ဖက်ဒရယ်ရရုံနဲ့တော့ ပြည်တွင်းစစ်မီး မငြိမ်းဘူး – အပိုင်း (၁)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KNC / ဒေါက်တာ Mကောန်လ facebook

တရုတ်နဲ့ပတ်သက်ရင် တော့ ရှောင်လွဲလို့တော့မရဘူး။ ရှောင်လွဲလို့မရပေမယ့် ကျနော်တို့က ဘာလုပ်ဖို့လိုလဲဆိုတော့ Investment Balancing လုပ်ဖို့လိုတယ်။ ကျနော်တို့ကတော့ …

KNC ခေါ် ကချင်အမျိုးသားကွန်ဂရက်ပါတီကို လွတ်လပ်ရေးရပြီးစကတည်းက စတင်တည်ထောင်ခဲ့ပြီး သက်တမ်း နှစ်ပေါင်း (၇၀) ရှိခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ပထမဆုံး ၁၉၄၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီရဲ့ ပါတီမူဝါဒနဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ပြောပြနိုင်မလား။

Dr.MKL – မူဝါဒဆိုရင်တော့ ကျနော်တို့ လက်ငင်းမူဝါဒပဲပြောလို့ရမှာပေါ့ဗျာ။ တခြားတင်ထားတွေကတော့ အများကြီးပေါ့။ မူဝါဒတွေကတော့ကျနော်တို့ဆီမှာ (၁၂) ခု၊ (၁၃) ခုလောက်ရှိတယ်။ ဒါပေမယ့် အဓိကကတော့ နိုင်ငံရေးမူဝါဒပဲ ပြောရမှာပေါ့။ နိုင်ငံရေးမူဝါဒ ကျနော်တို့လျှောက်မယ့်လမ်းက Center Right Progressive Liberalism ကိုသွားတယ်။ အခြေခံကတော့ ဘာလဲ ဆိုတော့ ကျနော်တို့က Seven plus One ကို လက်ခံထား တယ်။ State Building ပြည်ထောင်စုဖွဲ့စည်းပုံကို ကျနော်တို့က လူမျိုး တွေနဲ့ဖွဲ့စည်းတဲ့ ပုံစံကို ကျနော်တို့ လက်ခံထားတယ်။ ဒေသန္တရကို ကျနော်တို့လက်မခံဘူး။ အဲဒါနဲ့ ကျနော်တို့သွားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အခုဖြစ်နေတာက Evolution ဖြစ်စဉ်လေ။ ဒါ Revolution ဖြစ်စဉ်မဟုတ်ဘူး။ အဲဒီအခါကျတော့ ကျနော်တို့ Evolution ဖြစ်စဉ် မှာက ကြိုးစားရမယ့်အပိုင်းက တောက်လျောက်လုပ်နေဖို့ပဲလိုတယ် …

သွားတဲ့အခါ ကျတော့ federal principle က ရှစ်ချက်နဲ့ ကျနော်တို့ အဓိက သွားတာပေါ့နော်။ State Building ကို အဲဒီအတိုင်း သွားဖို့ ကျနော်တို့က လုပ်ထားတယ်။ လုပ်ထားတော့ federal democratic ကို အဲဒီအတိုင်း တည်ဆောက်ဖို့ သွားမယ် ပေါ့။ နောက် တစ်ချက် က ဒီတိုင်းပြည်မှာ လူမျိုးစုကြီး ရှစ်ခုဟာ မတူကွဲပြားမှုတွေနဲ့ စုစည်းထားတယ်။ ဒါကြောင့် Indirect Democracy သဘော တရားဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တဆင့်ခံလုပ်တာ သိပ်အဆင်မပြေဘူး။ ဒါကြောင့် Direct Democracy ဖြစ်တဲ့ Referendum power လုပ်ခွင့်ပါ ရှိနေဖို့လိုတယ်ဆိုတဲ့ နိုင်ငံရေးမူဝါဒကို KNC က အခိုင်အမာ ယူဆလက်ခံထားတယ်။ အမှန်ကတော့ ပြောရင်တော့ အများကြီးပဲဗျ၊ အဲဒီ Political Principle က။ အဓိက ကျနော်တို့လက်ခံတာ Center Right Progressive Liberalism နဲ့ သွားနေတာ။

ငြမ်းမီဒီယာ – ပြည်နယ်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ များလာမှ ဖက်ဒရယ် စနစ်ကို သွားနိုင်မယ်လို့ ပြောဖူးတာ သတိထားမိတယ်။ Self – Determination ဖြစ်ဖို့ ဖက်ဒရယ်စနစ်ကို တည်ဆောက်တဲ့အခါ လက်ရှိအားကောင်းနေတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကို ဥပဒေပြုရေးမဏ္ဍိုင်တစ်ခုတည်းရဲ့ အားနဲ့ လွယ်လွယ် ဆောင်ရွက်နိုင် ပါ့မလား။

Dr.MKL – တိုင်းရင်းသားကိုယ်စားလှယ်များရင် နံပါတ်တစ်အချက်က ကျနော်တို့က အခြေခံဥပဒေပြင်ဆင်ရေး ပေါ့၊ အခန်း (၁၂) ပေါ့နော်။ အခန်း (၁၂) ၊ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ အရဆိုရင် အနည်းဆုံး (၂၀) ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် တွေက ထောက်ခံတင်ပြလာမယ်ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဥပဒေကြမ်းတစ်ခုအနေနဲ့ တင်သွင်းပါဆိုတဲ့ အခန်း (၁၂) ဖော်ပြချက်ရှိတယ်။ အဲဒါကြောင့် ကိုယ်စားလှယ် များရင် (၂၀) ရာခိုင်နှုန်းက ပြည့်မီမယ်။ အဲဒီလို ပြည့်မီပြီဆိုရင် ကျနော်တို့က အခြေခံဥပဒေပြင်ဆင်ရေးကို တစ်ခုပြီးတစ်ခု ဥပဒေပြဌာန်းဖို့ တင်သွင်းနိုင်မယ်လေ။ ကျနော်မြင်တာကတော့ တပ်မတော် အစုအဖွဲ့ပဲဖြစ်ဖြစ်၊ ပြည်မနိုင်ငံရေးအစုအဖွဲ့ပဲဖြစ်ဖြစ် အားလုံးမှာတော့ ကျနော်တို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မယ်လို့တော့ မထင်ဘူးပေါ့နော်။ တင်လိုက်တိုင်းလည်း ကန့်ကွက်မယ်လို့ ကျနော်တို့သိပ်မယူဆဘူး။ ဘာဖြစ်လို့လည်းဆို တော့ နာမည် ပျက်ခံပြီးတော့လည်း လုပ်မယ်မထင်ဘူး။ ဆိုတော့ အထိုက်အလျောက်တော့ ပြေလျော့လေ။ ဥပမာအားဖြင့် ကျနော်တို့ ဇယား (၁) ကနေ (၂) ကိုရွှေ့မယ်ပေါ့နော်။ ရွှေ့မယ့်ဟာက Decentralisation ဖြစ်စဉ် လိုပေါ့။ Centralisation ကို ဖြေလျော့တာပေါ့။

Revolution လုပ်ချင်လုပ်၊ မလုပ်ရင် Evolution မှာ ပါဝင် ဆောင်ရွက်။ ဒီနှစ်ချက်ပဲရှိတယ်။ မဟုတ်ဘူးဆိုရင် တော့ အခြားနည်းလမ်းက ခဲယဉ်းတယ် …

(၁) ကနေ (၂) ကိုပို့ဖို့ဆိုတဲ့ဟာက ကျနော်တို့ အချက် (၁၀) ချက်၊ ဥပဒေကြမ်း ကို ကျနော်တို့က တင်သွင်းတာပေါ့နော်။ ဥပဒေ ကြမ်းကို ကျနော်တို့ အချက် (၁၀) ချက် တင်သွင်းတယ်ဆိုရင် အနည်းဆုံး နှစ်ချက် သုံးချက်တော့ရမယ်လို့ ယူဆတယ်။ ဆိုတော့ ဒါက အထိုက် အလျောက် ဖြေလျော့မှုကိုသွားတယ်။ ဒါကြောင့် ကျနော်တို့ အစကပြန်ကောက်မယ်ဆို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များများရှိရင် Decentralisation ဖြစ်စဉ် ခုနက ဗဟိုချုပ်ကိုင်မှုထဲမှာ ဥပဒေ အတည်ပြုရေးက ဒီ နှစ်ထောင့် နှစ်ဆယ်အစိတ်မှာ ရသလောက်လုပ်ထားပြီးတော့မှ အစိပ်သုံးဆယ် မှာလည်း ထပ်တိုးမှာပဲလေ။ ထပ်တိုးပြီး လုပ်မှာပဲ။ အဲဒီတော့ ကျနော်တို့ ခံယူထားတာက ဒီအခြေခံဥပဒေပြင်ဆင်ရေး ဆိုတာ တစ်ချီတည်းနဲ့တော့ အားလုံးမပြီးဘူး။ တစ်ချီတည်း အားလုံးပြီးချင်ရင် revolution လုပ်ပဲ။ တော်လှန် ရေးလုပ်ပဲ။ ကျနော်တို့က Evolution ဖြစ်စဉ်ဖြစ်တဲ့အတွက် Step by Step သွားခြင်းအားဖြင့် အကျိုးအမြတ် တွေ ထွက်မှာပါ။ Centralisation ကနေ Decentralisation ကိုသွားတဲ့အခါ အုပ်ချုပ်ရေး ဗဟိုဦးစီးစနစ်ကို ကျနော်တို့က ဥပဒေပြုရေးနဲ့ ဖောက်ထွက်လို့ရပါတယ်။ အထိုက်အလျောက်ပေါ့နော်။ ၂၀၊ ၃၀ ရာခိုင်နှုန်း လောက်တော့ ရပါတယ်။ ကျနော်တို့က နိုင်ငံရေးလုပ်တယ်ဆိုတာ ယုံကြည်ချက် နှစ်မျိုးရှိတယ်။ အဲဒါပါ တစ်ခါတည်း ထည့်ပြော ချင်တယ်။ နိုင်ငံရေး လုပ်တဲ့နေရာမှာ ခံယူချက်ကနှစ်မျိုးရှိတယ်။ အဲဒါကို လူထုကလည်း နားလည်ဖို့လိုပါတယ်။

၂၀၀၈ အခြေခံဥပဒေက တော်တော်ဆိုးတယ်။ တော်တော်ဆိုးတယ် ဆိုတာ ပြီးပြည့်စုံမှုမရှိဘူး။ မရှိဘဲနဲ့ နှစ်ပိုင်းတစ်ပိုင်းတွေနဲ့ ဒီမိုကရေစီကို အကုန်စနစ်တကျ ဖျက်ဆီးထားတယ် …

ဥပမာ ဥပဒေပြုရေးကို ကျနော်တို့က မဖြစ်နိုင်ဘူးချည်းဘဲ တွေးနေရင် ဘယ်တော့မှ မဖြစ်ဘူး။ Evolution ဖြစ်စဉ်မှာ မဖြစ်ဘူးပေါ့။ အခုဖြစ်နေတာက Evolution ဖြစ်စဉ်လေ။ ဒါ Revolution ဖြစ်စဉ်မဟုတ်ဘူး။ အဲဒီအခါကျတော့ ကျနော်တို့ Evolution ဖြစ်စဉ် မှာက ကြိုးစားရမယ့်အပိုင်းက တောက်လျောက်လုပ်နေဖို့ပဲလိုတယ်။ လုပ်နေရင် တစ်ဖက်က တဖြည်းဖြည်း ဖြေလျော့လာမှာပဲ။ ဒီလောက် တော့ ကျနော်တို့ ယုံကြည်ချက်ရှိရမှာပေါ့နော်။ ဘာမှမရလို့ မလုပ်ဘူးဆိုတာထက်စာရင် ရသလောက် လုပ်တာ ပိုပြီးတော့ အကောင်းဘက်ကို ရွေ့တယ်လေ။ ဒါကြောင့် နိုင်ငံရေးလုပ်တဲ့နေရာမှာ နှစ်မျိုးပဲရှိတယ်။ Revolution လုပ်ချင်လုပ်၊ မလုပ်ရင် Evolution မှာ ပါဝင် ဆောင်ရွက်။ ဒီနှစ်ချက်ပဲရှိတယ်။ မဟုတ်ဘူးဆိုရင် တော့ အခြားနည်းလမ်းက ခဲယဉ်းတယ်လေ။

ငြမ်းမီဒီယာ – ဖက်ဒရယ်စနစ်တည်ဆောက်ဖို့ဆိုတဲ့အချက်ကိုပြောတော့ မြန်မာနိုင်ငံနဲ့သင့်လျော်မယ့် ဖက်ဒရယ်ပုံစံက ဘယ်လိုဖက်ဒရယ်မျိုးဖြစ်မလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr.MKL – ကျနော့်အမြင်အရဆိုရင်တော့ မြန်မာပြည်ရဲ့ federalism မှာ နံပါတ်တစ်က ခုနက ကျနော်တို့ နိုင်ငံရေး မူဝါဒ အခြေခံ သလိုပဲ လူမျိုးစုကိုအခြေခံတဲ့ federalism ကို ကျနော်တို့သွားရမယ်။ ဒေသန္တရ federalism ကိုတော့ ကျနော်တို့မကြိုက်ဘူး။

လူမျိုးကိုအခြေခံတဲ့ ပြည်နယ်တွေထဲမှာ ကိုယ်ပိုင် constitution တွေနဲ့ အဲဒီလိုအကောင်အထည်ဖော်မှ ပြေလည်မှာ။ ဒီပုံစံအတိုင်းသွားရင်တော့ မပြေလည်ဘူး …

ဒါပေမယ့် ကျနော်တို့ဆီမှာခက်နေတာက ဘာလဲဆိုတော့ electorial system တွေကအစ လွဲနေတာတွေအများကြီးပဲ။ ကျနော်တို့ ပြန်ဖြောင့်ယူရမယ်။ အခုလက်ရှိ ဒီ election ပုံစံပေါ့။ Election part က လွဲနေတယ်။ ကျနော်တို့က ပြင်စရာတွေ အများကြီးပေါ့။ ကျနော်တို့က federalism ကို လူမျိုးစုအလိုက်၊ ပြည်နယ်အလိုက် လူမျိုးကိုအခြေခံတဲ့ federalism ကို တည်ဆောက်ဖို့ လိုမယ်။ တည်ဆောက်တဲ့နေရာမှာ အဲဒီတစ်ခုတည်းမရဘူး။ သူ့ရဲ့ Compact က တစ်ခါတည်း ဘာပါလာရ မလဲဆိုတော့ သူ့ရဲ့ electoral system ကိုပါ ကျနော်တို့က တစ်ခါတည်းပြောင်းရမှာ။ အဲဒါမပြောင်းရင် မအောင်မြင်ဘူး။ အဲဒီတော့ ကျနော်တို့ဆီမှာခက်နေတာက ဘာလဲဆိုတော့ အခုဟာက federalism ကို ကျနော်တို့က Presidential System နဲ့သွားနေတာ။ Presidential System ဆိုရင် ကျနော်တို့က municipal election တစ်ခုပါ သီးခြား ထပ်လုပ်ရမယ်။ အဲဒါမှ ပြည်နယ်တွေမှာလည်း သူ့ဟာသူ Regional election type ကို ဝင်မယ်။ ဒေသန္တရကိုယ်စားပြုမှုကို ကျနော်တို့ကပြန်တည်ဆောက်ရမယ်။ ပြည်နယ်ထဲမှာကျတော့ ဒေသန္တရ ကိုယ်စား ပြုမှုပေါ့။ ဒေသန္တရကိုယ်စားပြုမှုဆိုတာ သက်ဆိုင်ရာမြို့နယ်တွေမှာ ရှိနေတဲ့လူမျိုးစု အများစုရဲ့ ရွေးချယ်မှု နဲ့ပဲသွားရမယ်။ ဒါကြောင့် municipal election မရှိဘဲနဲ့ parliamentary election တစ်ခုတည်းနဲ့တော့ မပြည့်စုံဘူး။ အခုဒီ ၂၀၀၈ အခြေခံဥပဒေက တော်တော်ဆိုးတယ်။ တော်တော်ဆိုးတယ် ဆိုတာ ပြီးပြည့်စုံမှုမရှိဘူး။ မရှိဘဲနဲ့ နှစ်ပိုင်းတစ်ပိုင်းတွေနဲ့ ဒီမိုကရေစီကို အကုန်စနစ်တကျ ဖျက်ဆီးထားတယ် ဗျ။ federalism ကိုလည်း ဖျက်ဆီးထားတယ်။ ဒါကြောင့် ဒီအတိုင်း တော့ သွားမရဘူး။ သွားမယ်ဆို ကျနော်တို့ က electoral system တွေပါပြင်ရမယ်။ ပြင်ပြီးတော့မှ လူမျိုးကိုအခြေခံတဲ့ ပြည်နယ်တွေထဲမှာ ကိုယ်ပိုင် constitution တွေနဲ့ အဲဒီလိုအကောင်အထည်ဖော်မှ ပြေလည်မှာ။ ဒီပုံစံအတိုင်းသွားရင်တော့ မပြေလည်ဘူး၊ နှစ်ပိုင်း တစ်ပိုင်းပဲ။ ဘာလို့လည်းဆို municipal election မရှိဘဲ ထွေအုပ်က သီးခြားဝန်ကြီးဌာနတစ်ခုအနေနဲ့ ထွက်လာတာက ဒါ လုံးဝ အလုပ် မဟုတ်ဘူးလေ။ သီးခြားဌာနတစ်ခုအနေနဲ့။ ဒါ ပြည်သူ့ကိုယ်စားလှယ်လည်း မဟုတ်ဘူး။ အမှန်ကတော့ မြူနီစပယ် ဥက္ကဌက ပြည်သူ့ကိုယ်စားလှယ် ဖြစ်တဲ့ Governer type ကို ပြောင်းရ မှာ။ အဲဒီလိုမျိုးတွေပေါ့၊ လုပ်ရမှာတွေက အများကြီးပေါ့။

ငြမ်းမီဒီယာ – ဆိုတော့ အကယ်၍ ဖက်ဒရယ်စနစ်ဖြစ်လာခဲ့ရင်ရော လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်မီးငြိမ်းဖို့ သေချာပါ့မလား။

Dr.MKL – ဟုတ်ပြီ။ အခုက ကျနော်တို့ ဖက်ဒရယ်စနစ်ကို ပြည်မနိုင်ငံရေးတွေပေါ့နော်၊ အဓိကဗမာနိုင်ငံရေး အင်အားစုက တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်ကို သူတို့သဘောတူရမယ်။ နံပါတ်တစ်အချက်ပေါ့။ အဲဒီတော့ ခုနက ကျနော်ပြောသလိုပဲ ပြည်နယ် Constitution တွေ သီးခြားရေးဆွဲပိုင် ခွင့်ဆိုတာက အသက်ပဲ။ ပြည်တွင်းစစ်ငြိမ်းချမ်းဖို့။ အဲဒီတော့ ပြည်နယ် Constitution နဲ့ ပြည်ထောင်စု Constitution မှာ ပြည်ထောင်စု Constitution က ဒီပြည်နယ် Constitution တွေ ရေးသားတဲ့ဟာနဲ့ သူက တိုင်ပင်ကိုက်ရမယ်။ တိုင်ပင်ကိုက်တဲ့ နိုင်ငံရေးအယူအဆတွေ ရှိရမယ်ပေါ့။ အဲဒီတော့ ပြည်ထောင်စု Constitution မှာ ခုနက federalism ကို တကယ်အသက်ဝင်စေတဲ့ အချက်အလက်တွေထည့်မှ ပြည်တွင်းစစ် ငြိမ်းမယ်။

ပြည်ထောင်စုတပ်မတော်ဆိုတဲ့ definition ဖွင့်ဆိုမှုပေါ့။ အဲဒါတွေက နည်းနည်း အရေးပါလာတယ်။ နောက်တစ်ခါ ပြည်နယ်တွေဆိုလည်း သူ့ရဲ့ စစ်တပ်တွေက ဘယ်လိုတည် ဆောက်သလဲ …

အဲဒီတော့ ဖက်ဒရယ်ရရုံနဲ့တော့ ပြည်တွင်းစစ်မီး မငြိမ်းဘူး။ ဒါက ကျနော့်အမြင်ပြောတာ။ ခုနက ကျနော်ပြောသလိုပေါ့၊ ဖက်ဒရယ်ကို သူတို့လိုချင်တဲ့ပုံစံ ခုလိုပဲ နှစ်ပိုင်းတစ်ပိုင်းတွေ လုပ်နေဦးမယ်ဆိုရင် အခုလိုပဲပေါ့ ဥပမာ သမ္မတကနေပြီး ပြည်နယ်ဝန်ကြီးချုပ် တွေကို ပြည်နယ်အတွက်ဆိုပြီးရွေး၊ ဒါပေမယ့် ဘာလုပ်ထားလဲဆိုရင် ခုနက fiscal federalism လိုဟာမျိုးပေါ့။ fiscal ကို ကောင်းကောင်း arrange မလုပ် ထားဘူးဆိုရင်လည်း မရဘူး။ အဲဒီတော့ သူ့ရဲ့ Basic Rule တွေရှိတယ်လေ။ ဖက်ဒရယ်ရဲ့ အခြေခံ စည်းမျဉ်း တွေလိုတယ်။ ဥပမာ ခုနကကျနော်ပြောတဲ့ fiscal မှာလည်းပါတယ်၊ နောက် ဘတ်ဂျက်ပေါ့နော်။ နိုင်ငံ ဘတ်ဂျက်ခွဲ တမ်းတွေ လုပ်တဲ့ဟာတွေ၊ fiscal ရဲ့ဟာတွေ၊ နောက်အဲဒီမှာ ပြည်နယ်တွေက ဘယ်လောက် ဖက်ဒရယ်စနစ်ကို အားသန်တဲ့ စီမံခန့်ခွဲမှုရသလဲဆိုတာပေါ့။ အဲဒီလိုပေါ့။ ဖက်ဒရယ်တစ်ခုတည်းနဲ့ ကျနော်တို့က ငြိမ်းချမ်းပြီလို့ ပြောလို့မရဘူးပေါ့။ အဲဒါကို ဆွေးနွေးမယ်ဆိုရင် ဗဟို Constitution က စစ်မှန်တဲ့ဖက်ဒရယ်ကို ဘယ်လောက်ပေးသလဲရယ်၊ ပြည်နယ်တွေရဲ့ Constitution တွေက ဘယ်လောက်လွတ်လပ်ပြီးတော့ ဆောင်ရွက်နိုင်သလဲအပေါ်မှာပဲ အခြေခံတယ်။ အဲဒီလိုမှမဟုတ်ဘဲ ခုလိုပဲ လုပ်နေ ဦးမယ်ဆိုရင်တော့ လက်နက်ကိုင်က ငြိမ်းဦးမှာမဟုတ်သေးဘူး။ ဘာကြောင့်လည်းဆိုတော့ ဗဟိုရဲ့ Constitution မှာ လုံခြုံရေး ဆိုင်ရာ ထည့်သွင်းရေးသားချက်၊ ဥပမာ ပြည်ထောင်စုတပ်မတော်ဆိုတဲ့ definition ဖွင့်ဆိုမှုပေါ့။ အဲဒါတွေက နည်းနည်း အရေးပါလာတယ်။ နောက်တစ်ခါ ပြည်နယ်တွေဆိုလည်း သူ့ရဲ့ စစ်တပ်တွေက ဘယ်လိုတည် ဆောက်သလဲ၊ လုံခြုံဆိုင်ရာတွေမှာ ဘယ်လိုတာဝန်ယူသလဲ၊ ဥပမာ Police ရဲ့ အခန်းကဏ္ဍပေါ့၊ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍက ဘယ်လို၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍက ဘယ်လို၊ အဲဒီဟာတွေအပေါ် ဘတ်ဂျက်ဘယ်လိုခွဲဝေသလဲပေါ့။ အဲဒီ (၄) ချက်အပေါ်မှာ အဓိကကျလာလိမ့်မယ်။ အဲဒီခါကျမှ ဖက်ဒရယ် အသက်က ဘယ်လောက်ဝင်သလဲအပေါ် မူတည်ပြီးတော့ ငြိမ်းချမ်းမယ် မငြိမ်းချမ်းဘူး ပြောလို့ရမှာ။ ဒီအတိုင်းပြောလို့မရဘူး။ ဒီအတိုင်း ယေဘုယျ ဖက်ဒရယ်ရပြီးရောဆိုပြီး ပြောလိုက်ရင် အကောက်အယူ လွဲနိုင်တယ်လေ။ သူ့ Detail အချက်တွေရှိတယ်။

ငြမ်းမီဒီယာ – ကချင်ပြည်နယ်ဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ်။ တရုတ်ကလည်း ကချင်ပြည်မှာ စီမံကိန်းတွေ လုပ်ဆောင် နေတာ၊ လျာထားတာတွေရှိတယ်။ ဆိုတော့ ကချင်အမျိုးသားကွန်ဂရက်ပါတီက တရုတ်နဲ့ပတ်သက်ပြီး ဘယ်လို မူဝါဒရှိသလဲ။ ပုဂ္ဂလ နိုင်ငံရေးအမြင်အရဆိုရင်ရော ဘယ်လိုရှိပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr.MKL – ကျနော်တို့ပါတီရဲ့ Policy အရတော့ တရုတ်နဲ့ပတ်သက်တဲ့ ဟာကတော့ ဒီလိုရှိတယ်။ ကျနော်တို့ရဲ့ ကချင်ပြည်နယ် Geopolitics အရ တရုတ်နဲ့ ကင်းကွာလို့ မရဘူး။ ကချင်ပြည်နယ် အရှေ့နဲ့ အရှေ့မြောက် တစ်ခြမ်းလုံးက တရုတ်ရဲ့ ယူနန် ပြည်နယ်နဲ့ တစ်ဆက်တစ်စပ်တည်းဖြစ်တယ်။ နောက်တစ်ခါ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ အကြီးဆုံး နယ်စပ် ဂိတ်နှစ်ခုဖြစ်တဲ့ ကန်ပိုက်တီးနဲ့ လွယ်ဂျယ်က အကြီးဆုံး နယ်စပ်ကုန် သွယ်ရေးငါးခုထဲက နှစ်ခုဖြစ်တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ BRI ပေါ့။ BRI က ၂၀၁၃ မှာစတယ်။ ကချင်ပြည်နယ်ဟာ ဒီ BRI စီမံကိန်းတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ CMEC ရယ် BICM ရယ်က မန္တလေး လားရှိုး လမ်းကြောင်းပေါ်မှာ ကချင်ပြည်နယ် ဗန်းမော် – မံစီကနေဖြတ် ပြီးတော့မှ ကားလမ်းလည်း အဆက် အသွယ် ရှိတယ်၊ ဒါ့အပြင် ဗန်းမော် စင်ခန်းကနေ CMEC ရော BICM ရော အချက်အချာကျတဲ့ မန္တလေး ဆိပ်ကမ်းကို ဧရာဝတီ မြစ်ကြောင်းကနေ ချိတ်ဆက် ထားတာရှိတယ်။ ဒါကြောင့်မို့လို့ တရုတ်နဲ့ပတ်သက်ရင် တော့ ရှောင်လွဲလို့တော့မရဘူး။ ရှောင်လွဲလို့ မရပေမယ့် ကျနော်တို့က ဘာလုပ်ဖို့လိုလဲဆိုတော့ Investment Balancing လုပ်ဖို့လိုတယ်။

တရုတ်ဟာ Geopolitics အရ ရှောင်လွဲ လို့မရဘူး၊ သို့သော် သူ့ကို စိတ်ကြိုက် လုပ်ခွင့် တော့ မပေးဘူး။ ကျနော်တို့က Power Balancing ကို အနောက်ဥရောပနဲ့ …

ကျနော်တို့ကတော့ အဲဒီလိုယူဆတာပေါ့။ တရုတ်က သူ့ဟာသူ လုပ်စရာရှိတာလုပ် နေတော့ ကျနော်တို့က တခြားစံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ EIA ၊ SIA ၊ နောက်တစ်ခါ Ethic တွေ၊ Business Ethic တွေ၊ Human Ethic တွေကို လိုက်နာလေးစားတဲ့ အနောက် ဥရောပအုပ်စုနဲ့လည်း ကျနော်တို့က ရင်းနှီး မြုပ်နှံမှု လုပ်ဖို့လိုတယ်။ ကျနော်တို့က ဆောင်ရွက်လို့မရဘူးဆိုတဲ့ တစ်ချက်တည်းနဲ့ သူတို့လက်အောက်ကို ဝင်ဖို့မဟုတ်ဘူး။ ကျနော်တို့ရဲ့ Policy က ကျနော်တို့ရဲ့ ပထဝီအနေအထားအရ တရုတ်ကို အသာစီး ပြန်ချုပ် ကိုင်ဖို့ လိုတယ်။ စာချုပ်တွေမှာ အဓိက ကျနော်တို့မြင်တာ ဘာလဲဆိုတော့ တရုတ်ရဲ့ investment တွေမှာ ပိုက်ဆံကို သူတို့ဆီက ချေးတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့ရဲ့ အချိုးကျပါဝင်တဲ့ ရာခိုင်နှုန်းပေါ့။ အဲဒါကို လွတ်လပ်စွာ ငွေကြေးထည့်ဝင်ဖို့ သက်ဆိုင်ရာ အစိုးရက ကြိုးစားရမယ်လို့ ကျနော်မြင်တယ်။ ဥပမာ ကျနော်တို့အစိုးရ ဖြစ်တယ် ဆိုလည်း ကျနော်တို့ကြိုးစားရမယ်။ ဒါ တရုတ်ကို ချုပ်ကိုင်တဲ့နည်းလမ်းပေါ့နော်။ အခု တရုတ်က ဘာလုပ်သလဲဆိုတော့၊ ကျနော်သိတဲ့ဟာပြောမယ်ဗျာ၊ ဥပမာ နန်ကျင် စီးပွားရေး ဇုန်ပေါ့၊ နန်ကျင်စီးပွားရေးဇုန်မှာ သူတို့ဒေါ်လာသန်း (၃၀၀) ကျော်ရင်းနှီးမြုပ်နှံဖို့ရှိတယ်။ အဲဒါစုပေါင်းကုမ္ပဏီ၊ ကချင် ပြည်နယ်အစိုးရနဲ့ အတူ လုပ်နေတဲ့ တရုတ်ကုမ္ပဏီက လုပ်တယ်။ အဲဒီလို လုပ်တဲ့နေရာမှာ လိုအပ်တဲ့ ငွေကြေး အစု ရှယ်ယာကို တရုတ်ဘဏ်တွေကပဲ ချေးပါ့မယ်ဆိုတဲ့ တောင်းဆိုချက်ရှိတယ်။ အဲဒီတော့ ကျနော်တို့ အပိုင်းက မြေကို (၃၀) ရာခိုင်နှုန်း ထည့်ဝင်ပြီ၊ ငွေကြေးကို (၂၀) ရာခိုင်နှုန်း ထည့်ဝင်မယ်။ စုစုပေါင်း ကျနော်တို့ဘက်က (၅၀) ရာခိုင်နှုန်းပေါ့။ ဒေါ်လာသန်း (၁၅၀) မှာ ကျနော်တို့က သုံးချိုးတစ်ချိုးဆိုတော့ ဒေါ်လာသန်း (၅၀) နီးနီးပေါ့။ အဲဒီ ဒေါ်လာသန်း (၅၀) နီးနီးကို ကိုယ့်ဟာကိုယ် ထည့်မှာ ပေါ့။ ကိုယ့်ဟာကိုယ် ထည့်ဖို့မရှိဘူးဆိုရင်လည်း တခြားသင့်တင့်မျှတတဲ့ ဥရောပဘဏ်တွေက ချေးမယ်၊ ကမ္ဘာ့ဘဏ်က ချေးမယ်။ ဒါမျိုးတွေ ကျနော်တို့ လုပ်ဖို့လိုတယ်။ တရုတ်ဘဏ် က တာဝန်ယူပြီး သူတို့ဟာ သူတို့ ကြိုက်တဲ့ နေရာက လုပ်ဖို့လို သလို ကျနော်တို့ ကလည်း ကျနော်တို့ဆန္ဒရှိသလို ကျနော်တို့နဲ့သင့်တင့်လျော်ကန်တဲ့ ပြည်ပ ရင်းနှီးမြုပ်နှံမှု ဘဏ်တွေနဲ့ ဆောင်ရွက် နိုင်အောင် အခွင့်အရေးကို ဖော်ဆောင်ဖို့ လိုတယ်။ အခုက ဟိုဘက်ခေတ် တလျောက်မှာ တရုတ်က စာချုပ်ချုပ်တိုင်း၊ ဝင်တိုင်း သူတို့တရုတ်ဘဏ်တွေကပဲ ငွေချေးရမယ်ဆိုပြီး လုပ်လာတဲ့အတွက်ကြောင့် ဒီ ပြဿနာ တွေ ကြုံတာ။ ဒါကတော့ တရုတ်ရဲ့ ပေါ်လစီ တွေအရပေါ့။ ဒါပေမယ့် ကျနော်တို့ပါတီကတော့ တရုတ်ဟာ Geopolitics အရ ရှောင်လွဲ လို့မရဘူး၊ သို့သော် သူ့ကို စိတ်ကြိုက် လုပ်ခွင့် တော့ မပေးဘူး။ ကျနော်တို့က Power Balancing ကို အနောက်ဥရောပနဲ့ တည်ဆောက်ဖို့ လိုတယ်။ ကျနော်တို့ ကတော့ ဒီအတိုင်းလက်ခံထားတယ်။ တကယ်တော့ လုပ်သင့်တာက ကချင်ပြည်နယ်မှာတခြား ရင်းနှီးမြုပ်နှံမှု တွေကို အမေရိက နဲ့ ဥရောပကိုဖိတ်ခေါ်ဖို့လိုတယ်။ အနောက်ဥရောပအုပ်စုတွေပေါ့။ အနောက်ဥရောပနဲ့ ဆက်စပ်တဲ့ ဂျပန်၊ တောင်ကိုးရီးယား စတာတွေ ကိုလည်း တစ်စတစ်စနဲ့ သူတို့ လုပ်သာအောင် ဖြေလျော့ပေး ဖို့လိုတယ်။ ဒီလိုနည်းအားဖြင့်သာ တရုတ်ကို ထိန်းချု ပ်လို့ရမယ်။ နို့မို့ဆိုရင် တရုတ်စီးပွားရေးချည်းပဲ ဖြစ်လာတဲ့ အခါ သူကစီးပွားရေးအရ သူ့ရဲ့လိုအပ်ချက်တွေ တောင်းဆို လာတဲ့ အခါကျ တော့ ကျနော်တို့က Trade Balancing ဖြစ်မလာတော့ဘူး။ အဲဒီအခါကျ ကျနော်တို့ကအဆင်မပြေဘူးပေါ့။ ဒါက ကျနော်တို့ရဲ့မူဝါဒနဲ့ ခံယူချက်ပေါ့။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,