ပြည်သူနဲ့အတူဆိုပြီး ခရိုနီတွေနဲ့ပဲ တွဲနေလိုတော့ မဖြစ်ပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / အလုပ်သမားအရေးဆောင်ရွက်နေသည့် ရှေ့နေ ဦးဌေး

အလုပ်သမားတွေစားရတာ ပွင့်ပွင့်လင်းလင်း ပြောရရင် အလုပ်သမားတွေစားနေရတာ အလုပ်ရှင်သားသမီး ဘယ်သူမှမစားပါဘူး။ အလုပ်ရှင်ကိုယ်တိုင်လည်းမစားနိုင်ပါဘူး။ဒီနေ့ဘယ်သူမှ မစားတဲ့ဟာမျိုးတွေကို အလုပ်သမားတွေစားနေရတာ။ ဂုဏ်သိက္ခာရှိစွာစားဖို့ဆိုတာအဝေးကြီးပဲ …

အနိမ့်ဆုံး လုပ်ခ တစ်ရက်ကို (၅၆၀၀) ကျပ် ထက်မနည်း သတ်မှတ်ပေးရန်နှင့် ဥပဒေပါ အလုပ်သမား အခွင့်အရေးများ ချိုးဖောက် ခံနေရကြောင်း အလုပ်သမားများ က ဆန္ဒ ထုတ်ဖော်တောင်းဆိုမှုများ မကြာခဏ ပြုလုပ်လျှက်ရှိပြီး အဆိုပါ အခွင့်အရေးများ ရရှိရေး အတွက် အလုပ်သမား အဖွဲ့အစည်း များ ကလည်း ပူးပေါင်းတောင်းဆို မှုများ ပြုလုပ် လျှက်ရျိသည်။ ယင်း အခြေအနေများနှင့် ပတ်သက်ပြီး ၂၀၁၂ခုနှစ် အလုပ်သမား အခွင့်အရေး တောင်းဆို မှု ကာလမှ အစဉ်တစ်စိုက် အလုပ်သမား ရေးရာ ကိစ္စများကို ကူညီ ဆောင်ရွက်ခဲ့သူလည်းဖြစ် ခုံသမာဓိ ကောင်စီဝင်ဟောင်း လည်းဖြစ်သည့် အလုပ် သမား အရေးဆောင်ရွက်သည့် ရှေ့နေ ဦးဌေး နှင့် ငြမ်းမီဒီယာက တွေ့ဆုံ မေးမြန်း ထားသည်။

ငြမ်းမီဒီယာ – လက်ရှိအလုပ်သမားတွေရဲ့အခြေအနေက ဘယ်လိုရှိပါသလဲ။

ဦးဌေး – လက်ရှိအလုပ်သမားတွေရဲ့ အခြေအနေက ၂၀၁၂ခုနှစ်တိုင်ရီ သပိတ် ကနေစပြီး အလုပ်သမားတွေ က သူတို့ရဲ့
အခွင့်အရေးတွေ တောင်းဆိုနေကြတာ ဒီနေ့ထိ မပြီးကြ သေးပါဘူး။ အလုပ်သမားတွေက သူတို့ရဲ့အခွင့်အရေး တွေကို ဥပဒေဘောင် အတွင်းက တောင်းဆိုတယ်။ ဒါပေမယ့် ဒီနေ့ထိမရကြသေးဘူး။ အလုပ်သမားတွေ တောင်းဆိုနေတာတွေက ဘာတွေလဲ ဆိုရင် ဥပဒေပါ အခွင့်အရေးတွေပဲ။ မြန်မာပြည်မှာ ထူးခြားချက်က အဲ့ဒါပဲ အလုပ်သမားဥပဒေတွေ ပြဌာန်းထားတာ(၁၈)ခုရှိပါတယ်။ တကယ်တော့ ဥပဒေပါ အခွင့်အရေးတွေ ဆိုတာ တောင်းစရာမလိုဘူး။ အလုပ်ရှင်တွေကလည်း ဥပဒေပါ အခွင့်အရေးတွေကို အလုပ်သမားတွေကို ပေးရမယ်။ အစိုးရဌာနကလည်း ဥပဒေ စိုးမိုးရေး အတွက် ကြီးကြပ်ရမယ်။ အခုက တည်ဆဲ အစိုးရ ကလည်း ဥပဒေ စိုးမိုးအောင် မကြီးကြပ်ဘူး။ အလုပ်ရှင်တွေ ကလည်း ဥပဒေ မလိုက်နာဘူး။ အလုပ်သမားတွေမှာ ဥပဒေပါ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ဆုံးရှုံးနေတာကို အလုပ်သမားတွေက တည်ဆဲ ဥပဒေဘောင်ထဲက တောင်းဆိုကြတယ်။ အဲ့လိုအခွင့်အရေး တောင်းဆိုဖို့အတွက် နှစ်နည်းရှိတယ်။ တစ်ခုက အလုပ်သမား အဖွဲ့ အစည်းဥပဒေဆိုတာ ပေါ်လာတယ်။ အဲ့ဒီဥပဒေအရ အလုပ်သမား အဖွဲ့အစည်းတွေပေါ်လာတယ်။ အလုပ်သမားတွေက သူတို့အခွင့်အရေးတွေတောင်းကြတဲ့အခါ အလုပ်ရှင် အလုပ်သမားနဲ့ အစိုးရတို့ သုံးပွင့်ဆိုင် ဖြေရှင်းကြရတယ်။ အဲ့ဒါတွေကို အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ ပေးထားတယ်။ ယန္တရားက စက်ရုံတွေမှာဆို ညှိနှိုင်းရေး ကော်မတီ ရှိပါတယ်။ မြို့နယ်မှာ ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့နောက် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ခုံသမာဓိကောင်စီ နိုင်ငံတော်အဆင့်မှာ နိုင်ငံတော် ခုံသမာဓိကောင်စီဆိုတာရှိတယ်။ အလုပ်သမားတွေက အဖွဲ့အစည်းတွေ ဖွဲ့တယ်။ ဥပဒေနဲ့အညီ အခွင့်အရေးတွေ တောင်းတယ်။ ဒါပေမယ့် အလုပ်သမားတွေက အရေးယူခံ ရတယ်။ အခွင့်အရေးတွေ မရတဲ့အပြင် အလုပ်သမားအဖွဲ့အစည်းတွေက အရေးယူ ခံနေရတယ်။ အလုပ်သမား ခေါင်းဆောင်အများစုက အလုပ်တွေပြုတ်ကျတယ်။ ကျွန်တော်တို့က ဘာမှ အကာအကွယ် မပေးနိုင်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဥပဒေတွေ အများကြီးရှိနေပြီး ဘာကြောင့် အလုပ်သမားတွေ အတွက် အကာအကွယ်တွေ မပေးနိုင်တာလဲ။

ဦးဌေး – အကာအကွယ်မပေးနိုင်တာကနှစ်ပိုင်းရှိတယ်။တစ်ပိုင်းက ဥပဒေတွေရဲ့ အားနည်းချက်ရှိတယ်နောက်တစ်ချက်က တရားဥပဒေ မစိုးမိုးတဲ့ပြဿနာ တည်ဆဲ ဥပဒေက ဘယ်လောက်ပဲ အားနည်းချက် ရှိရှိ ဥပဒေစိုးမိုးတဲ့အခါ ဖြေရှင်းလို့ရတယ်။ ဥပဒေ မစိုးမိုးတော့ ဖြေရှင်း လို့မရတော့ဘူး။ ဥပဒေမစိုးမိုးတာက ခုမှမဟုတ်ဘူး။(၂၀၁၂) ဟိုင်မို ဆံပင်တု စက်ရုံပြသနာကတည်းက စတာ အဲ့ဒီမှာ အလုပ်သမားအဖွဲ့တွေ ကွန်ရက်တွေ စဖွဲ့ လာကြတယ်။အလုပ်သမားခေါင်းဆောင်တစ်ယောက်ပြောတာရှိတယ်။ အလုပ် သမား ဝန်ကြီးဌာနက အလုပ်ရှင် ဝန်ကြီးဌာနဖြစ်နေတယ် လို့ပြောတာရှိတယ်။ ပြီးခဲ့တဲ့လွှတ်တော် သက်တမ်း မှာလည်း လွှတ်တော်ထဲမှာ ခရိုနီတွေ ပါတယ် သူတို့မှာစီးပွားရေး လုပ်ငန်းတွေရှိတယ်။ တစ်ဖက်က တပ်က ပုဂ္ဂိုလ်များကလည်း သူတို့မှာ စီးပွားရေးလုပ်ငန်းတွေရှိတယ်။ သူတို့နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိတယ်။ အဲ့ဒီလုပ်ငန်းတွေမှာ အလုပ်သမားတွေရှိတယ်။ ဥပဒေရဲ့ အားနည်းချက်က အဲ့ဒီကနေစလာတာ။ လုပ်ငန်းရှင်တွေဘက်က အကာအကွယ်ပြုတာတွေ ကြောင့် ဥပဒေမှာ အားနည်ချက်ရှိပြီး အလုပ်သမား အခွင့်အရေး တွေက ပေးကားပေး၏ မရဖြစ်နေတာ။ အဲ့ဒီအားနည်းချက်က ဖြစ်လာတဲ့ဥပဒေတွေကဒီနေ့NLD တက်လာတဲ့ အခါ ဖွဲ့စည်းပုံ အရ ပြသနာရှိနေ သလို သင့်မြတ်ရေးမူ အရ ချောင်ပိတ်မိနေတယ်။ သင့်မြတ်ရေးမူ အရအသွင်ကူး ပြောင်းရေး ကာလ တရားမျှတမှု ကို မရှာနိုင်ဘူး။ အာဏာလွှဲပြောင်းရေး အောင်မြင်ဖို့နဲ့လက်ရှိ အစိုးရ ရပ်တည်ရေး စဉ်းစားတဲ့အခါကျတော့ ကြံခိုင်းရေးနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကို ရာထူးတွေပေးတယ်။ အလုပ်သမား ဝန်ကြီးဌာနမှ ဝန်ကြီးသည် NLD က မဟုတ်ဘူး။ တစ်ခါ ရန်ကုန်တိုင်းဒေသကြီးက ဝန်ကြီးသည် NLD ကမဟုတ်ဘူး။ အဲ့ကျတော့ ယန္တရားမှာ ရှိတဲ့အလုပ်သမားနဲ့ဆိုင်တဲ့ညွှန်ချုပ်တွေ အားလုံးကလည်း တပ်က ပြောင်းလာတဲ့ သူတွေ အတွင်းဝန်လည်း တပ်က ဆိုလိုတာက အပြောင်းအလဲမရှိဘူး။ သူတို့ရဲ့ စိတ်ဓာတ်တွေက အရင်တိုင်းပဲ ။ ဆိုတာက ဥပဒေအားနည်းတယ်။ တရားဥပဒေ မစိုးမိုးဘူး။ တစ်ဖက်ကလည်း ယန္တရားမှာ လူဟောင်းတွေ ဖြစ်နေတယ်။ NLD အနိုင်ရပေမယ့် NLD မဟုတ်တဲ့ပုဂ္ဂိုလ်များက တာဝန်ယူထားတယ်။ အဓိကဆုံးရှုံးတာ အဲ့ဒီကနေလာတာ။ ဘာပဲဖြစ်ဖြစ် ဥပဒေ အားနည်းချက် ရှိတာကို ကျွန်တော်တို့က ဖြေသိမ့် လို့ရတယ်။ ဒါပေမယ့် ဥပဒေပါ အခွင့်အရေးတွေကိုတော့ အလုပ်သမားတွေကို ရစေချင်တယ်။

ငြမ်းမီဒီယာ – တည်ဆဲ ဥပဒေတွေရှိနေပေမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေတယ် ဆိုတော့ ဘယ်လိုဆုံးရှုံးမှုတွေလဲ။ ကြီးကြီးမားမား ဆုံးရှုံးမှုတွေဆိုရင် ဘာတွေကို ဥပမာပေးလို့ရမလဲ။

ဦးဌေး – အလုပ်သမား အငြင်းပွားမှု ဥပဒေအရ အကုန် မဖြစ်တာတွေရှိတယ်။ တစ်ခါ အလုပ်သမားဖွဲ့စည်းရေး ဥပဒေ အရ အဖွဲ့အစည်းဖွဲ့လို့မရဘူး။ အခက်အခဲတွေ ရှိတယ်။ အလုပ်ရှင်တွေဘက်က အဆင်ပြေတဲ့သူတွေက ဦးစီးဖွဲ့တာတွေရှိတယ်။ နောက်တစ်ခါဖွဲ့ရင်လည်း အလုပ်ခန့်ထားမှု ဆိုင်ရာ စာချုပ်နဲ့ငြိတယ် ဆိုပြီးလည်း အရေးယူတာ တွေလည်းရှိတယ်။ မှတ်ပုံတင်ပြန်တော့လည်း မြို့နယ် မှတ်ပုံတင်အရာရှိက အလုပ်ရှင်ရဲ့ ထောက်ခံချက်ကို တောင်းခိုင်းပြန်ရော တကယ်က ဥပဒေပြဌာန်းချက်မှာ မပါဘူး။ မှတ်ပုံတင်ဖို့လုပ်ရင်းနဲ့ အလုပ်ပြုတ်ကြရတာ။ အဲ့ဒါတွေအကာအကွယ်မပေးနိုင်တာ။ ဥပဒေမှာ အဓိက အားနည်းချက်တွေက ရှိတယ်။ အလုပ်သမား အဖွဲ့အစည်းဥပဒေ ပုဒ်မ(၂၂)မှာပါတယ်။ အလုပ်သမားအဖွဲ့အစည်းတွေက အစည်းအဝေး ကျင်းပခြင်း သပိတ်မှောက်ခြင်း၊ စုပေါင်းတောင်းဆိုခြင်းတွေအတွက် အလုပ်သမားအဖွဲ့ချုပ်တွေက စည်းမျဉ်း စည်းကမ်းအမိန့်ညွှန်ကြားချက်တွေနဲ့ အညီ ငြိမ်းချမ်းစွာ ဆောင်ရွက်ရမယ်။လက်ရှိ အထိက အလုပ်သမားအဖွဲ့ချုပ်က သတ်မှတ် ထားတာမရှိဘူး။သက်ဆိုရာဌာနမှာလည်း လုပ်ပိုင်ခွင့်မရှိဘူး။လွှတ်တော်မှာ လည်းလုပ်ပိုင်ခွင့်မရှိဘူး။ ဥပဒေအရ အဲ့လိုဆို ထားတာ။ အလုပ်သမားတွေကစုပေါင်းတောင်းဆိုတယ်ဆိုပါစို့သူက စာတင်ထားတယ်။ စက်ရုံထဲမှာ စုပေါင်း တောင်းဆို တယ်။ စက်ရုံပြင်ပထွက်ပြီး တောင်းဆိုတယ်ဆိုရင် သူကအလုပ်ခန့်ထားရေး သဘောတူ စာချုပ်နဲ့အရေးယူလိုက်ရော။ တစ်ဖက်ကလည်း သုံးရက် ဆက်တိုက်ပျက်တယ်။လုပ်ငန်းနဲ့မဆိုင်တာတွေ လုပ်တယ်ဆိုပြီး အလုပ် ထုတ်ပစ်တယ်။ အရေးယူတာကို ဘယ်ကမှ အကာအကွယ် မပေးနိုင်တာ ။ ခုံကောင်စီ အဆင့်ဆင့်က လူတွေကိုက အဲ့လို လုပ်တာစည်းကမ်းတွေကို ဖောက်ဖျက်တာလို့ ထင်နေတာ။ ဒါတွေသည် ဥပဒေပါ အခွင့်အရေး ILO ကွန်ဗင်းရှင်းမှာလည်း ပါတယ်။ ပြည်တွင်း ဥပဒေမှာလည်း ပါတယ်။ စုပေါင်းတောင်းဆိုတယ် ဆိုတာ ဥပဒေမှာပါပြီးသား။ ဒါပေမယ့် အကာအကွယ်မရဘူး။ အလုပ်ထုတ်ရင် သက်ဆိုင်ရာ အလုပ်ရှင်ကို အရေးယူရမယ်။ အခုအလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ပြန်ပြင်ဖို့ကြိုးစားတဲ့လအခါမှာ အလုပ်သမားတွေရဲ့သဘောထားတွေနဲ့ ပြင်ဖို့ကြိုးစားနေတာ။

ငြမ်းမီဒီယာ – လက်ရှိ တည်ဆဲ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေမှာ ဘယ်အပိုင်းက အားနည်ချက် ဖြစ်နေတာလဲ။

ဦးဌေး – အားနည်းချက်ကတော့ အထူးသဖြင့် စုပေါင်း တောင်းဆိုတာကို အကာအကွယ်မပေးနိုင် တာပါ။ ညှိနှိုင်းရေး           ကော်မတီ ဖွဲ့ရမယ်။မဖွဲ့ရင် အရေးယူတာမပါတာ။ လက်ရှိ ပြင်ဆင်မယ့် မူကြမ်းထဲမှာတော့ အဲ့ဒါကိုထည့်သွင်း လာတယ်။ ၃၈(က)ပေါ့။ ၃၉(က)တော့ အလုပ်သမားတွေကြားမှာ တော်တော် ဂယက်ရိုက်နေတယ်။ကုန်ထုတ် လုပ်မှု မကျဆင်း စေရဘူးလိုပါတယ်။ အလုပ်သမားတွေက စုပေါင်းတောင်းဆိုတဲ့အတွက်ကြောင့် သပိတ်မှောက်တာ မဟုတ်ဘူး။သို့သော်  ကုန်ထုတ် လုပ်ငန်းမှာ စုပေါင်းတောင်းဆို ချိန်မှာ မရှိဘူး။ ဒါကို တရားဝင်အရေးယူဖို့လုပ်တာ။ ဒါက လက်ရှိအထိက အလုပ်ဖြုတ်တယ်။ အလုပ်ဖြုတ် တာကို သက်ဆိုင်ရာ ယန္တရားက အကာအကွယ် မပေးဘူး။ အခု အလုပ်ဖြုတ်ရာကနေ အရေးယူချင်လာတယ်။ ဒါသည် အလုပ်သမားလောကကို ဖျက်မှာ။ ဒါကြောင့် ရည်ရွယ်၍ကုန်ထုတ်လုပ်မှု             ကျဆင်းအောင် လုပ်ခြင်း မဟုတ်ပါက အရေးမယူ ရန်လို့ထည့်နိုင်အောင်ကြိုးစားနေတာ။ တမင်ရည်ရွယ်လုပ်ရင်တော့ ဟုတ်တာပေါ့။ သပိတ်မှောက်တဲ့ အခွင့်အရေးကို လည်း တစ်ခါ ဥပဒေမှာ ပေးထားပြန်တယ်။ အငြင်းပွားမှုဖြေရှင်းရေး    ဥပဒေမှာ ကျတော့ ခုံသမာဓိကို တက်ပြီးမှ မကျေနပ်မှ သပိတ်မှောက်ခွင့် ပေးတယ်။ အခက်အခဲက သပိတ်မှောက်ဖို့ လုပ်ထုံးလုပ်နည်းတွေကလည်း အလုပ်သမားအဖွဲ့ချုပ်တွေက မသတ်မှတ်ရသေးဘူး။ ဆိုလိုတာက အလုပ်သမား အဖွဲ့အစည်း ဥပဒေမှာ ပေးထားတဲ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေးမှာ ပေးထားတဲ့အခွင့်အရေးက မတူတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကျွန်တော်တို့နိုင်ငံမှာ အလုပ်သမား အဖွဲအစည်းတွေလည်း ပေါ်ပေါက်နေသလို အလုပ်သမားအဖွဲ့ချုပ်တွေလည်း ပေါ်ပေါက်နေပြီပဲ ဘာကြောင့် သပိတ်မှောက်မယ့် စည်းမျဉ်းစည်းကမ်းတွေ မသတ်မှတ်နိုင်သေးတာလဲ။

ဦးဌေး – အလုပ်သမား အဖွဲ့ချုပ်တွေက အဓိက က အလုပ်သမားထု မှာ အရင်ကတည်းက ပြောစမှတ်ပြုပါတယ်။ အရေးကြီးတဲ့ အလုပ်သမား အဖွဲ့ချုပ်အချို့က ပြီးခဲ့တဲ့အစိုးရ အဖွဲ့ဝန်ကြီးတွေရှိတဲ့ကာလမှာ ပေါ်လာတာဖြစ်တယ်။ အဲ့တုန်းကတော့ ပြည်ခိုင်ဖြိုး အစိုးရပေါ့။သူတို့နဲ့ဆက်စပ်မှုရှိတယ်။အဲ့ဒီကနေ အလုပ်သမားထုက လက်မခံကြတာ။ကျွန်တော်တို့နိုင်ငံရေး လောက ကရော အရပ်ဘက်အဖွဲ့အစည်းတွေကပါ လက်မခံကြတာ။ FTUB ကနေ မြန်မာငြိမ်းချမ်းရေး စင်တာကနေ ဆက်သွယ်ပြီး နိုင်ငံခြား ကနေပြန်လာတယ်။ လက်ရှိ CTUMကိုဖွဲ့တယ်။ အရင်အစိုးရလက်ထက်မှာ အလုပ်သမားရေးရာ ကိစ္စတွေ ILO ကိစ္စ တွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ဆန်ရှင်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့လိုတဲ့အခါကျတော့ FTUB ရဲ့အခန်း ကဏ္ဍက အရင် အစိုးရ လက်ထက်မှာ အရေးပါလာပြီး ပြည်တွင်းကို ပြန်လာပြီး သူတို့က အထူးအခွင့်အရေးတွေ ရသလိုဖြစ်လာတယ်။ သူသည်ဥပဒေနဲ့ ညီသလားဆိုတဲ့ ပြသနာကလည်းရှိတယ်။ ကျွန်တော်တို့မေးပါတယ်။ အဲ့ဒီမှာလည်းလယ်သမားအဖွဲ့အစည်းတွေ ပါတယ်။ အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေမှာ ပါတဲ့ပုဒ်မ ၃၁ မှာက (၁၀) ဧကထက် အထက်ဆို ဒါက လုပ်ငန်းရှင်လို့သတ်မှတ်ပြီး အလုပ်သမား အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်တဲ့ အထဲမှာမပါဘူး။ လယ်ပိုင်တဲ့ လူက အလုပ်ရှင် တကယ်က လယ်ယာမြေမှာ လုပ်ကြတဲ့သူရင်းငှားတို့အလုပ်သမားတို့ကိုဆိုလိုတာ။ အခုက အဲ့လိုမဟုတ်ဘဲ CTUM မှာက လယ်သမားအဖွဲ့အစည်း တွေ ဖောင်းပွနေတယ်။ ကျွန်တော်တို့က အစည်းအဝေးမှာ လည်းပြောပါတယ်။ ဒါတွေက ဥပဒေနဲ့မညီပါဘူးလို့ တင်ပြတယ်။ မြန်မာနိုင်ငံမှာက အလုပ်သမား အဖွဲ့အစည်းပေါင်း၂၀၀၀ ကျော်တင်တာက တစ်ထောင်ကျော်လောက်က လယ်သမား အဖွဲ့အစည်းတွေ ဖြစ်နေတယ်။

ငြမ်းမီဒီယာ – အလုပ်သမားအရေးကိစ္စနဲ့ပတ်သက်ပြီး ပြည့်သူကိုယ်စားပြု အမတ်တွေကိုရော ဘယ်လိုမြင်ပါသလဲ။ သူတို့ ဆောင်ရွက်ချက်တွေကိုဘယ်လိုမြင်လဲ။

ဦးဌေး – ကျွန်တော်ကိုယ်တိုင် ခုံကောင်စီမှာ ပါဝင်လုပ်ဆောင်ခဲ့တာရှိတယ်။ တစ်ခါတစ်လေမှာ ယန္တရားတွကို မသိမသာ အသုံးချသွားတွေရှိတယ်။ ဘာကြောင့်ဆို စစ်ကိုင်းအလုပ်သမား ကိစ္စဖြစ်တုန်းကဆို ကျွန်တော်တို့ခုံကောင်စီ လူကြီးတွေ ကိုလွှတ်တော်ကတွေ့ဆုံဖို့ဖိတ်ပါတယ်။ကျွန်တော်တို့လည်း သွားပါတယ်။လွှတ်တော်ထဲဝင်မယ့် အချိန်မှာ အလုပ်သမား သပိတ်မှာပါတဲ့လူတွေကို ဟိုမှာက ရိုက်နှက်ဖမ်းဆီးနေတာတွေတစ်ပြိုင်နက်တည်း လုပ်တာ။

အလုပ်သမားတွေရဲ့အသံကို နားထောင်ဖို့လိုပါတယ်။ တစ်ဖက်ကလည်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့လိုပါတယ်။ ကျွန်တော်တို့ …

သာမန်ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ကပဲလုပ်ဖို့ ပြောသလိုလို ဖြစ်နေတယ်။တကယ်က အချိန်ကိုက်ခေါ်ထားတာ။တစ်ခါ တစ်လေ တည်ဆဲယန္တရားတွေကို အသုံးချပစ်လိုက်တာ။ ဒီဘက်က NLD အစိုးရကလည်း အတွေ့အကြုံနုနယ်တဲ့အခါ အဲ့လို သုံးချမှုတွေမှာ သူကိုယ်တိုင် ကြားညပ်သွားတာတွေ ရှိတယ်။သင့်မြတ်ရေးလုပ်ရင်းနဲ့ညပ်နေတာ။    ချိန်ကိုက်တွေ လုပ်တဲ့ အခါ ကျတော့ ခုံကောင်စီသည် အလုပ်သမား ဘက်ကမရပ်ဘူးဆိုတဲ့ပြောစရာတွေဖြစ်လာတယ်။တစ်ခါ ကျွန်တော်တို့ ခုံကောင်စီ ရွေးချယ်ပွဲလုပ်တော့ ကျွန်တော်တို့လည်း ကန့်ကွက်တယ်။ အလုပ်သမားအဖွဲ့ချုပ်ကြီး မြန်မာပြည်မှာ (၃)ခုရှိတယ်။ နှစ်ခုက ကန့်ကွက်ထားတာ။ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိ ရွေးချယ်ပွဲကို အကုန်လုံး သပိတ်မှောက်ကြတာ။ အလုပ်သမားအဖွဲ့အစည်း ၁၃၀ ကျော်ဖိတ်တဲ့ဟာ ၃၀ ကျော်က သပိတ်မှောက်ထွက်လာတယ်။ ကျန်တဲ့ တစ်ရာကျော် ဆိုတာ ကလည်း CTUM ကအဖွဲ့တွေ သူတို့အဖွဲ့တွေက သူတို့လူကို အသိအမှတ်ပြုတင်လိုက် တာကို ကျွန်တော်တို့က ကန့်ကွက်တယ်။ နိုင်ငံတော်ကိုလည်း တင်တယ်။ လွှတ်တော်တွေကရေးရာကော်မတီတွေကိုလည်း တင်တယ်။တင်တဲ့အခါ ကျတော့ သူတို့က လည်း ဝန်ကြီးဌာနကို စာထုတ်တယ် နောက်ဆုံး ဖြေရှင်းတာကျတော့ အစိုးရဘက်က ဝန်ကြီးဌာနရဲ့အမြဲတမ်း အတွင်းဝန်က ကျွန်တော်တို့နဲ့ တွေ့ပြီး ရှင်းပါတယ်။ လွှတ်တော် ကော်မတီကနေ တရားဝင်ကန့်ကွက်တာမရှိတဲ့ အတွက် ပြီးခဲ့တဲ့သြဂုတ်လမှာ တာဝန်ပေး လိုက်တော့တယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်တာကို လက်ရှိဝန်ကြီးလုပ်တာကို ဘာကြောင့်ပြည်ထောင်စုအစိုးရက အသိအမှတ် ပြုလဲ။ လွှတ်တော် ကော်မတီ ကိုယ်တိုင် အသုံးချခံရတာလေ။ ဆိုလိုတာက ပြည်ခိုင်ဖြိုး ကလူက အတွေ့အကြုံရှိတယ် တပ်က လာတဲ့လူက အုပ်ချုပ်ရေး အတွေ့ အကြုံရှိတယ် ဒါကြောင့် ဒီဘက်ကိုအသုံးချတာ။ ကျွန်တော်တို့တင်ခဲ့တဲ့ အစိုးရက လည်း လယ်သမား ကိစ္စ၊ ကျောင်းသား ကိစ္စ ၊အလုပ်သမား ကိစ္စ စိတ်မဝင်းစားတဲ့ ပြဿနာဖြစ်နေပြီး သူက ငြိမ်းချမ်းရေးကိစ္စကို စိတ်ဝင်စားနေတာဖြစ်နေတယ်။ အသွင် ကူးပြောင်းရေးကာလရဲ့ အကျပ် အတည်းပြဿနာကို ပြည်သူ လူထုခံစားနေရတာ။ ဖွံ့ဖြိုးရေး မိတ်ဖက်ဆိုပြီး ခရိုနီတွေကို တွေ့တယ်။ ငြိမ်းချမ်းရေး ကိစ္စ ၊ရခိုင် ကိစ္စတွေ့ဆုံ ဆွေးနွေး လုပ်ဆောင်တယ်။ အလုပ်သမားကိစ္စနဲ့ လယ်သမားကိစ္စတွေ အတွက်တွေ့တာဒီနေ့အထိမပါသေးဘူး။

ငြမ်းမီဒီယာ – NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကို ပါတီရဲ့ အလုပ်သမားရေးရာကော်မတီမှာ ဥက္ကဌ တာဝန်ပေးပြီး ပြန်ဖွဲ့ထားတယ်။ အာဏာရပါတီရဲ့အလုပ်သမား အရေးကိစ္စတွေအပေါ် ချဉ်းကပ်မှုကိုရော ဘယ်လိုသုံးသပ်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးဌေး -၂၀၁၂ အလုပ်သမား သပိတ်တွေ စကတည်းက ကျွန်တော်တို့ကလည်း ပြည်သူ့ဘက်က ဆောင်ရွက်တာဖြစ်တယ်။NLD ပါတီ က လည်း ပြည်သူ့ဘက်ကဆောင်ရွက်တာဖြစ်တယ်။အဲ့ဒီ ကာလကတည်းက ဆက်သွယ် ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။အဲ့ဒီကာလကတည်းက ဦးတင်ဦးကပြောပါတယ်။ အလုပ်သမားရေးရာ တာဝန်ခံ ဦးဝင်းထိန်နဲ့တွေ့ဖို့ နှစ်တွေသာ ကြာသွားတယ် ကျွန်တော်တို့တစ်ခါမှ မတွေ့ရပါဘူး။ ပါတီကို အကူအညီ တောင်းတဲ့အခါ ကော်မရှင်က ညွှန်ကြားချက် တွေရှိနေတဲ့ အတွက် တိုက်ရိုက်ပါဝင် ဆောင်ရွက်လို့မရပါဘူး။ လူမှုရေး အကူအညီတွေ တော့ပေးပါတယ်။စားဖို့သောက်ဖို့ လှူဒန်းတာတွေရှိပါတယ်။

ဦးသိန်းစိန်က နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အရပ်ဘက် အဖွဲ့ခေါင်းဆောင်တွေ အလုပ်သမား အရေးဆောင်ရွက်တဲ့ ခေါင်းဆောင်တွေ အကုန်လုံး လက်ခံတွေ့ခဲ့တယ်။ လက်ရှိ ကျွန်တော်တို့ ကိုယ်တိုင် တင်မြှောက်ခဲ့တဲ့ အစိုးရ လက်ထက်မှာ အဲ့ဒါတွေကို မတွေ့ရတဲ့အခါ ဝမ်းနည်းတယ်။ ပြည်ခိုင်ဖြိုးသည် ကျွန်တော်တို့ကိုယ်တိုင် မထောက်ခံခဲ့ပါဘူး။ ဒါပေမယ့် …

အလုပ်သမားကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတယ်။ မရတဲ့အခါ၂၀၁၂ လောက်မှာကတည်း က ဆန္ဒပြဖို့ လုပ်ပါတယ်။ ပါတီရုံးဖွင့်ပွဲတွေမှာလည်း တွေ့ဆုံနိုင်ဖို့ ကြိုးစားတာ ဘယ်လိုမှ မရတဲ့အခါ နေအိမ်မှာ သွားပြီး   တောင်းဆို ကြမယ်ဆိုတာ ဖြစ်လာတယ်။ တွေ့ခွင်တော့ မရဘူး။နောက်ပိုင်မှာတော့အဲ့လို မလုပ်ပါနဲ့ တွေ့လို့ရအောင် စီစဉ်ပေးပါမယ်လို့     ပြောပြီး ဦးဝင်းတင်က သူစီစဉ်ပေးပါတယ်။ နောက်ဆုံး ၂၀၁၂ ဇွန်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ပြောချင်တာ က အလုပ်သမားပြဿနာတွေ ဖြစ်တိုင်းဖြစ်တိုင်း NLD ကိုအစဉ်တစိုက် သွားတင်ပြပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲ ပြီးတော့ ကျွန်တော်တို့လည်း တွေ့ခွင့်မရတော့ပါဘူး။သူတို့လည်းလုပ်ငန်းတွေ ရှုပ်ကုန်တော့ လက်ခံတွေ့မယ် လူမရှိတော့ဘူး။ရွေးကောက် ပွဲ  ပြီးမှ ထူးခြားချက်က ကျွန်တော်တို့အလုပ်သမား အရေးဆောင်ရွက်သူတွေ အရင်လိုတောင်တွေ့ခွင့်မရတော့ဘူး။

မိသားစုလို့တွက်တာနဲ့ အလုပ်သမားမိသားစု ဆိုတာ အနည်းဆုံး(၃)ယောက်နဲ့ တွက်ရင်တောင် ဘယ်လိုတွက်တွက် ၅၆၀၀ ထက်မကဘူး။ ကြိုက်သလိုတွက် ကြိုက်တဲ့ဒေသတွက် ဘယ်လိုမှ မစားလောက်တာ …

ငြမ်းမီဒီယာ – အခုအလုပ်သမားတွေက တစ်ရက် ၅၆၀၀ ကျပ်ထက်မနည်းပေးဖို့တောင်းဆိုနေတယ်။ အလုပ်ရှင်တွေဘက်က လိုက်လျောနိုင်ခြင်းမရှိဘူး ဆိုတာမျိုးလည်းကြားရတယ်။ ဘယ်လိုမြင်လဲ။

ဦးဌေး – အနည်းဆုံး အခကြေးငွေ သတ်မှတ်ရင် အခြေခံရမယ့်အချက်တွေက ဥပဒေမှာကို အတိအလင်းပြဌာန်းထားတယ်။ ပြဌာန်း ချက်နဲ့အညီဆောင်ရွက်လိုက်ရင် ဒီနှုန်းတွေက ကျွန်တော်တို့မတောင်းလည်း အဲ့ဒီထက်များရမှာ။ မူလ ၃၆၀၀ ကျပ် တွက် ကတည်းက ဥပဒေနဲ့ညီသလား။ အနည်းဆုံး အခကြေးငွေ ဥပဒေမှာ ဥပဒေရဲ့နိဒန်းပေါ့။ ရည်ရွယ်ချက်မှာကိုက အလုပ်သမား၊ အလုပ်သမားရဲ့မိသားစု စားဝတ်နေရေး ပြေလည်ဖို့ဆိုတာပါတယ်။ ပုဒ်မ(၇)မှာ အခြေခံရမယ့်(၉)ချက်မှာလည်း အလုပ်သမားနဲ့ အလုပ်သမားမိသားစုရဲ့လိုအပ်ချက် လို့ပါတယ်။ ကျန်တာထားတော့ မိသားစုလို့တွက်တာနဲ့ အလုပ်သမားမိသားစု ဆိုတာ အနည်းဆုံး(၃)ယောက်နဲ့ တွက်ရင်တောင် ဘယ်လိုတွက်တွက် ၅၆၀၀ ထက်မကဘူး။ ကြိုက်သလိုတွက် ကြိုက်တဲ့ဒေသတွက် ဘယ်လိုမှ မစားလောက်တာ။ အခု အလုပ်သမားတွေစားရတာ ပွင့်ပွင့်လင်းလင်း ပြောရရင် အလုပ်သမားတွေစားနေရတာ အလုပ်ရှင်သားသမီး ဘယ်သူမှ မစားပါဘူး။ အလုပ်ရှင်ကိုယ်တိုင်လည်းမစားနိုင်ပါဘူး။ ဒီနေ့ဘယ်သူမှ မစားတဲ့ဟာမျိုးတွေကို အလုပ်သမားတွေစားနေရတာ။ ဂုဏ်သိက္ခာရှိစွာစားဖို့ဆိုတာအဝေးကြီးပဲ။ လက်ရှိမသေရုံစားတာတောင် မစားလောက်လို့ ပြောနေကြရတာ။ မြေခတွေ အခွန်အတုပ်တွေ လျပ်စစ် အပြည့်အဝမရလို့ကုန်တဲ့ဆီဖိုးတွေ ဒါတွေကျမပြောရဲပဲ အလုပ်သမား စရိတ် ကျတော့ သူတို့က နိုင်ရာဖိထောင်းနေကြတာ။ အဲ့ဒါကျတော့ရော တရားမျှတမှုရှိရဲ့လား။သူတို့ရဲ့အမြတ်အတွက် အလုပ်သမား အပေါ်က ခေါင်းပုံဖြတ်တာ။

ငြမ်းမီဒီယာ – အစိုးရ အဖွဲ့နဲ့ ပြည်သူ့ကိုယ်စားလှယ် အမတ်တွေကို အလုပ်သမား ရေးရာ ဆောင်ရွက်နေသူ ဥပဒေပညာရှင် တစ်ယောက်အနေနဲ့ဘာများပြောချင်ပါသလဲ။

ဦးဌေး – ILO မူရော လက်ရှိ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေမှာရော အလုပ်ရှင် အလုပ်သမား အစိုးရ သုံးပွင့်ဆိုင်ဖြေရှင်းဖို့ဆိုတာပါပါတယ်။ လက်တွေ့မှာလည်း သုံးပွင့်ဆိုင်ဖြေရှင်းဖို့ လိုပါတယ်။ အလုပ်သမားတွေရဲ့ အသံကို နားထောင်ဖို့လိုပါတယ်။ တစ်ဖက်ကလည်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့လိုပါ တယ်။ ကျွန်တော်တို့မကျေနပ်သည့်တိုင်အောင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် တက်လာတဲ့ ဦးသိန်းစိန်က နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အရပ်ဘက်အဖွဲ့ခေါင်းဆောင်တွေ အလုပ်သမားအရေးဆောင်ရွက်တဲ့ ခေါင်းဆောင်တွေ အကုန်လုံးလက်ခံတွေ့ခဲ့တယ်။ လက်ရှိ ကျွန်တော်တို့ကိုယ်တိုင် တင်မြှောက်ခဲ့တဲ့ အစိုးရ လက်ထက်မှာ အဲ့ဒါတွေကို မတွေ့ရတဲ့ အခါ ဝမ်းနည်းတယ်။ ပြည်ခိုင်ဖြိုးသည် ကျွန်တော်တို့ကိုယ်တိုင် မထောက်ခံခဲ့ပါဘူး။ ဒါပေမယ့်ကျွန်တော်တို့ အပြုသဘော ပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အလုပ်သမားအရေးဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေ အလုပ်သမားအဖွဲအစည်းတွေရဲ့ အသံတွေကို နားထောင်ခဲ့တယ်။ လုပ်ပေးနိုင်ရင် လုပ်ပေးပါတယ်။ လက်ရှိ လက်ထက်မှာ အဲ့ဒီလို မတွေ့ရတော့ဘူး။ ဒါကထူးခြားချက်ပါပဲ။ ပြည်ခိုင်ဖြိုး အစိုးရက လုပ်ခဲ့ရင် NLD အစိုးရက ပိုလုပ်သင့်ပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတာ လည်းမှန်တယ်။ပြည်သူနဲ့အတူ ဆိုတာလည်း မှန်တယ်။ ပြည်သူတွေနဲ့အတူပြောင်းလဲဖို့အတွက် ပြည်သူနဲ့အတူ ပြည်သူထဲမှာ အများဆုံးဖြစ်တဲ့ လယ်သမား အလုပ်သမားတွေနဲ့တွေ့ဖို့လိုပါတယ်။ ပြည်သူနဲ့အတူဆိုပြီးခရိုနီတွေနဲ့ပဲတွဲနေလိုတော့မဖြစ်ပါဘူး။ ခရိုနီတွေ လုပ်ငန်းရှင်တွေပဲ ကွက်တွဲပြီး အလုပ်သမား လယ်သမား မပါဘူးဖြစ်နေတယ်။ NLD အစိုးရလက်ထက်မှာ လယ်သမား အလုပ်သမားတွေနဲ့ကင်းကွာ နေပါတယ်။ လက်တွဲလုပ်ဆောင်ပါလို့အကြံပြု ပြောချင်ပါတယ်။

ငြမ်းမီဒီယာ
ဒီဇင်ဘာ(၄)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,