ပြည်သူရဲ့အခြေအနေကတော့ မပြောင်းလဲဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆရာဖိုး / ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး

“ နိုင်ငံရေးတိုက်ပွဲ ပုံစံမျိုးတွေကြီးပဲ ဇာတ်သွင်းနေမယ်ဆိုရင်တော့ နဂိုကတည်းက အကွဲအပြဲ သိပ်များတဲ့နိုင်ငံမှာ ကြာလေဟလေ ဖြစ်လာရင် နိုင်ငံအတွက် အန္တရာယ်ကြီးတယ် …

ပြည်သူ့ပါတီအခြေအနေ၊လက်ရှိအစိုးရ၏ ဆောင်ရွက်ချက်၊ ပြည်သူများ၏ အခြေအနေများနှင့်ပတ်သက်၍ ပြည်သူ့ပါတီ ဥက္ကဌ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အား ငြမ်းမီဒီယာက စက်တင်ဘာလ(၂၅)ရက်နေ့ တွင် တွေ့ဆုံမေးမြန်းခဲ့သည်။

ငြမ်းမီဒီယာ – အခု ဦးကိုကိုကြီးတို့ ပါတီရုံးခွဲတွေ ဖွင့်တာ အရေအတွက်အားဖြင့် ဘယ်လောက် ရှိသွားပြီလဲ။ ဘယ်နေရာတွေမှာဖွင့်ဖြစ်လဲ ခင်ဗျ။

UKKG – ရုံခန်း (၅၀)လောက်ရှိပြီ။ အခုအဲဒီထဲမှာ ရပ်ကျေး ရုံးခန်းတွေက အခုဖွင့်နေတာ ရာဂဏန်းလောက် ဖြစ်လာတာပေါ့။ အဓိက ကျနော်ပြောချင်တာက တိုင်းဒေသကြီး ပြည်နယ် ရုံးနဲ့ မြို့နယ်ရုံးတွေက အားလုံး(၅၀)လောက်ဖွင့်နိုင်ခဲ့ပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီမိုကရေစီရရှိရေး ဒို့အရေးပေါ့ဗျာ ကျနော်တို့ စွန့်လွှတ်စွန့်စားခဲ့တယ်။ အဲဒီလောက်နဲ့ပဲ ပျောက် သွားတော့ မှာလားဆိုတဲ့ စိုးရိမ်စိတ်အကြီးမားဆုံးဖြစ်ခဲ့တယ် …

ငြမ်းမီဒီယာ – ဦးကိုကိုကြီးတို့ လျာထားတာရော ဘယ်လောက် လောက်ရှိလဲ။

UKKG – အခုက ကျနော်တို့က ကွန်ရက်ဖြစ်အောင်တော့ တတ်နိုင်သလောက်တော့ ဖွင့်လို့ရတဲ့နေရာ အတော်များများမှာ ရုံးခန်း ဖြစ်ဖို့ ကြိုးစားတာပေါ့။ ဘာကြောင့်လဲဆိုတော့ ပါတီထောင်တယ်ဆိုတာ ရွေးကောက်ပွဲဝင်တာ၊မဝင်တာ တစ်ပိုင်းထားလိုက်ပြီးတော့ ဒေသခံပြည်သူတွေရဲ့ပြောခွင့်ဆိုခွင့်ရှိတဲ့ ဆုံရပ်တွေဖြစ်ဖို့ ကျနော်တို့က ရည်ရွယ်တာဆိုတော့ တတ်နိုင်သလောက်တော့ ကိုယ့် ရှစ်ဆယ့်ရှစ်ကွန်ရက်တွေရော နောက်တခြား ပါတီပါတီအပေါ်မှာ စိတ်ဝင်စားတဲ့ ဒေသခံတွေနဲ့ချိတ်ဆက်လို့ ရနိုင်တဲ့ နေရာတွေမှာ ရုံးခန်းဖွင့်ဖို့ကြိုးစားတာပေါ့။ ဒါတောင်မှ တချို့ကျတော့ လူရှိတယ်။ရုံးခန်းနေရာက ချောင်ကြိုချောင်ကြားမှာဖြစ်နေရင် မကောင်းဘူး ဆိုပြီး သူတို့က မဖွင့်ဖြစ်ဘူး။ ရုံးခန်းဌားဖို့ ဆိုတာလည်း ဘဏ္ဍာရေးအခက်အခဲ ရှိတဲ့အတွက်ကြောင့် လူရှိလျက်သားနဲ့ ရုံးခန်း မဖွင့်ရသေးတဲ့ နေရာတွေလည်း ရှိတယ်။

ငြမ်းမီဒီယာ – ပြည်သူ့ပါတီ တည်ထောင်စဉ်က ရှစ်ဆယ့်ရှစ်မျိုးဆက် အပြင် မျိုးဆက်အသီးသီးကို ဖိတ်ခေါ်ခဲ့တာ၊အဲဒီတော့ အခု ပါတီမှာ ပူးပေါင်းပါဝင်လာသူတွေရဲ့ လုပ်ရည်ကိုင်ရည်ကရော ဦးကိုကိုကြီး မျှော်လင့်ထားသလောက်ဖြစ်ရဲ့လား။

UKKG – နိုင်ငံရေး အရင်းအမြစ်ကတော့ အရေးကြီးဆုံးပဲ။ ဥပမာအားဖြင့် တချို့ ငွေကြေးဓန ဥစ္စာရှိတယ်။ တချို့လည်း ဘွဲ့တွေ၊ အတန်းပညာတွေ နိုင်ငံခြားကရတဲ့ဘွဲ့တွေ မျိုးစုံရှိတယ်။ ဒီအရည်အချင်းတွေကို ကျနော်တို့လည်းပဲ ပညာရပ်ဆိုင်ရာ ထူးချွန် သူတွေကို အင်မတန် တန်ဖိုးထားပါတယ်။ သို့သော်တစ်ချိန်တည်းမှာ ပါတီတစ်ခုကိုစတည်တဲ့သူတွေမှာက နိုင်ငံရေး အရင်းအမြစ်ပေါ့ Political Capital ရှိဖို့လိုတယ် လို့မြင်တယ်။ ကျနော်တို့ပါတီမှာ နိုင်ငံရေး အရင်းအမြစ်ကတော့ အားကောင်း တယ်လို့ ကျနော်တို့ပြောလို့ရတယ်။ တော်တော် များများက ရှစ်ဆယ့်ရှစ်မတိုင်ခင်က ပုဂ္ဂိုလ်တွေပါသလို၊ ရှစ်ဆယ့်ရှစ်ရော ရှစ်ဆယ့်ရှစ်နောက်ပိုင်း မျိုးဆက်တွေလည်း ပါတော့ နိုင်ငံရေးအရင်းအမြစ်အားဖြင့် ကျနော်တို့ အားရပါတယ်။ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန်ပြန့်တော့ ဖြစ်စေချင်၊ပါစေချင်တာပေါ့။ကျနော်တို့ ပါတီစတည်တဲ့အချိန်မှာ မှတ်မှတ်ရရ မန္တလေးမှာ ကျနော်တို့ ဟောပြောပွဲလုပ်ကြတဲ့ အချိန်မှာ ဆရာဖေမြင့်၊ဆရာကျော်ဝင်း၊ ကျနော်ပါတယ်။ ဆရာကျော်ဝင်းက အဲဒီမှာ သူ့မျိုးဆက်ကိုသူက နမူနာပေးပြီးပြောတာပေါ့လေ။ ကျနော်တို့ ယုံကြည်ချက်တစ်ခုနဲ့ တောခိုတဲ့သူတွေလည်း ခိုကြတယ်။ထောင်တွေလည်း ကျကြတယ်။

ကျနော်တို့ နိုင်ငံမှာ မလုံခြုံတာတွေက နေရာအနှံ့ပဲ။အစားအသောက်လည်း မလုံခြုံဘူး။ ရှုနေရတဲ့လေည်း မလုံခြုံဘူး။သောက်ရတဲ့ရေလည်း မလုံခြုံဘူး။ပြောချင်တာက …

ကျောင်းတွေလည်း ထုတ်ခံရတယ်။ ဒါပေမယ့် ကျနော်တို့က ခိုင်ခိုင်မာမာ ပြစရာ ရလဒ်မထွက်ခဲ့ဘဲနဲ့ ပျောက်ဆုံးမျိုးဆက် ဖြစ်ခဲ့ တယ်ပေါ့။ နောက်လူငယ်တွေကို သူတို့လိုမျိုး ပျောက်ဆုံးမျိုးဆက်ဖြစ်မှာ စိုးရိမ်တယ်ဆိုတဲ့စကားက အဲဒီအချိန်က တော်တော်စော တယ်။ဒါပေမယ့် အဲဒီစကားလုံးက ကျနော့်နားထဲကို တော်တော်ပဲ့တင် ရိုက်ပြီးကျန်ခဲ့တယ်။ ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက်လည်း အခုဆို (၃၁)နှစ်ရှိပြီပေါ့။ သမိုင်းမှာ ဒီမိုကရေစီရရှိရေး ဒို့အရေးပေါ့ဗျာ ကျနော်တို့ စွန့်လွှတ်စွန့်စားခဲ့တယ်။ အဲဒီလောက်နဲ့ပဲ ပျောက် သွားတော့ မှာလားဆိုတဲ့ စိုးရိမ်စိတ်အကြီးမားဆုံးဖြစ်ခဲ့တယ်။ ကျနော်တို့ ကိုယ့်လူတွေ ကိုယ်ယုံတယ်။သူတို့မှာ လေ့လာ မှု တွေရော၊ သူတို့ဖြတ်သန်းမှု အတွေ့အကြုံတွေရှိပါလျက်နဲ့ ၊လုပ်နိုင် ကိုင်နိုင်စွမ်းတွေ ရှိပါလျက်နဲ့၊ အသုံးမချလိုက် ရဘဲနဲ့ တဖြေးဖြေးနဲ့ မှေးမှိန်ပြီးတော့ ပျောက်သွားတာ အဖြစ်မခံနိုင် ဘူးဆိုပြီး ပြည်သူ့ပါတီ ထောင်တဲ့ ရည်ရွယ်ချက်မှာ အဲဒါက အဓိက ပါတယ်။ ကျနော်တို့မှာဖြစ်စေချင်တဲ့ စိတ်စေတနာတွေရှိတယ်။ စာအုပ် စာပေတွေကဖြစ်စေ၊ တခြား နိုင်ငံတကာကိုသွားတဲ့ အတွေ့ အကြုံတွေ ကဖြစ်စေ၊ ကျနော်တို့ အရင်နောင်တော် မျိုးဆက်တွေကဖြစ်စေ၊ လူငယ်မျိုးဆက်တွေ ဆီကအစ ပြန်ပြီးတော့ အချင်းချင်း မျှေ၀ ထားတဲ့၊လေ့လာထားတဲ့ ဗဟုသုတတွေကိုကျနော်တို့ပြန်ပြီး အကောင်အထည်ဖော် ချင်တယ်။ဒါကြောင့်မို့လည်း ပါတီထောင်ဖြစ်တာ။

ငြမ်းမီဒီယာ – ပြည်သူ့ပါတီမှာ အမျိုးသမီးတွေပါဝင်မှု၊အမျိုးသားပါဝင်မှု မျှခြေရှိရဲ့လား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKKG – ကျနော်တို့က သိပ်ပါစေချင်တာ။ အမျိုးသမီးတွေ အများကြီးပါစေချင်တယ်။ လူငယ်မျိုးဆက်တွေ လည်း အများကြီး ပါစေချင် တယ်။ သို့သော်ကျနော်တို့ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုက ဘာလဲဆိုတော့ ရပ်တည်ရေးပြဿနာ။ တချို့ဆိုပါတီထောင်တာ အားပေး တယ်။ပါလည်းပါစေချင်တယ်။ သို့သော်လက်ရှိ ဥပမာအားဖြင့် CSO တွေ လုပ်နေကြတယ်။ အထိုက်အလျောက်တော့ သူ့ရပ်တည် ရေး အတွက် ဒီအလုပ်တွေကနေတဆင့်မှီခိုနေရတာတွေရှိတယ်။ ပါတီထဲ ဝင်လုပ်တော့မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ကိုယ့်ရဲ့ဘ၀ ရပ်တည်ရေး ဆိုင်ရာတွေမှာ ပြောရရင်တော်တော်အခက်အခဲ ရှိတယ်။ အဲဒါကြောင့် မလာနိုင် ကြတာတွေ ရှိတယ်။ ဒီမိုကရေစီ အရေး အပြောင်းအလဲကို လုပ်ဖို့ရာ Political Society အားကောင်းဖို့ရာ သိပ်အရေးကြီးတယ်။ ခက်တာက နိုင်ငံရေး လုပ်ရင် ဘာရမလဲဆိုတဲ့ မက်လုံးကျနော်တို့မှာ ဘာမှ မရှိဘူး။ တချို့ဆို နိုင်ငံရေး လုပ်ရင်ထောင်ကျတယ်ဆိုတဲ့ သိတဲ့ အခြေအနေ မျိုးမှာ ကျနော်တို့ နိုင်ငံရေးအတွက် အမာခံ စုစည်းရတာ တော်တော်ခက်တယ်။ တစ်ခုတော့ ရှိတာပေါ့ တချို့ကျတော့ အလား အလာ ရှိတဲ့၊ လက်ရှိလည်း အင်အားကြီးနေတဲ့ ပါတီအဖွဲ့အစည်းတွေမှာ ဝင်လုပ်တာမျိုးက သက်သာတယ်။ ပါတီအသစ် တစ်ခု အနေနဲ့ စပြီးတော့ ရုန်းကန်ရတဲ့အခါကျတော့ တချို့ကစောင့်ကြည့်နေတဲ့ အင်အားစုတွေရှိတယ်။ ဘယ်လောက် အထိဖြစ်လာမှာလဲ ပေါ့။ တချို့ကျတော့လည်း လုပ်ချင်တယ် ခုနက ပြောတဲ့ ဘဝရပ်တည်ရေး အခက်အခဲတွေကြောင့်မို့ အပြည့် မလုပ်နိုင်ဘူး။ ဒီအခက် အခဲ တွေ ကိုတော့ ရင်ဆိုင်နေရတယ်။

ငြမ်းမီဒီယာ – ပြည်သူ့ပါတီအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးကိုဘယ်လို ရှာဖွေလဲ။ဘယ်လိုပုံစံနဲ့ သုံးစွဲလဲခင်ဗျ။

UKKG – စပြီးဖြစ်မြောက်ရေးကော်မတီလုပ်တဲ့အချိန်မှာ စတင်ဆော်သြော်ပြီး ဦးဆောင်တဲ့သူတွေက တစ်ဦးချင်း လစဉ်ထည့် ဝင်ငွေ။ဒါက အရင်ဆုံးအခြေခံပေါ့။ အဲဒီ ကနေပြီးတော့မှ ဒီပြည်သူ့ပါတီ ပေါ်ပေါက်လာဖို့အတွက်ကို လိုလားတဲ့ ကူညီချင်တဲ့ မိတ်ဆွေ တွေကနေပြီးတော့ သူတို့တတ်နိုင်သလောက် ပံ့ပိုးကူညီငွေတွေနဲ့ ကျနော်တို့ စပြီးလည်ပတ်ရတာပေါ့။ လည်ပတ်ရတဲ့အခါကျတော့ ကျနော်တို့ စည်းရုံးရေးခရီး သွားမယ်ဆိုရင် ကိုယ့်ကားကိုယ်ယူခဲ့၊ ကိုယ့်ကားကိုယ်ဆီထည့် ဆိုတာမျိုးနဲ့ သွားကျရတော့ ပြောရရင် ငွေပိုငွေလျှံရယ်လို့ စုထားပြီး ပုံထားပြီးတော့ လုပ်ရတာမျိုးတောင် မဟုတ်ဘူး။ တစ်ခုချင်းစီ အတွက်ကို ရသလောက်ရှာလိုက် ပြီးရင် စည်းရုံးရေးခရီး တစ်ခုသွားလိုက်၊လှုပ်ရှားမှု တစ်ခုလုပ်လိုက် ဆိုတာမျိုး၊တစ်ပွဲစာ၊ တစ်ပွဲစာ ရှာဖွေပြီး သွားနေ ရသလို ဖြစ်တာပေါ့။

ငြမ်းမီဒီယာ – အခု ပါတီခရီးလမ်းသွားနေချိန်မှာ အဓိက အခက်အခဲက ဘာလဲခင်ဗျ။ ဘဏ္ဍာရေးလား၊ လူသားအရင်းအမြစ် လား။ ဘာဖြစ်မလဲခင်ဗျ။

UKKG – ပါတီအသစ်တစ်ခုဆိုတာ အခြေကျပြီးသား ပါတီတွေနဲ့ နှိုင်းယှဉ်ရင် အထွေထွေ လိုအပ်ချက် တွေ ရှိတယ်။ ငွေရေးကြေးရေး ဆိုင်ရာ၊ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက် ဒါကေ သချာတယ်။ ဘဏ္ဍာရေး မရှိရင် ကျနော်တို့ ဘာမှ လုပ်လို့မရဘူး။ နောက်တစ်ခု ကတော့ လူသားအရင်းအမြစ်။ လူသားအရင်း အမြစ်မှာလည်း ကျနော်တို့ တော်တော်များများက ဒီစည်းရုံးရေးတို့ ကမ်ပိန်းတို့၊ လှုံ့ဆော်တာတို့ မှာကျတော့ ဒါတွေက ကျနော်တို့ ကျွမ်းကျင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က ရှစ်ဆယ့်ရှစ် လူဟောင်းတွေကြီး မဟုတ်ဘဲနဲ့ ပြင်ပ ပုဂ္ဂိုလ်ပါ ပါနိုင်အောင် စည်းရုံးတဲ့အခါမှာ တချို့လည်း နီးစပ်ရာ စီးပွားရေး အဝန်းအဝိုင်း ထဲကနေပြီးတော့ ပါလာတဲ့သူတွေလည်း ရှိတယ်။ သူတု့ိကိုယ်တိုင် လည်း ပါတီထဲမှာ ဝင်လုပ်တယ်။တချို့လည်း တတ်နိုင် သလောက် လှူဒါန်း တယ် ကူညီတယ် ဆိုတာမျိုးတွေ လည်းရှိတယ်။ နောက်တစ်ခုက ကျနော်တို့က အရင်လည်း ရင်းနှီးပြီးသားဖြစ်တဲ့ အန်ဂျီအိုတွေ ရှိတယ်။သူတို့ဆီကနေပြီးတော့ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးဖလှယ်မှုတွေ လုပ်တာရှိပါတယ်။ ဘာသာရပ်အလိုက်၊ အကြောင်း အရာ အလိုက် သူတို့ သုတေသန လုပ်ထားတဲ့စာတမ်း တွေ၊ Think Tank သဘောမျိုး အဲဒါမျိုးတွေကို ပါတီရဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနဆိုပြီး သီးခြားဖွဲ့စည်းသလို အဲဒီ R & D ဒီသုတေသန ပါတီရဲ့ကော်မတီက အခြားပြင်ပမှာ ရှိတဲ့ အန်ဂျီအိုတွေနဲ့ ပူးပေါင်းပြီးတော့ အချက်အလက်တွေစုဆောင်းတာ၊ ရှာဖွေတာ၊ အမျိုးအစားတွေခွဲတာ၊ သုံးသပ်တာ ဒါတွေလည်း ကျနော်တို့ လုပ်တာရှိပါတယ်။

ငြမ်းမီဒီယာ – ပြည်သူ့ပါတီအနေနဲ့ ဘယ်နေရာတွေမှာ၊ ဘယ်လောက် အထိ ဝင်ရောက် ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပြီးပြီလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKKG – ကျနော်တို့ ပါတီတစ်ခု အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ဖွဲ့စည်းထားတဲ့ ပါတီဟာ သုံးယောက် မဝင်မနေရ ဆိုတာ ဒါက တော့ ပြဌာန်း ချက်။ပါတီစည်းရုံးရေး၊ ရုံးခန်းဖွင့်ရေး လုပ်နေတဲ့ တစ်ပြိုင်နက် တည်းမှာ ဖြစ်နိုင်ခြေရှိတဲ့ မဲဆန္ဒနယ်တွေနဲ့ ကိုယ်စား လှယ်လောင်း တွေကို စုစည်းနေဆဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘယ်နှနေရာ ဆိုတာကို အတိအကျမပြော နိုင်သေးပါဘူး။ နောက်ရွေးကောက်ပွဲ ဆိုင်ရာ စီးပွားရေးလို့ ပြောရမလားတောင် မသိဘူး။ Election Economy ကလည်းအရမ်း စိတ်ဝင်စားဖို့ ကောင်း တယ်။ တစ်နိုင်ငံ လုံးမှာ တိုင်းဒေသကြီးပြည်နယ်အဆင့်မှာ ပေါင်းလိုက်မယ် ဆိုရင် ကိုယ်စားလှယ် လောင်း တစ်ထောင့် ငါးဆယ်လောက် ရှိတယ်။ အပြည့်ဝင်မယ့် ပါတီတစ်ခု အတွက် ကော်မရှင်သတ်မှတ်ချက်အရ ကိုယ်စားလှယ် လောင်း တစ်ယောက် ကို သိန်းတစ်ရာ သုံးမယ် ဆိုရင်တောင် အဲဒီ ရွေးကောက်ပွဲ ကမ်ပိန်းကာလ အတော အတွင်းမှာ သိန်းပေါင်း တစ်သိန်း ခွဲလောက်ကုန်ကျစရိတ် ရှိတယ်။ အဲဒီလောက်အများကြီးဝင်ဖို့ဆိုတာက တကယ့်တကယ် ကျနော်တို့မှာ ငွေရေးကြေးရေး ၊ ဘဏ္ဍာရေးအရ အများကြီး အခက်အခဲ ရှိတယ်။ အဲဒီတော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲ မှာကတော့ အထူးသဖြင့် တိုင်းရင်းသားေဒသတွေမှာဆိုရင် တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်မယ်။နောက် ဒီ ပြည်မ ဒေသတွေ တိုင်းဒေသကြီး ဒေသတွေမှာဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို စိစစ်ပြီးတော့ ရွေးချယ်ပြီး ဝင်သွားမှာပါ။ကျနော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တော့ ဒီ ၂၀၂၀ မှာ ဝင်နိုင်ဖို့မရှိဘူး။

ငြမ်းမီဒီယာ – ဦးကိုကိုကြီးရဲ့ ပါတီမူဝါဒတွေမှာ ပါတဲ့စကားလုံး တစ်လုံးကို သဘောကျလို့ပါ။ “ အလင်းခေတ်” ဆိုတဲ့စကားလုံးပါ။ ကျနော်တို့ အမှောင်ခေတ်လို့သတ်မှတ်ခဲ့တဲ့ အချိန်တွေရှိပါတယ်။ ဒီဘက်ခေတ် မှာတော့ ကျနော်တို့ အလင်းပျပျ ကိုမြင်နေရ ပါပြီ။ဦးကိုကိုကြီး ဒီစကားလုံးကို ဘာလို့ သုံးတာလဲခင်ဗျ။

UKKG – ကျနော်ကိုယ်တိုင် အဲဒီစကားလုံးကို စွဲစွဲထင်ထင် ရှိလို့။ လူငယ်တချို့နဲ့ အလင်းခေတ်ဆိုတဲ့ စာစောင်လေးတောင် ထုတ်ဖြစ် လိုက်သေးတယ်။ ဒါပေမယ့် သိပ်ကြာကြာ မထုတ် လိုက်နိုင်ဘူး။ စာအုပ်ဈေးကွက် အခြေအနေ နောက်တစ်ခုက ကျနော် တို့ထုတ်တဲ့ စာအုပ်အမျိုးအစားကလည်း ပရိသတ် သိပ်ကျယ်ကျယ် ပြန်ပြန့် ဖြစ်တဲ့ဟာမျိုးမဟုတ်တော့ ရပ်သွားတယ်။ ပြောချင် တာက ဒီစကားလုံးရဲ့နောက်ကွယ်မှာ အဓိပ္ပာယ် အနှစ်သာရတွေအများကြီး ရှိပါတယ်။ ကျနော်တို့ ကိုယ်တိုင် အမှောင်ခေတ် ထဲမှာ။အမှောင်ခေတ်ဆိုတဲ့ အခါမှာ စစ်အာဏာရှင် စနစ်ကတော့ မြင်သာထင်သာတာပေါ့။ ဒီထက်ပိုပြီး နက်ရှိုင်းတာက ဆင်းရဲ နွမ်းပါးမှု၊ မသိနားမလည်မှု၊ အကြောက် တရားတွေ အဲဒီဟာတွေက တကယ့် အမှောင်ခေတ် ရဲ့တကယ့် လက္ခဏာတွေပဲ။ ဒီနေ့ ဖြစ်နေတဲ့ပြဿနာေ တာ်တော်များများ ဒီစာရိတ္တကိစ္စတွေကအစ၊ တစ်ယောက်နဲ့ တစ်ယောက် မယုံ ကြည်ရတဲ့ ကိစ္စတွေ ရဲ့အခြေခံဟာ ဆင်းရဲနွမ်းပါးမှုက အဓိက ပါတယ်။ ဆင်းရဲနွမ်းပါးမှုကြောင့် ပညာရေးပိုင်း၊ ဗဟုသုတပိုင်း၊ ကျင့်ဝတ်ပိုင်းတွေ အားနည်း လာတဲ့ကိစ္စတွေကလည်း တနည်းမဟုတ်တနည်းနဲ့ ဆက်စပ်နေတော့ အဲဒါတွေကို ကျော်လွှား နိုင်မယ့် လွတ်လပ် ပွင့်လင်းတဲ့၊ လုံခြုံတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ အလင်းခေတ်နိုင်ငံတော်ကိုတည်ဆောက်ဖို့ ကျနော်တို့ ရည်ရွယ်တာပါ။

ငြမ်းမီဒီယာ – ပြည်သူ့ပါတီချမှတ်ထားတဲ့ ပါတီမူဝါဒတွေက ဒီနေ့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တကယ် လိုအပ်တဲ့ အရာတွေပါ။ ဦးကိုကိုကြီး ရဲ့ပါတီခရီးစဉ်တစ်ခုမှာပြောခဲ့တာ ကျနော်တို့ နိုင်ငံမှာစည်ကမ်းတွေ၊ မူဝါဒတွေ အစရှိသဖြင့် တချို့ အကြောင်းအရာတွေက ဆိုင်းဘုတ်မှာပဲ ရှိတယ်။ မြေပြင်ပေါ် ရောက်မလာဘူးဆိုတာ။ အဲဒီတော့ အခုချမှတ်ထားတဲ့ မူဝါဒ တွေကရော တကယ်ရော လုပ်နိုင်ပါ့မလား ။ဖြစ်နိုင်ပါ့မလားခင်ဗျ။

UKKG – ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိမှ ကျနော်တို့က လုပ်လို့ ရမှာ။ ရုတ်တရက်ကြည့်လို့ရှိရင်တော့ မြေပြင်အခြေအနေနဲ့ ကွာနေတာတွေ ရှိမှာပေါ့။သို့သော် အဲဒါက လက်ရှိ အခြေအနေ ဖြစ်နေတယ်။ ကျနော်တို့ မျှော်မှန်းတဲ့ အလင်းခေတ်နိုင်ငံတော် ၊နိုင်ငံရေး ဦးတည်ချက်တွေဟာ ဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ကျနော်တို့ နှလုံးသွင်းဖို့လိုတယ်။ ဒီဟာကို ခိုင်ခိုင် မာမာဖြစ်အောင် ကျနော်တို့ ပါတီဝင်တွေကြားထဲမှာ ပထမဆုံးပျံ့နှံ့ဖို့လိုတယ်။ပြီးရင် ပါတီဝင်တွေကနေတဆင့် ပြည်သူတွေ ကြားမှာ ပျံ့နှံ့ဖို့ လိုတယ်။ဒါကတော့ ကျနော်တို့ မဖြစ်မနေဆောင် ရွက်ရမယ့်ကိစ္စလို့မြင်ပါတယ်။

ငြမ်းမီဒီယာ – ကျနော်တို့မှာ အမှောင်ခေတ်ကြီးတစ်ခု၊ကာလတစ်ခု ရှိခဲ့တယ်။ ပြီးတော့ ၂၀၁၀ ကနေ အခုကာလ ကို ဘာခေတ်လို့ ဦးကိုကိုကြီး ပြောချင်လဲ။

UKKG – ညီအစ်ကို မသိတသိကာလလို့ပဲ ပြောရမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ပိန်းပိတ်အောင်မှောင်တဲ့ အခြေအနေက နည်းနည်းလေးလွတ်လာပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် နှင်းမကွဲသေးဘူး။ လှမ်းတော့ မြင်နေရပြီ ဒါပေမယ့် အနီးအဝေးကို ကျနော်တို့ မှန်းလို့မရအောင်ဖြစ်တယ်။ အဲဒါကလည်းဘာလဲဆိုတော့ အဓိကဦးဆောင်ဦးရွက် လုပ်နေကြတဲ့ ပုဂ္ဂိုလ် အားလုံးပေါ် မှာ တည်တယ်လို့မြင်တယ်။ ကျနော်ဆိုလိုချင် တာက အရပ်ဘက်နိုင်ငံရေးေ ခါင်းဆောင်ေ တွရော၊ လောလောဆယ်မှာ နိုင်ငံရေး မှာ ပါဝင်ပတ်သက်နေတဲ့ စစ်ဘက်က ခေါင်းဆောင်ေ တွရော၊ တိုင်းရင်းသားအင်အားစုတွေရော၊ အရပ်ဘက်အဖွဲ့ အစည်းတွေ မီဒီယာတွေအကုန်လုံးပေါ့။ သူတို့ ဘယ်လောက်ထိ ပေါင်းစပ် ဆောင်ရွက်နိုင်သလဲဆိုတဲ့ အပေါ်မှာမူတည်တယ်။ အချင်းချင်းကြား ထဲမှာ အခုအခံတွေ အတွန်းအတိုက်တွေကတော့ ရှိမှာပဲ။ သို့သော်အဲဒီအထဲကနေ မျှခြေတစ်ခုကို ဘယ်လို ရှာဖွေနိုင်သလဲ ဆိုတဲ့အပေါ်မှာ ဒီအနီးအဝေးက ပြောင်းလဲ သွားမယ်။ အဲသလိုမဟုတ်ဘဲနဲ့ အကြောင်းအရာတစ်ခု တင်တိုင်းတင်တိုင်း နိုင်ငံရေး တိုက်ပွဲ ပုံစံမျိုးတွေကြီးပဲ ဇာတ်သွင်းနေမယ်ဆိုရင်တော့ နဂိုကတည်းက အကွဲအပြဲ သိပ်များတဲ့နိုင်ငံမှာ ကြာလေဟလေ ဖြစ်လာရင် နိုင်ငံအတွက် အန္တရာယ်ကြီးတယ်လို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ – ၁၉၈၈ ကျောင်းသားဘဝနိုင်ငံရေး လှုပ်ရှားမှုဖြတ် သန်းလာရာ ကနေ ပါတီဥက္ကဌတစ်ယောက်ရဲ့ နိုင်ငံရေး ပုံစံကိုပြောင်းလဲ လိုက်တယ်။ အဲဒီတော့ ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှု ကနေကြည့်တဲ့ ပြည်သူတွေရဲ့ အခက်အခဲ လိုအပ်ချက်၊ ပါတီနိုင်ငံရေး ကနေကြည့်တဲ့ ပြည်သူတွေရဲ့ အခြေအနေမှာ ဘာတွေ ကွာသွားတာရှိလဲခင်ဗျ။ ဘယ်လိုခံစားမှုဖြစ်လဲ။

UKKG – ပြည်သူရဲ့အခြေအနေကတော့ မပြောင်းလဲဘူး။ ပြည်သူရဲ့ခံစားချက်က ရိုးရိုးရှင်းရှင်းလေးပဲ။ ပြည်သူနားလည်တဲ့ နိုင်ငံရေးက သူတို့လုံလုံခြုံခြုံ နဲ့ ဘယ်သူ့ကိုမှ စိုးရိမ်သောက မရောက်ဘဲနဲ့ နေချင်တယ်။ လုံလုံခြုံခြုံ ဆိုတာ ကျနော်တို့ နိုင်ငံမှာ မလုံခြုံတာတွေက နေရာအနှံ့ပဲ။အစားအသောက်လည်း မလုံခြုံဘူး။ ရှုနေရတဲ့လေည်းမလုံခြုံဘူး။ သောက်ရတဲ့ ရေလည်း မလုံခြုံဘူး။ပြောချင်တာက အလုပ်အကိုင်ဆိုရင်လည်း နောက်နေ့ ဒီအလုပ်က ဆက်ပြီးတော့ အာမခံချက်ရှိပါ့မလားဆိုတာမျိုးက အစပေါ့။ပြောရရင်လုံခြုံရေးက တော်တော်ကျယ်ပြန့်တယ်။ ပြည်သူတွေရဲ့ ပကတိခံစားချက်က သူတို့ နောက်ကြောင်းေ အးအေးနဲ့ လုံလုံခြုံခြုံနေချင်တယ်။ ကြွယ်ပိုး ကြွယ်ဝကြီး ချမ်းသာတာမဟုတ်ရင်တာင်မှ စားဝတ်နေရေး၊ကျန်းမာရေး၊ လူတန်းစေ့တဲ့အခြေအနေလေးနေချင်တယ်။ အဲဒါက ပြည်သူရဲ့ နေ့စဉ်မြင်တဲ့ နိုင်ငံရေးပဲ။အဲဒါကတော့ ရှစ်ဆယ့်ရှစ်ကာလရော အခုကာလရော ကျနော်ဒီအတိုင်းပဲမြင်တယ်။ ဒီအပေါ် မှာမှ နိုင်ငံရေးသမားတွေက နိုင်ငံရေး ဝေါဟာရတွေ တပ်တာပေါ့။ ဒါက ဒီမိုကရေစီကြောင့်၊ဒါကဖက်ဒရယ် ကြောင့်၊ဒါက ဖွဲ့စည်းပုံ ကြောင့် ဆိုတဲ့ ရောဂါနာမည်ေ တွတပ်တာပေါ့။ ပြည်သူကတော့သူတို့ ရိုးရိုးရှင်းရှင်း မြင်တာ သူတို့နေ့စဉ် ဘဝအပေါ်မှာ ဒီနိုင်ငံရေး အပြောင်းအလဲတွေက ဘယ်လောက်သက်ရောက်မှု ရှိသလဲဆိုတာကိုပဲ သူတို့က တိုင်းမှာပဲ။

ငြမ်းမီဒီယာ – ပြည်သူဟာ တစ်ချိန်က ဖိနှိပ်ခံရတယ်။ လိုအပ်ချက်တွေ အများကြီးရှိတဲ့ နိုင်ငံတစ်ခုမှာ ရှင်သန် နေထိုင်ရ တယ်။ လူထုတင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ ပြည်သူတွေရဲ့လိုအပ်ချက်တွေက ဘယ်လောက်ထိကာမိသွားပြီလဲ။

UKKG – အရင်တုန်းက အာဏာရှင်စနစ်ကိုဆန့်ကျင်ခဲ့ကြတာပေါ့။ ဆန့်ကျင်ရင်းနဲ့ ကိုယ်အာဏာရတဲ့အခါမှာ ဘာတွေဦးစားပေးေ ဆာင်ရွက်မလဲ။ဘယ်လိုဆောင်ရွက်မလဲဆိုတာ တွေကို ကြိုတင်ပြင်ဆင်ထားတဲ့ အပေါ်မှာမူတည်တယ်။ ပြောရရင်တော့ အာဏာက ရပြီ နှစ်ဆယ့်ငါးရာခိုင်နှုန်းတို့၊ဝန်ကြီးဌာန သုံးခု ဆိုတာတို့က ထားလိုက်ပြီးတော့ နိုင်ငံတော်မှာ အမြင့်ဆုံး အုပ်ချုပ်ရေး အာဏာပိုင် ဖြစ်တဲ့ သမ္မတကနေ စပြီးတော့ အစိုးရအဖွဲ့ရပြီ။လွှတ်တော်ရပြီ။ ကျနော်တို့လုပ်နိုင်တဲ့၊ လုပ်ပိုင်ခွင့်ရှိတဲ့နယ်ပယ် တော်တော် များများ ရလိုက်ပြီ။ဒါက ကျနော်တို့ အားလုံး သတိပြုသင့်တဲ့အချက်လို့မြင်တယ်။ ကျနော်တို့လည်းပါတီထောင်ပြီဆိုတဲ့ အခါကျတော့ ကိုယ်က အာဏာအဝန်းအဝိုင်းထဲ မရောက်သေးချိန်မှာ ဘေးကနေ အားမလိုအားမရ ပြောကြတာတွေတော့ ရှိတယ်။

ဌာနဆိုင်ရာတွေ ဘယ်လို လည်ပတ်နေသလဲ။ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာတွေကို ကိုယ်ဆိုရင် ဘယ်လို လုပ်မလဲပေါ့။ အဲဒါမျိုးတွေက အနိမ့်ဆုံး အဆင့် ကျနော်တို့ကြိုတင် ပြင်ဆင်ရမယ့်အချက်တွေ ။ဒါနမူနာ တစ်ခုအနေနဲ့ ပြောတာ။ စီးပွားရေးဆိုလည်း အငြင်းပွားစရာတွေ အများကြီး …

ဟုတ်ပြီ ကိုယ်ဆိုရင် ဘာတွေလုပ်မလဲ ဆိုတာမျိုး နိုင်ငံရေးပါတီတွေမှာ ကြိုပြီးပြင်ဆင်ထားသင့်တယ်လို့မြင်တယ်။ သိသာ ထင်ရှား တာ တစ်ခု ဥပမာပြောရရင် ရွေးကောက်ခံဆိုတာ အားလုံးပေါင်းမှ (၄၉၈) ယောက်ပဲရှိတာ။ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မဲဆန္ဒနယ် ဖယ်လိုက်ရင် (၄၉၁)၊(၄၉၂)ပဲရှိတယ်။ အခုခြောက်နေရာ ဖယ်လိုက်ရင် (၄၉၂)ပေါ့။ အဲဒီအထဲမှာမှ ပြည်ထောင်စု အဆင့်ပေါ့။ အစိုးရဖြစ်တယ်ဆိုလည်း သူက ဒီမှာ ရွေးကောက်ခံ မဟုတ်လည်း ဝန်ကြီးဖြစ်နိုင်တာကိုး။ဝန်ကြီး အဖွဲ့ လက်တစ်ဆုပ် စာ ပဲရှိ တာ။ဒါကရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီးြဖစ်လာတဲ့ နိုင်ငံရေး ရာထူးပေါ့။ တကယ်နိုင်ငံ ကိုလက်တွေ့ စီမံခန့်ခွဲနေရတာ အားလုံးက ဗျူရိုကရက် ယန္တရား။ အဲဒီတော့ ဒီ အုပ်ချုပ်ရေးယန္တရားနဲ့ ရွေးကောက်ခံနဲ့ ဘယ်လိုချိတ်ဆက် မလဲဆိုတဲ့ကိစ္စ အပြစ်ပြောနေ လို့မရဘူး။ဒီရွေးကောက်ခံက သူအာဏာရလာတဲ့အချိန်မှာ ဒီအုပ်ချုပ်ရေးယန္တရားက အရင်ယန္တရား ဖြစ်နေလို့၊ ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုတာ ဒါက အရှိတရားပဲ။ ကျနော်တို့ လက်ထဲရောက်လာတာပဲ။ လက်ခံယူရမှာပဲ။အဲဒါကို ဒီဌာနဆိုင်ရာ တွေ ဘယ်လိုလည်ပတ်နေသလဲ။ ဘယ်လို ဆောင်ရွက်နေသလဲ ဆိုတာတွေကို ကိုယ်ဆိုရင်ဘယ်လိုလုပ်မလဲပေါ့။ အဲဒါမျိုးတွေက အနိမ့်ဆုံး အဆင့် ကျနော်တို့ကြိုတင် ပြင်ဆင်ရမယ့်အချက်တွေ ။ဒါနမူနာ တစ်ခုအနေနဲ့ ပြောတာ။ စီးပွားရေးဆိုလည်း အငြင်းပွားစရာတွေ အများကြီး။

ပုဂ္ဂိုလ်ရေးကိုးကွယ်မှု များရင်များသလောက် ငါတို့ခေါင်းဆောင်၊ ငါတို့လူကြီးက ကြိုက်မှာမဟုတ်ဘူးဆိုပြီးတော့ သူက သူ့ဟာသူ ဆင်ဆာလုပ်ပစ် ဖြတ်ပစ် လိုက်တယ်။ အဲဒီ …

ကိန်းဂဏန်းတွေ တိုးတက်နေတယ်ဆိုတာ ပြောတဲ့သူက ပြောတယ်။ မြေပြင်ပေါ်မှာ ကန်ဇွန်းရွက်တစ်စည်းဘယ်လောက်  တက်လာ သလဲ ဆိုတာကို လက်တွေ့စားသုံးနေရ သူက ပြောတဲ့သူ ကပြောတယ်။ ဒီနိုင်ငံက တစ်လျောက်လုံးက တရားမဝင် စီးပွားရေးက တော်တော်ကြီးထွားခဲ့တဲ့ အခါကျတော့၊ တရားဝင် စီးပွားရေး ကိန်းဂဏန်းတွေနဲ့ တရားမဝင်စီးပွားရေး နယ်ပယ်မှာ ရှိတဲ့ ကိန်း ဂဏန်း တွေနဲ့ ဘယ်လောက်ဟနေ သလဲ။ စီမံခန့်ခွဲတဲ့အခါမှာ ခန့်မှန်းတွက်ချက် မှုတွေတော့ ရှိတာပေါ့။ တရားမဝင် စီးပွားရေး ပမဏကို စီးပွားရေး ပညာရှင်တွေက ခန့်မှန်းတွက်ချက် တာတွေတော့ ရှိတာပေါ့။ ခန့်မှန်းတာ ကိုယ်၌က နည်းနည်းလွဲ ရင်ပြဿနာ မရှိဘူး။ အများကြီးလွဲရင်ေ တာ့ ကျနော်တို့ ဘယ်လိုမှ စီမံခန့်ခွဲလို့မရဘူး။ ဒါမျိုးတွေကို အောက်ခြေအဆင့် တွေအထိ လေ့လာဖို့လိုတယ်။ ကျနော်တို့ဆိုရင် ဒီမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းရဲ့ တွဲဖက် အတွင်းရေးမှူး က ကျနော်တို့ စီအီးစီ ထဲမှာပါတယ်။ သူကတဆင့်ဆို ဆောက်လုပ်ရေးနဲ့ ပတ်သက်တာတွေ ကျနော်မေးရတယ်။ အလားတူပဲ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ မိတ်ဆွေတွေ ကနေတဆင့် ဆောက်လုပ်ရေး ကဏ္ဍအခြေအနေတစ်ခုလုံးကို ကျနော်တတ်နိုင်သလောက် လေ့လာ တယ်။ အလားတူပဲ ကျနော်တို့အထဲမှာ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များ အသင်းပါတယ်။ သူတို့လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းအတွေ့အကြုံ လက်တွေ့မြေပြင် မှာဖြစ်နေတဲ့ အခြေအနေတွေကို ကျနော်တို့စုံစမ်းရတယ်။ ဒါကျနော် နမူနာပြောပြတာပါ။ အဓိကကတော့ ကျနော်တို့နီးစပ်နေတဲ့နယ်စပ်ကုန်သွယ်မှုနဲ့ ပတ်သက်နေတဲ့ကိစ္စတွေ ကျနော်တို့ မေးမြန်းစုံစမ်းနေရ တာရှိ တယ်။ အခုကျနော်က မီဒီယာမေးနေလို့သာပြောနေရတာ။နိုင်ငံရေးသမားက များများ နားထောင်ဖို့ လိုတယ်။ အဲဒီ တကယ်လက်တွေ့ လက်တွေ့လုပ်နေတဲ့ သူတွေရဲ့ အခက်အခဲတွေ လိုအပ်ချက်တွေ များများနားထောင်မှ နိုင်ငံရေးသမားက ဘာလုပ်သင့်သလဲ ။ဘယ်သူတွေနဲ့ပေါင်းစပ်ပြီး လုပ်သင့်သလဲဆိုတာ သူက ဆုံးဖြတ်နိုင်မှာ။ ကျနော်က ကျနော့် ပါတီဝင် တွေအကုန်လုံးကို တိုက်တွန်းတာက များများနားထောင်ပါ။ ကျနော်တို့က နိုင်ငံရေးဝေါဟာရတွေ ၊စကားလုံးတွေနဲ့ ပြောရ ရင်တော့ Generalist ပေါ့။ယေဘူယျ လက္ခဏာ တွေကိုပြောတာ။ နယ်ပယ်အလိုက် အသေးစိတ်ကိစ္စတွေကတော့ လက်တွေ့ လုပ်နေတဲ့ သူတွေ လောက်ကို ဘယ်လိုမှ မသိနိုင်ဘူး။ ဝန်ထမ်းဆို လည်း ဝန်ထမ်းသဘာဝ၊၀န်ထမ်းခံစားမှု။ ဝန်ထမ်းတွေဆိုရင် ကျနော် တို့ကို ရင်ဖွင့်တာတွေအများကြီးပဲ။ စိတ်ပျက်လက်ပျက်နဲ့ ငြီးကြတာတွေ ။အမြန်ပင်စင်သက်တမ်းပြည့်သွားရင် ကောင်းမယ်။ မလုပ်ချင် တော့ဘူးဆိုတာတွေကအစ ဒါတွေက လူထုရဲ့အသံတွေ ပြည်သူတွေရဲ့ အသံတွေ။ များများနားထောင်မှ ကိုယ်ဆိုရင် ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ ကျနော်တို့ စဉ်းစားလို့ရမယ်။ နိုင်ငံရေး သမားဟာ အသေးစိတ် အချက်အလက်တွေမသိနိုင်ဘူး။ မသိနိုင်တော့ လက်တွေ့လုပ်နေသူတွေဆီက များများနားထောင်ဖို့ လိုတယ်။

ငြမ်းမီဒီယာ – ဦးကိုကိုကြီးက များများနားထောင်ဖို့ တိုက်တွန်းတာပေါ့။ လက်ရှိအစိုးရကရော အလွှာစုံက ပြည်သူ့အသံကို များများ နားထောင်တဲ့အစိုးရ၊ကောင်းကောင်းနားထောင်တဲ့ အစိုးရ လို့ ဦးကိုကိုကြီး ယူဆသလား။

UKKG – အဲဒါလည်း ကိန်းဂဏန်းတွေနဲ့ပဲ ပြောရမယ်ထင်တယ်။ ဥပမာအားဖြင့် ပြည်သူကြားထဲမှာ ရှိနေတာဆိုရင် မြို့နယ်ဆို မြို့နယ်၊ ရပ်ကျေးဆို ရပ်ကျေး။ ပါတီရုံးတွေရှိတယ်။သက်ဆိုင်ရာ ပါတီဝင်တွေရှိတယ်။ သူတို့နဲ့ ပြည်သူတွေ ဆက်ဆံရေး ဘယ်လို အခြေ အနေ ရှိနေလဲ။ကျနော်နယ်တွေသွားတဲ့ အခါကျရင် တော်တော်များများ ရုံးတွေက ဆိုင်းဘုတ်ပဲရှိတယ်။ ပိတ်ထား တာတွေ တွေ့တယ်။နောက်တစ်ခုက လွှတ်တော် ကိုယ်စားလှယ်ေ တွက သူ့မဲဆန္ဒနယ်မှာ တစ်နှစ်မှာ ဘယ်နှကြိမ် ထိတွေ့ ပြီးတော့ ပြည်သူတွေရဲ့ အသံကိုနားထောင်လဲ။ သူကိုယ်တိုင်လွှတ်တော်မှာ ဆောင်ရွက်နေတာတွေနဲ့ပတ်သက်လို့ ပြည်သူတွေကို ပြန်ပြီး ရှင်းပြတာ ဘယ်လောက်ရှိသလဲ ဆိုတာမျိုး။ တစ်ယောက် ချင်းစီရဲ့ စွမ်းဆောင်ရည်ဆောင် ရွက်ချက်တွေနဲ့ တိုင်းရမယ်။

ဒီတိုင်းပြည်ကို ငါအုပ်ချုပ်တဲ့အချိန်မှာ ရသလောက်ဖျက်ဆီး ပစ်မယ်ဆိုတဲ့ စေတနာဆိုးမျိုးဆိုတာ တော်တော်ဖြစ်တောင့်ဖြစ်ခဲလို့ ကျနော်ထင်တယ်။သို့သော် …

ဒါအောက်ခြေအထိ တစ်ဦးချင်အခြေအနေ။ တကယ်က အပေါ်ရောက်လေလေ သူ့ရဲ့ Scope မြင်ကွင်းက ကျယ်ကျယ် ဖြစ်သွား ရမှာ။သို့သော် ပြဿနာက ကျနော်တို့နိုင်ငံမှာ လူကြီး တော်တော်များများက အပေါ်ရောက်သွားရင်သူ့ဘေးနား အဝန်း အဝိုင်းမှာ ရှိတဲ့ ပေးတဲ့ သတင်းအချက်အလက်ေ လာက်ပဲရတယ်။ နောက်တစ်ခုက ပုဂ္ဂိုလ်ရေးကိုးကွယ်မှု များရင်များသလောက် ငါတို့ခေါင်းဆောင်၊ ငါတို့လူကြီးက ကြိုက်မှာမဟုတ်ဘူးဆိုပြီးတော့ သူက သူ့ဟာသူ ဆင်ဆာလုပ်ပစ် ဖြတ်ပစ် လိုက်တယ်။ အဲဒီ အချက်အလက် အဲဒီသတင်းကိုသူက မပေးတော့ဘူး။ မတင်တော့ဘူး။လူကြီး ကြိုက်လောက်မယ် ထင်တဲ့ဟာကျတော့ သူက ပိုပို သာသာလေးအတောင်တွေ ဘာတွေ တပ်ပြီးတော့ ပေးတာတွေရှိတယ်။ ကျနော်တို့က ကိုယ့်ခေါင်းဆောင်ကို ကိုယ်ချစ်တယ်ဆိုရင် တကယ့်ကို အခြေအနေမှန်တွေအတိုင်း ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် တင်ပြနိုင်ဖို့လိုတယ်။ အဲသလိုမဟုတ်ရင် ကျနော် တို့ကြုံခဲ့ဖူးသလောက် လူကြီးတော်တော် များများ သူ့ဘေးနားမှာ ရှိတဲ့ အဝန်းအဝိုင်းကပေးတဲ့ သတင်းလောက်ပဲ ရတဲ့အခါမှာ၊ စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ အလွဲအချော်တွေဖြစ်တာ။ အဓိက က အဲဒါကြောင့်။

ငြမ်းမီဒီယာ – နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ ဦးကိုကိုကြီး ရဲ့ မျှော်ရည်ချက်နဲ့ လက်ရှိအစိုးရရဲ့ လုပ်ဆာင်မှုတွေကို ကောင်း၊ ဆိုး၊ သင့် ပေးရမယ်ဆိုရင် ဘယ်အချက်ကိုပေးမလဲခင်ဗျ။

UKKG – ကျနော်ယုံကြည်တာတစ်ခုကတော့ စေတနာဆိုးနဲ့ ဘယ်သူမှ မလုပ်ဘူး။ သူသူကိုယ်ကိုယ် အတ္တတွေကတော့ ရှိကြ တယ်။ အတ္တပုံသဏ္ဍာန် ကွဲသွားတာပဲ ရှိတာ။ အတ္တဆိုတာ လူတွေကမြင်တာ ချမ်းသာချင်တာ၊အောင်မြင်ချင်တာ အစရှိ သဖြင့်ပေါ့။ ဥပမာအားဖြင့် ကျနော်ဒီဟာပြောရင် နားလည်မှု လွဲမှားစိုးလို့။အာဏာရှင်ပဲဖြစ်ဖြစ် သူ့လက်ထက်မှာ တိုင်းပြည် စုတ်ပြတ် သတ်သွားတာပဲဆိုတ ဲ့မှတ်တမ်းတော့ သူမကျန်ခဲ့ချင်ဘူး။ သူ့လက်ထက်မှာ ဟောဒီတံတားကြီးက သူဆောက်သွားတာ။ ဟောဒီလမ်းကြီးက သူဖောက်သွားတာ ဆိုတာမျိုး နောင်လာနောင်သားတွေက အသိအမှတ်ပြုနေေ အာင်ကြိုးစား ချင်ကြတာပဲ။ ဒီတိုင်းပြည်ကို ငါအုပ်ချုပ်တဲ့အချိန်မှာ ရသလောက်ဖျက်ဆီး ပစ်မယ်ဆိုတဲ့ စေတနာဆိုးမျိုးဆိုတာ တော်တော်ဖြစ်တောင့်ဖြစ်ခဲလို့ ကျနော်ထင်တယ်။သို့သော် သူ့ရဲ့အမြှော်အမြင်နဲ့ သူ့ရဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှု အဲဒီဟာတွေအပေါ်မူတည်ပြီးတော့ တိုင်းပြည်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုဖြစ်သွားတာလို့ ကျနော်တော့မြင်တယ်။ NLD လည်းပဲ သူလည်းတောက်လျောက် တိုက်ပွဲတွေထဲမှာ ပါခဲ့သူတွေ အများကြီးပါတာ။ သူတို့လည်းပဲ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲအောင် လုပ်မယ်ဆိုတဲ့ စေတနာနဲ့ ပတ်သက်လို့ကတော့ ကျနော် သိပ်ပြီးတော့ သံသယ မရှိဘူး။သို့သော် ကျနော်တို့ နိုင်ငံလို လူသားအရင်းအမြစ်ရှားပါးတဲ့ နိုင်ငံမှာ သက်ဆိုင်ရာနယ်ပယ် အလိုက်ကျွမ်းကျင်သူတွေ စုစည်းတာ။ဖိတ်ခေါ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်အားမရဘူးလို့ ကျနော်ပြောရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်ပေးကိုင်ပေးချင်တဲ့သူတွေလည်း ရှိတယ်။လုပ်နိုင်ကိုင်နိုင်တဲ့သူတွေလည်း အများကြီး ရှိပါလျက်နဲ့ အဲဒီလူတွေရဲ့အားကို အသုံးမချနိုင်တာနဲ့ ပတ်သက်ပြီးတော့ ကျနော် အားမရဘူး။

ငြမ်းမီဒီယာ – ခုနက ဦးကိုကိုကြီးပြောတဲ့အထဲမှာ ပေါ်လစီအဆုံးအဖြတ် ပြုသူတွေ သတင်းအချက်အလက်အမှန်မရလို့ အခုအခြေအနေေ တွဖြစ်နေတယ်လို့ ဦးကိုကိုကြီးယူဆတာလားခင်ဗျ။

UKKG – တစ်ခုက သတင်းအချက်အလက်မပြည့်စုံတာ ။နောက်တစ်ခုက သတင်းအချက်အလက် အမှန်ကို မရတာ။ နှစ်ခုဖြစ်နိုင် တယ်။ နောက်တစ်ခုကတော့ သတင်းအချက်အလက်လည်း ပြည့်ပြည့်စုံစုံ ရတယ်။ သတင်း အချက်အလက် လည်း မှန်မှန်ကန်ကန် ရတယ်ဆိုရင် စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး အားနည်းချက်တွေ ရှိတယ်လို့မြင်တယ်။ တော်တော်များများ ကတော့ ထွက်လာတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ဖတ်ရသလောက်တော့ တချို့မြေပြင် အချက်အလက်တွေနဲ့ ကွလွဲနေတာ အများကြီးတွေ့ရတယ်။

ငြမ်းမီဒီယာ – ပြည်သူ့ပါတီ ဥက္ကဌအနေနဲ့ လက်ရှိပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတာကိုပြောပြပေးပါ။ပြီးတော့ ဒီဟာတွေကို ဘယ်လို ကျော်လွှားလို့ရနိုင်မလဲ။

UKKG – ပြောရင်တော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ့်ကိစ္စ။ လူတွေက စီးပွားရေးကျဆင်းလို့ဆိုပြီး ပေါက်ကွဲတာ မဖြစ်ဘူး။ တစ်ဖက်က ဘယ်လိုမြင်သလဲဆိုတော့ လူတွေစီးပွားရေးကျနေပြီ၊ ဒုက္ခရောက်နေပြီ ဆိုတာ သတ်သတ် မလိုလို့ ပြောတယ်လို့ မြင်တယ်။သို့သော်သူ့နည်းသူ့ဟန်နဲ့ဖြေရှင်းနေတာ။အစိုးရက ဖြေရှင်းတာမဟုတ်ဘဲနဲ့ အဲဒီစီးပွားရေး အကျပ် အတည်းပြဿနာကို သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းနေတာကို အသိသာ အထင်အရှားဆုံးပြပါဆိုရင် ပြည်ထဲရေးက ပတ်စပို့စ် ရုံးပဲ။

နောက်ဆက်တွဲပြဿနာက ဘာဖြစ်လာလဲဆိုတော့ လယ်စိုက်ချိန်၊ရိတ်သိမ်းချိန် အလုပ်သမား ရှားပါးမှု ပြဿနာ ပေါ် တယ်။ ရခိုင်ကိစ္စကြည့်လိုက်ရင် ကျနော် အံ့အားသင့်သွားတယ်။ဖားကန့်မှာ …

နောက်တစ်ခုက မြဝတီ၊တာချီလိတ်၊ ရွှေလီတို့ကနေပြီးတော့ ပြည်ပကို တရားဝင်ရော၊တရားမဝင်ရော ထွက်ခွာနေတာ အလုပ် လုပ်နိုင်တဲ့ သက်တမ်းလူငယ်တွေကြီး ပဲ။လူဦးရေ ရာခိုင်နှုန်းနဲ့တောင်သွားပြောလို့မရဘူး။လူဦးရေ ရာခိုင်နှုန်းဆိုတာ ချိုလိမ်နဲ့ တုတ်ကောက်တွေ ရှိသေးတာကိုး။သိပ်ပြီးတော့ ငယ်ရွယ်တဲ့အရွယ်တွေ၊ အိုမင်းမစွမ်းဖြစ်တဲ့ အရွယ်တွေ ရာခိုင်နှုန်းနဲ့ တွက်ရင် တော့ ဒါတောင်မှ လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းလောက်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေတယ်။ အဲဒီ ဆယ်ရာခိုင်နှုန်း ဟာတကယ့် Working Age ။ အလုပ်အင်အားစုဖြစ်တဲ့ အတွက်ကြောင့် တိုင်းပြည်ရဲ့ ဆယ်ရာခိုင်နှုန်းလို့တောင်ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက အလုပ်လုပ်နိုင်တဲ့ ရာခိုင်နှုန်းအင်အားစုနဲ့ တွက်လိုက်မယ်ဆိုရင် ဘယ်လောက်ပမဏဆိုတာ မခန့် မှန်းနိုင်ဘူး။အဲဒါဘာလဲဆိုတော့ စီးပွားရေးအကြပ် အတည်းကို သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းကြတာ။ ကျနော်တို့နယ်တွေသွားတဲ့ အခါမှာ ရွာတစ်ရွာမှာဝင်ပြီးတော့ အားလုံးစုပြီးတော့ နိုင်ငံရေး အကြောင်း ပြောမယ်။ တရားဟောမယ် သွားတဲ့အခါ အမျိုးသမီးတွေနဲ့ ကလေးသူငယ် သက်ကြီးရွယ်အိုတွေပဲ တွေ့တယ်။အဲဒါတစ်နေရာတည်း မဟုတ်ဘူး။အညာဘက်တွေ က အစ အရွယ်ကောင်းတွေ မရှိဘူး။ နောက်ဆက်တွဲပြဿနာက ဘာဖြစ်လာလဲဆိုတော့ လယ်စိုက်ချိန်၊ရိတ်သိမ်းချိန် အလုပ်သမား ရှားပါးမှု ပြဿနာ ပေါ် တယ်။ ရခိုင်ကိစ္စကြည့်လိုက်ရင် ကျနော် အံ့အားသင့်သွားတယ်။ဖားကန့်မှာ ကျောက်တူး၊ရွှေတူး ဟိုဘက်ကို သွားနေတဲ့ ဟာတွေက သုံးသိန်းကနေ ငါးသိန်းလောက် ရှိတယ်။ ဘင်္ဂါလီကိစ္စ လူဦးရေ ခုနှစ်သိန်း တို့။တစ်သန်းတို့ ပြဿနာပေါ်နေ တဲ့အချိန်မှာ ဌာနေရခိုင်တွေကိုယ်၌က ရခိုင်ဒေသမှာ မနေနိုင်ဘူး။ စီးပွားရေးကြောင့် ရေကြည်ရာမြက်နုရာထွက်တဲ့ကိစ္စ ဒါက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတဲ့ကိစ္စမှာ အဲဒီတော့ သူတို့ငတ်သလားဆိုတော့ ငတ်သေတဲ့အထိတော့ မဖြစ်ဘူး။ အဲဒီ နေရာတွေ တော်တော်များများက ပြည်ပ ကနေပြန်လွှဲတဲ့ဝင်ငွေနဲ့ မိသားစုတွေ ရပ်တည်နေကြတာ။ ဒီစကားကို ပြောရတာစိတ်ထဲ မကောင်း ပါဘူး။ရယ်စရာလိုဖြစ် တယ်။ချင်းပြည်နယ်ရောက်တဲ့ အခါကျတော့ ချင်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ကဘာလဲလို့ သိလားလို့ မေးတော့ သူတို့ချက်ခြင်းမဖြေနိုင်ဘူး။ ချင်းလို့ ကျနော်ပြောလိုက်တယ်။ ချင်းပြည်နယ်ရဲ့အဓိက ထွက်ကုန်က ချင်းပဲ။

မျက်နှာငယ်ပြီး သူများမလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေရတဲ့ အခြေအနေတွေဟာ ပြည်တွင်းပြဿနာကို မိသားစုတစ်ခုချင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေတာ။အဲဒါကို ပြဿနာမရှိဘူး ။ပြေလည်နေပါတယ် …

ချင်းအရွယ်ကောင်း ဆိုရင်အကုန်လုံး အပြင်ထွက်သွားကြတာ။ဒါ အပြစ်ပြောနေတာ မဟုတ်ဘူး။အရှိတရား။အဲဒါကို နိုင်ငံပြုပြင် ပြောင်းလဲရေးမှာ ဘယ်လိုပေါင်းစည်းမလဲ။အဲဒီလူတွေဟာ ဆီအုန်းစိုက်တယ်ပြောပြော၊ဆောက်လုပ်ရေး လုပ်တယ်ပြောပြော ၊ကျွမ်းကျင်မှု တစ်ခုခုတော့ပြန်ပါလာတယ်။အဲဒီတော့ ဒီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ကျနော်တို့ ဖန်တီးပေးနိုင်မယ် စိုက်ပျိုးရေးပဲ ဖြစ်ဖြစ်၊စက်မှုပဲ ဖြစ်ဖြစ်၊ဆောက်လုပ်ရေးပဲ ဖြစ်ဖြစ်၊ လုပ်ငန်း အခွင့်အလမ်းတွေ ပေါ်လာမယ်ဆိုရင် အဲဒီလူတွေဟာ ကျွမ်းကျင်လုပ်သားတွေအဖြစ် လေ့ကျင့်ပြီးသားရမယ်။ နောက်တစ်ခုက ပြည်ပထွက်သွားတဲ့ သူတွေဆီကနေပြီးတော့ တရားဝင် စနစ်တစ်ခုတည်းကြိုးစား လိုက်မယ်ဆိုရင် ဥပမာ ဖိလစ်ပိုင်တို့ ဆိုရင် ပြည်ပက ပြန်ပို့ငွေဟာ တိုင်းပြည် ဂျီဒီပီရဲ့ အဓိက ရာခိုင်နှုန်း အတော်များများကို အထောက်အကူပြု တယ်။ကျနော်တို့က ဟွန်နီအစား သူတို့ကိုလည်း ဟိုမှာ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးအာမခံချက်ရှိအောင် ခိုင်ခိုင်မာမာတွေ ကျနော်တို့ လုပ်ပေးမယ်။ ဒီကိစ္စကို ပေါ်လစီတစ်ခုအဖြစ်နဲ့ ဆောင်ရွက် ပေးမယ်ဆိုရင်တောင်မှ ကိုယ့်နိုင်ငံသားတွေရဲ့ ပြည်ပမှာ လုံခြုံရေးရော၊ သူတို့ရဲ့အခွင့် အရေးတွေရော နိုင်ငံတော်က အာမခံ ချက်ပေးနိုင်မယ်။ သူတို့ရဲ့ ပြန်လွှဲငွေကလည်း တိုင်းပြည်ရဲ့ဂျီဒီပီထဲမှာတရားဝင် သိသိသာသာ တက်လာမယ်။ဒီလူတွေ ဟာ ကျွမ်းကျင်လုပ်သားတွေအဖြစ်နဲ့ ကျနော်တို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်တဲ့အချိန်မှာ ပြည်တွင်းအတွက် လေ့ကျင့်ပြီးသာဝန်ထမ်းတွေရ သွားတယ်။ ဒါကအခြေအနေတစ်ခုကို ထောက်ပြတာ။မြဝတီကနေဟိုဖက် ကူးလိုက်ရင် နိုင်ငံခြား မဟုတ်တော့ဘူး။ကိုယ့် ဗမာတွေချည်းပဲ။ ဟိုမှာမျက်နှာငယ်ပြီး သူများမလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေရတဲ့ အခြေအနေတွေဟာ ပြည်တွင်းပြဿနာကို မိသားစုတစ်ခုချင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေတာ။အဲဒါကို ပြဿနာမရှိဘူး ။ပြေလည်နေပါတယ်။ တိုးတက်နေပါတယ်ဆိုပြီး ကျနော်တို့ ပြောလို့မရဘူး။

ငြမ်းမီဒီယာ – မြစ်ဆုံကိစ္စမှာ ဦးကိုကိုကြီးအပါအဝင် အာဏာရပါတီ က အများစု က ထွက်သင့်တဲ့အသံ မထွက်လာဘူးလို့ သုံးသပ်ပြော ဆိုနေမှုတွေရှိတယ်။ဦးကိုကိုကြီး က တရုတ်နဲ့ နီးကပ် သွားတာလား။

UKKG – ကျနော်က တော်တော်လေးတောင်တရားကျတယ်။ ယောမင်းကြီးဇရပ် မြစ်ဆုံကိုပြန်ရွေးကြ ဆိုတဲ့ပွဲကို သွားတက်တယ်။ တကယ်တရားကျတာပါ။အဲဒီပွဲကိုသွားတက်ရမလားဆိုပြီး ကျနော့်ကို ဖေ့စ်ဘွတ်အပေါ်မှာ ဝိုင်းဝန်း တိုက်ခိုက်ကြတဲ့သူတွေဟာ အတိုက်အခံဘဝတုန်းက မြစ်ဆုံ ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွ လုပ်ခဲ့ကြတဲ့သူတွေပါ။

ငြမ်းမီဒီယာ – ဦးကိုကိုကြီးက မြစ်ဆုံကို ကန့်ကွက်ခဲ့တဲ့အထဲမှာ ပါတယ်လို့ကျနော်အမှတ်ရတယ်။

UKKG – မြစ်ဆုံကို ပြန်ရွေးကြဆိုတဲ့ပွဲမှာ ကျနော်သွား တက်တယ်။ အဲဒါကို ဖေ့စ်ဘွတ်ပေါ်မှာ အကြီးအကျယ် တိုက်ခိုက်ကြသူတွေ ကိုကြည့်ပြီး ကျနော်က တရားကျတယ် ။မူအရ ရပ်တည်တာလား။ အခြေအနေအရ ရပ်တည် တာလား။ကျနော်က မေးခွန်းပြန်ထုတ် ရမယ်။ ကျနော်ပြောတာက၊အနိမ့်ဆုံး ကျနော်ပြောတာက အများပြည်သူကိုချပြပါ။ ပွင့်လင်းမြင်သာအောင်ပြပါ။ ဒါ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်လည်း ကတိပေးခဲ့တဲ့ကိစ္စ။မြစ်ဆုံနဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်းတွေ အများပြည်သူ သိအောင် ချပြမယ်ဆိုတဲ့ ပြောတဲ့အတွက်ကြောင့် ကျနော်အမြဲတမ်းပြောတာ ကျနော်တို့ကို ချပြပါ။ချပြပြီးရင် ဒီကိစ္စကို ကျွမ်းကျင်သူတွေနဲ့ ဆန်းစစ်မယ်။ သဘာဝပတ်ဝန်းကျင် အတွက်ဘယ်လို ရှိလဲ။အကျိုးအမြတ်ခွဲဝေမှု ဘယ်လိုရှိလဲ ။ဒေသခံတေ ွထိခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုရှိသလဲဆိုတာ အလွတ်သဘောပြောတာမျိုး မဟုတ်ဘဲ စာချုပ်ကိုလေ့လာ သိရှိခွင့်ရပြီးရင် ထပ်ပြီးတော့ ဒီကိစ္စကို ပြောမယ်။ဆွေးနွေးမယ် ဆိုပြီး ဒီအတိုင်းပဲ ကျနော်ရပ်တည် ခဲ့တာ။အဲသလိုရပ်တည် ခဲ့တဲ့အခါမှာ ပွဲတက်တာတောင်မှ အဲဒီပွဲကို သွားတက်ရ မလာဆိုပြီး ဝိုင်းတိုက် တာ။ဒီနိုင်ငံမှာ အဲဒီလို ရပ်တည်ချက်မရှိဘဲနဲ့ အခြေအနေအပေါ် မူတည်ပြီး ထောက်ခံလိုက်၊ ကန့်ကွက်လိုက် ဖြစ်တဲ့အသိုင်းအဝိုင်း သိပ်များနေရင် တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်လို့ ကျနော် အဲလိုမြင်တယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ် ဦးကိုကိုကြီးခင်ဗျ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,