ပြီးခဲ့တဲ့အစိုးရလုပ်တာပဲဆိုပြီး ထိုးချလို့မရဘူး။ ကျမတို့အစိုးရမှာ လုပ်ပိုင်ခွင့်ရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SM /ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်း

ဒီလိုမျိုးပြောခြင်းကြောင့် နံပါတ် တစ် ကိုယ်တွေကို ပါတီကမကြိုက်ဘူး၊ ဒီလိုမျိုးတွေဖြစ်နေတာကို လူကြီးတွေကမကြိုက်ဘူးဆိုတာ ကျမတို့နားလည်ပါတယ်။ သို့သော်လည်း …

အစိုးသစ်လက်ထက် နှစ်စဉ်နှစ်တိုင်း ရန်ကုန်လွှတ်တော်အတွင်း ဆွေးနွေးဝေဖန်မှုများဖြင့် လှုပ်လှုပ်ခပ်ခပ်ဖြစ်တတ်သော စာရင်းစစ်ချုပ်အစီရင်ခံစာသည် ယခုနှစ်တွင်လည်း အစဉ်အလာအတိုင်း ဖြစ်ခဲ့သည်။ ထူးခြားသည်မှာ ယခုနှစ် (၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်) စာရင်းစစ်ချုပ်အစီရင်ခံစာအပြည့်အစုံကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းထံ ဝေငှခြင်းမရှိဘဲ PAC ကော်မတီ က သုံးသပ်တင်ပြသော Report အပေါ်တွင်သာ ဆွေးနွေးရခြင်းဖြစ်သည်။ အဆိုပါအခြေအနေများအပါအဝင် တိုင်းလွှတ်တော်နှင့် ရန်ကုန်အစိုးရကြား ဟန်ချက်မညီမှုများကို တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါ်စန္ဒာမင်းအား ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွက် စာရင်းစစ်ချုပ်အစီရင်ခံစာအရ ရန်ကုန်တိုင်းအစိုးရရဲ့ ဘဏ္ဍာ ငွေ သုံးစွဲမှုအခြေအနေအပေါ်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ထောက်ပြဆွေးနွေး နေတဲ့အဓိကအချက်တွေနဲ့ ရည်ရွယ်ချက်ကိုပြောပြပေးပါ။

DSDM – ကျမတို့မနေ့တုန်းက ဆွေးနွေးတဲ့အထဲမှာ စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာက ဖော်ပြထားချက်တွေအရ ပြည်သူ့ ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာနေတာတွေကို အဓိကထားထောက်ပြဆွေးနွေးတာပေါ့။ အဲဒီလိုထောက်ပြ ဆွေးနွေးတာမှာလည်း ကဏ္ဍပေါင်းစုံ၊ ထောင့်ပေါင်း စုံကနေပြီး သုံးသပ်ဆွေးနွေး ထောက်ပြကြတာပါ။ ပြည်သူ့ ဘဏ္ဍာငွေတွေဆုံးရှုံးတယ်ဆိုတဲ့နေရာမှာ ဘယ်လိုဆုံးရှုံးရတာလဲ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကို မလိုက်နာ လို့ ဆုံးရှုံးရတာလား၊ လုပ် ထုံးလုပ်နည်း မှားယွင်းမှု တွေကြောင့်လား၊ ဒီလိုအချက်တွေကို အဓိကသုံးသပ် ထောက်ပြပြီး ဆွေးနွေးကြတာပါ။ အခုနောက်ပိုင်းမှာဆိုရင် လုပ်ထုံးလုပ်နည်း မှားယွင်းမှုကြောင့် နိုင် ငံဘဏ္ဍာငွေ ဆုံးရှုံးနစ်နာရတယ်ဆိုရင် အဂတိမြောက်တယ် ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြေငြာ ထားတာလည်းရှိပါတယ်။ အဲဒါကိုကျမတို့ သတိပြုရပါတယ်။ ဘယ်လိုအချက်တွေကနေ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးနစ် နာမှုဖြစ်စေသလဲဆိုတော့ မြေပြင်ပေါ်မှာ စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်ချက်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှုမရှိသေးဘဲနဲ့ ဘဏ္ဍာငွေသုံးစွဲလိုက်တဲ့ အချက်တွေပေါ့။ ဘဏ္ဍာငွေသုံးစွဲလိုက်ပေမယ့် အဲဒီစီမံကိန်းတွေက ထင်သာမြင်သာတဲ့ အောင်မြင်မှုမရှိဘဲနဲ့၊ တနည်းပြောရရင် ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ကိုင်ဆောင် ရွက်နိုင်ခြင်းမရှိသေးတဲ့ စီမံကိန်းမျိုးတွေပေါ့။ ဥပမာ ငွေပင် လယ် Dry Port စီမံကိန်း။ ဒီစီမံကိန်း ဆိုရင် ကျမတို့တိုင်းပြည်မှာ အရှုပ်ထွေးဆုံးဖြစ်နေတဲ့ မြေယာပိုင်ဆိုင်မှုပေါ့။ ဒီစီမံကိန်းအတွက် မြေသိမ်းဆည်းမှု စနစ်ကို အရင်ဆုံးလုပ်ရတယ်။ မြေယာပိုင်ဆိုင်မှုစနစ်က သိပ်ရှုပ်ထွေးတယ်၊ အဆင့်တွေကများတယ်၊ အချိန်ကြာမြင့်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျမတို့ ရဲ့ ပြည်သူ့ဘဏ္ဍာငွေ (၂၀) ဘီလီယံဟာ ဆုံးရှုံး သွားခဲ့ရပြီ။ ပြီးတော့ ဒီခေတ်မီမီးပွိုင့်စနစ်ကို အရည်အသွေး ကြီးကြပ်ရေး ကော်မတီက လုပ်ငန်းလွဲပြောင်း လက်ခံနိုင်မှု မရှိသေးတဲ့ အခြေအနေမှာပဲ ရှိသေးတယ် …

ဒီမြေသိမ်းဆည်းမှုစနစ်ကို ပြီးဆုံးအောင်မလုပ်ဆောင်သေးဘဲနဲ့၊ မူလမြေပိုင်ရှင်တွေနဲ့ သဘောတူညီမှု မရရှိသေးဘဲနဲ့ ကိုယ်ပိုင်တယ်ဆိုပြီးတော့ သဲခင်းတာတွေ၊ ခြံစည်းရိုးကာလိုက်တာတွေ သွားလုပ်လိုက်တယ်။ အဲဒီအတွက် ဘဏ္ဍာငွေတွေ သုံးလိုက်ပြီးပြီ။ တကယ် တမ်းကျတော့ ဒီမြေတွေကိုတိုင်းဒေသကြီးအစိုးရက ပိုင်ပြီလားဆိုတော့ မပိုင်သေးဘူး။ အဲဒီလိုမပိုင်သေးဘဲ သွားလုပ်လိုက်တယ်။ မြေဧက (၂၄၀) ကျော်ကို စီမံကိန်းအရသိမ်းမယ်ဆိုရင် ဒါသည်ပြဿ နာဖြစ်နိုင်ချေများစွာရှိပါတယ်။ မြေဧကတစ်ရာနဲ့အထက်ကို သိမ်းမယ်ဆိုရင် မြေပိုင်ဆိုင်သူလည်းများနိုင်တာမို့ ပြဿ နာဖြစ်နိုင်ချေများစွာရှိတာကြောင့် ဒီစီမံကိန်းတွေကို သတိထား ပြီးလုပ် ဆောင်ရမယ်ဆိုတာ စည်းမျဉ်းစည်းကမ်းမှာရှိထားပြီးသားပါ။ သို့သော်လည်း ခုနကကျမ ပြောသလို ကိုယ်အမှန် တကယ် မပိုင်ဆိုင်သေးဘဲနဲ့၊ ပိုင်ဆိုင်မှုတွေမရှိသေးဘဲနဲ့ တိုင်းဒေသကြီးအစိုးရက ဘဏ္ဍာငွေတွေကို သွားပြီးသုံးစွဲထားလိုက်တယ်။ ဆိုတော့ ဒါဟာပြည်သူ့ ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှုဖြစ်သွားတယ်။ ဒီငွေ တွေအကုန်လုံးက ပြည်သူ့ငွေတွေပဲဖြစ်တယ်။ ကျမတို့ ဒီလိုမျိုး သုံးစွဲလို့တော့မရဘူး။ နောက်ပြီးတော့ (၂၀) ဘီလီယံဆုံးရှုံးလို့ ကျမတို့ ထောက်ပြ ဆွေးနွေးခဲ့တဲ့ Traffic Control Center ကြီးဆိုရင်လည်းဒီလိုပဲ။ ဒီ Traffic Control Center ကြီး လုပ်နေ တာကြာလှပြီ။ ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက သဘော တူညီချက်စာချုပ် ချုပ်တာ။ ဒီအစိုးရလက်ထက် ရောက်လာတဲ့အခါ ဒီလို သဘောတူညီချက် စာချုပ်တွေကို ပြန်လည်စစ်ဆေးဖို့ တာဝန်ဝတ္တရားရှိတယ်။ ဒီစာချုပ်တွေဟာ နှစ်ဦးနှစ်ဘက် ချုပ်ဆိုထားတာ Win – Win Situation မဖြစ်ဘူး၊ စာချုပ်ဟာ မျှတမှုမရှိဘူးလို့ယူဆလို့ရှိရင် ကျမတို့ အနေနဲ့ ပြန်လည်ပြင်ဆင် ချုပ်ဆိုပိုင်ခွင့်ရှိ တယ်။ ဒါပေမယ့် ဒီလိုစာချုပ်တွေကိုလည်း စိစစ်သုံးသပ်မှုမလုပ်ဘဲ ပြီးခဲ့တဲ့အစိုး ရလုပ်တာပဲဆိုပြီး ထိုးချလို့မရဘူး။ ပြင်ဆင်ဖို့ဆိုတာ ကျမတို့ အစိုးရမှာ လုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ ဒါမျိုးတွေကိုတော့ မကြည့်ဘဲနဲ့ ဒီအတိုင်း ဆက်လုပ်ပြီးမှ အခုအောင်မြင်မှု မရှိတဲ့အခါ ကျမတို့ ရဲ့ ပြည်သူ့ဘဏ္ဍာငွေ (၂၀) ဘီလီယံဟာ ဆုံးရှုံး သွားခဲ့ရပြီ။ ပြီးတော့ ဒီခေတ်မီမီးပွိုင့်စနစ်ကို အရည်အသွေး ကြီးကြပ်ရေး ကော်မတီက လုပ်ငန်းလွဲပြောင်း လက်ခံနိုင်မှု မရှိသေးတဲ့ အခြေအနေမှာပဲ ရှိသေးတယ်။ ဒီအခြေအနေမှာ (၁၀၀) ရာခိုင်နှုန်းငွေတွေကို ဘာဖြစ်လို့ အပြီးပေးချေလိုက် တာလဲ ဆိုတာမေးခွန်း ထုတ်စရာ ဖြစ်လာတယ်။ တကယ်တမ်းဆိုရင် (၇၅) ရာခိုင်နှုန်းကိုပဲပေးချေ၊ ကျန်တဲ့ (၂၅) ရာခိုင်နှုန်းကို ချန်ထားရမယ်။ လုပ်ငန်းကို စိတ်ကျေနပ်လို့ လွဲပြောင်း ပေးပြီဆိုတော့မှ ကျန်တဲ့ (၂၅) ရာခိုင်းကိုပေးချေရမယ်။ ဒါတွေဟာ နိုင် ငံတော်ရဲ့ ဘဏ္ဍာငွေတွေ ဆုံးရှုံးမှုဖြစ်တာပါပဲ။ ကျမဘာဖြစ် လို့ BPI ကိစ္စနဲ့နှိုင်းယှဉ်ပြတာလဲဆိုရင် BPI ကဒေါက်တာအောင်ဇော်အမှုဟာလည်း သူကိုယ်တိုင်လာဘ်စားတာ ဟုတ် ချင်မှဟုတ်မယ်၊ သို့သော်လည်း လုပ်ထုံးလုပ်နည်းမှားယွင်းတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးနစ် နာတယ် ဆိုပြီးတော့ သူ့ကိုထောင်ထဲမှာ ထည့်ထားတာဖြစ် တယ်။ သူ့ကိုဖမ်းဆီးပြီးတော့ ထိန်းသိမ်းထားတာမျိုးဖြစ်တယ်။ ဒါမျိုးတွေကို သတိထားရမယ်ဆိုပြီး ကျမနှိုင်းယှဉ်ပြတာပဲဖြစ်တယ်။

ငြမ်းမီဒီယာ – ၂၀၁၇ – ၂၀၁၈ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွက် စာရင်းစစ်ချုပ်အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ကတည်း က ပေးပို့ခဲ့ပေမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့မှာမှ လွှတ်တော်မှာ ဆွေးနွေးနိုင်ခဲ့ပါတယ်။ အခုလို (၆) လလောက် အချိန်တွေကြန့်ကြာနေခဲ့ရတာကို ဘယ်လိုသုံးသပ်မှတ်ချက် ပြုချင်ပါသလဲ။

DSDM – အမှန်မှာတော့ အဲဒီစာရင်းစစ်ချုပ်အစီရင်ခံစာဟာ ၂၀၁၉ ဇူလိုင်လတုန်းက နဝမအကြိမ်လွှတ်တော် အစည်းအဝေးကို အမီဆိုပြီးတော့တင်ပေးလိုက်တာပါ။ ဒါပေမယ့်မမီလိုက်တော့ ဒီဒသမအကြိမ်လွှတ်တော် အစည်းအဝေးကျမှတင်မယ်ဆိုပြီးတော့ လုပ်လိုက်တယ်ပေါ့။ အဲဒီတော့ နဝမအကြိမ် လွှတ်တော်အစည်းအဝေးကို မမီလိုက်တဲ့အတွက် ဒီဒသမအကြိမ် လွှတ်တော် အစည်းအဝေးကျမှ တင်ရခြင်း တော့ဖြစ်တယ်။ သို့သော်လည်း နဝမအကြိမ်မှာ မမီလိုက် ဘူးဆိုပေမယ့် လွှတ်တော် အစည်းအဝေးတွေ မပြီးခင်လေးတော့ တင်လိုက်နိုင်တယ်။ အရင်တုန်းကဆိုရင် စာရင်းစစ်ချုပ် အစီရင်ခံစာပြီးပြီဆိုပြီး လွှတ်တော်ကိုပို့လိုက်ရင် လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေပေးလိုက်တယ်။ အဲဒီအချိန်တုန်းကသာ ဝေပေးထားလိုက်ရင် အဲဒီအစည်းအဝေးမှာ ဆွေးေ နွးဖို့မမီပေမယ့် ကျမတို့ကိုယ်စားလှယ်တွေအနေနဲ့ အများကြီးလေ့လာထားဖို့ အချိန်ရတယ်။

ရန်ကုန် တိုင်းဒေသကြီး အစိုးရဟာ မကြာခဏပြသနာတွေ ဖြစ် တယ်၊ Harmony မဖြစ်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာအရမ်းပြောကြတယ်ဆိုပြီး ဒီအပေါ်မှာ မကြိုက်တဲ့ တချို့ လူကြီးတွေ လည်းရှိပါတယ်။ လွှတ်တော် …

စာအုပ်ကို နဝမအကြိမ်မှာ ပေးထားလိုက်တယ်၊ ဆွေးနွေးတာကိုတော့ ဒသမအကြိမ် မှာမှဆွေးနွေးဆိုလည်းရတာပဲ။ ဒါပေမယ့် ကျမတို့နဂိုကတည်းကသိပါတယ်။ ၂၀၁၆ – ၂၀၁၇ အစီရင်ခံကို ဆွေးနွေးပြီးကတည်းက လွှတ်တော်ကပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ထောက်ပြဆွေးနွေးမှုတွေကြောင့် ပြဿ နာတွေဖြစ်သွားတယ် ဆိုပြီး နောင်တစ်ကြိမ်ကျ ပေးမဆွေးနွေးတော့ဘူးဆိုတဲ့ အသံထွက် လာတယ်။ ပြီးတော့ PAC ကော်မတီကို ပြည်ထောင်စုလွှတ်တော်မှာ သွားပြီးလေ့လာခိုင်းတယ်။ ပြည်ထောင်စု လွှတ်တော်မှာဆိုရင် အစီရင်ခံစာကို လွှတ်တော်ကိုယ်စား လှယ်တွေဆီ တိုက်ရိုက်မပေးဘူး၊ ဖတ်ချင်ရင်တော့ PAC မှာသွားဖတ်လို့ရတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ်တွေကို အစီရင်ခံစာတိုက်ရိုက်မပေးဘဲ PAC ရဲ့ Report အပေါ်မှာပဲ ဆွေးနွေးခိုင်း တယ်။ အဲ . . ဒီလိုမျိုးလုပ်တာကို ရန်ကုန်တိုင်းလွှတ်တော်မှာလည်း လုပ်မယ်ဆိုတဲ့အကြံဉာဏ်နဲ့ PAC ကို သွားပြီးလေ့လာခိုင်းတာ။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရဘက်မှာရှိနေတဲ့ ဝန်ကြီးများကိုယ်၌က လွှတ်တော် ကိုယ်စားလှယ်တွေကို တူတူတန်တန်ကို အလေးမထားတာပါ …

အဲဒီကတည်းကိုက ကျမတို့ကသိပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေကို စာရင်းစစ်ချုပ်အစီရင်ခံစာ မပေးတော့ဘူးဆိုတာ အဲဒီ ကတည်း က ကျမတို့ကသိထားပြီးသား။ ဒါပေမယ့် အဲဒီလိုလုပ် ရင်တော့ လက်မခံဘူးဆိုတာကိုလည်း ကျမတို့က လွှတ်တော် ဥက္ကဌကြီးကို ပြောထားပြီးသား။ ဒါပေမယ့် အဲဒီပုံစံအတိုင်းပဲ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုလုပ်တယ်။ PAC ကို သွားပြီးလေ့လာခိုင်းတာက အဲဒီရည်ရွယ်ချက်နဲ့ပဲ။ ပြီးတော့ ၂၀၁၉ ဇူလိုင်လမှာ အစီရင်ခံစာကို နဝမအကြိမ်လွှတ်တော်အစည်းမှာ မတင်ခိုင်းတော့ဘဲ PAC ကော်မတီကိုလည်းချက်ချင်းမပေးဘူး။ ချက်ချင်းမပေးဘဲ သိမ်းထားလိုက် တယ်။ ပြီးတော့မှ အဲဒီ အစီရင် ခံစာ စာအုပ်တွေကို PAC ကော်မတီကို ပြန်ပေးတယ်။ အဲဒီစာရင်းစစ်ချုပ်အစီရင်ခံစာ စာအုပ်က စာမျက်နှာပေါင်း (၄၀၀) ကျော်ရှိ တယ်။ စာမျက်နှာပေါင်း (၄၀၀) ကျော်မှာ ဌာနပေါင်းမြောက်များစွာကို အသေးစိပ်လုပ်ထားတာ ကြောင့် PAC ကော်မတီအနေနဲ့ လည်း ဒီဟာအတွက် သက်ဆိုင်ရာဌာနတွေကို ခေါ်ယူဆွေးနွေး ရတာတွေရှိတော့ အချိန်သုံးလကျော်လောက်ယူပြီးလုပ်ရတယ်။ အဲဒီတော့ သူပြီးတဲ့အချိန်ကျတော့မှ လွှတ်တော်ခေါ်ရတာပေါ့။ ဒါတောင်မှ ပြီးတဲ့အချိန်မှာ လွှတ်တော်ကိုမခေါ်သေးဘူး။

ဘဏ္ဍာရေး စီးပွားရေး စီမံကိန်းကော်မတီက အလုပ်သဘောအရ မေးမြန်းတဲ့ကိစ္စတွေဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရဘက်က အလေးထားပြီးပြန်ကြားတာမျိုး တစ်ခါမှမရှိခဲ့ပါဘူး …

နဂိုတုန်းက စာရင်းစစ်ချုပ်ကြီးက လွှတ်တော်ကိုယ်စားလှယ် တွေကိုဝေဖို့ဆိုပြီး အစီရင်ခံစာ Original စာအုပ်တွေပို့ပေးတယ်။ ဒါကို လွှတ်တော်ဥက္ကဌကြီးက PAC ရဲ့ Report အပေါ်မှာပဲ ဆွေးနွေးရမယ်ဆိုပြီး စာအုပ်တွေအားလုံးကို ပြန်ပို့ လိုက်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကို မဝေဘူးဆိုပြီး စာရင်းစစ်ချုပ်ကြီးဆီ ပြန်ပို့လိုက်တယ်။ ပြီးတော့ ကျမတို့ လွှတ်တော် ကိုယ်စားလှယ်တွေကို PAC ရဲ့ Report အပေါ် မှာပဲ ဆွေးနွေးခိုင်းတယ်။ နောက်တော့ လူတွေက အပြင်က နေ ဒီလိုမဝေတဲ့ကိစ္စကို ပြောဆိုလာကြပြီး Pressure တွေဖြစ်လာတော့မှ စာမျက်နှာ (၄၀၀) ကျော်ကို အကျဉ်းချုပ်ဆိုပြီး စာမျက်နှာ (၁၀၀) ကျော်နဲ့ ထပ်ထုတ်ရပြန်ရော။ အဲဒီတော့ စာရင်းစစ်ချုပ်ကြီးက စာမျက်နှာ (၁၀၀) ကျော်နဲ့ ပြန်လုပ်ရတော့ မူလစာမျက်နှာ (၄၀၀) ကျော်ထဲကဟာတွေ လျော့ချလိုက်ရလို့ အများကြီးကျန်သွားရော။ ဒါပေမယ့် PAC ကော်မတီကတော့ စာရင်းစစ်ချုပ်ရဲ့ တင်ပြချက်တွေအပေါ်မှာ အားလုံးပြန်ပါအောင် သူကလုပ်ပေးတယ်။ အသေအချာဖြစ်အောင် လုပ်ပေးတယ်။ ဒါပေမယ့် နှစ်ကြိမ်တောင်ပြန်လုပ်ရတာ ဆို တော့ ကြားထဲမှာ အချိန်တွေကအများကြီးကြာသွားခဲ့ရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြည်သူလူထုကမဲပေးရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကြားမှာ ဟန်ချက်ညီညီဆောင်ရွက်နိုင်မှုတွေ အားနည်းတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

DSDM – ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နဲ့ ရန်ကုန် တိုင်းဒေသကြီး အစိုးရဟာ မကြာခဏပြသနာတွေ ဖြစ် တယ်၊ Harmony မဖြစ်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာအရမ်းပြောကြတယ်ဆိုပြီး ဒီအပေါ်မှာ မကြိုက်တဲ့ တချို့ လူကြီးတွေ လည်းရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ဘာဖြစ်လို့ဒီလိုပြောရတာလဲ၊ တကယ် ဆိုကိုယ့်ပါတီနဲ့ ကိုယ့်အစိုးရပဲ၊ အပြင်မှာညှိလို့မရဘူးလားဆိုပြီး ဒီလိုပြောကြတာတွေလည်း ရှိပါတယ်။ ကျမတစ်ခုပြောချင်တာက လွှတ်တော် ကိုယ်စားလှယ် ဆိုတာ Check and Balance လုပ်ရတာပါ။ တကယ်တမ်း သူ့ရဲ့တာဝန်နံပါတ်တစ်က Check and Balance အလုပ်လုပ်ရတာပါ။

အပြင်မှာညှိနှိုင်းပြီးမှ လွှတ်တော်ထဲမှာဆွေးနွေးကြတယ်ဆိုရင် ဒါ သိပ်ပြလို့ကောင်းတဲ့ ပြယုဂ်ပေါ့။ ဒါပေမယ့် ကျမတို့ကို ဒီလိုမျိုး အခြေအနေဖြစ်ပေါ်လာအောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက မဆောင်ရွက်ပေးပါဘူး …

လွှတ်တော် ထဲကနေပြောခြင်းသည် တရားဝင်လည်းဖြစ်သလို မှတ်တမ်းလည်းဖြစ်ပါတယ်။ ဒါကတော့ တရားဝင်နည်းလမ်းအရ ပြောတာပါ။ နောက်တစ်ခုက ကိုယ်တင်ထားတဲ့ အစိုးရ၊ ကိုယ့်ရဲ့ပါတီက ဖြစ်လာတဲ့အစိုးရဖြစ်တယ်၊ အဲဒါကြောင့် ကျမတို့ တွေ အပြင်မှာညှိနှိုင်းသင့်တယ် ဆိုတာကလည်း (၅၀) ရာခိုင်နှုန်းမှန်ပါတယ်။ ဒီလိုမျိုး ညှိနှိုင်းတယ်ဆိုတာ ပိုကောင်းတယ်လို့ ကျမတို့ထင်ပါတယ်၊ ညှိလည်း ညှိနှိုင်းသင့်တယ်လို့ ထင်ပါတယ်။ ကျမတို့လည်း ဒီလိုမျိုးပဲလုပ်ချင်ပါတယ်။ သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒီလိုမလုပ် ဘဲ ဘာဖြစ်လို့လွှတ်တော်ထဲမှာ အသံထွက်ရတာလည်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ ဘာဖြစ်လို့ ဒီလိုမျိုးပြောနေရတာလဲ ဆိုတာသိဖို့လိုပါတယ်။ ဒီလိုမျိုး ပြောခြင်းကြောင့် နံပါတ်တစ် ကိုယ်တွေကို ပါတီကမကြိုက်ဘူး၊ ဒီလိုမျိုးတွေဖြစ်နေတာကို လူကြီးတွေက မကြိုက်ဘူးဆိုတာ ကျမတို့ နားလည်ပါတယ်။ သို့သော်လည်း အဲဒီလိုမျိုးဖြစ်နေရတာက ဖြစ်ချင်လို့ဖြစ်နေရတာ မဟုတ်ပါဘူး။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရဘက်မှာရှိနေတဲ့ ဝန်ကြီးများကိုယ်၌က လွှတ်တော် ကိုယ်စားလှယ်တွေကို တူတူတန်တန်ကို အလေးမထားတာပါ။

ကျမတို့က Personal အပေါ်မရပ်တည်ဘဲ ဥပဒေကြောင်းအရ ဥပဒေအပေါ်မှာပဲ မှန်မှန်ကန်ကန်ရပ်တည်ချင်ပါတယ်။ တစ်ယော က်နဲ့ တစ်ယောက် …

ကျမပြောချင် တာက လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တချို့တွေကအရမ်းအဆင်ပြေတဲ့သူတွေရှိပါတယ်၊ တချို့တွေက အဆင် မပြေတဲ့လူတွေရှိပါတယ်။ ဒါက တစ်ယောက်နဲ့တစ်ယောက် သဘောထားမတူပါဘူး။ ကျမတို့ ကိုယ်ကျိုးမပါတဲ့ အလုပ် သဘောအရဆက်ဆံကြတဲ့အခါမှာ ရေးရာကော်မတီတွေကနေပြီးတော့ တင်ပြလာတဲ့အပေါ်မှာ ဆောင်ရွက်ရတဲ့ဟာမျိုးတွေ၊ ရေးရာကော်မတီတွေက အလုပ်သဘောအရ မေးမြန်းရတဲ့ဟာမျိုးတွေကို အလေးအနက်ထားပြီး ပြန်ကြားဖို့လိုပါတယ်။ ကျမတို့ ဘဏ္ဍာရေး စီးပွားရေး စီမံကိန်းကော်မတီက အလုပ်သဘောအရ မေးမြန်းတဲ့ကိစ္စတွေဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရဘက်က အလေးထားပြီးပြန်ကြားတာမျိုး တစ်ခါမှမရှိခဲ့ပါဘူး။ ကျမတို့ အစီရင်ခံစာတွေ၊ အကြံပြုချက်တွေ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တင်ပြခဲ့ပေမယ့် ကျမတို့ရဲ့ဆောင်ရွက်ချက်တွေကို ဆောင်ရွက်ပေးလိုက်ပါတယ်၊ ဒါမှမဟုတ် စိစစ်ဆောင်ရွက်နေပါတယ် စသဖြင့် အလေးထားပြီး စာပြန်တာ တစ်ခါမှမရှိခဲ့ပါဘူး။ ကျမတို့ကိုလည်း လွှတ်တော်ဥက္ကဌကြီးက မင်းတို့ကော်မတီရဲ့ အစီရင်ခံစာ အပေါ်မှာ အကြောင်းပြန်လာတယ်ဆိုတာမျိုး တစ်ခါမှမပေးဖူးပါဘူး။ ဒီအပေါ်မှာ ကျမတို့ စိတ်မကောင်းဖြစ်ရပါတယ်။ နောက်တစ်ခုက ဘာလည်းဆိုတော့ Personal မခင်ကြဘူးလားဆိုရင် ဝန်ကြီးတွေနဲ့ကျမတို့ ရန်မဖြစ်ပါဘူး၊ Personal အရဆိုရင်လေ။

လွှတ်တော်ကြီးကို Institution တစ်ခုအနေနဲ့ အမှန်တကယ်အသုံးချချင်တယ်ဆိုရင် ဒီလိုမျိုးတွေမလုပ်ပါဘူး။ ဒါကြောင့်ကျမက အမြဲတမ်းကြိုးစားတာပါ၊ လွှတ်တော်ထဲ …

ဒါပေမယ့် Personal ခင်တာကခင်တာပဲ၊ အလုပ်သဘောအရက အလုပ်သဘောအရပဲ။ အလုပ်သဘောဆိုတာက ကိုယ့်ကော်မတီက (၄၅) မြို့နယ်လုံးကို ကိုယ်စားပြုထားတဲ့ ကော်မတီလေ။ အဲဒီတော့ အလုပ်သဘောအရဆောင်ရွက်တဲ့အခါ ကျမတို့က Personal တွေနဲ့ခွဲခြားဆောင် ရွက်ရတာပေါ့။ အဲဒီတော့ ကျမတို့က Personal အပေါ်မရပ်တည်ဘဲ ဥပဒေကြောင်းအရ ဥပဒေအပေါ်မှာပဲ မှန်မှန်ကန်ကန်ရပ်တည်ချင်ပါတယ်။ တစ်ယော က်နဲ့ တစ်ယောက် လူချင်းအရမ်းအဆင်ပြေနေရင် အလုပ်လုပ်ရတာလည်း အဆင်ပြေပါတယ်။ ကျမတို့အပြင်မှာ ညှိနှိုင်းလို့ ရတယ်ဆိုရင် ပိုကောင်းတာပေါ့။ အပြင်မှာညှိနှိုင်းလို့ရတယ်၊ လူချင်းတစ်ယောက် အပေါ်တစ်ယောက် Respect ထားတယ်၊ အပြင်မှာညှိနှိုင်းပြီးမှ လွှတ်တော်ထဲမှာဆွေးနွေးကြတယ်ဆိုရင် ဒါ သိပ်ပြလို့ကောင်းတဲ့ ပြယုဂ်ပေါ့။ ဒါပေမယ့် ကျမတို့ကို ဒီလိုမျိုး အခြေအနေဖြစ်ပေါ်လာအောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက မဆောင်ရွက်ပေးပါဘူး။

လူဆိုတာလေ ငါးနှစ်တစ်ကြိမ် Mind Set တွေ Change တယ် ဆိုသလိုပါပဲပေါ့နော်။ လူဆိုတာ အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါကျလို့ရှိရင်တော့လည်း သူတို့ရဲ့ Mind Set တွေကလည်း Change သွားတတ်ကြပါတယ်။ ဥပမာ …

ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန် တိုင်းဒေသကြီးအစိုးရမှာ ပါဝင်တဲ့ဝန်ကြီးများသည် လွှတ်တော်ကိုယ်စားလှယ်ကနေ ဝန်ကြီးဖြစ်ကြတဲ့သူ နည်းပါ တယ်။ လွှတ်တော် ကိုယ်စားလှယ်ကနေ ဖြစ်တာမဟုတ်ပေမယ့် နားလည်မှုရှိတဲ့ဝန်ကြီးတွေ လည်းရှိပါတယ်။ ဥပမာ အန်ကန် ဦးမြင့်သောင်း တို့လိုဝန်ကြီးတွေဆိုရင် လုပ်ငန်းသဘောအရ နားလည်မှုရှိတော့ အရမ်း အဆင်ပြေပါတယ်။ လုပ် ငန်းသဘောအရ နားလည်မှု ရှိပြီး အလုပ်လုပ်ရတာအဆင်ပြေတဲ့ ဝန်ကြီးတွေရှိပါတယ်။ သို့သော် လည်း လွှတ်တော်ထဲကနေတင်ပြလိုက်တော့မှ မှတ်တမ်းဝင်ပြီးတော့ သေသေချာချာ လုပ်ဆောင်တဲ့ ကိစ္စမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ လို့ ကျမတို့ အပြင်မှာညှိနှိုင်း ရင်ရပေမယ့် လွှတ်တော်ထဲကနေ တမင်တကာ မေးမြန်းရတာတွေလည်း ရှိပါတယ်။ တစ်ခါတလေကျတော့လည်း လွှတ်တော် ထဲမှာ မမေးမြန်းသင့်တဲ့ကိစ္စမျိုးတွေ ဆိုရင်တော့လည်း ကျမတို့အပြင်မှာပဲ ဆွေးနွေးညှိနှိုင်းကြပါတယ်။ သို့သော်လည်း လွှတ်တော်ထဲမှာ မေးမြန်းမှဖြစ်မယ်၊ မှတ်တမ်းဝင်မယ်ဆိုတဲ့ ကိစ္စမျိုးလေးတွေကျတော့လည်း လွှတ်တော်ထဲမှာပဲ ကျမတို့မေးမြန်းရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီမိုကရေစီယဉ်ကျေးမှုအရဆိုရင် ပြည်သူကတိုက်ရိုက်ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ် စားလှယ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့လွှတ်တော်ဆိုတာ အဲဒီလွှတ်တော်တွေက ရွေးချယ်ခန့်ထားဆောင်ရွက်စေတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အစိုးရထက် နိုင်ငံ ရေးဝါစဉ်အရ ပိုအရေးပါနေလျှက်နဲ့ လွှတ်တော်နဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေအပေါ် တူတူ တန်တန် သဘောမထားတဲ့ အစိုးရအဖွဲ့ဝင်တွေရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူ့ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

DSDM – ကျမနားလည်တယ်၊ အဲဒါကဘာလဲဆိုရင် ကျမတစ်ခွန်းပဲပြောလိုက်ပါမယ်။ အဲဒါဟာ လွှတ်တော်ကြီး ကို Institution တစ်ခုအနေနဲ့ အသုံးမချချင်သေးတာပါ။ ဒါပါပဲ။ လွှတ်တော်ကြီးကို Institution တစ်ခုအနေနဲ့ အမှန်တကယ်အသုံးချချင်တယ်ဆိုရင် ဒီလိုမျိုးတွေမလုပ်ပါဘူး။ ဒါကြောင့်ကျမက အမြဲတမ်းကြိုးစားတာပါ၊ လွှတ်တော်ထဲကနေပဲ ကျမဖြေပါမယ်ဆိုတာက လွှတ်တော်ကြီး ကို Institution တစ်ခုအနေနဲ့ ကျမအသုံးချစေချင်တာပါ။ အဲဒီလိုမျိုး လွှတ်တော်ကြီးကို ကျမတို့အသုံးချနိုင် မယ်ဆိုရင် တိုင်းပြည် အတွက် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ အမှန်တကယ် Institution တစ်ခုအဖြစ်နဲ့သာ အသုံးချမယ်ဆိုရင် ကျမတို့ ဘယ်လောက်ကောင်းလိုက်မလဲ။ သူများဒီမိုကရေစီနိုင်ငံတွေလိုမျိုးပေါ့။

ငြမ်းမီဒီယာ – ဒီမိုကရေစီအတွက် စွန့်လွှတ်ပေးဆပ်မှုများစွာနဲ့ တိုက်ပွဲဝင်ခဲ့သူတွေ ဦးဆောင်နေတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ အများပြည်သူရဲ့ ဝေဖန်ထောက်ပြချက်တွေ၊ ပြည်သူကိုယ်စားလှယ်တွေရဲ့ အကြံပြုသုံးသပ်ချက်တွေအပေါ် အလေးဂရုထားမှု မရှိခြင်းက အာဏာရှင်စရိုက်ဆန် လာတာပဲဖြစ်တယ်ဆိုပြီး လေ့လာစောင့် ကြည့်သူတချို့ရဲ့ ဝေဖန်ချက်တွေအပေါ်မှာရော ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

DSDM – သြော် . . . လူဆိုတာလေ ငါးနှစ်တစ်ကြိမ် Mind Set တွေ Change တယ် ဆိုသလိုပါပဲပေါ့နော်။ လူဆိုတာ အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါကျလို့ရှိရင်တော့လည်း သူတို့ရဲ့ Mind Set တွေကလည်း Change သွားတတ်ကြပါတယ်။ ဥပမာအားဖြင့် ပေါ့နော် လွှတ်တော်ကိုယ် စားလှယ်ဘ၀ ဖြစ်နေတုန်းကလူတွေဟာ ခံစားချက်တွေနဲ့၊ ဆွေးနွေးချက်တွေနဲ့ တစ်မျိုးဖြစ်ပြီးတော့ အဲဒီလွှတ်တော်ကိုယ် စားလှယ်ဘဝကနေပြီးတော့ ချက်ချင်းကြီးပဲ ဝန်ကြီးတွေဖြစ် သွားတယ်၊ အစိုးရဘက်အခြမ်းကိုရောက် သွားရော သူတို့ ရဲ့ခံစားချက်တွေ၊ သူတို့ရဲ့အတွေးအခေါ်တွေက ချက်ချင်းပြောင်းသွားတတ်ကြပါတယ်။

လိမ်တဲ့လူတွေရှိနေရင် အလိမ်မခံရအောင်ကြိုးစားရမှာ ကျမတို့တာဝန်ပဲဖြစ်တယ်။ ဟိုဘက်အစိုးရက တားမြစ်အရေးယူနေတဲ့ကြားက …

အဲဒီတော့ လူတွေက အခြေအနေပြောင်းတဲ့အခါကျရင် စိတ်ဓာတ်တွေပြောင်းသွားတယ် ဆိုတဲ့ဟာမျိုးကို ပြသတာပေါ့နော်။ ဒါမျိုးတွေက လူတစ်ရာမှာ ကိုးဆယ်လောက်က သူတို့ရဲ့ခံယူချက်ကနိမ့်ပါးပါတယ်။ အခြေအနေပြောင်းသွားတဲ့အခါကျရင် လူတွေက ကိုယ့် Mind Set တွေပြောင်းသွားကြတာပါပဲ။ ခုနကကျမပြောသလိုပေါ့၊ သုံးနှစ်လောက် လွှတ်တော်ကိုယ်စားလှယ်လုပ်နေရင်းက ဗြုန်းစားကြီး ချက်ချင်း ဝန်ကြီးဖြစ်သွားပြီဆိုရင်တောင် အဲဒီလူက ချက်ချင်းပဲသူ့ရဲ့ ခံစားချက်ကြီးက တစ်ခါတည်း လွှတ်တော်ကိုယ်စားလှယ်ရဲ့ ခံစားချက် တောင်မရှိတော့တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Institution ကျမတို့အားမကောင်းခဲ့လို့ပါ။ အခြေခံ အုတ်မြစ် က ကျမတို့မှာမကောင်းခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်ကိုပဲ ကေဒါကောင်းတွေဖြစ်ပြီးမှ နိုင်ငံရေး လောက ကို ရောက်လာတဲ့လူက ကျမတို့မှာနည်းပါးပါတယ်။ ဒါကြောင့်ပါ။

ငြမ်းမီဒီယာ – လက်ရှိမြန်မာနိုင်ငံမှာ တရုတ်ရဲ့ မဟာဗျူဟာမြောက်စီမံကိန်းတွေ တဖြည်းဖြည်းများလာ နေပါတယ်။ တဖက်က လည်း မြန်မာပြည်သူတွေရဲ့စိတ်မှာ တရုတ်အပေါ် Business Ethic အရ သံသယက အတိုင်းအတာတစ်ခုအထိရှိနေဆဲပါ။ ဒီအခြေအနေအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

DSDM – ကျမတို့က တရုတ်လို့ပြောလို့ရှိရင် တရုတ်ပြည်မကြီးနဲ့ ကျမတို့နဲ့အနီးဆုံးဖြစ်နေတဲ့ ယူနန်ပြည်နယ်နဲ့တော့ ခွဲမြင်ပေးဖို့ လိုလိမ့်မယ်။ ကျမတို့နိုင်ငံကို ဝင်နေတဲ့ကုန်ပစ္စည်းအများစုက ယူနန်ပြည်နယ်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေဖြစ်ပါတယ်။ ဟုတ်တယ် ယူနန်ပြည်နယ်မှာဆိုရင် Fake Quality တွေများပါတယ်။ ဒါကြောင့် တရုတ်ဟာ Fake Quality တွေပဲထုတ်နေ ပါတယ်လို့ ကျမတို့ပြောလို့မရပါဘူး။ ဘာကြောင့်လည်းဆိုရင် ကျမက တရုတ်နိုင်ငံကို (၃) လ ပညာတော်သင်သွားတဲ့အခါ သိခဲ့ရတာပါ။ ဒါကြောင့်မို့လို့လည်း ကျမတို့ တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းမှာဆိုရင် ရှီကျင့်ဖျင်ရဲ့ကောက်နုတ်ချက်မှာလည်း ပြောထားတာရှိပါတယ်။ သူတို့ နိုင်ငံကြီးတွေအနေနဲ့ သေးငယ်တဲ့နိုင်ငံတွေကို သူတို့ရဲ့ဆန္ဒတွေနဲ့ တခြားသူတွေအပေါ်ပိစေတဲ့ လွှမ်းမိုးကြီးစိုးမှုတွေနဲ့ ဆက်ဆံနေမယ့်အစား သူတို့ဟာ တန်းတူဆက် ဆံမယ်၊ နောက်တစ်ခုကကျတော့ တရားမျှတမှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပြီးတော့ အကျိုးစီးပွားမျှဝေခံစားမယ့် လမ်းကိုပဲလိုက်မယ်၊ သူတို့ဟာ Quality ရှိတဲ့ စီမံကိန်းမျိုးတွေပဲ ဖြစ်စေရပါမယ်လို့ ပြောထားတယ်။ ဒါကြောင့်မို့လို့လည်း ရှီကျင်းဖျင်ဟာ ကျမတို့နိုင်ငံကို နှစ်သစ်မှာ ပထမဆုံးလာရောက်လည်ပတ်ပြီးတာနဲ့ တစ်ခါတည်း ယူနန်ကိုတန်းပြီးသွားတာဖြစ်ပါတယ်။ သူတို့အစိုးရလက်ထက်မှာ ယူနန်ပြည်နယ် မှာရှိနေတဲ့ Fake Quality ဖြစ်နေတဲ့ အတုစက်ရုံတွေအားလုံးကို ဖျက်သိမ်းဖို့ သူတို့အစိုးရကလုပ်နေပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း NYDC (New Yangon Development Company) အနေနဲ့ လုပ်ထားတဲ့ဟာကိုတော့ ကျမတို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ အကျိုးအမြတ် …

လုပ်လည်းလုပ်နေတယ်၊ ဒီအတွက် တားမြစ်တဲ့ဟာမျိုးတွေလုပ်တယ်။ နောက် တခြားတိုင်းပြည်ကို တင်ပို့တာတွေကိုလည်း တားမြစ်ဖို့လုပ်ပါတယ်။ သူတို့တိုင်းပြည်မှာ ဒါတွေကိုမလုပ်ဖို့ တားမြစ်တယ်ဆိုရင် ကျမတို့တိုင်းပြည်ဘက်က လူတွေကလည်း ဒီပစ္စည်းတွေကို လက်မခံဖို့လိုပါတယ်။ အဓိကက အဲဒါပဲ။ လိမ်တဲ့လူတွေရှိနေရင် အလိမ်မခံရအောင်ကြိုးစားရမှာ ကျမတို့ တာဝန်ပဲဖြစ်တယ်။ ဟိုဘက်အစိုးရက တားမြစ်အရေးယူနေတဲ့ကြားက ဒီ Fake Quality ပစ္စည်းတွေ ဒီကိုတင် သွင်းပြီး အလိမ်ခံ ရရင်တော့ ကိုယ့်ရဲ့တာဝန်လည်းမကင်းဘူးပေါ့။ Fake Quality ဖြစ်တယ် မဖြစ်ဘူးဆိုတာကို စစ်ဆေးရမှာ ကျမတို့မှာတာဝန်ရှိ ပါတယ်။ တကယ်လို့ Fake Quality ဖြစ်လာခဲ့ရင် သူတို့နိုင်ငံရဲ့မူဝါဒကဘာလဲ၊ သူတို့ ထုတ်ထားတဲ့ ကြေညာချက်ကဘာလဲဆိုတဲ့ ဟာမျိုးနဲ့ ကျမတို့ က သူတို့ကို ပြန်ပြောလို့ရပါတယ်။ အဲဒီတော့ BRI စီမံကိန်းနဲ့ ပတ်သက်ပြီး ရှီကျင့်ဖျင်ရဲ့ ကောက်နုတ်ချက်နဲ့ သူတို့ရဲ့ပြောကြားချက်တွေအရ ကျမတို့ကဒီဟာတွေကို လက်ကိုင် ထားဖို့ လိုအပ်ပါတယ်။ အဲဒီတော့ တရုတ်ကလုပ်တာဆိုတိုင်း ပြည်မကြီးနဲ့ အိမ်နီးချင်းပြည်နယ်က ထုတ်လုပ်မှုကို မရောထွေးဖို့ လိုအပ်ပါတယ်။

ငြမ်းမီဒီယာ – အရင်က လုပ်မယ်ဆိုတဲ့ အသံထွက်ခဲ့ပြီး ကာလအတန်ကြာ တိတ်ဆိတ်သွားခဲ့ရာကနေ မကြာသေးခင်က မဖြစ်မနေလုပ်မယ်ဆိုပြီး ပြန်ဖြစ်လာတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဘယ်လိုသုံးသပ် မှတ်ချက်ပြုချင်ပါသလဲ။

DSDM – မြို့သစ်စီမံကိန်းတစ်ခုကတော့ ရန်ကုန်မြို့အတွက် လိုအပ်တဲ့စီမံကိန်းတစ်ခုပဲဖြစ်ပါတယ်။ မူဝါဒအား ဖြင့် လက်ခံရမယ့် စီမံကိန်းတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဒီရန်ကုန်မြို့သစ်စီမံကိန်း NYDC (New Yangon Development Company) အနေနဲ့ လုပ်ထားတဲ့ဟာကိုတော့ ကျမတို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ အကျိုးအမြတ်ခွဲဝေမှုကို ကျမတို့လက်မခံဘူးလို့ ပြောထားပြီးသားပါ။ အကျိုးအမြတ်ခွဲဝေမှုအပိုင်းမှာတော့ ကျမတို့လက်ခံနိုင်မှုမရှိဘူးလို့ ပြောထားပါတယ်။ ဘာလို့လည်းဆိုတော့ NYDC ကိုသုံးစွဲဖို့ပေးထားတဲ့ ကျပ်ငွေ (၁၀) ဘီလီယံဟာလည်း တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြထားခြင်းမရှိတဲ့အတွက် လက်မခံဘူးလို့ ပြောထားပြီးသားဖြစ်ပါတယ်။ မြို့သစ်စီမံကိန်း တစ်ခုအနေနဲ့ မူဒါဒအားဖြင့် ကျမတို့လက်ခံရမှာဖြစ်ပေမယ့် ဒီမြို့သစ်စီမံကိန်းကို ဘယ်အချိန်မှာ၊ ဘယ်နေရာမှာ၊ ဘယ်ကုမ္ပဏီနဲ့ လုပ်ရပါမယ်ဆိုတာကတော့ လွှတ်တော်အတွင်းမှာပဲ ဆွေးနွေးရမယ့်ကိစ္စမျိုးဖြစ်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောနိုင်ပါတယ်။

DSDM – မရှိပါဘူး။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,