ပဋိပက္ခမှ မရှိရင် မပျော်သလိုဖြစ်လာကြတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေး

နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးမှာ ဘယ်လူ့အဖွဲ့အစည်းကိုမှ အသုံးချတာ ကျွန်တော်မကြိုက်ဘူး။လက်မခံဘူး။ ရိုးရှင်းတဲ့ ဆက်ဆံရေးကိုပဲ ကျွန်တော်တို့ လိုချင်တယ်။ အကောင်းကိုပဲ စ တွေးတယ်။ အကောင်းကနေမှ အပျက်ဖြစ်လာရင် ..

ပြည်သူရွေးကောက်တင်မြှောက်ခဲ့သည့်အစိုးရလက်ထက် တွင် လူထုမျှော်လင့်ချက်၊ လိုအပ်ချက်တွေ ဖြစ်ခဲ့ရဲ့လား။ ငြိမ်ချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ သဘောထားနှင့် မြန်မာနိုင်ငံ၏လက်ရှိ နိုင်ငံရေး အခင်းအကျင်း အခြေအနေများကို ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုတည်ထောင်သူ၊ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးနှင့် ငြမ်းမီဒီယာက တွေ့ဆုံ မေးမြန်းခဲ့သည်။

 ငြမ်းမီဒီယာ  – အဲဒီတော့ NLD အစိုးရလက်ထက်မှာ အောင်မြင်တဲ့ကိစ္စတွေက ဘာတွေလဲ ကိုမြအေးခင်ဗျ။

UMA – တစ်ခုတော့ရှိတယ်။ဝေဖန်တယ်ဆိုတဲ့ နေရာမှာ ကောင်းတာတွေလည်းပြောရမှာပေါ့ဗျာ။NLD အစိုးရလက်ထက်မှာ လူထုနဲ့အစိုးရ သိပ်မဝေးဘူး။ ထိတွေ့ ဆက်ဆံမှုတွေကို ဆိုလိုတာ။ ပြည်သူလူထုနဲ့နွေးနွေးထွေးထွေးရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေ အများကြီးရှိတယ်။ ဒါပေမယ့်လွှတ်တော်ကိုယ်စားလှယ် နားမလည်တာ ရှိရင်ရှိမယ်။ ဒါကိစ္စမရှိဘူး။ လွှတ်တော်ကိုယ်စားလှယ်က သူလုပ်နိုင်တဲ့ အပိုင်းတွေကိုလုပ်ပေးတာ၊ပြောပေး၊ဆိုပေးတာ၊လူထုကလည်းအရင်ကလို မင်းခစား ပေါ့ဗျာ ကျို့ပြီးပြောရတာမျိုး အဲဒါတွေနည်းလာတယ်။ နောက်တော့ လူထုက ရဲရဲတင်းတင်း ဝေဖန်လာတယ်။ ပြောလာတယ်။ ဟိုခေတ် က ရှိမှ မရှိတာ။ဒါတွေကတော့ အကောင်းဘက်ကို ပြောင်းပါ တယ်။တစ်ခုတော့ရှိတာပေါ့ ခြွင်းချက်အနေနဲ့ ၆၆ ဃ တွေဘာတွေ။ ဒါတွေကတော့ ကျွန်တော်တို့ အားမရဘူး။ ပြည်သူလူထု ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ပိတ်ပင်တားဆီးတဲ့ အရာတွေပေါ့။ အွန်လိုင်းတွေ မှာလည်း ပြောလာတယ်။တွေ့တဲ့အခါမှာလည်းရဲရဲတင်းတင်း ပြောလာတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်တောင်းရမယ် ဆိုတာကို ပြည်သူလူထုက သိလာတယ်။ အဲဒါတွေကတော့ တော်တော်ကောင်းလာတဲ့ အချက်အလက်တွေပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 ငြမ်းမီဒီယာ  – သမ္မတရဲ့မိန်ခွန်းထဲမှာလည်း ပါပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကိုသွားမယ် ဆိုတာ။ပန်းတိုင်ကိုတော့ မရောက်ဘူးပေါ့။

UMA – အခုပုံစံက ပန်းတိုင်ကိုမရောက်နိုင်ဘူးဗျ။

 ငြမ်းမီဒီယာ  – ဘယ်တော့လောက်ရောက်မယ်ထင်လဲ။

UMA – အဲဒါကို ရောက်ကို မရောက်နိုင်တာဗျာ။ တစ်ခါတည်းပြောရရင်။ ဒီပုံအတိုင်းသွား မရောက်ဘူး။ကျွန်တော် ပြောတာရှင်းရှင်း လေး။ ရိုးရိုးပြောရရင် နိုင်ငံရေးက ဒီပလိုမေစီတွေနဲ့သိပ်ပြီးကျယ်နေတယ်။ ပွင့်ပွင့်လင်းလင်း၊ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်။ လေးတဲ့နေရာတွေနောက်ကို လိုက်နေရင် ကိုယ်ပါဘာမှ ထွက်လာမှာ မဟုတ်ဘူး။ ဟုတ်ပြီ တည်ဆောက်မယ်လာ။ ပြည်နယ်၊ ဘယ်လိုပြည်နယ်တွေနဲ့တိုင်းပြည်ကိုဖွဲ့စည်းမလဲ။Form Of State ကိုကျွန်တော်တို့စကားပြောကြရအောင်။ အဲဒါက တကယ့် ခေါင်းရှိ တဲ့ Stakeholder တွေဖြစ်သင့်တယ်။ နိုင်ငံတော် သမ္မတကြီး၊နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ တိုင်းရင်းသားခေါင်းဆောင်တွေ စကားပြောရမှာ လေဗျာ။ကျွန်တော်ပြောတာညှိမှာ မဟုတ်တော့ဘူး။ ငါတို့အားလုံး ပေါင်းပြီး ငါတို့နိုင်ငံကို ဘယ်လို တည်ဆောက်မလဲ ဆိုတာကို ဝိုင်းစဉ်းစားတာ။

 ငြမ်းမီဒီယာ  – စကားမပြောနိုင်တဲ့အကြောင်းအရင်းကဘာတွေခံနေကြလို့လဲ။

UMA – သေချာတာပေါ့ဗျာ အဲဒါ ကလေးသိပ်ဆန်လွန်းတဲ့ နိုင်ငံရေးလို့ပဲ ကျွန်တော်မြင်တာကို တည့်တည့်ပဲပြောမယ်။ လက်ရှိ တိုင်းပြည်က ယူအန်မှာဆိုလည်း တစ်ခုဖုံး တစ်ခုပေါ်၊ ကမ္ဘာ့ အလယ်မှာ။ ဂူတာပြင်ကိစ္စတွေ။ဒါတွေက ကြီးလာမှာနော်။နိုင်ငံရဲ့ ပုံရိပ်ကတော်တော် ပျက်သွားပြီ။ ဘာပဲပြောပြော ဒီမိုကရက်တစ် အစိုးရလက်ထက်မှာ ဖြစ်တယ်ဆိုတာ မပြေးသော်လည်း ကန်ရာရှိအစိုးရအပေါ်မှာ တာဝန်ရှိတယ်။ဒါတွေကမကောင်ဘူး။ ပြည်သူလူထုကြားထဲမှာလည်း နိုင်ငံတကာနဲ့ အရမ်းကွာ သွားပြီ။ တချို့နိုင်ငံ တွေက လူငယ်တွေက အစ လန်းဆန်းနေတယ်။ တစ်နေ့တစ်နေ့ သူတို့ရဲ့မျှော်လင့်ချက်တွေ ရှင်သန်နေတာ သွားတွေ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မူဆလင်ကွန်မြူနတီဟာ မြန်မာနိုင်ငံရေးမှာ အသုံးချခံ မဟုတ်ဘူး အသုံချလည်း ခံမှာ မဟုတ်ဘူး။ အသုံးချခံဖို့ ကျွန်တော်တို့ မွေးဖွားလာတာမဟုတ်ဘူး။ နိုင်ငံသူ၊နိုင်ငံသားအားလုံးကို တန်းတူညီမျှ ဆက်ဆံဖို့ တောင့်တ နေတဲ့၊ငတ်မွတ်နေတဲ့ လူ့အဖွဲ့အစည်းပဲဖြစ်တယ် …

ကျွန်တော်တို့ လူငယ်တွေက မှိုင်းစွဲနေတာ။ ကျွန်တော်တို့ လူငယ်တွေမှာ ပညာသင်တယ်ဗျာ။ ဘွဲ့ရတယ်။ အလုပ် ဘာအာမခံ ချက်မှ မရှိဘူး။ ဘွဲ့ရတဲ့ လက်မှတ်လေး ပစ်ထည့်ထားလိုက်ပြီးကြုံတဲ့အလုပ်ကို လုပ်ရသလို ဖြစ်နေတာ။ Hopeless ဖြစ်နေတာ။ အဲဒါ တွေအကုန်လုံးက ကျွန်တောတို့နိုင်ငံမှာ မှီတင်းနေထိုင်တဲ့တိုင်းရင်းသားတွေရော၊ နိုင်ငံသားတွေ ရော၊ ဘာသာလူမျိုးပေါင်းစုံ ခံစားနေရတာ။ဒီအတွက်တာဝန်အရှိဆုံးက နိုင်ငံကို ဦးဆောင်နေသူများပဲ ဖြစ်တယ်။သမိုင်းမှာေ ကာင်းအောင် လုပ်ခဲ့ရင် ကောင်းတယ်ဆိုတဲ့ မှတ်တမ်းပြည်သူလူထုက တင်မှာပဲ။ ကောင်းအောင်မလုပ်နိုင်ရင်ကောင်းအောင်မလုပ်နိုင်ဘူးဆိုတာ  ပြည်သူ လူထုက မှတ်တမ်းတင်မှာပဲ။ ကျွန်တော်တို့ ဒါတွေကို ပိုစဉ်းစား သင့်တယ်။တချို့ အပိုင်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက်စေ့စပ်စေချင်တယ်။ညှိနှိုင်း စေချင်တယ်။ပဋိပက္ခမဖြစ်စေချင်ဘူး။ကြာတဲ့အခါ ကျွန်တော်တို့ကိုယ်တိုင် ညစ်လာတယ်။” ကဲ…ဖြစ်ကွာ” ဆိုတာမျိုး သဘောတစ်ခုကို ပြောပြတာပါ။ ဒါတကယ့်နိုင်ငံရေးမှာ ရှိခဲ့တယ်နော်။ ထွက်ပေါက်တွေ ပိတ်သွားတာလေ။ ဘာဖြစ်လို့ တရားသေတွေဆုပ်ကိုင်နေကြတာလဲ။ငါတို့ထောင်ကျလည်းကျ အုတ်နံရံခေါင်းနဲ့ ဆောင့်တယ်ကွာ။ ဒါမျိုး။ ဒါတွေကရှိတယ်။ နိုင်ငံရေးမှာရှိတယ်။ မရှိဘူးလို့မပြောနဲ့။ အလှတွေမပြောနဲ့။အဲဒါတွေက တကယ်ရှိတာ။ မွန်းကြပ် လာရင် ဖြစ်တတ်တယ်။ အဲဒီတော့ကျွန်တော်မြင်တာကတော့ ဘာဖြစ်လို့စကားမပြောရမှာလဲ ဆိုတော့မယ့်အစား စကားပြောနိုင် အောင် ဘယ်လိုလုပ်ကြမလဲ။ စကားမပြောနိုင်တဲ့ကြားထဲမှာ ဘယ်လို ဝင်ဖြေရှင်းပေးမလဲ ဆိုတာ ဝိုင်း စဉ်းစားစေချင်တယ်။ အခုအချိန်မှာတော့ ကျွန်တော်ထင်တယ်။ ၂၀၂၀မတိုင်ခင်မှာ အကြိုညှိနှိုင်းမှုလေးတွေ ရှိတာကောင်းတာပေါ့ဗျာ။ဧပြီအထိပဲ နိုင်ငံရေးလုပ်ချိန် ရှိမယ်။ ဧပြီ နောက်ပိုင်းအကုန်လုံးက ရွေးကောက်ပွဲ ကမ်ပိန်းထဲရောက်သွားပြီ။

 ငြမ်းမီဒီယာ  -ရွေးကောက်ပွဲဆိုတော့ ကိုမြအေးကို မေးချင်ပါ တယ်။ မြန်မာ့နိုင်ငံရေးသမိုင်း ဖြတ်သန်းမှုမှာ ဦးရာဇတ်ကနေ စရင် နိုင်ငံရဲ့အရေကြီးတဲ့အချိန်တွေအာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့အဖြစ်အပျက်တွေမှာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် တွေ ပါဝင် ခဲ့တာပဲ။ ဦးအောင်မေသု၊ကိုမြအေးတို့အပါအဝင်ပေါ့။ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာပါဝင်ခဲ့သူ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေက တကယ့်တကယ် ရွေးကောက်ပွဲလည်းလုပ်ရော NLD ရဲ့လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့သူတွေကို ရွေးချယ်ခဲ့တာ မတွေ့ဘူး။ဘာကြောင့်လို့ ထင်လဲ။ ကိုမြအေး ဘာပြောချင်လဲ။

UMA – ကျွန်တော်ပြောရင်ကိုယ်က မူစလင်မို့လို့ပြောတယ်ဖြစ်မယ်။ Principle ကိုပြောမှာ။ ကျွန်တော်ပြောချင်တာက တိုင်းပြည် အတွက် အကျိုးရှိမယ်ဆိုရင် လူမျိုးမခွဲပါနဲ့။ ဘာသာမရွေးပါနဲ့။ ဒီလူဟာ တိုင်းပြည် အပေါ်သစ္စာရှိမယ်၊ တိုင်းပြည်အတွက် အကျိုး ပြုတယ်ဆိုရင် ဘယ်သူ့ကို မဆို ဟိန္ဒူဖြစ်ဖြစ်၊ခရစ်ယာန်ဖြစ်ဖြစ်၊ဘာဖြစ်ဖြစ် နိုင်ငံသားစစ်စစ်မှန်ရင် ရွေးရမယ်လေ။ ဒါပေမယ့်၂၀၁၅ ရွေးကောက်ပွဲကတော့ အဲဒီမှာ သည်းခံ ရတာ စစ်အုပ်စုကို ပထမဦးဆုံး တိုက်ပွဲသဏ္ဍန်နဲ့မို့ သည်းခံရတာ ဖြစ်တယ်။ ကျွန်တော် လည်း တာဝန်ရှိတဲ့သူကိုမှားတယ် ဆိုတာ ပြောပြီး ပါပြီ။ ဒါက ဒီမိုကရက်တစ် Principleနဲ့ လုံးဝလွဲချော် သွားတာ။ ဒီမိုကရက်တစ် ပါတီ တစ်ရပ်အနေနဲ့ မဖြစ်သင့်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ကိုယ်တိုင်ပြောတာပါ။

အစိုးရကိုယ်တိုင်က ဘက်နဲ့ ဆက်ဆံရင်အောက်ကလုပ်ရတဲ့ လူတွေက ကောင်းအောင် ဘယ်လောက် လုပ်လုပ် ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ဆို ပူပင်သောကတွေနဲ့ အသက်ငါးဆယ်ကျော်ပြီ။ နောက်မျိုးဆက်ကို ဒီပူပင် သောကတွေ၊ ပဋိပက္ခတွေ အဲဒီကြား ထဲမှာ မထားချင်တော့ဘူး …

ကျွန်တော်တို့ပြောချင်တာက မူဆလင်မို့လို့ မရွေးတာတို့၊ မူဆလင် မို့လို့ရွေးတာတို့ မလိုချင်ပါဘူး။ မူဆလင်မို့လို့ ဘယ်လောက် ရွေးရမယ်တို့၊ဘယ်နှခု ရ ရမယ်ဆိုတဲ့ တောင်းဆိုချက်ကို မလိုချင်ဘူး။ မူဆလင်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ်ယာန် ဖြစ်စေ တိုင်းပြည်အတွက် အကျိုးရှိမယ်၊သစ္စာရှိမယ်၊အရည်အချင်းရှိမယ်ဆိုရင် လူမျိုးမရွေးနဲ့၊ဘာသာမရွေးနဲ့။ တိုင်းပြည် မျက်နှာပဲကြည့်ရွေး။ ကျန်တာက လူထုကရွေးလိမ့်မယ်။ စကတည်းက marginalized လုပ်မယ်ဆို မကောင်းဘူးလေ။ ဒါမျိုး မလုပ်ရဘူး။ခင်ဗျားမေးလို့ပါ။၂၀၂၀ အတွက် လည်း စိတ်ပူတယ် ။ဒီကိစ္စကြီးဘာဖြစ်သွားသလဲဆိုတော့ ၂၀၁၅မှာ မူဆလင်ထု တစ်ရပ်လုံးရဲ့ခံစားမှုက ငါတို့ကို ကြဉ်လိုက်ပြီ ဆိုတဲ့ Isolate ဆိုတဲ့အထဲကို ရောက်သွားတယ်။ ဒါမကောင်းဘူးဗျ။ အကျိုးဆက် ကြီးတယ်။နဂိုကတည်း ကမှသိမ်ငယ်နေတဲ့ ကိစ္စ၊ ခွဲခြားဆက်ဆံ ခံထားရတဲ့ကိစ္စ ဒီဟာကြီးကအရမ်းဖိစီးသွားတယ် ။ငါတို့ယုံကြည် ကိုးစားတဲ့ လူတွေကငါတို့ကို ဒီလိုလုပ်လိုက်ပါလား ဆိုတဲ့ ခံစားမှုက ပိုဆိုးတယ်။၂၀၂၀မှာတော့ဒါမျိုး မဖြစ်စေချင်ဘူး။

ငြမ်း – ဒေါ်အောင်ဆန်းစုကြည်ရဲ့နှုတ်ထွက်စကားအရ သူဟာ မတူ ကွဲပြားမှုတွေကိုနားလည်လက်ခံ ထားတာတော့ ရှိတယ်။ ပဲခူးတိုင်း ဒေသကြီးမှာ သူပြောခဲ့တဲ့စကားပေါ့။ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နဲ့ ပတ်သက်ပြီး ပြောခဲ့တာ။ ဒါဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာပဲလို့ သူပြောခဲ့တာရှိတယ်။ဒါပေမယ့် သူ့ရဲ့အဲလို ဆန္ဒတွေက တချို့ အချိန်တွေမှာ ထင်ဟပ် မနေပြန်ဘူး။ နောက် တစ်ခုက ရွေးကောက်ပွဲ မတိုင်ခင်ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေရှိခဲ့တယ်။ အဲဒါကြောင့်NLD ဟာ ရွေးကောက်ပွဲမှာ မူဆလင်တွေကို မရွေးခဲ့တာလား။

လူမျိုးရေး၊ ဘာသာရေးတွေ လိုက်ကြည့်ပြီးခွဲနေရင် Discriminate လုပ်နေတာနဲ့ အတူတူပဲ။ဘယ်လိုလုပ် ဒီမိုကရက်တစ် ဖြစ်မလဲ။ နေရှင်နယ်လစ် ရနံ့မကင်းတဲ့ လူပဲဖြစ်မှာပေါ့။ ဘာဒီမိုကရက်တစ်မှ မဟုတ်ဘူး။ အဲဒီတော့ …

UMA – အဲဒါကြီးက တရားဝင်ပြောထားတဲ့စကားလေဗျာ။ဦးဝင်းထိန် ထင်ပါတယ်။အဲဒီအချိန်တုန်းက မဘသ ဘာညာ ပြဿနာတွေ ရှိတော့မရွေးပါဘူးဆိုပြီး တရားဝင်ပြောထားခဲ့တာ။ ကျွန်တော်တို့က ရဲတင်းတဲ့ ဒီမိုကရက်တိုင်ဇေးရှင်းကို လိုချင်တာ။ ဒီမိုကရက် တစ် တစ်ယောက်က ဒီမိုကရက်တစ်စံနဲ့ သွားရမှာ။ ကျွန်တော်အကြိမ်ကြိမ်ပြောတာ ဒါပဲ။ဟိုဟာကြောက်လို့၊ ဟိုလူကြောက်လို့ ဆိုတာ ကာလတစ်ခု နားလည်နိုင်ပေးပေမယ့် ရေရှည်တော့ မဖြစ်နိုင်ဘူး။ လက်ခံလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ပြန်ပြောစရာ ရှိတာ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲသမိုင်းမှာ ကိုထွန်းစိန် က မူဆလင်။ ကိုထွန်းစိန် ကိုရွေးတဲ့ အခါမှာ ဒီလိုပဲ ဘာသာရေး ကြောင့် ပြောတာပဲ။ဒါပေမယ့် ကျောင်းသားထုကရဲရဲတင်းတင်း သူ့ဘာသာ ဘာ ဘာသာ ကိုးကွယ် ပါစေ။ ဒါတို့နိုင်ငံသား။ ဒီလူဟာ တိုင်းပြည် အတွက် တကယ် အလုပ် လုပ်တဲ့သူ့ကိုပဲပေးရမယ်ဆိုပြီးရွေးတာ။အဲဒါ ဒီမိုကရက်တစ် စံလေ။ တစ်ဖက်ကလည်း အစွန်းရောက်တဲ့ သူတွေ ရှိတယ်။ မူဆလင် ကွန်မြူနတီမှာ ဘယ်နှယောက်ရှိလို့ ဘယ်နှယောက်တော့ အမတ် အဖြစ်ပေးပါ ဆိုတာ ဒါလည်း ကျွန်တော် လက်မခံဘူး။ အရည်အချင်း မရှိရင် မပေးနဲ့ ။အရည်အချင်းရှိတယ်ဆိုရင် မူဆလင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ ဗုဒ္ဓ ဘာသာပဲဖြစ်ဖြစ်၊ခရစ်ယာန်ပဲဖြစ်ဖြစ် ရွေး။ တိုင်းပြည်အတွက်ပြောတာ။အရည်အချင်းမရှိဘူး မရွေးနဲ့။ အရည်အချင်းရှိရင် ရှိသလို ရွေး။ အဲလိုမဟုတ်ဘဲ သူ့ရဲ့လူမျိုးရေး၊ ဘာသာရေးတွေ လိုက်ကြည့်ပြီးခွဲနေရင် Discriminate လုပ်နေတာနဲ့ အတူတူပဲ။ဘယ်လိုလုပ် ဒီမိုကရက်တစ်ဖြစ်မလဲ။ နေရှင်နယ်လစ် ရနံ့မကင်းတဲ့ လူပဲဖြစ်မှာပေါ့။ ဘာဒီမိုကရက် တစ်မှ မဟုတ်ဘူး။ အဲဒီတော့ ဘာဖြစ်လာ သလဲဆိုတော့ အဲဒါက လူ့အဖွဲ့အစည်း ကြားမှာ ပိုပြီး ခွဲခြားလိုက်သလိုဖြစ်လာတယ်။ ပိုပြီး ကွဲသွားစေတယ်လို့ ကျွန်တော်တို့ ကမြင် တယ်။ Impact က တော်တော်ကြီးတယ်။ဒါက သာမန်ကိစ္စ မဟုတ်ဘူး။ မူဆလင်တွေ က လည်း ငါတို့လည်း တိုင်းပြည်အတွက် လုပ်ချင်ပါလျက်နဲ့ဒါကြီးကြောင့်။ မဘသကြောင့် ပြောင်ပြောင် တင်းပြောတာ။ပြောင်ပြောင် တင်းတင်း ပြောတော့ ပိုဆိုးကုန်တာပေါ့။ ဒါကို ဖီလင်သွားမဖြစ်ပါနဲ့၊ သည်းခံပါ သွားပြောရင်ကျွန်တော်တို့ကို ပြန်ဆဲမှာပေါ့။ မင်းတို့က နေရာရချင်လို့တို့ ဘာတို့ ပြောတော့မှာပေါ့။ ဒီခံစားမှုတွေတော့ နားလည်ဖို့ လိုတယ်။ပြောချင်တာ အမတ်လောင်း ပဲ ရွေးရွေး၊ဘာပဲလုပ်လုပ် တိုင်းပြည်မျက်နှာပဲ ကြည့်သင့် တယ်။လူမျိုးဘာသာ မခွဲခြားပါနဲ့။ ဒါပဲလိုချင်တာ။ လူမျိုးဘာသာကို ကြည့်ပြီး Share Holder တောင်းတာလည်း ကျွန်တော်တို့ လက် မခံဘူး။ အရည်အချင်းရှိရင်ရွေး၊မရှိရင်မရွေးနဲ့။ဒါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 ငြမ်းမီဒီယာ  – တပ်ချုပ်အနေနဲ့ဘာသာရေးအသင်းအဖွဲ့တွေကိုလှူတဲ့နေရာမှာ အစ္စလာမ်ဘာသာရေး ကျောင်းတွေကိုပါ လှူဒါန်း လာတယ်။ ဒုတိယအကြိမ်ရှိပြီ ဒီလိုလှူတာ။ဒါနဲ့ပတ်သက်ပြီး ကိုမြအေးဘယ်လို သုံးသပ်မိလဲ။

UMA – ကျွန်တော့်တစ်ယောက်တည်း သဘောထားပြောရင် အကောင်းမြင်ပါတယ်။ကျွန်တော်တို့သမာရိုးကျ ပုံစံထဲက စဉ်းစား လာကြတာ။ ပဋိပက္ခမှ မရှိရင် မပျော်သလိုဖြစ်လာကြတယ်။ ဒါကျွန်တော် မြင်တာလေ။ အဲဒါ အမှန်တရား မဟုတ်ဘူး။ ဒါစဉ်းစား တာပေါ့နော်။အခု အွန်လိုင်းပေါ်မှာ ပြောကြတာတွေ ရှိတယ်။ ဒါဟိုဟာဖြစ်လို့၊ဒီဟာဖြစ်လို့ ဆိုတာတွေ။ ဖြစ်ချင်လည်းဖြစ်လိမ့်မယ်။ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းက မွန်းနေပြီ။ အသက်ရှု မဝတော့ဘူး ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်နေတာ။ အဲဒီ အချိန်မှာ သူကဒီလိုနွေးထွေးမှု တစ်ခုပေးလိုက်တာ ဘာပဲပြောပြောဗျာ မုဒိတာ ပွားရမယ့် ကိစ္စလို့ကျွန်တော်မြင်တ ယ်။ ဟိုဟာဖြစ်လို့ ခင်ဗျား လာတာပါဆို ကျွန်တော်တို့ ဘယ်လိုလို့ တိုင်းပြည် သွားတည်ဆောက်ကြမလဲ။ အားသဘောအရ၊အင်အားမျှခြေအရ နှစ်ပေါင်း ခြောက်ဆယ်ကျော်ပြီ တစ်ဖက်နဲ့တစ်ဖက် ချေဖျက်နိုင်တဲ့အခြေအနေမှမရိ ှကြတာ။ ကျွန်တော်တို့ထက်စီနီယာ ရီဗော်လူးရှင်း လုပ်ခဲ့တယ်။ ဒါရီဗော်လူးရှင်း ကိုငြင်းပယ်တာ မဟုတ်ဘူး။ ရီဗော်လူရှင်းကို ဘယ်လောက်အထိ နားလည်လဲ။ အစဉ်အဆက်ကို ပြောတာ။ အင်အားမျှခြေအရလည်း ပြန်ကြည့်ကြဦး။ ကျွန်တော်က ဒါကိုအကောင်းမြင်တယ်။ တစ်ခု စိတ်မကောင်းစရာဖြစ်တာက လူတွေရဲ့စိတ်ဓာတ် က တဇောင်စေးနဲ့ မျက်ချေးလိုပဲဖြစ်နေတယ်။ပဋိပက္ခတစ်ခုခုနဲ့နေချင်သလိုဖြစ်လာကြတယ်။

ဖွဲ့စည်းပုံက အသိအမှတ်ပြုထားတဲ့ ဘာသာတရားတွေလေ။ အခြား ဘာသာတွေလည်း ဒီလိုပဲ။ အမေရိကား လောက်မူစလင်ကမ္ဘာနဲ့ပြဿနာဖြစ်တာ ကမ္ဘာပေါ်မှာမရှိဘူး။ဒါပေမယ့် …

ကျင့်သား ရလာ တယ်။ဒါကြီးက မဟုတ်သေးဘူးထင်တယ်။ တပ်ချုပ်က သွားလှူတယ်။ ပထမတစ်ခေါက် ကျွန်တော် ဘာသဘော ထား မှ မပြော ဘူး။ ဒုတိယတစ်ခေါက် ကျွန်တော့် သဘောထားကိုပြောတယ်။ မည့်သည့်ရည်ရွယ်ချက် ရှိသည်ဖြစ်စေ လုပ်ရပ် အရ ကောင်းသော လုပ်ရပ်ဖြစ်တယ်။အရင်ကတည်းက လုပ်သင့်တယ်လို့ ကျွန်တော် မြင်တယ်။ ကျွန်တော်တို့ လိုချင်တာ တရားမျှတမှု၊ အခွင့်အရေး မဟုတ်ဘူး။ပိုပြီးတော့မှပေးတဲ့အခွင့်အရေးကိုလိုချင်တာမဟုတ်ဘူး။ နိုင်ငံသူ၊နိုင်ငံသားတိုင်းအပေါ်မှာ နိုင်ငံံ့ခေါင်းဆောင်များက မျှမျှတတ ဆက်ဆံပြီး ဘာသာလူမျိုးမခွဲခြားတဲ့ တိုင်းပြည်တစ်ခုဖြစ်ချင်တာ။ တပ်ချုပ်ရဲ့အင်္ဂါစဉ်ကလည်း နိုင်ငံတော် Stakeholder ထဲမှာ ပါတယ်။ သူအဲလို သွားလှူတာ ကျွန်တော်ဝမ်းသာတယ်။ အစိုးရကိုလည်း ကျွန်တော် အဲလိုဖြစ်စေ ချင်တယ်။ ဟိန္ဒူ ဘာသာရေးပွဲ ဆိုရင်လည်း ကျွန်တော်တို့အားပေးရမှာပဲ။ ဖွဲ့စည်းပုံက အသိအမှတ်ပြုထားတဲ့ ဘာသာတရားတွေ လေ။ အခြား ဘာသာတွေလည်း ဒီလိုပဲ။ အမေရိကား လောက်မူစလင်ကမ္ဘာနဲ့ပြဿနာဖြစ်တာ ကမ္ဘာပေါ်မှာမရှိဘူး။ဒါပေမယ့် အမေရိကန် သမ္မတ ကိုယ်တိုင် ဘယ်လို ဆက်ဆံလဲမြင်တယ် ။ထားပါ အမေရိကားကမြင့်သွားပြီ။ စက်ကာပူကိုကြည့်။ ကျွန်တော်တို့ အဲလို နွေးထွေးမှုတွေသာရမယ်ဆို လူမှုသဟဇာတဖြစ်ရေး အတွက် အောက်ခြေက လုပ်ရသူတွေ ပိုချောင်လည်တာပေါ့ဗျာ။ တစ်ယောက် နဲ့ တစ်ယောက်ဝေးသွားတာကို တစ်ယောက်နဲ့ တစ်ယောက်ပြန်နီးအောင် ချစ်ခင်မှုရအောင် ကျွန်တော်တို့ ကြိုးစားလို့ ရတယ်။ ဒါက အရမ်း အရေးကြီးတယ်။ ဒီမှာ Culture Shock တွေရှိတယ်။Clash Of Civilization ပါပဲ။ ဒီ Culture Shock တွေ လျော့နည်း သွားအောင် လုပ်ဖို့ဆိုရင် နားလည်မှု တည်ဆောက်နိုင်တဲ့ အချိန် အတိုင်းအတာ တစ်ရပ်ကို အစိုးရက ဒီလိုနွေးထွေး မှုတွေ ပြပြီးတော့မှ ကြက်တစ်အုပ် မကြီးလိုပေါ့။စုစည်းထားနိုင်ရင် အောက်ကလုပ်ရတဲ့ လူတွေအတွက် လွယ်တယ်။ မဟုတ်ဘဲနဲ့ အစိုးရကိုယ်တိုင်က ဘက်နဲ့ ဆက်ဆံရင်အောက်ကလုပ်ရတဲ့ လူတွေက ကောင်းအောင် ဘယ်လောက် လုပ်လုပ် ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ဆို ပူပင်သောကတွေနဲ့ အသက်ငါးဆယ်ကျော်ပြီ။ နောက်မျိုးဆက်ကို ဒီပူပင်သောကတွေ၊ပဋိပက္ခတွေ အဲဒီကြား ထဲမှာ မထားချင်တော့ဘူး။ ကျေလည်တဲ့ စနစ်တစ်ခုကို သွားချင်ပြီ။ကျွန်တော်တို့နိုင်ငံကို စုစည်း ညီညွှတ်မှု အားကောင်းတဲ့ လူမှု သဟဇာတဖြစ်မှုရှိတဲ့ အားကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် သွားချင်ပြီ။ တိုင်းရင်းသားတွေကြားထဲမှာရော။ ဧည့်သည်တွေ၊ အိမ်ရှင် တွေ ဘာမှန်းမသိစကားနိုင်လု လျောက်ပြော နေတာ။အဲတော့ပြန်ချုပ်ရရင် တပ်ချုပ်အနေနဲ့ သွားလှူတာ အကောင်းမြင် ပါတယ်။ တဖြေးဖြေး ဒီထက် ပိုကောင်းတာတွေ လုပ်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။နိုင်ငံတော် အစိုးရကိုလည်း လုပ်စေချင်ပါတယ်။

 ငြမ်းမီဒီယာ  – မတူကွဲပြားမှုတွေနဲ့ သဟဇာတဖြစ်အောင်နေလိုတဲ့ သူတွေ၊ နေချင်တဲ့သူတွေ လူ့အဖွဲ့အစည်းမှာ အများကြီးပါ။ ဒါပေမယ့် ဒီမတူ ကွဲပြားမှုကိုအကြောင်းပြုပြီး အစွန်းရောက်တချို့က လှုံ့ဆော်တာတွေ၊ပဋိပက္ခတွေ ဖြစ်အောင်ကြိုးစားတဲ့ အုပ်စုတွေလည်းရှိပါတယ်။ တပ်ချုပ်အနေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေကို သွားရောက် လှူဒါန်းမှုက ဒီအခြေအနေတွေ ဖန်တီးချင်တဲ့ရန်ရှာနေတဲ့လူတွေကို ဘယ်လောက်အထိ သက်ရောက်သွားနိုင်မလဲ။

UMA – ရယ်စရာလည်းကောင်းတယ်။ စိတ်မကောင်း စရာ လည်းကောင်းတယ်။ ၉၆ ကတည်းက အစဉ်အလာအရလှူတာ ပါ ဆိုတာကို တပ်မတော်ကပြန်ရှင်းနေရတယ်။ဘာတုန်းဗျ။ နိုင်ငံသားအချင်းချင်းကြားမှာ ဘာလူမျိုးဖြစ်ဖြစ်၊ဘာ ဘာသာ ဖြစ်ဖြစ် သွားတွေ့တာ ဘာဖြစ်လို့လဲ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြတယ်။ အဲလိုပြောတဲ့အထဲမှာ ဒီမိုကရက်တစ် အချို့လည်း ပါတယ်။ ကျွန်တော် တိတိ ကျကျပဲပြောမယ်။ မူဆလင်ကွန်မြူနတီဟာ မြန်မာနိုင်ငံရေးမှာ အသုံးချခံ မဟုတ်ဘူး အသုံချလည်း ခံမှာ မဟုတ်ဘူး။ အသုံးချခံဖို့ ကျွန်တော်တို့ မွေးဖွားလာတာမဟုတ်ဘူး။နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို တန်းတူညီမျှ ဆက်ဆံဖို့ တောင့်တ နေတဲ့၊ငတ်မွတ်နေတဲ့ လူ့အဖွဲ့အစည်းပဲဖြစ်တယ်။ တပ်ချုပ်သွားတဲ့အတွက် ရန်ရှာနေတဲ့လူတွေ၊အစွန်းရောက်နေတဲ့လူတွေ နည်းနည်းတော့ တွန့်ဆုတ်သွားမှာ သေချာတယ်။ မူဆလင်ဘက် က လူတွေလည်း တစ်စုံတစ်ရာ စိတ်သက်သာရာ ရမယ်လို့ မျှော်လင့်တယ်။ ကြားထဲက Moderate ဖြစ်တဲ့လူတွေကပြောရ ဆိုရတာ ပိုကောင်းတယ်။ ကျွန်တော်တို့က သတိကြီးကြီးနဲ့နေနေ ရတယ်။ကွန်မြူနတီနဲ့ဆိုင်တဲ့ စကားမို့  ကွန်မြူနတီစကားကို ပြောတာ။နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးမှာ ဘယ်လူ့အဖွဲ့အစည်းကိုမှအသုံး ချ တာကျွန်တော် မကြိုက်ဘူး။ လက်မခံဘူး။ ရိုးရှင်းတဲ့ ဆက်ဆံရေးကိုပဲ ကျွန်တော်တို့ လိုချင်တယ်။ အကောင်းကိုပဲ စ တွေးတယ်။ အကောင်းကနေမှ အပျက်ဖြစ်လာရင် ကျွန်တော်တို့တာဝန် မဟုတ်ဘူး။

 ငြမ်းမီဒီယာ  – ကျေးဇူးတင်ပါတယ်ကိုမြအေး။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,