ဖိနပ်တက်နင်းမိလို့ သတ်တာမဟုတ်ဘူး၊ ဖွဲ့စည်းပုံပြင်မယ် ပြောလို့သတ်တာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TTO / မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦး

နိုင်ငံတကာ ဥပဒေအရ။ တကယ်ကို အုပ်စုဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှု အကြီးကြီးပဲ။ နိုင်ငံရေး လုပ်ကြံမှုကြီးပဲ။ ဒီဟာကို သာမန်ခပ်ပေါ့ပေါ့ ဘုရားခိုးပါ၊ လူငယ်လေးတွေပါ၊ မျိုးချစ်လူငယ်လေး တွေပါလို့ ပြောလို့မရဘူး။ ဒါအမှုကို သေးသိမ်အောင် ပြောတာပဲ။ အမှုကို ပေါ့သွားအောင် ပြောတာ …

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ယခုလ (၁၅) ရက် နေ့ တွင်ချမှတ်ခဲ့သော အပြီးသတ် အမိန့်နှင့် ပတ်သက်၍ ဥပဒေပညာရှင်များနှင့် ပြည်သူလူထုအကြား ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး၏ အမိန့်အပေါ် ဥပဒေကြောင်းဆိုင်ရာ လေ့လာ သုံးသပ်၍ နိုင်ငံ တော်သမ္မတထံ အစီရင် ခံစာ တင်သွင်းမည့် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ထားပါသည်။

ငြမ်းမီဒီယာ – ILAM က ကြည်လင်းတို့ အမှုနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းဆိုင်ရာ သုံးသပ်တွေ့ရှိမှု အစီရင်ခံစာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌတွေဆီ ပို့မယ်လို့ ပြောထားပါတယ်။ ဘယ်တော့လောက်များ ပို့နိုင်မလဲ။

UTTO – အခုက စီရင်ချက်တွေ မရသေးဘူး။ တရားရုံး စီရင်ချက်နဲ့ ထွက်ချက်တွေလေ။ အခုက အကြမ်းဖျင်းက ကြိုသိတယ်ဆိုတာက ILAM က ရှေ့နေ (၂) ယောက်ပါနေတာကိုး။ ဦးနေလနဲ့ ဒေါ်ခင်မိုးမိုးပါတော့ သိတော့သိပြီးသား။ ဒါပေမဲ့ အဲဒါတွေက သိပြီးသားလို့ ပြောလို့မရဘူး။ တရားဝင် ကူးရမယ်။ လဆန်းပိုင်း လောက်တော့ တင်မယ်။ ကြေညာချက်ထဲမှာတော့ အကျဉ်းချုပ် ဖော်ပြပြီး သား။ လွဲနေတဲ့ အချက်တွေကို။ ထွက်ချက်တွေဆိုတာက ကြည်လင်းက ဘယ်လို ထွက်တယ်ပေါ့။ တရားရုံးရှေ့မှာ ကျမ်းကျိန်ပြီးတော့ ဘယ်သူက ဘယ်လို ထွက်တယ်ဆိုတဲ့ အချက်တွေ။ အဲဒါတွေ လိုသေးတယ်လေ။ စီရင်ချက် အမိန့်ကတော့ ရပြီးသား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အမှုမှာပါတဲ့ လူတွေ ကြည့်လိုက်တော့ တပ်မတော်အရာရှိတွေ။ အငြိမ်းစားတော့ အငြိမ်းစားပေါ့။ တပ်မတော် အရာရှိတွေ ပါနေတယ်။ ငွေတွေ သိန်း ထောင်နဲ့ သောင်းနဲ့ သုံးတယ်။ ဇေယျာဖြိုးဆို ကုမ္ပဏီ (၄) ခုလောက် ပိုင်တယ်။ ဒီဟာကြီးက …

ဒါပေမဲ့ ထွက်ချက်တွေက အရေးကြီးတယ်။ အထူးသဖြင့် ဇေယျာဖြိုးနဲ့ ပတ်သက်တဲ့ ထွက်ချက်တွေ။ ဇေယျာဖြိုးက သူနဲ့ပတ်သက်ပြီး ဘယ် သူကမှ ဘာမှ မထွက်ဘူးလို့ ပြောထားတာကိုး။ ဒါက ဒီကောင်တွေ ချိတ်(ဂျိတ်) လုပ်ထားတာ။ ကြည်လင်းက အခုထိ လိမ် တုန်းရှိသေးတယ်။ မြင့်ဆွေပါ။ မြင့်ဆွေဆိုတာ မန္တလေးကလို့ ပြောနေတာလေ။ ဘုရားကြီးကတို့၊ တမ္ပဝတီကတို့လို့ ညာပြော နေတာ။ ဒီကောင်က နှစ်ကြိုး ကျရမှာ။ ဒုတိယ တစ်ကြိုး က ၃၀၁ (ဂ)၊ အဲဒါကို ကျွန်တော်တို့က ဝေဖန်မှာပဲ။ အဲဒီ ထွက်ချက်တွေ ရချင်လို့။ ကြည်လင်းက သေဒဏ်ဆိုတာ၊ တော်ကြာ သေဒဏ်က စိတ်ချရတာ မဟုတ်ဘူးလေ။ နှစ်ကြိုးလောက် ကျထားမှရမှာ။ ၃၀၁ (ဂ) ဆိုတာက တင်ကူးကြံရွယ်ချက်က ရှိတာမဟုတ်ဘူး။ ဦးကိုနီကို သတ်တဲ့အချိန်မှာ သေဒဏ်၊ ကျွန်းဒဏ် ထိုက်သင့်တဲ့ လူသတ်မှု ကျူးလွန်တာပဲ။ အဲဒီ ကျူးလွန်ပြီးတဲ့ အချိန်မှာ ကိုနေဝင်းကို ထပ်သတ်တာ။ အဲဒါက ၃၀၁ (ဂ)၊ သေဒဏ်ပဲ။ အခြားပြစ်မှု မရှိဘူး။ (၇) နှစ်အထိ၊ ဥပမာ ဖောက်ထွင်းမှုတို့၊ ခိုးမှုတို့၊ လုယက်မှုတို့ လုပ်နေတုန်း လူသတ်မိသွားရင် အဲဒါသေဒဏ်ပဲ။ အဲဒါ ၃၀၁ (ဂ) ပဲ။ အဲဒါကြီးကို တရားရုံးက ၃၀၂ နဲ့ ပိတ်ထားတာ အဓိပ္ပါယ်မရှိဘူး။

ငြမ်းမီဒီယာ – အဲဒီအစီရင်ခံစာမှာ ဘာတွေပါမှာလဲ။

UTTO – အစီရင်ခံစာ တင်သွင်းတယ်ဆိုတာ သမ္မတက ရှေ့နေမို့လို့။ ဒီပြင်လူဆို၊ ဥပမာ ဦးထင်ကျော်ဆို တင်လို့မရဘူး။ တင်လို့မရဘူးဆိုတာ ပြောဖို့ နည်းနည်းခက်တာပေါ့။ ဦးဝင်းမြင့်က သူကိုယ်တိုင် ရှေ့နေ၊ သူကိုယ်တိုင် အမှုလိုက်ခဲ့တဲ့ ရှေ့နေပဲ။ အဲဒီတော့ ဘာတွေ ဘာတွေကို ဘယ်လိုလုပ်ထားတယ်ဆိုတာ ပြောလို့ရတာပေါ့။ အဲဒါကြောင့်မို့ပါ။ အဓိကကတော့ တကယ်ပြောစရာ အချက်ကလည်း (၃) ချက်ပါပဲ။ အဲဒီအပေါ်မှာ ပြောမှာ။ (၁) အချက်က ကြည်လင်းကို ၃၀၁ (ဂ) နဲ့ အပြစ်မပေးတဲ့ ကိစ္စ၊ နံပါတ် (၂) က ဇေယျာဖြိုး ဒီလောက်ထင်ရှားနေတဲ့ဟာကို။ ဇေယျာဖြိုးက နောက်ကွယ်က ကြိုးကိုင်တဲ့သူ ဖြစ်ပါတယ်ဆိုတာ ပြည်ထဲရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာပဲ။ ပြည်ထဲရေးက ခိုင်းတာ၊ ပြောတာကို တရားရေးက မလိုက်နာတာ တစ်သက်လုံးမှာ ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။ အဲဒါ စဉ်းစားစရာကြီးပေါ့။ နောက် အောင်ဝင်းခိုင်ရဲ့ ပစ္စည်းတွေ ဖျက်ဆီးတယ်လို့ ပြောတာကိုး။

တိုင်းပြည်တစ်ပြည်လုံး တုန်လှုပ်ခြောက်ခြားအောင် ရက်ရက်စက်စက် သတ်ဖြတ်ပြတဲ့ လူသတ်မှုကြီးမှာ ပါဝင်သူတစ်ယောက်ကို ဒီလိုမျိုး အပြစ်ပေးတာဟာ အံ့သြစရာ ကြီးပါ။ ကျွန်တော်တို့ …

အဲဒါကိုက အောင်ဝင်းခိုင်ကို ကူညီပေးတာပဲ။ အကြမ်းဖက်မှုနဲ့ တိုက်ရိုက်ငြိတယ်။ ကျွန်တော်တို့ပြောမှာ (၃) ချက်။ နံပါတ် (၁)၊ ၃၀၁ (ဂ)။ နံပါတ် (၂)၊ ဇေယျာဖြိုးကို ချထားတဲ့ ပြစ်ဒဏ်။ သူရှင်းလေ၊ ကောင်းပြီ၊ ဇေယျာဖြိုးက သက်သေခံပစ္စည်းတွေ ဖျောက်ဖျက်တယ် ဆိုတာ ဒါက ဖွတ်ကျားပုဒ်မ။ ထောင် (၇) နှစ်ထိပဲ အပြစ်ပေးလို့ရတယ်။ အဲဒီ (၇) နှစ် အပြစ်ပေး လို့ရတဲ့ ပုဒ်မမှာ ဘယ်လိုကြောင့် (၅) နှစ်ပဲ ချတာလဲ။ ဘာသက်ညှာစရာရှိလဲ။ (၂) နှစ် သက်ညှာစရာ အကြောင်း ဘာရှိလဲ။ ကျွန်တော်တို့က အဲဒါမေးချင်တာ။ (၂) နှစ် လျှော့ပေးစရာအကြောင်း ဘာရှိလဲ။ သူ့ ဆင်ခြင်တုံတရားကို ပြန်တိုင်းတာပေါ့။

နေ့ခင်းကြောင်တောင် လူပုံအလယ်မှာ သတ်ပြလိုက်တာဟာ အများပြည်သူ တကယ်လည်း ထိတ်လန့်တုန်လှုပ်သွားတယ်။ ထိတ်လန့်အောင် ရည်ရွယ် ချက်နဲ့ လုပ်တယ်။ အဲဒါ …

ငြမ်းမီဒီယာ – တတိယ အချက်ကရော ခင်ဗျ။

UTTO – တတိယအချက်ကတော့ ဒါဟာ အကြမ်းဖက်မှု ဥပဒေနဲ့ တရားစွဲရမယ်။ လူသတ်မှုနဲ့ စွဲလို့ရတယ်။ စွဲပြီးပြီ။ ကျွန်တော် တို့လိုက်နေတဲ့ အမှုတွေရှိတယ်။ မွတ်စလင်တွေကို တရားစွဲထားတဲ့ အမှုတွေ၊ နိုင်ငံတော်ပုန်ကန်မှုတို့၊ ၅၀၅ (ခ)၊ ၅(ည) အကုန်။ ပြုလုပ်မှုတစ်ခုတည်း အပေါ်မှာ ဗုံစီသလို တရားစွဲထားတာ။ ပြည်ထဲရေးက တရားလိုလုပ်ပြီးတော့။ အကုန်လုံး နိုင်ငံတော် ပုန်ကန်မှု၊ ပြီးပြီဆိုရင် အကြမ်းဖက်မှုဥပဒေနဲ့ ပြန်စွဲတယ်။ မတူလို့တဲ့။ အကြမ်းဖက်မှုနဲ့ နိုင်ငံတော် ပုန်ကန်မှုက။ အခုလည်း အဲဒီလိုပဲလေ၊ ဦးကိုနီနဲ့ ကိုနေဝင်းကိုသတ်တဲ့ လူသတ်မှုက သတ်သတ်။ ဒါပေမဲ့ လူသတ်မှုဖြစ်ပွားပုံက ရန်ကုန်မြို့လယ်ခေါင်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လူမြင်ကွင်း၊ နေ့ခင်းကြောင်တောင်မှာ တိုင်း ပြည်တစ်ပြည်လုံး တုန်လှုပ်ခြောက်ခြားအောင် ရည်ရွယ်ချက်နဲ့ တမင်သတ်တာလေ။ အဲဒါက အကြမ်းဖက်မှု ဥပဒေရဲ့ Definition ထဲမှာ လုံးဝပါတယ်။ ပုဒ်မ ၁၃ နဲ့ သွားငြိတယ်။ ၃(ခ)၊ (၁၃) နဲ့ တိုက်ရိုက်သွားငြိတယ်။ အဲဒါကြောင့် လူသတ်မှုက သတ်သတ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖို့ တင်မှာ။ အဲဒီ (၃) ချက်ကို အဓိက ထားပြောမှာ။ ပြောတဲ့အခါမှာ သမ္မတက ရှေ့နေဖြစ်တဲ့အတွက် ဘယ်ထွက်ချက်က၊ ဘယ်ထွက်ချက်က ဒီလိုဆိုတာ ပြရမယ်လေ။ အများကြီး မဟုတ်ပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကြည်လင်းတို့ (၄) ဦးရဲ့ ကျူးလွန်မှုတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အရပါ သီးခြားစစ် ဆေးကြား နာရမယ့် အမှုလို့ ဆရာတို့ ကြေညာချက် ထုတ်ထားတယ်။ သူတို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဘယ်လိုတွေ ငြိစွန်းနေလဲ။

UTTO – အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ၂၀၁၄ ခုနှစ်ရဲ့ ပုဒ်မ ၂ မှာ အကြမ်းဖက်မှုကို တရားရုံး က စီရင်ခွင့် ရှိတယ်ပေါ့။ အဲဒီမှာ ပုဒ်မ ၃ မှာ အကြမ်းဖက်မှုဆိုတာ ဘာလဲဆိုတဲ့ Definition ပါတယ်။ ၃ (ခ) မှာ တစ်ခုပြီး တစ်ခု ရှင်းပြထားတယ်။ ဘယ်ဟာတွေ အကြမ်းဖက် မှု လဲဆိုတာ။ ၃ (ခ)၊ ပုဒ်မ ၁၃ မှာ အများပြည်သူနဲ့ တိုင်းပြည်ကို ထိတ်လန့်တုန်လှုပ်စေရန် ကြံရွယ်ချက်နဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အဲဒါပဲ။ နောက် Definition မှာတော့ အစိုးရအဖွဲ့ကို အကျပ်ကိုင်မှု၊ လုပ်စရာရှိတာ မလုပ်အောင်၊ မလုပ်စရာကို လုပ်အောင် အစိုးရအဖွဲ့ကို အကျပ်ကိုင်တာ၊ အဲဒါတွေ ရည်ရွယ်ချက်နဲ့ အရပ်သားတစ်ယောက် အပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုများလို့ ပြောတာ။ ထားလိုက်ပါတော့။ အမှန်တကယ်ကတော့ ဖွဲ့စည်းပုံကို မပြင်အောင် သတ်တာပါ။ အဲဒီဟာက ကျွန်တော်တို့က သက်သေမပြနိုင်တော့ ထားလိုက်တော့။ ပထမဆုံး အပိုဒ်၊ ပုဒ်မ ၃ (ခ)၊ ၁၃ မှာဖော်ပြထားတဲ့ အများပြည်သူ ထိတ်လန့်တုန်လှုပ်အောင် ကျူးလွန်တဲ့ ပြစ်မှုတွေ အရပ်သား တစ်ယောက်အပေါ်မှာ ကျူးလွန်တာ။ အဲဒါ ကွက်တိပဲလေ။ ဦးကိုနီကို သတ်တာ အိမ်မှာသတ်တာ မဟုတ်ဘူး။ လမ်းသွားရင်း ဗုံးထောင်လိုက်တာ မဟုတ်ဘူး။ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ နေ့ခင်းကြောင်တောင် လူပုံအလယ်မှာ သတ်ပြလိုက်တာဟာ အများပြည်သူ တကယ်လည်း ထိတ်လန့် တုန်လှုပ်သွားတယ်။ ထိတ်လန့်အောင် ရည်ရွယ် ချက်နဲ့ လုပ်တယ်။ အဲဒါကြောင့် အကြမ်းဖက်မှု ဖြစ်တယ်။

ဦးကိုနီကို သတ်တဲ့အမှုက ထောင်ဒဏ် (၇) နှစ် မဟုတ်ဘူး၊ ၃၀၁ (ခ)။ တင်ကူး ကြံရွယ်ချက်နဲ့ သတ်တာ။ သေဒဏ် တစ်မျိုးတည်း ကျနိုင်တာ။ သေဒဏ်ကျနိုင်တဲ့ ပြစ်မှု ကျူးလွန်တဲ့သူက နောက်ထပ် လူသတ်မှု ကျူးလွန်တာ။ အဲဒါ ၃၀၂ မဟုတ်ဘူး။ စီရင်ထုံး ရှိတယ်။ အဲဒါကြောင့် …

နောက်ပါဝင်ပတ်သက်မှုတွေဖြစ်တဲ့ ၃(ခ)၊၁၃၊၁၅၊၁၆၊၁၇။ အဲဒီမှာ တရားခံပြေးကို၊ ပါဝင်ပတ်သက်တဲ့ သူကို အကြမ်းဖက် အဖွဲ့ အစည်းမှာ ပါဝင်အောင်စည်းရုံးတာ၊ လှုံ့ဆော်တာ၊အောင်ဝင်းခိုင်က အကုန်လှုံ့ဆော်နေတာပဲလေ။ အောင်ဝင်းဇော်လည်း ပါတာ ပဲလေ။ ကြည်လင်းကို ငှါးတာ၊ ဘာညာ၊ ဒါတွေက အကြမ်းဖက်မှုမှာ ပါဝင်ဖို့အတွက် စည်းရုံးလှုံ့ဆော်တာတွေပါတယ်။ ၁၅ တို့၊ ၁၆ တို့၊ ၁၇ တို့၊ ကွက်တိပဲ။ သူ့ညီက ထွက်ပြေးလွတ်မြောက်အောင် ကူညီတာ၊ ဖုန်း ဖွက်ထားတာ၊ အဖမ်းမခံရအောင် လုပ်ပေးတာ။ ဒီအချက် တွေ။ ဇေယျာဖြိုးကလည်း ပစ္စည်းတွေ ဖျောက်တာ၊ လက်စလက်န ဖျောက်တာ ဆိုတော့ အကြမ်းဖက်မှု ဥပဒေ၊ ၃(ခ)၊ ၁၃၊ ၁၅၊ ၁၆၊ ၁၇ မှာပါတဲ့ ပြစ်မှု အင်္ဂါရပ်များနဲ့ လုံး၀ အပ်ကျမတ်ကျ ကိုက်ညီနေတဲ့အတွက် ဒီကောင်တွေသည် အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေကို ကျူးလွန်နေတာ ဖြစ်တယ်။ ဒါပဲ။ အဲဒါကို အဓိက သွားမယ်။

ငြမ်းမီဒီယာ – ကြည်လင်းက ဦးကိုနီကို ပစ်သတ်ပြီး ထွက်ပြေးတုန်း ကိုနေဝင်းကို ထပ်ပြီး ပစ်သတ်ခဲ့တာဟာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁(ဂ)မြောက်ပေမယ့် ၃၀၂ (၂) အရ ပြစ်မှုစီရင်တာဟာ အငြင်းပွားစရာ ဖြစ်တယ်လို့လည်း ဆိုထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြပါဦး။

UTTO – အဲဒါက ရှင်းရှင်းလေး။ ကျွန်တော်တို့ကြေညာချက်ထဲလည်း ပါသားပဲ။ သူက လူသတ်မှု၊ ထောင်ဒဏ် (၇) နှစ်အထိ ကျခံနိုင်စေသော ပြစ်မှုကျူးလွန်နေချိန်မှာ လူသတ်မှုကျူးလွန်ရင် ၃၀၁ (ဂ) ပဲ။ သူက ဦးကိုနီကို သတ်တဲ့အမှုက ထောင်ဒဏ် (၇) နှစ် မဟုတ်ဘူး၊ ၃၀၁ (ခ)။ တင်ကူး ကြံရွယ်ချက်နဲ့ သတ်တာ။ သေဒဏ် တစ်မျိုးတည်း ကျနိုင်တာ။ သေဒဏ်ကျနိုင်တဲ့ ပြစ်မှု ကျူးလွန်တဲ့သူက နောက်ထပ် လူသတ်မှု ကျူးလွန်တာ။ အဲဒါ ၃၀၂ မဟုတ်ဘူး။ စီရင်ထုံး ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ပြောနေတာ။ အဲဒါ ၃၀၁ (ဂ) ပဲ။ တစ်ကြိုးပဲ။ ကြိုးဒဏ် လာရမှာ။

ငြမ်းမီဒီယာ – ဇေယျာဖြိုးကိုလည်း ရာဇသတ်ကြီးပုဒ်မ၂၀၁ အရ အပြစ်ပေးတာဟာ လွှတ်ပေးလိုက် တာနဲ့ သိပ်မကွာဘူးလို့ ဝေဖန် ပြောဆိုကြပါတယ်။ ဦးသိန်းသန်းဦး အနေနဲ့ရော ဒီလို ပုဒ်မ ၂၀၁ နဲ့ အပြစ်ပေးခဲ့တဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UTTO – သဘောမတူဘူး။ ဒါက သူက ပူးပေါင်းကြံစည်သူပဲ။ သက်သေ ကောက်ယူစရာတွေ အများကြီးပဲ။ ဇေယျာဖြိုးတို့၊ အောင်ဝင်းခိုင်တို့၊ အကုန်လုံး။ ဓာတ်ပုံတွေနဲ့ စင်္ကာပူမှာတွေ့တာတို့၊ စာပေးစာယူ ရှိတယ်။ ဖုန်းမှတ်တမ်းတွေ ရှိတယ်။ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးနဲ့ စကားပြောထားတဲ့ ဖုန်းမှတ်တမ်းတွေ ရှိတယ်ဆိုတာလည်း ပေါ်တယ်။ အဲဒါ အပြင် အောင်ဝင်းခိုင် ထွက်ပြေးသွားပြီး အောင်ဝင်းခိုင်ရဲ့ ပစ္စည်းတွေကို လက်စဖျောက်ပေးတာ ပေါ်တယ်။ အဲဒီတော့ ကောက်ယူနိုင်တာပေါ့။ အကြံတူ တစ်ခုကို ပူးပေါင်းလုပ်ဆောင်တယ်လို့ ကောက်ယူလို့ ရတာပဲ။ အဲဒါဆိုရင် ၂၀၁ ဖြစ်စရာကို မရှိဘူး။ နောက်တစ်ချက် ကလည်း ၂၀၁ ဖြစ်တယ်ဆိုရင်တောင်မှ (၇) နှစ် မချဘဲနဲ့ ဘာဖြစ်လို့ (၅) နှစ်ပဲ အပြစ်ပေးတာလဲ။ ဒီလို တိုင်းပြည်တစ်ပြည်လုံး တုန်လှုပ် ခြောက်ခြားအောင် ရက်ရက်စက်စက် သတ်ဖြတ်ပြတဲ့ လူသတ်မှုကြီးမှာ ပါဝင်သူတစ်ယောက်ကို ဒီလိုမျိုး အပြစ် ပေးတာဟာ အံ့သြ စရာ ကြီးပါ။ ကျွန်တော်တို့ကတော့ အကြမ်းဖက်မှုနဲ့ တင်မှာပဲ။ သမ္မတဆီ တင်မယ်။ အဲဒါက ရအောင်သွား မယ်။ အကြမ်း ဖက် မှု ဥပဒေနဲ့ သူတို့ ဗုံစီသလို တရားစွဲထားတယ်။ ကျွန်တော်တို့က အဲဒါတေ ွပြမယ်။ မန္တလေးခရိုင် တရားရုံးမှာ ခုချိန်အထိ ပုဒ်မ ၅၀၅ (ခ)၊ ၅(ည)၊ ၁၇(၁)၊ လက်နက်မှု အမျိုးစုံစွဲ။ နောက်ဆုံးကျတော့ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ တရားစွဲ။ ဖြစ်ရပ် တစ်ခုတည်းကို။ အဲဒါလည်းပြီးရော အကြမ်းဖက်မှု ဥပဒေနဲ့ အသစ်ပြန်စွဲ။ အဲဒီလို စွဲလို့ရရင် ဒီအမှုလည်း စွဲလို့ ရတယ် လေ။

ငြမ်းမီဒီယာ – အဲဒါဆို လက်ရှိမှာလည်း တခြားပုဒ်မနဲ့ စွဲရင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ ထပ်စွဲထားတဲ့ အမှု သာဓကတွေ ရှိနေတယ်။ ဦးကိုနီအမှု စ စစ်ကတည်းကလည်း ဦးသိန်းသန်းဦးတို့ ပြောခဲ့တာရှိတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ကြည်လင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးမယူခဲ့တာလဲ။

UTTO – အဲဒါက ကျွန်တော်တို့ ကို မေးလို့ မရဘူးလေ။ တရားရုံးကို မေးရမှာ။သူတို့ အလုပ်ပဲ။သူတို့မှာ ဘာညွှန်ကြားချက်တွေ ရှိမှန်း မှ မသိ တာ။ တောက်လျောက် ပြောခဲ့တာပဲ။ ဦးကိုနီ အသတ်ခံရပြီး ကတည်း က တန်းပြောတာ။ ဒါဟာအကြမ်းဖက်မှု တိုက်ဖျက် ရေးပဲ။ လူသတ်ဝါဒနဲ့ ကျွန်တော်တို့ အကုန်လုံးကို ပွင့်ပွင့်လင်းလင်းပြောရင် ခြိမ်းခြောက်လိုက်တာပါပဲ။

ငြမ်းမီဒီယာ – သမ္မတဆီ ဒီအစီရင်ခံစာ ပေးပို့မှုကနေ ဘာတွေ ပြုပြင်ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်ထားလဲ။

UTTO – ကျွန်တော်တို့က ကိုယ်တာဝန် ကိုယ်လုပ်တာပဲ။ (၂) ချက်ပေါ့။ နံပါတ် (၁) အချက်ကတော့ ဦးကိုနီက ကျွန်တော်တို့ ရဲဘော် ပဲ။ ILAM မှာ ပြန်ကြားရေးမှူးပဲ။ ကျွန်တော်တို့ရဲဘော်ကို သတ်သွားတဲ့ ကိစ္စမှာ တတ်နိုင်သလောက် လုပ်ရမယ်ဆိုတဲ့ ရည်ရွယ် ချက်။ နံပါတ် (၂) က ဦးကိုနီကို သတ်ပြတဲ့ ရည်ရွယ်ချက်က မော်ဒန်လက်ဖက်ရည်ဆိုင်မှာ အောင်ဝင်းခိုင်ဖိနပ်ကို ဦးကိုနီ တက်နင်းမိလို့ သတ်တာ မဟုတ်ဘူးလေ။ ဖွဲ့စည်းပုံ  ပြင်မယ်ပြောလို့ သတ်တာ။ အဲဒီ ရည်ရွယ်ချက် ဖြစ်တဲ့ အတွက် ကျွန်တော် တို့ က ဒုတိယ အချက်အရလည်း ဖွဲ့စည်းပုံ မပြင်ချင်သူတွေဟာ ဒီလို အကြမ်းဖက်နေ ကြပါတယ်။ အကြမ်းဖျက်မှုကို ဆန့်ကျင် တယ်ဆိုတာကို ပြဖို့ ဒီအစီရင်ခံစာကို ရေးတာ။အကြမ်းဖက် မှုကို ကျွန်တော်တို့ တိုက်မှာ။

ငြမ်းမီဒီယာ – ဇေယျာဖြိုးဆီမှာ မှတ်ပုံတင်တွေ အများအပြားတွေ့ခဲ့ပေမယ့် လဝက က ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးယူတာ စီရင်ချက်အမိန့်မှာ မတွေ့ရသေးဘူး။ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

UTTO – အဲဒီကိစ္စက တာမွေမှာ တရားစွဲသလိုလို ဘာလိုလို ပြောနေတာ။ ကျွန်တော်တို့ တိတိကျကျ မသိရဘူး။ စွဲရမှာပေါ့။ ဖြိုးဖြိုးအောင် ယောက်ျား၊ ဂျိမ်း ရဲ့အမှု အခုလိုက်နေတာ။ သူ့ဆီမှာ မှတ်ပုံတင်တစ်ခု တွေ့တယ်ဆိုပြီးတော့ ၄၆၈ နဲ့ တရားစွဲထားတာ။ အခုချိန်အထိ အမှုက ကျောင်းသားတွေ တရားစွဲထားတဲ့ အမှုတွေသာ ရုပ်သိမ်းသွားတာ။ သူ့ဟာ မရုပ်သိမ်းဘူး။ ရန်ကုန်မှာ စစ်ဆေးနေတုန်းပဲ။ အဲဒါဆိုရင် ဇေယျာဖြိုးရဲ့ မှတ်ပုံတင် (၄) ခုက ဘာလို့ တရားမစွဲရမှာတုန်း။ အဲဒီကိစ္စ နားမလည်ဘူး။ တရားရုံးကို မေးကြည့်။ ၄၆၈ နဲ့ အမှုက စွဲထားတာ ရှိသလားလို့မေး။ ရှိသလိုလို ဘာလိုလိုတွေ ဖြေလို့။ မရှိဘူးဆို စွဲရမှာ။

ငြမ်းမီဒီယာ – အမှုကစီရင်ချက်လည်း ချပြီးပြီ။ အခု ဦးသိန်းသန်းဦးတို့ ထောက်ပြတဲ့ မှားယွင်းတိမ်းစောင်းမှုတွေ အတွက် ဘယ်သူ က ဘယ်လို ပြန်လည် စီရင်ပေးနိုင်လဲ။ ဘယ်လိုစီရင်ပေးလို့ရလဲ။

UTTO – အခုက နှစ်ဖက်စလုံးက အယူခံတက်ကြမှာ။ သူတို့ကလည်း တက်မှာပေါ့။ ဇေယျာဖြိုး ကို ၂၀၁ နဲ့ အပြစ် ပေးလိုက် တာဟာ ဥပဒေသဘောအရဆိုရင် သူ့ကို ပထမ စွပ်စွဲထားတဲ့ ၃၀၁ (ခ)/ ၁၀၉ ကို ကွင်းလုံးကျွတ်လွတ်ရာကျတယ်။ တရားသေ လွှတ် လိုက်တာ။ အဲဒါဆိုရင် တရားသေလွှတ်ဖို့ အယူခံကို ဥပဒေရုံးဘက်ကနေပြီးတော့၊ ဒါက တရားလိုဘက်ကလည်း တက်နိုင် တာပဲ လေ။ ဦးကိုနီ မိသားစုဘက်ကလည်း တက်လို့ရတယ်။ တက်မှာပါ။ ကျွန်တော်တို့တက်မှာပါ။ အဲဒါက ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ကို တရားသေလွှတ်ဖို့ အယူခံတက်လို့ရတယ်။ ရုံးအဆင့်ဆင့် သွားလို့ ရတယ်။ ၂၀၁ မှာ (၇) နှစ် မချဘဲနဲ့ (၅) နှစ်ပဲ ချထားတဲ့ကိစ္စလည်း ပြင်ဆင်မှု တက်လို့ရတယ်။ အကုန်လုပ်လို့ရတယ်။ ပြင်ပေါ့။ အယူခံမှာ ဆုံးဖြတ်ပေးလို့ရတယ်။ အဲဒီ အတောအတွင်းမှာ။ သေချာတာက ကျွန်တော်တို့ အစီရင်ခံစာက မတ်လအတွင်း ထွက်မှာပဲ။

ငြမ်းမီဒီယာ – နောက်ဆုံးအနေနဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ဦးသိန်းသန်းဦးရဲ့ ခြုံငုံသုံးသပ်ချက်ကို ပြောပါဦး။

UTTO – နိုင်ငံရေးလုပ်ကြံမှုပါ။ ခဏ ခဏလည်း ပြောပါတယ်။ မော်ဒန်လက်ဖက်ရည်ဆိုင်မှာ ဦးကိုနီက အောင်ဝင်းဇော်တို့၊ အောင်ဝင်းခိုင်တို့ ဖိနပ်တက်နင်းမိလို့ လုပ်ကြံခံရတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မယ်ပြောလို့ အသတ်ခံရတာ။ နောက်ပြီး အမှုမှာပါတဲ့ လူတွေ ကြည့်လိုက်တော့ တပ်မတော်အရာရှိတွေ။ အငြိမ်းစားတော့ အငြိမ်းစားပေါ့။ တပ်မတော်အရာရှိတွေ ပါနေတယ်။ ငွေတွေ သိန်း ထောင်နဲ့ သောင်းနဲ့ သုံးတယ်။ ဇေယျာဖြိုးဆို ကုမ္ပဏီ (၄) ခုလောက် ပိုင်တယ်။ ဒီဟာကြီးက ကွန်ရက်ကြီး အကြီးကြီးပဲ။ Network ကြီး။ Organized Crime လို့ ခေါ်တယ်။ နိုင်ငံတကာ ဥပဒေအရ။ တကယ်ကို အုပ်စုဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှု အကြီးကြီးပဲ။ နိုင်ငံရေး လုပ်ကြံမှုကြီးပဲ။ ဒီဟာကို သာမန်ခပ်ပေါ့ပေါ့ ဘုရားခိုးပါ၊ လူငယ်လေးတွေပါ၊ မျိုးချစ်လူငယ်လေး တွေပါလို့ ပြောလို့မရဘူး။ ဒါအမှုကို သေးသိမ်အောင် ပြောတာပဲ။ အမှုကို ပေါ့သွားအောင် ပြောတာ။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,