မရှိဆင်းရဲသားတွေ ခေါင်းပုံဖြတ် ခံနေရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရွှေ့ပြောင်းအလုပ်သမားများကို အကူအညီပေးနေသည့် ဦးစိန်ဌေး

အလုပ်သမား ဝန်ကြီးဌာနကို ကြပ်မတ် ပေးဖို့ လိုတယ်။ အဲဒီလို မဟုတ်ရင် တာဝန်ကျေနဲ့၊ ဂွင်တွေရှာတာနဲ့ ဖြစ်မယ်။ ရွှေ့ပြောင်း အလုပ်သမား ကိစ္စက ဂွင်ရှာလို့ကောင်းတယ်။ ပြည်တွင်းအလုပ် သမား …

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား (၃) သန်းကျော် နေထိုင် လုပ်ကိုင်နေသည့် အတွက် ရွှေ့ပြောင်း အလုပ်သမား အရေးမှာ မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။ထိုင်းနိုင်ငံ တွင် အလုပ်သမားများကို CI ထုတ်ပေးသည့် ကိစ္စအတွက် အလုပ်သမားနှင့် လဝက ဝန်ကြီး ဦးသိန်းဆွေကို အဂတိကော်မရှင်သို့ တိုင်ကြားထားသည် ဆိုသည့် သတင်းများ မကြာသေးခင်က ထွက်ပေါ်ခဲ့ သည်။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာ လုပ်သားများ အရေး ကိစ္စအတွက် ကူညီ ဆောင်ရွက်ပေးနေသည့် MWRN အဖွဲ့မှ ဦးစိန်ဌေး ကို ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်း ထားသည်။

ငြမ်းမီဒီယာ – ထိုင်းနိုင်ငံမှာ သွားပြီး အလုပ်လုပ်နေတဲ့ အလုပ်သမားတွေမှာ CI ထုတ်ပေးတဲ့ ကိစ္စအတွက် ဝန်ကြီးဌာနက တာဝန်ရှိသူတွေကို တိုင်ကြားမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာတယ်။ ကိုစိန်ဌေးတို့က ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် သူတွေဆိုတော့ အဲဒီ CI ကိစ္စအတွက် ဘာတွေ သိထားပါသလဲ။

ဦးစိန်ဌေး – CI ကတ်ထုတ်ပေးတယ်ဆိုတာက ထိုင်းအစိုးရက ထုတ်ပေး ထားတဲ့ ပန်းရောင် ကတ်ရှိတဲ့ သူတွေကို ထုတ်ပေးတာပါ။ ဆိုင်းငံ့ပြစ်ဒဏ်နဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့ အတွက် သူတို့က ထိုင်းမှာ ခရိုင်တစ်ခုပဲ သွားလို့ရတယ်။ တကယ်လို့ မြန်မာအစိုးရကနေ ဒီလူက မြန်မာနိုင်ငံသား မှန်ကန်တယ် ဆိုတဲ့ အထောက်အထား တစ်ခု ထုတ်ပေးမယ်ဆိုရင် ထိုင်းအစိုးရက ဗီဇာထုတ်ပေးမယ်။ အလုပ်သမား ပါမစ် လျောက်မယ်ဆိုရင် လုံးဝတရားဝင် အလုပ်သမားဖြစ်ပြီး ခရီးသွားတာတို့ လူမှုဖူလုံရေးတို့ကို တရားဝင် ခံစားခွင့် ရမယ်။ အဲကနေ CI ဖြစ်လာတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လုပ်ငန်းစဉ်စတော့ ဘာတွေအဆင်မပြေ ဖြစ်ခဲ့တာလဲ။

ဦးစိန်ဌေး – CI လုပ်မယ့်အခါကျတော့ မြန်မာအစိုးရက စခန်းတွေ လာဖွင့် ပေးမယ်။ အဲဒီအခါမှာ CI သူတို့ ထုတ်ပေးမယ်။ ထိုင်းဘတ်ငွေ (၃၀၀) ပဲပေးရမယ်။ လာဘ်စားမှုတွေ၊ မသမာမှုတွေ မဖြစ်ရအောင် အလုပ် သမားတွေက ထိုင်းနိုင်ငံက SEVEN ELEVEN စတိုးဆိုင်တိုင်းမှာ ဘတ် (၃၀၀) သွားသွင်းလိုက် ရင် ဝန်ဆောင်ခက ဘတ်(၁၀) ပဲ ပေးရတယ်။ အဲဒီလိုသွင်းလိုက်ရင် ငွေလက်ခံစလစ် ထွက်လာမယ်။ အဲဒီမှာက ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်စခန်းကို သွားပါဆိုတဲ့ ရက်ချိန်းပါရမယ်။ သူ့ရက်ချိန်းရောက် ရင် သူအဆိုပြုတဲ့စခန်းမှာ ပန်းရောင်ကတ်ပြပြီး CI လက်မှတ်ထုတ်ရုံပဲ။ ဘာအပိုကြေးမှ ပေးဖို့ မလို ဘူး။ ဒါကလုပ်မယ့် အစီအစဉ်။ တကယ့်တကယ် မတ်လ (၃) ရက် ၂၀၁၇မှာ စလုပ်တော့ စတိုးဆိုင်မှာငွေ သွင်းတော့ ရလာတဲ့ စလစ်မှာ သွားရမယ့် စခန်းအမည်ပဲ ပါလာတယ်။ ရက်ချိန်းတွေ ပါမလာဘူး။ ဘယ်သူ ဖြစ်ဖြစ် အဲဒီစာရွက် တွေယူပြီး သွားလုပ်ကြတော့ စခန်းတွေမှာ တန်းစီနေကြရတယ်။ အထဲကိုဝင်လို့ မရဘူး။ တစ်နေကုန်စောင့်လည်း ဝင်ခွင့်မရဘူး။ ပွဲစားတွေက ခေါ်သွင်းတဲ့လူတွေကတော့ အသုတ်လိုက် အသုတ်လိုက် ဝင်လို့နေရတယ်။ CI စခန်းနဲ့ ကပ်လျက်မှာ ပွဲစားရုံးတွေ အများကြီး ဖြစ်နေရော။ အဲဒီမှာ တိုကင်လက်မှတ် သွားဝယ်လိုက် ဘတ် (၆၀၀)၊ ဘတ်(၇၀၀) ပေးလိုက်ရင် ချက်ချင်း ဝင်လို့ရတယ်။ ကျွန်တော်တို့ သွားရှင်းတဲ့ရက်ဆို အဆင်ပြေတယ်။ နောက်ရက်ဆို ဒီလိုပဲပြန်ဖြစ်တယ်။ နောက်ဆုံး အလုပ်သမားတွေက ဘာဖြစ်သွားလဲဆိုတော့ ကိုယ်ဘာသာ လုပ်ရင် အဆင်မပြေဘူး။ ပွဲစားနဲ့ လာမှဆိုတဲ့ပုံစံ ဖြစ်သွားတယ်။ ပွဲစားနဲ့ လာတော့ ဘတ် (၃၀၀၀)၊ ဘတ် (၄၀၀၀) ဖြစ်သွားရော။ အဲဒီလိုဖြစ်နေကြောင်းကို ဓာတ်ပုံအထောက်အထားတွေ၊ တိုကင်အထောက်အထားတွေနဲ့ အတွင်းဝန် ဦးမျိုးအောင်တို့ ညွှန်ချုပ် ဦးဝင်းရှိန်တို့ကို ပြောတယ်။ ဒါပေမဲ့ ပြုပြင်ခြင်း မရှိဘူး။ အခု CI လုပ်ပြီးသား လူက မရှိဘူး ဆိုရင် အနည်းဆုံး (၈) သိန်း၊ (၉) သိန်းလောက်ရှိတယ်။ အကုန်လုံးက ပွဲစားတွေနဲ့ ဖြစ်လာတယ်။ စလုပ်တဲ့ မတ်လ ကတည်းက သူတို့က လမ်းကြောင်း သွင်းလိုက်တယ်။ (၈) လပိုင်းလောက်မှ လုပ်တဲ့လူတွေကျ ရက်ချိန်းပါ ပေးလာတယ်။ ဒါပေမဲ့ အလုပ်သမားတွေက မသိတော့ဘူး။ ဒီနေ့အချိန်ထိ အဲဒီလိုပဲ ဖြစ် သွားတယ်။

ငြမ်းမီဒီယာ – အဲဒီလို ဖြစ်သွားတဲ့အတွက် အလုပ်သမားတွေမှာ ဘယ်လို နစ်နာမှုတွေ ဖြစ်ခဲ့လဲ။

ဦးစိန်ဌေး – အလုပ်သမားတွေက CI စာအုပ်ရဖို့အတွက် ဘတ် (၄၀၀၀) ကနေ (၆၀၀၀) အထိ ပေးလိုက်ရတယ်။ အချို့ဆို သောင်းကျော်တောင် ပေးလိုက်ရတယ်။ကျွန်တော်တို့မှာ အထောက်အထား တွေရှိတယ်။ အလုပ်သမား (၉) သိန်း CI စာအုပ် လုပ်လိုက်တယ် ထားပါတော့။ အဲဒီ (၉) သိန်းက တစ်ယောက်ကို ဘတ် (၃၀၀၀) စီ ပိုပေးလိုက်ရတယ် ဆိုရင် ဘတ်သိန်းပေါင်း (၂၇၀,၀၀၀) လောက် နစ်နာတယ်။

ငြမ်းမီဒီယာ – ဒီလိုနစ်နာမှုတွေ ရှိနေတယ်၊ မသမာမှုတွေ ရှိနေတယ်ဆိုတာ အစိုးရဆီကို အကြောင်း ကြားတော့ ဘယ်လို တုံ့ပြန်လဲ။

ဦးစိန်ဌေး – အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပအလုပ်သမားရေးရာ ကော်မတီကပဲ ပြန်စာ လာတယ်။ အစိုးရဆီကဆို ရှင်းလည်း ရှင်း မပြဘူး။ ပြန်စာလည်း မရဘူး။ ဘယ်သူတွေ အမြတ်ရ သွားလဲ ဆိုတော့ CI စင်တာကို ကန်ထရိုက် ပေးထားတဲ့ ကုမ္ပဏီတွေပဲ အကျိုး အမြတ် ရသွားတယ်။ စင်တာထဲကို အလုပ်သမားပဲ ဝင်လို့ရတာ၊ အလုပ်ရှင်တောင် ဝင်မရဘူး။ မသမာမှု လုပ်ထားလို့သာ ဝင်မရတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – CI ကိစ္စအတွက် အဂတိကော်မရှင်ကို တိုင်တယ်လို့ သတင်း တွေထွက်လာတယ်။ အခု တစ်နှစ်နီးပါးကြာမှ ဒီကိစ္စတွေ ပြန်ပေါ်လာတာကို ဘယ်လို မှတ်ချက်ပေးချင်လဲ။

ဦးစိန်ဌေး – ဒါတွေက ဘယ်နှနှစ်ကြာမှ ပြန်ပေါ်လာ ပေါ်လာ၊ ဒါက ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ်မှာ မတရား လုပ်စားခဲ့တာ။ ဟိုးအရင်အရင် အစဉ်အဆက်မှာ လုပ်ခဲ့တာတွေကို ပြန်ပြောဖို့ အကြောင်း မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေက ရွေးချယ် ထားခဲ့တဲ့ အစိုးရလက်ထက်မှာ ပြောခဲ့တာက အဂတိလိုက်စားမှု တိုက်ဖျက်ဖို့၊ ဥပဒေစိုးမိုးမှုတွေရှိဖို့ကို ပြောထားတာပါ။ ဒါပေမဲ့ ဒီအစိုးရ လက်ထက်မှာ ဒီလိုမျိုးခံလိုက်ရတာ။ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံ ဘဝကလည်း ရွှေ့ပြောင်းအလုပ်သမားတွေ အရေးကို အလေးထားတယ်။ မဟာချိုင် လာတယ်။ အလုပ်သမားတွေနဲ့ ကျွန်တော်တို့ ရုံးမှာတွေ့တယ်၊ ပြောတယ်။ တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ အာဏာရပြီး ၂၀၁၆ ဇွန်မှာလည်း လာတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ထပ်တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အလေးထားပြီး ဆောင်ရွက်တဲ့ ကိစ္စမှာ ဒီလိုမျိုး ဝန်ကြီးဌာနက မတရားမှုတွေ ဆောင်ရွက်တယ်ဆိုတာ လက်ခံလို့ မရဘူး။ ဘယ်အချိန်မှပဲ ပြန်ပေါ်ပေါ် ကျွန်တော်တို့ကတော့ ကြိုဆိုတယ်။ ဒီလိုကိစ္စတွေ နောက်နောင် မဖြစ်ပေါ်ရအောင် ပြင်းပြင်း ထန်ထန် လုပ်ဆောင်သွားဖို့ လိုတယ်။ မေတ္တာနဲ့ အုပ်ချုပ်ပေမယ့်လည်း မေတ္တာထားသလို ဖြစ်မလာဘူး။ အထူးသဖြင့် ဝန်ကြီးဌာန၊ နောက် သူကနေ ဆားဗစ်ပရိုဗိုက်တာ ပေးလိုက်တဲ့ ကုမ္ပဏီတွေ၊ CI စခန်းက စစ်စခန်းလို ဝင်ခွင့်တင်းကျပ်ပြီး၊ ဝင်ခွင့်ရောင်းစားတဲ့ ကုမ္ပဏီတွေကို အရေးယူရပါမယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ CI လက်မှတ်ကိုင်ထားတဲ့ ကြိုက်တဲ့အလုပ်သမား သွားမေး ဘတ် (၃၀၀) နဲ့ ရခဲ့သလားလို့။ ဘယ်လိုပုံစံနဲ့ ရခဲ့သလဲ၊ ကြိုက်တဲ့နေရာ သွားမေးလိုက်ပါ။

ငြမ်းမီဒီယာ – အခုပြောပုံအရဆိုရင် မသမာမှုတွေက ရှင်းရှင်းလင်းလင်း တွေ့ရတယ်။ ဒါပေမဲ့ ဘာလို့ ဒီအတိုင်းပဲ ပြီးသွားတာလဲ။

ဦးစိန်ဌေး – မင်းကြီးတာက ထွက်ရင် ဒီလိုပဲ ဖြစ်မှာပဲ။ ရွှေသမင်က မင်းကြီးတာက ထွက်ရင် ဒီလိုပဲ။ အခြားတာက ထွက်ရင်သာ လုပ်လို့ရတာ။

ငြမ်းမီဒီယာ – ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်သမား သံအရာရှိ တွေကရော အားမကိုး မရဘူးလား။ ဖြေရှင်းမပေးနိုင်ခဲ့ဘူးလား။

ဦးစိန်ဌေး – သံအရာရှိလည်း သွားစစ်တယ်။ ဘာမဖြစ်လာဘူး။ ညွှန်ချုပ် သွားလည်း ဘာမဖြစ်လာဘူး။ အတွင်းဝန်သွားလည်း ဘာမဖြစ်လာဘူး။ သူတို့ ဘာကိုစစ်တာလဲ။ ထိထိရောက်ရောက် ဖြစ်အောင် စစ်ရဲ့လား။ ကိုယ့်နိုင်ငံက ဖွင့်ထားတဲ့ အဆောက်အအုံပဲ၊ လွပ်လွပ်လပ်လပ် မေးလို့ ရတာပဲ။ ကျွန်တော်တို့တောင် မေးလို့ရတာပဲ။ ဒီအရာကြီးက ဆင်ကောင်လုံးကြီး တွေ့နေတာ၊ ခြေရာခံစရာ မလိုဘူး။ ဘယ်လို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့လဲ။ အခုဖြစ်ခဲ့တဲ့ ကိစ္စက မတော်တဆ ဖြစ်တာလား တမင်တကာ ဖြစ်တာလား။ ကျွန်တော် ကတော့ မတော်တဆလို့ မယုံဘူး ပြောရမှာပဲ။ မခံနိုင်လည်း မတတ်နိုင်ဘူး။ အလုပ်သမားတွေရဲ့ ဘတ်ငွေ သန်းပေါင်းများစွာကို မသမာတဲ့ နည်းနဲ့ ရယူသွားတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက် အာဏာရလာတဲ့ အချိန်မှာ ထိုင်းက အလုပ်သမားတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။

ဦးစိန်ဌေး – သူ့လက်ထက်မှာ အလုပ်သမား သံအရာရှိတွေ တိုးပေးထား တယ်။ သူ့မတိုင်ခင်က (၂) ယောက် ရှိတယ်။ အခု (၅) ယောက် ရှိတယ်။ အဲဒါတော့ ကောင်းတယ်။ သို့သော်လည်းပဲ သူကနေ ဒီဝန်ကြီးဌာနကို လက်လွှဲထားတဲ့ ဝန်ကြီးအောက်မှာ အခြေအနေ တွေကတော့ အရင်ထက် ဆိုးနေတယ်။

ငြမ်းမီဒီယာ – အရင်ထက် ဆိုးတယ်ဆိုတာ ဦးသိန်းစိန် အစိုးရလက်ထက်က အခြေအနေထက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်မှာ ပိုဆိုးတယ်လို့ ဆိုလို တာလား ။ ဘယ်လို အခြေအနေ တွေကြောင့် ဒီလိုပြောရတာလဲ။

ဦးစိန်ဌေး – ထိုင်းဘက်အခြမ်းကို ကျွန်တော်မပြောဘူး။ ထိုင်းဘက်ခြမ်း အခြေအနေကတော့ တဖြည်းဖြည်း ပိုတိုးတက် ကောင်းမွန်လာတယ်။ ကိုယ့်အစိုးရက လုပ်ပေးတာ ရှိသလို ထိုင်းအစိုးရက နိုင်ငံတကာ ဖိအား ကြောင့် ဥပဒေတွေအသစ် ထုတ်တာတော့ ကောင်းလာတယ်။ ကိုယ့်နိုင်ငံ အတွင်းမှာ ပြန်ကြည့်။ ရွှေ့ပြောင်း အလုပ်သမားအရေးပဲ ပြောမယ်။ ကျန်တာ မပြောဘူး။ တစ်လမှာ MOU စနစ်နဲ့ တရားဝင် ထိုင်းကိုသွားနေတာ အနည်းဆုံး (၁၅,၀၀၀) ရှိတယ်။ အစိုးရ သတ်မှတ် ထားတာတာက ကျပ်(၁၅၀,၀၀၀) ထက် ပိုမယူရဘူးလို့ သတ်မှတ်ထားတာ။ ဒါပေမဲ့ အလုပ်သမားတွေက မြန်မာငွေ အနိမ့်ဆုံး (၅) သိန်း၊ (၆) သိန်း ထက် မနည်းပေးနေရတယ်။ တစ်လကို သွားတဲ့ (၁၅,၀၀၀) ထဲက (၉၀) ရာခိုင်နှုန်းက အဲဒီလိုတွေ ပေးနေ    ရတယ်။ဒါပေမဲ့ အလုပ်သမား ဝန်ကြီး ဌာနက အေဂျင်စီတွေကို ကြပ်မတ်တာတွေ မလုပ်ဘူး။ မတိုင်ရင် ဘာမှ မလုပ်ဘူး။       တိုင်မှ အရေးယူတာ။ အရေးယူတာကလည်း ဥပဒေက သတ်မှတ်ထားတာမျိုး မဟုတ်ဘူး။ ၁၉၉၉ ပြည်ပအလုပ်အကိုင် ဥပဒေမှာဆိုရင် သတ်မှတ် ဝန်ဆောင်ခထက် ပိုယူတယ်ဆိုရင် ထောင် ဒဏ် ဘယ်လောက်ဆိုတာ ပါတယ်။ ပုဒ်မ (၂၆)၊ (၂၇)၊ (၂၈) တွေမှာ ပါတယ်။ အေဂျင်စီက စည်းကမ်း ချိုးဖောက်ရင် ပြဿနာ အကြီးအသေးကို လိုက်ပြီး (၆) လပိတ်လိုက်၊ တစ်နှစ် ပိတ်လိုက်၊ ရာသက်ပန်ပိတ်လိုက်နဲ့ သွားနေ တာ။ ဒါတောင်တိုင်မှ သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးတယ် ဆိုတာမရှိဘူး။     စဉ်းစား ကြည့်တော့ အလုပ်သမားတွေက အစိုးရရုံးမှာ အလုပ်ရှင် အလုပ်သမား စာချုပ် ချုပ်ပြီး သွားသူတွေ၊ဘာလို့ မစစ်ဆေးလဲ။     ဘာလို့ ပိုဆိုးလဲဆိုရင် ထိုင်းဘက်နဲ့ ဆိုင်တယ်။ အရင်တုန်းက ထိုင်းဘက်က ပွဲစားတွေက ပိုက်ဆံဖြတ်လို့ ရတယ်။အခုက ဖြတ် မရဘူး။ ထိုင်းဥပဒေက စာရွက်စာတမ်းဖိုးထက် ပို အဖြတ်မခံဘူး။ အဲဒီတော့ ထိုင်းအေဂျင်စီက မြန်မာဘက်ကို ကောက်ခိုင်းတာ။ အဲဒီအတွက် (၆) သိန်း တွေ၊ (၇) သိန်းတွေ၊ (၈) သိန်းတွေ ဖြစ်ကုန်တာ။ ဒါကို ဒီအစိုးရက နားမလည်ဘူး။ လွှတ်ထားပေးတယ်။ ထိုင်းအေဂျင်စီတွေ ယုတ်မာတာကို မြန်မာအေဂျင်စီတွေက ပူးပေါင်းပြီး ဝန်ကြီးဌာနက လျစ်လျှူရှုတယ်။ တစ်လမှာ အယောက် (၁၀,၀၀၀) က မြန်မာငွေ (၄) သိန်း ခေါင်းပုံဖြတ် ခံရရင် တစ်လမှာ သိန်းပေါင်း (၄၀,၀၀၀) လောက် ဖြစ်သွားတယ်။ ထိုင်းကို သွားနေတာ မရှိ ရှိတာကို ရောင်းချ သွားလာနေကြတာ။ မကွေးဘက်၊ အညာဘက်က ပိုသွားနေကြတာ။ အိုးပေါင်၊ အိမ်ပေါင်၊  ခြံပေါင်၊ အတိုးနဲ့ချေး၊ အဲဒီလို လူတွေဆီက တစ်လကို သိန်းပေါင်း (၄၀,၀၀၀) (၅၀,၀၀၀) ခေါင်းပုံဖြတ် ခံနေရတာ။ ပုဂ္ဂုလိကအရ ပြောရင် ကျွန်တော်တို့ သဘောကျလို့ မဲပေးထားတဲ့ အစိုးရ၊ ဒါပေမဲ့ တော်တော် ဆိုးနေတယ်။ တာဝန်မကျေဘူး။ အရင်က တာဝန်မကျေတာ ထားလိုက်တော့၊ ဒီခေတ်မှာ တာဝန် မကျေတာ ကျွန်တော်တို့ ပိုခံရခက်တယ်။ ကျေးလက်ဒေသက မရှိဆင်းရဲသားတွေ ခေါင်းပုံဖြတ် ခံနေရ တယ်။

ငြမ်းမီဒီယာ – ဝန်ကြီးဌာနက ပျက်ကွက်နေတယ်ဆိုရင် လွှတ်တော်ဘက်ကရော ဆောင်ရွက်ပေးဖို့ တောင်းဆို တင်ပြတာမျိုး မရှိဘူးလား။

ဦးစိန်ဌေး – လွှတ်တော်ပိုင်းကို ကျွန်တော်တို့ သွားတွေ့တယ်။ သူတို့ လုပ်ငန်းစဉ်က နှောင့်နှေးတာ ရှိမယ်။ သူတို့က စီမံခန့်ခွဲခွင့် မရှိတော့ မေးခွန်းလောက် အဆိုလောက်ပဲ ရှိတယ်။ နောက်ပြီး ဟိုကလာဖြေလည်း အဖြေမှားနေတယ်ဆိုရင်တောင် သူတို့ သိချင်မှ သိမယ်။ နောက် CI ကိစ္စနဲ့ ပတ်သက်လို့လည်း တိုင်ကြားတော့ လွှတ်တော်ကပဲ ပြန်ဖြေ တယ်။ ဝန်ကြီးဌာနက ဖြေတယ်။ အလုပ်သမားတွေက စာမတတ်လို့၊ မသွားရဲလို့ ပွဲစားအားကိုးတယ်လို့ ဖြေတယ်လို့ ပြန်ပြောတယ်။ စာတတ်တတ် မတတ်တတ် ဘတ် (၃၀၀) ထက် ပိုကုန်စရာ မရှိဘူး။ တကယ်က သူတို့နဲ့ မဆိုင်ဘူး ဆိုတာမျိုး ပြောချင်တာ။ တကယ်က SEVEN ELEVEN မှာကတည်းက စလစ်မှာ အပြီး စီစဉ်ပေးလို့ ရတယ်။

ငြမ်းမီဒီယာ – လက်ရှိ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို သတင်းစကား ပါးချင်ပါသလဲ။

ဦးစိန်ဌေး – ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်ပြီး လုပ်စရာ (၂) မျိုးရှိ တယ်။ ပြည်တွင်းထဲမှာ အလုပ်သမားတွေ၊ ပြည်သူတွေ သိအောင် အချက်အလက်တွေ ထုတ်ပြန်ပေးရမယ်။ ဥပမာ ထိုင်းသွားရင် ကျပ် (၁၅၀,၀၀၀) ထက် ပိုမပေးရဘူး၊ ပိုတောင်းရင် ဒါလိမ်တာပဲဆိုတာ တစ်နိုင်ငံလုံး သိအောင် ကြေညာပေးရမယ်။ အလုပ်သမားတွေ မသွားခင် အသိပညာပေး လုပ်ငန်းတွေ လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရ သင်တန်းကျောင်းတွေမှာပဲ စာချုပ် ချုပ်ကြတာ။ သေသေချာချာ လုပ်ရင် ရတယ်။ ဒါပေမဲ့ (၁၅) မိနစ်လောက်နဲ့တော့ မရဘူး။ အစိုးရရုံးထဲ သွားကြည့်လိုက်၊ ပွဲစားတွေ ပြည့်နေတာပဲ။ ဘာကြောင့်လဲဆိုတော့ ပွဲစားတွေ ခေါ်လာတာကို။ ပွဲစားတွေ ရုံးထဲ ပေးမဝင်နဲ့ပေါ့။ ဒါဆို အလုပ်သမားတွေကို သေသေချာချာ မေးလို့ရမယ်။ ထိုင်းကို ရောက်ရင်တော့ ကာကွယ် စောင့်ရှောက်တဲ့ အပိုင်းပေါ့။ အလုပ်သမား သံအရာရှိတွေက ဦးစီးပြီး ပွဲစားတွေ မပါဘဲ အလုပ်သမား အချင်းချင်း ဖေးမကူညီမယ့် အဖွဲ့လေးတွေ လုပ်ပေးနိုင်ရင် ကောင်းမယ်။ အလုပ်သမား ဝန်ကြီးဌာနကို ကြပ်မတ် ပေးဖို့ လိုတယ်။ အဲဒီလို မဟုတ်ရင် တာဝန်ကျေနဲ့၊ ဂွင်တွေရှာတာနဲ့ ဖြစ်မယ်။ ရွှေ့ပြောင်း အလုပ်သမား ကိစ္စက ဂွင်ရှာလို့ကောင်းတယ်။ ပြည်တွင်း အလုပ် သမားကိစ္စကတော့ ပြဿနာများတယ်။

ငြမ်းမီဒီယာ – အခုလို ရွှေ့ပြောင်းအလုပ်သမားတွေ အကြောင်း ပြည့်ပြည့်စုံစုံ ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ
ဇွန်(၄)၊ ၂၀၁၈၊ ရန်ကုန်

ရွှေ့ပြောင်းလုပ်သား ထိုင်း အလုပ်သမား ပွဲစား လဝက ဝန်ကြီး အတွင်းဝန် အဂတိလိုက်စားမှု


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , ,