ပြောင်းလဲဖို့ကို မကြောက်တဲ့သူ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / Smart Group of Companies ၏ ဥက္ကဌ ဦးကျော်ကျော်လှိုင်

ဘဝမှာ ပျော်ရွှင်မှု ဆိုတာ ကျွန်တော့်အတွက် သိပ်အရေးကြီးတယ်။ ဘာအလုပ်ပဲ လုပ်လုပ်၊ ကျွန်တော်က ပျော်နေတဲ့ အခါ စိတ်ပါ လက်ပါ လုပ်နိုင် တယ်။ အချိန်တွေ က ကုန်မှန်းမသိ ကုန်တယ်။ ဒါကြောင့်မို့ ကျွန်တော့်အတွက် နေ့စဉ်ပျော်ရွှင်မှုက အရေးကြီးတယ်။ အလုပ်တစ်ခု လုပ်တဲ့အခါ မှန်လား၊ မှားလား ဆိုတာ အဲဒီ ပျော်ရွှင်မှုနဲ့ပဲ တိုင်းတာတယ် …

“ကျွန်တော်တို့ဘဝမှာပြောင်းလဲခြင်းတွေက အမြဲဖြစ်နေတယ်။ ပြောင်းလဲခြင်းတွေ ဖြစ်လာတဲ့ အခါမှာ ကျွန်တော်တို့က မြန်မြန်လိုက် ပြောင်းလဲဖို့ အရေးအကြီးဆုံးဗျ”

Smart Group of Companies ရဲ့ ဥက္ကဌ ဦးကျော်ကျော်လှိုင်က ကျွန်တော့်ကိုပြောတဲ့ စကားပါ။ ဦးကျော်ကျော်လှိုင်က သူ့ရဲ့စကား အတိုင်းပဲ ငယ်စဉ် ကတည်း က ပြောင်းလဲခြင်း တွေ ရဲ့ နောက်ကို လိုက်ပါရင်း ဘဝရဲ့အောင်မြင်မှုတွေကို တည်ဆောက်ခဲ့တယ်။ ပြောင်းလဲ မှုရဲ့နောက်ကို လိုက်ဖို့ သူ မကြောက်ရွံ့ခဲ့ဘူး။ တွေေ၀ မနေခဲ့ဘူး။ ဆုံးဖြတ်ချက်တွေ မြန်မြန် ဆန်ဆန် ချခဲ့တယ်။ လုပ်ဆောင်မှု တွေ ကို မြန်မြန်ဆန်ဆန်လုပ်ခဲ့တယ်။

အိမ်က ဆရာဝန်ဖြစ်စေချင်လို့ ဆေးတက္ကသိုလ်ပို့ပေမယ့် သူပြောင်း တယ်။ နိုင်ငံခြား ပညာတော်သင် ထွက်ခွင့်တွေ၊ အလုပ်အကိုင် အခွင့် အလမ်းကြီးတွေ ရှိရာ လမ်းကြောင်း ကနေ သူပြောင်းတယ်။ ဝင်ငွေ ကောင်းတဲ့ ကျူရှင်ဆရာတစ်ယောက် အဖြစ်ကနေ သူပြောင်း တယ်။ အခြေခိုင်တဲ့ နိုင်ငံခြား ကုမ္ပဏီကြီး မှာ လုပ်ကိုင်နေရာကနေ သူပြောင်း တယ်။ ပြောင်းလဲ မှု တိုင်းမှာ ပြောင်းလဲမှု ကို မကြောက် ရွှံ့တဲ့ စိတ်ဓာတ် အပြင် ပျော်ရွှင်မှုကို ရှာဖွေခြင်း က လည်း အတူ ဒွန်တွဲ ပါဝင် ခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ဘဝမှာ ပျော်ရွှင်မှု ဆိုတာ ကျွန်တော့်အတွက် သိပ်အရေးကြီးတယ်။ ဘာအလုပ်ပဲ လုပ်လုပ်၊ ကျွန်တော်က ပျော်နေတဲ့ အခါ စိတ်ပါ လက်ပါ လုပ်နိုင် တယ်။ အချိန်တွေ က ကုန်မှန်းမသိ ကုန်တယ်။ ဒါကြောင့်မို့ ကျွန်တော့်အတွက် နေ့စဉ်ပျော်ရွှင်မှုက အရေးကြီးတယ်။ အလုပ်တစ်ခု လုပ်တဲ့အခါ မှန်လား၊ မှားလား ဆိုတာ အဲဒီ ပျော်ရွှင်မှုနဲ့ပဲ တိုင်းတာတယ်”

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ နဝရတ်လမ်း၊ ရွှေစံပယ် ရိပ်မွန် အိမ်ရာ က သူ့ရဲ့နေအိမ်မှာ ကျွန်တော်တို့ တွေ့ဆုံ စကားပြော ဖြစ်တော့ ဦးကျော်ကျော်လှိုင် က သူ့ရဲ့ဘဝနေထိုင်မှု ခံယူချက် ကို အဲဒီလိုပဲ ပြောပါတယ်။

 

အဖေက သေကာနီး အထိ ကျွန်တော်နဲ့ မတည့်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့် ဘဝမှာတော့ တော်တော်ကြီး အရေးပါပါတယ်။ ဒီအချိုး အကွေ့မှာ သူသာ အားမပေးခဲ့ရင် ကျွန်တော် ဒီနေ့ ဒီနေရာ ရောက် မလာနိုင်ပါဘူး …

 

အသက် (၆၄) နှစ်ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်လှိုင်ဟာ Smart Technical Services ဆိုတဲ့ ရေနံရှာဖွေရေးလုပ်ငန်းတွေကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီး တစ်ခု ကို အဓိက ဦးဆောင် နေသူပါ ။ Smart Group of Companies လက်အောက်မှာရှိတဲ့ Smart Technical Services, Smart Electrical Trading, Smart Energy Resources, Myanmar Electrical Instrument ကုမ္ပဏီတွေ ဟာ အမြဲတမ်း ဝန်ထမ်း (၁၇၀) ဝန်းကျင်၊ စီမံကိန်း ဝန်ထမ်း (၇၀၀) ဝန်းကျင်နဲ့ လည်ပတ်နေကြတယ်။

အစိုးရဝန်ထမ်း မိဘနှစ်ပါးက မွေးဖွားလာတဲ့ ဦးကျော်ကျော်လှိုင် က မွေးချင်းသုံးယောက် မှာ အကြီးဆုံးသား။ စည်းကမ်းကြီးတဲ့ဖခင်နဲ့ စာဖတ် ဝါသနာ ပါတဲ့ မိခင်တို့ရဲ့ သွန်သင် ဆုံးမမှု အောက် မှာ တက္ကသိုလ်ဝင်တန်း ကို သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်တယ်။

ဆရာဝန်တစ်ယောက်ဖြစ်စေချင်တဲ့ အဖိုးဖြစ်သူရဲ့ တွန်းအားပေးမှုနဲ့ ဆေးတက္ကသိုလ်ကို ရောက်တယ်။ မပျော်ရွှင်တဲ့နေရာမို့ အစိုးရက သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ် ထူးချွန်သူတွေ ကို “သိပ္ပံ ချွန်ဆု”ပေးမယ် ကြေညာတဲ့ အခါ ဆေးတက္ကသိုလ် က ချက်ချင်း ပြောင်းခဲ့တယ်။

“အဖေက သေကာနီး အထိ ကျွန်တော်နဲ့ မတည့်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့် ဘဝမှာတော့ တော်တော်ကြီး အရေးပါပါတယ်။ ဒီအချိုး အကွေ့မှာ သူသာ အားမပေးခဲ့ရင် ကျွန်တော် ဒီနေ့ ဒီနေရာ ရောက် မလာနိုင်ပါဘူး”

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငယ်စဉ်ဘ၀ မှာ စည်းကမ်းကြီးတဲ့ ဖခင်နဲ့ အရာရာမှာ ကန့်လန့် တိုက်ရင်း ဖြတ်သန်း နေထိုင်ခဲ့ပေ မယ့် ဖခင်ရဲ့ကျေးဇူး တရားနဲ့ ဘဝမှာအရေးပါတဲ့ အတွေးအခေါ်တွေ ရိုက်သွင်းပေးခဲ့တာ ကိုတော့ ဦးကျော်ကျော်လှိုင်က တခုတ်တရပြောပါတယ်။

စာအော်ကျက်မှ ကျေနပ်တတ်တဲ့ ဖခင်က တချိန်လုံး စောင့်ကြည့် နေချိန် မှာ တွက်စာတွေချည်း ရွဲ့လုပ်ရင်း ဖခင်အိပ်မှ ခြံထဲဆင်း စာခိုး ကျက်ခဲ့တာက အစ အားလုံး ကို ကန့်လိုက်တိုက်ခဲ့ပေမယ့် တကယ် တမ်း တော့ ဖခင်ရဲ့ အတွေးအခေါ်တွေက လူ့ကျင့်ဝတ် တွေ အဖြစ် သူ့ရင်ထဲမှာ စိမ့်ဝင်နေခဲ့တယ်။

“ငယ်ငယ်က သူငယ်ချင်းတွေ စာမေးပွဲအောင်ရင် ဟိုဟာရတယ်၊ ဒီဟာရတယ် ဆိုတော့ ကျွန်တော် က အဖေ့ကိုသွားပြောတယ်။ စာမေးပွဲ အောင်ရင် ဘာပေး မှာလဲဆိုတော့ စာမေးပွဲအောင် ရမှာ မင်းအလုပ်ပဲတဲ့၊ ငါဘာမှ ပေးစရာ မလိုဘူးတဲ့။ ပထမ ရရင်တော့ ငါဆုပေးမယ်တဲ့။ ဒါကျွန်တော့် အဖေပြောခဲ့တဲ့ စကား”

ဆုပေးခြင်းနဲ့ပတ်သက်တဲ့ ဖခင်ရဲ့အဲဒီ အတွေးအခေါ်ကို သူ သိပ်သဘောကျ ခဲ့ပါတယ်။ ဆေးတက္ကသိုလ် မှာ မပျော်လို့ ရူပဗေဒကို ပြောင်းဖို့ လုပ်တော့ လည်း သူ့ဘက် က ရပ်တည် အားပေး ခဲ့တဲ့ ဖခင်ရဲ့လုပ်ဆောင်မှု ကို သူကျေနပ်ခဲ့ပြန်တယ်။

“ အဖေက သူ့သားဒုက္ခရောက်နေတာ သူသိတယ်။ မတည့်တော့ မတည့်ဘူးနော်။ မတည့်ပေမယ့် သူက ကြည့်နေတာ။ သူက သူ့အဖေ၊ ကျွန်တော့် အဘိုး ကို ကန့်လန့်မတိုက်ရဲလို့ ဆေး တက္ကသိုလ်လွှတ်ပေမယ့် ကျွန်တော် မပျော်ဘူး ဆိုတာ သူ သိတယ်။ အစိုးရ က တစ်လ စကောလားရှစ် (၁၀၀) ပေးရင် ငါ(၁၀၀) ထပ်ပေး မယ်တဲ့။ ခင်ဗျား စဉ်းစားကြည့်ဗျာ။ မိဘတွေက ဆေးတက္ကသိုလ် သွားချင်လို့ ဆွေ့ဆွေ့ရူးနေတဲ့ အချိန်မှာ မင်းဒီဘက် ပြောင်းဆိုပြီး အားပေးဖို့ ဆိုတာ မြန်မာ မိဘတွေ မှာ ဖြစ်နိုင်မလား၊ ခင်ဗျား စဉ်းစားကြည့် ဗျာ”လို့ ဦးကျော်ကျော်လှိုင် က သူ့ရဲ့ ဖခင် အကြောင်း ကို ဂုဏ်ယူစွာ ပြောတယ်။

အဲဒီလိုပဲ၊ လူငယ်ချင်း ရန်ဖြစ်တဲ့ကိစ္စမှာတောင် ဖခင်ရဲ့ အတွေး အခေါ်၊ အယူအဆ က သူ့ရင်ထဲမှာ စွဲမြဲစေခဲ့တယ်။ သူ (၉)တန်း ကျောင်းသား ဘဝမှာ (၇)တန်း ကျောင်းသားနဲ့ ရန်ဖြစ်တယ်။ သူက လက်သီးနဲ့ ထိုးခဲ့တဲ့အတွက် ကျောင်းထုတ်ခံရတယ်။ ဖခင်ဖြစ်သူက သိပ်စိတ်ဆိုးပါတယ်။ ဒါကြောင့် ဖခင်ဖြစ်သူ ရဲ့ရိုက်နှက် အပြစ် ပေးခြင်း ခံရပေမယ့် ရိုက်နှက်ခြင်းထက် ရင်ထဲစွဲမြဲသွား စေမယ့် စကားတစ်ခွန်း ကို အဲဒီအဖြစ်အပျက် အပြီးမှာ သူ ကြား ခဲ့ရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“မင်းတဲ့၊ ဘဝမှာကိုယ့်ထက် ဂုဏ်အားဖြင့်ငယ်တဲ့သူ၊ အသက် အားဖြင့် ငယ်တဲ့သူ၊ ရာထူးအားဖြင့် ငယ်တဲ့သူနဲ့ ဘယ်တော့မှ ရန်မဖြစ် ပါနဲ့တဲ့။ သတ္တိရှိတယ် ဆိုရင် ကိုယ့်ထက် ဂုဏ်မြင့်တဲ့သူ၊ ဂုဏ်တူတဲ့သူနဲ့ ရန်ဖြစ်ပါတဲ့။ ကိုယ့်ထက် အားနည်းတဲ့ သူနဲ့ ရန်ဖြစ်တိုင်း အမြဲ ရှုံးတာပဲ တဲ့။ မင်းဘယ်တော့မှ မနိုင်ဘူးတဲ့။ ဒါလေး က ကျွန်တော့် ဘဝမှာ ကျင့်သုံးခဲ့တဲ့ ပေါ်လစီပေါ့ဗျာ” လို့ ဦးကျော်ကျော်လှိုင် က ဆိုတယ်။

၁၉၈၅ ခုနှစ် မှာ ဖခင်ကွယ်လွန်ခဲ့ပေမယ့် ဖခင်ဆီကရခဲ့တဲ့ အတွေး အခေါ်တွေ၊ အယူ အဆတွေ၊ ကျင့်ဝတ်တွေ ကိုတော့ ပထမ အိမ်ထောင်နဲ့ သားသမီး သုံးယောက်၊ ဒုတိယ အိမ်ထောင်နဲ့ သားတစ်ယောက် ရခဲ့တဲ့ လက်ရှိအချိန်အထိ သူစွဲမြဲနေတုန်းပါ။ သူ့ဘဝမှာ နောင်တ မရှိခဲ့ဘူးဆိုပေမယ့် ဖခင်ဖြစ်သူ ကွယ်လွန် ကာနီး တစ်နှစ်လောက် အလိုမှ သားအဖတွေ သင့်မြတ်ခဲ့တာ၊ ကုသလို့ ရနိုင်တဲ့ နှလုံးရောဂါ ကို ငွေကြေး ရှိပါလျှက် မကုသ ပေးနိုင် ခဲ့တာ ကိုတော့ သူ ယူကြုံး မရဖြစ်ခဲ့တယ်။

ရန်ကုန် ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် က နေ ၁၉၇၃ ခုနှစ်မှာ ရူပဗေဒ ဘာသာရပ်နဲ့ BSC ဘွဲ့ရ တယ်။ မဟာသိပ္ပံ(MSC) ဆက်တက် တယ်။ ၁၉၇၆ ခုနှစ်မှာ MSC ဘွဲ့ရတယ်။ MSC ဒုတိယနှစ် တက်နေတုန်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း က ဘူမိဗေဒ အရာရှိ ခေါ်တဲ့ အခါ သူအလုပ်ဝင်လုပ်ခဲ့တယ်။ ဒါက လည်း သူ့ရဲ့ ပြောင်းလဲမှုတွေထဲ က တစ်ခုပါ။ မဟာသိပ္ပံဘွဲ့ရရင် နိုင်ငံခြား မှာ ပညာဆက် သင်ရမယ်၊ ပြန်ရောက်လာတဲ့ အခါ တက္ကသိုလ် မှာ ပါမောက္ခ အဖြစ် ပြန်လည် တာဝန် ထမ်းဆောင် ရမယ်ဆိုတဲ့ မရေမရာ မျှော်လင့်ချက် တွေ အထဲကနေ ဖောက်ထွက် ပြောင်းလဲ ခဲ့တာပါပဲ။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ခြောက်နှစ် လုပ်ကိုင် ခဲ့တဲ့ ကာလအတွင်း ပထမ နှစ်နှစ်လောက်အထိတော့ အဆင်ပြေ ခဲ့ပါတယ်။ နောက်ပိုင်း အိမ်ထောင်လည်း ကျလာတဲ့ အခါ ရတဲ့ လခနဲ့ မလုံလောက်တော့တာကြောင့် (၁၀)တန်းကျူရှင်သင်ပြီး အပိုဝင်ငွေ ရှာ တယ်။ ဝင်ငွေလည်း အထိုက် အလျောက် ကောင်းခဲ့ တယ်။ ဒါပေမဲ့ ဘဝမှာ ငွေထက် အရေးကြီး တဲ့ အရာတွေ ရှိမှန်း သိစေတဲ့ အတွေးတစ်ချက်ကို သူ့ကို ကွန်ပျူတာ သင်ပေးတဲ့ ဆရာ က ပေးခဲ့တယ်။

“မင်း ဒီအတိုင်း ကျူရှင်ပေးတော့ အချိန်တွေ ကုန်တာပေါ့တဲ့။ မင်း ပိုက်ဆံတော့ ရတာပေါ့ကွ တဲ့၊ ဒါပေမဲ့ အသိပညာမှ မတိုးတာ တဲ့၊ မင်း (၁၀)တန်း သင်တယ်၊ ဘာအသိပညာ တိုးမှာ လဲတဲ့။ မင်းဒါပဲ၊ ဒါပဲ ထပ်တလဲလဲသင်နေတာ၊ သူတို့တွေကတော့ တတ်မှာပေါ့၊ မင်း ဘာတိုး မှာလဲ၊ မင်း တတ်ပြီး သားတွေ ပဲ ပြန်သင်နေတာတဲ့”

ဒီစကားက သူ့အတွက် အလင်းရောင် တစ်ချက် ပွင့်စေခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ သူမြန်မြန် ဆန်ဆန် ပြောင်းလဲခဲ့တယ်။ အဲဒီနေ့က စပြီး (၁၀)တန်း ကျောင်းသားတွေ ကို စာသင်တာ လျှော့ပြီး တက္ကသိုလ် ရူပဗေဒဘာသာရပ်၊ ဒုတိယနှစ် ကျောင်းသားတွေကို တိုးမြှင့် သင်ကြား ခြင်း နဲ့ သူ့ရဲ့ပြောင်းလဲမှု ကို စတင်တယ်။ နောက်တော့ တတိယနှစ်၊ စတုတ္ထနှစ် တွေ ကို ပိုပြီး တိုးမြှင့် သင်တယ်။ ဒီလို သင်ပြနိုင်ဖို့ သူထပ်ပြီး လေ့လာရတယ်။ သင်ကြား ရတယ်။ ဆည်းပူး ရတယ်။ စာသင်ရင်းကုန်လွန်မယ့်အချိန်တွေကို ပညာကို ရှာဖွေခြင်းနဲ့အတူ ရှေ့ဆက်ခဲ့တယ်။

ဦးကျော်ကျော်လှိုင် ဟာ ၁၉၇၅ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း မှာ လုပ်ကိုင်ခဲ့ပြီးနောက် နိုင်ငံတကာ ရေနံ တိုင်းတာရေး ကုမ္ပဏီ Schlumberger ကို ၁၉၈၁ ခုနှစ်မှာ ပြောင်းတယ်။ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ အမေရိကန်နိုင်ငံ တို့မှာ Field Engineer, Data Service Manager အဖြစ်လုပ်ကိုင် နေထိုင် ခဲ့တယ်။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး Smart Technical Service ကုမ္ပဏီ ကို စတင် တည်ထောင်ခဲ့တယ်။

သူက “အစကတည်းက စီးပွားရေးအလုပ် ကို လုပ်ချင်နေတာ။ ဒါတွေလုပ်ရင်ကောင်းမယ်၊ ဟိုဟာတွေ လုပ်ရင် ကောင်းမယ် ခေါင်းထဲမှာ အမျိုးမျိုး မြင်နေ တာပေါ့ဗျာ။ ပြန်ရောက် လာတဲ့ အချိန်မှာ ဒီမှာ ရေနံနဲ့ပတ်သက်လို့ ဝန်ဆောင်မှုလုပ်ငန်းတွေ က လိုနေတယ်။ ကျွန်တော် ချက်ချင်း ထလုပ်တယ်။ လုပ်တာနဲ့ အဆင်ပြေ တာပဲလေ။ အဓိကကတော့ ကိုယ့်မှာ ရရှိ ထားတဲ့ အတွေးအခေါ်၊ အသိအမြင်ရယ်၊ လိုအပ်ချက် ရှိနေတယ် ဆိုတာ သိတော့ စီးပွားရေး လုပ်ဖို့ တွန်းအားပေးတော့တာပါပဲ” လို့ ဆိုတယ်။

တကယ်တမ်းတော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး အဖြစ် ရပ်တည်နိုင် ဖို့ဆိုတာ ကို ခဏထား လို့ ကိုယ်ပိုင် လုပ်ငန်း စတင်နိုင်ဖို့ ဆိုတာတောင် မလွယ်ကူလှပါဘူး။ အထူး သဖြင့် အစိုးရဝန်ထမ်းဘဝနဲ့ လုပ်ငန်းခွင်စတင်ခဲ့သူအများစုက အငြိမ်းစား ယူခြင်းနဲ့ပဲ သူတို့ဘ၀ ကို အဆုံးသတ် လိုစိတ် ရှိကြ တယ်။ အဆုံးသတ် သွားရလေ့ ရှိကြတယ်။

ကိုယ်တိုင် ဝန်ထမ်းဘဝနဲ့ ကျင်လည်ခဲ့ဖူးပြီး လက်ရှိမှာ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာခဲ့တဲ့ ဦးကျော်ကျော်လှိုင် ကတော့ အောင်မြင် တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ဖို့ ဆိုတာ အရင်း အနှီး အပြင် သက်ဆိုင်ရာ ပညာရပ် ကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်ဖို့၊ လေ့လာ သင်ကြားနိုင်ခွင့် ရှိတဲ့ Boss တစ်ယောက် ဆီမှာ ဝန်ထမ်း အဖြစ် အချိန်တစ်ခုပေး လုပ်ကိုင်ဖူးဖို့နဲ့ စီးပွားရေး လုပ်ငန်း မှာ တွက်ချက် စွန့်စားရဲတဲ့ သတ္တိရှိဖို့ လိုတယ်လို့ ဆိုတယ်။

သူ့ရဲ့အောင်မြင်ခြင်းအတွက် လက်ကိုင်စွဲထားတဲ့ ကိုယ်ပိုင်မူတွေ ထဲမှာတော့ အချိန်ကို စီမံခန့်ခွဲခြင်း က လည်း အရေးပါတဲ့ အရာ တစ်ခုပါ။ အချိန်နဲ့ပတ်သက်ရင် ကိုယ့်ရဲ့ ဦးစားပေး ကို ကြိုတင် သတ်မှတ်တယ်။ စိတ်ခံစားချက်နောက် ကို မလိုက်မိဖို့ ကြိုးစား တယ်။ အချိန်တိတိကျကျ အလုပ်လုပ်တယ်။ အလုပ်ကို ထိရောက် မြန်ဆန်ပြီးမြောက်စေတဲ့ နည်းလမ်းတွေကို အသုံးပြုတယ်။ ပြီးတော့ ငြင်းဆန်ရမှာ ကို သူ ဝန်မလေးဘူး။ ဒီမူတွေနဲ့ ကျင့်သုံး နေထိုင် ခဲ့တယ်။

ဝန်ထမ်းတွေနဲ့ ပတ်သက် ရင်လည်း ပျော်ရွှင်စရာ လုပ်ငန်းခွင် ဖြစ်အောင် ဖန်တီးတယ်။ အလုပ်နဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်၊ ဘယ်တော့ပြီးရမယ်ဆိုတဲ့ Objective တစ်ခုကို သတ်မှတ် သဘောတူပြီး သွားပြီဆိုရင် ဝန်ထမ်းတွေကို နောက်ကနေ အတင်းအကျပ်ခိုင်းတာ၊ စောင့်ကြည့်တာ၊ ဆူပူ တွန်းအား ပေးတာ မျိုးတွေ မလုပ်ဘူး။ ကုမ္ပဏီမှာ ဘယ်သူမရှိလို့ ဘာတွေ မလုပ်နိုင်ဘဲ အလုပ်ရပ်တန့်ထားရတယ်ဆိုတဲ့ အခြေအနေမျိုး မဖြစ်အောင် လည်း Procedure တွေ ချမှတ် ကျင့်သုံးတယ်။ ဝန်ထမ်းတိုင်း ကို ခေါင်းဆောင်မှု အရည်အသွေး ရှိအောင် လေ့ကျင့်ပေးတယ်။

ဝန်ထမ်းတိုင်း အတွက် ရာထူး တိုးတက်နိုင်တဲ့ အခွင့်အလမ်းနဲ့ အစီအစဉ်တွေချမှတ်ပြီး အမြဲလမ်းဖွင့်ထားတယ်။ အမြဲတမ်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင်တဲ့ လမ်းစဉ်နဲ့ သွားတယ်။

“၂၁ ရာစုမှာ ရာထူးအဆင့်ဆင့်နဲ့ ဖွဲ့ထားတဲ့ Cylo တွေက အလုပ် မဖြစ်တော့ဘူး။ တချို့ ကုမ္ပဏီကတော့ ကြီးပါရဲ့၊ အောက်ဆုံး လူက ဥက္ကဌ ကို မမြင် ဖူးဘူး။ စကားမပြောဖူးဘူး။ အဲဒီ Cylo ခေတ်က ကုန်သွားပြီ။ အဲဒီကုမ္ပဏီတွေဟာ ရေရှည်မှာ အောင်မြင်ဖို့ လည်း မဖြစ်နိုင်ဘူး။ google ကို ကြည့် မလား၊ facebook ကိုကြည့်မလား၊ very flat ပဲ။ ကျွန်တော့် ကုမ္ပဏီတွေမှာ ကျွန်တော်ကနေ အောက်ဆုံး အထိ အဆင့် (၅) ဆင့်ထက် မကျော် ရဘူးလို့ ပြောထား တယ်။ ဘေးကိုဖြန့်ထုတ်ပါ။ ကုမ္ပဏီတွေ ထပ်ပွား လာတာ ကို လိုချင်တယ်။ ကျွန်တော့် ဝန်ထမ်းထဲက သူ့ပညာမှာ လည်း ထူးချွန်တယ်၊ ကုမ္ပဏီ မှာ လည်း လေး ငါး ခြောက်နှစ် လုပ်လာ တယ်၊ သူကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ချင်တယ်ဆိုရင် ကျွန်တော်သူ့ကို ကုမ္ပဏီထောင် ပေးမယ်။ ကျွန်တော်နဲ့ တွဲမယ်။ လုပ်တော့။ ကျွန်တော် ကတော့ ဒီ Modal နဲ့ပဲ သွားချင်တယ်” လို့ဆိုတယ်။

 

ကျွန်တော့် ဘ၀ မှာ ရူးတယ်လို့ပြောခံရတာ၊ မိုက်တယ်လို့ ပြောခံ ရတာ ခဏ ခဏပါပဲ။ ဒါပေမဲ့ ကျွန်တော့် မှာ ကိုယ်ပိုင် Compass တစ်ခု ရှိတယ်။ ခင်ဗျား မှာ Compass ရှိရင် တောထဲ သွားတဲ့ အခါ လမ်းမပျောက်ဘူး။ ဘယ်လမ်း သွားရမယ် ဆိုတာ သိတယ် …

 

ဦးကျော်ကျော်လှိုင်က ကမ္ဘာကြီးပြောင်းလဲမှုမှာ မြန်မြန်ဆန်ဆန် လိုက်ပါ ပြောင်းလဲခဲ့တဲ့ နည်းတူ သူ့ရဲ့ Role Model တွေကလည်း တစ်ယောက်တည်း ဆိုတာ မရှိဘဲ အချိန်နဲ့အမျှ ပြောင်းလဲခဲ့တယ်။ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြတဲ့ GE ကုမ္ပဏီ ဦးဆောင်သူ Jack Welch၊ Facebook ကုမ္ပဏီ တည်ထောင်သူ Mark Zuckerberg၊ Alibaba ကုမ္ပဏီရဲ့ ပဲ့ကိုင်ရှင် Jet Ma၊ Apple ကုမ္ပဏီ CEO Steve Job ။ အားလုံးက သူ့ရဲ့ Role Model တွေဖြစ်ခဲ့ကြတယ်။

သူတို့ရဲ့ စကားတွေ၊ လုပ်ဆောင်မှုတွေက သူ့ကို နည်းပေး လမ်းပြခဲ့တယ်။ Business Model တွေ ပြောင်းလဲစေခဲ့တယ်။ အချိန်ကာလနဲ့ အခြေအနေ အလိုက် ပြောင်းလဲခဲ့တဲ့ အရာတွေ အထဲမှာ သူမပြောင်းလဲတာတစ်ခုကတော့ “Learning” ဆိုတဲ့ လေ့လာ သင်ယူခြင်း ပါပဲ။ ဒါကိုတော့ သူ မပြောင်းလဲ ခဲ့ဘူး။

‘အသက်(၂၀) အောက်မှာ ပညာကိုရှာဖွေပါ။ အသက် (၂၀) နဲ့ (၃၀)ကြားမှာ သူဌေးအတွက် အလုပ်လုပ်ပေးပါ။ အသက်(၃၀) နဲ့ (၄၀) ကျရင်တော့ ကိုယ် ကျွမ်းကျင် တဲ့ အလုပ်တစ်ခု ကို စလုပ်ပါ။ (၄၀)ကျော်ရင် လုပ်နေကျ အလုပ်ပဲ ဆက်လုပ်ပါ။ ပြောင်းဖို့ မစဉ်း စားပါနဲ့။ (၅၀) ကျော်ရင်တော့ အများ အတွက်၊ မျိုးဆက်သစ် လူငယ်တွေ အတွက် လုပ်ပေး ပါ။ (၆၀) ကျော် ရင်တော့ အနားယူပါ’ ဆိုတဲ့ Jet Ma ရဲ့ စကား လိုပါပဲ။ လက်ရှိ အချိန်မှာ တာ့ ဦးကျော်ကျော်လှိုင် ဟာ လူငယ်တွေ ကို စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်လာအောင် တတ်နိုင် သလောက် မြေတောင်မြှောက်ပေးတယ်။ Leadership ဟောပြောပွဲတွေ ပြုလုပ် တယ်။ Smart Training Center ကို တည်ထောင်ပြီး သင်ကြားမှု တွေ ပြုလုပ်တယ်။စာအုပ် စာပေတွေကနေ လည်း Leadership ပညာတွေ ဖြန့်ေ၀ တယ်။

၂၀၀၇ ခုနှစ်မှာ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ စာအုပ်တွေ သူစရေးတယ်။ ပထမ ဆုံးသော သူ့ရဲ့ စာအုပ်က “ ဒေါ်နယ်ထရမ့်”။ စာအုပ်တွေတိုင်း မှာ မှီငြမ်း ကိုးကားချက်တွေနဲ့အတူ သူ့ရဲ့ကိုယ်ပိုင် အတွေ့အကြုံတွေ၊ အယူအဆတွေ၊ သင်ခန်းစာတွေ ကိုပါ ထည့်သွင်း ရေးသား ခဲ့တယ်။

၂၀၀၇ ခုနှစ်ကနေ လက်ရှိ အချိန်အထိ “ခေါင်းဆောင်အရည်အသွေး (၂၁) ချက်”၊ “ရွှေလို တန်ဖိုးရှိတဲ့ခေါင်းဆောင်”၊ “တန်ဖိုးရှိသောနေ့”၊ “လူတွေရဲ့ ချစ်ခင် မှု ကို ရအောင်”၊ “နှလုံးသား ကို ဖြူစင်အောင် ထားပါ”၊ “ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည်အသွေးကို လေ့လာ ခြင်း (ပထမ မြန်မာနိုင်ငံ တော်)”၊ “ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှု အရည် အသွေး ကို လေ့လာခြင်း (ဒုတိယ မြန်မာနိုင်ငံတော်)”၊ “ပျော်ရွှင်မှု”၊ “စီးပွားရေး စလုပ်ဖို့အချက် (၁၀၁) ချက်”၊ “ရွှေ FM တွင် ဖြေကြားခဲ့သော ဘဝတိုးတက် အောင်မြင်ရေး မေးခွန်းများ (၁)”၊ “ရွှေ FM တွင် ဖြေကြားခဲ့သော ဘ၀ တိုးတက် အောင်မြင်ရေး မေးခွန်း များ (၂)” နဲ့ “အဆိုအမိန့် များ” ဆိုတဲ့ စာအုပ် (၁၃) အုပ် ထုတ်ေ၀ ခဲ့ပြီးပါပြီ။

အဲဒီစာအုပ်တွေ အထဲက “ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှု အရည်အသွေး ကို လေ့လာခြင်း (ပထမမြန်မာနိုင်ငံတော်)” ဆိုတဲ့ စာအုပ်က ၂၀၁၄ ခုနှစ် အတွက် သုတ စွယ်စုံ စာပေဆု(ဝိဇ္ဇာ) ရရှိ ခဲ့ပါတယ်။

“ ကျွန်တော့် ဘ၀ မှာ ရူးတယ်လို့ပြောခံရတာ၊ မိုက်တယ်လို့ ပြောခံ ရတာ ခဏ ခဏပါပဲ။ ဒါပေမဲ့ ကျွန်တော့် မှာ ကိုယ်ပိုင် Compass တစ်ခု ရှိတယ်။ ခင်ဗျား မှာ Compass ရှိရင် တောထဲ သွားတဲ့ အခါ လမ်းမပျောက်ဘူး။ ဘယ်လမ်း သွားရမယ် ဆိုတာ သိတယ်။ ကျွန်တော့် မှာ Compass ရှိတယ်။ အဲဒီ Compass နဲ့ ကျွန်တော် အလုပ် လုပ်တယ်” လို့ ဦးကျော်ကျော်လှိုင် က ဆိုပါတယ်။

ဇော်နောင်လင်း
ဒီဇင်ဘာ(၁၂)၊၂၀၁၈၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။