ဖြေရှင်းမှုတွေ နောက်ကျအောင် ဆွဲဆန့်ထား ရင် ဒီထက်ပိုပြီး အနာတရတွေ များသွားမယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KTM /ကရင်နီပြည်လူငယ်များသမဂ္ဂ တွဲဘက်အတွင်းရေးမှူး(၂) ခွန်သောမတ်စ်

 ဗိုလ်ချုပ် ကြေးရုပ်မဖယ်မရှားခြင်း ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်မယ် ဆိုတာကို သတင်းစကားပါးချင်တယ်။ အဲဒီအအတွက်ကျနော်တို့ …

ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ခရီးစဉ်တွင် ကရင်နီပြည်လူငယ်အင်အားစု အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပြီး ကရင်နီတောင်သူများ တရားစွဲဆိုခံရတဲ့ကိစ္စ၊ ဗိုလ်ချုပ် ကြေးရုပ် ကိစ္စအပါအဝင် အချက်သုံးချက်ကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၅) ရက်နေ့ ကဖြစ်ပြီး အခုဆိုရင် တစ်လကျော်ကြာ လာခဲ့ပြီး ဖြစ်ပါတယ်။ ကရင်နီပြည်လူငယ်များ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ချိန်မှာ တင်ပြဆွေးနွေးခဲ့တဲ့ ကရင်နီတောင်သူတွေ တရားစွဲဆိုခံရတဲ့ ကိစ္စအပါအဝင် အချက်သုံးချက် မှာ ဘာတွေ ထူးခြားမှုရှိသလဲ။ ဘယ်လို အခြေအနေမှာရှိနေသလဲ ဆိုတာကို ကရင်နီပြည်လူငယ်များသမဂ္ဂ တွဲဘက်အတွင်းရေးမှူး(၂) ခွန်သောမတ်စ် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ထားပါတယ်။

ငြမ်းမီဒီယာ– ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅)ရက်နေ့မှာ ကရင်နီပြည် လူငယ်အင်အားစုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ ရတာရှိတယ်။အဲဒီတွေ့ဆုံမှု က အခုဆို တစ်လကျော်သွားပြီ။ အဲဒီတုန်းက ပြောဆိုခဲ့တဲ့ အခြေအနေ တွေ က ဘာတွေ ထူးခြားတာရှိလဲ။

KTM – အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ ကျနော်တို့တင်ခဲ့တာ အချက်(၃) ချက်ရှိတယ်။ နံပါတ် တစ်က ကြေးရုပ် ကိစ္စကို ဘယ်လို ဖြေရှင်း ကြမလဲ ပြောတယ်။နောက်တစ်ခု က ထောင်ထဲကနေ တရားရင်ဆိုင်နေရတဲ့ တောင်သူတွေအရေး၊ တပ်သိမ်းမြေကိစ္စ ဘယ်လို လုပ်ကြမလဲပြောတယ်။ တတိယအချက်က ကရင်နီပြည်၊ ကယားပြည်နယ်မှာရှိတဲ့ လူငယ်ရေးရာကိစ္စတွေကို ပြောတယ်။ အဲဒီသုံးချက်ကို အဓိက ပြောခဲ့ကြတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် က တောင်သူအရေးကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော် ပြန်ရောက်တာနဲ့ စီစစ်ပြီးတော့ ဒီကိစ္စကိုချက်ခြင်း ဆောင်ရွက်ပေးမယ်ပြောတယ်ပေါ့ဗျာ။ အခြေအနေက ဘာတွေများ ထူးလာသလဲ ဆိုတော့ စီစစ်နေဆဲ ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ကို ပြန်ပြီးအဖြေပေးလာတဲ့ အနေအထားမျိုးရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– ကရင်နီပြည်လူငယ်တွေ နဲ့ တွေ့ဆုံချိန်မှာ ကြေးရုပ် ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် မှတ်ချက် က ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့မိသားစုဝင်ဖြစ်နေတယ်။ ဒီကိစ္စကိုသူဦးဆောင် မဖြေရှင်းလိုဘူး။ မဖြေရှင်းသင့်ဘူး ဆိုတာမျိုး ပြောတယ်လို့သိထားရတယ်။ဒေါ်စုရဲ့မှတ်ချက်အပေါ်ဘယ်လိုမြင်လဲ။

KTM – ကျနော်တို့က ဒါ သူ(ဒေါ်အောင်ဆန်းစုကြည်) ခေါင်း ရှောင်ချင်တဲ့ သဘောလို့ပဲ ကျနော်တို့ ယူဆတယ်။ အမှန်တော့ သူတို့အနေနဲ့ လက်ရှိတာဝန်ယူထားတဲ့အခန်းကဏ္ဍနဲ့ဆို သူတို့က ပိုဖြေရှင်းလို့တောင် ပိုကောင်း တယ် ပေါ့ဗျာ။ သူ့ဖခင်ဖြစ်တယ်။ သူကိုယ်တိုင်ဖြေရှင်းလိုခြင်း မရှိဘူးလို့ သူပြောတယ်ပေါ့ဗျာ။ ပါဝင် ပတ်သက်ခဲ့ တာ မရှိဘူး။ အရင်တုန်းကလည်း ပါဝင် ပတ်သက်တာ မရှိဘူး။ အခုလည်းလုပ်မှာ မဟုတ်ဘူး။ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ ကိုပဲ သူလွှဲမယ်ဆိုတဲ့ မှတ်ချက်အပေါ်မှာ ခေါင်းရှောင်တဲ့ ပုံစံလို့ပဲ ကျနော်တို့ ပြောချင်တယ်။ အမှန် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရှိတာဝန်ယူထားတဲ့ Position နဲ့ဆို ဒီကိစ္စကို ဖြေရှင်းချင် တယ် ဆိုရင် ဖြေရှင်းလို့တောင်ပိုကောင်းသေးတယ်။သို့သော် ဒါက စလုပ်ကတည်းက သူ့ရဲ့ လမ်းညွှန်မှုနဲ့ သူလုပ်ခဲ့ကြ တဲ့အတွက် ပြဿနာဖြစ်တော့မှ ခေါင်းရှောင်တဲ့ ပုံစံမျိုးဖြစ်သွားတယ်။

ငြမ်းမီဒီယာ – ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ကရင်နီပြည် လူငယ်အင်အားစုတွေကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်း အဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ဒါက အချိန်ကာလ အားဖြင့်တစ်လကျော်လောက် ရှိပြီ။ အဲဒီတော့ ပြည်ထောင်စု ဝန်ကြီးတွေ၊ သက်ဆိုင်ရာ ဌာနတွေနဲ့ ကရင်နီ လူငယ်အင်အားစုတွေနဲ့ ဒီကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံ ညှိနှိုင်းတာ၊ ပြောဆိုဆွေးနွေးကြတာ ဘယ်နှကြိမ်လောက် ရှိပြီ လဲ။တွေ့ဖြစ်ကြလား။

KTM – ကျနော်တို့ နေပြည်တော်ကို တစ်ခေါက်ရောက်ပါ တယ်။လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးနဲ့တွေ့တာမှာ လူငယ်ရေးရာ မူဝါဒနဲ့ပတ်သက်တဲ့ကိစ္စတွေကို ပြင်ဆင် လိုတာတွေကို ပြင်ဆင်ခွင့်ရှိတယ်ဆိုတာ ပြည်ထောင်စု ဝန်ကြီးနဲ့ သဘောတူညီချက် ရလိုက်တယ်။ဒါပေမယ့် ကျနော်တို့ ဒါကို သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။ အခုလည်း ဆက်လက် ညှိနှိုင်းနေပါတယ်။ အခုကြေးရုပ်ကိစ္စကို ဖြေရှင်းဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ကို ကျနော်တို့ ကရင်နီပြည် လူငယ်တွေအနေနဲ့ ကြိုးစားပြီး ချိတ်နေတယ်။ဒါပေမယ့် အခုချိန်ထိ ဒီကိစ္စကို ဖြေရှင်းဖို့၊ ဘယ်မှာဆွေးနွေးမယ်ဆိုတာ အခု တစ်လေ ကျာ်ကျော်အတွင်းမှာ အဖြေပေးလာတာ၊ညှိနှိုင်းလာတာ မရှိသေး ဘူး။ အခုအချိန်ထိ ကျနော်တို့ စောင့်တုန်းပဲ။

ငြမ်းမီဒီယာ – ကြေးရုပ်ကိစ္စကို ပြည်ထောင်စုဝန်ကြီးနဲ့ ညှိနှိုင်းအဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ အချိန်မှာ ဘယ်ပြည်ထောင်စုဝန်ကြီးနဲ့ ညှိနှိုင်းအဖြေရှာရမယ်ဆိုတာ ကိုခွန်သောမတ်စ်တို့အနေနဲ့ တိတိကျကျ မသိခဲ့ဘူးလားဗျ။

KTM – အဲဒီအချိန်တုန်းက ဘယ်ဝန်ကြီးဌာနပါဆိုတာကို တိတိကျကျ တာဝန်ပေးသွားတာမျိုးတော့ မရှိဘူးဗျ။ ကျနော်တို့ရှေ့မှာ တာဝန်ခွဲပေးသွားတာမျိုး မရှိဘူး။ ကျနော်တို့ကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြသွားတာမျိုး မဟုတ်ဘူး။ယေဘူယျ ဆန်ဆန်ပဲ ပြောတယ်။ ကျနော်တို့ ပြန်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့်လည်း တွေ့တဲ့ အခြေအနေကလေ မိနစ်နှစ်ဆယ် အတွင်းမှာ ပြီးသွားပြီ ပုံစံမျိုးဆိုတော့ အစည်းအဝေး ကို ရုပ်သိမ်း လိုက်ရ တယ်။ တွေ့တဲ့အခြေအနေကလေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အဲဒီတော့ ကိုခွန်သောမတ် ဆိုလိုတဲ့သဘောက ပြည်ထောင်စုဝန်ကြီး လို့တော့ပြောတယ်။ ဒါပေမယ့် ဘယ်ပြည်ထောင်စုဝန်ကြီးလည်း ဆိုတာ သတ်သတ်မှတ်မှတ် ပြောသွားတာမျိုး မရှိဘူးပေါ့။

KTM – ဟုတ်တယ်ဗျ။အဲဒီလိုပဲဗျ။

ငြမ်းမီဒီယာ – ကရင်နီပြည်လူငယ်အင်အားစု အနေနဲ့ ဒီကိစ္စကို ဘယ်လို ဆက်ဆောင်ရွက်ဖို့ရှိလဲ။

KTM – ကျနော်ထင်တယ်။ကျနော်တို့က ညှိနှိုင်းရေး လမ်းစဉ်ကို သွားနေတာ။အခုက အဆုံးစွန်ထိ ရောက်သွားပြီလို့ ကျနော်တို့ ပြောချင်တယ်။ သိမ်မွေ့တဲ့ လမ်းကြောင်းနဲ့ ဖြေရှင်းနေတာ တော်တော် ခရီးရောက်နေပြီ။ သက်ဆိုင်ရာ အဓိက တာဝန်ရှိတဲ့ အစိုးရဘက်က အဲဒီလို ပျက်ကွက်မှုတွေပဲ ထပ်များ ဦးမယ် ဆိုရင်တော့ သေချာတာက ဒီကြားထဲမှာ လှုပ်ရှားမှုတွေ ဆက်ရှိဖို့ လမ်းကြောင်းကို အစိုးရကိုယ်တိုင် ထပ်တွန်းပို့သလိုဖြစ်နေတယ်။

ငြမ်းမီဒီယာ – ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်နီပြည် လူငယ် အင်အားစု တွေ့ဆုံခဲ့ ပြီးချိန်မှာ ကြေးရုပ် ကိစ္စနဲ့ ပတ်သက်ပြီး ကိုခွန်သောမတ်စ်တို့အနေနဲ့ သဘောထား ပြောင်းလဲသွားတာ၊ အခြား နည်းလမ်း တစ်ခုခု ရှာတွေ့ခဲ့တာမျိုး မရှိဘူးလား။

KTM – မရှိပါဘူးဗျ။ ကျနော်တို့ကတော့ တွေ့တဲ့အချိန်ကလည်း ဒါကိုပြောတယ်။အခုလည်းဒါကိုပြောတယ်။ နောင်လည်း ဒါကို ပြောဦးမှာပဲ။ဒီအခြေအနေတိုင်းဆိုရင်တော့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ဒီကြေးရုပ်ကို ရွှေ့နိုင်တဲ့ လမ်းကြောင်းကို ဒီကြားထဲမှာ ဆောင်ရွက်ဖို့ အခြေအနေတွေ များလာနိုင်ပါတယ်။ လက်ရှိ အခြေအနေအရဆိုရင်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်နီလူငယ် အင်အားစုတွေ့ဆုံခဲ့ချိန်မှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးကရော ဝင်ရောက်ဆွေးနွေးပြောဆိုတာမျိုး ရှိလား။

KTM – မရှိပါဘူးဗျ။ သူ့ပုံစံက သူ့အနေနဲ့ ပြောပိုင်ခွင့်လည်း မရှိဘူးဆိုတဲ့ ပုံစံ။ သူ့အနေနဲ့ မှတ်ချက်ပြုတာတို့၊ ဘာတို့ ဘာမှမရှိပါဘူး။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တယ်ဆိုတဲ့ ဗိုလ်ချုပ် ကြေးရုပ်ကိစ္စ ဆွေးနွေး ညှိနှိုင်းအဖြေရှာဖို့ ပြည်ထောင်စု ဝန်ကြီး ဆိုတာ ဘယ်သူ့ကို သတ်မှတ်ပေးခဲ့တယ် ထင်လဲ။

KTM – ကျနော်ထင်တာ တိုင်းရင်းသားရေးရာဝန်ကြီးကို တိုက်ရိုက်ပြောတယ်လို့ ကျနော်တို့ကတော့ ယူဆ တယ်။ ကျနော်တို့ နေပြည်တော် ရောက်သွားချိန်မှာ သူတို့နဲ့တွေ့နိုင်အောင် ကျနော်တို့ဘက်က ကြိုးစားပြီးချိတ်ဆက် ဆောင်ရွက်တာပါပဲ။ သို့သော် အခုအချိန်အထိ အခြေအနေတစ်ခုခု ပြောလာတာ မရှိသေးဘူးလေ။ သက်ဆိုင်ရာ ဝန်ကြီးဌာနလို့ပြောတယ် ဆိုတဲ့နေရာမှာ တိုင်းရင်းသားရေးရာကိုဆောင်ရွက်ပေးတဲ့ ဝန်ကြီး ဌာနကိုပဲ ပြောတယ်လို့ ကျနော်တော့ ယူဆတယ်။

ငြမ်းမီဒီယာ – လူကယ်ပြန်ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာရော ကြေးရုပ်ကိစ္စပြောဖြစ်သေးလားဗျ။

KTM – ကျနော်တို့ပြောတယ်။ဒါပေမယ့် ခေါင်းစဉ် ကတည်းကိုက ကြေးရုပ်ကိစ္စ သူတို့နဲ့မဆိုင်ဘူးဆိုတာ သူတို့ဘက်က ပြတ်ပြတ် သားသား ငြင်းထားတယ်။လူကယ်ပြန် ဝန်ကြီးနဲ့ တွေဆုံချိန်ပြင်ပမှာ သက်ဆိုင်ရာတခြားဝန်ကြီးနဲ့ ကျနော်တို့ သွားတွေ့တယ်။

ငြမ်းမီဒီယာ – ဖေဖော်ဝါရီ (၁၂)ရက်နေ့က ပြည်ထောင်စုနေ့ လို့သတ်မှတ်ထားတယ်။အဲဒီလိုနေ့မျိုးမှာ “ ကရင်နီပြည် သမိုင်း အမှန် ဖော်ထုတ်သည့် လူထု လှုပ်ရှားမှုနေ့ ” လို့ ဘာကြောင့် သတ်မှတ်ဖြစ်တာလဲဗျ။

KTM – အရင်တစ်နှစ် ၂၀၁၉ ဖေဖော်ဝါရီ (၁၂)ရက်နေ့မှာ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကရင်နီပြည် လူထုကို အာဏာပိုင်တွေက ရာဘာကျည်နဲ့ပစ်ခတ်တယ်။ဆန္ဒပြ ကရင်နီလူထုကို ထိခိုက်ဒဏ်ရာ ရရှိအောင် ဥပဒေမဲ့ နှိမ်နင်းခဲ့တာတွေ ရှိခဲ့တဲ့အတွက် အဲဒီနေ့ကို ကျနော်တို့က “ ကရင်နီပြည်သမိုင်းအမှန် ဖော်ထုတ် သည့် လူထု လှုပ်ရှားမှုနေ့ ” လို့ သတ်မှတ်လိုက် တယ်။ သတ်မှတ်တဲ့ အခါမှာလည်း လူထု အားလုံး ရဲ့ သဘော တူညီချက်နဲ့ ကျနော်တို့ သတ်မှတ်လိုက် တာဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက် ကတော့ ကျနော်တို့ ကြေးရုပ် လှုပ်ရှားမှု တစ်နှစ်ပြည့် အခမ်းအနားမှာ ကျနော်တို့ ကြေးရုပ်ဖယ်ရှားမှု လှုပ်ရှားမှု ကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်တဲ့အချိန်မှာ အာဏာပိုင်တွေက ကျနော်တို့ကို ဥပဒေမဲ့ လုပ်ဆောင်ခဲ့တာကို ကျနော်တို့ ကရင်နီ လူထု အနေနဲ့လည်း မမေ့ဘူး။ နောက်ပြီးတော့ ဒီကိစ္စကို ကျနော်တို့ ဆက်တွန်းလှန်ကြမယ်။ ဒီ ဗိုလ်ချုပ် ကြေးရုပ်မဖယ်မရှားခြင်း ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်မယ် ဆိုတာကို သတင်းစကားပါးချင်တယ်။ အဲဒီအအတွက်ကျနော်တို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

လူထုကို တပ်က စွဲတယ်။ အစိုးရဆိုတဲ့ပုဂ္ဂိုလ်တွေက ဘာလုပ်မလဲ။ဘာလုပ်နိုင်မလဲ။ မျှော်လင့်ချက်နဲ့ တွေ့ခွင့်ရှိတဲ့ အချိန်မှာ …

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ကို ကရင်နီလူငယ်အင်အားစု တွေ့ဆုံချိန်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကရင်နီ တောင်သူတွေ ကိစ္စဖြေရှင်းပေးဖို့ အကူအညီတောင်းတယ်။ ဒီကိစ္စမှာတရားစွဲသူက တပ်ကစွဲတာ။ ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ကို အကူအညီတောင်းတာလဲ။

KTM – ဒီလိုဗျ။ တပ်ကစွဲတယ်ဆိုပေမယ့်လည်း လူထုကခံနေရတဲ့ အချိန်မှာ လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည် တို့ ဦးဆောင်နေတဲ့ အစိုးရဖြစ်တဲ့အတွက် သူတို့ ဘာလုပ် ပေးနိုင် မလဲဆိုတာ လှမ်းပြောတဲ့ သဘောပါပဲ။ သူတို့မှာ လုပ်နိုင်တဲ့ အခန်းကဏ္ဍတွေရှိနေတယ်လို့ ကျနော်တို့ ယုံကြည်တဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့၊ လိုက်လံ ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ အခြေအနေမျိုးပါ။

ငြမ်းမီဒီယာ – ကရင်နီတောင်သူတွေကို တပ်ကတရားစွဲထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကိစ္စပြောရင် တစ်စုံတစ်ရာ အတိုင်းအတာ အဆင်ပြေမယ်၊အကူအညီပေးနိုင်မယ် မျှော်လင့်ပြီး ပြောခဲ့တယ် ထင်ပါတယ်။ အဲဒီတော့ မျှော်လင့်သလို အခြေအနေေ တွရော ဖြစ်ရဲ့လားဗျ။

KTM – တရားစွဲတဲ့ပုဂ္ဂိုလ်တွေကို ပြန်လည်စိစစ်ပြီးတော့ ဒီကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးမယ်ဆိုတာ ကတိနဲ့ ကို့ပြော တာဗျ။ ဆိုတော့ သူတို့ပြောတဲ့အပေါ်မှာ ကျနော်တို့က ယုံချင်တယ်ဗျာ။ ဖြစ်လာ၊ မဖြစ်လာဆိုတာ သူတို့ပေးတဲ့ ကတိအပေါ်မှာ မူတည် ပါတယ်။ လူထုကို ကိုယ်စားပြုတဲ့ အစိုးရပဲဗျာ။ သူတို့ ပြောတဲ့ ဟာတွေက အမှန်တကယ်ဖြစ်ဖို့ အရေးကြီး တာပေါ့။ ကျနော်တို့ လည်း နည်းလမ်းပေါင်းစုံကနေပြီး တောင်သူတွေ ကိစ္စဆောင်ရွက် နေရတာ။ဒါပေမယ့် အခု ွဖြစ်နေတာ တပ်နဲ့ဖြစ်နေတာ။ ကျနော်တို့ အားလုံး လက်လှမ်းမီတဲ့နေရာအထိ ခြေဆန့်လက်ဆန့်လုပ်သွား ချင်တာပေါ့။ အခုတွေ့ခဲ့တဲ့အချိန်မှာ ကျနော်တို့ ဒီကိစ္စကို ကျနော်တို့ တွန်းတွန်းတိုက်တိုက်ပြောတယ် ဆိုတာ သူတို့လည်း အရေးကြီးတဲ့ အခန်းကဏ္ဍထဲမှာပါနေတယ်။ အခု လူထုကို တပ်က စွဲတယ်။ အစိုးရဆိုတဲ့ပုဂ္ဂိုလ်တွေက ဘာလုပ်မလဲ။ဘာလုပ်နိုင်မလဲ။ မျှော်လင့်ချက်နဲ့ တွေ့ခွင့်ရှိတဲ့ အချိန်မှာ ပြောလိုက် တာပဲ။ အခုအချိန်မှာတော့ ဝန်ကြီးဌာနတစ်ခုက ကိုင်ပြီးတော့ ဒီကိစ္စကို ပြန်လည်စီစစ်နေတယ်။ မကြာခင်မှာတော့ အပြောင်းအလဲ တွေ ဖြစ်လာလိမ့်မယ်လို့ လောလောဆယ် ကျနော်တို့ဆီကိုပြောထား တာတော့ ရှိနေပါတယ်။

ငြမ်းမီဒီယာ – တရားစွဲခံထားရတဲ့ ကရင်နီတောင်သူတွေရဲ့ အခြေအနေ ကို ပြောပြပေးပါဦး။

KTM – ထောင်ထဲမှာ (၁၂) ယောက်ရှိမယ်။ ရုံးချိန်းတွေနဲ့ ဆက်ရင်ဆိုင်နေရတဲ့အနေအထား။ ကျနော် ထင်တယ်။ မကြာခင်မှာ အမိန့်ချမှတ်တော့မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အခြေအနေတွေကတော့ ရုံးချိန်းသွားတယ်။ ရွာသားတွေလာတယ်။ အလုပ်ပျက်ရတာေပေါ့ဗျာ။ တရားရေးလုပ်ထုံးလုပ်နည်းအရ တောက်လျောက် ရုံးချိန်းနေတဲ့အနေအထားမျိုး ။နောက်တောင်သူ တွေကလည်း ထောင်ထဲမှာ ရှိနေတဲ့ အနေအထားမျိုးဆိုတော့ အခြေအနေတွေက သိပ်ကောင်းလှတာမျိုးတော့မဟုတ်ဘူး။ အမိန့်ချ သွားရင်တောင် တစ်စုံတစ်ခု ပေါ့ တောင်သူတွေက မှန်နေရင်တောင် အမှားဖြစ်သွားတဲ့အခြေအနေမျိုး ထပ်ကြုံလာဖို့ အခြေအနေမျိုးတွေ ရှိနေပါတယ်။

ငြမ်းမီဒီယာ – အခုတောင်သူတွေတရားရင်ဆိုင်နေရတာ ကာလဘယ်လောက်လောက် ရှိပြီလဲ။

KTM – အတိအကျတော့ မမှတ်မိဘူး။ငါးလ လောက်တော့ ရှိပြီ။ငါးလကျော်လောက် ရှိသွားပြီ။

ငြမ်းမီဒီယာ – ထောင်ထဲက တရားရင်ဆိုင်နေရတာ (၁၂) ယောက် ဆိုတော့ အပြင်ကနေ တရားရင်ဆိုင်နေရတဲ့ တောင်သူတွေလည်း ရှိတာပေါ့။

KTM – ရှိတယ်။အပြင်ကနေ တရားရင်ဆိုင်နေရတဲ့ တောင်သူတွေလည်း ရှိတယ်။

လက်ရှိအစိုးရက ကျနော်တို့ ကရင်နီပြည်ပြဿနာကို မြန်နိုင်သမျှမြန်အောင် ဖြေရှင်းဖို့ ဒီနေရာကနေပြောချင်တယ်။ တကယ်လို့ …

ငြမ်းမီဒီယာ – ကရင်နီပြည်လူငယ်အင်အားစုအနေနဲ့ တွေ့ဆုံချိန်မှာ ကိုခွန်သောမတ်စ်လည်း ပါဝင်တာပဲ။အဲဒီမှာ အချက်သုံးချက် တင်ပြခဲ့တယ်။ အဲဒီတင်ပြခဲ့တဲ့ အချက်တွေမှာ ဘယ်အချက်တွေက ဘယ်လောက်အထိ ဖြစ်လာတာရှိသလဲ။ တွေ့ဆုံခဲ့ရမှုကိုရော အားရကျေနပ်မှုရှိရဲ့လား။

KTM – အားရကျေနပ်မှုရှိလားပြောရင် မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တောင်သူကိစ္စမှာဆိုရင် လုပ်ပေးမှာပါလို့ အဲလောက် ကတိကဝတ်တွေပြုထားပြီ အခု တစ်လကျော်သွားတဲ့ အချိန်အထိ လုပ်နိုင်တဲ့ အခြေအနေ ဘယ်လောက်ရှိသွားပြီလဲ ဆိုတာ ကျနော်တို့ဆီ မရောက်သေးဘူးလေ။ဒါက နံပါတ်တစ် အချက်။ နံပါတ်နှစ်အချက်က လူငယ်ရေးရာ ကိစ္စနဲ့ ပတ်သက်ပြီး တော့ ပေါ်လစီတွေ ပြင်လို့ရတယ် လက်ရှိ မြန်မာနိုင်ငံ ရေးရာ မူဝါဒပေါ်လစီ လုပ်လို့ရတယ်လို့ ကျနော်တို့ပြောပေမယ့်လည်း လုပ်နိုင်တဲ့အခြေအနေ က မရှိနေ သေးဘူး။တွေ့ဆုံမှုတွေကလည်း သေသေချာ သတ်မှတ် ထားတာ၊တွေ့ရတာ မရှိသေးဘူး။ နံပါတ်သုံးအချက် ကြေးရုပ် ကိစ္စဆိုရင် အခုအချိန်အထိ တစ်စုံတစ်ခု ပြောလာတာ လုံးဝမရှိသေးဘူး။ကျနော်တို့အနေနဲ့ တွေ့သာ တွေ့လိုက် ရတယ်။တွေ့လိုက်ပြီး အခုအချိန်အထိ အဲဒီ အချက် သုံးချက် အပေါ်မှာ တစ်စုံတစ်ရာ အဖြေ တိတိကျကျ ရတာမရှိဘူး။ အားရကျေနပ်မှုရှိလားဆိုတော့ မရှိဘူးလို့ပဲပြောချင်တယ်ဗျာ။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ချိန်မှာ တင်ပြဆွေးနွေးခဲ့တာတွေ ကျေနပ်အားရမှု မရှိသေးတာ၊ မဖြစ်သေးတာ တစ်ပိုင်းပေါ့။ အဲဒီဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရတဲ့နေ့မှာ ကရင်နီပြည် လူငယ်အင်အားစုကို လက်ခံတွေ့ဆုံချိန်မှာ ကရင်နီ လူငယ်အင်အားစုကို သူ့ရဲ့လက်ခံတွေ့ဆုံမှု ပုံသဏ္ဍန်ပေါ့။ ပြောတာဆိုတာ အပါအဝင်ပေါ့။အဲဒီအပေါ် ဘာများမှတ်ချက်ပေးချင်လဲ။

KTM – ဒီလိုပါဗျ။ကျနော်ထင်တာက ကျနော်တို့ကို လက်ခံတွေ့ဆုံတယ်ဆိုတဲ့ အနေအထားက လှိုက်လှိုက်လှဲလှဲ ပုံစံမဟုတ်ဘူးလို့ ကျနော်တော့ ယူဆတယ်။ ပြဿနာ ရှိတယ်ပေါ့။ကျနော်တို့လည်း တစ်လျောက်လုံး တွေ့ဆုံ ညှိနှိုင်းရေးလမ်းကြောင်းကို သွားတယ် ဆိုတာကို ကျနော်တု့ိကြေညာထားတာကိုး။ ရောက်တုန်းရောက်ခိုက် တွေ့သွား လိုက်မယ်ဆိုတဲ့ ပုံစံမျိုးလို့ကျနော်တို့မှတ်ယူတယ်။ မတွေ့ရင် ပြဿနာ ပိုရှိတယ်ဆိုတဲ့ သူတို့ရဲ့ ယူဆချက်တွေကို ကာဗာပြန်ဖြစ်အောင် တွေ့ကြတယ်လို့ပဲ ကျနော်ယူဆတယ်။ အမှန် ကတော့ တွေ့ကြတယ်ဆိုတဲ့နေရာမှာ နှစ်ဦးနှစ်ဘက် ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ကျနော်တို့ ယုံကြည် တယ်လေ။ သို့သော်အခု တွေ့ဆုံမှုမှာ သူတို့ဘက်က အချိန်သတ်မှတ်ပေးတယ်။ အချိန် ဘယ်လောက်ရမလဲ။ ပြောမယ့်ခေါင်းစဉ်တွေကို ကျနော်တို့ သူတို့ဘက်က ညှိနှိုင်းတဲ့ပုဂ္ဂိုလ်တွေကို ကြိုတင် လှမ်းပို့ထားတာရှိတယ်။ တွေ့ချင်လွန်းလို့ ကျနော်တို့ကို လက်ခံ တွေ့ဆုံတာမျိုးတော့ မဟုတ်ဘူး။ ပြဿနာတွေ ဖြေရှင်းချင်လွန်းလို့ တွေ့တာမျိုး မဟုတ်ဘဲနဲ့ သူတို့အနေနဲ့ သဘောထားကြီး ပါတယ် ဆိုတာကို လာပြသချင်တဲ့ ပုံစံမျိုးနဲ့ကျနော်တို့ကို လက်ခံတွေ့ဆုံတဲ့ အခြေအနေ ပဲဖြစ်မယ်လို့ ကျနော်တော့ မှတ်ချက်ပြုချင်တယ်။

ငြမ်းမီဒီယာ – အခုဒီဖြေရှင်းမှု ကို ဘယ်အချိန် ကာလလောက် အထိစောင့်ဆိုင်းဖို့ရှိလဲဗျ။

KTM – ကျနော်တို့စဉ်းစားထားတဲ့အကြမ်းပါ။ ဒီရွေးကောက်ပွဲ မတိုင်ခင် အထိ ဒီကိစ္စကို ဒီအတိုင်း မျှောထားမယ် အခြေအနေမျိုး ရှိပါတယ်။နောက်တစ်ခုက ကျနော်တို့ လူငယ်ထုတွေ အားလုံး တွေ့ဆုံနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖန်းတီးဖို့ရှိနေတယ်။ ဆိုတော့ အချုပ်အားဖြင့်ပြောရရင်တော့ ကျနော်တို့ သိပ်မကြာတဲ့ကာလ အထိပဲ စောင့်မယ်လို့ ယေဘူယျပြောချင်တယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးပါ။ အခြားဖြည့်စွက် ပြောချင်တာများ ရှိမလား။

KTM – ကျနော်တို့က ဒီပြဿနာကို ဖြေရှင်းဖို့ အဓိက က လက်ရှိအစိုးရအပေါ်မှာ အများကြီးမူတည်ပါတယ်။ အစိုးရက လိုလို လားလားနဲ့ ဒီပြဿနာကိုဖြေရှင်းချင်တယ်ဆိုရင်တော့ ကျနော်တို့ဘက်က ဖြေရှင်းဖို့ အသင့်ရှိတယ်။ ကျနော်တို့ တောက်လျောက် ဆန္ဒပြ အဖြေရှာတဲ့နည်းလမ်းကို ကျနော်တို့ကိုယ်တိုင် မလုပ်လိုဘူး။ လက်ရှိအစိုးရက ကျနော်တို့ ကရင်နီပြည်ပြဿနာကို မြန်နိုင်သမျှမြန်အောင် ဖြေရှင်းဖို့ ဒီနေရာကနေပြောချင်တယ်။ တကယ်လို့ ဖြေရှင်းမှုတွေ ဒီထက်ပိုပြီး နောက်ကျအောင် ဆွဲဆန့်ထားမယ် ဆိုရင်တာ့ နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေက ဒီထက်ပိုပြီး အနာတရတွေ များသွားမယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,