ပြည်သူတွေရဲ့ မျက်နှာ ရွှင်နေသလား၊ တည်နေသလား၊ မဲ့နေသလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Ko Ko Gyi Fb / ဦးကိုကိုကြီး အား ဗူးတံခါး အလွန် ဓာတ်ပုံ ပြပွဲတွင်တွေ့ရစဉ်

ပြည်သူတို့ရဲ့ မျက်နှာ ပြုံးရယ်ရွှင်ပြနေခြင်း မရှိလျင် သင်တို့၏ ကျင့်ဝတ်တရားများ စတင် ပျက်ပြားနေပြီ ဟူ၍ မှတ်၊ပြည်သူတို့ မပြုံးခြင်းက မမဲ့ရဲ ၍ ဟူ၍ မှတ်၊ ပြည်သူတို့ မျက်နှာ မဲ့မဲ့ ရွှဲ့ရွှဲ့ ဖြစ်လာပြီဟု ဆိုလျင် သင်တို့သည် လက်နက်ကိုယ်စီကိုင်ကာ စုဝေး နေကြသော ကြေးစားလူမိုက်တစ်စု ဖြစ်ပြီ ဟူ၍မှတ်။ အဲတော့ …

ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေ ခန်းမ တွင်ကျင်းပခဲ့သည့် ရှစ်လေးလုံး နှစ်(၃၀) ပြည့် အခမ်းအနားတွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပြောကြားချက် ကို ဖတ်ရှုနိုင်ရန် ငြမ်းမီဒီယာ က ပြန်လည်ဖော်ပြလိုက်သည်။

ကြွရောက်လာကြတဲ့ အစိုးရပိုင်း၊ လွှတ်တော်ပိုင်း၊ နိုင်ငံရေးပါတီများ၊ သံတမန်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နယ်ပယ် အသီးသီးမှ ရဲဘော်များ၊ ရှစ်လေးလုံး အရေးတော် ပုံကြီးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြတဲ့ ရဲဘော်များ၊နောက်မျိုးဆက် ကျွန်တာ်တို့ရဲ့လူငယ် ကျောင်းသားမျိုးဆက် အသီးသီးများ၊ ကိုယ်တိုင်ကိုယ်ကျ မတက်ရောက်နိုင်ပေမယ့် မီဒီယာ ကနေ တဆင့် ကြည့်ရှု အားပေး နေကြတဲ့ ပြည်တွင်းပြည်ပ၊ရပ်နီးရပ်ဝေးမှ ကျွန်တော်တို့ ရဲဘော်တွေ အားလုံး မင်္ဂလာပါလို့ ဦးစွာ ပထမ နှုတ်ခွန်းဆက်ချင် ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီနေရာ၊ဒီပတ်ဝန်းကျင်မှာ ဒီလို အခမ်းအနားမျိုး ကျင်းပဖို့ ဆိုတာ ကျွန်တော်တို့ အတွက် အင်မတန် အိမ်မက်ဆန် ခဲ့ပါတယ်။ အဓိပတိ လမ်းတလျောက် လွင့်ပျံ နေတဲ့ ခွပ်ဒေါင်းတွေ အစီအရီကို ကြည့်ပြီးတော့ အဲဒီ ခွပ်ဒေါင်းအလံ တစ်လက်နဲ့ ထောင်(၇)နှစ် ကျသွားတဲ့ ရဲဘော်တွေ ၊ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံနဲ့ ထောင်(၇)နှစ် ကျသွားတဲ့ ရဲဘော်တွေ၊ သခင် ကိုယ်တော်မှိုင်းဓာတ်ပုံနဲ့ ထောင်(၇)နှစ် ကျသွားတဲ့ ရဲဘော်တွေကို ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံ ခံစားရတဲ့ အခါ၊ အဲဒီမြင်ကွင်းကို ကြည့်ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်(၃၀)ကနေ ပြီးတော့ ပြောင်းလဲ တိုးတက်လာတဲ့ ခရီးရှည်ကြီး ကို ပြသနေတဲ့ သင်္ကေတ လို့ကျွန်တော် နားလည် ပါတယ်။ ခံယူ ပါတယ်။ သို့သော် ကျွန်တော်တို့ ခရီးဝေကြီးကို ဖြတ်ရဦးမှာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီအခမ်းအနားမှာ ရှေ့ဆုံးမှာထိုင်နေတဲ့ ကျွန်တော့် ညီအစ်ကိုတော် တစ်ယောက် ဆို ခင်ဗျားတို့ ဒီကိုဝင်လာတဲ့ အချိန်မှာတွေ့ပါလိမ့်မယ်။ ဒီမှာလည်း ပန်းချီကား ထောင်ထားပါတယ်။ အဖြူ အစိမ်း ကျောင်းသူ လေး အဲဒီအချိန် က သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ် ခံရပြီး ကျဆုံး သွား တဲ့ မဝင်းမော်ဦးရဲ့ ဖခင်ဖြစ်ပါတယ်။ ရှေ့တန်းမှာထိုင်နေတဲ့ ကျောင်းသား တပ်မတော် ဥက္ကဌ ကိုသံခဲ ဟာဆိုရင် ပြီးခဲ့တဲ့ နှစ်(၃၀) ကာလ အတောအတွင်း မှာ ကျဆုံး သွားတဲ့ ရဲဘော် တွေ၊ တိုက်ပွဲကြောင့်၊ ဌက်ဖျားကြောင့် ကျဆုံးသွားတဲ့ ရဲဘော်တွေကို အမှတ်ရ ဦးညွှတ်နေမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။

ကျွန်တော်တို့ကိုယ်တိုင်လည်း အကျဉ်းထောင်ထဲမှာ ကျွန်တော်တို့ လက်ပေါ်မှာ တင် ကျဆုံး သွားတဲ့ ရဲဘော်တွေ၊ စိတ်ထိခိုက်သွားတဲ့၊ ဖောက်ပြန်သွားတဲ့ ရဲဘော်တွေကို အချင်းချင်း စောင့်ရှောက် ခဲ့ရတဲ့ မြင်ကွင်းတွေ ကို ပြန်ပြီးတော့ မြင်ယောင် အမှတ်ရနေဆဲပါ။ ဒါတွေ ကျွန်တော်တို့ ဘာကြောင့်ပြောနေ သလဲဆိုတော့ ခုနက ကျွန်တော်တို့ မျိုးဆက် သမီးငယ်လေး သဝဏ်လွှာ ဖတ်သွားတဲ့ အထဲမှာ သမိုင်း မရှိတဲ့ လူမျိုးဟာ အနာဂတ် မရှိဘူးလို့ သူ ဖတ်ကြားသွားပါတယ်။

ကျွန်တော်တို့ ကအခုရောက်နေတဲ့ နေရာမှာ ရပ်ပြီးတော့ အတိတ်က ခြေရာတွေကို ပြန်မကြည့် ဘဲ၊တန်ဖိုးမထားဘဲ ရှေ့ခရီးကို ဆက်လို့ မရပါဘူး။ ဒီ Foot Steps ခြေရာတွေ ဟာ လူ့အဖွဲ့ အစည်း အတွက် အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီအခမ်း အနားတွေ ကို လုပ်နေတာဟာ၊ မင်းတို့ကလည်း ပြီးခဲ့လည်း တစ်ခါလာလည်း ဒီအကြောင်းတွေ ပဲ၊ ဒီအကြောင်းတွေ ပဲ ဆိုတာ ကိုယ်တိုင်ဖြတ်သန်း ခဲ့ရတဲ့ သူတွေက ဘယ်လောက်လေးလေး နက်နက် ခံစားခဲ့ရသလဲ ဆိုတာကို ကျွန်တော်တို့ အချင်းချင်း ပိုပြီးတော့ နားလည် နိုင်ပါတယ်။

တစ်ချိန်တုန်းက တပ်မတော်မှာ ထိပ်ပိုင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကျွန်တော်တို့နဲ့ တွေ့တယ်။တွေ့တော့ သူက ကျွန်တာ့်ကို ရင်းရင်းနှီးနှီးမေးတာပါ။ ခင်ဗျားတို့ ထောင်တွေထဲမှာ ဘယ်လောက်ကြာသွားသလဲ တဲ့။ ကျွန်တော်တို့ ကဖြေပါတယ်။ တစ်ဦးချင်း ကလည်း ဖြေပါ တယ်။ ကျွန်တော်က အနှစ် (၂၀)။ သူကတော့ (၂၂)နှစ် အစ ရှိသဖြင့်ပြောတော့ တကယ့်ကို သူအံ့အားသင့် မှင်သက်ပြီးတော့ “ ဟာ” တဲ့။ခင်ဗျားတို့ အဲလောက်တောင် ကြာသွား တာလားတဲ့။ ပြုသူ အတွက် ခဏလေးလို့ ထင်ရပေမယ့် ခံရသူတွေ အတွက်တော့ တစ်ကမ္ဘာပါ။ ဒါတွေကို ပြန်…ပြန် ပြောနေရတာလည်း နာကျည်းစိတ် မဟုတ်ဘူး။ အနိမ့်ဆုံး အဆင့် လူ့အဖွဲ့အစည်း တစ်ခု ပြုပြင်ပြောင်းလဲအောင် ကြိုးစားခဲ့ကြတဲ့ လူတွေရဲ့ အခန်းကဏ္ဍ ကို ဒီလူ့အဖွဲ့အစည်း က အသိအမှတ်ပြုတယ်။ တန်ဖိုးထားတယ် ဆိုရင်ပဲ သေတဲ့သူတွေ လည်း သေပျော်ပါတယ်။ ခံစားနေရဆဲ သူတွေလည်း နေပျော်ပါတယ်။ ကျွန်တော်တို့ စလုပ်တဲ့ အချိန်တုန်းက ဘာမျှော်လင့်ချက်မှ မရှိပါဘူး။ တစ်ဦးချင်း အနေနဲ့ အခု အခင်းအကျင်း၊ အခုအခြေအနေ မျိုးဟာ အိမ်မက်မက်နိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ဘယ်နားမှာ ရှိမှန်း မသိဘဲနဲ့ ရေကြည်အိုင်ဆိုတာ ကြားဖူးတယ်။ နိုင်ငံရေး လုပ်နေ အဲဒီရေကြည်အိုင် ဆိုတာကြီးရောက် သွားတယ်။တချို့ ပျောက်သွားပြီး ပြန်မေရောက်လာဘူး။ တချို့ ဘဝပျက်သွားတယ် ဆိုတဲ့ ဇာတ်လမ်းတွေနဲ့ စခဲ့တာပါ။

ဒီနှစ်(၃၀) ခရီးတစ်လျောက်မှာ ကျွန်တော်တို့အခု ဒီနေရာမှာပြန်ဆုံတော့ မျက်စိထဲမှာ ပိုင်ရှင်မဲ့ ကစဉ့်ကလျား ဖိနိပ်လေးတွေ၊ စာသင်ခန်းထဲက ထိုင်ခုံ အလွတ်လေးတွေ၊လွယ်အိတ် အစုတ်လေး တွေ၊အဲဒါတွေဟာ ရုပ်ဝတ္ထုတွေ မဟုတ်ပါဘူး။ကျွန်တော်တို့ သမိုင်းရဲ့ တကယ့် အဖြစ် အပျက် တွေပါ။ ဒဏ်ရာဒဏ်ချက်တွေပါ။ ဒါတွေကို ကျွန်တော်တို့ က နောက်မျိုးဆက် တွေ ကို လက်ဆင့် မကမ်းချင်တော့ဘူး။ ဒါမျိုးတွေ မကြုံလည်း မကြုံ စေချင်တော့ဘူး။ မခံ လည်း မခံစားစေချင်တော့ဘူး။ ဒါကြောင့်မို့လို့ ဒီလို အခမ်းအနားမျိုးတွေကို ကျွန်တော်တို့ ကျင်းပတဲ့ အခါမှာ လွန်ခဲ့တဲ့ နှစ်(၃၀)ကိုပြန်ပြီး သုံးသပ်တာတွေ၊ဆွေးနွေးတာတွေ ကျွန်တော် တို့ လုပ်ခဲ့ကြတယ်။ အဲဒီဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွ ကိုယ်တိုင်ကိုယ်ရောက် လာရောက်ဆွေးနွေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ တက်ရောက် အားပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နားထောင် ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ Live လွှင့်နေတာကို မီဒီယာကတဆင့် ကြည့်ရှု အားပေးနေကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီအခမ်းအနားကို လူကိုယ်တိုင် မလာနိုင်ပေမယ့် သဝဏ်လွှာပေးပို့ပြီး အားပေးတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကိုလည်း တကယ့်ကို စိတ်ထဲ နှလုံးထဲ ကနေ ကျွန်တော် ကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တို့ ဒီရဲ့နောက်ခံ ကားချပ် မှာကြည့်လိုက်ရင် ဒါဟာ သင်္ကေတ ပြု ထားတာပါ။ တကယ်တော့ ရှစ်လေးလုံး ဟာ လှည်းနေလှည်းအောင်း မြင်းဇောင်း မကျန် ပါဝင်ခဲ့တဲ့ လူထု အုံကြွမှုကြီး ရဲ့ အစိတ်အပိုင်းလေး တစ်ခု၊ အစက်အပျောက်လေး တစ်ခု ကို သင်္ကေတ ပြုထား တာပါ။ ဒီထဲမှာပါတဲ့ ပုံရိပ်တွေဟာ ဘယ်သူဘယ်ဝါ မကွဲပြားတဲ့၊ မထင်ရှားတဲ့ အညတရ ပုဂ္ဂိုလ် တွေပါ။ အဲဒီ မထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီနေ့ဒီအချိန်ကို ရောက်အောင် တွန်းခဲ့တာပါ။ ရွှေ့ခဲ့ တာပါ။အဲဒီအချိန်တုန်းက အဲသလို ပေါက်ကွဲမြည်ဟီး လာတဲ့ အခြေအနေ ဘာကြောင့် ဖြစ်ခဲ့ သလဲ လို့ပြောရင် အဲဒီ မပေါက်ကွဲခင်တုန်း က လူထုက မပြောရဲလို့ အောင့်ထားတဲ့ တိတ်ဆိတ် နေတဲ့ အသံတွေ Silence Voice တွေ အကြာကြီးဖြစ်ခဲ့တယ်။ တိတ်နေတဲ့ အသံတွေကို မကြား တတ်လို့၊ နားမထောင်တတ်လို့၊ ပြင်ရကောင်းမှန်း မသိလို့ အဲလို ပေါက်ကွဲ ကြတာ။ နိုင်ငံရေးမှာ Silence Majority ၊ Silence Voice တိတ်နေတဲ့ လူများစု၊ တိတ်နေတဲ့ အသံဟာ အင်မတန်အရေးကြီး ပါတယ်။ တကယ့် အဆုံး အဖြတ်ပေးတာဟာ အဲဒီ Silence Majority တိတ်နေတဲ့ လူအုပ်ကြီး၊ လူအားကြီး၊ လူအများစုကြီးပါ။

အဲတော့ ကျွန်တော်တို့ ရှစ်လေးလုံး ကာလတုန်းက ကျွန်တော်ကိုယ်တိုင် လူထု ဟောပြော ပွဲ တွေ မှာ အထူးသဖြင့် ကိုဖုန်းမော် တစ်နှစ်ပြည့် အခမ်းအနား မှာ ကျွန်တော် လိုက်ပြီး မြို့နယ် အသီးသီးမှာ ဖတ်ကြားခဲ့တဲ့ စာပိုဒ်ကလေး အပိုင်းအစလေး ကို ကျွန်တော်ပြန်ပြီးတော့ ရွတ်ပြ ပါ့မယ်။ ထူးထူးခြားပါ။အဲဒီစာပိုဒ်က ကျွန်တော်တို့ အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင် တွေ က ပြောတာမဟုတ်ဘဲနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်က လက်မှတ်ထိုးပြီး ထုတ်ပြန်ထားတဲ့ စာသားလေးဖြစ်ပါတယ်။ ဒါလေးကို ကျွန်တော်ပြန်ပြောတာပါ။အဲဒီ စာသား ဟာ သူ့တပ်မတော်သားတွေကိုသာ ရည်ညွှန်းတာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရေရှည် ပြည်သူ ကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေ အားလုံး၊ နိုင်ငံရေး သမားတွေ အားလုံးပါ သတိပြုသင့်တယ်လို့ ယူဆတဲ့ အတွက်ကြောင့် အဲဒီ စာပိုဒ်လေးကို ကျွန်တော်ပြန်ပြီးတော့ ရွတ်ပါမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်သူတွေနဲ့ ဆက်ဆံရာမှာ ပြည်သူတွေရဲ့ မျက်နှာ ပြုံးရယ်ရွှင်ပြနေ လျင် သင်တို့၏ ကျင့်ဝတ် တရားများ မပျက်ပြား ဟူ၍ မှတ်၊ ပြည်သူတို့ရဲ့ မျက်နှာ ပြုံးရယ်ရွှင်ပြနေခြင်း မရှိလျင် သင်တို့၏ ကျင့်ဝတ်တရားများ စတင် ပျက်ပြားနေပြီ ဟူ၍ မှတ်၊ပြည်သူတို့ မပြုံးခြင်းက မမဲ့ရဲ ၍ ဟူ၍ မှတ်၊ ပြည်သူတို့ မျက်နှာ မဲ့မဲ့ ရွှဲ့ရွှဲ့ ဖြစ်လာပြီဟု ဆိုလျင် သင်တို့သည် လက်နက်ကိုယ်စီကိုင်ကာ စုဝေး နေကြသော ကြေးစားလူမိုက်တစ်စု ဖြစ်ပြီ ဟူ၍မှတ်။ အဲတော့ ကျွန်တော်တို့ က ကျင့်ဝတ် တွေ စည်းမျဉ်းစည်းကမ်း တွေကို အချက်အလက်နဲ့ပြောရင် အများကြီးပဲ ။ဒါကို အခြေခံ သဘော တရား အဖြစ်နဲ့ ပြောလိုက်တဲ့အခါကျတော့ ကျွန်တော်တို့ဟာ အဲတော့ တပ်မတော် သားတွေ လည်း ထိုနည်း၎င်းပဲ။ ကျွန်တော်တို့တွေ က လည်း ပြည်သူတွေနဲ့ ဆက်ဆံတဲ့ အခါ မှာ ကြည့်လိုက်ပါ။ ပြည်သူတွေရဲ့ မျက်နှာ ရွှင်နေသလား၊ တည်နေသလား၊ မဲ့နေသလား။ အဲဒါဟာ ကျွန်တော်တို့ရဲ့ အခြေအနေ ကျွန်တော်တို့ ပြင်ဆင်ရမယ့် အနေ အထား ကို ပြသတဲ့ အကောင်းဆုံး ပြဒါးတိုင်ဟာ ပြည်သူတွေ ရဲ့မျက်နှာများ ဖြစ်တယ်။

ပြည်သူတွေရဲ့ Silence Voice တွေ ၊တိတ်နေ တဲ့ အသံတွေ၊ တိတ်နေ တဲ့ လူအများ စုကြီး ကို အာရုံပြုခြင်း အားဖြင့် ကျွန်တော်တို့နိုင်ငံ မှာ နောက်နောင် ဟောဒီလို သွေးထွက် သံယို ပေါက်ကွဲမှုမျိုးတွေကို ရှောင်ရှား နိုင်ကြဖို့အတွက် အကြံပြု နှိုးဆော်ရင်း ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ အညတရပြည်သူ တစ်ဦးချင်းကိုသော်လည်းကောင်း၊ ဒီနေ့ ဒီအချိန်ထိ ရှစ်လေးလုံး တာဝန် ကို ဆက်လက်ထမ်းရွက်နေတဲ့ ကျွန်တော် တို့ မျိုးဆက် အသီးသီးက ရဲဘော်တွေ အားလုံးကိုသော် လည်းကောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်း သာယာစွာ ဖွံ့ဖြိုး တိုးတက်နိုင်ဖို့ ၊ဖက်ဒရယ်နိုင်ငံတော် ပေါ်ပေါက်ဖို့ ကြိုးပမ်း ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား အင်အားစု အသီးသီး ကို လည်းကောင်း ဦးညွှတ်ဂုဏ်ပြု ကျေးဇူးတင်ကြောင်းပြောကြားရင်း နိဂုံး ချုပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ …


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။