ပဋိပက္ခတွေနဲ့ အီနေမယ်ဆိုရင်တော့ တိုင်းပြည် အကောင်းကျန်မှာ မဟုတ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆရာဖိုး / ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး

ပြည်သူ့ပါတီ ဥက္ကဌ၊ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးဟာ အမျိုးသားရေး ဝါဒီတစ်ဦးလား။ ဦးဝီရသူအပေါ် ဦးကိုကိုကြီး ဘယ်လိုရှုမြင်သုံးသပ်သလဲစသဖြင့် …

ပြည်သူ့ပါတီ ဥက္ကဌ၊ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးဟာ အမျိုးသားရေး ဝါဒီတစ်ဦးလား။ ဦးဝီရသူ အပေါ် ဦးကိုကိုကြီး ဘယ်လိုရှုမြင်သုံးသပ်သလဲစသဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဖက်ဒရယ်အရေး၊ လူ့အဖွဲ့အစည်းကြား သိသိသာသာ ကျုံ့ဝင်လာသည့် သဟဇာတဖြစ်မှုအခြေအနေများ၊ ရှစ်ဆယ့်ရှစ် မျိုးဆက်သည် ပျောက်ဆုံးတော့မည့် မျိုးဆက်တစ်ခုလား စသည့်အခြေအနေများနှင့် ပတ်သက်၍ ဦးကိုကိုကြီးအား ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းခဲ့သည်။

စက်တင်ဘာ(၂၇)၊ ၂၀၁၉၊ ရန်ကုန်

ငြမ်းမီဒီယာ – ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကနေ ANP နဲ့ တခြား ပုဂ္ဂိုလ် တစ်ယောက် ထွက်သွားတာ ရှိတယ်။ တိုင်းရင်းသားပါတီ တချို့ကလည်း ဒီအပေါ်မှာ တရားဝင် ထုတ်ဖော်ပြောဆိုတာ မတွေ့ရသေး ပေမယ့် အခြေအနေ ဟန်တဲ့ပုံတော့ မတွေ့ရဘူးခင်ဗျ။NLD ရဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဦးကိုကိုကြီး ဘယ်လိုမြင်သလဲခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKKG – ကျနော်က အလွတ်သဘောပြောတာထက် ကိန်းဂဏန်းတွေနဲ့ပြောတာ ပိုပြီးခိုင်မာတယ်လို့ ကျနော်မြင်တယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ လူထုဆန္ဒခံယူပွဲ မလိုအပ်ဘဲ ပြင်မယ့်ပုဒ်မတွေတောင်မှ အနိမ့်ဆုံး ခုနှစ်ဆယ့်ငါးရာခိုင်နှုန်း ကျော်ရမယ်။ဒါ ဖွဲ့စည်းပုံထဲမှာ ရှိတဲ့ ပြဌာန်းချက်။ ကျနော် ၂၀၁၅ ကတည်းက အချက်အလက်တွေကို တောက်လျောက်လေ့ လာကြည့်တယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာ ခုနှစ်နေရာရှိတယ်။ နောက်ပိုင်းမှာ တစ်နေရာ ပြန်ကျင်းပတဲ့ အတွက် ခြောက်နေရာ ဖြစ်လာတယ်။ ခုနှစ်နေရာ လို့ပြောရင်ကိုပဲ ရွေးကောက်ခံ (၄၉၈)နေရာအပြည့်ရှိမှ (၇၅) ဖြစ်မှာ။ခုနှစ်နေရာ နုတ်လိုက်တော့ (၄၉၁) နေရာပဲရှိတဲ့အတွက်ကြောင့် လွှတ်တော်မှာ တပ်ကိုယ်စားလှယ် အပါအဝင် တစ်ရာရာခိုင်နှုန်းထဲမှာ ရွေးကောက်ခံက ခုနှစ်ဆယ့်သုံး ဒဿမ ပဲရှိတော့တယ်။ ဆိုလိုတာက ရွေးကောက်ခံအားလုံးက တစ်ညီတစ်ညွှတ်တည်း ထောက်ခံတယ် ဆိုရင်တောင် (၇၅) မရှိဘူးပြောချင်တာ။

တချို့တိုင်းရင်းသားတွေက ဗမာ မုန်းတီး ရေးနဲ့ အလွယ်တကူ စည်းရုံးထားတာတွေရှိတယ်။ အမှန်က ခေါင်းဆောင်တွေက မုန်းသလားဆို မမုန်းဘူး။ ခေါင်းဆောင်တွေ …

ဒါ စစ်တပ်က ကန့်ကွက်တာ ၊ထောက်ခံတာ ဆိုတဲ့ကိစ္စမပါဘူး။ အဲဒီတော့ အခုနောက်ဆုံး အခြေအနေ မှာ ဆိုရင်လည်း ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ခြောက် နေရာဖယ်လိုက် လိုက်ရင် (၄၉၂) ယောက်ပဲရှိတယ်။ (၄၉၈) ရှိမှ (၇၅)ဖြစ်မှာ။ (၄၉၂) ယောက်ပဲရှိတဲ့အတွက်ကြောင့် (၇၅) ရာခိုင်နှုန်းကို မပြည့်ဘူး။ အခုပြောတဲ့အထဲမှာ စစ်တပ်က ကန့်ကွက်ခြင်းေ ထာက်ခံခြင်း မပါဘူး။ စစ်တပ်ကိုယ်စားလှယ် အပါအဝင်၊ လွှတ်တော် ကိုယ်စားလှယ် (၁၀၀)မှာ NLD က (၅၈) ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲတော့ NLD အားလုံးထောက်ခံရင် (၅၈) ရာခိုင်နှုန်းရမယ်။ဒါကို ဝိုင်းဝန်းထောက်ခံတဲ့ တိုင်းရင်းသားပါတီတို့ အခြားပါတီတို့ ပါမယ်ဆိုရင် ခြောက်ဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ့်ငါး ရာခိုင်နှုန်း စသဖြင့် ဖြစ်နိုင်တယ်။သို့သော် ကြံ့ခိုင်ရေးနဲ့ သဘောထားတူတဲ့ ပါတီတွေကလည်း တစ်စုဖြစ်နေတာကြောင့် အခုတောင်မှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို နှစ်ခုအပြိုင်တင်တယ်။ အားလုံးတစ်ညီ တစ်ညွှတ်တည်း ဆိုရင်တောင်မှ ရွေးကောက်ခံက (၇၃)၊ (၇၄) ရာခိုင်နှုန်းပဲရှိတယ်။(၇၅) မပြည့်ဘူး။ဒါက ကိန်းဂဏန်း တွေက ဖော်ပြတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေ။ အဲတော့ ကျနော်တို့ပြောချင်တာက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဘယ်လိုလုပ်ကြမလဲ။ ဘယ်အချက်တွေကို ဦးစားပေးပြင်မလဲဆိုတာကို တရား ဝင်ဆွေးနွေးမှုတွေမတိုင်ခင်မှာ ဘယ်လောက်ညှိနှိုင်းမှုတွေရှိသလဲ။ အဲဒါအရေးကြီးတယ်။

ငြမ်းမီဒီယာ – တပ်ဘက်ကတော့ ဖွဲ့စည်းပုံပြင်ရေးမှာ ပြင်ကြတာပေါ့ ဆိုတာမျိုးရှိတယ်။ဒါပေမယ့် တပ်မတော်ရဲ့ ဖွဲ့စည်းပုံပြင်လိုတဲ့ တကယ့်နိုင်ငံရေးဆန္ဒက ဘယ်လောက်အထိပဲရှိလဲ။ဦးကိုကိုကြီး ဘယ်လို သုံးသပ်လဲ။

UKKG – တပ်က ဒီအတိုင်းရေရှည်သွားလို့မရဘူးဆိုတာ ယေဘုယျသိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါလူထု သဘောထား ဆန္ဒရော၊နိုင်ငံတကာဝေဖန်တာတွေရော အခြေအနေအရပ်ရပ်မှာ ဖွဲ့စည်းပုံ ပြင်ရမယ် ဆိုတာကို သူက မငြင်းဘူး။ တစ်ခုရှိတာ ကျနော်တို့က ဖွဲ့စည်းပုံကိစ္စမှ မဟုတ်ပါဘူး။ နိုင်ငံတော် တည်ဆောက်ရေးနဲ့ပတ်သက်လို့စဉ်းစားရင် အချိန်အကန့် အလိုက် စဉ်းစားဖို့လိုတယ်။ရွေးကောက်ပွဲ ဆိုတာငါးနှစ်ပဲ။ပထမ ငါးနှစ်သက်တမ်းမှာဘာတွေလုပ်မလဲ။ ဒုတိယ ငါးနှစ် သက်တမ်း မှာ ဘာတွေလုပ်မလဲ ဆိုတာ ကို အချိန်အကန့်အလိုက်စဉ်းစားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီဖွဲ့စည်းပုံ အရ နိုင်ငံရေးပါတီ မှတ်ပုံတင်လိုက်တယ်။ ဒီဖွဲ့စည်းပုံအရ ရွေးကောက်ပွဲဝင်ပြီ ဆိုကတည်းက တော်လှန်ရေး နည်းလမ်း ထက်ကို တရွေ့ရွေ့ဆင့်ကဲပြောင်းလဲတဲ့နည်းလမ်းကိုရွေးချယ်လိုက်တာလို့ ကျနော်နားလည်တယ်။ သို့သော် တရွေ့ရွေ့ ဆင့်ကဲ ပြောင်းလဲ တဲ့နည်းလမ်းမှာလည်းပဲ ရုန်းကန်လှုပ်ရှားမှု ရှိရင်ရှိသလောက် မြန်မယ်။ ရုန်းကန်လှုပ်ရှားမှု မရှိရင်တော့အီမယ်။ ရုန်းကန် လှုပ်ရှားမှုက တစ်ဖက်နဲ့တစ်ဖက် တကယ့်နိုင်ငံရေးတိုက်ပွဲ၊ နိုင်ငံရေးသတ်ကွင်းတွေ ထိဖြစ်အောင် ကျွံ့သွားမယ်ဆိုရင်တော့ ပွဲပျက်ပြီ။ ကျနော်က ဒီအတိုင်းအဆကို ဘယ်လိုထိန်းပြီးသွားမလဲ စဉ်းစားတာ။

ငြမ်းမီဒီယာ – တပ်ကလည်း သူ့ကို လူကြမ်းကြီး မလုပ်ဖို့ ပြောဆိုမှုတွေလည်း တွေ့ရတယ်။အဲဒီလို ပြောဆိုမှုတွေအပေါ်မှာရော ဘယ်လိုထင်မြင်လဲ။

UKKG – လူကြမ်းကြီးမလုပ်ဖို့ဆိုတာ သူကလည်းလူထုရဲ့အသံတွေကို တန်ဖိုးထားဖို့လိုတယ်လို့မြင်တယ်။ အဓိကကတော့ လူထုဆိုတာ ထက်ကို တကယ့်တကယ် နိုင်ငံရေးအဆုံးအဖြတ်ပေးတာ အဆုံးသတ် အဆုံးအဖြတ်ပေးတာတွေဟာ ထိပ်ပိုင်းက ခေါင်းဆောင်တွေပဲ။ ထပ်ပိုင်းခေါင်းဆောင်တွေရဲ့ နိုင်ငံရေး အမြော်အမြင်နဲ့ပဲဆိုင်တယ်။ ထိပ်ပိုင်းခေါင်းဆောင်ဆိုတဲ့နေရာမှာ ကျနော် က ဘက်အသီးသီးကို ပြောတာ။အရပ်ဘက်ရော၊စစ်ဘက်ရော၊ တိုင်းရင်းသားအင်အားစုတွေရော၊ ကျနော်တို့ အားလုံး ကြားထဲမှာ ကာလအကန့်လိုက်၊အကန့်လိုက် ဒီငါးနှစ်မှာဘယ်လောက်ပြောင်းမလဲ။နောက် ငါးနှစ်မှာ ဘယ်လောက် ပြောင်းမလဲ ဆိုတဲ့ မျှခြေတစ်ခု အဲဒါကိုရှာဖွေနိုင်ဖို့ အရေးကြီး တယ်လို့မြင်တယ်။ မဟုတ်ရင် တိုင်းပြည်က သိပ်နာလှပြီ။ ကျနော်တောင်မှ တစ်ခါ ကျနော့် ဖေ့စ်ဘွတ်မှာ ရေးလိုက် ဖူးတယ်။” တစ်နေ့တော့ အောင်ပွဲခံ ရမည်” ဆိုတာ။ ဒီစကားလုံးက လူမှန်းသိတတ် ကတည်းက ခွန်းအားတစ်ခုအဖြစ်ပေါ့လေ ကျနော်တို့ ဖြတ်သန်းလာခဲ့ကြတာ။သို့သော် ဒီနေ့ပြန်စဉ်းစားကြည့်တဲ့ အခါကျတော့ တစ်နေ့တော့ ဆိုတာဘယ်တော့လဲ ဆိုတာ ဘယ်သူမှ မပြောဘူး။ မပြောလည်း မပြောနိုင်ဘူး။ အဲလို ကာလ အကန့်အသတ်မရှိ တိုက်နေမယ် ဆိုရင်တော့ တိုင်းပြည်က ဖွတ်သထက် ညစ်တာပေါ့။အဖြေလည်းမထွက်ဘဲနဲ့ အီပြီးတော့ အဲဒီအချိန်မှာ ဘေးက သူများနိုင်ငံတွေက နယ်ပယ်အသီးသီးမှာကျော်တက် သွားကြပြီ။ ကျော်တက်နေပြီ။ ကိုယ့်မှာကျတော့ ဒီပြည်တွင်း ပဋိပက္ခတွေနဲ့ ပြဿနာတွေနဲ့ ကြားထဲမှာပဲ အဲဒီ တစ်နေ့တော့ဆိုတော့ ဘယ်တော့မှန်းမသိဘဲနဲ့ လည်နေတဲ့ ကိစ္စမှာတော့ ဒီနေ့ခေတ်လိုမျိုး အပြောင်းအလှုပ် သိပ်မြန်တဲ့ခေတ်မှာ အဖြစ်အပျက်တွေရဲ့ သက်တမ်းကိုယ်၌က အရမ်းတိုတောင်းတယ်။ အရမ်းကို ဒိုင်းနမစ် ဖြစ်တယ်။ အလှုပ်အသွက် မြန်လွန်းတဲ့ခေတ်မှာ ကျနော်တို့က ကာလအကန့်အသတ်မရှိ ဒီလိုပဲ ပဋိပက္ခတွေနဲ့ အီနေမယ် ဆိုရင်တော့ ကျနော်တို့တိုင်းပြည် အကောင်းကျန်မှာ မဟုတ်ဘူးလို့မြင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – သမ္မတ ဦးဝင်းမြင့်ရဲ့ မျှော်ရည်ချက်ပန်းတိုင်ထဲမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဆိုတာလည်းပါတယ်။ တိုင်းရင်းသားတွေရဲ့ဆန္ဒမှာလည်း ဖက်ဒရယ်ပြည်ထောင်စု ကရှိနေတယ်။ဒါပေမယ့် ဖွဲ့စည်းပုံ အကြပ်အတည်း မှာ ငြိမ်းချမ်းရေးကိစ္စကလည်း အဆင်မပြေနိုင်ဘူးဆိုတော့ ဒါတွေကိုဘယ်လိုအဆင်ပြေအောင်လုပ်လို့ ရနိုင်မလဲ။

UKKG – ဖွဲ့စည်းပုံပြင်ဆင်ရေးက နည်းလမ်း နှစ်ခုလုံးနဲ့သွားရမှာ။ တစ်ခုကလွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးပမ်းတာ။ နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးညီလာခံကနေ နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်တွေ အဲဒီကနေပြီးတော့ လွှတ်တော်ထဲ တင်သွင်း အတည်ပြုချက်ရယူပြီး ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးစားတာ အဲဒီနည်းလမ်း နှစ်ခုလုံးနဲ့ သွားသင့်တယ်လို့ ကျနော်ကမြင်တယ်။ ဦးသိန်းစိန် လက်ထက်တုန်းကတော့ လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံပြင်ဆင်တဲ့နည်းလမ်းမှာ ဇယား – ၂ နဲ့ ဇယား -၅ အပါ ပြဌာန်းချက်တွေကို အားလုံး (၅၄)ချက်ဖြည့်စွက်ပြင်ဆင်ခဲ့တယ်။ အဲဒီဟာက ပြည်နယ်တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို အထိုက် အလျောက်တော့ တိုးတယ်။

ငြိမ်းချမ်းရေးလို့ ပြောလို့ရှိရင် လက်နက်ကိုင်ထားသူတွေရဲ့ အခန်းကဏ္ဍက ရှေ့ ရောက် ရောက်နေတယ်။ ဒီဟာ အခြေခံက နိုင်ငံရေးပြဿနာလို့ပြောရင် နိုင်ငံရေးဘက်က ဖြစ်ပေါ်တိုးတက်မှုတွေကိုဘယ်လောက် ပြသနိုင် သလဲဆိုတာနဲ့ ဆက်စပ်တယ် …

ဒါက ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တာ။သို့သော် NCA က သူ သမ္မတ သက်တမ်း ကုန်ခါနီးမှ ထိုးပြီးတဲ့ အချိန်မှာ ငြိမ်းချမ်းရေး ညီလာခံကနေပြီးတော့ ပြည်ထောင်စုသဘောတူညီချက်ဆိုတဲ့ အဆင့်ကို မရောက်ခဲ့တော့ ဒီဘက် နည်းလမ်းကနေ မလုပ်နိုင်ခဲ့ဘူး။ အခု NLD အစိုးရလက်ထက်မှာတော့ ပြည်ထောင်စုသဘော တူညီချက်ဆိုပြီး(၅၁) ချက် ထွက်ခဲ့ တာရှိတယ်။ သို့သော် အဲဒီ (၅၁)ချက်ကို လွှတ်တော်ထဲမှာ တင်သွင်းပြီးတော့ အဲဒီ (၅၁)ချက်နဲ့ ဆက်စပ်တဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့ ကြိုးစားမယ်ဆိုရင် ဒါက ဖွဲ့စည်းပုံပြင်ဆင်ရေးနည်းလမ်းတစ်ခု၊ နောက်တစ်ခုကတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်တော့ မယ်ဆိုရင် လွှတ်တော်ပြင်ပမှာကတည်းက အလွတ်သဘော တွေ့ဆုံမှုတွေ ဘယ်လောက်ဆောင်ရွက်ပြီးလဲ ဆိုတဲ့ အပေါ်မှာမူတည်မယ်။ အခုကတော့ ဆောင်ရွက်ခဲ့ပုံ၊ပြေလည်ခဲ့ပုံ မရဘူးလို့မြင်ရတာပေါ့။

ငြမ်းမီဒီယာ – အဲဒီတော့ ငြိမ်းချမ်းရေးကလည်း အခြေအနေ မကောင်းနိုင်ဘူးပေါ့ ဦးကိုကိုကြီး ခင်ဗျ။

UKKG – ငြိမ်းချမ်းရေးကိစ္စက အစိုးရရဲ့ လုပ်ငန်းစဉ်ဆိုတာထက်ကို နိုင်ငံတော်ရဲ့ လုပ်ငန်းစဉ်အဖြစ်နဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတစ်ရပ်ပြောင်းလိုက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပြောင်းအလဲဖြစ်လိုက် ဖြစ်လို့မရဘူး။ ဘာဖြစ် လို့လဲဆိုတော့ သူ့ရဲ့ ကျောရိုးပေါ်လစီ၊ မူဝါဒ၊နောက်တစ်ခုက အဲဒီငြိမ်းချမ်းရေးကိစ္စတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်မယ့် အဖွဲ့၊ယန္တရားစနစ်တစ်ရပ် ရှိဖို့လိုတယ်လို့မြင်တယ်။ အဲလိုမဟုတ်ဘဲနဲ့ ငါးနှစ်တစ်ကြိမ် အစိုးရပြောင်းတိုင်းသာ ငြိမ်းချမ်းရေး အပေါ်မှာ အလှုပ်အခတ်များမယ်ဆိုရင် ငြိမ်းချမ်းရေးမှာ မရေရာမှုတွေပိုများမယ်။ ဒါကြောင့် ကျနော်က ငြိမ်းချမ်းရေးက နိုင်ငံတော်ရဲ့ ဖြစ်စဉ် State Process အဖြစ်သွားရမယ်လို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ – တစ်လောက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စွပ်စွဲမှုတွေလည်း ရှိခဲ့တယ်။အဲဒီမှာ ငြိမ်းချမ်းရေးလည်း ဆွေးနွေးနေတယ်ဆိုပေမယ့် တိုက်ခိုက်မှုတွေကြားမှာ အရပ်သား သေဆုံးမှုတွေလည်း ရှိတယ်။ဒီအပေါ်မှာ ဦးကိုကိုကြီးအနေနဲ့ နှစ်ဖက်လုံးကို ဘာများပြောချင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKKG – စစ်ပွဲမှာ အရပ်သားပစ်မှတ်တွေကို ရှောင်ရှားရမယ်၊ မတိုက်ခိုက်ရဘူးဆိုတာ ဒါက အခြေခံစည်းမျဉ်းပဲ။ အရပ်သားတွေ ထိခိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး ဘယ်သူလုပ်လုပ် ကျနော်တို့ မကြိုက်ဘူး။ နောက်တစ်ခုက ငြိမ်းချမ်းရေးလို့ ပြောလို့ရှိရင် လက်နက်ကိုင်ထားသူတွေရဲ့ အခန်းကဏ္ဍက ရှေ့ ရောက် ရောက်နေတယ်။ ဒီဟာ အခြေခံက နိုင်ငံရေးပြဿနာလို့ပြောရင် နိုင်ငံရေးဘက်က ဖြစ်ပေါ်တိုးတက်မှုတွေကိုဘယ်လောက် ပြသနိုင် သလဲဆိုတာနဲ့ ဆက်စပ်တယ်။ ဒီဟာပြောရင် ရွေးကောက်ပွဲနဲ့ သွားဆက်စပ်တယ်။ ရွေးကောက်ပွဲ နည်းလမ်းမှာ တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေက အခွင့်အလမ်းရှိတယ်။ သူတို့ မျှော်မှန်းချက်တွေကို ဒီနိုင်ငံရေးစနစ် ထဲကနေ တိုးတက် ရရှိလာနိုင်တယ်လို့ ယုံကြည်လာရင် လက်နက်ကိုင်မှုက အလို အလျောက်ကျသွားမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် “ တို့ပါတီထောင်တယ်။ရွေးကောက်ပွဲ အနိုင်ရဖို့လည်း မသေချာဘူး။

သိပ်ရိုးသားတဲ့ဒေသခံတွေဆိုရင် အသံကို မထွက်ရဲဘူး။ အကုန်လုံးကိုကြောက်နေတာ။ သူတို့ဒေသမှာ ပြည်သူ့စစ်ဆို ပြည်သူ့စစ်ကြောက်ရတယ်။အီအေအို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဆိုလည်းကြောက်ရတယ်။ ကြောက်တဲ့ အကြောင်း တောင် ထုတ်မပြောရဲဘူး။ဒီဘက်ကဗမာစစ်တပ်ကိုလည်း ကြောက်ရတယ် …

ရွေးကောက်ပွဲ နိုင်လည်း ငါတို့က ဘာမှ သိပ်အရေးပါမှာမဟုတ်ဘူး” ဆိုတဲ့ ခံစားချက်မျိုးဖြစ်ပြီဆိုရင်တော့ လက်နက်ကိုင်မှ လူရာဝင်တယ်ဆိုတဲ့ ဘက်ကို တွန်းပို့ သလိုဖြစ်နေတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲနဲ့ပတ်သက်ရင် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေကို သူတို့ရဲ့ နိုင်ငံရေး အခန်ကဏ္ဍတိုးတက်ရရှိဖို့ အတွက်ကို ကျနော်တို့က သဘောထားကြီးကြီးနဲ့ ညှိနှိုင်း ဆောင်ရွက် သင့်တယ်လို့ ကျနော်တော့မြင်တယ်။အဲဒီဟာက ငြိမ်းချမ်းရေး အတွက်လည်း တိုက်ရိုက် အကျိုး သက်ရောက်မှု ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ Ireland Belfast ကို ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လေ့လာရေးသွားကြတဲ့အချိန်မှာ ထူးထူးခြာခြားတစ်ချက် ဘာသတိ ထားမိသလဲ ဆိုတော့ အိုင်အာအေ (Irish Republican Army)ကို ဗြိတိသျှအစိုးရအဖွဲ့က အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထား တာ။ဒါပေမယ့်သူကနေပြီ နိုင်ငံရေးပါတီ ထူထောင်တာ Sinn Féin ပါတီ။ Sinn Féin ပါတီရွေးကောက်ပွဲဝင်ပြီး ပါလီမန်ထဲမှာ ကြိုးစားတာ၊သူတို့မျှော်မှန်းချက်တွေ တိုးတက်ရရှိတယ်လို့ ထင်ရှားလာတဲ့အချိန်မှာ အိုင်အာအေ လက်နက်ကိုင်တိုက်ခိုက်မှုက အလိုအလျောက်ကျသွားရော။ အခုဒီမှာက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဆက်စပ်ရဘူးဆိုပြီး ဥပဒေအရ တားထားတယ်။ သို့သော်တနည်း မဟုတ် တနည်းနဲ့ကတော့ အဆက်အသွယ် ရှိနေကြတာပဲ။ တကယ်လို့သာသူတို့ရဲ့ မျှော်လင့်ချက်တွေ၊နိုင်ငံရေး လိုလားချက်တွေကို ဒီနိုင်ငံရေးနည်းလမ်းထဲကနေပြီးတော့ ရရှိနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကိုသာ ခိုင်ခိုင်မာမာပေးနိုင်ရင် တစ်ဖက်က ဘာပဲပြောပြော ငြိမ်းချမ်းရေးအတွ က်အထောက် အကူဖြစ်မယ်။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေရဲ့ ဒေသအသီးသီးကို ဦးကိုကိုကြီး လည်းရောက်ခဲ့ပါတယ်။လက်နက်ကိုင် ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့လည်းတွေ့ခဲ့မှာပါ။ သူတို့သဘောထားတွေလည်းသိပြီး ဖြစ်မှာပါ။ ကျနော်တို့ သိချင်တာက အဲဒီဒေသက တိုင်ရင်းသားပြည်သူ တွေရဲ့အသံ၊ သူတို့အသံကို ဦးကိုကိုကြီးဘယ်လို ကြားခဲ့မြင်ခဲ့လဲ။

UKKG – တချို့ သိပ်ရိုးသားတဲ့ဒေသခံတွေဆိုရင် အသံကို မထွက်ရဲဘူး။ အကုန်လုံးကိုကြောက်နေတာ။ သူတို့ဒေသမှာ ပြည်သူ့စစ်ဆို ပြည်သူ့စစ်ကြောက်ရတယ်။အီအေအို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဆိုလည်းကြောက်ရတယ်။ ကြောက်တဲ့ အကြောင်း တောင် ထုတ်မပြောရဲဘူး။ဒီဘက်ကဗမာစစ်တပ်ကိုလည်း ကြောက်ရတယ်။ အသံကိုမထွက်ရဲတဲ့အခြေအနေမျိုးဖြစ်တယ်။ ကျနော် ရှမ်းပြည် တောင်ပိုင်း သွားတော့ ဒေသခံတွေက ပြောတဲ့အခါမှာ သူတို့မျက်နှာကို ဖျက်ပေးဖို့၊ရွာနာမည်တွေမထည့်ဖို့ ပြောတာ တွေကြုံရတော့ သူတို့အသံကို ကြားရဖိုနေနေသာသာ သူတို့မပြောရဲတဲ့အချိန်တွေကို ကျနော်တို့အများကြီးကြုံခဲ့ရတယ်။

တစ်ယောက်ကိုတစ်ယောက် ဦးတည်ပြီးတော့ တိုက်ခိုက်တဲ့ ပုံစံနဲ့ ကိုယ့်စည်းရုံးမှု၊ ကိုယ့် ထောက်ခံမှု ရအောင်ကြိုးစားတဲ့ ဟာတွေက တစ်ဖက်တည်းမှာ ဖြစ်နေတာ မဟုတ်ဘူး။အကုန်လုံး ဘက်အသီးသီးက အဲလို ပုံစံနဲ့လုပ်နေတော့ …

နောက်တစ်ခု က ကျတော့ အလွယ်စည်းရုံးတဲ့နည်းတွေပေါ့။အဲဒါနေရာတိုင်းမှာကြုံရတယ်။ဥပမာအားဖြင့် ကျနော်တို့က ကိုယ့်ကို ထောက်ခံမှု ရဖို့အတွက် “ စစ်တပ်ကိုဘယ်လောက်ပြင်းပြင်းထန်ထန် ဆန့်ကျင်တာကွ၊ စစ်တပ်က ဘယ်လောက်ဆိုးတာကွ၊ ဘယ်လောက် ယုတ်မာတာကွ” လို့ပြောရင် ဒါကတော်တော်လွယ်တယ်။ သို့သော်တစ်ချိန်တည်းမှာ အမျိုးသားပြန်လည် သင့်မြတ် ရေး လို့ပြောတဲ့ အခါမှာ အဲဒီအလွန်အကျွံ့ တစ်ခါတည်း ထိုးနှက်တိုက်ခိုက်ထားပြီးတဲ့အခါကျတော့ ကိုယ့်ကို ထောက်ခံထားတဲ့ သူတွေက လိုအပ်လို့ အလျော့အတင်း၊ ညှိနှိုင်းမှုတွေ လုပ်ရတဲ့အခါမျိုးမှာ ခုနက မုန်တီးရေး ပြင်းပြင်းထန်ထန် လုပ်ထားတဲ့အခါမှာ ကိုယ့်ဆုံးဖြတ်ချက် ကိုလာပြီး အနှောင့် အယှက်ဖြစ်တယ်။ တစ်ခါ စစ်တပ်ကလည်း ဘာလုပ်သလဲဆိုတော့ “ ဒို့ကမှ အမျိုးသားရေး ကို ကာကွယ် စောင့်ရှောက်နေတာ၊ သူတို့သာ သူတို့လက်ထက်မှာ ဒို့အမျိုးသားရေးဟာ ထိခိုက်ဖို့၊နစ်နာဖို့၊ လျော့နည်းဖို့ပဲရှိတယ်” ဆိုပြီး ဒီ လက်နက်နဲ့ ဒီဘက်ကို တစ်ခါပြန်ကိုင်တော့၊တစ်ခါ အမျိုးသားရေးကို အလေးအနက် မထားသူတွေဆိုပြီး ပြန်ပြန်ခွဲတာ။ ဒီဟာတွေကို လက်နက်တွေအဖြစ်နဲ့ ကိုင်ပြီးသုံးကြတာ။ တိုင်းရင်သားဒေသတွေရောက်တဲ့အခါကျတော့ တချို့တိုင်းရင်းသားတွေက ဗမာ မုန်းတီး ရေးနဲ့ အလွယ်တကူ စည်းရုံးထားတာတွေရှိတယ်။ အမှန်က ခေါင်းဆောင်တွေက မုန်းသလားဆို မမုန်းဘူး။ ခေါင်းဆောင်တွေ အနေနဲ့ ဗမာတိုင်း မဟုတ်ဘူး။တကယ့်ကိုအနစ်နာခံပြီးလုပ်နေတဲ့ ဗမာတွေ ရှိတာသူတို့သိတယ်။ ဒါပေမယ့် အောက်ခြေ မှာ အလွယ်တကူ စည်းရုံးတဲ့အခါမှာ လူမျိုးရေးတွေနဲ့ စည်းရုံးရတာ၊ ရွာသူရွာသားကို ပြောရတာ လွယ်တာကို။ အဲဒီ အရှိန်ကြီးတွေ သိပ်ကြီးနေတဲ့အခါ အကုန်လုံးက တစ်ယောက်ကိုတစ်ယောက် ဦးတည်ပြီးတော့ တိုက်ခိုက်တဲ့ ပုံစံနဲ့ ကိုယ့်စည်းရုံး မှု၊ ကိုယ့် ထောက်ခံမှု ရအောင်ကြိုးစားတဲ့ ဟာတွေက တစ်ဖက်တည်းမှာ ဖြစ်နေတာ မဟုတ်ဘူး။အကုန်လုံး ဘက်အသီးသီးက အဲလို ပုံစံနဲ့လုပ်နေတော့ ဆင်ခြင်တုံတရားနဲ့စည်းရုံးတာမျိုး မဟုတ်တော့ အကြောက်တရားနဲ့ စည်းရုံးတာ၊ အမုန်းတရားနဲ့စည်းရုံးတာ အဲဒီဟာမျိုးတွေနဲ့စည်းရုံးတာ ကျနော်တို့ ဒီမိုကရေစီ အတွက်တော်တော်အန္တရာယ်ရှိတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ပဋိပက္ခတွေနဲ့ အီနေမယ်ဆိုရင်တော့ တိုင်းပြည် အကောင်းကျန်မှာ မဟုတ်ဘူး (၂)

ရှစ်ဆယ့်ရှစ်မျိုးဆက်ပျောက်ဆုံးအောင် ရှစ်ဆယ့်ရှစ်မျိုးဆက်တွေ မလုပ်ဘဲ ဘယ်သူမှ မလုပ်နိုင်ဘူး

ပြည်သူရဲ့အခြေအနေကတော့ မပြောင်းလဲဘူး

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,