မပြည့်သေးသည့် ကွက်လပ်များ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

AMSVans / မသန်စွမ်းသူများအသုံးပြုသည့် ဘီးတပ်ကုလားထိုင်

အိမ်ရှေ့က အဖြူအစိမ်းနဲ့ ဆရာမတွေဖြတ်သွားတာတွေ့ရင် အရမ်းစိတ်တိုတာ။ ခဲနဲ့ပေါက်တယ်။ အိမ်ဘေးက ကလေးတွေ ကျောင်းသွားတာအသံကြားရင်ကို ငိုတာ။ မှတ်မှတ်ရရ ခံစားခဲ့ရတာ။ ဒါပေမဲ့ အမေက ဘာပြောလဲဆိုတော့

နေပြည်တော်မှ ရန်ကုန်သို့ပြန်ရန် အဝေးပြေး Express ကားပေါ်သို့အရောက် ဦးမြတ်သူဝင်းတစ်ယောက် အံ့သြခြင်းကြီးစွာ ဖြစ်ရသည်။ သူ၏ဝှီးချဲအတွက် တန်ဆာခ တောင်းခံသော ကားဝန်ထမ်းအမျိုးသမီးကို သူ စိတ်မကောင်းစွာပင် ရှင်းပြပြောဆိုမိသည်။ တန်ဆာခ ဟူသည် တစ်ကိုယ်ရည်သယ်ဆောင်နိုင်သော ပမာဏထက်များပြားသည့် ဝန်စည်စလွယ်များကိုသာ ကောက်ခံရိုး ထုံးစံရှိသည်ဟု သူနားလည်ထားသည်။ ယခုတော့ ဝှီးချဲကိုပါ တန်ဆာခဆောင်ရမည် ဆိုသည်။ ဝှီးချဲဟူသည် သူ့လို မသန်စွမ်းတစ်ဦးအတွက် ဒုတိယခြေထောက်ဖြစ်သည်။ ခြေထောက်အတွက် တန်ဆာခတောင်းခံခြင်းမှာ မယုံနိုင်စရာပင် သူခံစားလိုက်ရသည်။ ရှင်းပြပြောဆို၍လည်း မရ။ တန်ဆခ ပေးကိုပေးရပါမည်ဟူ၍သာ တွင်တွင်ပြောဆိုနေသည်။ မတတ်နိုင်။ သူ့ကားပေါ်ရောက်မှတော့ သူ့စည်းကမ်းလိုက်နာရပေတော့မည်။ ပေးပါမည်ဟု ကတိခံလိုက်ရသည်။

သို့သော် သူမကျေနပ်။ သူ့ရင်ထဲက အစိုင်အခဲကို ချက်ချင်းပင် လူမှုကွန်ရက်တွင် ဖောက်ချပစ်လိုက်သည်။ မှတ်ချက်ပေးကြ၊ အချင်းချင်းဖြန့်ဝေကြဖြင့် လူမှုကွန်ရက်တွင် အတော်ပင်စည်ကားသွားသည်။ အကျိုးဆက်အဖြစ် ရန်ကုန်ဂိတ်ရောက်လျှင် တရားဝင်ဘောက်ချာဖြတ်ကာ တန်ဆာခကောက်ခံမည်ဟု ပြောဆိုခဲ့သော ဝန်ထမ်းအမျိုးသမီးမှာ သူ့ထံရောက်မလာတော့။ ယင်းအစား အဝေးပြေးကားလိုင်းမှ တာဝန်ရှိသူတစ်ဦး၏ ဖုန်းဆက်သွယ်မှုတစ်ခုသာ နောက်တစ်နေ့တွင် ရောက်ရှိလာသည်။ အကြောင်းရင်းမှာ မသိ၍ တောင်းမိခြင်းဖြစ်ကြောင်း၊ ယာဉ်လိုင်းနှင့်မဆိုင်ဘဲ ဝန်ထမ်းအမျိုးသမီးနှင့်သာ သက်ဆိုင်ကြောင်းဖြစ်သည်။

“မသိလို့တောင်းတာပါလို့ ဝန်ထမ်းအပေါ်မှာ အပြစ်ပုံချတာကိုလည်း ကျွန်တော်စိတ်မကောင်းဘူး။ ကားကုမ္ပဏီအနေနဲ့က တောင်းလိုက်တဲ့အဖြစ်အပျက်က တကယ့်အဖြစ်အပျက်။ တာဝန်ယူရမယ်၊ တာဝန်ခံရမယ်။ ဆောရီးပါ၊ တောင်းပန်ပါတယ်၊ နောက်မဖြစ်စေရပါဘူး၊ ကျွန်တော်တို့ မမှာထားတဲ့အတွက်ကြောင့်ပါပေါ့။ ဝန်ထမ်းတွေကို မှာတဲ့အခါမှာလည်းပဲ အဆင်မပြေရင် မတောင်းနဲ့၊ အဆင်ပြေရင်တောင်းလိုက်ဆိုတာလည်း ကျွန်တော် မဖြစ်စေချင်ဘူး။ သနားလို့မပေးရဘူးဆိုတဲ့ အဖြစ်အပျက်လည်း ကျွန်တော်မဖြစ်စေချင်ဘူး။ ဒါက ကျွန်တော်တို့ရဲ့ Rights ပဲ”

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးမြတ်သူဝင်းက ၎င်းကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ပြန်ပြောပြသည်။ ဦးမြတ်သူဝင်းဆိုသည်က မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သည်။ မသန်စွမ်းသူများ အရေးဆောင်ရွက်နေသည့် ရွှေမင်းသားဖောင်ဒေးရှင်း၏ ဦးဆောင်သူလည်း ဖြစ်သည်။ ထင်ရှားသောမသန်စွမ်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။ သူကဲ့သို့သောပုဂ္ဂိုလ်မျိုးသည်ပင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး၊ အခွင့်အရေးထိပါးမှုမျိုး ကြုံတွေ့နေရသည်ဆိုလျှင် တခြားသော မသန်စွမ်းများအနေဖြင့် မည်ကဲ့သို့ကြုံတွေ့နေရမည်ကို မှန်းဆကြည့်နိုင်သည်။

တစ်ရက်။ မနက်စောစောစီးစီး အောင်မင်္ဂလာအဝေးပြေးကားဂိတ်တွင် ကားအဆိုက် (၉)မိုင်သို့ ကားငှားရာ ကားသမားက (၈၀၀၀) တောင်းသည်။ စီးနေကျမို့ (၄၀၀၀)ပဲ ပေးရသည်ကို သူသိသည်။ ဈေးကြီးလွန်းသဖြင့် အခြားကား လိုက်ငှားရန်လုပ်သည်တွင် ကားသမားက “ငါတော့ (၈၀၀၀) တောင်းထားတယ်၊ လိုက်ချင်လိုက်ကြ”ဟု ရှေ့ကချည်း ပိတ်ပြောနေသဖြင့် မည်သည့်ကားမျှ ငှားမရ။ အတူပါသည့် ဝန်ထမ်းတစ်ယောက်ကို ခပ်ဝေးဝေးသို့ ထွက်ငှားခိုင်းမှ (၄၀၀၀) ဖြင့် ကားတစ်စီးရလာသည်။ ဒါသည်ကို (၈၀၀၀) တောင်းသည့် ကားသမားက “ဘယ်လောက်နဲ့လိုက်သလဲ”ဟု အတင်းလိုက်မေးသည်။ (၄၀၀၀) ဖြင့် လိုက်သည်ကို သိသည်တွင် “ဘာမှသိတာမဟုတ်ဘူး၊ အချဉ်တွေ၊ ခင်ဗျားလုပ်လို့ ဈေးပျက်တယ်” ဟု ရန်စကားပြောသည်။ ကိုယ်တိုင်ငဲ့ညှာစိတ်မရှိသည့်အပြင် ငဲ့ညှာသူများကိုပင် အပြစ်တင်၊ ရန်လုပ်သည့် အဖြစ်အပျက်လည်း ရင်နာစွာပင် သူကြုံတွေ့ခဲ့ရဖူးသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်က လှည်းတန်းမှာ ကျွန်တော်တစ်နေရာဝင်ချင်တာနဲ့ ခုံးတံတားအောက်ကသွားပြီး ကားကို ပြန်လွှတ်လိုက်တယ်။ ကျွန်တော်က ကျွန်တော့်တပည့်နဲ့ ဝှီးချဲနဲ့ ဆင်းနေလိုက်တယ်။ လှည်းတန်းစင်တာထဲသွားပြီး ပြန်ထွက်လာတော့ မိုးတွေ အရမ်းရွာနေတယ်။ ပြည်လမ်းဘက်ကနေ လှည်းတန်းလမ်းဘက်ထိ အဝေးကြီး ကားလျောက်ငှားရတယ်။ ရွဲစိုနေတာပဲ။ ထီး မပါဘူး။ ကျွန်တော့်မိတ်ဆွေ မသန်စွမ်းတစ်ယောက်လည်း ပါတယ်။ ထော့နဲ့ ထော့နဲ့ နဲ့။ ကားငှားတယ်။ မလိုက်ဘူးဗျ။ မိုးတွေအရမ်းရွာနေလို့တဲ့။ မိုးရွာလို့ ကားငှားတာပေါ့ဗျာ။ ကျွန်တော်တို့ကိုတွေ့တော့ ရေတွေရွှဲစိုနေတာပဲတဲ့။ မလိုက်ဘူးတဲ့။ အနားက ကောင်မလေးတွေကိုတော့ ငှားချင်တယ်။ ကောင်မလေးတွေက ငယ်ငယ်ချောချောလေးတွေ၊ ကျွန်တော့်ကို ထီးလာပေးတယ်။ ကားသမားက မငှားတဲ့ အဖြစ်အပျက်။ ဒါပေမဲ့ လူမှုရေးအသိရှိတဲ့ လူငယ်တွေ ကျွန်တော့်ကို လေးလေးစားစား ထီးလာပေးတယ်။ သမီးတို့ထီး ယူထားပါဆိုပြီး။ ကားသမားက ကျွန်တော်တို့ကို မတင်ဘူး။ မတင်ဘဲ အဲဒီကောင်မလေးတွေကို တင်ဖို့လုပ်တယ်။ ကျွန်တော်တို့ကို မတင်တဲ့အတွက် အဲဒီကောင်မလေးတွေကလည်း အဲဒီကားကို မငှားတော့ဘူး။ ဒါမျိုးတွေလည်း ကြုံရသေးတယ်”

ဦးမြတ်သူဝင်းက ပြောပြသည်။ မသန်စွမ်းသူများနှင့် ခေတ္တမျှစကားပြောကြည့်ပါ။ ၎င်းတို့ရင်ထဲ အမှတ်တရစွဲမြဲ ရှိနေသည့် အဖြစ်အပျက် တစ်ခုမဟုတ်တစ်ခု ရှိနေသည်ကို တွေ့ရလိမ့်မည်။ အများ သူငါနှင့် ခွဲခြားဆက်ဆံခံရသည့် အခေါ်အဝေါ်၊ အသုံးအနှုန်း၊ အပြုအမူ၊ ဆောင်ရွက်မှုများအကြောင်း ၎င်းတို့ ရင်ဖွင့်ကြလိမ့်မည်။ လူ့လောကကြီးတွင် အများနည်းတူ လိုက်လျောညီထွေနေထိုင်နိုင်မည့် အခြေခံ အဆောက်အဦ အားနည်းချက်များအကြောင်း ၎င်းတို့ ပြောပြကြလိမ့်မည်။

ကိုဝဏ္ဏကျော်စွာက (၄)နှစ်သားအရွယ်တွင် ဆေးထိုးမှားရာမှ အကြောများထုံးကာ ချိုင်းထောက်နှစ်ဖက် အသုံးပြု သွားလာနေရသူဖြစ်သည်။ ကျောင်းသွားအပ်ချိန်တွင် အပေါ့အပါးသန့်ရှင်းရေးကိစ္စလုပ်ပေးနိုင်သည့် အတန်းဖော်ညီအကို မောင်နှမရှိမှသာ လက်ခံနိုင်မည်ဟုဆိုသဖြင့် ကျောင်းတက်နိုင်ရေးအတွက် ညီငယ်ဖြစ်သူကြီးပြင်းလာချိန်ကို (၆)နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည်။ ညီငယ်နှင့်အတူ ကျောင်းတက်ချိန်တွင် ၎င်း၏အသက်မှာ (၁၁)နှစ် ရှိပြီဖြစ်သည်။

“ဒါက မသန်စွမ်းကလေးတစ်ယောက်ရဲ့ ငယ်စဉ်ဘဝခံစားချက်ပါ။ အဲဒီလို စောင့်နေရတဲ့အချိန်မှာ အိမ်ရှေ့က အဖြူအစိမ်းနဲ့ ဆရာမတွေဖြတ်သွားတာတွေ့ရင် အရမ်းစိတ်တိုတာ။ ခဲနဲ့ပေါက်တယ်။ အိမ်ဘေးက ကလေးတွေ ကျောင်းသွားတာအသံကြားရင်ကို ငိုတာ။ မှတ်မှတ်ရရ ခံစားခဲ့ရတာ။ ဒါပေမဲ့ အမေက ဘာပြောလဲဆိုတော့ “မင်း စာတတ်မှဖြစ်မယ်”။ ညီလေးနဲ့ စာသင်ခန်းထဲရောက်သွားတဲ့အချိန်မှာ ကိုယ့်ထက် (၆)နှစ်မက ငယ်တဲ့ ကလေးတွေနဲ့စာသင်ရတာ တော်တော်ကသိကအောက်ဖြစ်တာ။ ကျောင်းထဲဝင်သွားတာနဲ့ ကလေးတွေက နောက်ကြ၊ ပြောင်ကြ။ ဒါက တကယ့်အမှတ်တရတွေပေါ့”

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုဝဏ္ဏကျော်စွာက ပညာရေးနှင့်ပတ်သက်၍ ဘဝကို အရှုံးမပေးခဲ့ပါ။ အသက် (၂၅) နှစ်အရွယ်တွင် ဒဂုံတက္ကသိုလ်က မြန်မာစာ အဓိကဖြင့် ဘွဲ့တစ်ခုကို ရအောင်ယူခဲ့သည်။ အလုပ်အကိုင်ရရှိအောင် ရှာဖွေခဲ့သည်။ အားလပ်နေချိန်များတွင် နေအိမ်၌ ကလေးများကို စာသင်ပြသည့် အလုပ်လုပ်သည်။ ၎င်း၏ ဘဝအကြောင်း ပြောပြကာ ကလေးများကို ကြိုးစားလိုစိတ်ရှိအောင် စိတ်ဓာတ်မြှင့်တင်ပေးသည်။ ၎င်း၏ သင်ကြားပြသမှုမှာ အဆင်ပြေခဲ့ပါသည်။ သို့သော် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကျောင်းဆရာအဖြစ်ကိုကား လုပ်ကိုင်ခွင့်မရခဲ့။

“မသန်စွမ်းဆရာကြောင့် ကလေးတွေဆုတ်ယုတ်စရာ ရှိကို မရှိဘူးဗျ။ ကျွန်တော်တို့ကိုကြည့်ပြီး စိတ်အားငယ်စရာ ဘာမှမရှိဘဲ ပိုပြီးတောင် ကြိုးစားချင်စိတ်ရှိဦးမယ်” ဟု ကိုဝဏ္ဏကျော်စွာက မချင့်မရဲဆိုသည်။

အလားတူပင် ငယ်စဉ်က ဆေးထိုးမှား၍ ခြေထောက်တစ်ဖက် ချိနဲ့သွားခဲ့ရသူ မစန္ဒာအေးသည်လည်း အလွန်ဝါသနာပါသည့် ကျောင်းဆရာမဘဝကိုရရှိရန် နှစ်ကြိမ်တိုင် ကြိုးစားခဲ့သူဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင်တစ်ကြိမ်၊ နှစ်ကြိမ်တိုင် ၎င်းမက်မောသော ကျောင်းဆရာမဘဝကိုရရှိရန် လျှောက်ထားခဲ့ဖူးသည်။ ရေးဖြေ၊ နှုတ်ဖြေများ အောင်မြင်ခဲ့သည်။ သို့သော် လူတွေ့စစ်ဆေးမှုတွင် ခြေထောက်တစ်ဖက်မသန်စွမ်းမှုက ၎င်းကို ကျရှုံးစေခဲ့သည်။ ၎င်းမျှော်မှန်းထားသည့် အဖြူအစိမ်းဝတ်စုံနှင့် အလှမ်းဝေးကွာစေခဲ့သည်။

“ကျွန်မတို့ ငယ်ငယ်က ခြေထောက်မသန်တဲ့ ဆရာမရှိဖူးတယ်လေ။ သူက အသင်အပြကောင်းတယ်။ သူ တောင်ဖြစ်တာ၊ ငါလည်းဖြစ်နိုင်သေးတာပဲဆိုပြီး ဝင်လျှောက်တာ။ ကိုယ်ကလည်း ဝါသနာပါတယ်။ အဲဒီတုန်းက တော်တော်ကြေကွဲခဲ့ရတယ်” ဟု မစန္ဒာအေးက အတိတ်ကို ပြန်ပြောင်းပြောဆိုသည်။

တကယ်တမ်းတွင် မစန္ဒာအေးက ရပ်ကွက်ထဲ၌ မူကြိုတန်းမှ (၉)တန်းအထိ ကျောင်းသားများကို သင်ပြနေ သူဖြစ်သည်။ နေအိမ်တွင် အပေါ်ထပ် အောက်ထပ် အဆင်းအတက်လုပ်ရင်း ကြိုးစားသင်သည်။ ၎င်း၏ ခြေထောက်တစ်ဖက် အားနည်းမှုမှာ ချိုင်းထောက်လည်းမလို။ ကျောင်းသားများအား နားလည်သဘော ပေါက်အောင် သင်ပြနိုင်စွမ်းကိုလည်း အနှောင့်အယှက်မရှိဟု ခံယူသည်။ သို့သော်လည်း အနည်းငယ်မျှသော ခြေထောက်တစ်ဖက် အားနည်းခြင်း သည် ၎င်းဝါသနာပါ သော ကျောင်းဆရာမဘဝကိုရရှိရန် ကြီးမားသော အတားအဆီး ဖြစ်နေသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ခဲ့ရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေ (၂၃) သိန်းကျော် ရှိနေသည်။ အမြင် အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်း၊ ကိုယ်အင်္ဂါမသန်စွမ်း၊ ညာဏ်ရည်မသန်စွမ်း ဟူ၍ မသန်စွမ်းမှု အမျိုး အစားအလိုက် ခွဲခြားသတ်မှတ်မှုများအနက် ကိုယ်အင်္ဂါမသန်စွမ်းသူများမှာ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးရနိုင်သူများ ဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့သည်ပင် လူ့အသိုင်းအဝိုင်းတွင် အများတန်းတူ အခွင့်အရေးများရရှိရန် တားမြစ်ကန့်သတ်ချက်များ၊ စိန်ခေါ်မှု အခက်အခဲများစွာ ရှိနေကြသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံသားများခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ အပြည့်အဝရရှိစေရန်ရည်ရွယ်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြဌာန်းခဲ့သည်မှာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်သည်။ သို့ရာတွင် ဥပဒေကို ပြည့်ဝစွာအကောင်အထည်ဖော်ပေးနိုင်မည့် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို မဖွဲ့စည်းနိုင်သေးခြင်းနှင့် နည်းဥပဒေ ထွက်ပေါ်မလာသေးခြင်းက မသန်စွမ်းသူများ၏အခွင့်အရေးကို ဆောင်ရွက်ရာတွင် တိုးတက်မှုကို ကြန့်ကြာစေခဲ့ပြီး ဥပဒေပြဌာန်းပြီး (၂) နှစ်ခန့်အတွင်း ဥပဒေကြောင့်ရရှိလာသည့် အသီးအပွင့်ကို ချပြစရာ ကြီးကြီးမားမားမရှိသလောက်ပင် ဖြစ်နေစေခဲ့သည်။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဌ ဦးအောင်ကိုမြင့်ကမူ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ကို ဥပဒေအရ တရားဝင်ဖွဲ့စည်းတည်ထောင်နိုင်ခြင်းကပင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကြောင့် ရရှိလာသည့် အကျိုးရလဒ်တစ်ခုဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းခွင့်ရလာခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးကို ရဲရဲဝံ့ဝံ့ ထောက်ပြခွင့် ရရှိလာခြင်း၊ အမှုအခင်းများတွင် ဥပဒေအရ အကာအကွယ်ရယူခွင့်ရှိလာခြင်းတို့ကလည်း အဆိုပါ ဥပဒေကြောင့် ရရှိလာသည့် အကျိုးရလဒ်များဖြစ်ကြောင်း ဦးအောင်ကိုမြင့်က ဆိုသည်။

မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီတွင် ဒုတိယသမ္မတ တစ်ဦးက ဥက္ကဌအဖြစ်ဦးဆောင်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့မှ တာဝန်ရှိသူများ အပါအဝင် မသန်စွမ်းမှုအမျိုးအစားအလိုက် ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်များ၊ NGO အဖွဲ့အစည်းများမှ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်များ စသည်ဖြင့် လူ (၆၀) ထက်မပိုဘဲ ပါဝင်ကြရမည်ဖြစ်သည်။ အဆိုပါ အမျိုးသားကော်မတီကပင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ အခွင့်အရေးများရရှိရေးကို အဓိက ထိန်းကျောင်းမောင်းနှင်ဆောင်ရွက်ရမည့် အခြေအနေဖြစ်နေသည်။

“ကော်မတီမှာ မသန်စွမ်းအင်အားတွေ များပြီဆိုတော့ နည်းနည်းလေး ပိုပြောနိုင်ပြီပေါ့။ မသန်စွမ်းအသံတွေ သူတို့ကိုယ်တိုင် ပိုများများကြားနိုင်အောင်တော့ ထည့်ထားတယ်။ တကယ်ကော်မတီကြီး ပေါ်လာပြီး ဘယ်လောက်လုပ်နိုင်မလဲတော့ စောင့်ကြည့်ရဦးမှာပေါ့” ဟု ဦးအောင်ကိုမြင့်က ဆိုသည်။

အမျိုးသားကော်မတီနှင့် နည်းဥပဒေမှာ ယခုနှစ်အတွင်း ထွက်ပေါ်လာဖွယ်ရှိပြီး ကော်မတီဖွဲ့စည်းပြီးပါက မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဌ ဦးအောင်ကိုမြင့်မှာ အဆိုပါအမျိုးသားကော်မတီ၏ ဒုတိယဥက္ကဌတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို ဦးဆောင်ပါဝင်ရမည့် မြန်မာနိုင်ငံမသန်စွမ်းသူမျါးအသင်းချုပ်ကိုယ်တိုင်ကပင် ရန်ပုံငွေနည်းပါးမှု၊ မသန်စွမ်းသူများဆိုင်ရာ ကိန်းဂဏန်းအချက်အလက်မပြည့်စုံမှု စသောလိုအပ်ချက်များရှိနေပြီး မသန်စွမ်းသူများအရေး ဆောင်ရွက်ရာတွင် အားနည်းချက်များ ရှိနေပြန်သည်။

“ကျွန်တော်တို့မသန်စွမ်းဥပဒေက တကယ့်ကို လူမှုရေးဆန်တယ်။ တချို့ ပြစ်မှုပြစ်ဒဏ်တွေဆိုရင် နည်းတောင် နည်းနေတာ တွေ့ရတယ်။ ကျွန်တော်တို့ မသန်စွမ်းတွေဘက်ကလည်း ဥပဒေရဲ့ အကာအကွယ်ရသင့်သလို ဥပဒေရဲ့ ဘောင်ထဲမှာနေဖို့လည်းလိုတာပေါ့” ဟု မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အမျိုးသား ကော်မတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ်ပါဝင်လာမည့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအရ မသန်စွမ်းသူများသည် အနာဂတ်တွင် ပညာသင်ကြားခွင့်၊ သတင်းအချက်အလက် ရယူသုံးစွဲခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်၊ တရားဝင်ရရှိသော ငွေကြေးများ၊ ပစ္စည်းများ၊ အိမ်ရာအဆောက်အအုံများ ပိုင်ဆိုင်ခွင့်၊ တရားစွဲဆိုခွင့်၊ တရားစွဲဆိုမှုကို ခုခံပိုင်ခွင့်၊ အကျဉ်းကျနေစဉ်အတွင်း မသန်စွမ်းမှုကို အကြောင်းပြု၍ နှိပ်စက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အနိုင်ကျင့်ခြင်းများမှ အကာအကွယ်ရရှိပိုင်ခွင့်နှင့် မသန်စွမ်းမှုဆိုင်ရာ ဝန်ဆောင်မှုများ ရရှိပိုင်ခွင့်ရှိလာမည်ဖြစ်သည်။ သို့သော်လည်း အဆိုပါ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအကြောင်းကို မသန်စွမ်းသူများကိုယ်တိုင်သာမက သက်ဆိုင်ရာအစိုးရဌာနများကပါ သိရှိလိုက်နာမှု အားနည်းနေဆဲပင် ဖြစ်သည်။

“ကျွန်တော်တို့က လူပီသစွာ ကြီးပြင်းပိုင်ခွင့်ရှိတယ်ဗျ။ ကျွန်တော်တို့က ကျောင်းသွားတက်တာ စာတတ်ဖို့တစ်ခုတည်းအတွက်မဟုတ်ဘူး။ ကျွန်တော့်ကို အိမ်မှာစာသင်လို့ ကျောင်းမှာ ဆရာမ (၅) ယောက်သင်ရင် အိမ်မှာ အယောက်(၅၀) သင်ခိုင်းလို့ရတယ်။ ကျောင်းသွားတက်တာဟာ စာတတ်ဖို့ တစ်ခုတည်းအတွက်မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်းမှာ၊ ဆိုရှယ်မှာ ဝင်ဆံ့ဖို့ဖြစ်တယ်။ ကျွန်တော်တို့ဟာ လူသားဆန်စွာကြီးပြင်းခွင့် မရှိဘူးဆိုရင် တသက်လုံးညှိုးနွမ်းတဲ့စိတ်က ဖြစ်သွားပြီ” ဟု ဦးမြတ်သူဝင်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ လုပ်ဆောင်မှုကြောင့် မသန်စွမ်းသူ (၃၀)ကျော်ကို ကမ္ဘောဇဘဏ်တွင် အလုပ်အကိုင်ခန့်ထားနိုင်ခဲ့ခြင်းမှာ မသန်စွမ်းသူများ၏ လူမှုဆက်ဆံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းနယ်ပယ်တွင် အနည်းငယ်သော တိုးတက်မှုတစ်ခုအဖြစ် မှတ်ယူနိုင်ပေလိမ့်မည်။

‌သို့ရာတွင် မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေတွင် မသန်စွမ်းသူတစ်ဦးဦးက ကျောင်းဝင်ခွင့်လျောက်ထားမှုကို ခိုင်လုံသောအကြောင်းမရှိဘဲ မငြင်းပယ်စေရေး၊ သင့်လျော်သောအလုပ်ကို လုပ်ကိုင်နိုင်စွမ်းရှိသည့် မသန်စွမ်းသူကို သတ်မှတ်ဝေပုံကျအရေအတွက်အတိုင်း အလုပ်ခန့်ထားရေး၊ မခန့်ထားနိုင်ပါက မသန်စွမ်းသူများအတွက်ရန်ပုံငွေကို ဝေပုံကျအရေအတွက်အတိုင်း ပေးသွင်းစေရေး၊ မသန်စွမ်းသူ ခိုင်လုံသောအကြောင်းမရှိဘဲ အလုပ်ရပ်စဲခြင်း၊ ထုတ်ပယ်ခြင်း၊ ရာထူးချခြင်း၊ ပြောင်းရွေ့ခြင်း မပြုလုပ်စေရေး၊ စသော အချက်များကို ထည့်သွင်းရေးဆွဲပြဌားထားပြီးဖြစ်သောကြောင့် မသန်စွမ်းသူများအတွက် ဘဝရပ်တည်နိုင်ရေးတွင် မျှော်လင့်ချက်ရောင်ခြည်များသမ်းလာပြီဟု ဆိုရမည်ဖြစ်ပေသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။