ဗမာလူမျိုးမုန်းတီးရေးဝါဒကို ကျနော်တို့သွားနေတာမဟုတ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UPK / တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ (၁) ဦးဖေကြွယ်

ကျနော်တို့လည်း တော်တော်လေးတုန်လှုပ်သွားတယ်။ တော်တော်လေး အံ့သြ သွားတယ်။ ဖြစ်စဉ်ကတော့ …

တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ (၂) အပါ ဝင်သုံးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့် ထားခြင်းနှင့် ဆက်စပ်၍ ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်များ၏ လက်တလောအခြေအနေတချို့ကို တောင်ကုတ်မြို့နယ် ရခိုင် အမျိုးသား ပါတီ ဒုဥက္ကဌ (၁) ဦးဖေကြွယ်ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – တောင်ကုတ်မြို့နယ် ANP ပါတီ ဒုဥက္ကဌ (၂) ဦးဝေသောင်းအပါအဝင် (၃) ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်အကျဉ်းကို ပြောပြပေးပါခင်ဗျား။

UPK – အဲဒီကိစ္စကိုပြောရရင် ဘယ်လိုအကြောင်းကြောင့်၊ ဘာကြောင့်ဖမ်းရတယ်ဆိုတာကို ကျနော်ကိုယ်တိုင် တောင် ခုအချိန်ထိ မသိသေးပါ။ ဖမ်းသွားတာကတော့ ဘာရယ်လို့မှန်း မသိလိုက်ပဲနဲ့၊ ဘယ်ကစလို့ဘယ်လိုဖြစ်မှန်း မသိလိုက်ပဲနဲ့ ဒီအတိုင်းဖမ်းသွား တာပါပဲ။ (၉) ရက်နေ့ ညနေ (၄) နာရီလောက်မှာတော့ လက်ရှိစည်ပင် ဥက္ကဌ ဦးဇေယျကျော်ကို ဖမ်းတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လက်ရှိကတော့ ဘာကိုကြောက်လို့ ကြောက်ရမှန်းမသိဘူး။ အခုလက်ရှိမှာ မမျှော်လင့် တာတွေ ဖြစ်နေတာဆိုတော့ ဒီမှာရှိကြတဲ့ …

အဲဒီလိုဖမ်းတဲ့အခါ ကျနော်တို့လည်း တော်တော်လေးအံ့သြသွားတယ်။ ဘာကြောင့်မှန်းလည်း မသိရပဲ ဖမ်းတာဆိုတော့။ သူက ပါတီနိုင်ငံရေးတွေနဲ့ ဘာမှဆက်နွယ်မှုလည်းမရှိတဲ့လူဆိုတော့ ခုလိုဖမ်းတာအံ့သြစရာဖြစ်ရတယ်။ နောက် (၁၀) ရက်နေ့ ညနေ (၆) နာရီလောက် ကျတော့ စည်ပင်ဥက္ကဌ ဦးစန်းဝေကို ထပ်ဖမ်းတယ်။ (၁၁) ရက်နေ့ မနက် (၉) နာရီ (၄၅) လောက်မှာ ကျနော်တို့ ရခိုင် အမျိုးသားပါတီ (ANP) က ဒုဥက္ကဌ (၂)၊ အလုပ်အမှုဆောင် ဦးဝေသောင်းကို ဖမ်းတယ်။ ကျနော်တို့လည်း တော်တော်လေး တုန်လှုပ်သွားတယ်။ တော်တော်လေး အံ့သြ သွားတယ်။ ဖြစ်စဉ်ကတော့ ဒီလောက်ပါပဲ။ ဘာအကြောင်းကြောင့် ဖမ်းရတယ် ဆိုတာ တော့ ကျနော်တို့ ခု အချိန်ထိမသိသေးပါ။ ပုဒ်မကတော့တပ်တာပေါ့လေ။ ဒါပေမယ့် ဘယ်လို အကြောင်းတရားတွေနဲ့ ဆက်နွယ်လို့ ဖမ်းတယ်ဆိုတာ ကျနော်တို့လည်း ခုအချိန်ထိ မသိသေးပါဘူး။

ငြမ်းမီဒီယာ – တောင်ကုတ်မြို့နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြစ်တဲ့ ပုဒ်မ ၅၀ (က) နဲ့ဖမ်းတာက (၃) ဦး၊ အဲဒီရှေ့ကလဲ ပုဒ်မ ၅၂ (က) နဲ့ဖမ်းထားတာက (၅) ဦးတောင် ရှိတယ်လို့သိရပါတယ်။ ဆိုတော့ အကြမ်းဖက်မှု ဥပဒေနဲ့ အရေးယူ ဆောင်ရွက်မှု တွေရှိနေတော့ တောင်ကုတ်မြို့နယ်ထဲမှာ တည်ငြိမ်မှု ထိခိုက်နိုင်လောက်တဲ့ ဘယ်လိုလက္ခဏာမျိုးတွေ တွေ့ရပါသလဲ။

UPK – အခုလက်ရှိကတော့ ဘာကိုကြောက်လို့ ကြောက်ရမှန်းမသိဘူး။ အခုလက်ရှိမှာ မမျှော်လင့် တာတွေ ဖြစ်နေတာဆိုတော့ ဒီမှာရှိကြတဲ့ ပါတီဝင်တွေကအစ၊ ပါတီမဝင်တဲ့ လူတွေကအစ၊ အရပ်ဘက်က အဖွဲ့အစည်းတွေကအစပေါ့၊ ဘာကိုကြောက်လို့ ကြောက်ရမှန်း မသိ ဖြစ်နေကြတာပေါ့။

ဗမာကို ကျနော်တို့က တိုင်းရင်းသားညီအစ်ကိုတွေလို့ပဲ အသိအမှတ်ပြုတာပါ။ ဗမာကို ကျနော်တို့ ရန်သူလိုမမြင်ကြပါဘူး။ ကျနော်တို့…

ငြမ်းမီဒီယာ – အခုလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူမှုတွေရှိနေတော့ မြို့ခံလူထုကရော ဘယ်လို အခြေအနေ ရှိပါသလဲ။

UPK – ကျနော်ပထမဆုံးပြောချင်တာကတော့ ဒီဖမ်းဆီးခံရတဲ့မိသားစုဝင်တွေကတော့ အံ့သြစိုးရိမ်တုန်လှုပ်နေကြ တာပေါ့နော်။ အဲဒီမိသားစုဝင်တွေနဲ့ ဆက်နွယ်တဲ့ သူတွေ အကုန်လုံးကလည်းအံ့သြစိုးရိမ် တုန်လှုပ်မှုတွေ ဖြစ်ကြရတယ်။ အဲဒီမိသားစုတွေနဲ့ ထပ်တူ မြို့ခံလူထုတချို့လည်း စိုးရိမ်မှုတွေဖြစ်ကြရတာပေါ့။ အခုဖမ်းဆီးခံရတဲ့သူတွေက အများကောင်းကျိုးအတွက် ဆောင်ရွက် နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တာကြောင့် စိုးရိမ်ပူပန်မှုကတော့အနည်းနဲ့အများ ဆိုသလို ဖြစ်ကြမှာပဲ။

“ဆင်ချည်တဲ့ကြိုးနဲ့ ကြက်ကိုမချည်ပါနဲ့၊ ကြက်ချည်တဲ့ကြိုးနဲ့လည်း ဆင်ကိုမချည်ပါနဲ့” ဆိုတဲ့စကားပါ။ အဲဒါကြောင့် …

ငြမ်းမီဒီယာ – အခု အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀ (က) နဲ့ ဖမ်းဆီးခံထားရသူ (၃) ဦးက လူအများနဲ့ဆက်စပ်တဲ့ အလုပ်မျိုး တွေကို လုပ်ကိုင်ဆောင်ရွက်နေကြတဲ့လူတွေ ဖြစ်နေတော့ သူတို့အပေါ် ဒေသခံတွေရဲ့သဘောထားက ဘယ်လိုရှိတယ်လို့ အကဲခတ် မိသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UPK – ကျနော်တစ်ခုပြောချင်ပါတယ်။ အများကောင်းကျိုးအတွက် ဆောင်ရွက်နေကြတဲ့ သူတွေဆိုတာကတော့ အတ္တကို ဘေးဖယ် ပြီးတော့ ပရကိုရှေးရှုပြီး လုပ်နေကြတာ ဆိုတော့ သူတို့ကို မုန်းမယ့်လူတော့ ရှိမှာ မဟုတ်ပါဘူး။ ဆိုတော့ ယေဘုယျ အနေနဲ့ ကျနော့်အမြင် ပြောရရင်တော့ သူတို့ဟာ လူချစ်လူခင်ပေါများတဲ့လူတွေလို့ ယူဆလို့ရနိုင်ပါတယ်။

ငြမ်းမီဒီယာ – အစိုးရရဲ့ အခုလိုဖမ်းဆီးအရေးယူဆောင် ရွက်မှုအပေါ် ဒေသခံပြည်သူတွေရဲ့ သဘောထားက ဘယ် လို ရှိပါသလဲ။

UPK – ပါတီဝင်တွေပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေပဲဖြစ်ဖြစ် ဒီကိစ္စအပေါ် စိတ်မကောင်းဖြစ်နေ ရတာကလွဲပြီး ကျန်တာကတော့မရှိပါဘူး။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ဘယ်လို အကြောင်းတရားကြောင့်၊ ဘာကြောင့် လုပ်ဆောင် တယ်ဆိုတာ ဘယ်သူမှ ဃဂဏန မသိတော့လေ။ စိတ်မကောင်းတော့ဖြစ်ကြရတာပေါ့။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ ဆိုတာမျိုး တော့ရှိတာပေါ့။

ငြမ်းမီဒီယာ – တောင်ကုတ်၊ သံတွဲ၊ ဂွ ဆိုတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့သုံးမြို့ဟာ တည်ငြိမ်အေးချမ်းမှုအခြေအနေ ကောင်း တယ် ဆိုပြီးပြောကြပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်က ဂွမြို့နယ်မှာ ပစ်ခတ်မှုတချို့ဖြစ်ခဲ့တဲ့ သတင်းတွေ ကြား ရသလို၊ အခုလည်း တောင်ကုတ်မှာ အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူတဲ့ ဖြစ်စဉ်တွေရှိလာပြီဆိုတော့ ဒီမြို့နယ်တွေရဲ့ တည်ငြိမ် အေးချမ်းမှုကို လက်ရှိမှာ ဘယ်လိုသုံးသပ်မိပါသလဲ။

UPK – သံတွဲတို့၊ တောင်ကုတ်တို့၊ ဂွတို့ကတော့ အခုလက်ရှိမှာ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဘာမှလှုပ်လှုပ်ခတ်ခတ်တော့ မရှိပါဘူး။ ဒါပေမယ့် ဒီဖမ်းဆီးထားတဲ့လူတွေကို ဥပဒေအတိုင်း မှန်ရင်မှန်တယ်၊ မှားရင်မှားတယ်၊ အဲဒီလိုမှန်ကန် တဲ့ ဥပဒေလမ်းကြောင်း အတိုင်း ဆုံးဖြတ်ပေးသွားရင်တော့ ပြည်သူတွေလည်းကျေနပ်ကြမှာပါ။

ငြမ်းမီဒီယာ – အခုဖမ်းဆီးခံထားရသူတွေအတွက် တရားဥပဒေရဲ့ မျှတမှန်ကန်မှုကို ရနိုင်မယ်လို့ မျှော်လင့်ပါသလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UPK – အခုအချိန်ထိတော့ ကျနော်တို့မျှော်လင့်ချက်ရောင်ခြည်က အားနည်းတာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အကောင်းဆုံးတော့ ဖြစ်စေချင်ပါတယ်။ မတော်မတရားဖမ်းဆီးခံနေရတဲ့သူတွေ ကျန်းကျန်းမာမာနဲ့ ပြန်ပြီးလွတ်လာမှာကို မိသားစုတွေအားလုံးကတော့ မျှော်လင့်နေကြ တာပါပဲ။

ဗမာလူမျိုးတွေကို မုန်းတီးတဲ့ဝါဒ ကျနော်တို့မှာ လုံးဝမရှိပါဘူး။ သို့သော် ရခိုင်ပြည်ရဲ့ကံကြမ္မာ ကို …

ငြမ်းမီဒီယာ – လက်ရှိအစိုးရအပေါ် ရခိုင်ပြည်သူအများစုရဲ့အမြင်က ဘယ်လိုရှိတယ်လို့ အကဲခတ်မိပါသလဲ။

UPK – ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျနော်တို့ဒေသအနေအထားအရ ဖြေဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့ သဘောထား ကို ကျနော်တို့က စစ်တမ်းကောက် ထားတာလဲမရှိတော့ ဖြေဖို့ခက်ပါတယ်။

ငြမ်းမီဒီယာ – ရခိုင်ပြည်သူတွေအများစုရဲ့ စိတ်ခံစားချက်က အစိုးရနဲ့ ဗမာလူမျိုးဆိုပြီး ကွဲကွဲပြားပြားရောရှိနိုင်ပါသလား။

UPK – အဲဒါကိုပြောရရင် ဗမာကို ကျနော်တို့က တိုင်းရင်းသားညီအစ်ကိုတွေလို့ပဲ အသိအမှတ်ပြုတာပါ။ ဗမာကို ကျနော်တို့ ရန်သူ လို မမြင်ကြပါဘူး။ ကျနော်တို့ ရခိုင်အမျိုးသားပါတီကသော်လည်းကောင်း၊ ကျနော်တို့ရခိုင်ပြည်သူတွေရဲ့ လိုအပ်ချက်ကသော် လည်းကောင်း ဗမာတွေကို မုန်းတီးတဲ့ဝါဒ ထားကြတာ မဟုတ်ဘူး။ စနစ်တစ်ခုရဲ့ အလွဲအမှား တစ်ခုကိုပဲ ကျနော်တို့ ရှေ့ရှု ဦးတည် ပြီး ပြောကြတာပါ။ စနစ်အပြောင်းအလဲတစ်ခု ဖြစ်စေချင်တာပါပဲ။ ကျနော်တို့က ကျနော်တို့ပါတီရဲ့ မူဝါဒအတိုင်း ပြောတာပါ။

လောလောဆယ်ကတော့ လူမျိုးကိုအခြေခံတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုသွားဖို့ ကျနော်တို့ဦးတည်နေ …

ကျနော်တို့က ပါတီပိုင်းကဆိုတော့ ပါတီရဲ့မူဝါဒအရပဲ ပြောရမယ်။ ကျနော် တို့က ဗမာလူမျိုးတွေကို တိုက်နေတာ မဟုတ်ဘူး။ ဗမာ လူမျိုး မုန်းတီးရေးဝါဒကို ကျနော်တို့သွားနေတာမဟုတ်ဘူး။ ကျနော်တို့ရခိုင်လူမျိုးတွေရဲ့ ကံကြမ္မာကို ကျနော်တို့ ရခိုင်လူမျိုးတွေက ဖန်တီးခွင့်ရရေးဆိုတဲ့ Change တစ်ခုကိုသွားနေတာပါ။ အဲဒါကြောင့် ဗမာလူမျိုးတွေ၊ ဗမာတိုင်းရင်းသားတွေ အပေါ်မှာ ကျနော်တို့ ဘယ်လိုမှ သဘောမထားပါဘူး။ ညီအစ်ကိုလိုပဲကျနော်တို့ သဘောထား ပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်က တချို့ ရခိုင် တိုင်းရင်းသား မိသားစုတွေမှာလည်း ဗမာလူမျိုး တွေနဲ့အိမ်ထောင်ကျပြီး ဆက်နွယ်နေတာတွေ ရှိတာပဲ။ ရွေ့ ပြောင်း လာရောက် နေထိုင်သူတွေလည်းအများကြီး ရှိကြတာပဲ။ ဒါကြောင့် ဗမာလူမျိုးတွေကို မုန်းတီးတဲ့ဝါဒ ကျနော်တို့မှာ လုံးဝမရှိပါဘူး။သို့သော် ရခိုင်ပြည်ရဲ့ ကံကြမ္မာ ကို ရခိုင်တိုင်းရင်းသား ကိုယ်စားပြုပါတီတွေက ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် ရရှိရေးဆိုတာကိုပဲ ကျနော် တို့ရှေ့ရှုပါတယ်ခင်ဗျား။

ငြမ်းမီဒီယာ – ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် ရှေ့ ရှုတယ်ဆိုတဲ့နေရာမှာ Confederate ကိုဦးတည်တာလား၊ Federal ကိုဦးတည်တာလား။ ဒီနှစ်ခုရဲ့ ခြားနားမှုကိုရော ဘယ်လောက်ထိ ကွဲကွဲပြားပြားရှိကြပါသလဲ။

UPK – ဒါကတော့ အဓိကနိုင်ငံရေးခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေပဲသိမယ်လေ။ ပြည်သူတွေ အနေနဲ့ကတော့ အဲဒီ လောက်အထိ ကွဲကွဲပြားပြားသိထားနိုင်ဖို့ ခဲယဉ်းပါတယ်။ ကျနော်တို့ ကတော့ ပါတီရဲ့မူအတိုင်းပဲပြောပါမယ်။ ဒီထက်ပိုပြီး ကျနော့်မှာပြောခွင့် ဆိုခွင့် လည်း မရှိပါဘူး။ ကျနော်တို့မှာက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်ရင် ဥပဒေပြု ခွင့်၊ အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့် အဲဒီအချက်တွေကိုပဲ အခြေခံပြီးသွားနေပါတယ်။ခု လောလောဆယ် ကတော့ လူမျိုးကိုအခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကိုသွားဖို့ ကျနော်တို့ဦးတည်နေပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

UPK – ပြောရမယ်ဆိုရင်တော့ . . . မဟာပညာကျော် အမတ်ကြီးလျောက်ထုံးတစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ “ဆင်ချည် တဲ့ ကြိုးနဲ့ ကြက်ကိုမချည်ပါနဲ့၊ ကြက်ချည်တဲ့ကြိုးနဲ့လည်း ဆင်ကိုမချည်ပါနဲ့” ဆိုတဲ့စကားပါ။ အဲဒါကြောင့် ဥပဒေ ဆိုတာလည်း သူနဲ့သူ တန်ရုံပဲ ကောင်းပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,