ပျော်လိုသူ တစ်ဦးရဲ့စာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Dino Airosa/သဘာ၀ တရာကြီး သက်တော်ထောင်သောင်း၊ကုဋေ ရှည်ပါစေဟု တောင်းဆုပြုသည်။

ဘဝသည် မိုးရေစက်လေးတစ်စက်နှင့်ပင် တူနေသေးသည်။ အကြောင်း အမျိုးမျိုးကြောင့် ရောက်လာကြသည်။ အကြောင်းအမျိုးမျိုးကြောင့် ရောထွေးသွားကြသည်။အကြောင်း အမျိုးမျိုးကြောင့် ပျောက်ကွယ် သွားကြသည်။ ဆင်းရဲမွဲတေမှု၊ရောဂါထူပြောမှုက လွဲပြီး အရာရာ ခက်ခဲလွန်းလှသော၊ တပ်မက်စရာတွေ များလှသောခေတ်ကြီးမှာ …

“ အပျော်ဆိုတာရယ် ငွေကုန်ခံနိုင်ရင် အကောင်းဆုံးပဲ ပွဲကြိုက်တဲ့ ခင်နှမရယ်
အအိပ်ပျက်တယ်၊ အစားပျက်တယ် ၊ဓာတ်ပြား တစ်ပြားလောက် ဖွင့်ကာနေကြမယ်…”

ငွေကုန်ခံနိုင်တာနဲ့ ပျော်တာနဲ့ ဆက်စပ်နေတာလား။ဒါမှမဟုတ် ဆက်စပ်သလို ရှိနေတာလား။ ငွေကုန်ပြီး မပျော်သူများကို တွေ့နေ ရသည်။ ငါပျော်နေသည် ဟုေပြောဖို့ ၊ပြောနိုင်ဖို့ ပျော်ရသလို ပင်။ ထိုအပျော်ကြီးများ ကိုတွေ့တော့ ဘယ်နှယ့် အပျော်ကြီးတွေတုန်း။ ဒီလိုတော့ ဖြင့် မပျော် ချင်။ သည်တော့ သီချင်းထဲကလို ဓာတ်ပြား (အခုတော့ ဓာတ်ပြားမဟုတ်တော့) ဖွင့်ကာနေပြီး အပျော်များ ကူးလာလေမလား။’ဒါဆိုရင်ရောပျော်လေမလား။

ပွဲကြိုက်ခင်သီချင်း။သည်သီချင်းကိုယူကျု့ကနေ နားထောင်ဖြစ်သည်။ ငယ်စဉ်ကတော့ သိပ်မကြိုက်လှ။ အခုနားတွေ့နေသည်။ အဖန်ဖန် နားဆင် မိနေသည်။ ဟောင်းလေ ကောင်းလေ ဆိုတာမျိုးလား။ စိတ်တွေ မလတ်ဆတ်တော့ တာလား။အသစ်အသစ်တိုနှင့် အံဝင်ခွင်ကျ မဖြစ်တာ လား။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင် မိနေသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စိတ်ကဟိုရောက်၊သည်ရောက်။ဖြစ်ချင်တာတွေ များလွန်းတော့လည်း ပင်ပန်းရသည်။ ကျွန်တော့်နှယ် ဘဝမှာ ဘာဖြစ်ချင်တာလဲ။ အချိန်တွေ တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီး တစ်နှစ်။ဖြစ်လို သည်များ၊ဖြစ်ချင်သည့် ဆန္ဒများ က လိုင်းကား စီးရသလိုပင် ရောက်လို သည့်နေရာ ဆင်းလိုက်သော်လည်း နောက်ထပ်သွားရမည့် နေရာက ပေါ်လာပြန်သည်။မတည်မြဲ၊မရေရာ။ ထိုအခြေအနေများ။

ငါဘာဖြစ်ချင်တာလဲ။သည်လို ခဏခဏမေးဖူးသော်လည်း ဘယ်တော့မျှ တိတိကျကျ အဖြေမရ။ ကိုယ့်ကိုယ်ကိုယ် သိရမည့် ကိစ္စက အခြား အခြားသော ကိစ္စများနှင့်ရောထွေးကာ မှေးမှိန် သွားသည်။ သို့သော် ကျွန်တော်လျောက်နေသည်။ ကျွန်တော်ရပ်မနေ။ ကျွန်တော် ရပ်နေ လို့မရ။ ကျွန်တော်ဘယ်ကို ရောက်နေပြီလဲ။ ကျွန်တော် ဘယ်ကို လျောက်နေတာလဲ။ မသေချာ။မသေချာမှုတွေက ကျွန်တော့်ကိုလေးလံ စေသည်။ ထုံမှိုင်းစေသည်။ ကျွန်တော် မပျော်။

သည်တော့ ပျော်သလိုလေး နေကြည့်ချင်သည်။ပျော်ရတာလေး တွေ တွေးချင်သည်။ ပျော်ရတာ လေးတွေပြောချင်သည်။ ပျော်တတ်သော၊ ပျော်ရန် အလိုရှိသောမိတ်ဆွေများနှင့် ဝိုင်းဖွဲ့လို သည်။ခင်ဗျားနှယ် အပျော်ထဲက မထွက်နိုင်ပါလားဟု မိတ်ဆွေ ဆိုချင်ဆိုမည်။ သည်မောင့်ခ မျာ ပျော်ချင်သည်ကိုး။ စိတ်ပျော်တာ၊ဘဝကနေပျော်တာ ကောင်းသည်ဟု လက်ခံထားမိ သူကိုး။ မိတ်ဆွေလည်း လက်ခံမည် ထင်။ထိုထိုသဘောကိုလက်ခံပါလျက် မပျော်တာ မဆိုးလွန်းဘူး လားဗျာ။

မိတ်ဆွေတွေ၊မိတ်ဆွေ မဟုတ်သော တခြားသူတွေ လည်းပျော်ပါစေ ဟုတောင်းဆုပြုသည်။ တောင်းဆုတိုင်းသည် ပြည့်တန်ရာ မဟုတ်သော် လည်း သူသူငါငါ အပေါ်ထားသော ကောင်းသည့် စိတ်သည် တခြား သူတွေ ကိုလည်းငြိမ်းရာ၏။ ကိုယ့်ကိုယ်ကိုယ်လည်း ငြိမ်းရာ၏ ဟု ကျွန်တော် ယုံကြည်သည်။

အေးငြိမ်းမှုသည် လူ၏စိတ်ကိုကြည်စေမည်။ အကြည်ဓာတ်လေး ရှိနေလျင် စိတ်ကနေလို့ ကောင်းမည်။ နေပျော်လို့ကောင်းသည့် အချိန်လေးတွေ ကို သူသူငါငါ ပိုင်ဆိုင်စေချင် သည်။ လိုသည် မဟုတ်လား။

မိသားစုနှင့် ထမင်းလက်ဆုံ စားရရင် ကျွန်တော်ပျော်မည်ထင်သည်။ မိတ်ဆွေများနှင့်ပေါ့ပေါ့ ပါးပါး စကားလက်ဆုံ ကျချင်နေမိသည်။ ဝိုင်းဖွဲ့ချင်နေမိသည်။ငယ်သူငယ်ချင်းများ ပြောမနာ ဆိုမနာများ။ သို့သော်နာနိုင်မည့် စကားတွေ၊အပြုအမူတွေတော့ မပါစေချင်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အတိတ်ကို ပြန်ပြောင်း ပြောချင်နေမိသည်။ အတိတ်သည် လတ်ဆတ်မှု မရှိတော့သော်လည်း တကယ့်ပျော်စရာတွေ၊ တကယ့်ဖြူစင်မှုတွေ၊ တကယ်ပေါ့ပေါ့ပါးပါးရှိတာတွေ၊ တကယ် လတ်ဆတ်ခဲ့ တာတွေက အတိတ်မှာသာရှိနေသည်ဟု ထင်နေမိသည်။သည်တော့လတ်လတ်ဆတ်ဆတ်နေ့ရက်များ၊ဖြတ်သန်းမှုများ ထုံမွှမ်းနေသော အတိတ်ကို စားမြုံ့ပြန်ချင်သည်ပေါ့။

အတိတ်ကိုလွမ်းလို့ကောင်းပါ့မလား၊ပျော်ပါ့မလားဆိုတော့။လွမ်းရင်း ပျော်ကြမည်။ လွမ်းလို့ ပျော်ရသည်ပေါ့။ အူကြောင်ကြောင်တော့နိုင် လှသည်။ လူတစ်ယောက်တွင် လွမ်းလို့ ကောင်းသည့် အရာများ ရှိနိုင်သည်။ လွမ်းလို့မကောင်းသည့် အရာများလည်း ရှိနိုင်ပေသည် မဟုတ်လော။ ပျော်နိုင်ဖို့၊ပျော်တတ်ဖို့၊ပေါ့ပေါ့ပါးပါး ရယ်မောဖို့ ကိုယ့်စိတ်ကိုယ် “တို့” နေရသည့် အချိန်တွေက နာကျင်စရာ ကောင်းသည်။

စကားစပ်မိလား၊မစပ်မိလားမသိ သို့သော် ပြောချင်သည့် အကြောင်းအရာလေး တစ်ခု ပေါ်လာသည်။ တလောက မိုးရွာထဲ လမ်းလျောက်နေတုန်း ဟေမာနေဝင်းသီချင်းတစ်ပုဒ်ကို ကြားမိသည်။ သည်သီချင်းကြားတာနဲ့ ငါးပေါင်းဆီပြန် အနံ့ က ခေါင်းထဲမှာ အလိုလို ပေါ်လာ သည်။ငါးသလောက်ပေါင်းလား။ဘာငါးလဲဆိုတာတော့ ကျွန်တော်မမှတ်မိ။ အဆက်အစပ် မ ရှိလိုက်တာ ဟု တွေးကောင်း တွေးမိပေမည်။သို့သော် ကျွန်တော်တို့ ငယ်စဉ်ဘဝက အင်မတန် စားကောင်းလှသော အဖွားလက်ရာ ဟင်းအတွဲအစပ်များထဲက တစ်ခု။ အင်မတန် အိထွေးပြီး အနှစ်အဖတ်များလှသော ငါးပေါင်း။ ချဉ်ပေါင် ရည်ကျဲ၊ ငါးပိဖျော် စပ်စပ်ကလည်း အင်မတန် မွှေးပြီး အင်မတန် ထမင်းမြိန်သည်။ သည်အတွဲအစပ်ကို သည်နေ့ထိ မမေ့။ မမေ့ဆိုတာ လည်း ဒီလို အချိန်လေးမျိုးမှာ လာပေါ်တာမျိုးဖြစ်သည်။

မိုးပေါက်ပေါက်ကျသည့် အချိန်၊သည်လို ဟေမာနေဝင်းသီချင်းက အတိတ်ကို ပြန်ခေါ်သည်။ သည်မိုးအေးအေးလေးနဲ့၊ ဟေမာနေဝင်း သီချင်းနဲ၊့ မြိန်သော ဟင်းကောင်းများနဲ့။ ပျော်ရ သည်။ပြုံးရသည်။ ပျော်ရ၊ပြုံးရသော အလွမ်း။သည်လို အလွမ်းကို ငယ်သူငယ်ချင်းတွေနဲ့ ပြန်လွမ်းချင်သည်။ အဖွားနဲ့၊အဖိုးနဲ့ တသောသောပြန်ပြောပြီး လွမ်းမိချင်ပြန်သည်။

ဆရာမင်းလူ ဝတ္ထုဖတ်ပြီး ဆယ်ကျော်သက်ဘဝပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်။ စာဖတ်ညောင်း လာလျင် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင် ဝိုင်းဖွဲ့။ လတ်ဆတ်ခဲ့တဲ့အချိန်တွေ။ စကား လက်ဆုံကျခဲ့တဲ့ လတ်ဆတ်တဲ့ ညနေခင်းတွေ၊ လတ်ဆတ်တဲ့ စုဖွဲ့မှုတွေ။ ပျော်စရာ ကောင်းသော အတိတ်ရဲ့ အချိန်တွေ ရှိခဲ့သော်လည်း ပျော်စရာကောင်းသော ပစ္စုပန်မရှိ။ ပျော်စရာကောင်းသော အနာဂတ်များ ရှိလေမလား။ လှမ်းမျှော်ကြည့်သော်လည်း မသေချာ။

ကျွန်တော့်ကိုမပျော်ရွှင်စေသောအကြောင်းရင်းတွေက ဘာတွေဖြစ် မည်နည်း။ ရည်းမှန်းချက် တွေလား၊ရလိုမှုတွေများနေတာကြောင့်လား၊ကိုယ့်ဘဝကိုယ် ဘာဖြစ်ချင်သည် ကို ကောင်းကောင်း မသိတာ ကြောင့် လား။ ကိုယ်ဘာတွေးနေသလဲ။ ကိုယ်ဘာကြောင့် တွေးနေသလဲ ဆိုသည်ကို နွေးနွေးထွေးထွေး လက်ခံပြီး မဆင်ခြင်ခဲ့မိ။ ကျွန်တော့် အတွေး ကမ္ဘာသည် ထိသိမှုတို့နှင့် ဝေးနေသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မိုးစက်တို့တဖြောက်ဖြောက်ကျနေသည်။မိုးရွာထဲ လမ်းလျောက်ကြည့်ရင် ကျွန်တော်ပျော် မလား။ မိုးရေစက်လေးတွေ ကျွန်တော့် ခန္ဓာကို ထိတွေ့ နေမည်။ စိမ်းစိုနေသော ပတ်ဝန်းကျင်၊ စိုစွတ်နေ သောမြင်ကွင်း၊ မိုးစက်လေးတွေ သစ်ရွက်တွေပေါ်ကနေလျောစီးကြမည်။ မိုးစိုနေသော ငှက်ကလေး တစ်ကောင် ခေါင်းကို ခါပြီး မိုးရေစက်တို့ကို သပ်ထုတ်နေမည်။

ကျွန်တော့်ကို ထိတွေ့ သွားသော မိုးရေစက်တို့သည် မိုးရေစီးကြောင်း အဖြစ်သို့ ပြောင်း သွား သည်။ စီးနေသောရေတို့ မြင့်ရာမှ နိမ့်ရာသို့။ ပြီးတော့ ဘယ်ရောက်သွားသည် မသိ၊ ဘယ်ပျောက် သွားသည် မသိ။ တိကျသေချာသော ထိသိမှုလေးတွေနှင့်ဆိုတော့လည်းမဆိုးဟ ဟု ထင်မိပြန်သည်။ ဘဝကနေပျော်လာသည်။

လယ်ကွင်းတွေစိမ်းစိမ်းစိုစို။လူတွေ တစ်အုံတစ်မကြီးကို သယ်ဆောင် သွားသည့် ရထားကြီး။ လေတဖြူးဖြူးမှာ မြူးနေတဲ့ ပျိုးပင်တွေ။ စိမ်းစို နေသော သဘာဝရှုခင်းတွေက လူတစ်ယောက်၏ နွမ်းနေသော ၊မပျော်သော စိတ်ကို သက်သာရာရစေသည်။လှသော သဘာ၀ တရာကြီး သက်တော်ထောင်သောင်း၊ကုဋေ ရှည်ပါစေဟု တောင်းဆုပြုသည်။

နေပျော်သောစိတ်၊သက်တောင့်သက်သာရှိလှသောစိတ်လေးကို ကိုယ့်မှာ တည်နေစေ ချင်သော်လည်း မတတ်နိုင်။ကျွန်တော့်ထံ တစ်ခုခုရောက်လာပေဦးမည်။ တစ်ခုခု၏ ခေါ်ငင်မှုနောက်ကို ကျွန်တော် လိုက်ပါ သွားရပေဦးမည်။ လမ်းဆုံးကို ကျွန်တော် မသိသော်လည်း လမ်းဆုံးကို ကျွန်တော်ရောက်မှာ သေချာသည်။ ထိုလမ်းဆုံးမှာ ကျွန်တော်ပျော်နိုင်ပါ့မလား။

ဘဝသည် မိုးရေစက်လေးတစ်စက်နှင့်ပင် တူနေသေးသည်။ အကြောင်း အမျိုးမျိုးကြောင့် ရောက်လာကြသည်။ အကြောင်းအမျိုးမျိုးကြောင့် ရောထွေးသွားကြသည်။အကြောင်း အမျိုးမျိုးကြောင့် ပျောက်ကွယ် သွားကြသည်။ ဆင်းရဲမွဲတေမှု၊ရောဂါထူပြောမှုက လွဲပြီး အရာရာ ခက်ခဲလွန်းလှသော၊ တပ်မက်စရာတွေ များလှသောခေတ်ကြီးမှာ ၊နိုင်ငံကြီးမှာ ပျော်ဖို့၊ပြုံးဖို့၊ ရယ်ဖို့ခက်သည်။

သုတေသန စစ်တမ်းများ အရ ပျော်ရွှင်သောနိုင်ငံသားများနှင့် ပျော်ရွှင်သောနိုင်ငံများစာရင်း ရှိပါသည်။ကျွန်တော်နေသောနိုင်ငံသည် ပျော်ရွှင်သောနိုင်ငံ စာရင်းတွင် မပါဝင်ပေ။ ကြည့်ရသည်မှာ ကျွန်တော့်လို မပျော်ရွှင်သော နိုင်ငံသားများ များပြားပုံရသည်။

ပျော်ရွှင်ရသော အလုပ်ခွင်၊ပျော်ရွှင်ရသော မိသားစု၊ပျော်ရွှင်ရသော မိတ်ဆွေ၊ပျော်ရွှင်မှု ကိုပေးသောအတွေးအခေါ်။ ပျော်ရွှင်သောဝန်းကျင်။ ကျွန်တော်တို့တွင် ထိုထိုအရာများ လိုပါသည်။ ထိုထိုအချိန်များ များနိုင်သလောက်များများစားစား ပိုင်ဆိုင်ချင်ပါသည်။ ”နောင်ဘဝသည်နီးနီးလေး၊ နောက်တစ်နေ့မနက်သည် ဝေးလွန်း ကွယ်”။နေပျော်သော် ခဏ ခဏများကို ရလိုသည်။

လူသည် သေမျိုးသာဖြစ်သည်ဟုခပ်လွယ်လွယ်ခပ်ပေါ့ပေါ့ ပြောကြသော် လည်းကျွန်တော့် အနေဖြင့် သေရမှာကိုကြောက်ပါသည်။ ကျွန်တော် ချစ်မြတ်နိုးသူတွေ သေသွားမည်ကို လည်း ကျွန်တော် ကြောက်ပါသည်။ သို့သော် ကျွန်တော် ကြောက်လှပါသည် ဆိုသော် သေခြင်း တရားကို စိတ်အေးလက်အေး ၊သက်တောင့်သက်သာ ရင်ဆိုင်သွားနိုင် သူကိုလည်း ကျွန်တော် တွေ့ဖူးပါသည်။ကျွန်တော့် အဖိုးဖြစ်ပါသည်။

ကျွန်တော်သည် အဖိုး၏မြေးအကြီးဆုံး ဖြစ်ပါသည်။အဖိုးသည် ဝေဒနာကိုပြင်းပြင်းထန်ထန် ခံစားခဲ့ရသာ်လည်း ခံစားရ ခက်ခဲလှသော ဝေဒနာများ ကို ကျော်လွှားနိုင်ပုံရသည်။ သူမဆုံးခင် အချိန်လေးမှာ ကျွန်တော့်သမီးကြီး၊ အဖိုး၏ တစ်ဦးတည်း သောမြစ်ကို ကြည့်ပြီး သဘောကျနေသည်။ အဖိုးမျက်လုံးတွေသည် မှိန်လျော့မနေပဲ တောက်ပနေသည်။

အဖိုး၏နောက်ဆုံးအချိန်သည် အလွန်သက်တောင့်သက်သာ ရှိသည်ဟု ကျွန်တော်ထင်သည်။ အဖိုးကသူ့မြစ်လေးကို စိုက်ကြည့်နေသည်။ သူ၏တစ်ဦးတည်းသောမြစ်သည် သူ့မြေးကြီး ကျွန်တော်နှင့် တူသည် ဟုပြောသည်။ခဏကြာတော့အဖိုးမျက်လုံးတွေမှိတ်သွားသည်။တကယ့်ကို ညင်ညင်သာသာ။

ကျွန်တော့်အဖိုးသည်လည်း ကျွန်တော့်လိုပင်မပျော်ရွှင်သော နိုင်ငံသား တစ်ဦးဟု ယူဆ ရပါသည်။ နေပျော်သောဘဝ၊ပျော်ရွှင်သောဘ၀ ကို အဖိုးလည်းရှာခဲ့မည် ထင်သည်။ တွေ့သွားပုံတော့ မရပေ။ ပျော်သော ဘဝမှာ မနေခဲ့ရပေမဲ့ သေတတ်သော ဘဝကို ရဖို့ အဖိုး က အားထုတ်ခဲ့ဟန်ရှိသည်။

မပျော်ရွှင်သောအချိန်များ၊မနေပျော်သောဘဝကို အဖိုးအနေနဲ့ ဘယ်လို လက်ခံကျော်ဖြတ် ခဲ့ပါသလဲ။ ဝေဒနာနဲ့ နာကျင်နေသော အချိန်တွေ ကို သူဘယ်လိုဖြတ်ကျော်ခဲ့ သလဲ။ ကျွန်တော် သိချင် မိပါသည်။

အဖိုးဖြတ်သန်းခဲ့ရေသောဘဝနှင့်အချိန်များသည်သက်တောင့်သက်သာမရှိလှသော်လည်း ကွယ်ပျောက်သွားပုံက တကယ်ကို သက်တောင့် သက်သာ ရှိလှပါသည်။”သေတတ်လိုက်တာ အဖိုးရာ”ဟု ဘဝကို နေပျော်လိုသည့်၊ပျော်ချင်သည့် သူ့မြေးကြီး ကျွန်တော်က တွေးသည်။

ဘဝသည် မိုးရေစက်လေးတစ်စက်လို အမှုမဲ့အမှတ်မဲ့ တိတ်တိတ် ဆိတ်ဆိတ် ပျောက်ကွယ် သွားရင်၊ပျောက်ကွယ် တတ်ရင် ကောင်းသားဟု ပျော်လိုသော၊ပျော်ချင်သောကျွန်တော်ကပျော်စရာ မကောင်းသော အတွေး ကို ဆန့်ထုတ်နေမိသည်။ မိုးရေစက်များသည် လည်း တစ်ပေါက် ပေါက်ကျနေသည်။ မြေပြင်တွင်စီးနေသည်။

ခြိမ့်ဖေ
သြဂုတ်(၁၈)၊၂၀၁၈


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။