နို့မှုန့်ဖိုးမရှိတော့ ကလေးကို ဆန်ပြုပ်အရည်ကြည်လေးစစ်ပြီး တိုက်နေရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကျမဒီလောကထဲကိုစရောက်တာက  အမေက ကျမ (၁၁) နှစ်သမီးကတည်းက သွေးကင်ဆာရောဂါနဲ့ ဆုံးသွားတာ။ ဒါက ကျမဒီလောကထဲကို ရောက်လာ တဲ့ ခံစားချက်။ အမေက …

COVID -19 ကူးစက် ကပ်ရောဂါကြီးသည် လူမှုဘဝအသီးသီး ၏ အခြေအနေများကို ပြင်းပြင်းထန်ထန် ရိုက်ခတ် လျက် ရှိသည်။ အထူးသဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားတို့၏ ဘဝများအပေါ် ရိုက်ခတ်သည့် သက်ရောက်မှုအားက ပို၍ပင် ကြီးမား ပေသည်။ ယခုအခါ COVID -19 ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း ညွှန်ကြားချက်များအား ဧပြီလ(၃၀) ရက်နေ့မှ မေလ(၁၅) ရက်နေ့အထိ ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်ရေးသားထားသည်။ လက်ရှိအခြေအနေများအရ လက်လုပ် လက်စား အခြေခံ လူတန်းစားတို့ ၏ စားဝတ်နေရေးမှာလည်း ပို၍ပင်ခက်ခဲလာမည့် အခြေအနေတွင် ရှိနေပေသည်။ ကိုဗစ် ကပ်ရောဂါသည် နိုင်ငံတိုင်းရှိ အစိုးရအသီးသီး၏ စီမံခန့်ခွဲမှုအရည်အချင်းကို စာမေးပွဲစစ်သလိုပင် လူ့အဖွဲ့အစည်း အတွင်း ရှိ လူသားများ၏ ပညာဉာဏ်၊ကိုယ်ချင်းစာတရား၊မျှဝေမှု၊ လူသားဆန်မှု၊ သည်းခံမှု၊ နားလည်ပေးမှု၊နိုင်ငံကြီးသားပီသမှု အတိုင်းအတာ ကို ဆန်းစစ်သော အခြေအနေလည်းဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ပရဟိတ လူမှုရေးအသင်းများက အခက်အခဲကြုံ နေရသည့် ပြည်သူများ၏လိုအပ်ချက်များ အတွက် ကျရာနေရာမှ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေသည် မှာလည်း ဂုဏ်ယူ ဝမ်းသားစရာ ကောင်းပေသည်။ ပို၍ ဂုဏ်ယူစရာ ကောင်းသည်မှာ ပရဟိတလုပ်ငန်းများကို လူငယ်အများအပြားက အင်တိုက် အားတိုက် ပါဝင် ဆောင်ရွက်နေကြ ခြင်းပင်ဖြစ်သည်။ ကိုဗစ်ကာလအတွင်း ပြည်သူလူထု၏ အခက်အခဲကို ဝိုင်ဝန်းကူညီ ဖြေရှင်း ပေးနေသည့် ပရဟိတ အဖွဲ့များထဲမှ မန္တလေးတိုင်း အခြေစိုက် ရွှေမဟာနွယ်ပရဟိတ အသင်း တည်ထောင်သူ၊ ရွှေထီးဆောင်း ဆရာတော် (သွေးမင်းသား) ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်ရွှေမဟာနွယ်နှင့် ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်ထားသည်။ ရွှေမဟာနွယ် ပရဟိတအသင်းသည် မန္တလေးတိုင်းအတွင်းရှိ စားဝတ်နေရေး အခက်အခဲ ရှိနေသူများအား ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ဆပ်ပြာနှင့် အခြားလိုအပ်သည့် ပစ္စည်းများ အား အိမ်တိုင်ရာရောက် ကူညီ ပို့ဆောင် လှူဒါန်းပေးနေသည့် ပရဟိတ အသင်း တစ်ခုဖြစ်သည်။

SMN

ငြမ်းမီဒီယာ – ရွှေမဟာနွယ် ပရဟိတအသင်းတည်ထောင်သူရဲ့ ကိုယ်ရေးအကျဉ်းကို မိတ်ဆက်ပေးပါဦး။

SMN – ကျမအသက် (၃၈) နှစ်ထဲကို ရောက်ပါပြီ။ကျမအမေက ဆုံးသွား ပြီ။ ကျမဒီလောကထဲကိုစရောက်တာက  အမေက ကျမ (၁၁) နှစ်သမီးကတည်းက သွေးကင်ဆာရောဂါနဲ့ ဆုံးသွားတာ။ ဒါက ကျမဒီလောကထဲကို ရောက်လာ တဲ့ ခံစားချက်။ အမေက သွေးကင်ဆာနဲ့ ဆုံးသွားတာ။ ကျမတို့အမေ သွေးကင်ဆာ ဖြစ်တဲ့ အချိန်ကဆိုရင် သွေးလိုတဲ့ အချိန်ကျမှ ညဆို ကျမဖေဖေနဲ့ မြင်းလှည်းလေးတစ်စီးနဲ့ ဘုန်းကြီးကျောင်းတွေမှာ လိုက်ပြီး သွေးအလှူခံရတာ။ အရမ်းကို ခက်ခဲ ဒုက္ခရောက်ခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အခုလောလောဆယ်အခြေအနေမှာ စားဝတ်နေရေး ခက်ခဲနေတဲ့သူတွေက အများကြီး ဖြစ်လာခဲ့ပြီ။ ရှေ့ဆက်ပြီး …

အဲဒီ အချိန်ကတည်းက ကျမစိတ်ထဲမှာ ရှိတာက တစ်ချိန်ကျရင် ဒီလို သွေးလိုနေတဲ့သူတွေကို မေမေ့လို မဖြစ်စေရဘူး။ အဆင်သင့် ဆေးရုံးမှာ သူတို့ကို ပို့ပေးမယ်။ အဲဒီခံစားချက်က ငယ်ငယ်ကတည်းက ရှိလာခဲ့တာ။ ရှိလာခဲ့တာ ဆိုတော့ ကျမလုပ်နိုင်တဲ့ အချိန်မှာ ဒီလုပ်ငန်းတွေကို လုပ်တယ်။ ကျမမှာ သမီးနှစ်ယောက်ရှိတယ်ရှင့်။ အိမ်ထောင်နဲ့ကွာရှင်းခဲ့တာ ခုနှစ် နှစ်ထဲ ရောက်ပြီ။ အိမ်ထောင်နဲ့ကွာရှင်းပြီး ကျမဒီပရဟိတထဲ လုံး၀ ဝင်ပစ်လိုက်တာပဲ။ သမီးလေး နှစ်ယောက်ရှိတယ်။ သမီးအကြီးက သူနာပြုတက္ကသိုလ် တက်နေတယ်။ လောလောဆယ်တော့ ပိတ်ထားတယ်။ သမီးအငယ်လေးက ခုနှစ်တန်း ဖြေထားတယ်ရှင့်။ အလုပ်ကတော့ ကျမ မနက်ခင်းပိုင်းကို သစ်သီးစုံ ရောင်းတယ်။ ဈေးရောင်းပြီး (၁၁)နာရီလောက်ပြီးပြီ ဆိုတာနဲ့ အိမ်မှာက အဖိုး၊ အဖွားတွေနဲ့ နေတာအခါကျတော့ ချက်ရေးပြုတ်ရေးက ကျမပူစရာ မလိုဘူး။ ကျမဈေးရောင်းတဲ့ အလုပ်ပြီးတာနဲ့ တနေကုန် ဒီ ပရဟိတ အလုပ်ထဲမှာ အချိန်ကုန် တယ်။ ကျမ လိုက်ကူညီပေးတယ်။

SMN

ငြမ်းမီဒီယာ – ရွှေမဟာနွယ် ပရဟိတအဖွဲ့က အခု အိမ်ထောင်စု တစ်စုကို ငွေတစ်သောင်းကျပ် လှူဒါန်းတယ် ဆိုတော့ အိမ်ထောင်စု ဘယ်လောက်တောင် လှူဒါန်းပြီးပြီလဲ။

SMN – အခု ဒီအကြိမ်က စတ္ထုထအကြိမ်ပါ။ ပထမ သုံးကြိမ်လှူပြီးသွားပြီ။ ကျမတို့ တစ်ခါ လှူရင် အိမ်ထောင်စု (၅၀) လှူပေးပါတယ်။ အခု ဒီတသုတ်နဲ့ဆို အိမ်ထောင်စု (၂၀၀)ပါ။

ငြမ်းမီဒီယာ – ရွှေမဟာနွယ်ပရဟိတ အဖွဲ့ကို ဘယ်အချိန်က စတည်ထောင်ဖြစ်တာလဲ။ အခု ကိုဗစ်ကာလမှာ စတည်ဖြစ်တာလား။

SMN – ပရဟိတ လောကထဲကို ရောက်ပြီး အသင်းစထောင်ခဲ့တာ ခြောက်နှစ် ရှိပါပြီ။ စပြီး လုပ်ခါစကတော့ ကလေးဆေးရုံမှာ သွေးကင်ဆာဖြစ်တဲ့ကလေးတွေကို သွေးလှူဒါန်းတာကနေ စလုပ်ဖြစ်တယ်။ သွေးလှူ တာကတော့ နေ့စဉ် လုပ်နေတဲ့ အလုပ်ပါ။ အဲဒီကနေ နောက်တစ်ဆင့်က နွမ်းပါးလူနာ ကလေးတွေ၊ နယ်ကနေလာတဲ့ ကလေးတွေကို ကျမဆေးဖိုးထောက်ပံ့ ပေးတယ်။

များများလည်း လှူချင်တယ်။ အခက်အခဲတွေကို လည်း များများပြေလည် စေချင်တယ်။အဲဒီလိုပုံစံနဲ့ ကျမ ပြောင်းလိုက်တာ။ ပြောင်းလိုက်တဲ့အခါ …

အဲဒါက ဒုတိယ အလုပ်။နောက်တစ်ခါ ကျမတို့ ပြည်နယ် အနှံ့ပေါ့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ဟိုး တောထဲအထိ ကလေးတွေရဲ့ ပညာရေးထောက်ပံ့မှု လုပ်ခဲ့တယ်။ အဲဒီဘက်ကို ရောက်ခဲ့တာ သုံးကြိမ် ရှိပြီ။ အဲဒါက နှစ်လတစ်ကြိမ် ပုံမှန်ကတော့ နယ်ဝေးတွေကိုထွက်ပြီး ကလေးတွေ ပညာရေးထောက်ပံ့မှုကို လုပ်ပေးတယ်။ ကျောင်းဖွင့်ချိန်တုန်းကပေါ့။ အခုကျောင်းပိတ်ချိန်မှာ ဘိုးဘွားတွေအတွက် လုပ်မယ် စဉ်းစားထားတာ။ အခုကျတော့ ကိုဗစ် ကဖြစ်သွားတော့ ဒီအထဲမှာ လုပ်ပေးဖြစ်တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SMN

ငြမ်းမီဒီယာ – အခုအခြား ပရဟိတ လုပ်ငန်းတွေကို ရပ်နာထားပြီး ကိုဗစ်အတွက် လိုအပ်တဲ့ နေရာတွေ မှာ ဝင်ကူညီနေရတာပေါ့။

SMN – နေ့စဉ်အစိုးရဆေးရုံတွေမှာ လိုအပ်တဲ့ သွေးလှူတာကိုတော့ လုပ်နေတယ်။ ပြင်ပ ဆေးရုံတွေကို တော့ မလှူပေးဘူး။ နှစ်လတစ်ကြိမ်နယ်တွေမှာ ထောက်ပံ့ပေးတာကိုတော့ အခုလောလောဆယ် နားထားပါတယ်။

ငြမ်းမီဒီယာ – ကိုဗစ်ကပ်ရောဂါ ကာလမှာလည်း သွေးလိုအပ်တဲ့ ဆေးရုံတွေကို သွေးလှူးပေးနေတုန်းပေါ့။

SMN – ဟုတ်ကဲ့။ လှူပေးနေပါတယ်။

ငြမ်းမီဒီယာ – တစ်ရက်ကို သွေးလှူပေးရတဲ့ ပမာဏက ဘယ်လောက်ရှိလဲ။

SMN – ကျမပင်တိုင်လှူပေးတာကတော့ ကုတင်သုံးရာ ကလေးဆေရုံပါ။ တစ်ရက်ကို လေး၊ငါး လုံးက တော့ လှူပေးရတယ်။ မန္တလေး ပြည်သူ့ဆေးရုံကြီးရယ်၊ကလေးဆေးရုံကြီးရယ် ကတော့ သွေးလှူပေးဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SMN

ငြမ်းမီဒီယာ – ရွှေမဟာနွယ်က ကိုဗစ်ကာလမှာ တစ်အိမ်ထောင်တစ်သောင်းသွားလှူတဲ့အချိန်မှာ မိသားစုဘဝတွေရဲ့ အခက်အခဲတွေကို တွေ့မြင်ရတာ ရှိမှာပေါ့။ အဲဒီအခြေအနေတွေကို ပြောပြပေးပါလား။

SMN – ပထမ သုံးကြိမ်မြော်ကအထိ ကျမလှူပေးခဲ့ရတုန်းက အခက်အခဲ ရှိနေတဲ့ မိသားစုဝင်တွေရဲ့ ဒုက္ခတွေကို ထဲထဲဝင်ဝင် မသိဘူးရှင့်။ ဘာလို့ မသိတာလဲဆို ပထမ သုံးကြိမ် လှူပေးတုန်းက ပစ္စည်းတွေ အိမ်မှာပဲ ထုပ်ပေးတယ်။ အဲဒီတုန်းက ဆို တစ်သောင်းဖိုးမကဘူး။ အဲဒီတုန်းက အထုပ်တစ်ထုပ်ဆို တော်တော်ကြီးကို စုံစုံလင်ပါပဲ။ ကျန်ကျောင်း အိတ်နှစ်လုံးနဲ့ အပြည့်ပဲ။ တစ်ဦးစီကို အဲလိုလှူပေးခဲ့တာ။ တန်ဖိုးအားဖြင့် နှစ်သောင်းကျော်လောက်ရှိမယ်။ အဲဒီတုန်းက သူတို့ဘဝတွေ ကျမမသိဘူး။ ဘာလို့မသိတာလဲဆို အိမ်မှာတင်အားလုံးစီစဉ်တယ်။ ပြီးရင် ကားပေါ်တင်တယ်။ မြို့ထဲ ကိုပတ်တယ်။

တချို့ဆို ကလေးလေး နို့တိုက်ဖို့ကို နို့မှုန့် ဖိုးကို မရှိတော့ဘူး။ သူတို့တောင်ဆန်ပြုပ် သောက်ပြီး အရည်ကြည်လေးစစ်ပြီး ဒီကလေးလေးကို တိုက်နေရ …

လမ်းမှာ ဈေးရောင်ပြီး ပြန်လာတဲ့သူတွေ၊ မီနီအိုးဝေမာင်းနေတဲ့ အဘတွေ အဲလို နေရာတွေ ကျမကိုယ်တိုင်ကားနဲ့ ပတ်ပြီး လှူပေးခဲ့တာ။ အဲလို လှူပေးခဲ့တာဆိုတော့ သူတို့တွေရဲက ဘဝကို ကျမမသိဘူး။ လောလောဆယ် ကျမ မျက်မြင်ကိုပဲ လှူပေးခဲ့တာ။ အခုစတ္ထုထအကြိမ်ကျတော့ တော်တော်ကြီးကို ကျမစိတ်ဆင်းရဲတာ။ ကျမ လှူတဲ့ အစီအစဉ်လေးကို ပြောင်းလိုက်တာ။ လှူတဲ့သူတွေလည်း သတ်မှတ်ချက်တစ်ခုနဲ့ တစ်သောင်းဆို တစ်သောင်း။ ငါ တစ်သောင်းလှူလိုက်ရင် အိမ်ထောင်စု တစ်စုစာရသွားပြီပေါ့ အဲဒီလိုပေါ့နော်။ အဲလိုလည်း ဖြစ်ျင်တယ်။နောက်များများလည်း လှူချင်တယ်။ အခက်အခဲတွေကို လည်း များများပြေလည် စေချင်တယ်။အဲဒီလိုပုံစံနဲ့ ကျမ ပြောင်းလိုက်တာ။ ပြောင်းလိုက်တဲ့အခါကျတော့ တစ်ရက် တစ်ရက်ကို ဖုန်း အဝင် က အလုံးနှစ်ရာ မကဘူး။ တင်ထားတာလည်း ကျမဖုန်းတစ်လုံးတည်းကို။ အခြားအသင်းက ကလေးတွေ ဖုန်းက အနှောင့်အယှက် ဖြစ်မှာစိုးလို့ ကျမဖုန်းတစ်လုံးပဲတင်လိုက်တာကို။ ဖုန်းဆက်သမျှက တကယ်ကို မပြောရက်လောက်အောင် ကိုယ်မသိတာတွေ အများကြီးသိခဲ့ရတယ်။ ဆက်သမျှက လည်း ကျမဒီလို ဖြစ်နေပါပြီ။ မစားရတာ ဘယ်နှရက်ရှိပြီ။ အလုပ်မလုပ်ရတာ ဘယ်လောက် ရှိပြီ။ တချို့ဆို ကလေးလေး နို့တိုက်ဖို့ကို နို့မှုန့် ဖိုးကို မရှိတော့ဘူး။ သူတို့တောင်ဆန်ပြုပ် သောက်ပြီး အရည်ကြည်လေးစစ်ပြီး ဒီကလေးလေးကို တိုက်နေရတဲ့အကြောင်း တော်တော်ကြီးကို ဆိုးဆိုးဝါးဝါးတွေဖြစ်နေတယ်။ ကျမလှူပေးနိုင်တာက အိမ်ထောင်စု (၅၀) ပဲလှူပေးနိုင်တယ်။အခက်အခဲ ဖြစ်နတာက တစ်ရက်တစ်ရက်ကို လူနှစ်ရာလောက် ကျမဆီကို ဖုန်းဆက်နေတယ်။ တော်တော်လေးစိတ်ဆင်းရဲရပါတယ်။

ဆန်ပြုပ် ပြုပ်သောက်တာ နှစ်ရက် ရှိပြီ။ ရှိတဲ့ဆန်ကလည်း ကုန်တော့မယ်။ သူတို့ကို မဖြစ်မနေ ကူညီပေး ပါပေါ့နော်။ ယောကျာ်လေးတွေ ပေမယ့် သူတို့ လည်း ငိုပြီးပြောတာ …

ငြမ်းမီဒီယာ – အခုလို ကြားရတာ ကျနော်တို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။

SMN – တကယ်စိတ်မကောင်းစရာပါ။

ငြမ်းမီဒီယာ – အဲဒီတော့ အခြေခံမိသားစုဝင်တွေရဲ့ အခက်အခဲ တွေ ထပ်ရှိသေးရင် ပြောပြပေးပါဦး။

SMN – မနက်ဖြန် ဆိုရင် ကျမ ပုသိမ်ကြီးဘက် ကို သွားလှူမယ် စဉ်းစားထားတယ်။ အခု အကူအညီ တောင်းထားတာ ခုနှစ် ယောက် ဂရုလေးပေါ့။ သူပြောထားတာလေးရှိတယ်။ ကျမ ပြောပြမယ်။ သူပြောထားတာက သူတို့အိမ်မှာ ကလေး လေးယောက်နဲ့။ အိမ်ထောင်စု တစ်စုမှာ ကလေး နှစ်ယောက် သုံးယောက်ရှိတယ်။ အလုပ်လုပ်တာကတော့ ယောကျာၤးသား တွေကတော့ အလုပ်လုပ်တယ်။ မိန်းမတွေ ကတော့ အိမ်မှာ ထင်းခွေ၊ မန်းကျည်းရွက်ခူးရောင်း၊ နောက်တစ်ခုက သူတို့ရပ်ကွက် အနေနဲ့ အပြင်ကို မထွက်ရဘူး။ အမျိုးသားတွေကလည်း အလုပ်နားထားတာ ရက်(၂၀) လောက်ရှိပြီ။ နယ်ကလာတဲ့ အဲဒီ ခုနှစ်ယောက် စုလေးကတော့ ရှိတဲ့ဆန်ကို စုပြီးတော့ ဆန်ပြုပ် ပြုပ်သောက်နေကြတယ်တဲ့။ မနေ့က ကျမဆီကို ဖုန်းဆက်ပြီး အကူအညီတောင်းတာ ယောကျာ်လေး။ အသံကိုကြည့်ရတာ ငယ်လည်း ငယ်သေးတယ်ထင်ပါတယ်။ ဒါပေမယ့် သူကိုယ်၌က ပြောရင်း ငိုတာ။ အစ်မ ကျနော် တို့တွေ ဒီလိုဖြစ်နေ တယ်။ဘယ်လိုဖြစ်နေတာလေး ပြောပြလိုက်ပါဆိုတဲ့ ဘေးက အသံတွေကိုလည်း ကျမ ကြားနေရတယ်။ ခုနက ပြောသလိုပဲ နို့စို့ကလေးတွေဆိုရင် နို့မှုန်တိုက်နေရတဲ့ အတွက် လုံးဝမတိုက်နိုင်ဘူး။ အခုသူတို့ ခုနှစ်စု လုံးက ဆန်ပြုပ် ပြုပ်သောက်နေတယ်။ ဆန်ပြုပ် ပြုပ်သောက်တာ နှစ်ရက် ရှိပြီ။ ရှိတဲ့ဆန်ကလည်း ကုန်တော့မယ်။ သူတို့ကို မဖြစ်မနေ ကူညီပေး ပါပေါ့နော်။ ယောကျာ်လေးတွေ ပေမယ့် သူတို့ လည်း ငိုပြီးပြောတာ။သူတို့မှာ အဲလို အခက်ခဲတွေ ရှိတယ်။ စောစောကမှ ပုသိမ်ကြီး က နောက်တစ်အုပ်စုကတော့ လေးယောက်။ အဲဒါလည်းသူတို့ပဲ။ မိန်းကလေးတွေ က အိမ်မှာ အဝတ် ဖွတ်တယ်။ ယောကျာ်လေး တွေက ပန်းရံထွက်လုပ်တယ်။ သူတို့လည်း နယ်ကလာတာ။ သူတို့ကိုလည်း လော့ဒေါင်း ချထားတာ ရက်နှစ်ဆယ် ကျော်သွားပြီ။ သူတို့လည်း စားစရာကို မရှိတော့တာ။ ဆန်ပြုပ် ပြုပ် သောက်စရာကို မရှိတော့တာ။ မနေ့တုန်း ကတော့ ခေါက်ဆွဲထုပ် သုံးထုပ် ရှိတာကို အတူတူမျှပြီး သောက်ကြတယ်ပေါ့။

SMN

ငြမ်းမီဒီယာ – အခု မန္တလေးမှာ ညမထွက်ရအမိန့်ကလည်း ရှိတယ်။ အခြေခံအများစုရဲ့ အလုပ်အကိုင်တွေ ကလည်း အဆင်မပြေ ကြဘူး။ ကိုဗစ်ကာလကလည်း ဘယ်လောက်ကြာမှန်းမသိတော့ ရွှေမဟာနွယ် ပရဟိတ အသင်းအနေနဲ့ ရှေ့ဆက် လုပ်ဆောင် ရမယ့် ပရဟိတအလုပ်တွေမှာ ဘာတွေ အခက်အခဲ ရှိလဲ။ ဘာတွေ ပြင်ဆင်ထားလဲ။ အလှူရှင်တွေ ရောလုံလုံလောက်လောက် ရှိရဲ့လား။

SMN – မလုံလောက်ဘူး။ ကျမပြောချင်တာ အဓိက က အဲဒါပဲသိလား။ ကျမက အွန်လိုင်းပရဟိတ ဖြစ်တဲ့အတွက် အရင်တုန်းက နှစ်လတစ်ကြိမ်ထွက်တုန်းကလည်း တူတူပဲ။ ကျမရဲ့ လုပ်ဆောင်ချက်တွေကို လိုင်းပေါ်တင်နေတဲ့အတွက် ယုံကြည်တဲ့မိတ်ဆွေတွေ အကုန်လုံးနီးပါးက တစ်ခုခု လုပ်တော့မယ်လို့ ကျမရေးလိုက်တာနဲ့ အစ်မရေ ညီမတော့ ဘယ်ဟာပါမယ်။ ဘယ်ဟာထည့်မယ်ဆိုတာ အဲဒီလို လာလှူကြတာ။ အခုလည်း အတူတူပဲ။ အခုအခြေအနေကျတော့ အရင်တုန်းက အခြေအနေနဲ့ မတူတော့ဘူး။အရင်တုန်းကဆို ကျမလိုသလောက်ပုံစံမျိုး ရတယ်။အလှူခံရင် လုံလောက်တယ်ပေါ့နော်။ အခုကျတော့ မလုံလောက်ဘူး။ အလျင်မမီဘူးဖြစ်နေတာ။ ကျမ တစ်သုတ်လှူရင် အနည်းဆုံး သိန်းနှစ်ဆယ်၊သိန်းသုံးဆယ် ဖိုးရှိတယ်။ အလှူရှင်တွေမှာလည်း အင်အားက တဖြေးဖြေး အင်အားက နည်းလာတာ။ ဘာလို့လဲဆိုတော့ ကိုယ်၌ က လည်း သူတို့မှာ ဝင်ငွေ မရှိကြဘူးလေ။ ရှေ့ဆက်လှူဖို့ဆိုရင် ကျမမှာ အလှူရှင်အင်အား အများကြီးလိုတယ်။ သူတို့လှူမှသာလျင် ကျမက ပြည်သူတွေကို ပြန်မျှပြီး လှူပေးနိုင်တာ။ ပြောချင်တာက စားနိုင်သောက်နိုင်တဲ့ သူတွေက ကျမ ကို ပြန်ပြီး မျှပြီးခွဲပေးတယ်။ ကျမက လိုအပ်နေတဲ့သူတွေကို အိမ်တိုင်ရာရောက် လိုက်ပို့ ပေးတယ်။ ပြောရမယ်ဆိုရင် အလှူရှင်အင်အားက လုံးဝမလုံလောက်ဘူး။ အခုဒီတစ်သုတ်ဆိုလည်း (၅၀) လှူနိုင်ဖို့ ကျမတော်တော်လေး ကြိုးစားလိုက်ရတယ်။

ငြမ်းမီဒီယာ – အခု ရွှေမဟာနွယ်ပရဟိတ အသင်း က အိမ်ထောင်စု တစ်စုကို တစ်သောင်းဆိုတော့ အကယ်၍ လှူလိုသူတွေ က သူတို့အိမ်မှာ ရှိတဲ့ ဆန်၊ဆီ၊ ဆေးဝါး၊ ဆပ်ပြာ အစရှိသဖြင့်ပေါ့ သူတို့နိုင်တာကို မျှလှူချင်တယ်ဆိုရင်ရော လက်ခံလားဗျ။

SMN – လက်ခံပါတယ်ရှင်။ရပါတယ်။ ပိုက်ဆံအနေနဲ့မှ မဟုတ်ဘူး။ဆန်ပဲလှူလှူ၊ ကြက်သွန်ပဲ လှူလှူ ကျမလက်ခံတယ်။ မဟုတ်လည်း ကျမ က ဒါတွေကို ပြန်ဝယ်ရတာကို။ ပြောချင်တာက အလှူရှင်အင်အား အများကြီးလိုတယ်။

ငြမ်းမီဒီယာ – ရွှေမဟာနွယ် ပရဟိတ အသင်းမှာ အမျိုးသမီးလူငယ်တွေများတာတွေ့ရတယ်။ ပရဟိတအသင်းက အမျိုးသမီး လူငယ်အင်အားစုကို အခြေခံပြီးဖွဲ့စည်းထားတာလား။

SMN – ဟုတ်ကဲ့ရှင့်။ အဓိက အခြေခံကတော့ အဲဒါပါပဲ။ မိန်းကလေးများတယ်။ယောကျာၤလေးက နှစ်ယောက်ပဲ ပါတယ်။ အသင်းကို ကျမအနေနဲ့ တကယ်လုပ်နိုင်သူကိုပဲ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားတယ်။ ကျမအသင်းမှာ လူအများကြီး မရှိဘူး။ (၁၅) ယောက်ပဲ ရှိတယ်။ (၁၅) ယောက်ပဲ ရှိတာမှာ တကယ် လမ်းကြောင်းပေါ်မှာ Run နေတာ ကျမတစ်ယောက်တည်း။ နောက်က ကလေးတွေက ပံ့ပိုးပေးတယ်။ အဓိက ရည်ရွယ်ပြီးတည်ထောင်ထားတာက အမျိုးသမီး လူငယ်အင်အားစုပေါ့နော်။ အမျိုးသမီးတွေပဲ များပါတယ်ရှင့်။

ငြမ်းမီဒီယာ – ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါဦး။

SMN – COVID – 19 က မတ်လအကုန်လောက်လို့ ကျမတို့ခန့်မှန်းထားတာ ပညာရှင်တွေ တွက်ချက်မှုအရ ဒီဟာကြီးက ရေရှည်ဖြစ်နေဦးမှာ။ ဒုက္ခတွေရောက်ကြဦးမှာ။ အခုလောလောဆယ်အခြေအနေမှာ စားဝတ်နေရေး ခက်ခဲနေတဲ့သူတွေက အများကြီး ဖြစ်လာခဲ့ပြီ။ ရှေ့ဆက်ပြီး ဒီဟာတွေကို တောင့်ခံနိုင်ဖို့ ဆိုတာက ရှိတဲ့သူတွေက မရှိတဲ့သူတွေကို မျှပေးကြပါ။ အဓိက က အဲဒါပြောချင်တယ်။ အကုန်လုံးပေါ့။ ကျမကတော့ မန္တလေးမြို့က ဆိုတော့ ကိုယ့်ရဲ့ မြို့ကို အဓိက ထားပြောရတာပေါ့။ တစ်ဦးချင်း စီတိုင်းက စည်းကမ်းတွေကို တိတိကျကျ လိုက်နာပေးကြပါ။ ကျမတို့လည်း ကိုယ့်အသက်ကိုတော့ နှမြောတယ်။ ဒါပေမယ့် အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီချင်တဲ့အတွက် ရှေ့တန်းကနေ လုပ်ပေးနေတယ်။ နောက်တန်းကနေ မျှပေးနိုင်တဲ့သူတွေက မျှပေးကြပါ။ အားလုံးကလည်း စည်းကမ်း ရှိပေးပါ။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,