ပါတီနိုင်ငံရေးလမ်းကြောင်းသွားလို့ ဘယ်လောက်နိုင်နိုင် ဘာရုပ်ပေါ်မှာလဲ အမြင်မျိုး မြင်သွားတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း/ ရခိုင့်ဦးဆောင်ပါတီ(Arakan Front Party) ၏ ဥက္ကဌ ဦးခင်နု

ရခိုင့်ဦးဆောင်ပါတီ(Arakan Front Party) သည် ရခိုင်ပြည်နယ်၏ ထင်ရှားသော နိုင်ငံရေးသမား တစ်ဦး ဖြစ်သည့် ဒေါက်တာအေးမောင်၏ ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသည့် ရခိုင်တိုင်းရင်းသား ပါတီတစ်ခု ဖြစ်သည်။ လက်ရှိအချိန် တွင် ရခိုင့်ဦးဆောင်ပါတီ၏ ပါတီဥက္ကဌတာဝန်အား ဦးခင်နုက တာဝန်ယူ ဆောင်ရွက်နေသည်။ ရခိုင့် ဦးဆောင်ပါတီ၏ ရွေးကောက်ပွဲ ပြင်ဆင်ထားမှု၊ မြန်မာ့နိုင်ငံရေးအခြေအနေများ ကို AFP ပါတီ၏ ဥက္ကဌ ဦးခင်နုနှင့် ငြမ်းမီဒီယာ ကတွေ့ဆုံမေးမြန်းထားသည်။

ငြမ်းမီဒီယာ– ရခိုင်လူမျိုးနိုင်ရင်၊ရခိုင်ပါတီနိုင်ရင် ရခိုင်ပြည်နယ်ကို ကိုယ့်လက်ကိုယ့်ခြေ ပိုကောင်းအောင် လုပ်လို့ရတယ်ဆိုတော့ အခု ဦးညီပု ကရော ရခိုင်တိုင်းရင်းသားမဟုတ်ဘူးလား။ ဘယ်လို အမြင်ကွဲပြားမှု ရှိနေတာလဲ။ရခိုင်တိုင်းရင်းသား တစ်ယောက် ရခိုင်ပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်နေတာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို အနည်းနဲ့အများ ကောင်းအောင် မဖန်တီးပေးနိုင် ဘူးလား။

UKN – ဦးညီပုက ရခိုင်တိုင်းရင်းသားတစ်ယောက်ဆိုတာ မှန်တယ်။ သို့သော်သူ့ကို နောက်ကွယ်က ကြိုးကိုင် တာက NLD။NLD ပါတီရဲ့ ကိုယ်စားလှယ်ဖြစ်တယ်။သူ့ပါတီ ညွှန်ကြားမှု၊ လမ်းညွှန်မှုနဲ့ သွား မှာ။ နံပါတ်တစ် ပြောမယ်ဗျာ။ အခု တိုင်းရင်းသား ပြည်နယ်တိုင်းမှာ တိုင်းရင်းသားပါတီတွေထဲက အနိုင်ရတဲ့ပါတီတွေကို အစိုးရ ဖွဲ့ခွင့်မပေးတာ ဗဟိုအစိုးရ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဗဟို အစိုးရက အင်မတန်တင်းကြပ်တဲ့ ချုပ်ကိုင်မှုပဲ။ ဒါဘာကြောင့် ချုပ်ကိုင်လဲဆိုတော့ အရေးကြီးတာ ပြောရင် ဘဏ္ဍာ ရေး ကော်မရှင်။ဘဏ္ဍာရေး ကော်မရှင်မှာတိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ပါတယ်။ပါတဲ့အခါကျတော့ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးကို ဝန်ကြီးချုပ် က သွားတက်တယ်။ ဗဟိုအစိုးရက မင်းဒီလောက်ယူ။ဒီလောက်သုံး ဘာမှပြန်မပြောနဲ့။ ဒီအတိုင်း ပြန်လာတာ။ ဆိုတော့ ရခိုင်ပြည်နယ်က ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဖြစ်နေတယ်။ ဘတ်ဂျတ်ခွဲတော့လည်း အနိမ့်ဆုံး ဖြစ်နေ တယ်။ ဒေါက်တာအေးမောင်တို့ပါတယ်ဆိုရင် ပြန်ပြော မှာပေါ့။ဟာ…ကျနော်တို့ရခိုင်ပြည်နယ်က အနိမ့်ကျဆုံး ဖြစ်နေတယ်။ ဘတ်ဂျတ်ခွဲ တာ ကျန်တဲ့ပြည်နယ်နဲ့တိုင်းနဲ့ယှဉ်ရင် နည်းနေတယ်။အဲဒီတော့ ဘတ်ဂျတ် တိုးပေးပါ။အဲဒီလိုမျိုး ပြန်ချေပမယ်။ ပြန်ပြောမယ်ပေါ့ဗျာ။ အဲဒီလို ပြန်ပြောနိုင်တဲ့ လူတွေ ရှိဖို့လိုတယ်။ ကျနော်တို့ ဟိုတုန်းကဆို ပါလီမန်ခေတ်ကဆို အမတ်တွေက ဘတ်ဂျတ်ခွဲပြီဆိုရင် အချေအတင် ပြောကြတယ်။ ကိုယ့်ဒေသအတွက်၊ကိုယ့်ရဲ့ဒေသစီမံကိန်းတွေအတွက် ငြင်းကြ တယ်။ အခု ဘာအသံမှ မထွက်ဘူး။ ကြံ့ခိုင်ရေးကလည်း မထွက် ဘူး။NLD ကလည်းမထွက်ဘူး။ ဘာလို့လဲဆိုတော့ သူ့ လူတွေလေ။ ပြန်ပြောရင် ပါတီကို အာခံရမယ်။ ဆိုတော့ပေးသမျှယူပြီးရသမျှနဲ့ပြန်လာရတယ်။ ဒေါက်တာအေးမောင်တို့ ဆိုရင် တောင်းမှာ။ ဘဏ္ဍာရေး ကော်မရှင်ကို ပြောမှာ ဆိုမှာ။ နှိုင်းယှဉ်ပြမှာ။ အဲဒါတွေကို ကြောက်တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– အခုရခိုင်ပြည်နယ်မှာ မတည်ငြိမ်ဘူး။ရွေးကောက်ပွဲ အခြေအနေကလည်း ရွေးကောက်ပွဲ ဝင်မယ့်နိုင်ငံရေးပါတီတွေ ကိုယ်တိုင် ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်၊မဖြစ် တပ်အပ် မပြောနိုင် သေးဘူး။အဲဒီတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ နိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ခွင့်အခြေအနေမပေးဘူး ဆိုရင်ရော ဘာတွေ ရှိလာနိုင်မလဲခင်ဗျ။

UKN – အဲဒါက တော်တော်ကြီးမားတဲ့ပြဿနာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပါတီထောင်တယ်ဆိုတာ ရွေးကောက်ပွဲဝင်ဖို့။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပါပြီးသား။ ပါတီ တစ်ခု ထောင်ပြီး မဲဆန္ဒနယ် (၃) ခုမှာ အနည်းဆုံး ရွေးကောက်ပွဲ ဝင်ရမယ်။ သုံးခု မဝင်ရင် အဲဒီပါတီပျက်မယ်။ ရခိုင်မှာ ရွေးကောက်ပွဲ မဖြစ်ဘူးဆိုရင် ကျနော်တို့ ဘာလုပ် မလဲ။ကျနော်တို့ ရခိုင်ပါတီတွေက ရခိုင်မှာ ရွေးကောက်ပွဲ မလုပ်ရင် ကျနော်တို့ ဘယ်မှာ သွားပြိုင်ရမှာလဲ။ ပြည်မမှာ လာပြိုင်မလား။နိုင် နိုင်စရာ ဘာမှမရှိဘူး။ ဒါဆိုရင်တော့ သဘာဝမကျဘူး။ ကျနော်တို့ ဟာ တစ်ပြည်လုံးမှာ စည်းရုံးဖို့ဆိုပြီ မှတ်ပုံတင် ထားတဲ့ပါတီဖြစ်တယ်။ ရခိုင်ပြည်နယ် တစ်ခုတည်းမဟုတ်ဘူး။ တချို့ကျ တော့လည်း ရခိုင်ပြည်နယ်မှာပဲစည်းရုံးဖို့ဆိုပြီး ထားတဲ့ ခမီးပါတီ၊ဒိုင်းနက် ပါတီဆိုတာ တွေရှိ တယ်။ သူတို့ ကျတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မဖြစ်ဘူးဆိုရင် သူတို့ တခြား နေရာမှာ ပြိုင်ခွင့်လည်း မရှိဘူး။ ဒါက ဥပဒေရဲ့ ပြဿနာ။ ဆိုတော့ ဒီပါတီတွေဟာပြိုင်ချင်ရက်နဲ့ အစိုးရက မကျင်းပပေးဘူးဆိုရင် ဒါဆိုပါတီဖျက်သိမ်းသွားမလား။အဲဒီ Issue တစ်ခုကလည်း ရှိတယ်။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ လုံးဝမဖြစ်ဘူးဆိုရင် အစိုးရအနေ နဲ့ သိက္ခာကျတယ်။ ရှင်းရှင်းပြောရ ရင် ရခိုင်တစ်ပြည်လုံး နယ်မြေ မတည်ငြိမ်ဘူးပေါ့ဗျာ အစိုးရသိက္ခာကျမယ်။ ကျနော်ခုနကပြော သလိုပဲ (၉)နေရာ(၁၀)နေရာ လောက်တော့ လုပ်ပေးလိမ့်မယ် ထင်တယ်။

ရခိုင်ပြည်သူက ဘာဖြစ်လဲဆိုတော့ ပါတီနိုင်ငံရေး လမ်းကြောင်းကသွားလို့ လွှတ်တော် ကိုယ်စားလှယ် ဘယ်လောက်ပဲနိုင်နိုင် ဘာရုပ်မှ ပေါ်မှာမဟုတ်ဘူးဆိုတဲ့ ခံယူချက်တွေ၊အမြင်တွေ ပြောင်းသွားတယ် …

ငြမ်းမီဒီယာ– အခုစစ်ဘေးရှောင်စခန်းမှာ ရောက်နေတဲ့ စစ်ဘေး သင့်သူအရေအတွက်ကလည်း တိုးလာနေတာတွေ့ရတယ်။AA ကို ရခိုင်ပြည်သူတွေကလည်း ထောက်ခံတယ်လို့ ပြောဆိုတာတွေ ရှိတော့ ဘာကြောင့်ထောက်ခံတယ်လို့ထင်လဲဗျ။

UKN – ရခိုင်ပြည်သူတွေ ခံစားချက်တွေကအခုချိန်မှာ အန်ပြီးထွက်လာတယ်ပေါ့ဗျာ။ ရခိုင်ပြည်နယ်တိုးတက်မှု အခြေအနေကို ကြည့်လိုက်။ လမ်းပိုင်းကြည့်လိုက်၊ တံတားကြည့်လိုက်၊စာသင်ကျောင်းတွေ ကြည့်လိုက်။ ရခိုင်ပြည်က စီးပွားရေး လုပ်ငန်းတွေ စက်မှုဇုံ ဆိုပြီး သုံးခု၊လေးခု စီမံကန်းထဲမှာ ချထားတယ်။မောင်းတော စက်မှုဇုံ၊ပုဏ္ဏကမန်စက်မှုဇုံ၊ အဲလို တွေက စာရွက်ထဲမှာပဲ ရှိတယ်။ ဘာမှ မရှိဘူး။ဆိုတော့ လူတွေက ဆင်းရဲ ငတ်မွတ်ကြတယ်။ ကိုယ့်ဒေသကိုစွန့်ခွာပြီးတော့ ဖားကန့်ကိုသွားလိုက်၊ မလေး သွားလိုက်၊ ထိုင်းသွားလိုက်၊ သွားအလုပ်လုပ်ရတယ်။ ဒါဘာကြောင့် လဲ ဗဟိုအစိုးရရဲ့ ကျနော်တို့ပြည်နယ်ကို ဥပေက္ခာပြုမှုပေါ့။ ရခိုင်ပြည်နယ် တိုးတက်မှုကို လုံး၀ ဥပေက္ခာပြုမှု။ ဒီလိုအနေအထား မျိုး ရှိတဲ့နေရာ။နောက်တစ်ခါ ဘာစဉ်းစားလဲဆိုတော့ ရှမ်းရှိတယ်။ ကချင်ရှိတယ်။သူတို့က လက်နက်ကိုင်ရှိတယ်။ ဘယ်လိုပြောရ မလဲ။ လက်နက်ကိုင်ရှိတော့ အစိုးရက နည်းနည်း အဖက် လုပ်တယ် ပေါ့ဗျာ။အဲလိုခံစားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သိသာတဲ့ အနေအထား။ ရခိုင်ပြည်နယ်က တောက်လျောက် ဘာမှ လက်နက်ကိုင် မရှိခဲ့ဘူး။အဖြူရောင် သက်သက်နယ်မြေ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်က ဘာမှမတိုးတက်ခဲ့ဘူး။ ဘာမှမတိုးတက်တဲ့အပြင် ပိုတောင်မှ နှိပ်ကွပ်ခံရသေးတယ်။အဲဒီလို အနေအထားမျိုး ရှိနေတဲ့ အခါကျတော့ မိသားစု တစ်စုမှာ သားဆိုးတစ်ယောက်ရှိရင် အဲဒီမိသားစုကိုသော် လည်းကောင်း၊ ညီအစ်ကိုမောင်နှမကိုသော်လည်းကောင်း သာမန် အားဖြင့် မစော်ကားရဲဘူးပေါ့ဗျာ။ အဲဒီအမြင်ကလည်း ရှိတယ်။နောက်တစ်ခု က ဖိနှိပ်မှုက များလာတဲ့ အခါကျတော့ ဒီဖိနှိပ်မှုမှာ ရုန်းကန်ဖို့ အတွက်တွန်းအား ဖြစ်လာတယ်ပေါ့ဗျာ။ ဖိအားများတဲ့အခါ တွန်းအာပြန်တက်လာတဲ့ သဘောပေါ့။ ဒီလိုသဘောမျိုးပါ။

ငြမ်းမီဒီယာ– ရခိုင်ပြည်နယ်က မဖွံံ့ဖြိုးဘူး။ အခုရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တပ်ရှိနေပြီ။ အဲဒီတော့ ဒီလိုလက်နက်ကိုင် တပ်ရှိခြင်းအားဖြင့် နောင်ငါးနှစ်၊နောင်ဆယ်နှစ်။ ရခိုင်ပြည်နယ်က ရော ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ ယူဆထားတာလား။

UKN – အခု ပြည်သူတွေက အစိုးရအပေါ်မှာ ပြည်သူတွေက ယုံကြည် အားကိုမှုမရှိတော့ဘူး။ အစိုးရက လက်နက်ကိုင် အား မကောင်းဖို့ အတွက် ပြည်သူကို ယုံကြည်အောင် လုပ်ပေးရမယ်။တစ်ဖက်ကမ်းပြိုရင် တစ်ဖက်သောင်ထွန်းပေါ့။ ဒီဘက်ကို မပါစေ ချင်ဘူးဆိုရင် ပြည်သူကိုဖွံ့ဖြိုးအောင်လုပ်ပေး။ ပြည်သူကို ဖွံ့ဖြိုးအောင်လုပ်ပေးရင် AA ကို ပြည်သူက မထောက်ခံဘူး။ အခုက အနေကြပ်၊ အစားကြပ်။ကြပ်တည်းမှု ပေါင်းစုံနဲ့ ရခိုင်တွေက ရင်ဆိုင်နေရတာ။ဒါတစ်နှစ် မဟုတ်ဘူး။ ကြာလှပြီ။AA ရှိတဲ့အတွက် သားဆိုးသမီးဆိုးရှိတဲ့အတွက် သူတို့ကိုတော့ ငါတို့ပစ်ထားလို့မရဘူး။ ဟိုဘက်ကို မရောက်ဖို့ အတွက် ဒီဘက် ပြည်သူတွေကို စည်းရုံး ရမယ်။စည်းရုံးမယ်ဆိုရင် ဖွံ့ဖြိုးမှုတွေဘာတွေ၊စက်ရုံတွေ ဆောက်ပေးမယ်။ စီးပွားရေးဇုံတွေ လုပ်ပေး မယ်။ဆိုတော့ အလကားနေရင်း စစ်ရဲ့အနိဌာရုံကို ပြည်သူတွေ သိပါတယ်။ မလိုချင်ပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– အစိုးရပိုင်း ခေါင်းဆောင်တွပြောဆိုတာတွေလည်း ရှိပါတယ်။ မတည်ငြိမ်တဲ့ ဒေသကို ဖွံ့ဖြိုးရေးလုပ်လို့မရဘူး ဆိုတာမျိုး ပြောဆိုထားတာတွေရှိပါတယ်။ ဒီအပေါ်ကိုရော ဆွေးနွေေးပးပါဦး။

UKN – မတည်ငြိမ်တဲ့ဒေသကိုဖွံ့ဖြိုးရေးလုပ်လို့မရဘူး ဆိုတော့ ရခိုင်ပြည်နယ်တည်ငြိမ်ခဲ့တာ နှစ်ပေါင်းများစွာ။ အခုမှ AA ပေါ်လာတာ သုံးနှစ်ပဲ ရှိသေးတယ်။ ပြီးခဲ့တဲ့ နှစ်ငါးဆယ် ။ခြောက်ဆယ်ကိုကြည့်လိုက် တည်ငြိမ်ခဲ့ တာမှတော်တော်ကို တည်ငြိမ်ခဲ့တာ။သူပုန်ဆိုလို့ တစ်ယောက်မှ မရှိဘူး။ ဖွံ့ဖြိုးခဲ့ သလား။ဒါကြည့်ဖို့လိုတယ်။ ဖွံ့ဖြိုးမှုနဲ့တည်ငြိမ်မှုဟာ တိုက်ရိုက် အချိုးကျတယ်။မှန်တယ်။ ရခိုင်ပြည် အရမ်းတည်ငြိမ်ခဲ့တာ။ သူပုန်မရှိဘူး။လက်နက်ကိုင် မရှိဘူး။ ဖြူစင်ခဲ့တယ်။ အဖြူရောင်မှ အဖြူရောင်စစ်စစ် နယ်မြေဖြစ်ခဲ့တယ်။ဘာဖွံ့ဖြိုးခဲ့သလဲ။ ဒီလိုမျိုးပေါ့။ဒါ နှိုင်းယှဉ်စရာပါ။

ပြည်သူတွေက နိုင်ငံရေးနားမလည်ဘူး။ စားဝတ်နေရေးတအားကြပ်တယ်။ဆင်းရဲတယ်။ ရခိုင် ပြည်နယ်မှာဆို တချို့ရွာတွေ၊မြို့တွေမှာ လူငယ်လူရွယ် မှန်သမျှ အကုန် အပြင်ရောက်ကုန်တာ။ရွာတွေမှာ …

ငြမ်းမီဒီယာ– ရခိုင်ပြည်နယ်က တည်ငြိမ်ခဲ့တာ တောက်လျောက် ဆိုတော့။ ဒီနိုင်ငံရဲ့လုပ်ခွင့်သာခွင့်ပေါ့။ အချိန်ကာလပေါ့။ဥပမာ အခုလို ရွေးကောက်ပွဲတွေကျင်းပ လာနိုင်တာမျိုး။နောက်တစ်ခုက ဒီနိုင်ငံ အနှံမှာ ရှိနေတဲ့ မဖွံ့ဖြိုးသေးတဲ့ ပြည်နယ်တွေ၊ တိုင်းဒေသကြီး တွေ ဖွံ့ဖြိုးတိုးတက်ရေးက ဒီအချိန်ကာလလေးနဲ့ လုံလောက်ပါ့မလား။

UKN – မဟုတ်ဘူး။ရှေးကိုပါကြည့်ရမှာ။ စစ်အစိုးရပဲ အုပ်ချုပ်…အုပ်ချုပ်။မဆလ အုပ်ချုပ် အုပ်ချုပ်၊ဒါက ဗဟိုအစိုးရ အုပ်ချုပ် နေတာ။စစ်အစိုးရလက်ထက်ကလည်း ဗဟိုအစိုးရ အုပ်ချုပ်နေ တာ။မဆလခေတ်လည်း ဗဟိုအစိုးရပဲ။ အခုလည်း ဗဟိုအစိုးရပဲ။ ဆိုတော့ ဒီကာလဆိုတာလည်း ရွေးကောက်ပွဲ လုပ်ပြီး အစိုးရေ ပါ်လာတာကို ကွက်ပြောလို့မရဘူး။ တောက်လျောက်က သူတို့ပဲ စီမံနေတာပဲ။ဝန်ကြီးချုပ်နဲ့ပဲသွားသွား၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ပဲ အုပ်ချုပ်အုပ်ချုပ်၊ နာမည်သာ ပြောင်းသွားမယ်။ ခေါင်းပေါင်းနဲ့ယူနီဖောင်း ပြောင်းရင် ပြောင်းသွားမယ်။ ဒါပဲ။ တကယ်လုပ်ပေးချင်ရင် လုပ်လို့ရပါတယ်။

ငြမ်းမီဒီယာ– ကိုယ့်ပြည်နယ်ကိုယ်စီမံခွင့်ပေါ့။

UKN – ကျနော်တို့ပြည်သူတွေက နိုင်ငံရေးနားမလည်ဘူး။ စားဝတ်နေရေးတအားကြပ်တယ်။ဆင်းရဲတယ်။ ရခိုင် ပြည်နယ်မှာဆို တချို့ရွာတွေ၊မြို့တွေမှာ လူငယ်လူရွယ် မှန်သမျှ အကုန် အပြင်ရောက်ကုန်တာ။ရွာတွေမှာ အဘွားကြီးတွေ၊ ကလေးတွေ ဒါပဲကျန် ခဲ့တာ။ဒီလိုအနေအထားမျိုးတွေ ရှိတယ်။ တချို့ရွာတွေမှာဆို အသုဘချရင်တောင် မိန်းမတွေဦးဆောင်ပြီး ချရတာ။အဲဒီလောက်ထိ လူငယ်အင်အားတွေ ပြုန်းတီးတာ။ ဒါဖြင့်ဘာကြောင့်လဲ။ကျနော်တု့ိ ရခုင်ပြည်နယ်မှာ သံယံဇာတတွေ အများကြီးပေါတယ်။ ရှိတဲ့ လူသားအရင်းအမြစ်အပြင်ထွက်သွားရင် ကျနော်တို့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ဖို့ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ဖို့လုပ်ဖို့ အများကြီး ကျနော်တို့ဆုံးရှုံးသွားတာပေါ့။ လူတွေကဘာလဲဆိုတော့ AA ကိုထောက်ခံတယ် ဆိုတာက ဒီဘက်က ခံစားချက်ကြောင့် ထောက်ခံ တာ။ဒီဘက်က အစိုးရက ကျနော်တို့ကို ခေတ်အဆက်ဆက် က ဒီလိုပဲ ဥပက္ခော ပြုထားခဲ့ တာဆိုတဲ့အနေအထားတွေ မရှိခဲ့ဘူး ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူမပါရင် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖြစ် ရပ်တည်လို့ မရဘူး။ပြည်သူကိုပါအောင် သူတို့က နှစ်ပေါင်းများစွာ မစည်းရုံး ခဲ့ဘူး။ ရှင်းရှင်းပြောရရင် ရခိုင်ပြည်မှာ ဆိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအကြီးကြီးပဲ။ နိုင်ငံခြားတောင် ရောင်းစားလို့ရတယ်။ စီမံကိန်းတင်ပြလိုက် ခါးတောင်းကျိုက်လိုက်၊ ပြန်လျှော့ချလိုက် ၊ခါးတောင်းကျိုက်လိုက် ကျနော်တို့သက်တမ်း(၆၃)နှစ်အတွင်းမှာကို သုံးခါလောက်ရှိပြီ။ ကျနာ်တို့ပြောစကားတွေရှိတယ်။ လုပ်ပြထား၊ ဟန်ပြထား ကျားသေကိုအသက်မသွင်းနဲ့ ရခိုင်ပြည်နယ် လျှပ်စစ်ရသွားမယ်။လျှပ်စစ်ရသွားရင် တိုးတက်သွားမယ်။ ကျားသေကို အသက် မသွင်းပါနဲ့ဆိုတာ တာဝန်ရှိတဲ့လူကြီးတွေ ပြောခဲ့တယ်ဆိုတာ ကျနော်တို့ တဆင့်စကား ကြားမိတာ ရှိတယ်။ နောက်တစ်ခါ ဒီမှာ သဘာဝ ဓာတ်ငွေ့။ ရွှေဂတ်စ်ထုတ်တယ်။ ရောင်းတယ်။ရခိုင်ပြည်သူတွေ ဘာမှမသိရဘူး။ရခိုင်ပြည်သူတို့ခံစားရမှု ဘာရှိလဲ ဘာမှမရှိဘူး။ ဒါတွေက ခံစားချက်တွေပဲ။ ရခိုင်ပြည်နယ်ဂတ်စ်ထွက်တယ်။ရခိုင်ပြည်နယ် လျှပ်စစ်မရဘူး။ ဂတ်စ်တာဘိုင်လေး တစ်လုံးထိုင်ပေးလိုက်ရင် ရခိုင် တစ်ပြည်နယ်လုံး ပေးလို့ရတယ်။ မလုပ်ပေးဘူး။ ဂတ်စ်တာဘိုင်ကို ဟိုး … မကွေးမှာသွား လုပ် တယ်။ မကွေးကမှ ကျနော်တို့ဆီကို တဆင့်ပို့တယ်။ဒီမှာထိုင်ရင် ဒီကနေ မကွေးကို ပို့လို့ရတယ်။ သို့သော်ရခိုင်ပြည်နယ်မှာ မထိုင်ဘဲ မကွေးမှာဘာလို့ သွားထိုင် တာလဲ။ရင်းနှီးမြှုပ်နှံမှုတွေက ရခိုင်ပြည်မှာ မရှိဘူးပေါ့ဗျာ။ ဒါလေးတွေလည်း စဉ်းစားဖို့ လိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– အဲဒီတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင့်ဦးဆောင် ပါတီက ဘာတွေမျှော်လင့်ထားသလဲ။

UKN – ရခိုင့်ဦးဆောင်ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့က အစိုးရတစ်ရပ် ဖွဲ့နိုင်လောက် သည်အထိ လွှတ်တော် ကိုယ်စားလှယ်တွေ အနိုင်ရဖို့ မျှော်မှန်းတယ်။ အစိုးရဖွဲ့ဖို့ တောင်း မယ်။ အခု လက်ရှိအခင်းအကျင်းက လည်း ရခိုင်ပြည်နယ်မှာ ဒီလိုပြဿနာတွေဖြစ်လာတာ စကားဆက်ပြောရရင်ဒေါက်တာအေးမောင် ရွေးကောက်ပွဲ နိုင်တယ်။ ဆောရီး။ ပါတီပေါ့။ANP ပါတီ နိုင်တယ်။ NLD က ရခိုင်ပြည်နယ်မှာ သုံးယောက်ပဲနိုင်တယ်။ ရာခိုင်နှုန်းခုနှစ်ဆယ်အထက်။ရှစ်ဆယ် လောက်ရှိမယ်။ အစိုးရ ဖွဲ့ခွင့် တောင်းတယ်။ မပေးဘူး။မပေးတဲ့ အခါကျတော့ ရခိုင်ပြည်သူက ဘာဖြစ်လဲဆိုတော့ ပါတီနိုင်ငံရေး လမ်းကြောင်းကသွားလို့ လွှတ်တော် ကိုယ်စားလှယ် ဘယ်လောက်ပဲနိုင်နိုင် ဘာရုပ်မှ ပေါ်မှာမဟုတ်ဘူးဆိုတဲ့ ခံယူချက်တွေ၊အမြင်တွေ ပြောင်းသွား တယ်။ တကယ်လည်း ဟုတ်တယ်။ဒေါက်တာအေးမောင်ကလည်း အစိုးရဖွဲ့ခွင့်တောင်းခဲ့ တယ်။ ပေးပါ။ကျနော်တို့ပါတီ အများဆုံး အနိုင်ရခဲ့တယ်။ မပေးဘူး။အဲဒီအကျိုးဆက်တွေ အခုပေါ်လာ တာပဲ။ ပြည်သူတွေ ခံစားချက်က ပါတီနိုင်ငံရေးလမ်းကြောင်းသွားလို့ ဘာရုပ်ပေါ်မှာလဲ၊ ဘာလုပ်မှာလဲဆိုတဲ့ အမြင်မျိုး မြင်သွားတယ်။ ဒါပေမယ့် ၂၀၂၀ မှာ အခင်းအကျင်းက တစ်မျိုးပြောင်းလာ လိမ့်မယ်လို့ထင်တယ်။ လက်ရှိ အနေအထားအရဆိုရင် NLD က သူတစ်ယောက်တည်း သောင်ပြို ကမ်းပြို ဗိုလ်စွဲ နိုင်လိမ့်မယ်လို့ ကျနော် မမျှော်လင့်တော့ဘူး။ ညွှန့်ပေါင်းတစ်ရပ်ရပ်က ဖြစ်လာလိမ့်မယ်။ညွှန့်ပေါင်းဆိုရင် ညှိရလိမ့်မယ်။ ညှိတဲ့အခါ အများစု နိုင်တဲ့ပါတီကို ဗဟိုမှာလည်း ကျနော်တို့ကိုယ်စားလှယ်ရဲ့မဲတွေရှိသေးတာကိုး။ရှိတဲ့အခါကျတော့ အတိုင်းအတာ တစ်ခုထိ ညှိလာလိမ့်မယ်။ညှိတဲ့အခါ ကျနော်တို့ အများဆုံးနိုင်ထားရင် ကျနော်တို့အစိုးရ ဖွဲ့ခွင့်ရမယ်။ အစိုးရဖွဲ့ခွင့် ရရင်ကျနော်တို့လက်ခြေ နဲ့လုပ်လာနိုင်မယ်။တချို့ကိစ္စတွေ ကိုကျနော်တို့ ကျော်လွှားပြီးလုပ်လာနိုင်မယ်။ ဘတ်ဂျတ်တောင်း တာကအစပေါ့။ ရခိုင်ပြည်နယ် မှာ လက်ရှိအခြေအနေက ဘာဖြစ်နေသလဲ ဆိုတော့ ရခိုင်မှာ ကြံတွေထွက်တဲ့နေရာရှိ တယ်။ကြံ၊ သကြားထွက်တဲ့နေရာ ရှိတယ်။ အဲဒီမှာအရက်ချက်စက်ရုံ တည်မယ်။ တည်ခွင့် မပေးဘူး။ မင်းတို့လိုချင်တဲ့အရက်ကို အကုန်လုံးဒီကချပေးမယ်။ တစ်လကိုပေပါ နှစ်သန်းလိုလား။ ဒီကချပေးမယ်။ဒီလိုဟာတွေပေါ့။ကိုယ့်အစိုးရဖြစ်ရင် ကိုယ့် တိုင်းရင်းသား လုပ်ငန်းရှင်ကို လုပ်ငန်းချပေးမယ်။ဒီလိုမျိုးတွေ ရှိလာမှာပေါ့။

ငြမ်းမီဒီယာ– ရခိုင်ပြည်နယ်မှာ ရခိုင်တွေဦးဆောင်တဲ့ အစိုးရဖွဲ့ခွင့် ရရင် ရခိုင်ပြည်နယ်ရဲ့အခြေအနေ တစ်မျိုးပြောင်းသွားမယ်ပေါ့။

UKN – လက်ရှိ NLD ဝန်ကြီးချုပ် အုပ်ချုပ်တာ၊ စီမံခန့်ခွဲတာထက် ပိုပြီးကောင်းသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်တိုက် တွန်းတွန်း လုပ်မှာလေ။ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲက ရှိတာကို အပြည့်လုပ်မှာ။ရခိုင်မှာ တိုးရစ်စင်လုပ်ငန်းတွေ ကောင်းကောင်း လုပ်ပေးလို့ရတယ်။

ငြမ်းမီဒီယာ– အခု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကရောဒါတွေကို မလုပ်ဘူးလား။ဘာတွေလိုအပ်နေတာလဲ။

UKN – အင်း…ဦးညီပု က လုပ်ဖို့အတွက်သူ့မှာ ကန့်သတ်ချက် တွေ အများကြီးရှိတယ်။အခုဟာပြောမယ်ဆိုရင် စစ်ဘေးရှောင် တွေ အတွက် သူဘာမှ မလုပ်ပေးနိုင်ဘူး။ဘာမှအကူအညီမပေးနိုင်ဘူး။ အဲဒီတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ Risk ယူပြီးတော့ ပေးနေရတယ်။ စစ်ဘေးရှောင်တွေကို ဘာမှေ ဒါသထွက်လို့မရဘူး။သူတို့သည် သူတို့လိုလားလို့ဖြစ်တာ မဟုတ်ဘူး။သူတို့သည် သူတို့ဒေသမှာ ပဋိပက္ခတွေဖြစ်လို့ နေရပ်ကိုစွန့်ခွာလာခဲ့ကြတာ။ ဒုက္ခသည်တွေ။ ဒီဒုက္ခသည်တွေကိုကူညီရမယ်။ လူသားချင်း စာနာထောက်ထားရမယ်။ ဒါတွေကို သူဘာမှ မလုပ်ပေးနိုင်ဘူး။ သူဘာကြောင့် မလုပ်ပေးနိုင်တာလဲ ဆိုတော့ သူ့မှာအခက်အခဲတွေရှိတယ်။ သူလုပ်ချင်တိုင်း လုပ်လို့ မရဘူး။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ဒေါက်တာအေးမောင်ရဲ့ လူသိများကျော်ကြားမှုကို ဂျေ(Jealous)ဝင်တယ်ထင်တယ်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,