ပြောတာတစ်မျိုး အလုပ်လုပ်တာ၊အကောင်အထည် ဖော်တာ တစ်မျိုးဖြစ်နေတယ် – အပိုင်း (၁)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မွန်ညီညွတ်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ၊တွဲဖက်အတွင်းရေးမှူး(၂) (ဦး) နိုင်စံတင်

တိုင်းရင်းသားတွေရဲ့ဆန္ဒကိုနည်းနည်း လိုက်လျောသင့် တာပေါ့ဗျာ။ အခုမလိုက်လျောဘဲ အတင်းအကျပ် အနိုင်ယူ သွားတဲ့သဘောမျိုးသက်ရောက်တော့ …

၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဘယ်လို ပြင်ဆင် ထားလဲ။ပါတီမူဝါဒတွေကရောဘာလဲ။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ လက်ရှိနိုင်ငံရေး အခြေအနေအပေါ် ကိုရော ဘယ်လိုရှုမြင်သလဲ။ မွန်ညီညွတ်ရေး ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ၊ တွဲဖက်အတွင်းရေးမှူး(၂) (ဦး) နိုင်စံတင် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – မွန်ညီညွတ်ရေးပါတီ ဖွဲ့စည်းခဲ့ပုံနဲ့ ပါတီမူဝါဒကို အကျဉ်းချုပ်မိတ်ဆက်ပေးပါဦး။

NST – ကျနော်တို့ပါတီရဲ့ အဓိက ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာ ပြည်တွင်းစစ်ရပ်စဲရေး ၊ငြိမ်းချမ်းရေး၊ တန်းတူ အခွင့်အရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ လူမျိုးကို အခြေခံ ဖွဲ့စည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရန်၊မွန်ပြည်နယ်ဖွံ့ဖြိုးရေးနဲ့နိုင်ငံတစ်ဝှမ်းလုံး ဖွံ့ဖြိုးတိုးတက်ရေး စသဖြင့်ပေါ့ဗျာ။ မူဝါဒ ခုနှစ်ချက် ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မွန်ညီညွတ်ရေးပါတီအနေနဲ့ ၂၀၂၀ လာမယ့် ရွေးကောက်ပွဲ အတွက် ဘာတွေပြင်ဆင်ထားလဲ။ ဘယ်နေရာေ တွမှာ ပြိုင်ဖို့လျာထားတာရှိလဲ။

NST – ကျနော်တို့ပါတီပေါင်းစည်းထားတာသည် ၂၀၁၉၊(၇) လပိုင်း၊ ၁၁ ရက်နေ့ကပဲ ပါတီမှတ်ပုံတင်ကျတော့ ပြီးမှ ကျနော်တို့ ပါတီပြန်လည်ဖွဲ့စည်းတာပေါ့နော်။ပါတီ အဟောင်းနှစ်ခုကို ပြန်လည်ပေါင်းစည်းပြီးတော့ မြို့နယ် အလိုက် အခြေခံဖွဲ့စည်းရင်း ကျနော်တို့ ပါတီစည်းရုံးရေးကို ဆင်းနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အတွက်ကို မဟာဗျူဟာ ရေးဆွဲထားပြီးသား။ ရွေးချယ်ရမယ့် အမတ်လောင်းရဲ့ အရည်အချင်း၊ သတ်မှတ်ချက် ကို ကျနော်တို့ ပါတီကနေအတည်ပြုထားပြီးသားပဲ။ ဒါပေမယ့် အမတ်လောင်းတွေ အားလုံးကို ကျနော်တို့ မရွေးချယ်ရသေးဘူး။ မဲဆန္ဒနယ်မြေလည်း ကျနော်တို့ မသတ်မှတ်ရသေးဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အဓိက က မွန်ပြည်နယ်မှာကျတော့ ခုနှစ် မြို့နယ် တော့ အပြည့်အ၀ ဝင်ပြိုင်ဖို့ရှိတယ်။ သထုံနဲ့ကျိုက်ထိုကျတော့ ဝင်ပြိုင် မယ့် လူရှိရင် ပြိုင်ဖို့ အစီအစဉ် ရှိတယ်။ တိတိကျကျတော့ ပါတီက မွန်ပြည်နယ်အတွက် ဆုံးဖြတ်ချက်ချတိတိကျကျ သတ်မှတ် ထားတာ မရှိဘူး။

ရွေးကောက်ပွဲမတိုင်ခင်လေးမှာ သူတို့ပြောဟောခဲ့တဲ့ ဟာတွေနဲ့ နောက်ပိုင်းတကယ် ဆောင်ရွက်တဲ့ဟာတွေက မကိုက်ညီ ဘူးပေါ့ဗျာ တိုင်းရင်းသားတွေမြင်တာက …

ကရင်ပြည်နယ်မှာဆိုရင် ကျနော်တို့ဝင်ပြိုင်နိုင်ဖို့ ရှိတာက ဘားအံ ၊ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး ။ တနသာင်္ရီ တိုင်း မှာဆိုရင် အဓိက နှစ်မြို့နယ်။ကျနော်တို့ခြောက်မြို့နယ်ခွဲ ထားတယ်။ ရေဖြူမြို့နယ်နဲ့ ပလောမြို့နယ် အဲဒီနှစ်ခု ဝင်ပြိုင်ဖို့ရှိ တယ်။ဒါက လောလောဆယ်ပေါ့။ဒါပေမယ့် ပါတီအနေနဲ့ မဲဆန္ဒနယ် တိတိကျကျ သတ်မှတ်တာမရှိသေးဘူး။ မွန်အမျိုးသားနေ့ပြီးရင်တော့ စီအီးစီထိုင်ပြီး မဲဆန္ဒနယ် သတ်မှတ်မှာ မို့ပါ။ ကျနော်တို့လျာထားတာ အဲလိုမျိုးပါ။ တနသာင်္ရီတိုင်းမှာဆိုရင် ကျနော်တို့ ကော့သောင်းမြို့ တို့မှာဆိုရင် ကျနော်တို့မွန်တွေ ရှိတယ်လေ။ သူတို့ပြိုင်ဖို့ကိုယ်စားလှယ်လောင်းရှိရင်လည်း ပြိုင်ဖို့ ရှိပါတယ်။ မသေချာဘူး။သေချာတာက ရေဖြူနဲ့ ပလောမြို့နယ်ပဲသေချာတယ်။

ငြမ်းမီဒီယာ – ကိုယ်စားလှယ်လောင်း ရဲ့ အရည်အချင်းတွေ သတ်မှတ် ထားတာရှိမယ်ထင်ပါတယ်။ဘယ်လို အရည်အချင်းတွေ သတ်မှတ်ထားလဲ။

NST – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထား တာတွေနဲ့ ပြည်စုံရမယ်။ ကျနော်တို့မွန်ညီညွတ်ရေး ပါတီဝင် ဖြစ်ရ မယ်။လက်ရှိနိုင်ငံရေးအခြေအနေနဲ့ မွန်တွေရဲ့ သမိုင်းကြောင်း ကို သိရှိနားလည်တဲ့သူ ဖြစ်ရမယ်။ ပါတီမူဝါဒကိုလက်ခံပြီးတော့ လိုက်နာ ဆောင်ရွက်မယ့်သူ ဖြစ်ရမယ်။ ပညာအရည်အချင်းတော့ ကျနော်တို့ မသတ်မှတ်ဘူးဗျ။ လက်ရှိနိုင်ငံရေးအခြေအနေကို ခြုံငုံမိဖို့၊နားလည်ဖို့၊မွန်တွေရဲ့ လိုလားချက်တွေကို သိရှိဖို့ အဲဒါတွေ ကို အဓိက ထားပါတယ်။

ငြမ်းမီဒီယာ – လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို မွန်ညီညွတ်ရေး ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

NST – တစ်ခုရှိတာပေါ့။ကျနော်တို့ သွားချင်တာက အားလုံး လက်ခံ ထားတဲ့ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်မယ်ဆိုရင် လက်ရှိ အစိုးရ ပုံစံမျိုးနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ပထမအကြိမ် ပြီးခဲ့တဲ့ အစိုးရ ပုံစံနဲ့သွားလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျနော်တို့နိုင်ငံရေး အခြေအနေ၊ကျနော်တို့ လက်ရှိ ဗမာပြည်ရဲ့ နီုင်ငံရေး အခြေအနေက တကယ်လို့ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ချင်တယ် ၊ငြိမ်းချမ်းရေး အပြည့်အ၀ ရချင်တယ်ဆိုရငတော့် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ညွှန့်ပေါင်းအစိုးရ ပုံစံ သဘောမျိုးဖွဲ့ရင်တော့ ပိုပြီး အဆင်ပြေမယ်လို့ ကျနော်တို့ မြင်ထားတယ်။ နောက်တစ်ခုက နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ အခုက တိုင်း(၇)တိုင်းနဲ့ ပြည်နယ်(၇)ခု သတ်မှတ်ထားတယ်။ အဲသလို ဖြစ်နေတယ် ဆိုတာက ခွဲခြားသလိုဖြစ်နေတယ်။ တိုင်းဆိုရင် ဗမာတွေ အုပ်ချုပ်တဲ့ ဒေသ၊ပြည်နယ်ဆိုရင် တိုင်းရင်းသား(၇)မျိုး က အုပ်ချုပ်တဲ့ဒေသ အဲဒီလိုသဘောမျိုး သက်ရောက်နေတယ်။ ကျနော်တို့ အဲဒါ မလိုချင်ဘူး။ အမှန်မှန်က ကျနော်တို့ နိုင်ငံကို တည်ဆောက်ဖို့က တစ်ခုပဲရှိတယ်။ဒေသကိုအခြေခံမလား။ လူမျိုးကို အခြေခံမလား။ကျနော်တို့ နိုင်ငံက ပြည်ထောင်စု တည်ဆောက်တာ လူမျိုးကို အခြေခံထားတာပါ။ ပြည်နယ်တိုင်းကို အမျိုးသားပြည်နယ် သဘောမျိုးနဲ့သတ်မှတ်ဖို့်သင့်တယ်လို့ ကျနော်တို့မြင်တာပေါ့။

ပြီးခဲ့တဲ့ အစိုးရရော၊အခုအစိုးရရော သွားတဲ့ပုံစံက ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်၊ကျနော်တို့လိုချင်တဲ့ တန်းတူ အခွင့်အရေး၊ကျနော်တို့သွားရမယ့် ငြိမ်းချမ်းရေးဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …

အဲဒါက ပါတီမူဝါဒလည်းဖြစ်တယ်။ကျနော်တို့ သုံးသပ်တာလည်း အဲလိုမျိုး သုံးသပ်တယ်။ ငြိမ်းချမ်းရေးလည်း လိုချင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်တယ် ဆိုရင်တော့ တိုင်းရင်းသားတွေ လိုလားနေတဲ့ တန်းတူရည်တူ၊ ခုနက ကျနော်ပြောတဲ့ ပြည်နယ်ကိုသတ်မှတ်တဲ့နေရာမှာ အမျိုးသား ပြည်နယ် သဘောမျိုး တည်ဆောက်မှပဲ အဆင်ပြေ သွားမယ်လို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ – အစိုးရရဲ့မူဝါဒမှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာမျိုး တွေ့ရပါတယ်။ ဒါပေမယ့် ချောင်းဆုံ တံတား လို ကိစ္စမျိုးတွေကိုလည်းတွေ့ရပြန်တယ်။ ဒီလို အခြေအနေေ တွက ဖက်ဒရယ် ပြည်ထောင်စုကို သွားကြမယ်ဆိုတဲ့ အခြေအနေတွေအပေါ်ကို ဘယ်လောက်သက်ရောက်မှုရှိလဲ။

NST – ခုနက ကျနော်ပြောသလိုပဲပေါ့။ လက်ရှိအစိုးရရော ၊ပြီးခဲ့တဲ့အစိုးရရော တိုင်းရင်းသားတွေ တကယ် လိုလား နေတဲ့ ဖက်ဒရယ်မူနဲ့ မတည်ဆောက်ဘဲ ကိုယ်လိုချင်တဲ့ ပုံစံမျိုးနဲ့ တည်ဆောက်တဲ့ အခါကျတော့ အော်တာကတော့ ဖက်ဒရယ်။ ဖက်ဒရယ်ကလည်း အမျိုးမျိုးရှိတယ်လေ။ နိုင်ငံတစ်ခုနဲ့ တစ်ခု လည်း မတူပါဘူး။ကျနော်တို့နိုင်ငံကို တည်ဆောက်တဲ့အခါမှာ ကျနော်တို့နိုင်ငံက တိုင်းရင်းသားတွေနဲ့ တည်ဆောက်ထားတော့ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပုံစံမျိုး အားလုံး ပူးပေါင်းပြီး တော့ ညှိနှိုင်းပြီးဆောင်ရွက်ပြီးတော့ အစိုးရ ဖွဲ့ရင်လည်း ဘယ်သူပဲ နိုင်နိုင် USDP ပဲနိုင်နိုင်၊NLD ပဲနိုင်နိုင် တိုင်းရင်းသား ပါတီ တွေနဲ့ ပေါင်းပြီးတော့ အစိုးရ ဖွဲ့ရမယ်။ အခုဟာက နိုင်တဲ့ ပါတီ အားလုံး ယူပြီး အစိုးရဖွဲ့တော့ အခုကျနော်ပြောချင်တာက ခုနက ချောင်းဆုံ တံတားဆိုတာ ဟိုး…အရင်အစိုးရကလည်း နာမည် မသတ်မှတ် ပါဘူး။သံလွင်တံတား၊ချောင်းဆုံ ဒီလောက်ပဲ ရေးထားတယ်။ မုတ္တမ တံတားတောင် သံလွင်တံတား၊မုတ္တမ ဒီလောက်ပဲ သတ်မှတ် ထားတယ်။ မော်လမြိုင် တံတားဒီလိုပဲ သတ်မှတ်ထားတယ်။အဲဒီမှာ အတင်းအကျပ် ရှိတဲ့နာမည်ကိုဖျက်ပြီး အတင်းအကျပ်လုပ်တော့ တိုင်းရင်းသားတွေ ဘယ်လို လုပ်ကျေန ပ်မှာလဲ။ဒါဖက်ဒရယ်နဲ့ မဆိုင်ဘူး။ဒီမိုကရေစီအနိုင်ကျင့်မှုသဘော သက်ရောက်သွားတယ်။

တိုက်ပွဲဖြစ်လာ တာနဲ့ အပြတ်တိုက် ဆိုတာကလည်း မဖြစ်သင့်တဲ့ကိစ္စပဲ။ အပြတ် တိုက် ဆိုတာကို အရင်က မွန်မှာလည်းဖြစ်ခဲ့ဖူးတယ်။ ကရင်မှာ လည်း ဖြစ်ခဲ့ဖူးတယ်။ နှစ်(၇၀)တောင်ကြာခဲ့ပြီ။ ဘယ်လို …

ဒါဒီမိုကရေစီနိုင်ငံ ဆိုပြီးတော့ ဖက်ဒရယ်ကို သူတို့ မေ့ မေ့နေတယ်။ အခုလည်း NLD ကအော်နေတယ်။ဒီမိုကရေစီ အရင်သွားမယ် ပြီးမှ တိုင်းရင်းသားကိစ္စကို စဉ်းစားမယ်ဆိုတာ ဒါမှားနေတယ်။ မှားယွင်းတဲ့ စဉ်းစားချက်ပဲ။ ကျနော်တို့ပြောတာက ဖက်ဒရယ်နဲ့ ခွဲခြားလို့မရဘူး။တူတူသွားရမယ့် သဘော သက်ရောက်နေ တယ်။ဒါကြောင့် ပြီးခဲ့တဲ့ အစိုးရရော၊အခုအစိုးရရော သွားတဲ့ပုံစံက ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်၊ကျနော်တို့လိုချင်တဲ့ တန်းတူ အခွင့်အရေး၊ကျနော်တို့သွားရမယ့် ငြိမ်းချမ်းရေးဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။တိုင်းရင်းသားတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီးတော့ သွားမယ်ဆိုရင်တော့ အဆင်ပြေတယ်။ဥပမာဗျာ ခွဲမထွက်ရ ဆိုတဲ့ဟာက ဖက်ဒရယ်လို့ပြောကတည်းက ခွဲထွက်ပိုင်ခွင့်မှ မရှိတော့တာ။စုပေါင်းပြီးတော့ ပြည်ထောင်စုသဘောမျိုးနဲ့ အုပ်ချုပ် ရမယ့် သဘောမျိုးပဲ ဖက်ဒရယ်က။ ခွဲထွက်မယ်လို့ ဘယ်သူမှ မပြောဘူး။ ဒီစာလုံးတွေ မထည့်သင့်ဘူးပေါ့ဗျာ။ အတင်းအကျပ် လုပ်တဲ့အခါကျတော့ တိုင်းရင်းသားတွေ တစ်မျိုးကြီး ဖြစ်သွား တာပေါ့။ ပြောရရင် စာအနေနဲ့ ရှိပေမယ့် တကယ်လို့ သူ့မှာ ပြည်စုံသွားရင် သူခွဲထွက်တာ ဘယ်သူ တတ်နိုင်မှာလဲ။ ကမ္ဘာပေါ် မှာဖြစ်ခဲ့တဲ့ သက်သေတွေ ရှိနေတာပဲ။ မလိုအပ်တဲ့ ဒီစာလုံး အသေးလေးကို အတင်းအကျပ်လုပ်ထားရင်တော့ တကယ်တော့ အတင်းအကျပ်လုပ်သွားတာ။ လွှတ်တော်မှာတင်ပြီး ဆုံးဖြတ်ချက် ယူလိုက်တယ်။ ကျနော်တို့ချည်းပဲမဟုတ်ပါဘူး။ ကယားမှာလည်း ဗိုလ်ချုပ်အောင်ဆန်းအရုပ် တည်တာတောင် ပြဿနာတက်သေး တာပဲ။ တိုင်းရင်းသားတွေရဲ့လိုအပ်ချက်ကိုမသိဘဲနဲ့ အတင်းအကျပ်လုပ်တဲ့သဘောမျိုး ဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့နိုင်ငံမှာ ဒါဘယ်လိုမှ အဆင်မပြေနိုင်ဘူး။

ငြမ်းမီဒီယာ – အဲဒီတော့ လက်ရှိအစိုးရက ဖက်ဒရယ်အရေးမှာ တိုင်းရင်းသားတွေ လိုအပ်ချက်၊ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ဆိုလိုချင်တာလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

NST – ဟုတ်ပါတယ်။ အဲဒီလိုပဲဆိုလိုချင်ပါတယ်။

ငြမ်းမီဒီယာ – နှစ်ဆယ့်တစ်ပင်လုံက ရပ်နားထားတာ တစ်နှစ်ကျော် လောက်ရှိသွားပြီ။သိပ်မကြာခင်မှာ ပြန်စမယ်လို့လည်း ကြားပါ တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကြည့်ရတာ အဆင်ပြေပုံတော့ မပေါ်သေးဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ရော ဘာများ မှတ်ချက် ပေးချင်လဲခင်ဗျ။

NST – အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတာက (၁၀)ဖွဲ့ပဲ ရှိသေးတယ်။ အခုဖြစ်နေတဲ့ ပုံစံက ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးဖြစ်နေတဲ့ပုံစံက တိုင်းရင်းသား အခွင့်အရေးပဲ လိုချင်တာ။ အားလုံးလိုလိုပဲ။ ဒါပေမယ့်အခု လက်မှတ်ထိုးတာက ဆယ်ဖွဲ့ပဲရှိတယ်။ ကျန်တဲ့အဖွဲ့တွေ အဖွဲ့ယ်တွေပါပေါင်းလိုက်ရင်ဆယ်ဖွဲ့ ကျော်ကျော် ကျန်သေးတယ်။အဲဒီဟာတွေ အားလုံး ပါဝင် လာမှပဲ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် နိုင်ငံ တည်ဆောက်လို့ရမယ်။ဒီဆယ်ဖွဲ့တည်းနဲ့ ဘယ်လိုမှတည်ဆောက်လို့မရဘူး။ ဘယ်လိုဖြစ်လဲဆိုတော့ ဆယ်ဖွဲ့ကသဘောတူပြီး ကျန်တဲ့အဖွဲ့တွေ သဘောမတူရင် ဒီအတိုင်းပဲ ပစ်ခတ်ကြဦးမှာပဲ။ အဲဒီလိုမျိုး ကျနော် တို့ မလိုချင်ဘူး။ ကျနော်တို့လိုချင်တာက နှစ်ဘက်စလုံး လျှော့သင့်ရင် လျှော့ကြပါ။ လျှော့သင့်တာလျှော့ နှစ်ဘက်ပြန်လည် သေချာညှိနှိုင်းပြီး ဆောင်ရွက်သွားရင်ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်လာ တာနဲ့ အပြတ်တိုက် ဆိုတာကလည်း မဖြစ်သင့်တဲ့ကိစ္စပဲ။ အပြတ် တိုက် ဆိုတာကို အရင်က မွန်မှာလည်းဖြစ်ခဲ့ဖူးတယ်။ ကရင်မှာ လည်း ဖြစ်ခဲ့ဖူးတယ်။ နှစ်(၇၀)တောင်ကြာခဲ့ပြီ။ ဘယ်လိုမှ မပြတ်နိုင်တဲ့ကိစ္စတွေ။ဒါကြောင့် ကျနော်တို့ ဖက်ဒရယ်မူနဲ့ ပြည်ထောင်စု အသစ်ပုံစံမျိုး ပြန်ဖွဲ့ရအောင်။ သဘောတူ ထားတဲ့ ဟာကို။ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြန်ပစ်နေတဲ့ သဘောမျိုး၊တိုက်ပွဲ ဖြစ်နေတာမျိုးက ဒါမဖြစ်သင့်တဲ့ဟာလေ။ နှစ်ဘက်စလုံးက လျှော့သင့်တာလျှော့ပြီး ပြန်လည်ညှိနှိုင်း ဆောင်ရွက်ဖို့သင့်တယ်လို့ ကျနော်တို့မြင်တယ်။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ဖော်ဆောင်ရေးမှာ တိုင်းရင်းသားပြည်သူ အားလုံးမေတ္တာစေတနာ၊ဆင်ခြင်တုံတရားနဲ့ ပူးပေါင်း ဆောင်ရွက် ပေးဖို့ ပြောကြားတာမျိုးရှိတယ်။ဒီစကားအနက်ကို ဘယ်လို ကောက်ယူလဲခင်ဗျ။အစိုးရအနေနဲ့ လုပ်နေပေမယ့် အခြား တစ်ဖက်ဖက်မှာ လိုအပ်ချက်တွေရှိနေတာမျိုးလား။

NST – တော်တော်လေး ကောက်ရခက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရိုးရိုးလေးပြောရရင် အပြော တစ်မျိုး၊တကယ်အေ ကာင်အထည်ဖော်တာက တစ်မျိုးဖြစ်နေတယ်။တိုင်းရင်းသားတွေ ပူးပေါင်း ဆောင်ရွက်သွားဖို့ပြောတယ်။အခုတောင် ဒီနိုင်ငံကို တည်ဆောက်တဲ့နေရာမှာ ဒီမိုကရေစီကို အရင် သွားမယ်၊ပြီးမှ တိုင်းရင်းသားကိစ္စစဉ်းစားမယ် ဆိုတာ တလွဲကြီး ဖြစ်နေတယ်။ သူပြောတာတော့ ဟုတ်ပါတယ် ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာ။ ဒါပေမယ့် သူတို့ထဲက ပြောရေးဆိုခွင့်ရှိသူပြောတာက ရွေးကောက်ပွဲ မှာ ဘယ်တိုင်းရင်းသားပါတီနဲ့မှ ညှိနှိုင်းမှာမဟုတ်ဘူး ဆိုတဲ့သဘော သက်ရောက်တာ အဲလိုမျိုးလည်း ပြောတယ်။ အဲဒီတော့ ဒီမိုကရေစီကိုအရင်စဉ်းစားမယ်။တိုင်ရင်းသားကိစ္စ မစဉ်းစားသေးဘူးဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတာ က ပြောင်းပြန်ကြီးဖြစ်နေတယ်။

ငြမ်းမီဒီယာ – နိုင်ငံရေးခရီးကြမ်းရှည်ကြီးမှာ NLD နဲ့ တိုင်းရင်းသား ပါတီအစုအဖွဲ့တွေ၊တိုင်းရင်းသားတွေနဲ့ က မဟာမိတ် ဆန်ဆန် သွားခဲ့ကြတာတွေ့ရတယ်။ အခုနောက်ပိုင်းမှာတော့ အဲဒီလို အခြေအနေတွေကနေ ပြောင်းလဲလာမှုတွေလည်း တွေ့ရ ပါတယ်။ (ဦး) နိုင်စံတင်တို့အနေနဲ့ကရော NLD ပါတီကို ဘယ်လို သဘောထားလဲ။

NST – NLD ကို အခုဟာက ကျနော်တို့ တိုင်းရင်းသား ပါတီတွေ က အယုံအကြည်မရှိတော့ဘူး။ဒါကျနော် ပွင့်ပွင့်လင်းလင်း ပြောတာ။ အရင်တုန်းကဟုတ်တယ်။ တိုင်းရင်းသား ပါတီတွေရော၊လက်နက်ကိုင် အဖွဲ့အစည်းတွေရော ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့လို့ရှိရင် ပြည်သူ့အစိုးရနဲ့ပြောမယ်။ အရပ်သားအစိုးရနဲ့ ပြောလို့ရတာပေါ့ဗျာ။ညှိနှိုင်းေ ဆာင်ရွက်ရင် လွယ်မယ်လို့ ထင်နေကြတာ။တကယ်ဖြစ်တဲ့အခါကျတော့ ဘယ်လိုမှ ညှိနှိုင်းလို့မရဘူး။ ခုနက ကျနော်ပြောသလိုပဲ အတင်းအကျပ် လုပ်သွား တယ်။လုပ်လို့မရရင် လွှတ်တော်မှာ တင်မယ် မဲ ခွဲတာနဲ့ ယူသွားမယ်။အဲဒီသဘောမျိုး သက်ရောက် နေတော့ တိုင်းရင်းသားတွေက သူတို့အပေါ်မှာ ယုံကြည် စိတ်မရှိတော့ဘူး။အဲဒီလိုဖြစ်သွားတယ်။

ငြမ်းမီဒီယာ – NLD က တိုင်းရင်းသားတွေနဲ့ ဝေးကွာသွာတာ၊ ညှိနှိုင်းလို့မရတာ ဘာကြောင့်လို့ထင်လဲ။

NST – ဘာကြောင့်လဲဆိုတော့ ခုနကကျနော်ပြောသလိုပေါ့ သူတို့က ဒီရွေးကောက်ပွဲမတိုင်ခင်လေးမှာ သူတို့ပြောဟောခဲ့တဲ့ ဟာတွေနဲ့ နောက်ပိုင်းတကယ် ဆောင်ရွက်တဲ့ဟာတွေက မကိုက်ညီ ဘူးပေါ့ဗျာ တိုင်းရင်းသားတွေမြင်တာက။ အရင်တုန်း ကပြောထား တာက တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင် သွားမယ်။ ဘာညာပေါ့ဗျာ။ နောက်ပိုင်း သူ အာဏာ ရလာတဲ့ အခါကျတော့ တစ်မျိုးကြီး ဖြစ်သွားတယ်။ တခြားဟာ မကြည့်နဲ့ ချောင်းဆုံတံတား ကိစ္စ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စ။ အဲဒီလိုမျိုး အတင်းအကျပ်လုပ်တဲ့ အခါကျတော့ တိုင်းရင်းသားတွေက ဘယ်လိုမှ အယုံအကြည် မရှိတော့ ဘူး။ ပြောတာတစ်မျိုး အလုပ် လုပ်တာ အကောင်အထည် ဖော်တာ တစ်မျိုးဖြစ်နေတယ်။ အတင်းအကျပ်လုပ်တဲ့သဘော သက်ရောက်နေတော့ တိုင်းရင်းသား တွေက ဒါတွေကို မလိုချင်ဘူး။ ညှိနှိုင်းဆောင်ရွက်ရင်ရတယ်။ညှိနှိုင်းဆောင်ရွက်ပြီတော့ တိုင်းရင်းသားတွေရဲ့ဆန္ဒကိုနည်းနည်း လိုက်လျောသင့် တာပေါ့ဗျာ။ အခုမလိုက်လျောဘဲ အတင်းအကျပ် အနိုင်ယူ သွားတဲ့သဘောမျိုးသက်ရောက်တော့ တိုင်းရင်းသား တွေက ဘယ်လိုမှ အယုံအကြည်မရှိတော့ဘူး။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,