ဘာသာမတူ လူမျိုးမတူပေမယ့် မြန်မာနိုင်ငံသား အားလုံး စည်းလုံးညီညွတ် ဖို့လိုပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UMA Fb / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး

ဒါနိုင်ငံရေးပြဿနာပါ။နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း နဲ့ ဖြေရှင်းဖို့လိုပါတယ်။ အဲ့လိုမဟုတ်ဘဲ ဘာသာရေးဆန်ဆန် လူမျိုးရေးဆန်ဆန် သွားလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ပျက်ကိန်းနဲ့ကြုံမယ် …

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများ၊ပြည်ပမီဒီယာများရဲ့ သတင်း ဖော်ပြမှုများ၊ ပဋိပက္ခအခြေအနေများကို အကြောင်းပြု ကာ Twitter၊Facebook လူမှုကွန်ရက်များတွင် ရေးသား ဖော်ပြနေမှုများနှင့် ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီ အရေးတွင် အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်နေသူ  ဦးမြအေးကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်ပါသလဲ။

UMA – လက်ရှိကျွန်တော်ကြားသိရတဲ့အခြေအနေအရ မြန်မာပြည်ရဲ့အနာဂတ် အရမ်းစိတ်ပူနေရတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခြေအနေက တော်တော် ဆိုးဝါတဲ့ အခြေအနေတစ်ရပ်ဖြစ်နေတယ်လို့ ကျွန်တော်နားလည်ထားပါတယ်။ အဲ့တော့ ဒီအခြေအနေက လွတ်မြောက်အောင် အားလုံးဝိုင်းကြိုးစားဖို့လိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ -နိုင်ငံတကာ မီဒီယာတွေမှာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးသတင်းဖော်ပြမှုတွေကို ဘယ်လိုသုံးသပ်ပါသလဲ။

UMA – နိုင်ငံတကာ မီဒီယာတွေရော ပြည်တွင်းက မီဒီယာတွေရော က ဖြစ်တဲ့နေရာ ကို ကွင်းဆင်းပြီး အချက်အလက်စုဆောင်း နိုင်တဲ့အခြေအနေမှာ မရှိဘူးလေ။ ဘယ်ဟာ အမှန်လဲ ဘယ်ဟာ အမှားလည်ဆိုတာ ဝေခွဲရခက်ပါတယ်။ဒီနေရာမှာသူ့ဘက် ငါ့ဘက် ဘက်ဆိုတဲ့နေရာနဲ့ စဉ်းစားရမှာ မဟုတ်ဘူးလို့မြင်တယ်။ လက်ရှိ ပကတိ အခြေအနေကို သိနိုင်အောင်ကျွန်တော် ကြိုးစားရမယ်။ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံ အခြေအနေက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်လို့ မြင်နေရတယ်။ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ အဲ့လို ဖြစ်နေတာကို လုံးဝ စိတ်မကောင်းပါဘူး။ ဒီလို ဖြစ်ပျက်နေတာ နဲ့ ပတ်သက်လို့ ဘယ်ဟာအမှန်လည်းဆိုတာ ဝေခွဲလို့မရပါဘူး ။ကျွန်တော် ရိုးရိုးသားသား ပြောတာပါ။အခြေ အနေ မှန်တွေကို သိနိုင်အောင် ပြည်တွင်း ပြည်ပမီဒီယာ တွေအနေနဲ့ လည်း စစ်စစ် ပေါက်ပေါက် ဝင် လေ့လာ ဖို့ လိုသလို အစိုးရ ကလည်း ခွင့်ပြုချက်ပေးဖို့ လိုမယ် ထင်တယ်။သေချာတာ တစ်ခုကတော့ ဒီပြဿနာဖြစ်နေ တဲ့ဒေသမှာ ရခိုင် လူမျိုးတွေပဲဖြစ်ဖြစ် အစ္စလာမ် ဘာသာဝင် တွေပဲ ဖြစ်ဖြစ် အကုန်းလုံး ပျက်စီး ကုန်တာအမှန်ပဲ။ နှစ်ဖက်လုံး ပျက်စီးကုန်တာ။ ပျက်စီးနေတာတွေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ အရေးကြီးတယ်။

အကြမ်းဖက်ဝါဒကို ကျွန်တော် လက်မခံဘူး။ အကြမ်းဖက် ဖြေရှင်းမှုကလည်း ရလဒ်ကောင်း ထွက်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ဘူး …

ငြမ်းမီဒီယာ -လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ငြိမ်းချမ်းစွာနေထိုင်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ ကို ကိုမြအေး အနေနဲ့ဘယ်လိုသတင်းစကားပါးချင်လဲ။

UMA – ကျွန်တော်ထူးထူးခြားခြား အစ္စလာမ်ဘာသာဝင်တွေကို မှာကြားစရာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ မွတ်စလင်တွေရဲ့သမိုင်းမှာ အကြမ်းဖက်တယ်ဆိုတာ မရှိခဲ့ဘူး။ အကြမ်းဖက်ဝါဒ ကိုလည်း လက်မခံဘူး။ ကျွန်တော်တို့က ရှင်းတယ်။အဲ့လိုပဲ အကြမ်းဖက်ဝါဒကို အကြောင်းပြပြီးမှ အပြစ်မဲ့ ပြည်သူတွေ သေကြေ ပျက်ဆီး တာ ကလေး တွေ၊မိန်းမ တွေ အကုန်လုံး သေတာ အဲ့ဒါမျိုးကိုလည်း ကျွန်တော် လက်မခံနိုင် ဘူး။ကျွန်တော် အနေနဲ့ပြောမယ်ဆိုရင် အကြမ်းဖက်ဝါဒကို လက်မခံဘူး။ အကြမ်းဖက် ဖြေရှင်းတာလည်း ရလဒ် ကောင်းတစ်ခု ထွက်မယ်လို့ မယုံကြည်ဘူး။ဘယ် ဘာသာ ဝင်ပဲ ဖြစ်ဖြစ် ဘာလူမျိုးပဲ ဖြစ်ဖြစ် ဒီနေရာမှာ မြေစာပင် ဖြစ်သွားတဲ့ လူသားတွေ အားလုံးအတွက် ကျွန်တော်စိတ်မကောင်းဘူး။အဲ့ဒါ ကျွန်တော့် သဘောထားပဲ။ မြန်မာမွတ်စလင်တွေကို ထူးထူးခြားခြား မှာစရာကို အကြောင်းမရှိတာ။မြန်မာ မွတ်စလင်တွေကို ကျွန်တော် ယုံကြည်တယ်။ သူတို့ဟာ ဘယ်တုန်းကမှ နိုင်ငံပေါ်မှာသစ္စာဖောက်ခဲ့တာ မရှိသလို အကြမ်းဖက်ဝါဒကို လည်းဘယ်တုန်းကမှ လက်မခံခဲ့ဘူး။ ဒါသေချာတယ်။ အဲ့ဒီအတွက် ကျွန်တော်ကတော့ ထူးထူးခြားခြား မှာစရာမရှိဘူး။ကျွန်တောကိုယ်တိုင်လဲ အဲ့ဒီအတိုင်း ရပ်တည်တာဖြစ်တယ်။

ဘာသာတရားတစ်ခုနဲ့တစ်ခုက စော်ကားရမှာ မဟုတ်ဘူး။နောက်တစ်ခုက ဆဲကြ ဆိုကြ ၊ငါ့လူမဟုတ်ရင် သူ့လူကို သတ်ဆိုတဲ့ ရေးနေကြတာတွေက အဲ့ဒါတွေ အကုန်လုံး အတွက် ကျွန်တော်စိတ်မကောင်းဘူး။ ရွံတယ်ဗျာ။ဒါတွေ အွန်လိုင်းပေါ်မှာ ပျံ့နေတာက မီးလောင်ရာ လေပင့်သလို ဖြစ်နေတယ်။အဲ့ဒါတွေနဲ့ …

ငြမ်းမီဒီယာ – လက်ရှိ အင်တာနက်ပေါ်မှာ ပျံ့နေတဲ့ လူငယ်တချို့ရဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ကိုမြအေးအနေနဲ့ ဘာများပြောချင် ပါသလဲ။ဒါက အန္တရယ်များတဲ့ အခြေအနေတစ်ခုလို ပြောလို့ရမလား။

UMA – ကျွန်တော်နှစ်ဘက်စလုံးကို ပြောချင်တာ။ဗီဒီယိုဖိုင်နှစ်ခုတွေ့တယ်။ တစ်ခုဆို အစ္စလာမ် ဘာသာ ဝင်တွေ ကိုးကွယ် တဲ့ ဘုရားသခင် ကို တိုက်ရိုက် စော်ကားပြီး ပြောထားတာ။ အစ္စလာမ် ဘာသာဝင် တွေကို စော်ကားထားတဲ့ ဗီဒီယို ကလစ်ကို တွေ့တယ်။ အဲ့လိုပဲ မွတ်စလင်ကလေးတွေလို့ ယူဆရတဲ့ ဘယ်ကမှန်းမသိတဲ့ လူငယ်တွေက ဗုဒ္ဓဘာသာ ဝင်တွေကို စော်ကား တယ်။ဒါက အဓိပ္ပယ်မှမရှိတာ။ အဲ့ဒါတွေကို ကျွန်တော် လက်မခံနိုင် ဘူး။ဘာသာတရားတစ်ခုနဲ့တစ်ခုက စော်ကားရမှာ မဟုတ်ဘူး။နောက်တစ်ခုက ဆဲကြ ဆိုကြ ၊ငါ့လူမဟုတ်ရင် သူ့လူကို သတ်ဆိုတဲ့ ရေးနေကြတာတွေက အဲ့ဒါတွေ အကုန်လုံး အတွက် ကျွန်တော်စိတ်မကောင်းဘူး။ ရွံတယ်ဗျာ။ဒါတွေ အွန်လိုင်းပေါ်မှာ ပျံ့နေတာက မီးလောင်ရာ လေပင့်သလို ဖြစ်နေတယ်။ အဲ့ဒါတွေနဲ့ပတ်သက်လို့ အစိုးရကိုလည်း တောင်းဆိုချင်တယ်။ အဲ့ဒီကိစ္စတွေကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်ဖို့လိုသလို ဒီမိုကရက်တစ် အင်အားစုတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းပြီးတော့ ကာရလိမ့်မယ်လို့မြင်တယ်။ မဟုတ်လို့ဆိုရင် တိုင်းပြည်ချောက်ထဲ ကျလိမ့်မယ်။ ကျွန်တော်ပြောတာက မွတ်စလင်ကပဲ ဖြစ်ဖြစ်၊ဗုဒ္ဓဘာသာ ကပဲ ဖြစ်ဖြစ်၊ တခြား ဘယ်ဘာသာကဖြစ်ဖြစ် ဘာသာတစ်ခုနဲ့တစ်ခု စော်ကားထိပါးတာ လူယဉ်ကျေးတွေ ရဲ့လုပ်ရပ်မှ မဟုတ်တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ-ခုဆိုရင်လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ် နဲ့ တွစ်တာ တွေပေါ်မှာ နိုင်ငံရဲ့ဖြစ်ပေါ် နေတဲ့ အခြေအနေတွေကို တစ်ဦးချင်းစီ အမြင်မျိုးစုံနဲ့ တက်ရေးနေတာ တွေ့ရတယ်။တချို့အရေးအသားတွေက ပဋိပက္ခကို ပိုဖြစ်စေနိုင်သလို နိုင်ငံတကာကိုလည်း ပြန့်နှံ့သွားတာ။ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

UMA – ဘယ်လောက်ပဲတိုက်တိုက် ဘယ်လောက်ပဲ ထိုးထိုး ကျွန်တော်တို့က မှန်မှန် ကန်ကန် လုပ်တယ်ဆိုရင်ဘာမှ နစ်နာစရာ အကြောင်းမရှိဘူးလို့ ကျွန်တော်မြင်တယ်။ တခုရှိတာက အကြမ်းဖမ်ဝါဒကို နှိမ်နှင်းတယ်ဆိုပြီး အကြောင်း တော့ ပြတယ်။ ဒီကြားထဲမှာ ဖြစ်ပျက် လာတဲ့ ပြဿနာမှာ အကုန်သတ်မယ် ဆိုတာမျိုး ဆိုတာကတော့ ကျွန်တော်လက်ခံလို့မရဘူး။ ဘယ်သတင်းက အမှန်လဲ အမှားလဲ ဆိုတာ ဖေ့စ်ဘွတ်ခ် ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ သေချာတာ တစ်ခုကတော့ နိုင်ငံတကာမှာ ရော ကမ္ဘာအလယ်မှာ ပါ ကျွန်တော်တို့နိုင်ငံရဲ့ပုံရိပ်က ပျက်စီးနေတဲ့ အခါကျတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကို ပြန်မြှင့်တင်ဖို့ အတွက် ကျွန်တော်တို့ ကိုယ်တိုင်က မှန်မှန်ကန်ကန် မျှမျှတတ ပြဿနာတွေကို ဖြေရှင်း တတ်ဖို့ လိုမယ်လို့ ထင်တယ်။ ကိုယ်ကိုယ်တိုင်က မှန်မှ အမှန်တရားကို ပြောလို့ရမှာ။ မှားနေတယ် လို့ ဆိုလိုတာမဟုတ်ဘူး။ဘယ်ဟာအမှန် ဘယ်ဟာ အမှား လို့ကျွန်တော်တို့ ဝေခွဲလို့ မရဘူးဖြစ်နေတယ်။လက်ရှိဖြစ်နေတဲ့အခြေအနေမှာကျွန်တော်ပြောချင်တာက ဒါနိုင်ငံရေး ပြဿနာပါ။နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း နဲ့ ဖြေရှင်းဖို့လိုပါတယ်။ အဲ့လို မဟုတ်ဘဲ ဘာသာရေးဆန်ဆန် လူမျိုးရေး ဆန်ဆန် သွားလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ပျက်ကိန်းနဲ့ကြုံမယ်။ ပြန်ချုပ် ပြောမယ်ဆိုရင် အကြမ်းဖက်ဝါဒကို ကျွန်တော် လက်မခံဘူး။ အကြမ်းဖက် ဖြေရှင်းမှုကလည်း ရလဒ်ကောင်း ထွက်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ဘူး။

ငြမ်းမီဒီယာ -ရန်ကုန် မန္တလေးအပါအဝင် မြို့ကြီးတွေမှာ အကြမ်းဖက် အဖွဲ့အစည်းတွေက အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ သတင်းရထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားတယ်။ အဲ့ထုတ်ပြန်မှုနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါသလဲ။

UMA – အရမ်းကြောက်ပါတယ်။အရမ်းစိုးရိမ်ပါတယ်။ ဘာလို့လဲဆိုတော့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းက ရွှေတိဂုံဘုရားကြီး ကို ဗုံးခွဲမယ်ဆိုပြီး မွတ်စလင်တွေလုပ်မယ့်ပုံစံမျိုး ဝါဒ ဖြန့်သွားတာမျိုး ကျွန်တော်တို့ကြုံခဲ့ပြီးပါပြီ။ ဒါရှင်းပါ တယ်။ကျွန်တော်တို့နေ့မအိပ်နိုင်၊ည မအိပ်နိုင် အဖြစ်မျိုးထဲမှာ မနေချင်ပါဘူး။ကျွန်တော်လည်း အဲ့ဖြစ်ရပ်ထဲမှာ အမြဲတမ်း သံသရာ လည်နေတ ဲ့ဖြစ်ရပ်မျိုးကို မလိုလားပါဘူး။ကျွန်တော်အစိုးရိမ်ဆုံး အချက်က တစ်ကယ် အကြမ်းဖက်တာပဲ ဖြစ်ဖြစ် ပုံတူကူးချပြီး တော့မှ ဟိုလူလုပ်သလို ဒီလူ လုပ်သလိုနဲ့ ကြားလူဝင်လုပ်သွားတဲ့ ပုံစံမျိုးဖြစ်မှာ အရမ်းစိုးရိမ်ပါတယ်။ ရန်ကုန် မန္တလေးမှာရှိတဲ့ ဘာသာမတူ လူမျိုးမတူပေမယ့်လည်း မြန်မာနိုင်ငံသား အားလုံးက စည်းလုံးညီညွတ် ဖို့လိုပါတယ်။ အကြမ်းဖက် တဲ့ ဟာကို အကြမ်းဖက်တယ်လို့ မြင်ဖို့ လိုပါတယ်။ အကြမ်းဖက်သမား နဲ့ လူအဖွဲ့အစည်းကို တွဲမြင်လို့မရပါဘူး။ အဲ့လို ဖြစ်ဖို့ကတော့ နိုင်ငံရေး အင်အားစုတွေ ရော အရပ်ဘက်အဖွဲ့အစည်းတွေရော နိုင်ငံရေး ပါတီတွေရော အားလုံးစည်းလုံးညီညွတ်ဖို့လိုပါတယ်။ ရန်ကုန်မန္တလေး သာမက မြန်မာပြည်မှာ အကြမ်းဖက်ဝါဒ အခြေချလို့မဖြစ်အောင် ကျွန်တော်တို့ အားလုံးဝိုင်းဝန်း ကာဆီးဖို့ လိုပါတယ်။

ငြမ်းမီဒီယာ – အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ နေတဲ့ အစ္စလာမ်အဖွဲ့အစည်းတွေက နှုတ်ဆိတ်နေတယ်လို့ ပြောနေကြတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

UMA – အဲ့ဒါမဟုတ်ပါဘူး။အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေအကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဘာသာရေး အဖွဲ့အစည်းတွေ ဆိုတော့ နိုင်ငံရေးကိစ္စမှာ ပြောဖို့သူတို့မှာ တော်တော်လေး တာဝန်ကြီးပါတယ်။ ကျွန်တော် အာမခံပြီးပြော ရဲပါတယ်။ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေက အကြမ်းဖက်ဝါဒကို ဘယ်တုန်းကမှ လက်မခံခဲ့ ပါဘူး။ ကျွန်တော်ဘဝနဲ့ ကျွန်တော့်အသက်နဲ့ အာမခံပြးီ ပြောတာပါ။တစ်ခုတော့ ရှိတာပေါ့။ ကျွန်တော်တို့က ဧည့်သည် မဟုတ်ဘူး။ အဲ့ဒါတော့သိထားဖို့ လိုတယ်။မြန်မာနိုင်ငံသားမြန်မာစကားကို ပီပီသသ ပြောနိုင်တဲ့  မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ ကိုးကွယ်တဲ့ ဘာသာတစ်ခု ပဲကွာတာ။ အဲ့အပေါ်မှာ ကျွန်တော်တို့ကို သီးခြာ လူ့အဖွဲ့အစည်း ပုံစံမျိုးနဲ့ ကျင့်သုံးလာတဲ့ ပုံစံမျိုး ဆိုရင် ဘယ်လူ့အဖွဲ့ အစည်းပဲ ဖြစ်ဖြစ် စိတ်ခံစားမှု အနည်းအများ ဆိုတာတော့ ရှိကြမှာပဲ။အဲ့ဒါကိုလည်းတစ်ဖက်က နားလည်ဖို့လိုလိမ့်မယ်။ သေချာတာ တစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပြသနာကို မြန်မာပြည်မမှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေ နဲ့လုံးသုတ်ရော ချပြောလို့တော့ မရဘူး။ အဲ့လိုပဲ မြန်မာပြည်မှာ ရှိနေတဲ့ အစ္စလာမ်ဘာသာ ဝင်တွေ အကုန်လုံးက အကြမ်းဖက်ဝါဒကို လက်မခံ ဘူးဆိုတာ မကြာခင်မှာ သိရပါလိမ့်မယ်။ကျွန်တော်လည်းပြည်ပခရီးရောက်နေလို့ပါ။ဘာသာရေး အဖွဲ့အစည်းတွေ အနေနဲ့ အကြမ်းဖက်ဝါဒကို ဘယ်တော့မှ လက်မခံခဲ့ဘူးဆိုတာ ကျွန်တော် သိတယ်။ဘာသာရေးအဖွဲ့အစည်းတွေက သွေးထိုး လှုံ့ဆော် မြှောက်ပေးလို့ ဖြစ်လာတဲ့ ပဋိပက္ခ တစ်ခုမှ မရှိခဲ့ဘူး မြန်မာပြည်မှာ။အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေ အားလုံးက မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအပေါ်မှာ သစ္စာစောင့်သိစွာနဲ့ အကြမ်းဖက်ဝါဒကို လက်မခံသူများ ဖြစ်တယ်ဆိုတာကို သူတို့ကိုယ်စား Message ပေးချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 

ငြမ်းမီဒီယာ
ဒီဇင်ဘာ(၆)၊၂၀၁၇၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,