ပဋိပက္ခတွေနဲ့ အီနေမယ်ဆိုရင်တော့ တိုင်းပြည် အကောင်းကျန်မှာ မဟုတ်ဘူး (၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆရာဖိုး /ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး

အမျိုးသားရေးလို့ပြောလိုက်တာနဲ့ ပုံဖျက်ခံထားရတဲ့ အမျိုးသားရေးကို သွားသွားပြီးမြင်ကြတယ်။ အခုနိုင်ငံရေး လောက ထဲမှာတောင်မှ သူက အမျိုးသားရေးသမား လို့အပြောခံရမှာကို ကြောက်လာသလို ဖြစ်တယ်။အဲဒါ ကျဆုံးတာပဲ …

ပြည်သူ့ပါတီ ဥက္ကဌ၊ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးဟာ အမျိုးသားရေး ဝါဒီတစ်ဦးလား။ ဦးဝီရသူအပေါ် ဦးကိုကိုကြီး ဘယ်လိုရှုမြင်သုံးသပ်သလဲ စသဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဖက်ဒရယ်အရေး၊ လူ့အဖွဲ့အစည်းကြား သိသိသာသာ ကျုံ့ဝင် လာသည့် သဟဇာတဖြစ်မှုအခြေအနေများ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်သည် ပျောက်ဆုံးတော့မည့် မျိုးဆက်တစ်ခုလား စသည့် အခြေအနေ များနှင့် ပတ်သက်၍ ဦးကိုကိုကြီးအား ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းခဲ့သည်။

ငြမ်းမီဒီယာ – လက်ရှိအချိန်မှာ ဆိုရှယ်မီဒီယာကလည်း အားကောင်း၊ ဆိုရှယ်မီဒီယာကနေတဆင့် လူမျိုးစုအချင်းချင်းကြားမှာ မုန်းတီးမှုတွေအားကောင်းလာတာ မြင်နေရတယ်။ အဲဒီအခြေအနေက ဘယ်လောက်အထိတောင် တာသွားနိုင်လဲခင်ဗျ။

UKKG – အဲဒါက သုံးတဲ့သူတွေကိုယ်၌လည်း အန္တရာယ်ရှိတယ်။ သုံးတဲ့သူတွေက ဉာဏ်ရည်အရရော၊ ဗဟုသုတအရရော အသုံးခံရသူတွေထက် အများကြီးသာတယ်။ သူတို့သိတယ်။ ဒီဟာက လိုအပ်ချက်အရလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပြီး ဒီဟာတွေကို ထုတ်သုံးနေပေမယ့် သူတို့ပြောသလောက်ကြီး မဟုတ်ဘူးဆိုတာ သူတို့သိတယ်။ သိလို့အချိုးအကွေ့ တစ်ခုလည်း လုပ်တော့မယ်လည်းဆိုရာ ဒီမှာ ကိုယ်ဆွထားတဲ့ လူအုပ်က ကိုယ့်ကို ပြန်ပြီးဖိအားပေးတယ်။ အဲဒီတော့ သင့်တင့်လျောက်ပတ်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ရာမှာ သူတို့ကိုယ်တိုင်အခက်အခဲ၊ ပြဿ နာရှိတယ်။ ဒါကြောင့်မို့ ကျနော်က နိုင်ငံတော်က တကယ့်ကို တစ်စစီလို့မြင်တာ၊ ကျနော်အဆိုးမြင်တာမဟုတ်ဘူး။ ဘာသာရေးလည်း ဘာသာရေးမို့၊ ဆင်းရဲချမ်းသာကွာဟမှုမို့လို့၊ အရပ်ဘက်၊ စစ်ဘက်မို့လို့၊ တိုင်းရင်းသားနဲ့ ဗမာနဲ့ အစရှိသဖြင့်ပေါ့လေ အကုန်လုံးအဲဒီလိုမျိုး Divided Society ပဲ။ ကွဲကြေနေတဲ့ဟာကြီးက နည်းနည်းပိုပြီး ဆိုးလာတယ်ထင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘုံရန်သူထားပြီး စုစည်းတာထက်ကိုဘုံအကျိုး စီးပွားဆိုတာထားပြီး စုစည်းရင် ပိုကောင်းမယ်လို့မြင်တယ်။ ဒီအတိုင်းသွားရင် တကယ့်အန္တရာယ်က ဒို့ဒီလိုမျိုးတစစီဖြစ်နေရင် …

ငြမ်းမီဒီယာ – သဟဇာတဖြစ်မှု ဘောင်ကျဉ်းလာတာကို ဘယ်လိုပုံနဲ့ ပြန်ချဲ့မလဲ။ ဦးကိုကိုကြီး ဘယ်လိုမှတ်ချက်ပေးချင်လဲဗျ။

UKKG – ခက်တာက အစဉ်အလာအားဖြင့် ဘုံရန်သူ ရှာရှာပြီး စုစည်းကြတာများတယ်။ ဥပမာ ဂျပန်တော်လှန်ရေးဆို ဂျပန်ကို ဘုံရန်သူထားလိုက်တယ်။ ဒီမှာရှိတဲ့ နိုင်ငံရေးအယူဝါဒ မတူသူတွေပါ စုစည်းနိုင်ခဲ့တယ်။ ဂျပန်မရှိတဲ့အခါကျတော့ ကာလ သိပ်မကြာဘူး အဲဒါက ပြန်ပြဲသွားရော။အဲဒီတော့ဘုံရန်သူထားပြီး စုစည်းတာထက်ကိုဘုံအကျိုး စီးပွား ဆိုတာထားပြီး စုစည်းရင် ပိုကောင်းမယ်လို့မြင်တယ်။ ဒီအတိုင်းသွားရင် တကယ့်အန္တရာယ်က ဒို့ဒီလိုမျိုးတစစီဖြစ်နေရင် စီးပွားရေးအရ ပြည်ပနဲ့ရင်ဆိုင် ရတာပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရ နိုင်ငံတကာနဲ့ရင်ဆိုင်ရတဲ့ အခါမှာပဲဖြစ်ဖြစ် ဒို့ခံရလိမ့်မယ်။ တကယ့်အန္တရာယ်က ဒို့အချင်ချင်း နားလည်မှု ညီညွှတ်မှုမတည်ဆောက်နိုင် တာက တကယ့်အန္တရာယ်။ ဘုံအန္တရာယ်ကို မြင်ဖို့လိုတယ်။ ပြီးရင်တော့ ဒို့အချင်း ချင်း ပြိုင်တာဆိုင်တာ၊ငြင်းတာ ခုန်တာတွေ လုပ်မယ်။ သို့သော်လည်းပဲ ဘုံအကျိုးစီးပွားက ဒို့နိုင်ငံကို အနည်းဆုံးတော့ အိမ်နီးချင်း နိုင်ငံတွကို စံထားပြီးတော့ အဲဒီလောက်တော့ အနိမ့်ဆုံး အမီလိုက်မှဖြစ်မယ်၊ တိုးတက်အောင် လိုက်မှဖြစ်မယ်ဆိုတဲ့ ဘုံအကျိုး စီးပွားကို ကျနော်တို့ ဦးတည်ဖို့လိုမယ်လို့ မြင်တယ်။

ကာယကံမြောက် ဖက်ဒရယ်ကို အကျိုးခံစားခွင့် ရှိအောင် လုပ်ပြနိုင် ဖို့လိုတယ်။ မဟုတ်ရင် ဖက်ဒရယ်ကနေ ပြန် ကွာသွားရင် အန္တရာယ်ရှိတယ် …

ငြမ်းမီဒီယာ – AA က အခုဆို ကွန်ဖက်ဒရေးရှင်း လိုလားတယ်လို့ ပြောဆိုချက်အပေါ်မှာရော ဦးကိုကိုကြီး ဘယ်လိုမြင်သလဲဗျ ။ ဖြစ်နိုင်ပါ့ မလားခင်ဗျ။

UKKG – ပြီးခဲ့တဲ့အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးကို ပုံသဏ္ဍန် အမျိုးမျိုး၊ ဈေးအမျိုးမျိုးနဲ့ပေးခဲ့တဲ့ ပြဿနာ။ အပစ်အခတ် ရပ်စဲရေး လုပ်တယ်ဆိုပြီးတော့ တချို့အဖွဲ့တွေကိုပြည်သူ့စစ် လုပ်လိုက်တယ်။တချို့အဖွဲ့တွေကို နယ်ခြားစောင့်တပ်လုပ်လိုက်တယ်။တချို့ အဖွဲ့တွေကို လက်နက်ကိုင်ပြီးတော့ ကိုယ့်နယ်မှာကိုယ် အုပ်ချုပ်ခွင့်ပေးထားတယ်။ တချို့အဖွဲ့တွေကို စီးပွားရေး လုပ်ခွင့် ပေးထား တယ်။ အစရှိသဖြင့် တစ်ဖွဲ့ကို ဈေးတစ်မျိုးနဲ့ လုပ်ထားတဲ့ကိစ္စတွေကို အခုဘယ်လိုပြန်စုစည်းမလဲ၊ ပုံစံတစ်မျိုးတည်း ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ပြဿနာက ပေါ်လာတယ်။ အရင်ကတော့ ဖက်ဒရယ်ဆိုတာကို ရာဇဝတ်မှုတစ်ခုလိုပဲ။

နိုင်ငံသားတိုင်းဟာ လူမျိုးဘာသာ မရွေး၊ ကျား၊ မ အဆင့်အတန်းမရွေး တန်းတူအညီအမျှဖြစ်ရမယ် ဆိုတာ ဒါ နိုင်ငံတစ်နိုင်ငံတည်ဆောက်ဖို့အတွက် အခြေခံတွေပဲ …

အခုတော့ အားလုံးက တရားဝင်သုံးနေပြီ။ အဲဒီတော့ သုံးတဲ့အဆင့်ပဲရောက်သေးတယ်။ လက်တွေ့ တကယ်ယုံလာအောင် ဖက်ဒရယ်ဟာ “ ဒို့နိုင်ငံအတွက် တကယ့်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုံစံပဲ။ ဒီနိုင်ငံ၊ ဒီပုံစံမျိုး တည်ဆောက်မှဖြစ်မယ်” ဆိုတာ လက်တွေ့ အကျိုးခံစားမှု ရောက်အောင် လုပ်မပေးနိုင်ရင် ဖက်ဒရယ်တောင်းနေတဲ့အထိ ပြဿနာမရှိဘူး။ ဖက်ဒရယ်ကိုပါ အယုံအကြည် မရှိတော့ဘူးဆိုရင် “ ဒို့ကအားလုံးစုပြီး တန်းတူညီတူနေရအောင်ဆိုတာမှ မဖြစ်ရင် အိမ်နီးချင်း နိုင်ငံတွေ အဖြစ်နဲ့နေတာ ပိုကောင်း မယ်” ဆိုတဲ့ အတွေး ဝင်လာရင် အဲဒါ အန္တရာယ်ရှိတယ်။ ဖက်ဒရယ်ဟာ အန္တရာယ်မရှိဘူး။ ဖက်ဒရယ်ကို စနစ်တကျစီမံခန့်ခွဲ နိုင်ရင် စုစည်း ညီညွှတ်မှုကိုရော၊ မျှတတဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ လက်တွေ့လုပ်ပြဖို့၊ လက်တွေ့မလုပ်ပြ ရင် တဖြေးဖြေးနဲ့ အရင်တုန်းက တိုင်းရင်းသားတော်တော်များများကလည်း ကိုယ်ပိုင်နိုင်ငံတော်တွေ၊ ရည်ရွယ်ချက်တွေ ရှိခဲ့ကြ တာပဲလေ။ ဝမ်ဘောင် နိုင်ငံတော်တို့၊ ဒီဘက်က ကရင်မှာလည်းပဲ ကရင်၊ မွန်ကလည်း မွန် အစရှိသဖြင့် အဲဒီကနေမှ သူတို့ဟာ ဖက်ဒရယ် စနစ်ထဲမှာ အတူသွားကြမယ်ဆိုတဲ့ အခြေအနေကို ပြောင်းလာတယ်။ တပ်ကလည်း ဖက်ဒရယ်ဆိုတာ ပြိုကွဲတော့မယ် ဆိုတဲ့ အခြေအနေကနေ ဖက်ဒရယ်ကို လက်ခံလာတယ်။သို့သော် ကာယကံမြောက် ဖက်ဒရယ်ကို အကျိုးခံစားခွင့် ရှိအောင် လုပ်ပြနိုင် ဖို့လိုတယ်။ မဟုတ်ရင် ဖက်ဒရယ်ကနေ ပြန် ကွာသွားရင် အန္တရာယ်ရှိတယ်။ လက်တွေ့ကျကျ ဖက်ဒရယ်ရဲ့ အကျိုးခံစားခွင့်တွေ တိုင်းရင်းသားတွေ ခံစားခွင့်ရအောင် ဆောင်ရွက်ပေးဖို့လိုတယ်။

ငြမ်းမီဒီယာ – အဲဒီတော့ တပ်မတော်ဘက်ပြန်လှည့်ပါရစေ။ မကြာသေးခင်က တပ်ချုပ်ရဲ့လှူဒါန်းမှုမှာ ဘုန်းတော်ကြီးကျောင်း တွေ အပြင် အရင်မသွားခဲ့ဘူးတဲ့ အစ္စလာမ်၊ ခရစ်ယာန်အဖွဲ့အစည်းတွေဆီကိုပါ သွားရောက်လှူဒါန်းမှု အခြေအနေ တွေကိုရော ဘယ်လိုမြင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKKG – တကယ်ကတော့ နိုင်ငံသားတိုင်းဟာ လူမျိုးဘာသာ မရွေး၊ ကျား၊ မ အဆင့်အတန်းမရွေး တန်းတူအညီအမျှဖြစ်ရမယ် ဆိုတာ ဒါ နိုင်ငံတစ်နိုင်ငံတည်ဆောက်ဖို့အတွက် အခြေခံတွေပဲ။ ဒါကြောင့်မို့ ဒီလိုမျိုးသွားရုံတင်မကဘူး အားလုံးတန်းတူရည်တူ ဖြစ်အောင် လုပ်ကိုလုပ်သင့်တယ်လို့ ကျနော်ကတော့ မြင်တယ်။

ငြမ်းမီဒီယာ – သူတို့ ဒါကို အစောကြီးကတည်းက ဘာလို့မလုပ်တာလဲ။

UKKG – အဲဒါတော့ သူတို့ကိုယ်၌က အရင်တုန်းကဆိုရင်တော့ အိုင်ဒီယိုလော်ဂျီတစ်ခုအဖြစ်နဲ့ တည်ဆောက်ထားရာမှာ အမျိုးသားရေး ဆိုတဲ့ အခိုင်အမာ တည်ဆောက်ထားရာ ကနေပြီးတော့ အခုတော့ ဒါ နိုင်ငံတကာက သုံးသပ်ချက်ေ တွရော၊ နိုင်ငံ တကာဖိအားတွေရော အဲဒါတွေလည်း ပါမယ်။ နောက်တစ်ခုက သူတို့ ကိုယ်တိုင်လည်း နိုင်ငံအတွင်းမှာရှိတဲ့ ဘာသာအားလုံးကို မျှမျှတတဆက်ဆံဖို့ လိုတယ်လို့ မြင်လာရင်တော့ အတိုင်းထက်အလွန်ပေါ့။

ငြမ်းမီဒီယာ – ဦးကိုကိုကြီးဟာ အမျိုးသားရေးဝါဒီလို့ သုံးသပ် သူတွေလည်းရှိတယ်။ တချို့နိုင်ငံရေးသမားတွေ အပါအဝင်ပေါ့။ ဒီအပေါ်ဘယ်လိုတုံ့ပြန်ချင်လဲခင်ဗျ။

UKKG – ၂၀၁၂ ထောင်ကလွတ်ပြီးတော့ ၂၀၁၃ မှာ ထင်တယ်။ ကျနော် ပြည်ပခရီးတွေသွားတော့ ကျနော် လန်ဒန်ကို ရောက် တယ်။ လန်ဒန်ကိုရောက်တော့ အခု စကားမျိုး ကျနော့်ကို ပြောတာ။ ပြောတဲ့သူကလည်း ကျနော့်ကို ရင်းရင်းနှီးနှီး ဖြစ်ပြီးပြောတာပါ။ “ ကိုကိုကြီး ကို ကျနော်တို့ အင်မတန် လေးစားပါတယ်တဲ့။ ထောင်ထဲမှာ နှစ်ရှည်ကြီး အနစ်နာခံပြီးနေခဲ့တာ ကျနော်တို့ မလုပ်နိုင် ဘူး။ ဒါပေမယ့်လို့တဲ့ နေရှင်နယ်လစ်လို့ ဆိုပြီးတော့ ပြောဆိုနေကြတာတွေ ရှိတယ်တဲ့။ အဲဒါနဲ့ ပတ်သက်လို့ သူက သတိပေးတာပါ တဲ့” ။ ကျနော် ချက်ခြင်းပဲ သူ့ကို ပြန်ဖြေ ခဲ့ပါတယ်။ ကျနော်ဂုဏ်ယူပါတယ်လို့။ ကျနော့်ကို နေရှင်နယ်လစ်လို့ ပြောတကို ကျနော် ဂုဏ်ယူပါတယ်။ မျိုးချစ်စိတ် မရှိတဲ့ နိုင်ငံရေးသမားကို အယုံအကြည် မရှိဘူး။ ကျနော် အင်္ဂလန်မှာမွေးပြီး အင်္ဂလန်နိုင်ငံသား တစ်ယောက် အဖြစ်နဲ့ အင်္ဂလန်နိုင်ငံရေးကို လုပ်ရင် အင်္ဂလန်နိုင်ငံကို ချစ်တဲ့စိတ်နဲ့ ကျနော် လုပ်မယ်။ အမေရိကန် နိုင်ငံသား တစ်ယောက်အဖြစ် မွေးခဲ့ရင်တော့ အမေရိကန်နိုင်ငံရေးကို လုပ်ရင် အမေရိကန်နိုင်ငံကို ချစ်တဲ့စိတ်နဲ့ ကျနော်လုပ်မယ်။ဗမာ စာလုံး က ပိုရှင်းတယ်။ ကမ္ဘာအရေး မဟုတ်ဘူး။ နိုင်ငံအရေး။ နိုင်ငံရေးလုပ်ပြီဆိုကတည်းက နိုင်ငံချစ်စိတ် ရှိကိုရှိရမယ်။ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွား၊ ကိုယ့်နိုင်ငံရဲ့လုံခြုံရေး ဆိုတာတွေဟာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဦးစားပေးပဲ။ သို့သော် အဲလို ပြောတဲ့ နေရာမှာ ကျနော်တို့က ဘယ်သူ့ကိုမှ ပုတ်ခတ်ဖို့၊ ထိခိုက်နစ်နာအောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ သို့သော် နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ထုတ်ပြောတာနဲ့ မပြောတာပဲရှိတယ်။ သူ့နိုင်ငံရဲ့အကျိုးစီးပွား၊ သူ့နိုင်ငံရဲ့လုံခြုံရေးအပေါ်မှာ ရပ်ခံပြီးတော့ နိုင်ငံတကာမျ က်နှာစာမှာ ရပ်တည်ကြ တာပဲ။ ဒါကြောင့်မို့ အဲဒီမှာကတည်းက ကျနော်ပြောလိုက်တယ်။ “ မျိုးချစ်စိတ်မရှိတဲ့ နိုင်ငံရေးသမားကို ကျနော် အယုံအကြည်မရှိဘူး” ။ ကျနော်ပြောတဲ့ မျိုးချစ်စိတ်ဆိုတဲ့ဟာမှာ နိုင်ငံသား အားလုံးကိုဆိုလိုတာ။ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စကတော့ နိုင်ငံအလိုက် ပြဌာန်းချက်တွေ ရှိကြလိမ့်မယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထပ်တူ မဖြစ်နိုင်ဘူး။ သို့သော် ကျနော့် နိုင်ငံသားတွေ အားလုံး လူချင်းတူတူ သူချင်းမျှမျှ တန်းတူခံစားနိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စကတော့ နိုင်ငံရေးသမား တစ်ယောက် ရဲ့ ပင်မ တာဝန်ပဲ။ ဒါကြောင့်မို့ နေရှင်နယ်လစ်လို့ ပတ်သက်ပြီး ပြောတာမှာ ကျနော်ဘယ်တော့မှ မငြင်းဘူး။ ကျနော် ဂုဏ်ယူ ပါတယ်။

ငြမ်းမီဒီယာ – အမျိုးသားရေးလို့ ကြွေးကြော်ခဲ့တဲ့ကိစ္စတချို့မှာ အများပြည်သူကြား အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ အခြေအနေေ တွလည်း ရှိပါတယ်။ ဒါ့အပြင် တချို့ကလည်း အမျိုးသားရေး ခေါင်းစဉ်နဲ့ နိုင်ငံရေးမှာ ဝင်ကစားတာမျိုးတွေလည်းတွေ့ရပါတယ်။ အဲဒီအပေါ်ကိုရော ဦးကိုကိုကြီး ဘာပြောချင်ပါသလဲ ခင်ဗျ။ ဦးကိုကိုကြီးခံယူထားတဲ့ အမျိုးသားရေးအဓိပ္ပာယ်ကို ပိုရှင်းအောင် ထပ်ပြီးတော့ ပြောပေးပါဦးခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKKG – အမျိုးသားရေးလို့ပြောလိုက်တာနဲ့ ပုံဖျက်ခံထားရတဲ့ အမျိုးသားရေးကို သွားသွားပြီးမြင်ကြတယ်။ အခုနိုင်ငံရေး လောကထဲ မှာတောင်မှ သူကအမျိုးသားရေးသမားလို့ အပြောခံရမှာကို ကြောက်လာသလို ဖြစ်တယ်။ အဲဒါ ကျဆုံးတာပဲ။ ကျနော်တို့ ကိုယ့်ရဲ့ အမျိုးသားရေး၊ မျိုးချစ်စိတ် ဆိုတာနဲ့ပတ်သက်လို့ ဘာမှ သိမ်ငယ်စရာမရှိဘူး။ ဂုဏ်ငယ်စရာမရှိဘူး။ ကျနော့်တစ်ဦးချင်း ခံယူချက် အရရော၊ ပါတီရဲ့ခံယူချက်အရပါ နိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်ရမယ်ဆိုတာ အဲဒါကျနော်တို့အမျိုးသားရေးပဲ။ ဒီနေရာ မှာ ကျနော်လည်း ပါတီရဲ့ နိုင်ငံရေးအယူအဆအဖြစ်နဲ့ ပြုစုထားတာရှိပါတယ်။ “ စည်းသုံးစည်း၊ သုံးဖက်မြင်” ဆိုတာရှိ ပါတယ်။ သရီးဒီ၊ သရီးဆိုက်ကယ်ပေါ့။ အဲဒီအယူအဆ ကျနော်တို့အားလုံး ပြုစုထားတာရှိပါတယ်။ စည်းတွေကတော့ ရှိရမယ်။ စည်းတွေကို ပြောရင် ကျနော်တို့နိုင်ငံရဲ့ မူလဘူတ ဖြစ်ပေါ်လာပုံကိုယ်၌က တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းတာ။ ဒါကြောင့်မို့ ဌာနေ တိုင်းရင်းသား အခွင့်အရေးဆိုတာ အတွင်းဆုံး စည်းဖြစ်တယ်။အဲဒီတော့ ဌာနေ တိုင်းရင်းသားသည် သူက ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ တိုင်းရင်းသား တန်းတူအခွင့်အရေးတို့၊ ဖက်ဒရယ်ကိစ္စတို့ တောင်းဆိုတာ၊ ပြောဆိုတာမှာ သူက လုပ်ခွင့်ရှိတယ်။ ပြီးတော့ သူက မွေးရာပါ နိုင်ငံသား အလိုအလျောက် ဖြစ်တာ။ ဒါ ဌာနေတိုင်းရင်းသား။ ဌာနေတိုင်းရင်းသားမဟုတ်သော်လည်းဘဲ ကျနော်တို့နိုင်ငံထဲကို အကြောင်းကြောင်းကြောင့် ရောက်လာတယ်။ တချို့လည်း ဘိုးစဉ်ဘောင်ဆက်နေထိုင်ကြပြီး ဒီမှာ နိုင်ငံသားဖြစ်နေတဲ့သူတွေ ရှိတယ်။ အဲဒါနိုင်ငံသား။ အဲဒီတော့ နိုင်ငံသား အခွင့်အရေးဆိုတဲ့ စည်းကကျတော့ သူက နိုင်ငံသားတိုင်း၊ လူမျိုးဘာသာ၊ ကျား၊ မ အဆင့်အတန်းမခွဲခြားဘဲ တန်းတူအခွင့်အရေးရအောင် နိုင်ငံတော်က အာမခံချက်ပေးရမှာ။ သို့သော် နိုင်ငံသားဖြစ်ရုံနဲ့ ပြည်နယ် ပေးပါတို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပါတို့ တောင်းခွင့်မရှိဘူး။ ဌာနေတိုင်းရင်းသား အခွင့်အရေးကို ဌာနေ တိုင်းရင်းသား မဟုတ်သူ များက ရောပြီးတော့ တောင်းလာပြီဆိုရင်တော့ ကျနော်တို့က ဒါ စည်းတစ်ခုတော့ ရှိဖို့လိုတယ်လို့။ နောက်တစ်ခုကတော့ လူ့အခွင့် အရေးစည်း။ ကျနော်တို့ နိုင်ငံထဲကို အကြောင်းကြောင်းကြောင့် ခရီးသွားအဖြစ်နဲ့ပဲလာလာ၊ စီးပွားရေးနဲ့ပဲလာလာ ဘာကြောင့် ရောက်ရောက်ပေါ့ဗျာ။ နိုင်ငံသားမဟုတ်သော်လည်းပဲ ရောက်လာတဲ့ လူပုဂ္ဂိုလ်တွေရဲ့ လူ့အခွင့်အရေး အာမခံချက်ရှိဖို့လိုတယ်။ သူ့ရဲ့အသက်ရှင် သန်ရပ်တည်ခွင့်၊ သူ့ရဲ့လုံခြုံခွင့် အစရှိသဖြင့်ပေါ့ အဲဒါတွေ ကိုတော့ ကျနော်တို့လိုက်နာရမယ်။ အဲဒီတော့ နိုင်ငံထဲရောက်လာတာနဲ့ မဲပေးခွင့်လိုချင်တယ်။ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်လိုချင်တယ်လို့တော့ လုပ်လို့မရဘူး။ အဲဒါ ဘယ်နိုင်ငံမှ မရဘူး။ လူ့အခွင့်အရေးစည်းဆိုတာကတော့ အမြင့်ဆုံးစည်း။ ကျနော်တို့က လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အခြေခံအချက်တွေကို လေးစားလိုက်နာဖို့လိုတယ်။ သို့သော် နိုင်ငံသားအခွင့်အရေးအရ ရတဲ့စည်းကို နိုင်ငံသား မဟုတ်တဲ့သူက လာပြီးတောင်းဆိုလို့တော့ မရဘူး။ ဌာနေတိုင်းရင်းသားရ ရမယ့်အခွင့်အရေးကို နိုင်ငံသားဖြစ်ရုံနဲ့ ဌာနေ တိုင်းရင်သား မဟုတ်ဘဲနဲ့ မရနိုင်ဘူး။ ဒါကြောင့်မို့ ဒီနေရာမှာ တိုင်းရင်းသားအရေးနဲ့ ဘာသာရေးနဲ့လည်း စည်းထားရလိမ့်မယ်။ တိုင်းရင်းသားအရေးက Ethnic Right အဖြစ်နဲ့ သူတို့ ဌာနေတိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ် အစရှိသဖြင့် အခွင့်အရေးတွေက Ethnic Right အဖြစ်နဲ့ ကျနော်တို့ကြိုးစားရမယ်။ ခုနက ဘာသားရေးနဲ့ ပတ်သက်တဲ့ကိစ္စက နိုင်ငံသား အခွင့်အရေး ရှုထောင့်က သွားရမယ်။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် နိုင်ငံသားတိုင်း တန်းတူ ဖြစ်ရမယ် ဆိုတဲ့အချက်ကို ချိုးဖောက်ရင် နိုင်ငံသားအခွင့်အရေးအရ ကျနော်တို့က အကာအကွယ်ပေးရမယ်။ သို့သော် အဲဒါကို Ethnic Right ၊ ဒီ Ethnic နဲ့ Religious နဲ့ တိုင်းရင်းသားနဲ့ ဘာသာရေးနဲ့ကို ရောပြီးတော့ ဒါ လူနည်းစုအခွင့်အရေးပါဆိုပြီး လုပ်ရင်တော့ တိုင်းရင်းသား အရေးလည်း တိတိကျကျ မဖြေရှင်းနိုင်၊ နိုင်ငံသားအခွင့်အရေးလိုလို အဲဒါမျိုး သွားပြီးရောထွေးပစ်လိုက်ရင် အဲဒါက အန္တရာယ် ရှိတယ်။ ပြောကြစို့ဆိုလို့ရှိရင် တိုင်းရင်းသား အခွင့်အရေး ကြိုးပမ်းနေတဲ့ တိုင်းရင်းသားတွေအတွက်လည်း အန္တရာယ်ရှိတယ်။

အင်မတန်သိမ်မွှေ့တဲ့ကိစ္စမျိုးကို လုံးသုတ်လို့ မရဘူး။ ဥပမာအားဖြင့် အမျိုးဘာသာသာသနာ ဆိုတဲ့လူတွေထဲမှာ စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေ အများကြီးပါတယ်။ စစ်တပ်၊ စစ်အာဏာရှင်ကို မကြိုက်ဘူး။ ဆန့်လည်း ဆန့်ကျင်ခဲ့တယ်။ သို့သော် …

အမြင်တွေ ရှုပ်ထွေးသွားနိုင်တယ်။ ဒါကြောင့်မို့ တိုင်းရင်းသား အခွင့်အရေးကို ဖြေရှင်းတဲ့အခါမှာ တိုင်းရင်းသားအခွင့်အရေး ရှုထောင့်ကနေ ဖြေရှင်းတာ တစ်ခုရှိမယ်။ နိုင်ငံသား။ ဘာသာဝင် ကိုးကွယ်သူများနဲ့ ပတ်သက်ရင် ကျနော်တို့က နိုင်ငံသား အခွင့်အရေးနဲ့ ဖြေရှင်းဖို့လိုတယ်။ နိုင်ငံသားတစ်ယောက်က နိုင်ငံသားအခွင့်အရေးကို ရရှိခံစားနိုင်ဖို့ဆိုရင် နိုင်ငံသားတာဝန်နဲ့ နိုင်ငံသားသစ္စာစောင့်သိမှု သူ့ဘက်က တာဝန်ယူရမယ်။ ရောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံတကာမှာ အစ္စရေးနိုင်ငံအဖွဲ့အစည်း ဖြစ်ပေါ်လာတဲ့အချိန်မှာ အာရပ်ရွာတွေ အများကြီး အစ္စရေးနယ်နိမိတ်ထဲမှာ ပါလာတယ်။ အာရပ် နိုင်ငံတွေနဲ့ အစ္စရေးစစ်ဖြစ်တဲ့အခါမှာ အစ္စရေးနိုင်ငံသား အာရပ်များဟာ အစ္စရေးဘက်က သစ္စာခံမလား၊ အာရပ်ဘက် က သစ္စာခံမလားဆိုတဲ့ ပြဿ နာပေါ်တယ်။ ဒါက Identity နဲ့ပတ်သက်တဲ့ကိစ္စ။ အဲဒီတော့ နိုင်ငံသားဖြစ်လာရင်တော့ နိုင်ငံတော် အပေါ်မှာ သစ္စာစောင့်သိရမယ်။ အခုက အိမ်နီးချင်းနိုင်ငံတွေက ဝင်လာတဲ့သူတွေ နိုင်ငံသားဖြစ်နေရင်တောင်မှ သူဟာ ဘယ် အပေါ်မှာ သစ္စာခံမလဲဆိုတာ ခိုင်ခိုင်မာမာဖြစ်ဖို့လိုတယ်။ ဟိုဟာနဲ့ အတူတူပဲ။ ဒီဟာနဲ့အတူတူပဲ လုံးလို့မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက နိုင်ငံသားအခွင့်အရေးကို ခံစားနေပြီဆိုရင် နိုင်ငံသားအခွင့်အရေး တန်းတူ မဖြစ်ဘူးဆိုရင် တန်းတူ ဖြစ်ရေးကိစ္စက ကျနော်တို့အားလုံးတာဝန်ရှိတယ်။ သို့သော် တစ်ဦးချင်းကတော့ နိုင်ငံတော်အပေါ်သစ္စာရှိဖို့လိုတယ်။ ပြီးတဲ့ အခါကျတော့ ဒါဟာ လူနည်းစုအခွင့်အရေးဆိုပြီးတော့ တိုင်းရင်းသားအခွင့်အရေးနဲ့၊ ဘာသာရေးအခွင့်အရေးနဲ့ သွားရောရင်တော့ ဖြေရှင်းရတာ ပိုရှုပ်ထွေးသွားလိမ့်မယ်။ ဒါ အရေးကြီးတယ်လို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ – လူ့အဖွဲ့အစည်းမှာ သဟဇာတဖြစ်မှုကဘာသာ ဝင် အချင်းချင်းကြားမှာရော၊ လူမျိုးစု အချင်းချင်းကြားမှာရော၊ နိုင်ငံသား အချင်းချင်းကြားမှာရော ပိုကျဉ်းလာတယ်။ နိုင်ငံရဲ့အခြေအနေကလည်း မပီဝိုးတဝါး အခြေအနေထဲမှာ။ အဲလို အခြေအနေမှာ အမျိုးသားရေးကြွေးကြော်သံတွေ၊ အမျိုးသားရေး စိတ်ဓာတ်ဆိုတဲ့ဟာတွေနဲ့ လူထုကို မှိုင်းတိုက်တာ၊လူထုကို မဟုတ်မမှန်သောနည်းလမ်းနဲ့ နိုင်ငံရေးမဲဆွယ်တာပဲ ဆိုတဲ့ ပြောဆိုချက်တွေအပေါ်မှာရော ဦးကိုကိုကြီး ဘာများပြောချင်လဲဗျ။

UKKG – အင်မတန်သိမ်မွှေ့တဲ့ကိစ္စမျိုးကို လုံးသုတ်လို့ မရဘူး။ ဥပမာအားဖြင့် အမျိုးဘာသာသာသနာ ဆိုတဲ့လူတွေထဲမှာ စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေ အများကြီးပါတယ်။ စစ်တပ်၊ စစ်အာဏာရှင်ကို မကြိုက်ဘူး။ ဆန့်လည်း ဆန့်ကျင်ခဲ့တယ်။ သို့သော် သူတို့စိတ်ထဲမှာ သူတို့ရဲ့ဘာသာသာသနာနဲ့ ပတ်သက်ပြီး ညှိုးနွမ်းလာပြီ၊ အားလျော့လာပြီ တဖြေးဖြေးနဲ့ ကျူးကျော်ခံနေရပြီလို့ ရိုးရိုးသားသားမြင်တဲ့ အမြင်တွေ ရှိတယ်။ နောက်တစ်ခုက နိုင်ငံရေးအရ အမြတ်ထုတ်တာပေါ့။ ဒီဟာကို ကိုယ့်စည်းရုံးရေးအတွက် အသုံးချတာပေါ့။ အဲဒီဟာက ရောနေတာ။ အဲဒါကို အလွှာလိုက်ကွဲအောင် မြင်ဖို့လိုတယ်။ အဲဒီတော့ အမျိုးသားရေးဆိုတာကြီးကို သွားပြီးဆန့်ကျင်လိုက်ရင် တကယ့်ကို ရိုးရိုးသားသား အမျိုးသားရေးအင်အားစုတွေနဲ့ ထိပ်တိုက် သွားဖြစ်မှာ။ နိုင်ငံကို စုစည်း ချင်တယ်ဆိုရင် ပြဿ နာရပ်တွေကို အလွှာလိုက် အလွှာလိုက် စိတ်ပိုင်းပြီး နားလည်အောင်ကြိုးစားဖို့လိုတယ်။ အဲလိုမဟုတ်ဘဲနဲ့ ဆိုကြပါစို့ ခရိုနီဆိုပြီးပြောနေတယ်။ ခရိုနီထဲမှာ စီးပွားရေးလုပ်ရင်တော့ တက်တဲ့အစိုးရနဲ့ ပတ်သက်ခဲ့ရတဲ့သူတွေရှိတယ်။

နိုင်ငံရေးတိုက်ပွဲတွေချည်းပဲ လုပ်လာရင် အစွန်းတွေ ကြီးထွားသွားရော။ အစွန်းကြီးထွားသွားတဲ့အခါကျတော့ အလယ်ကလူတွေ ကိုယ်၌က ကိုယ့်ခြံစည်းရိုးထဲ ကိုယ်ပြန်ဝင်သွားရတော့တယ်။ အလယ်မှာနေလို့ မရတော့ဘူး။ ဒါသိပ်အန္တရာယ်ကြီးတယ် …

သို့သော် နည်းမှန်လမ်းမှန် စီးပွားရေးပုံစံပြန်ဖြစ်ချင်ပြီ။ သူတို့လည်း ပြောရရင်တော့ ငွေမည်းတွေကိုင်ထားရတာမျိုးလည်း မဖြစ်ချင် တော့ဘူး။ ဒီအတိုင်းသွားရင် ဒီနိုင်ငံရဲ့ စီးပွားရေးက ပိတ်နေပြီ။ ဒါကို ပုံသဏ္ဍာန်မှန်ဖြစ်အောင် ပြုပြင်ပြောင်းလဲ ချင်တယ်ဆိုတဲ့ သူတွေရှိတယ်။ ဒါ နမူနာပြောတာ။ စစ်တပ်ဆိုပေမယ့် အမိန့်နာခံမှုနဲ့ ဖွဲ့စည်းထားပေမယ့် တချို့ တစ်ဦးချင်းအနေနဲ့ “ ဒို့လုပ်တာ တွေကတော့ နည်းနည်း များနေပြီ။ ဒါကြီးကတော့မဟုတ်ဘူး” ပြောရရင် အမိန့်အရသာ လုပ်နေရတာဆိုတဲ့လူတွေ အများကြီးရှိတယ်။ နောက် တစ်ခု က ကိုယ့်ဘက်က လုံးသုတ်တဲ့ အတွက်ကြောင့်၊အကုန်လုံးကို သိမ်းကြုံးပြီး တိုက်တဲ့ အတွက် ကြောင့် ကိုယ့်ဘက် ကိုယ် ပြန်ဝင်သွားပြီး ပြန်ခုခံနေရတာတွေရှိတယ်။ အလယ်မှာ ဆုံကြစေချင်တယ် စာတစ်ပုဒ် ရေးထားတယ်။ ကျနော် မတင်ဖြစ် သေးဘူး။ Moderate တွေပေါ့။ အလယ်မှာ လာစုတဲ့ဟာများရင် အစွန်းတွေက တဖြေးဖြေးနဲ့ ကျဉ်းသွားမှာပေါ့။ အခုဟာက ဘက် အသီးသီးက အစွန်းတွေဘက်ကို ပြန်သွားတဲ့အခါကျတော့ အလယ်မှာ ဘယ်သူမှ နေလို့မရတော့ဘူး။ ကိုယ့်ခြံထဲ ကိုယ်ပြန်ဝင် ဆိုတဲ့ ပုံစံမျိုးဖြစ် သွားတယ်။ ရယ်ဒီကယ် သိပ်များရင် ရှင်သန်ခွင့်ကို မပေးတော့ဘူး။ Moderate သမားကို သစ္စာဖော က် ဆိုပြီး တံဆိပ်ကပ် တော့မှာ။ သူက ကိုယ်နဲ့မတည့်တဲ့ တံဆိပ်တွေကပ်ပြီး သတ်ပစ်တော့တာ။ အဲဒါ သိပ်အန္တရာယ် ကြီးတယ်။ ကျနော် တို့က နယ်ပယ် အသီးသီးကနေ အလယ်အလတ်သမားတွေ ကြီးထွားလာအောင် အားပေးရမယ့်အစား နိုင်ငံရေးတိုက်ပွဲ တွေချည်းပဲ လုပ်လာရင် အစွန်းတွေ ကြီးထွားသွားရော။ အစွန်းကြီးထွားသွားတဲ့အခါကျတော့ အလယ်ကလူတွေ ကိုယ်၌က ကိုယ့်ခြံစည်းရိုးထဲ ကိုယ်ပြန်ဝင်သွားရတော့တယ်။ အလယ်မှာနေလို့ မရတော့ဘူး။ ဒါသိပ်အန္တရာယ်ကြီးတယ် လို့မြင်တယ်။

ငြမ်းမီဒီယာ – အစိုးရက ဖမ်းဝရမ်းထုတ်ထားတဲ့ ဆရာတော် ဦးဝီရသူက သူ့ကိုယ်သူ အမျိုးသားရေးဘုန်းကြီး၊ အမျိုး၊ဘာသာ၊ သာသနာ အတွက် ဆောင်ရွက်သူလို့ သူ့ကိုယ်သူ သတ်မှတ်ထားပုံပဲ။ တချို့ကလည်း သူ့ကို အမျိုးသားရေးဘုန်ကြီးလို့ ခေါ်ဝေါ် တာရှိတယ်။ ဆရာတော်ဦးဝီရသူဟာ အမျိုးဘာသာ၊ သာသနာ အတွက်ဆောင်ရွက်နေတဲ့ ဆရာတော်တစ်ပါးလို့ ဦးကိုကိုကြီး ရှုမြင်သလား။ ဘယ်လိုရှုမြင်လဲခင်ဗျ။

UKKG – သူလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ သူလည်း ပထမတုန်းက စစ်တပ်ကို ဆန့်ကျင်တဲ့ဘုန်းကြီး၊ အဲဒီကနေ တဖြေးဖြေးနဲ့ သူပြောတာ ဆိုတာတွေမှာ ကျနော် ဗီဒီယို ကြည့်ရတယ်၊ အလွန်အကျွံ့တွေ၊ တော်တော်ပြင်ပြင်းထန်ထန် ရင့်ရင့်သီးသီးတွေ ပါလာ တယ်။ အဲဒီတော့ ကျနော်က သူ့ကို ဘယ်သူဘယ်ဝါ ဆိုတာထက်ကို ဥပဒေကြောင်းအရကတော့ ကျူးလွန်ရင် ကျူးလွန်တဲ့ ကိစ္စကို ဟန့်တားရမယ်။ အရေးယူရမယ်။ နောက်တစ်ခုကတော့ ဒီကိစ္စကို ပုဂ္ဂလိကအဖြစ်နဲ့ ရှုမြင်ပြီး သုံးသပ်တာပုံစံတစ်မျိုး၊ ပုဂ္ဂလိက အဖြစ်နဲ့ ဆိုတာက မောင်ဖြူ ၊ မောင်နီကျူးလွန်တယ်။ ဒါဖမ်းလိုက်ရင် ပြီးသွားရော။ Syndrome တစ်ခုဆိုရင် အန္တရာယ်ကြီးတယ်။ သူတစ်ယောက်တည်း မဟုတ်တော့ဘူး။ အလားတူစိတ်ခံစားချက်၊ ရပ်တည်ချက် ရှိတဲ့ဟာကြီးက ထုကြီးဖြစ်လာပြီဆိုရင်တော့။ တချို့ဟာတွေက Silent Voice တွေ။ အသံထွက်မနေဘူး၊ တိတ်နေတယ်။ ရုတ်တရက်ကြည့်ရင် ငြိမ်နေတယ်။ အဲဒါကို နိုင်ငံရေး သမားက အကဲမဖြတ်တတ်ရင်၊ လိမ်လိမ်မာမာနဲ့ မဖြေရှင်းနိုင်ရင် သူက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပြဿ နာ မဟုတ်တော့ဘူး။ ထုပြဿ နာ ဖြစ်သွားတယ်။ ဒါကြောင့်မို့ ကိစ္စတစ်ခုကို ပြောတိုင်းပြောတိုင်း တစ်ခုလုံးကို လုံးလုံးသုတ်တာ၊ လုံးသုတ်တဲ့အခါကျတော့ တော်ရုံတန်ရုံ ပျော့ပြောင်းချင်တဲ့လူကအစ ကိုယ့်အဖွဲ့အစည်းကိုကိုယ် ပြန်ခုခံရမယ်ဆိုတဲ့စိတ် ဝင်သွားရော။ ဒါကြောင့် ဒီကိစ္စမှာ လည်းပဲ ကျနော်က လူပုဂ္ဂိုလ်တစ်ဦးရဲ့ကိစ္စပါ။ အလားတူ ထု ဘယ်လောက်ရှိသလဲဆိုတာ နက်နက်ရှိုင်းရှိုင်းမြင်ဖို့ လိုတယ်။ နောက်တစ်ခုက ပါချုပ်ဆရာတော်ကြီးပြောတဲ့ ရှင်းလင်းချက်တွေ၊မိန့်ကြားချက်တွေဆို တော်တော်ကောင်းတယ်။ တချို့ ကိစ္စ တွေက ကျနော်တို့က ပြည်ပကနေ တင်သွင်းလာတဲ့ လစ်ဘရယ်အယူဝါဒတွေကို ကြည့်တဲ့အခါမှာ ဒါက ခွဲခြားဆက်ဆံမှုပဲ Discrimination ပဲ။ အဲဒါကို ကောက်ချက်ဆွဲလိုက်တော့ ဗုဒ္ဓဘာသာမှာ ခွဲခြားဆက်ဆံမှုတွေ ဒီလိုမျိုးတွေ ဆန့်ကျင်ရမယ် ဖြစ်တဲ့အချိန်မှာ ဆရာတော်ကြီးပြောတာ ရှင်းရှင်းလေး။ ကျနော်တို့လည်း ဗုဒ္ဓဘာသာကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့ ရုပ်နာမ် ဓမ္မပဲ ရှိတာ။ အခြေခံအကျဆုံးယူနစ်က ဒါပဲရှိတာ။ သို့သော် တချို့ဟာတွေက Traditional ပေါ့။ ဘာသာရေးအရ အဆုံးအမ မဟုတ်ဘဲနဲ့ အစဉ်အလာသတ်မှတ်ချက်တွေ။ ကျနော်တို့ ဘုရားသွားတယ်။ ဂြိုလ်တိုင်တွေ၊ ဂြိုလ်ထောင့်တွေက အမှန်အတိုင်းပြောကြစို့ဆိုရင် ဒါက ရိုးရာအစဉ်အလာဖြစ်နေတဲ့ကိစ္စမျိုး။ အဲဒီတော့ Cultural Change တွေလုပ်တဲ့အခါ လူ့အဖွဲ့အစည်းကို ဆိုးဆိုးဝါးဝါးကြီး ဒုက္ခပေးတဲ့ကိစ္စမျိုးတွေမှာတော့ အမိန့်အာဏာစက်တွေနဲ့ ပြင်ပစ်ရတာရှိတယ်။ တချို့ဆို ဘုရင်သေ၊ စော်ဘွားသေရင် သူ့ရဲ့မောင်းမမိသံတွေ၊ မြင်းတွေ၊ ဆင်တွေပါ ထည့်မြှုပ်ရတာတို့။ ဒါကျတော့လည်း သူ့ရဲ့ပုဂ္ဂလိက အယူအဆက ကျန်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် ထိခိုက်ပြီဆိုရင်တော့ အမိန့်အာဏာစက်တွေဘာတွေနဲ့ ရှင်းရတာမျိုးတွေလည်း ရှိတယ်။ ဒါ တရားမျှတမှုရှုထောင့်ကနေ လက်မခံနိုင်တဲ့ကိစ္စ။ တချို့ကျတော့ အစဉ်အလာရိုးရာအားဖြင့် လက်ခံပြီး ကျင့်သုံးနေ ကြတာ သိပ်လည်းဆိုးဆိုးဝါးဝါး မဖြစ်ဘူးဆိုရင်တော့ အဲဒါရှိနေခြင်းကိုယ်၌က ဒီလူမျိုး၊ ဒီနိုင်ငံ ရဲ့ Identity လိုဖြစ်နေတဲ့ကိစ္စတွေကို လစ်ဘရယ်ဆိုပြီးတော့ သွားပြီးဆွဲ လှန်တယ်၊ တိုက်လိုက်တယ်ဆိုရင် သူက ထုနဲ့သွားပြီး ရင်ဆိုင်ရတတ်တယ်။ သွားကြုံရတတ် တယ်။ Cultural Change တွေဟာ မဖြစ်မနေ ပြောင်းရမယ် ဆိုရင်တောင်မှ အချိန်တော်တော် ယူရတယ်။ အဲဒါကို နားလည်ဖို့လို တယ်။ အခုနိုင်ငံတကာမှာ ဆိုရင်လည်းပဲ ကျနော်တို့ ကြိုက်တာ၊ မကြိုက်တာထား။ လစ်ဘရယ်အရှိန်သေသွားပြီလားဆိုတဲ့ ပြဿနာတွေပေါ်တယ်။ နောက်ပြန်ရိုက်ပြီးတော့ America is first တို့၊ America is great တို့ ဖြစ်လာတာမျိုး။ Brexit ဖြစ်လာတာမျိုး။ ပူတင်တို့၊ ရှီကျင့်ဖျင်တို့ သက်တမ်းတိုးတာ၊ ဖွဲ့စည်းပုံပြင်တာ၊ ဒူတာတေးတို့ အစရှိသဖြင့် နေရာအနှံ့မှာ အတွင်းပြန်ကျုံ့တာပေါ့။ ဂလိုဘယ်လိုက်ဇေးရှင်းက အပြင်ကို ဖြာထွက်တဲ့ဖြစ်စဉ်ကနေ အခုတစ်ခါ အတွင်းကိုပြန် ကျုံ့တာ။ အိုင်ဒီရောလော်ဂျီတွေရဲ့ သဘောကလည်းပဲ အကန့်အသတ်တွေရှိတယ်။ အဲဒီဟာတွေကို ကျနော်တို့ နိုင်ငံက နိုင်ငံရေးအယူအဆတွေနဲ့ပတ်သက်ရင် ကိုယ့်နိုင်ငံက စတင် တီထွင်တယ်ဆိုတာ သိပ်မတွေ့ပါဘူး။ ဆိုရှယ်လစ်၊ ကွန်မြူနစ်ကနေစပြီးတော့ အကုန်လုံးက ပြည်ပကနေပဲ ဝင် လာတာ။ လစ်ဘရယ်ဆိုလည်း ကလပ်စစ်ကယ်လစ်ဘရယ်ကနေ တဆင့်ပြီးတဆင့် အများကြီး တက်နေပြီ။ နီယွန် လစ်ဘရယ်တို့ ဘာတို့ ဖြစ်နေပြီ။ အခုဒီမှာ အင်္ဂလိပ်စာလေးဘာလေးတတ်ပြီးတော့ အပြင်ဗဟုသုတရှိတဲ့ လူငယ်တွေကြားထဲမှာလည်း ကျနော်ပြောချင်တာက လစ်ဘရယ်မှာ ကောင်းတဲ့ အယူအဆတွေ တန်ဖိုးတွေ ယူပါ၊ သုံးပါ။ ကျနော်လည်း ကြိုက်တဲ့ဟာတွေ ရှိပါတယ်။ သို့သော် Think Global ပေါ့။ Act Local ပေါ့။ ဒါက ဂလိုဘယ်လိုက်ဇေးရှင်းမှာ အင်မတန်ကျော်ကြားတဲ့ အဆိုအမိန့်ပဲ။ အဲဒါတော့သတိထားဖို့လိုမယ်။

ငြမ်းမီဒီယာ – ဆရာတော် ဦးဝီရသူ ဟောပြောမိန့်ကြားချက်တွေဟာ မတူကွဲပြားမှုတွေများလှတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းအပေါ် ကို ဆိုးဆိုးရွားရွား သက်ရောက်မှုတွေရှိခဲ့တယ်လို့ သုံးသပ်သူတွေ ရှိတယ်။ ကျနော် သိချင်တာ ဦးကိုကိုကြီး အနေနဲ့ ဒီ ဆရာတော်ဟာ ဦးကိုကိုကြီး လက်ခံထားတဲ့ ဆရာတော်လား။ လက်မခံတဲ့ဆရာတော်လား အဲဒါလေးသိချင်တာပါ။

UKKG – ကျနော်က ပုဂ္ဂလိက ပြောတာထက်ကို ကျင့်ဝတ် အရရော၊ တည်ဆဲ ဥပဒေတွေအရရော ချိုးဖောက်တဲ့ ကိစ္စ၊ နောက် တစ်ခု က လူ့အဖွဲ့အစည်းထဲမှာ တည်ငြိမ်မှုကို ထိခိုက်လာပြီဆိုရင်တော့ ဘယ်သူကျူးလွန် ကျူးလွန် ဒါကို တားရမယ်။ အရေးယူ ရမယ်။ ဒါက နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ဖြစ်ဖြစ်၊ တိုင်းပြည်တည်ဆောက်ရေးကို ကြိုပမ်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖြစ် ဒါက တားကို တားရမယ်။ အရေးယူရမယ်။ ဒါ ကျနော့်အမြင်ပဲ။

ငြမ်းမီဒီယာ – ဘာဖြည့်စွက်ပြောချင်တာရှိလဲခင်ဗျ။

UKKG – အမျိုးသားရေးကို မှန်မှန်ကန်ကန် ပြန်ပြီးအဓိပ္ပာယ် ဖွင့်ဖို့လိုတယ်။ အဲသလိုမဟုတ်ဘဲနဲ့ ကျနော်တို့က အမျိုးသားရေး ဆိုတာ နဲ့ ဒါက စစ်တပ်တို့၊ ကြံ့ခိုင်ရေးတို့ကနေ သူတို့ နိုင်ငံရေးအမြတ်ထုတ်နေတဲ့ကိစ္စပဲလို့ လုံးသုတ်လိုက်ရင် ကျနော်တို့ တစ်ဖက်စွန်း ရောက်သွားလိမ့်မယ်။ အဲဒီတော့ အမျိုးသားရေးဆိုတာကို မှန်မှန်ကန်ကန် အဓိပ္ပာယ်ဖွင့်နဲ့ ကျင့်သုံးနိုင်ဖို့ လိုတယ်လို့ ကျနော်တော့ မြင်တယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ပဋိပက္ခတွေနဲ့ အီနေမယ်ဆိုရင်တော့ တိုင်းပြည် အကောင်းကျန်မှာ မဟုတ်ဘူး

ပြည်သူရဲ့အခြေအနေကတော့ မပြောင်းလဲဘူး

ရှစ်ဆယ့်ရှစ်မျိုးဆက်ပျောက်ဆုံးအောင် ရှစ်ဆယ့်ရှစ်မျိုးဆက်တွေ မလုပ်ဘဲ ဘယ်သူမှ မလုပ်နိုင်ဘူး


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,