကျနော်ဆိုရင်လည်း ငါးထောင်ကျော်ရခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း ကျနော်တို့ပါတီက ကိုယ်စား လှယ်လောင်း (၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ရွေးချယ်ခံခဲ့ရခြင်းတော့မရှိခဲ့ပါဘူး။ အဲဒီတုန်းက ကျနော်တို့ပါတီအခြေပြုရာမြို့နယ် (၆) ခုမှာ တစ်မြို့နယ်တစ်ဦးကျ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကျောက်တော်မှာတော့ နှစ်ဦးဝင်ပြိုင်ခဲ့တာပေါ့။

အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကျနော်တို့ပါတီက ပြည်သူ့လွှတ်တော် အတွက် ကျောက်တော်မဲဆန္ဒနယ်က တစ်ဦး၊ အမျိုးသားလွှတ်တော်အတွက် မြောက်ဦးမဲဆန္ဒနယ် အမှတ် (၄) ကတစ် ဦး၊ မြောက်ဦးကပဲ မဲဆန္ဒနယ်အမှတ် (၂) မှာ ပြည်နယ်လွှတ်တော်အတွက်တစ်ဦးပေါ့။ အဲဒီလိုစီစဉ်ထားခဲ့တာ။ ရခိုင်ပြည်နယ်မှာ (၃) ဦးပေါ့။ ခုတော့ အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးပေါ့။ ကျန်တဲ့ နှစ်ဦးကတော့ ရန်ကုန်ကပြိုင်မှာပါ။ ရန်ကုန်မှာ မင်္ဂလာဒုံမဲဆန္ဒနယ် အမှတ် (၁) မှာ တိုင်းဒေသကြီးလွှတ်တော်အတွက် ကျနော်တို့ပါတီက ဒေါ်မာမာအေး ဝင်ပြိုင်မယ်။ နောက် မှော်ဘီမဲဆန္ဒနယ် အမှတ် (၁) ကနေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝင်ပြိုင်မယ်။

ကျနော်တို့က ရွေးကောက်ပွဲနိုင်င်ခြင်းမနိုင်ခြင်းက အဓိက မကျပါဘူး။ ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့ ဒီနိုင်ငံတည်ဆောက်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်ပြီးဆောင်ရွက်ချင်တယ်၊ ပြောရေးဆိုခွင့်တွေရချင်တယ်၊ နောက် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ တရားဝင်ရှိနေတော့ နိုင်ငံတော်က အခါအားလျော်စွာတွေ့ဆုံတဲ့အခါတွေမှာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့အရေးကို တင်ပြပြောဆိုဆွေးနွေးနိုင်တယ်။ အဲဒီအချက်တွေက အဓိကပေါ့။

ငြမ်းမီဒီယာ – မြိုတိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းကို အကျဉ်းလောက်ပြောပြပေးပါ။

UKTK – ကျနော်တို့မြိုတိုင်းရင်းသားတွေရဲ့သမိုင်းကြောင်းက ရှည်လျားပါတယ်။ မြိုတိုင်းရင်းသားတွေရဲ့သမိုင်းနဲ့ ပတ်သက်ပြီး ဒေါက်တာကျော်သိန်းရေးတဲ့စာအုပ်တွေလည်းရှိပါတယ်။ နိုင်ငံတော်အကြီးအကဲတွေကိုတောင် ကျနော်တို့ ပေးထားပါတယ်။

မြိုတိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းကိုပြောရင် ဓညဝတီခေတ်ကစပြောရမှာပေါ့။ ‘ဓညဝတီအစ မာရယုက’ ဆိုတဲ့စကားရှိတယ်။ မာရယုဆိုတာ ဓညဝတီမင်းဆက်ကိုတည်ထောင်တဲ့ ပထမဆုံးရခိုင်ဘုရင်ပေါ့။ အဲဒီ မာရယုနဲ့လည်း မြိုတိုင်းရင်းသားတွေရဲ့သမိုင်းက ဆက်စပ်နေတယ်။ အဲဒီမတိုင်ခင်ကတည်းကလည်း ကျနော်တို့မြိုတိုင်းရင်းသားတွေကရှိနေခဲ့တာပါ။ ကျနော်တို့မြိုတိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ ရတု၊ ရကန် ကဗျာတွေလည်းရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မာရယုကို မွေးစားခဲ့တာက မြိုသင်းကြီးအောင်လာဖြစ်တယ်။ မြိုသင်းကြီးအောင်လာက အဖေအမေမရှိတော့တဲ့ မာရယုကို ငယ်ငယ်ကတည်းကမွေးစားခဲ့ပြီး အရွယ်ရောက်လာတဲ့အခါ သူ့သမီး မပိန်နဲ့ပေးစားခဲ့တယ်။ နောက်တော့ မာရယုကဘုရင်ဖြစ်လာပြီး ဓညဝတီကိုတည်ထောင်တဲ့ ပထမဆုံးမင်းဖြစ် လာတယ်။ မာရယုကစပြီးခေတ်အဆက်ဆက် နှစ်ပါင်းများစွာ မြိုသမိုင်းနဲ့ဆက်စပ်နေခဲ့ပါတယ်။ အဲဒီကနေ ဝေသာလီခေတ်ရောက်တော့လည်း တိုင်းစန္ဒရားမင်း၊ ဒါကတော့သက် လူမျိုးတွေပေါ့။ အဲဒီ တိုင်းစန္ဒရားမင်းအုပ်စိုးတယ်ပေါ့။ တိုင်းစန္ဒရားမင်း တိုင်းခန်းလှည့်လည်တဲ့အခါ မြန်မာနိုင်ငံက တကောင်းမြို့တော်အထိသွားခဲ့တယ်။ အဲဒီကအပြန်မှာ တိုင်းစန္ဒရားမင်းဟာ ပင်လယ်ပြင်မှာလှေမှောက်ပြီးဆုံးသွားတယ်။

တချို့အချက်တွေကတော့ ဒဏ္ဍာရီဆန်ပါတယ်။ အဲဒီမှာတိုင်းစန္ဒရားမင်းဆုံးသွားတော့ သူ့မိဖုရားစန္ဒာဒေဝီကို ပေးထားခဲ့တဲ့ နဝရတ်လက်စွပ်နဲ့ မင်းလောင်းရှာကြရတာပေါ့။ အဲဒီမှာလက်စွပ်နဲ့တော်တဲ့သူကို မင်းမြှောက်ဖို့ လိုက်ရှာကြတယ်ဆိုတယ်။ အဲဒီမှာလက်စွပ်နဲ့တော်တဲ့လူ မတွေ့ဘူးပေါ့။ နောက် ဆုံး မီးချောင်းဖျားက ရွာတစ်ရွာမှာကွန်ပစ်နေတဲ့ မြိုလူမျိုးညီနောင်သားအဖသုံးယောက်က လက်စွပ်နဲ့တော်လို့ ခေါ်လာပြီး အစ်ကိုကြီး (အမြတူ) ကို စန္ဒာဒေဝီမိဖုရားနဲ့လက်ဆက်စေပြီး ဘုရင်မြှောက်လိုက်ကြတယ်။ ညီဖြစ်တဲ့ အမြကူကိုအိမ် ရှေ့မင်းအရာပေးတာပေါ့။ သားဖြစ်တဲ့ ပဲဖြူကို မြောက်ဦးရွာစားအရာကိုပေးတယ်။

အဲဒီမှာ စန္ဒာဒေဝီကသူနဲ့ လက်ဆက် ထားတဲ့ဘုရင်ဖြစ်တဲ့အစ်ကိုထက် အိမ်ရှေ့အရာထားတဲ့ညီဖြစ်တဲ့သူကို သဘောကျတာကြောင့် အဲဒီမှာ နန်းတွင်းအရေးအခင်းနည်းနည်းဖြစ်တယ်။ ဒါကိုဘုရင်ဖြစ်တဲ့ အမြတူကသိ တော့ ကိုးကွယ်တဲ့ရိုးရာပွဲတော် (ဆနိ) လုပ်ရမယ်ဆိုပြီး နွား နောက်တို့၊ ကျွဲဖြူတို့ယူပြီးသွားကြတယ်လို့ဆိုတယ်။ အဲဒီလိုသွားကြရင်းက မြောက်ဦး နွားလိုက်အရပ်ကိုရောက်တော့ ရှေ့ကသွားနေတဲ့ ညီဖြစ်တဲ့အိမ်ရှေ့မင်းအမြကူကို ဘုရင်ဖြစ်တဲ့အစ်ကို အမြတူက မြှားနဲ့ပစ်သတ်လိုက်တယ်။ အဲဒီကပြန်လာတော့ အိမ်ရှေ့မင်းဟာကျွဲခတ်လို့သေတယ်၊ နွားခတ် လို့သေတယ် စသဖြင့်မိဖုရားကိုပြောတာပေါ့။

ဒါပေမယ့် အိမ်ရှေ့မင်းရဲ့သားကတော့ သူ့အဖေကို သူဘကြီးက သတ် လိုက်တယ်ဆိုတာကိုသိတယ်။ အဲဒါကြောင့် အဲဒီနေရာမှာ နွားလိုက်စေတီတော်ကို တည်ထားခဲ့တယ်။ ဒါဟာကျနော် တို့မြိုလူမျိုးတွေရဲ့ အမှတ်တရသမိုင်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီမှာ ပြည်မဖက်က ရှမ်းကိုးသောင်းက ဝေသာလီကနန်းတွင်း အရှုပ်အထွေးတွေကိုကြားသိပြီး ဝေသာလီကိုတိုက်ဖို့လာကြတယ်။ ပထမအကြိမ်မှာတော့ သားတော် ပဲဖြူမင်းသားက တော်လှန်နိုင်ခဲ့တယ်။ ဒုတိယတစ်ကြိမ်ကျတော့ မနိုင်တော့ဘူး။ မနိုင်တော့ တိမ်းရှောင်ထွက်ပြေးရတာ ပေါ့။

ဒီစာပေနဲ့ယဉ်ကျေးမှုကိစ္စကို သူတို့က စီးပွားရေးအခွင့်အလမ်းတစ်ခုလို့ မြင်လာကြပြီး ကိုယ် ကျိုးရှာတာတွေ၊ အနှောင့်အယှက်ပေးတာတွေရှိလာတော့ ကျနော်တို့စာပေါ်ဖြစ်ပေါ်လာဖို့ကိစ္စက …

အဲဒီတော့ ပြောချင်တာက ဝေသာလီထီးနန်းကို ကျနော်တို့ မြိုလူမျိုး သားအဖတွေက (၂၅) နှစ်တိုင်တိုင်စိုးစံခဲ့တယ်ဆိုတာပါ။ တနည်းပြောရရင် ကျနော်တို့မြိုလူမျိုးတွေက ဝေသာလီနိုင်ငံကို (၂၅) နှစ်တိုင်တိုင်အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပါတယ်။ အဲဒီမှာထွက်ပြေးတိမ်းရှောင်သွားတဲ့အထဲက မိဖုရားစန္ဒာဒေဝီက သူ့မှာပါလာတဲ့ရတနာတွေကိုထုခွဲပြီး ရွှေပန်းခိုင်၊ ငွေပန်းခိုင်တွေလုပ်ပြီး အဲဒီယိုးချောင်းဖျားက သပိတ်တောင်မှာ ရွှေပန်းခိုင်စေတီကိုတည်ခဲ့တယ်ဆိုတယ်။ ဒါဟာလည်း မြိုတိုင်းရင်းသားတွေရဲ့သမိုင်းက အမှတ်ရစရာတစ်ခုပါ။ နောက်မြိုသမိုင်းနဲ့ပတ်သက်ပြီးပြောရရင် မြောက်ဦးခေတ်မှာလည်းရှိခဲ့တယ်။ မြောက်ဦးခေတ်မှာလည်း ကျနော်တို့မြိုတိုင်းရင်းသားဘုရင်ကပဲ (၉) နှစ် တိုင်တိုင် အုပ်ချုပ်ခဲ့တာရှိသေးတယ်။ ဒါ ကျနော်တို့မြိုတိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းတွေပါပဲ။

ငြမ်းမီဒီယာ – မြိုတိုင်းရင်းသားတွေရဲ့ စာပေနဲ့ယဉ်ကျေးမှုအကြောင်းကို အကျဉ်းပြောပြပေးပါဦး။

UKTK – ကျနော်တို့မြိုတိုင်းရင်းသားတွေမှာ ကိုယ်ပိုင်စာပေရှိပါတယ်။ အဲဒီစာပေကိုတရားဝင်ဖြစ်ပေါ်လာဖို့အတွက် ကျနော်တို့ဥက္ကဌကြီးဦးစံသာအောင်က တခြားတိုင်းရင်းသားခေါင်းဆောင်တွေနဲ့တိုင်ပင်ပြီး ညောင်နှစ်ပင်ညီလာခံမှာကတည်းကတင်ပြခဲ့ပါတယ်။ အဲဒီတော့ ဒီဟာကိုခွင့်ပြုပေးခဲ့ပါတယ်။ ကျနော်တို့က အများကြီးစောပြီးလုပ်ခွင့်ရခဲ့တာပါ။ ဒါပေမယ့် ဒီကိစ္စကိုအနှောင့်အယှက်ပေးတဲ့လူတွေကရှိနေတော့ ကျနော်တို့မှာ ဒီနေ့အထိမြိုတိုင်းရင်းသားစာပေက ဖြစ်မလာ သေးပါဘူး။

၁၉၉၇ ခုနှစ်ကတည်းက ဆရာဦးကျော်သာအောင်က ဂျာမန်စာပေပညာရှင် Dr. Kenneth Greggerson ရဲ့အကူညီနဲ့ မြိုစာပေကို ရောမအက္ခရာနဲ့တီထွင်ထားတာရှိတယ်။ အဲဒီလိုပညာရှင်တွေဖန်တီးဖော်ထုတ်ပေးတဲ့ စာပေကို ကျနော်တို့ဘက်က သင်ယူဖို့၊ အသုံးပြုဖို့ကိစ္စကို ကျနော် တို့ဆောင်ရွက်ဖို့လုပ်ကြတဲ့အခါ ဒီကိစ္စမှာ ပါတီက မပါရဘူးဆိုပြီးတော့ဖြစ်လာတယ်။

ဒီစာပေနဲ့ယဉ်ကျေးမှုကိစ္စကို သူတို့က စီးပွားရေးအခွင့်အလမ်းတစ်ခုလို့ မြင်လာကြပြီး ကိုယ် ကျိုးရှာတာတွေ၊ အနှောင့်အယှက်ပေးတာတွေရှိလာတော့ ကျနော်တို့စာပေါ်ဖြစ်ပေါ်လာဖို့ကိစ္စက ဒီနေ့အထိမအောင်မြင်သေးဘူး။ နောက်တော့ မြိုတိုင်းရင်းသားစာပေဖန်တီးရေးသားတဲ့အခါ ပါတီကတစ်ယောက်ပါရမယ်ဆိုတော့ ကျနော် ပါဝင်ခဲ့တယ်။ ကျနော်က အဲဒီအချိန်မှာ စာပေနဲ့ယဉ်ကျေးမှုကော်မတီမှာ ဥက္ကဌအဖြစ်လုပ်နေတယ်။ အဲဒီတော့ စာပေပေါ်ပေါက်လာဖို့ကိစ္စအတွက် ကျနော်တို့နေပြည်တော်ကိုသွားပြီးတင်ပြတယ်၊ လိုအပ်တာတွေကိုဆောင်ရွက်ကြတယ်။

ဟိုတုန်းကဆိုရင် လင်ယောက်ျားဆုံးသွားရင် မိန်းမကဘာမှမရတော့ဘဲ ဒီအတိုင်း မိဘအိမ်ကိုပြန်လာရတယ်။ အခုနောက်ပိုင်းတော့ ဒါမျိုးတွေမရှိတော့ပါဘူး။ ကျနော်တို့ပါတီက နိုင်ငံရေး …

အဲဒီမှာ ကျနော်တို့ကို ဖြည့်ရမယ့်ပုံစံတွေလည်း အားလုံးပေးလိုက်ပါတယ်။ ကျနော်တို့လည်းတင်ပြဖို့အတွက် နေပြည်တော် မှာရှိတဲ့ သက်ဆိုင်ရာဌာနတွေနဲ့ အကုန်လုံးတွေ့ပြီး ပြောဆို ဆောင်ရွက်ပြီးပါပြီ။ ကျနော်တို့မှာ အဲဒီကိုတင်ပြဖို့ စာရွက်စာတမ်းတစ်ခုလိုနေတယ်။ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ထောက်ခံစာတစ်ခုလိုနေတာပေါ့။ အဲဒီထောက် ခံစာတစ်ခုရရင် နေပြည်တော်ကို ကျနော်တို့ထပ်သွားပြီးဆောင်ရွက်လို့ရပြီ။ အဲဒီဝန်ကြီးဌာနက ဒီနေ့အထိကျနော်တို့ ကို ထောက်ခံစာမပေးသေးဘူး။

ရခိုင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက အရာရှိဦးကျော်ဝင်းက ဒီနေ့အထိ ကျနော်တို့ကို ထုတ်မပေးဘူး။ သူက စီမံခွင့်ရှိတယ်။ သူက ဒီနေ့အထိကျနော်တို့ကို မပေးသေးဘူး။ ရခိုင်ပြည်နယ်က မငြိမ်းချမ်းတော့ ကျနော်တို့မြိုတိုင်းရင်းသားစာပေ ပေါ်ပေါက်ဖို့ အဲဒီထောက်ခံစာက မရနိုင်ဘူးဖြစ်နေတယ်။ အဲဒါပါပဲ။ ဘာသာစကားဆိုရင် ကျနော်တို့မြိုတိုင်းရင်းသားတွေရဲ့ ဘာသာ စကားက နိုင်ငံတကာအသိအမှတ်ပြု ကုတ်နံပါတ်ရရှိပြီးသားပါ။ ကျနော်တို့မြိုဘာသာဗေဒ ကုတ်နံပါတ်က ISO 639 – 3 mro ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – မြိုတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးစံတွေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

UKTK – ကျနော်တို့မြိုတိုင်းရင်းသားတွေရဲ့ဓလေ့က မိသားစု တွေ စုပေါင်းပြီး၊ ဝိုင်းပြီးနေကြတယ်။ အစ်ကိုအကြီးဆုံးက အိမ်ထောင်ပိုင်ပေါ့။ ဒါပေမယ့် အခုခေတ်မှာတော့ သားတွေအိမ်ထောင်ကျရင် အိမ်ခွဲနေကြတာတွေရှိလာတယ်။ ပြီးတော့ သားတွေကို လယ်ယာ၊ ကျွဲနွားတွေ ခွဲဝေပေးတာတွေရှိတယ်။

ဒါပေမယ့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမှာတော့ အားနည်းချက်ရှိနေသေးပါတယ်။ ကျနော်တို့က ချင်းတိုင်းရင်းသားတွေနဲ့ ဓလေ့ထုံးစံချင်းတူတယ်။ အမျိုးသမီးတွေက မိဘရဲ့အမွေကိုမခံစားရဘူးဆိုတာပေါ့။ ဒါပေမယ့် ဒါတွေကို ကျနော်တို့ပါတီကလည်း ပြောင်းလဲဖို့ကြိုးစားနေပါတယ်။ သမီးမိန်းကလေးတွေလည်း သားယောက်ျားလေးတွေလို မိဘအမွေကိုခံစားရရှိဖို့ ကျနော်တို့ပါတီက ဆောင်ရွက်ပေးနေပါတယ်။ လုပ်ကိုင်ပြောဆိုပေးနေတာတွေရှိပါတယ်။

ဟိုတုန်းကဆိုရင် လင်ယောက်ျားဆုံးသွားရင် မိန်းမကဘာမှမရတော့ဘဲ ဒီအတိုင်း မိဘအိမ်ကိုပြန်လာရတယ်။ အခုနောက်ပိုင်းတော့ ဒါမျိုးတွေမရှိတော့ပါဘူး။ ကျနော်တို့ပါတီက နိုင်ငံရေးဟောပြောတာတွေလုပ်တဲ့အခါမှာလည်း ဒီကိစ္စတွေကိုပြောတယ်။ သားသမီးတွေအကုန်လုံး မိဘအမွေကိုခွဲဝေရရှိနိုင်ဖို့တွေကိုပေါ့။ နောက်ပြီးအမျိုးသမီးတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရရှိအောင်လည်း ကျနော်တို့ဆောင်ရွက်ပေးပါတယ်။ ဒီကိစ္စတွေကတော့ ခုနောက်ပိုင်း တိုးတက်လာတယ် လို့ထင်ပါတယ်။

နောက်ပြီး နာရေးကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်ကြတဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေလည်း အများကြီးရှိပါတယ်။ ဒီကိစ္စတွေကတော့အများကြီးဆိုတော့ စာတစ်တန်ပေတစ်ဖွဲ့ပြောမှပဲ ပြည့်ပြည့်စုံစုံဖြစ်မယ်ထင်ပါတယ်။ နောက်တစ်ခုက ထိမ်းမြားမင်္ဂလာကိစ္စပေါ့။ ထိမ်းမြားမင်္ဂလာပြုဖို့ အတွက်ဆိုရင် သတို့သမီးကိုတောင်းရမ်းယူရပါတယ်။ အဲဒီလိုတောင်းရမ်းတဲ့အခါ ကြက်တစ်ကောင်၊ ဓားတစ်ချောင်း၊ လှံတစ်ချောင်းနဲ့ သတို့သမီးအိမ်ကိုသွားပြီး စေ့စပ်တောင်းရမ်းရတယ်။ ပထမဆုံး သတို့သမီးရှာတာပေါ့။ သတို့သမီးရှာလို့တွေ့ရင် စေ့စပ်တောင်းရမ်းရတယ်။ တချို့လည်း လူငယ် ချင်း ချစ်ကြိုက်နေကြတာရှိတယ်။ အဲဒါမျိုးဆိုရင်လည်း မင်္ဂလာဆောင်ဖို့အတွက် သတို့သမီးကို မိဘတွေဆီမှာ သွားပြီးတောင်းရမ်းရတယ်။

အဲဒီလိုတောင်းရမ်းပြီး ကာယကံရှင် သတို့သမီးကလည်းသဘောတူ၊ မိဘတွေကလည်းသဘောတူပြီဆိုရင် သတို့သမီးကို ယောက်ျားလေးမိဘအိမ်ကိုခေါ်လာရပါတယ်။ အဲဒီလိုခေါ်လာပြီး သုံးရက်လောက်ကြာရင် မိန်းကလေးမိဘတွေနဲ့ ဆွေမျိုးတွေက သတို့သမီးကိုပြန် သွားခေါ်ရတယ်။ အဲဒီလိုသွားခေါ်တာကို ကျနော်တို့ မြိုစကားနဲ့ဆိုရင် “အဘုံရွှီ” လို့ခေါ်တာပေါ့။

အဲဒီမှာ သတို့သမီးအတွက် ယောက်ျားလေးမိဘတွေဘက်က ချွေးမအသွင်း ပေးရတယ်။ မိန်းကလေးကို တင်တောင်းတဲ့သဘောပေါ့။ ဟိုတုန်းကတော့ ငွေဒင်္ဂါးတွေ၊ နွားနောက်တွေ စသဖြင့်ပေးကြတာပေါ့။ ခုခေတ်မှာတော့ ငွေစက္ကူကိုပဲပေးကြတော့တယ်။ ငါးသိန်း၊ သုံးသိန်း စသဖြင့်ပေးကြတယ်။ အရင်ခေတ် ကတော့ ရွှေတွေဘာတွေမပါပါဘူး။ အခုခေတ်တော့ပါလာကြတယ်ပေါ့။ တတ်နိုင်တဲ့သူလည်း တတ်နိုင်တဲ့အလျောက်ပေါ့။ အဲဒီမှာ ယောက်ျားလေးဘက်က ကြက်သားတို့၊ ခေါင်ရည်တို့နဲ့ မိန်းကလေး မိဘဆွေမျိုးတွေကို ဧည့်ခံကျွေးမွေးရတယ်။ ခေါင်ရည်ကတော့ အဓိကပေါ့။ ခေါင်ရည်မပါရင် ကျနော်တို့မြို တိုင်းရင်းသားတွေမှာ မင်္ဂလာပွဲတောင်မမြောက်ဘူး ပြောရမယ်။ အဲဒါပြီးတော့ သတို့သမီးကိုမိဘတွေကပြန်ခေါ်သွားတယ်။ နောက်လေးငါးရက်ကြာရင် ယောက်ျားက ဇနီးကိုပြန်ခေါ်ဖို့သွားရတယ်။ အဲဒါကို မြိုလို “အဘုံလာ” လို့ခေါ်တယ်။ အဲဒီလိုသွားခေါ်တဲ့အခါ လင်ယောက်ျားက ယောက္ခမတွေအတွက် ခေါင်ရည်ယူသွားရတယ်။ မိန်းမဘက်ကအမျိုးအဆွေကို ယောက်ျားလေးဘက်က ကြက်သားနဲ့ဧည့်ခံကျွေးမွေးသလို ယောက်ျားလေးဘက်ကအမျိုးအဆွေတွေကိုလည်း မိန်းကလေးဘက်က ဝက်သားနဲ့ဧည့်ခံကျွေးမွေးရတယ်။ ဒါတွေက ကျနော်တို့ရိုးရာဓလေ့တွေ။ ကျနော်တို့က ရခိုင်နဲ့ဘာမှမတူဘူး။ ကျနော်တို့ရိုးရာဓလေ့ထုံးစံတွေက ချင်းတိုင်းရင်းသားတွေနဲ့တော်တော်လေးနီးစပ်တယ်။ ဒါပေမယ့် ကျနော်တို့က ချင်းတိုင်းရင်းသားလည်းမဟုတ်ပါဘူး။ ကျနော်တို့က မြိုတိုင်းရင်းသားပါပဲ။ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေလာခဲ့ကြတဲ့ မြိုတိုင်းရင်းသားတွေပါ။

ငြမ်းမီဒီယာ – အခု ၂၀၂၀ ရွေးကောက်ပွဲအတွက် မြိုတိုင်းရင်းသားပါတီက ဘာတွေဘယ်လိုပြင်ဆင်ဆောင်ရွက် ထားခဲ့တယ်ဆိုတာကိုပြောပြပေးပါဦး။

UKTK – အခု ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျနော်တို့ပြင် ဆင်ခဲ့ရတာတွေက ဟိုတုန်းကနဲ့မတူဘူး။ ကိုယ့်လူတွေရှိတဲ့ နေရာတွေကို ဖုန်းနဲ့ပဲဆက်သွယ်ပြီး ဒီလိုဒီလိုဆောင်ရွက်ကြမယ်ဆိုတာကိုပြောဆိုကြရတယ်။ နောက်ပြီးငွေရေးကြေးရေးကလည်းအခက်အခဲရှိသေးတယ်။ ဆိုတော့ ကျနော်တို့အလှူခံရတယ်။ အကူအညီတောင်းရတယ်။ တစ်သိန်းလှူတဲ့သူကလှူ၊ ငါးသောင်းလှူတဲ့သူကလှူ၊ သုံးသောင်းလှူတဲ့သူကလှူ ပေါ့။ အဲဒါတွေပေါင်းပြီးတော့မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ကျနော်တို့မှာ သူဌေးသူကြွယ်တွေလည်းမရှိဘူးဆိုတော့ ဒီလိုပဲလုပ်ကြရတာပေါ့။

ငြမ်းမီဒီယာ – အခု ရခိုင်ပြည်မှာ ကျောက်တော်အပါအဝင် (၉) မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတာ ကြေညာထားတယ်။ ဒီအချက်က နိုင်ငံရေးအရ ဘယ်လိုထိခိုက်မှုမျိုး ရှိနိုင်ပါသလဲ။

UKTK – ထိခိုက်မှုကတော့ ပြောရမယ်ဆိုရင်အများကြီးပါပဲ။ ကျနော်တို့ပါတီအနေနဲ့ပဲပြောရမယ်ဆိုရင် အရင်တုန်းကဆိုရင် ကျနော်တို့တစ်ရွာဝင်တစ်ရွာထွက်သွားပြီး နိုင်ငံရေးဟော ပြောပွဲတွေလုပ်ပြီး မဲဆွယ်စည်းရုံးကြတာပေါ့။ မဲရှုံးတာ နိုင်တာထက် ပြည်သူတွေနိုင်ငံရေးကိုစိတ်ဝင်စားလာအောင်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တွေဖြစ်လာအောင် ပြောဆိုခွင့်တွေအများကြီးရှိခဲ့ပါတယ်။

ကျနော်တို့ဆိုရင် ရခိုင်ပြည်နယ်အနှံ့ ရွာတွေကို မရောက်တဲ့နေရာမရှိ သွားခဲ့ကြတယ်။ အခုတော့ အဲဒီလိုအခွင့်အရေးတွေ ဆုံးရှုံးသွားခဲ့တာပေါ့။ ဒီအတွက် ကျနော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ အခုအခြေအနေမှာ ဒီလိုဖြစ်သွားတဲ့ဟာကို ကျနော်တို့အနေနဲ့လည်း ဘာတတ်နိုင်မှာလဲ။ ဒါက ဒေသတစ်ခု၊ ပြည်နယ်တစ်ခုရဲ့ လုံခြုံရေးအခြေအနေအရပေါ့။ ဒီလိုအခက်အခဲတွေ ကြားထဲမှာ ကျနော်တို့ လည်း စည်းရုံးရေးတွေဘာတွေ မသွားရဲဘူး။ အသက်ထက် ဘာမှအရေးမကြီးဘူး။ အသက်ရှင်ဖို့လိုတယ်။ နိုင်ငံရေးလုပ် တယ်ဆိုတာ သေဖို့အတွက်လုပ်တာမှမဟုတ်တာ၊ ရှင်ဖို့အတွက်လုပ်တာပဲ။ စိတ်တော့မကောင်းဘူးပေါ့။

ကျနော်တို့တိုင်းရင်းသားတွေအပေါ်မှာ တကယ်ရော ချစ်ခြင်းမေတ္တာရှိရဲ့လား၊ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှအခွင့်အရေးတွေအတွက် တကယ်ရောဆောင်ရွက်ပေးသလားဆိုတာတွေကိုကြည့်ရမယ်။ ကျနော်တို့ …

ငြမ်းမီဒီယာ – ဖက်ဒရယ်နဲ့ပတ်သက်ပြီး မြိုတိုင်းရင်းသားဖွံ့တိုးတက်ရေးပါတီက ဘယ်လိုသဘောထားအမြင်မျိုး ရှိပါသလဲ။

UKTK – ဖက်ဒရယ်ဆိုတာကလည်း ပုံစံအမျိုးမျိုးရှိပါတယ်။ အခု မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး (၁၃၅) မျိုး ရှိတယ်။ ဒီ (၁၃၅) မျိုးထဲမှာ လူဦးရေ တစ်သောင်းအထက်ရှိတာ တိုင်းရင်းသားလူမျိုးပေါင်း (၃၀) ကျော်ပဲရှိတယ်။ အဲဒီအထဲမှာ ကျနော်တို့မြိုတိုင်းရင်းသားတွေလည်းပါပါတယ်။

ကျနော်တို့ ဖက်ဒရယ်အကြောင်းကိုလေ့လာကြည့်တယ်။ အိန္ဒိယဖက်ဒရယ်၊ နီပေါဖက်ဒရယ်၊ ဒိန်းမတ်ဖက်ဒရယ် စသဖြင့်ပေါ့။ အဲဒီမှာဘာတွေ့ရသလဲဆိုတော့ သက်ဆိုင်ရာလူမျိုးစုတွေရဲ့ခေါင်းဆောင်တွေက အားလုံးလွှတ်တော်ကိုရောက်ကြတယ်ဗျ။ အဲဒီတော့ ဖက်ဒရယ်ပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဒီမိုကရေစီပဲဖြစ်ဖြစ် တိုင်းရင်းသားတွေရဲ့ ပြောရေးဆိုခွင့် တွေ၊ တန်းတူညီမျှအခွင့်အလမ်းတွေ၊ ဒီနိုင်ငံတည်ဆောက်မှုမှာ တိုင်းရင်းသားတွေ မျှမျှတတနဲ့ ပါဝင်ဆောင်ရွက်နိုင်ခွင့်တွေကို ကျနော်တို့လိုလားတယ်။ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ခေါင်းဆောင်တွေက ပြည်နယ် လွှတ်တော်အပါအဝင် လွှတ်တော်အသီးသီးကိုရောက်ရှိနိုင် ဖို့က အရေးကြီးတယ်။ ဒါ တိုင်းရင်းသားတွေလိုလားတဲ့ တန်းတူညီမျှအခွင့်အလမ်းပါပဲ။

ဖက်ဒရယ်ဆိုပြီးတော့ နာမည် သာကောင်းတယ်၊ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေ ဘာမှပြည့်ပြည့်၀၀မပေးဘူးဆိုရင်တော့ ဒါက ဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။ အခုလည်း ဒီမိုကရေစီဆိုပြီးလုပ်တယ်။ ကောင်းပါတယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင် ဂျာမဏီကဟစ်တလာလည်း ဒီမိုကရေစီနဲ့တက်လာတဲ့ခေါင်းဆောင်တစ်ဦးပဲ။ နောက်မှ အာဏာရှင်ဖြစ်သွားတာ၊ လူသတ်သမားဖြစ်သွားတာ။ ဆိုတော့ ကျနော်တို့မြန်မာနိုင်ငံလည်း အခုဒီမိုကရေစီနိုင်ငံပေါ့။ ကောင်းပါတယ်။ ပွင့်လင်းတဲ့ဒီမိုကရေစီခေတ်ဆိုတော့ တော်တော်လေးကောင်းပါတယ်။ ပြည်သူ့အာဏာ ရရှိဖို့အတွက်လုပ်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အစွန်းမရောက်ဖို့တော့ တော်တော်လေးသတိထားရမယ်။

ကျနော်တို့တိုင်းရင်းသားတွေအပေါ်မှာ တကယ်ရော ချစ်ခြင်းမေတ္တာရှိရဲ့လား၊ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှအခွင့်အရေးတွေအတွက် တကယ်ရောဆောင်ရွက်ပေးသလားဆိုတာတွေကိုကြည့်ရမယ်။ ကျနော်တို့ တိုင်းရင်းသားတွေက တန်းတူညီမျှရှိနိုင်မယ့်အခွင့်အရေးကိုပဲ လိုအပ်နေတာပါ။ အခုပြောနေကြတဲ့ဖက်ဒရယ်မူဘောင်ထဲမှာ ဘယ်လိုချမှတ်လုပ်ဆောင်ကြမလဲဆိုတာ ကျနော်တို့မသိကြသေးဘူး။

တိုင်းပြည်နိုင်ငံတစ်ခုထူထောင်တဲ့အခါမှာ တစ်ခုပြီးတစ်ခုတော့ လုပ်ကြရတာပေါ့။ အဲဒီမှာ တိုင်းရင်းသားတွေအတွက် တန်းတူညီမျှခွင့်တွေကို ဘယ်လိုဖော်ဆောင်ပေးသလဲ၊ တိုင်းရင်းသားတွေကို နိုင်ငံတည်ဆောက်ရေးမှာ ဘယ်လောက်ပါခွင့်ပေးသလဲ စသဖြင့်ပေါ့။ ဒီအပေါ်မှာကြည့်ပြီးမှ ကျနော်တို့က ပြောစရာရှိတာကိုပြောရမယ်၊ လုပ်စရာရှိတာကိုလုပ်ရမယ်။ အဲဒီမှာ ‘ငါတို့က လူမျိုးကြီးတွေပဲ၊ ပါတီကြီးတွေပဲ၊ သူတို့ကပါတီငယ်တွေပဲ’ ဆိုပြီးလုပ်ရင်တော့ ကျနော်တို့လည်း ဘာတတ်နိုင်မှာလဲ။ ဒီမိုကရေစီဆိုတာ အကုန်လုံးပါဝင်နိုင်ခွင့်ရှိဖို့တော့လိုတာပေါ့။ အဲဒါပါပဲ။

ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီတွေကိုခေါ်တွေ့တဲ့အခါ အဲဒီမှာကျနော်တို့သိရတာက မြိုတိုင်းရင်းသားဖြစ်တဲ့ကျနော်တို့က အကုန်လုံးရခိုင်ဆိုပြီးဖြစ်ကုန်ပြီ။ ဒါမျိုးတွေက …

ငြမ်းမီဒီယာ – အခုပြောသွားတာထဲမှာ တိုင်းရင်းသားအခွင့်အရေးဆိုတဲ့စကားပါတော့ လက်ရှိအာဏာရအစိုးရက တိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက် ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ပြောချင်တာလား။

UKTK – ဟုတ်တာပေါ့။ အခုအနေအထားအရဆိုရင် ငါးနှစ် တာကာလသာပြီးသွားတယ်၊ ကျနော်တို့တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးဘာမှ အကောင်အထည်ဖော်ဆောင်ရွက် တာလည်းမရှိဘူး။ ကျနော်တို့အနေနဲ့ ကျနော်တို့တိုင်းရင်းသားတွေကြုံတွေ့နေရတဲ့ အခြေအနေအခက်အခဲတွေကို တင်ပြပြောဆိုခွင့်လည်းမရသလို၊ တွေ့ဆုံခွင့်ဆိုတာတောင် မရခဲ့ဘူး။ ဒါကကျနော်တို့တိုင်းရင်းသားတွေအတွက် အများကြီးဆုံးရှုံးနစ်နာရပါတယ်။

ကျနော်တို့တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို တင်ပြပြောဆိုနိုင်ခြင်းမရှိတာဟာ ကျနော်တို့ အခွင့်အရေးဆုံးရှုံးရတာပါပဲ။ ဆိုတော့ သူတို့က ဘာလဲဆိုတော့ သူတို့ပါတီကို ပြည်သူတစ်ရပ်လုံးက ထောက်ခံကြတယ်၊ ငါတို့အာဏာရပြီ၊ ငါတို့လုပ်ချင်သ လိုလုပ်ကြမယ်ဆိုတာက ဒါမျိုးက ဒီမိုကရေစီလမ်းစဉ်နဲ့ နည်းနည်းတော့ ကင်းကွာနေလိမ့်မယ်ထင်ပါတယ်။ ဒီမိုကရေစီနဲ့ အပ်စပ်မှုမရှိသလိုဖြစ်နေတယ်။ ဒါပေမယ့် တော်ပါတယ်။ ဒေါ်စုတို့အနေနဲ့၊ အမေစုတို့အနေနဲ့ အများကြီးတော်လှပါတယ်။ ကျေးဇူးလည်းတင်တယ်။ ဒါပေမယ့် လိုအပ်တာကတော့ အများကြီးပေါ့။ ပြီးပြည့်စုံတယ်ဆိုတာကတော့ မရှိပါဘူး။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာ ရခိုင်၊ ခမိ၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ကမန် ဆိုပြီး တိုင်းရင်းသားမျိုးနွယ်စု (၇) ခုရှိပါတယ်။ ဒီတိုင်းရင်းသားတွေဟာ ပြည်နယ်ထဲမှာရော တန်းတူညီမျှမှု ရှိပါသလား။

UKTK – ကျနော်ပြောမယ်နော်။ ကျနော်တို့ကို ပြည်ထောင်စုက ဘယ်လိုပဲ ရခိုင်မျိုးနွယ်စုလို့ပြောပြော ကျနော်တို့ ရခိုင်နဲ့ ဘာမှမတူဘူးနော်။ အဲဒီအချက်ကိုလည်း သတိချပ်ဖို့လိုအပ် ပါတယ်။ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ စကားကအစ ဘာမှမတူပဲနဲ့ လူမျိုးတစ်မျိုးက လူမျိုးတစ်မျိုးအပေါ်မှာ အဲဒီလိုသတ်မှတ် ချပေးလိုက်တယ်ဆိုတာကလည်း မဟုတ်သေးဘူးထင်ပါတယ်။ မြိုက မြိုပဲ၊ သက်က သက်ပဲ၊ ဒိုင်းနက်က ဒိုင်းနက်ပဲ။ ဆိုတော့ အခုကျနော်တို့ပါတီက ရန်ကုန်မှာလည်းရှိတယ်။ ရခိုင်မှာလည်းရှိတယ်။

ဆိုတော့ ရန်ကုန်မှာတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အခုဒေါ်ထုမေက UEC ကိုစာတင် တယ်။ ကျနော်တို့က အင်တာနက်မှာ အဲဒီစာကိုတွေ့တယ်။ နောက် ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီတွေကိုခေါ်တွေ့တဲ့အခါ အဲဒီမှာကျနော်တို့သိရတာက မြိုတိုင်းရင်းသားဖြစ်တဲ့ကျနော်တို့က အကုန်လုံးရခိုင်ဆိုပြီးဖြစ်ကုန်ပြီ။ ဒါမျိုးတွေက တစ်ဖက်ကနားမလည်တဲ့သူတွေအပေါ်မှာ ဒီလိုလုပ်တာဟာလည်း မကောင်းဘူး။ ကျနော်တို့က မြိုတိုင်းရင်းသားဖြစ်နေလျှက်နဲ့၊ အသက်ရှင်လျှက်ရှိနေပါလျှက်နဲ့ သမိုင်းမရှိတဲ့လူမျိုးလို၊ နာမည်မရှိတဲ့လူမျိုးလို အဲဒီလိုဖြစ်သွားမှာကို ကျနော်တို့စိုးရိမ်တယ်။ ကျနော်တို့ကို ရခိုင်တိုင်းရင်းသားမျိုးနွယ်စုထဲ ထည့်တာကလည်း ကျနော်တို့သဘောဆန္ဒနဲ့မဟုတ်ဘူး။ ဒါတွေကလည်း မဖြစ်သင့်တဲ့အရာတွေပါ။

ရခိုင်မှုဆိုတာရှိတယ်။ ပြတိုက်မှာသွားကြည့်ရင်တွေ့နိုင်ပါတယ်။ ရခိုင်မှု၊ ရှမ်းမှု ဆိုတာရှိတယ်။ ရှမ်းပြည်နယ်မှာလည်း တိုင်းရင်းသားလူမျိုးစုတွေအများကြီးရှိတာပဲ။ ကျနော်တို့ရခိုင်ပြည်နယ် မှာလည်း ရခိုင်ရှိတယ်၊ ခမိရှိတယ်၊ ဒိုင်းနက်ရှိတယ်၊ ကျနော် တို့မြိုရှိတယ်၊ သက်ရှိတယ်၊ မရမာကြီး၊ ကမန် စသဖြင့်ရှိကြတယ်။ သူ့အုပ်စုနဲ့သူရှိကြတာပဲ။ ဒါကိုလည်း ကျနော်တို့လက်ခံပါတယ်။ အခုရခိုင်မျိုးနွယ်စု ဆိုတာကို ဘယ်သူက သဘောထားဆန္ဒပေးသလဲ။ ဒါကိုလည်း စဉ်းစားဖို့လိုတယ်။ လုံးဝမဖြစ်နိုင်တဲ့အရာတွေရှိတယ်။

ငြမ်းမီဒီယာ – အခုကျင်းပတော့မယ့် ၂၀၂၀ ရွေးကောက် ပွဲက ဘယ်လိုရလဒ်မျိုးဖြစ်လာလိမ့်မယ်လို့ ထင်ပါသလဲ။

UKTK – အခု ၂၀၂၀ ရွေးကောက်ပွဲက ညွှန့်ပေါင်းအစိုးရမျိုးဖြစ်လာလိမ့်မယ်လို့ ကျနော်တို့သုံးသပ်မိပါတယ်။ ဒီဟာက ဖြစ်နိုင်ခြေတော့အမျိုးမျိုးရှိတာပေါ့။ တချို့ကျတော့ ဥပမာ နှင်းဆီပါတီဆိုဖျက်သိမ်းခံရတာရှိတယ်။ အဲဒီမှာ သူတို့က NLD ကို စိတ်နာနိုင်တာပေါ့။ သူတို့အဖွဲ့တွေက ကြံ့ခိုင်ရေးဘက် ကိုအားပေးသွားနိုင်တယ်။ အဲဒီတော့ မဲက ကမောက်ကမဖြစ်သွားနိုင်တယ်။

အဲဒီအထဲမှာ ဒေါက်တာဒေါ်သက်သက်ခိုင် တို့ပါတီရှိလာတယ်။ သူရဦးရွှေမန်းတို့ပါတီရှိလာတယ်။ ဆိုတော့ မဲက ပြန့်ကျဲပြီး ၂၀၁၅ လို သောင်ပြိုကမ်းပြိုဖြစ် နိုင်တော့မှာ မဟုတ်လောက်ဘူးလို့ထင်တယ်။ အဲဒီတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်က ညွှန့်ပေါင်းဖြစ်လာနိုင်ခြေရှိတယ်လို့ ယူဆရတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

UKTK – ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ ဥယျာဉ်ကြီးတစ်ခုလို ပန်းတွေက အမျိုးမျိုးရှိကြတာပေါ့။ တစ်မျိုးတည်းနဲ့ မလှနိုင်ပါဘူး။ ပန်းပေါင်းစုံရှိမှ အလှစုံမှာပါ။ ဒါမှလည်း ပြည်ထောင်စုဆိုတဲ့မူဝါဒနဲ့ ကိုက်ညီမှာ ပါ။

ဒီအပေါ်မှာ တိုင်းရင်းသားတွေအကုန်လုံးက တန်းတူညီမျှအခွင့်အရေးတွေနဲ့ ပါဝင်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကလည်း ကျနော်တို့တိုင်းရင်းသားတွေက ပြည်ထောင်စုအပေါ် အခွင့်အရေးယူချင်လို့မဟုတ်ပါဘူး။ ပြည် ထောင်စုအပေါ် ပေးဆပ်ချင်တာပါ။ ဆိုတော့ ပန်းဥယျာဉ်ကြီးတစ်ခုမှာ ပန်းမျိုးစုံလင်စွာနဲ့ လှသလို ကျနော်တို့ ပြည်ထောင်စုကြီးကိုလည်း အရောင်အသွေးစုံလင်တဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှစွာ ပါဝင်အလှဆင်ချင် တယ်လို့ ပြောပါရစေ။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,