ပျံ့နှံ့နေတဲ့ တပ်မတော် ထိပ်တန်းလျှို့ဝှက်စာ အတု

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အခု ပျံ့နှံ့နေတဲ့စာဟာ တပ်မတော်အတွင်းမှာ သုံးနေတဲ့ သာမာန်ရုံးစာပုံစံမျိုးကို အတုယူပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်ထားတာမျိုး ဖြစ် …

ထိပ်တန်း လျှို့ဝှက် ဆိုတဲ့ စာတစ်စောင် အကြောင်း ပြောပြလိုပါတယ်။

သည်စာပါ အကြောင်းအရာကတော့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ မိတ်ဖက်ပါတီ အောင်နိုင်ရေး အတွက် ဦးစီးကော်မတီနဲ့ ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု အကြောင်းကြားခြင်း ဆိုတဲ့ စာပါ။

သည် စာမှာ ထိပ်တန်းလျှို့ဝှက် ၊ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ မြိတ်မြို့၊ စာအမှတ်နဲ့ ၂၀၂၀၊ဇူလိုင်လ (၂၆) ရက်နေ့ လို့ ပါရှိပါတယ်။သည် စာကို မင်းဒင်လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က ဖြန့်ချိခဲ့တာတွေ့ရပြီး  မျှဝေသူ၊React ပြုသူ အများအပြားရှိခဲ့ပါတယ်။ ( သည်နေရာမှာ ကြည့်နိုင်ပါတယ် )
သည်လို လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ ထိပ်တန်းလျှို့ဝှက်ဆိုတဲ့ စာနဲ့ ပတ်သက်ပြီး သည်စာဟာ အတု ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘီဘီစီ သတင်း ကို ဖြေကြားထား ပါတယ်။ (သည်နေရာမှာ ကြည့်နိုင်ပါတယ် )
သည်လို သတင်းအတု၊ သတင်းအမှားတွေ ဟာ ဆက်ပြီး ပေါ်နေဦးမယ့် အခြေအနေ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ဒါတွေနဲ့ ပတ်သက်ပြီး မယုံကြဖို့နဲ့ ချင့်ချင့်ချိန်ချိန် စဉ်စားပြီး အဲဒါတွေကို တုံ့ပြန်ဖို့ လိုပါတယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
သည်လို စာအတု ထွက်ပေါ်လာတဲ့အပေါ်မှာ တပ်မတော် က ဒါကို သတင်းအတု၊သတင်းအမှားလို့ ပြောဆိုပြီးရင်တော့ တပ်မတော် အနေနဲ့တာဝန်ကျေတယ် လို့ လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။

” အဲဒါ အတုကြီးပါ။ အဲဒီအတု ကိုတွေ့လို့ ကျနော်တောင်မှတ်ချက် ပေးလိုက်သေးတယ်။ အဲဒီလို ထိပ်တန်းလျှိ့ဝှက်ချက်က တပ်ရဲ့ထုံးစံအတိုင်းဆိုရင် Commander ကိုယ်တိုင်လက်မှတ်ရေးထိုးထားတာ။ ကိုယ်စား ဆိုကတည်းက မဟုတ်တော့ဘူး။ ကျန်တာတွေ မကြည့်တော့နဲ့ပေါ့ ” လို့ တပ်မတော်သားဟောင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ဒုဥက္ကဌ ဦးကျော်ဇေယျ က ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
သည်လို စာအတု ထွက်ပေါ်လာတဲ့ အခြေအနေဟာ တပ်မတော်နဲ့ အစိုးရကြား၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီ တွေကြား သပ်လျှိုသွေးခွဲ လုပ်နေတဲ့ ပုံစံ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘီဘီစီ သတင်း ကို မှတ်ချက်ပြုထားတာတွေ့ရပါတယ်။
“ ရွေးကောက်ပွဲနီးလာတဲ့အခါကျတော့ အဲ့လိုသဘာဝကျစရာပဲ သတင်းအတုတွေ၊ သတင်းအမှားတွေ ဖြန့်ပြီး ဝေဖန်တိုက်ခိုက်ကြတာ၊ ကိုယ်အားပေးတဲ့အင်အားစုကို အားပေးတာ ဒါကတော့ ဖြစ်တတ်မြဲ ပါပဲ။ဒါကို ဖေ့စ်ဘွတ်ခ်အနေနဲ့လည်း အလုံးစုံ တာဝန်ယူနိုင်တဲ့ အနေအထားမရှိပါဘူး ” လို့ လူမှုကွန်ရက်ပေါ် က သတင်းအတု၊ သတင်းအမှား တွေနဲ့ ပတ်သက်ပြီး မြန်မာ့အရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
သည် စာကို ဘာကြောင့် အတုလို့ ပြောရတယ်ဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်က သတ်မှတ်ထားတဲ့ ထိပ်တန်းလျှို့ဝှက် အခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘီဘီစီ သတင်း ကို ဖြေကြားထားပါတယ်။
” ဒီလိုဖြစ်လာတဲ့ သတင်းတု၊ သတင်းယောင်နဲ့ တက်လာတဲ့ကိစ္စက တပ်မတော်အနေနဲ့ပြီးခဲ့တဲ့ ကာလတစ်ခု က (၃၄ )ပါတီ က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်က ဝင်ရောက်စွက်ဖက်ဖို့ တိုက်တွန်းအဆိုပြုမှု ဒါတွေ တရားဝင်ရှိကြတာပေါ့။
အဲဒါတွေနဲ့ပတ်သက်ပြီးတပ်မတော်ကလည်း လက်မခံဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် အကူအညီပေးမယ်လို့ပဲပြောခဲ့တာ။ ဒီထပ်ဖြစ်လာတာကတော့ ပြီးတဲ့ (၃၄) ပါတီအချို့ထဲက အစိတ်အပိုင်းတချို့အနေနဲ့ အဲဒီ သဘောထားကို ဆက်လက်လေ့ကျင့်ချင်တဲ့အတွက် ဒီသတင်းတု၊ သတင်းမှားကိုဖန်တီးတယ်လို့ပဲ ယူဆပါတယ်။ဒါပေမယ့် ဒီအချိန်မှာ ဒီလိုလုပ်တာတိုင်းပြည်အတွင်းမှာ ပိုပြီးတော့ အခြေအနေတွေ ရှုပ်ထွေးအောင်အမြင်တွေရှုပ်ထွေးအောင်လုပ်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီလိုသတင်းတု၊ သတင်းမှားတွေကိုနားမယောင်ကြဖို့ ၊သတင်းတု၊ သတင်းမှားတွေကို ဆန့်ကျင်ရှုတ်ချဖို့ လိုအပ်ပါတယ် ” လို့ ဦးသန်းစိုးနိုင် က မှတ်ချက်ပြုပါတယ်။
” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သွားတွေ့တဲ့ပါတီတွေကို တော်တော်လေး ထိခိုက်စေချင်တဲ့ သဘောရှိပါ တယ်။ သွားတွေ့ တာ ကိုပဲ အာဏာရပါတီက အမာခံတွေကအပြစ်ပြောချင်တာ။ ဒါကို သွေးခွဲပြီး ပြည်သူတွေ ယုံးမှာသံသယ လုပ်တဲ့ သဘော ရှိတယ် ” လို့ စာအတု ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။
အခု ပျံ့နှံ့နေတဲ့စာဟာ တပ်မတော်အတွင်းမှာ သုံးနေတဲ့ သာမာန်ရုံးစာပုံစံမျိုးကို အတုယူပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်ထားတာမျိုး ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုထားပါတယ်။
ငြမ်းမီဒီယာ

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,