ဘယ်သောခါမှလွတ်ပါ့မယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

worldlifestyle

နိုင်ငံသာ အဘက်ဘက် က ချွတ်ခြုံကျလာတာဗျ၊ အုပ်ချုပ်သူတွေ ကတော့ တစ်ယောက်မကျန် ချမ်းသာသွားတဲ့ လူတွေချည်းပါပဲ …

ဝဿန်ကာလမိုးဦးကျပြီဆိုတာနဲ့ မောင်မှတ်တို့ ရန်ကုန်မြို့ကြီးလဲ မိုးရေတက်ရေတဖွေးဖွေး ဖြစ်တော့တာပဲ။ မိုးရာသီကလည်း သူနဲ့အတူ ယင်ကောင်တွေ၊ ခြင်တွေ၊ ဝမ်းပျက် ဝမ်းလျောရောဂါတွေ၊ သွေးလွန်တုပ်ကွေးရောဂါတွေကိုပါ တပါတည်း ခေါ်ခေါ် လာတတ် တယ်ဗျ။

မြန်မာနိုင်ငံရဲ့ အဖွံ့ဖြိုးဆုံးမြို့တော်တစ်ခုဖြစ်တဲ့ ရန်ကုန်မှာတောင် ဒီပြဿနာတွေနဲ့ မကင်းနိုင်တော့ တခြားသော နိုင်ငံတဝန်းက မြို့တွေမှာ ဆိုဖွယ်ရာမရှိလို့ပဲ ယေဘုယျ ကောက်ချက်ချမိပါတယ်။

တချို့ဆင်ခြေဖုံးမြို့နယ်တွေမှာ မိုးတစ်ကြိမ်လောက်စရွာတာနဲ့ ရပ်ကွက်လူကြီးတွေ ရာအိမ်မှူးတွေက ရေနုတ်မြောင်းတွေ ဖော်ဖို့ လိုက် ပြောပြီ။ ကိုယ့်အိမ်ရှေ့ကိုယ်ဖော်၊ ကိုယ်တိုင်မလုပ်နိုင် ပိုက်ဆံပေးပြီးလုပ်ခိုင်း။ ခုနောက်ပိုင်းဆို ပိုက်ဆံပေးတာတောင် အလုပ်သမား ရှာလို့မရဘူးခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သာမန်ပြည်သူတွေရဲ့ဘဝမှာ ပြောစမှတ် ဖြစ်လောက် အောင် အပြောင်းအလဲလေး တစ်ခုတစ်လေတောင် မကြုံခဲ့ရဘူး။ အဲဒါကြောင့် …

ဒီကိစ္စက ခုမှမဟုတ်ပါဘူး။ ဟိုး မောင်မှတ်ငယ်ငယ်လေးကတည်းကပါ။ ခုဆိုမောင်မှတ်တောင် (၄၀) တန်းထဲ ရောက်နေပြီ။ မိုးရာသီရောက်တိုင်း ရေနုတ်မြောင်းဖော်လိုက်၊ ခြင်ဆေးလေးဖြန်း လိုက် လုပ်လာတာ နှစ်တွေမနည်းတော့ဘူးဗျ။ ခုထိလည်း လုပ်နေရတုန်း။ ဆိုတော့ ဒီရေမြောင်းတွေကို တစ်နှစ်တစ်ခါ ဖော်နေစရာမလိုအောင် လုပ်လို့မရနိုင်ဘူးလား။ “ တစ်ခါတည်း ကြာကြာခံအောင်လုပ်ထားလိုက်ပြီးရောပေါ့ဗျာ” လို့ ရပ်ကွက်လူကြီးကို သွားလျှာရှည်မိတယ်။

ရပ်ကွက်လူကြီးက “ မင်းပိုက်ဆံစိုက်မလား” ဆိုတော့ မောင်မှတ်လည်း ဘာမှပြန်မပြောနိုင်တော့ဘဲ ခပ်လျှိုလျှိုနဲ့ နေလိုက်ရ တယ်။ စကားနည်းရန်စဲ နေလိုက်ရပေမယ့် စိတ်ထဲကတော့အဲဒီမေးခွန်းကို သဘာဝမကျဘူးဆိုတာ သိနေတယ်။

တစ်နှစ်ပြီးတစ်နှစ် ကုန်သွားလို့ အသက်တွေသာကြီးလာတယ်၊ မောင်မှတ်တို့ သာမန်ပြည်သူတွေရဲ့ဘဝမှာ ပြောစမှတ် ဖြစ်လောက် အောင် အပြောင်းအလဲလေး တစ်ခုတစ်လေတောင် မကြုံခဲ့ရဘူး။ အဲဒါကြောင့်ပဲ ဖြစ်မယ်။ သေသွားတဲ့ မောင်မှတ်တို့ အဖိုး တိုင်းရေးပြည်ရေးနဲ့ ပတ်သက်တာ ပြောဖို့စကားကြုံတိုင်း အင်္ဂလိပ်ခေတ်ကအခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး စပြောတော့တာပဲ။ အဲဒီတုန်းကတော့ ကလေးအတွေးနဲ့ အဖိုးအပေါ် အမြင်တမျိုးမြင်ခဲ့မိတာတွေလဲ ရှိတာပေါ့။

နယ်ချဲ့အင်္ဂလိပ်တွေကို အထင်ကြီးတယ်တို့ ဘာတို့ ကြီးကြီးကျယ်တွေ ပြောမိခဲ့တာတွေလဲ ရှိခဲ့ပါရဲ့။ အခု အသက်ကလေးရလာ တော့မှ အဖိုးအပေါ် နားလည်လာမိတယ်။ ကိုယ်တိုင်လဲ ကျောကော့အောင် ခံခဲ့ရပြီကိုး။ ကြည့်လေ မနေ့တစ်နေ့ကမှ အင်္ဂလိပ်က လွတ်လပ်ရေး အတင်းပေးလိုက်ရတဲ့ ဟောင်ကောင်ဆိုပါတော့၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့စတဲ့ အရေးပေါင်းများစွာ မောင်မှတ်တို့ထက် အပုံကြီးသာနေ တယ်လေဗျာ။

မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကင်းမဲ့လို့ မဟုတ်ရပါဘူး။ သူ့ကျွန်ဘဝကို ပျော်မွေ့လို့လည်း မဟုတ်ရပါဘူး။ အခွင့်အရေးရှိလျှက်နဲ့ အကျိုးရှိအောင်အသုံးချပြီး ဖြစ်သင့်သလောက် မဖြစ်ခဲ့တဲ့ ကိုယ့်တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်မိလို့ပါ။

တွက်ကြည့်လေ၊ အင်္ဂလိပ်လက်အောက်မှာ နေခဲ့ရတာက နှစ်ပေါင်း (၆၀) ကျော်၊ ကိုယ့်လက်ကိုယ်ခြေနဲ့ လုပ်ခွင့်ရခဲ့တာက လည်း နှစ်ပေါင်း (၇၀) နီးပါး ရှိနေခဲ့ပြီ။ နိုင်ငံနဲ့ပြည်သူရဲ့ ဘဝတွေ ဘယ်လောက်ထိ တိုးတက်ကောင်းမွန် လာခဲ့ပြီလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အင်္ဂလိပ်တွေ စနစ်တကျလုပ်ပေးခဲ့တဲ့ ရန်ကုန်မြို့ရဲ့ရေဆင်းစနစ်တွေကိုတောင် ထိန်းသိမ်းပြီး ပိုကောင်းအောင် ဆက်လုပ်ဖို့ဝေးစွ ရှေ့မတွေးနောက်မတွေး စိတ်ကူးပေါက်သလို လုပ်လိုက်ကြတာ ကဲ အခုတော့ မြင်တဲ့အတိုင်းပဲလေ။ ဒီကြားထဲ မနှစ်တုန်းလောက် ဆီက ကြားလိုက်ပါသေးတယ်၊ ဘာတဲ့ . . . ရန်ကုန်ထဲက လမ်းတွေမှာ ရေလျှံတဲ့ ပြဿနာကို နိုင်ငံခြားက နည်းပညာအကူအညီယူပြီး ဖြေရှင်းဦးမယ်ဆိုလားပဲ။ အဲဒီလိုဖြေရှင်းနည်းကို ခဲရာခဲဆစ် စဉ်းစားပြီး ထုတ်ဖော်ပြောဆိုတတ်တဲ့ပုဂ္ဂိုလ်ကို တခန်းတနားဂုဏ်ပြုသင့်တာပေါ့ဗျာ။

အုပ်ချုပ်သူ အဆက်ဆက်ကလည်း နိုင်ငံနဲ့လူမျိုးကို ချစ်လိုက်ကြတာတုန်လို့။ နို့ မေးစမ်းပါရစေ။ ဒီလောက်တောင် ချစ်ရက်နဲ့ နိုင်ငံကောင်းအောင် ဘာလို့မလုပ်ကြ တာလဲ …

ဒီလိုအကြံကောင်းဉာဏ်ကောင်းတဲ့လူတွေတာဝန်ယူဆောင်ရွက်နေမှတော့ မောင်မှတ်တို့နိုင်ငံကြီး ဒီလိုဖြစ်နေတာ အံ့သြစရာမရှိ ပါဘူး။

ဒီကိစ္စကကြာတော့ကြာပါပြီ။ဒါပေမယ့် အဲဒီတုန်းကဆို ပြောတဲ့သူတော့ ဘယ်လိုနေလဲမသိပါဘူး။ မောင်မှတ်ကတော့ အဲဒီသတင်း ဖတ်မိပြီး ငါတို့မြန်မာတွေ မိုးရွာလို့လမ်းပေါ်ရေလျှံတာတောင် နိုင်ငံခြားက နည်းပညာအကူအညီရမှ ဖြေရှင်းနိုင်တဲ့ဘ၀ ရောက်နေ ပါရောလားလို့ အခုထက်ထိ တွေးမိပြီး ရှက်လိုက်တာဗျာ။ မြန်မာနိုင်ငံမှာ မိုးရွာလို့ လမ်းပေါ်ရေလျှံတာကို ဖြေရှင်းနိုင်တဲ့ မြို့ပြ အင်ဂျင်နီယာတွေ တကယ်ပဲ မရှိဘူးတော့ဘူးလား။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနက တာဝန်ရှိသူတွေက ဒီလိုမြို့ပြရေးရာ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်သူတွေ မဟုတ်ကြဘူးလား။ ဒါဆိုသူတို့ရဲ့ ကျွမ်းကျင်မှုက ဘယ်လို အလုပ်မျိုးတွေလဲ။ သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ သူတို့ရဲ့အရည်အသွေးက မောင်မှတ်မသိနိုင်တဲ့ တစ်ခုခုလဲ ဖြစ်နေနိုင်တာပေါ့လေ။ အရည်အချင်းတစ်ခုခုရှိလို့သာ ဒီလိုနေရာတွေ ရောက်နေတာပေါ့။

လွတ်လပ်ရေးရခဲ့တာလဲ (၆၈) နှစ်ရှိပြီ။ အဲဒီ (၆၈) နှစ်လုံးကိုယ့်လူမျိုးတွေပဲ အုပ်ချုပ်ခဲ့တာပါ။ အုပ်ချုပ်သူ အဆက်ဆက်ကလည်း နိုင်ငံနဲ့လူမျိုးကို ချစ်လိုက်ကြတာတုန်လို့။ နို့ မေးစမ်းပါရစေ။ ဒီလောက်တောင် ချစ်ရက်နဲ့ နိုင်ငံကောင်းအောင် ဘာလို့မလုပ်ကြ တာလဲ။

တစ်ယောက်ပြီးတစ်ယောက်သာ ပြောင်းသွားတယ် ပြည်သူကတော့ ကျပ်သထက် ကျပ်လာတာပဲတွေ့နေရတယ်။ ပြည်သူထဲ မောင်မှတ်လဲပါသပေါ့ဗျာ။ နောက်ဆုံးတော့ နိုင်ငံနဲ့လူမျိုးကို ချစ်လှချည်ရဲ့ ဆိုသူတွေကိုကြည့်ပြီး ရွာက ကစော်သမားဖိုးအေးကို သွားသွားသတိရမိသဗျာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖိုးအေးဆိုတာ ရွာမှာတော့ ကြုံရာကျပန်းလုပ်ပြီး ရသမျှ ကစော်စုပ်နေတဲ့ တစ်ကိုယ်တည်း သမားပေါ့။ သောက်စရာမရှိမှ ထ အလုပ် လုပ်တတ်သူ။ နဖူးစာရွာလည်ချင်တော့ ရွာတောင်ပိုင်းက အပျိုကြီးမလုံးတင်နဲ့ သရိုးသရီဖြစ်ကြရော။

မလုံးတင်က မိဘအမွေတွေရပြီး ပစ္စည်းဥစ္စာ အထုပ်အထည်နဲ့ လယ်ပိုင်ယာပိုင်ဆိုတော့ တောက်တိုမယ်ရ ခေါ်ခိုင်းရင်း ဖိုးအေးနဲ့ အိုးချင်းထိမိကြသပေါ့ဗျာ။

တိုတိုပြောရရင် ဖိုးအေးက မလုံးတင်ကို ချစ်လှပါတယ် ကြိုက်လှပါတယ် ပြောပြောပြီး ရသမျှခွာယူ၊ သူလဲ ကစော်စုပ် သူကျိတ်ပိုးနေတဲ့ မြရင်ကိုလဲပေးနဲ့ နောက်ဆုံးတော့ မလုံးတင်ခမြာ ရှိသမျှဖြူခါပြာကျ သွားရတဲ့ ဇာတ်လမ်းဗျ။

အခုလဲ မောင်မှတ်တို့ပြည်သူတွေမှာ ချစ်လှပါတယ်ဆိုတဲ့ စကားသံကြားမှာပဲ လူမွေးလူတောင် မပြောင်တဲ့ဘဝကို တဖြည်းဖြည်း ရောက်ရောက်လာသလားလို့ပါဗျာ။ ကြည့်လေ မောင်မှတ်တို့ငယ်ငယ် မဆလခေတ်က ဆန်တစ်ပြည် နှစ်ကျပ်ခွဲနဲ့ သမဆိုင်မှာ တန်းစီဝယ်ခဲ့ရဖူးတယ်။ ဟော အခုတော့ဆန်တစ်ပြည် (၁၅၀၀) တောင် ဖြစ်နေပါရော့လား။ ဆန်တပြည် နှစ်ကျပ်ခွဲခေတ်က အဖေ့လစာ (၃၀၀) လောက်နဲ့ မောင်မှတ်တို့ မောင်နှမငါးယောက်ကို လူတန်းစေ့ကျွေးမွေးနိုင်တယ်ဗျ။

ကဲ အခု မောင်မှတ်လစာ နှစ်သိန်းနဲ့ အိမ်ရှင်မလစာ တစ်သိန်းခွဲ၊ စုစုပေါင်း သုံးသိန်းခွဲတောင် သားသမီးသုံးယောက်ကို ခါးလှအောင် မဆင်နိုင် ရှာဘူးဗျာ။ ဒါတောင် အငယ်ကောင် ဒီနှစ်ကျောင်းမထားရသေးလို့ ခံသာတာ။သုံးယောက်လုံး ကျောင်းတက်ပြီဟေ့ဆိုရင်ဖြင့် တစ်နေ့တစ်ခွက်သောက်နေကျ လ္ဘက်ရည်ကိုလည်း ဖြတ်ရတော့မှာပဲ။

ပါလီမန်ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ခေတ်၊ စစ်အစိုးရခေတ်၊ အခုဒီမိုကရေစီလို့ ပြောနေတဲ့ခေတ်ပေါ့။ တစ်ခေတ်ထက်တစ်ခေတ် ပိုကောင်းလာတယ်ဆိုတာတော့ မတွေ့မိပါဘူးဗျာ။

ဒိုင်းဝန်ထက်ကဲတဲ့ မောင်ပုလဲတွေချည်းတွေ့ တွေ့ နေရမှတော့ ကောင်းမလာတာလဲ ဆန်းတော့မဆန်းပါဘူး။ နိုင်ငံသာ အဘက်ဘက် က ချွတ်ခြုံကျလာတာဗျ၊ အုပ်ချုပ်သူတွေ ကတော့ တစ်ယောက်မကျန် ချမ်းသာသွားတဲ့ လူတွေချည်းပါပဲ။ မောင်မှတ်တို့ ပြည်သူတွေ ကတော့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အရေးပေါင်းများစွာအတွက် စိုးရိမ်သောကတွေ တစ်နှစ်ထက်တစ်နှစ် ပိုပို များလာရတယ်ဗျ။

မောင်မှတ်တို့တုန်းက ဆယ်တန်းအောင်ရင် အလုပ်တစ်ခုဆိုတာ သေချာပေါက်ရနိုင်သေး တယ်။ ကဲ အခုခေတ်မှာတော့ ဆယ်တန်းအောင်မပြောနဲ့ ဘွဲ့ရတောင် အလုပ်တစ်ခုရဖို့ မသေချာတော့ဘူး။ ကပ်သတ်ပြီး ဒါဆိုမင်း ရဲထဲဝင်၊ တပ်ထဲဝင်လို့တော့ မပြောနဲ့ပေါ့ဗျာ။ နိုင်ငံတဝန်း ရှိသမျှတက္ကသိုလ်တွေက နှစ်စဉ်ထွက်လာတဲ့ ဘွဲ့ရတွေအားလုံး ရဲထဲ၊ တပ်ထဲ ဝင်ခိုင်းလို့မရဘူးလေ။

ခုနစ်တန်းအောင်ရင် အလုပ်ရတယ်တို့၊ ဘွဲ့ရရင် နယ်ပိုင်ဖြစ်တယ်တို့ဆိုတာ မောင်မှတ်တို့ ငယ်ငယ်က အဖိုးပြောပြ တဲ့ ရှေးဖြစ် ဟောင်းအောက်မေ့ဖွယ်ထဲက ပုံပြင်ဆန်ဆန်ကိစ္စတွေလို ဖြစ်ကုန်ပြီ။ အဲဒီအချက်က ဘာကိုပြနေသလဲဆိုတော့ ပညာရေးစနစ်ရဲ့ အဆင့်အတန်း ဘယ်လောက်နိမ့်ကျသွားသလဲဆိုတာကို ပြနေတာပဲဗျ။

အခုခေတ် သာမန် (၁၀) တန်းအောင်တွေ ထဲမှာ အင်္ဂလိပ်လိုရေးထားတဲ့ အလုပ်လျှောက်လွှာတောင် မှန်အောင်မဖြည့်နိုင် သူတွေ အများကြီး။ မယုံမရှိနဲ့၊ မောင်မှတ်တို့ ဆွေမကင်းမျိုးမကင်းထဲမှာကို ရှိတယ်ဗျ။အဲဒီလိုအဆင့်မရှိတဲ့ ပညာရေးကိုတောင် လူတိုင်းလက်လှမ်းမမီလို့ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေသိန်းနဲ့ချီပြီ ရှိနေ သေးတယ်လေ။ ပညာရေး အဆင့်အတန်းရှိရှိ ဖြစ်စေချင်လို့ ကျောင်းသားတွေတောင်းဆိုတော့လဲ အရိုက်အနှက်ခံရရုံမက ထောင်ထဲထည့် တရားစွဲခံရပြန်ရော။

အင်္ဂလိပ်ကျွန်ဘဝကလွတ်ပြီး ကိုယ့်လူမျိုးအချင်းချင်း ပြန်ကျွန်ပြုနေတာများလားလို့တောင် တစ်ခါတစ်ခါ စိတ်အချဉ်ပေါက်ပြီး တွေးမိ တယ်။ တကယ်သာ ကိုယ့်လူမျိုးအပေါ် စေတနာ ကောင်းရှိရိုးမှန်ရင် အလုပ်နဲ့သာ သက်သေပြကြစမ်းပါဗျာ။ အောက်ခြေက မကောင်းလို့ မပြောင်းလဲတာတို့၊ မူကောင်းပြီး လူမကောင်းတာတို့ ဆိုတဲ့စကားတွေ ဘယ်လိုပြောပြော မောင်မှတ်တို့ကတော့ ကိုယ့်ရဲ့နှစ်လေးဆယ်အတွေ့အကြုံအရ ယုံကြည်စရာကောင်းသူ တွေ့ကိုမတွေ့ဖူးပါဘူး။

မောင်မှတ်လဲ မသေခင်လေးတော့ တိုးတက် သာယာတဲ့ ခေတ်ကောင်းတစ်ခုကို မြင်တွေ့သွားချင်လှပါရဲ့ဗျာ။ သူများနိုင်ငံတွေလို ရှေ့မရောက်ရင်လည်း နေပါစေတော့ …

စဉ်းစားကြည့်လေ၊ အောက်ခြေကမကောင်းရင် အရေးယူပေါ့၊ ကောင်းတဲ့လူကို ထပ်ခန့်ပေါ့။ အခုက မကောင်းဘူးသာပြောနေတာ လက်တွေ့ကျ အရေးမယူနိုင်ဘူး။ ဘယ်အရေးယူနိုင်ပါ့မလဲ၊ ကိုယ်ကိုယ်တိုင်လဲ ဖြောင့်ဖြောင့်မတ်မတ်မှမရှိတာ။ မူကောင်းပြီး လူမကောင်းတာ ဆိုတဲ့စကားကလည်း တကယ်တော့ မိုးကြိုးကိုထန်းလက်နဲ့ကာတဲ့ စကားပါ။

မောင်မှတ်တို့ အောက်ခြေပြည်သူတွေက အများကြီးမမျှော်လင့်ပါဘူးဗျာ။ နိုင်ငံရေးအာဏာတွေ၊ လုပ်ပိုင်ခွင့်တွေလဲ စိတ်မဝင် စားဘူး။ ပညာရေးတို့ ကျန်းမာရေးတို့လောက်ကိုသာ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ရင်တောင် မောင်မင်းကြီးသားတွေကို ကြံဖန်ကျေးဇူးတင်မယ့်လူတွေ မနည်းဘူး။ ခုတော့ ဆေးဖိုးမရှိလို့ ချောင်းတောင်မဆိုးရဲတဲ့ဘ၀ ရောက်နေတဲ့လူတွေ အများကြီး။

ဆေးဖိုးဆိုလို့ အင်္ဂလိပ်ဆေးချည်းပဲ မဟုတ်ဘူး၊ တိုင်းရင်းဆေးတောင် မဝယ်နိုင်ကြတာ။ ဆေးရုံတက်တယ်ဆိုတာကတော့ အိမ်မှာဘယ်လိုမှ ထားလို့ မရတဲ့ အခြေအနေမျိုးရောက်မှပါ။ မိသားစုဝင်တစ်ယောက် ဆေးရုံတက်ရပြီဆိုရင်လဲ တစ်မိသားစုလုံး အလုပ်ပျက်အကိုင်ပျက်ဖြစ်ရုံမက စုထားဆောင်းထားလေးများမရှိရင် အခက်ကြုံရပြီသာမှတ်ပေတော့။ မယုံမရှိနဲ့ဗျာ။ မောင်မှတ်ကိုယ်တွေ့ပါ။

မနှစ်က ခုလိုရာသီ မောင်မှတ်သား အလတ်ကောင် သွေးလွန်တုပ်ကွေးဖြစ်တာ ဆေးရုံနှစ်ပတ်တက်လိုက်ရသေးတယ်လေ။ အဲဒီ နှစ်ပတ်အတွက် မောင်မှတ်တို့ လင်မယားနှစ်ယောက် ငါးလလောက် အငတ်ငတ်အပြတ်ပြတ် အကြွေးဆပ်လိုက်ရပါရောလား။

ဒီလိုအခြေအနေတွေက ဘယ်ခေတ်ဘယ်ကာလရောက်မှလွတ်မြောက်နိုင်ပါ့မလဲ။ မောင်မှတ်လဲ မသေခင်လေးတော့ တိုးတက် သာယာတဲ့ ခေတ်ကောင်းတစ်ခုကို မြင်တွေ့သွားချင်လှပါရဲ့ဗျာ။ သူများနိုင်ငံတွေလို ရှေ့မရောက်ရင်လည်း နေပါစေတော့။ အဖိုး ပြောပြခဲ့တဲ့ သူတို့ခေတ်လောက်ပဲ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေ အဆင်ပြေရင် တော်လှပါပြီ။ဒီလိုပြောလို့ မောင်မှတ်ကို နောက်ကြောင်းပြန်လှည့်ချင်သူကြီးလို့ စွပ်စွဲချင်လည်း စွပ်စွဲလိုက်ကြပါတော့။

မောင်မှတ် ဒီစာလေး ရေးထားတာတော့ကြာပါပြီ။သို့ပေသိ ဒီစာလေး ပြန်ဖတ်မိတော့ အခြေအနေတွေက ဒီလိုပါပဲလား ၊မပြောင်းလဲ သေးပါလား၊မပြင်နိုင်သေးပါလားလို့ ဆင်ခြင်မိပါတယ်။ ဒီအတွေးနဲ့ပဲ ဒီစာကို ပြန်မျှဝေခြင်းပါပဲ။ ကျန်းမာဘေးကင်းကြပါစေသား။

အောင်ပေါ်ထွန်း


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,