မူဝါဒမပြတ်သားတဲ့ ခေါင်းဆောင်တွေကြောင့် အာဏာရှင်နွံထဲက ရုန်းမထွက်နိုင်ဖြစ်နေရတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

WGN / အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးဌေး

မြန်မာပြည်ရဲ့နိုင်ငံရေးကို ပြည်သူတွေကပဲလုပ်ခဲ့တာပါ။ ပါတီ ခေါင်းဆောင်တွေ၊ ပါတီတွေကစည်းရုံးမှုတွေကြောင့်မဟုတ်ပါဘူး။ ၁၉၈၈ အရေးတော်ပုံဆိုလည်း …

အလုပ်သမားလယ်သမားအရေးအတွက် လွှတ်တော်တွင်းမှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး အလုပ်သမား လယ်သမားအရေး ကျွမ်းကျင်သူများကို တစ်သီးပုဂ္ဂလအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ယခုလ (၅) ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး အသိပေးခဲ့သည်။ ၎င်းအခြေအနေများနှင့် ပတ်သက်ပြီး အလုပ်သမားလယ်သမားအရေးဆောင်ရွက်နေသူ ရှေ့နေဦးဌေးကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – လက်ရှိအစိုးရလက်ထက်မှာ အလုပ်သ မားလယ်သမားတွေရဲ့ အကျိုးစီးပွားအတွက် ထိထိ ရောက်ရောက် ဆောင်ရွက်ပေးတာမျိုး တစ်ခုခုကိုပြောပြပေးပါ။

UH – လက်ရှိအနေအထားအရကြည့်ရင် ပြုပြင်ပြောင်းလဲမှုအရ ပထမအကြိမ်ရွေးကောက်ပွဲသက်တမ်းမှာ အပြောင်းအလဲအဖြစ် အလုပ်သမားလယ်သမားဥပဒေအသစ်တွေပေါ်လာခဲ့တယ်။ ကျနော်တို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရင်စစ်အစိုးရ ထက်စာရင် ခံစားခွင့်တချို့ရခဲ့သေးတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုလည်း ထိုက်သင့်သလောက်ရခဲ့တယ်။ ဒီဘက် ဒုတိယအကြိမ် ရွေးကောက်ပွဲ သက်တမ်းက ဖြစ်လာတဲ့အစိုးရလက်ထက် ရောက်တော့ ကျနော်တို့မကြိုက်တဲ့အစိုးရ၊ ကျနော်တို့ မကြိုက်တဲ့ပါတီလက် ထက်လောက်ကိုမရဘူး။ ငြိမ်းစုစီဥပဒေပြင်ဆင်ချက်တွေ ကြည့်လိုက်ရင်လည်း ကျနော်တို့အတွက် နည်းသွား တာ။ ဒါကကျနော်တို့ ရှေ့နေရှေ့ရပ်တွေရော၊ လူငယ်တွေရော၊ ကျောင်းသားတွေရော လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် အရေးယူ ခံရတာတွေက ဒီဘက်သက်တမ်းမှာများနေတယ်။ မီဒီယာသမားတွေလည်း အရေးယူခံရတာများလာတယ်။ ဥပဒေတွေ ပြင်ဆင် တော့လည်း အရင်အစိုးရလက်ထက်မှာ အားနည်းချက်တွေရှိတဲ့ အလုပ်သမားလယ်သမားဥပဒေတွေရခဲ့ပေမယ့် ဒီဘက် အစိုးရ လက်ထက်ကျတော့ အဲဒီဥပဒေ လောက်ကိုမရဘူး။ အရင်အစိုးရလက်ထက်နဲ့နှိုင်းရင်ကျနော်တို့က နစ်နာဆုံးရှုံးနေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်သူလူထုကတင်မြှောက်တဲ့အစိုးရ၊ ပြည်သူလူထု က တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူလူထု အကျိုးစီးပွားကို မကြည့်တာလောက် ခံစားရခက်တာမရှိပါဘူး …

အရင်က ကျနော်တို့မကြိုက် တဲ့အစိုးရ၊ ကျနော်တို့မကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ လွှမ်းမိုးတဲ့ကာလနဲ့ အခု ကာလကို ယှဉ်ကြည့်ရင် နည်း နေတဲ့အခါ ကျနော်တို့လည်းစိတ်မကောင်းဘူး။ ကျနော်တို့ ကိုယ်တိုင် ထောက်ခံပြီးတော့ မဲပေးခဲ့တဲ့ အစိုးရ လက်ထက် မှာ၊ ကျနော်တို့ကိုယ်တိုင်ထောက်ခံပြီးတော့မဲပေးခဲ့လို့ လွှတ်တော်မှာအများစု အနိုင်ရခဲ့တဲ့အချိန်ကျမှ ဘာဖြစ်လို့ ကျနော်တို့အခွင့်အရေးတွေဆုံးရှုံးရတာလဲ၊ ကျနော်တို့အကျိုးစီး ပွားတွေ ဘာကြောင့်ဆုံးရှုံးရတာလဲ။ အခွင့်အရေးဆုံးရှုံးတာ၊ အကျိုးစီးပွားတွေဆုံးရှုံးတာထားဦးတော့၊ အလုပ်သမားလယ် သမားတွေရဲ့ အသံတောင်နားထောင်မပေးနိုင်ဘူး။ လယ်သမား အလုပ်သမားတွေရဲ့ အသံတွေထုတ်ဖော်ရင် ငြိမ်းစုစီသုံးပြီးလုပ်တယ်။ ကျနော်တို့ အလုပ်သမားလယ်သမားတွေ တင်ပြတိုင်း အလုပ်သမားလယ်သမားတွေရဲ့အသံကို နားထောင်မယ့်ပုဂ္ဂိုလ်မရှိဘူး။ နောက်ဆုံး ကျနော်တို့က အလုပ်သမား လယ်သမားတွေ ဘက်က ရပ်ခံပြီးတင်ပြရင်တောင် တင်ပြတဲ့သူတွေကို ပုဒ်ထီးပုဒ်မမျိုးစုံတပ်ပြီး အရေးယူခံရတယ်။ အလွန်အသည်းနာဖို့ ကောင်းပါ တယ်။ ကိုယ်မဲပေးပြီးတင်မြှောက်ထားသူတွေက ကိုယ့်ကိုပြန်အရေးယူတာလောက် အသည်းနာဖို့ကောင်းတာမရှိပါဘူး။ ဒီမိုကရေစီ အင်အားစုမဟုတ်တဲ့သူက အရေးယူတာဖြေသာပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူကစတက်ကတည်းက ဒီမိုကရေစီကို မယုံကြည်ဘူး၊ ဒီမိုကရေစီကိုထောက်ခံတဲ့အင်အားစုမဟုတ်ဘူး၊ အကြောင်းကြောင်းကြောင့် အာဏာရလာတာဖြစ်တဲ့အတွက် ပြည်သူလူထုအကျိုးစီးပွားကိုမကြည့်တာ အဆန်းမဟုတ် ပါဘူး။ သို့သော် ပြည်သူလူထုကတင်မြှောက်တဲ့အစိုးရ၊ ပြည်သူလူထု က တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူလူထုအကျိုးစီးပွားကို မကြည့်တာလောက် ခံစားရခက်တာမရှိပါဘူး။

ပြည်သူလူထုက ဖိနှိပ်ခံနေရတာတွေကို ခါးသီးနေပါပြီ။ နှစ်တွေလည်းကြာပြီ၊ အပြောင်းအလဲကမလုပ်နိုင်တော့ လက်တွေ့ အပြောင်းအလဲကို ဘယ်သူက ကတိပေးမလဲ၊ လက်တွေ့ကတိပေးမယ့်သူကိုပဲ ကျနော်တို့က ပေးမှာ …

အဲဒီလိုတွေကနေ ထွက်ပေါက်ရှာတဲ့အနေနဲ့ ဘာပဲဖြစ်ဖြစ် ရတဲ့တစ်ထောင့်တစ်နေရာကနေ ရသလောက်ဆောင်ရွက်မယ်၊ မေ့လျောနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အမြဲတမ်းအသိပေးနေမယ်၊ ကျနော်တို့ မဲဆန္ဒရှင် အလုပ်သမား လယ်သမားတွေ၊ တိုင်းရင်းသားပြည်သူတွေကိုပြန်ကြည့်ဖို့၊ မမေ့ဖို့ အမြဲတမ်းနှိုးဆောင်နိုင်အောင် ကျနော်တို့ကခုလို တစ်သီး ပုဂ္ဂလဝင်ပြိုင်ဖို့ရည်ရွယ်တာဖြစ်တယ်။ အာဏာနိုင်ငံရေးကို ကျနော်တို့တုပြိုင်မှာမဟုတ်ပါဘူး။ အစိုးရနေရာဆိုတာကိုလည်း ကျနော်တို့က မျက်မွှေးထော် မော်တောင်မကြည့်ရဲပါဘူး။ ကျနော်တို့က အဖိနှိပ်ခံအလုပ်သမား လယ်သမား တိုင်းရင်းသား ပြည်သူတွေအတွက်ပဲလုပ်မှာပါ။ သို့သော် တစ်ခုရှိတာက မြန်မာပြည်ရဲ့နိုင်ငံရေးကို ပြည်သူတွေကပဲလုပ်ခဲ့တာပါ။ ပါတီ ခေါင်းဆောင်တွေ၊ပါတီတွေက စည်းရုံးမှုတွေကြောင့် မဟုတ်ပါဘူး။ ၁၉၈၈ အရေးတော်ပုံဆိုလည်း ဖိနှိပ်မှုကိုမခံနိုင်တဲ့ ပြည်သူလူထုက တခဲနက်ဆောင် ရွက်ခဲ့ကြတာပါ။ ဘယ်သူမှစည်းရုံးရေးတော်လို့မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာလည်း အာဏာရခဲ့တဲ့ တ.စ.ည ပါတီကို မဲမပေးချင်လို့ ပြည်သူလူထုဘက်က မှတ် ပုံတင်ထားတဲ့ပါတီကို ပုံအောပေးကြတာ။ သူ့ကိုထောက်ခံလို့မဟုတ်ပါဘူး။ တစ်ဖက်က တ.စ.ည ကအာဏာပြန်ထူ ထောင်မှာစိုးလို့ မဲမပေးခဲ့ကြတာပါ။ ဒါ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ ၂၀၁၅ မှာလည်း ကျနော်တို့က လက်ရှိ အာဏာရပါတီကို ကြိုက်လွန်းလို့ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုး ပါတီက အာဏာယူသွားမှာစိုးတဲ့အတွက်ပြည်သူလူထုဘက်က မှတ်ပုံတင်ထားတဲ့ ပါတီကို ကျနော်တို့က မဲပေးတာပါ။

အလုပ်သမားလယ်သမားတွေက သူတို့အကျိုးစီးပွား၊ သူတို့အရေးကို ဘယ်သူကလုပ်တယ် မလုပ်ဘူးဆိုတာသိပြီးသားပါ။ အဲဒီအတွက် ပူစရာမရှိပါဘူး …

အဲဒါကို ကြည့်ရင် ပြည်သူလူထုက သူတို့ကိုဖိနှိပ်တဲ့ပါတီတွေကို ရွေးကောက်ပွဲနည်းနဲ့ ဒီမိုကရေစီမဲတစ်ပြားကိုသုံးပြီး ဖြုတ်ချခဲ့ ကြပြီးပါပြီ။ ၂၀၂၀ မှာ အရေးအကြီးဆုံးက ဖွဲ့စည်းပြင် ဆင်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးပေါ့။ အဲဒီမှာ ၆ (စ) ပေါ့။ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ပါဝင်မှုအပိုဒ်ကို ပယ်ဖျက် ဖို့ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာတပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး ကို အစဉ်တစိုက်ဦးတည်နေတာကို ရပ်သွား အောင် ကြိုးစားရမှာ။ အဲဒီတော့ ပြည်သူ့ဘက်ကဝင်ရောက် ရွေးချယ်ခံမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ဒါကိုသတိပေးသလား။ ၂၀၀၈ ဖွဲ့စည်းပုံက ၆ (စ) ကို ပြင်ပေးမယ့်၊ အပြောင်းအလဲလုပ်ပေးမယ့် ပါတီဆိုရင် ကျနော်တို့ကမဲပေးမှာပဲ။ အဲဒီလိုမှမဟုတ်ဘဲ အချိန်အကြာကြီးလုပ်နေမယ်ဆိုရင် ကျနော်တို့က စဉ်းစားရကြပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ပြည်သူလူထုက ကြာလေခံရလေဆိုတော့ သုမနကျောမှာဒဏ်ရာတွေနဲ့ ဆိုသလိုဖြစ်နေပြီ။

ပြည်သူလူထုက ကျန်တဲ့ပါတီ တွေကိုစိတ်ကုန်လာတယ်၊ တံဆိပ်တွေ ခေါင်းဆောင်တွေကိုစိတ်ကုန်လာတယ်။ ဘာကြောင့်လဲဆို လယ်သမားအလုပ်သမားအရေးကို လုပ်မှမလုပ်တာ၊ လက်တွေ့ …

ပြည်သူလူထုက ဖိနှိပ်ခံနေရတာတွေကို ခါးသီးနေပါပြီ။ နှစ်တွေလည်းကြာပြီ၊ အပြောင်းအလဲကမလုပ်နိုင်တော့ လက်တွေ့ အပြောင်းအလဲကို ဘယ်သူက ကတိပေးမလဲ၊ လက်တွေ့ကတိပေးမယ့်သူကိုပဲ ကျနော်တို့က ပေးမှာဖြစ်ပါတယ်။ အခုဖွဲ့စည်းပုံမှာ တပ်ကနိုင်ငံရေးမှာပတ်သက်နေတဲ့အတွက် တပ်မတော်ဟာပြည်သူလူထုရဲ့အုပ်ချုပ်ရေး ယန္တရား အောက်မှာရှိတဲ့ အပြောင်းအလဲ ကို ဆောင်ကျဉ်း ပေးနိုင်မယ့်သူကိုပဲ ကျနော်တို့ရွေးချယ်ရမှာပါ။ ဒါဟာရွေးကောက်ပွဲအတွက် ဆုံမှတ် ဖြစ်နေပါတယ်။ နိုင်ငံရေး အရပြောရင်တော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံကို ဘယ်သူကဦးဆောင် ရေးပေးမလဲ၊ အဲဒီပါတီကိုပဲ မဲပေးမှာ။ ကျန်တဲ့ဟာကတော့ပြည်ထောင်စုလွှတ်တော်ရဲ့ ရလဒ်ဖြစ် တဲ့အတွက်ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မစဉ်းစားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း မည်သူ့ကိုမှ ကျနော်တို့မဲပေးဖို့စဉ်းစားမှာမဟုတ်ပါဘူး။

ငြမ်းမီဒီယာ – ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ပါတီတွေထဲမှာ ‘တောင်သူလယ်သမား’ ဆိုတဲ့စကားလုံးပါတဲ့ ပါတီတွေလည်း ရှိပါတယ်။ အဲဒီလိုတောင်သူလယ်သမား တွေကို ကိုယ်စားပြု အခြေခံပါတယ်ဆိုတဲ့ ပါတီမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အစီစဉ်မျိုး စဉ်းစားထားတာရှိပါ သလား။

UH – အဲဒါကတော့ ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေအရ နိုင်ငံရေးနားလည်တဲ့သူတိုင်းသိပါတယ်။ တိုင်းပြည်ရဲ့ လူများစုဖြစ်တဲ့ အလုပ်သမားလယ်သမားအရေးကို မေ့လျော နေတဲ့အခါကျတော့ တစ်ဖက်က ပါတီနိုင်ငံရေးဆောင်ရွက် သူတွေက အဲဒီ အားနည်းချက်ကို သိလို့ လယ်သမားအလုပ် သမားအလံနဲ့ ရွေးကောက်ပွဲဝင်ဖို့ကြိုးပမ်းတာလည်း အဆန်း တော့မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ‘လယ်သ မားအလုပ်သမား’ ဆိုတဲ့အသံပါရင် ပြည်သူလူထုကမဲပေးမလား ဆိုတဲ့မျှော်လင့်ချက်ပေါ့။ ပြည်သူလူထုက ကျန်တဲ့ပါတီ တွေကိုစိတ်ကုန်လာတယ်၊ တံဆိပ်တွေခေါင်းဆောင်တွေကို စိတ်ကုန်လာတယ်။ ဘာကြောင့်လဲဆို လယ်သမားအလုပ်သမားအရေးကို လုပ်မှမလုပ်တာ၊ လက်တွေ့နိုင်ငံရေးက လယ်သမားအလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက် ပေးတာကိုပဲလိုချင်ကြတာ။ အဲဒီလိုလုပ်မပေးတဲ့အခါကျတော့ ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို နားလည်တဲ့ ပုဂ္ဂိုလ်တစ်ချို့က နိုင်ငံရေးရေချိန်ကိုကြည့်ပြီး လယ်သမားအလုပ်သမားအလံနဲ့ ရွေးကောက်ပွဲဝင်ဖို့ကြိုးစားကြတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေးမှာလည်း ဖက်ဒရယ်က ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်နေတယ်။ ပြည်သူလူထုရဲ့အခြေခံစားဝတ်နေရေးနဲ့ အလုပ်အကိုင် ရှားပါးမှုက မီးပွားသဖွယ်ဖြစ်နေတဲ့အခါ …

ဒါပေမယ့်သူက လယ်သမားအလုပ်သမားထုကို ကိုယ်စားပြုတဲ့သူ ဘယ်သူမှမပါကြဘူး။လယ်သမား အလုပ်သမားတွေနဲ့ ဆိုင် တဲ့ သမဂ္ဂတွေ က လည်း ဘယ်သူမှအသိအမှတ်မပြုကြဘူး။လယ်သမား အလုပ်သမားတွေ အရေးကို လက်တွေ့ဆောင်ရွက်နေတဲ့ နယ်ပါယ်တွေမှာ အဲဒီပါတီတွေက ရှိမှမရှိတာကိုး။ လက်တွေ့အားဖြင့် လယ်သမားအလုပ်သမားတွေရဲ့အကျိုးအတွက် လုပ်နေတဲ့နယ်ပါယ်တွေမှာ ဒီသမဂ္ဂတွေနဲ့ CSO ပဲရှိတယ်။ အလုပ်သမားလယ်သမားသမဂ္ဂတွေက ခေါင်းဆောင်တွေ၊ အလုပ်သမား လယ်သမားအရေး လုပ်နေတဲ့ CSO တွေကပုဂ္ဂိုလ်တွေနဲ့ အလုပ်သမားလယ်သမားထု လက်တွဲပြီး ဒီအလုပ် သမားလယ်သမားအရေးကို လုပ်နေ ကြရတာ။ အခက်အခဲက အဲဒီလိုတွေဖြစ်နေတာ။ ဒီအခြေအနေတွေကြောင့် လယ်သမား အလုပ်သမား အလံနဲ့ လယ်သမား အလုပ်သမားတွေရဲ့မဲကို ချူဖို့ကြိုးစားကြတာတွေလည်း ရှိနိုင်တယ်။ ဒါတွေက မဆန်းပါဘူး။ သို့သော် အလုပ်သမားလယ်သမားတွေက သူတို့အကျိုးစီးပွား၊ သူတို့အရေးကို ဘယ်သူကလုပ်တယ် မလုပ်ဘူးဆိုတာသိပြီးသားပါ။

တစ်ပြည်လုံးရဲ့ ဆင်းရဲမွဲတေမှု ဖြစ်လာ ပါတယ်။ အားလုံးက ဆင်းရဲမွဲတေမှုအောက်က ရုန်းမထွက် နိုင်ဘူး။ အဲဒါကြောင့်ရုန်းထွက်နိုင်အောင်လုပ်ပေးမယ့်အစိုးရ …

အဲဒီ အတွက် ပူစရာမရှိပါဘူး။ အလုပ်သမား လယ်သမားအတွက် လုပ်ကိုင်ဆောင်ရွက်ဖို့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ မနှစ်တုန်းလောက် ကတည်းက ပြောလာကြတာဆိုတော့ တချို့ကလည်း တစ်သီးပုဂ္ဂလဝင်ပြိုင်တဲ့အခါ မဲရဖို့အတွက် လယ်သမားအလုပ်သမားတွေကို ကိုယ်စားပြုသယောင် ရောပြီးလုပ်လာနိုင်တာလည်းရှိပါတယ်။ ဒါကြောင့် လယ်သ မားအလုပ်သမားကိုယ်စားပြုမှုကို သမဂ္ဂတွေ၊ CSO တွေကနေ မူဝါဒတွေသတ်မှတ်ပြီး နည်းလမ်းတကျ ထောက်ခံအတည်ပြုပြီးမှ လယ်သမားအလုပ်သမားကိုကိုယ်စားပြုပြီး တစ်သီးပုဂ္ဂလဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကိုရွေးဖို့ စီစဉ်ရတာပါ။ ဦးဆောင် ကော်မတီက အသိအမှတ်မပြုတဲ့ဟာသည် ကျနော်တို့ဆိုင်းဘုတ်ကို အလွဲသုံးပြီးတစ်သီးပုဂ္ဂလ ဝင်ပြိုင်ခြင်းသက်သက် မျှသာ ဖြစ်ပါတယ်။ ကျနော်တို့ အလုပ်သမား လယ်သမားအဖွဲ့အစည်းတွေနဲ့ မပတ်သက်ပါဘူး။ သို့သော် မဲဆန္ဒရှင်တွေအနေနဲ့တော့ လွတ်လပ်စွာမဲပေးပိုင် ခွင့်ရှိတဲ့အတွက် မိမိတို့နှစ်သက်ရာတစ်သီးပုဂ္ဂလကို ပေးနိုင် ပါတယ်။ သို့သော် ကျနော်တို့ အလုပ်သမား လယ်သမားအဖွဲ့အစည်းတွေက အသိအမှတ်ပြုရွေးချယ်ပြီး ယှဉ်ပြိုင်စေမယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကတော့ အလုပ်သမား လယ်သမား အရေးကိုတကယ်ဆောင်ရွက်မယ့်သူတွေ ဖြစ်တဲ့အတွက် မဲပေးကြဖို့တော့ အလုပ်သမားလယ်သမား ထု ကို မေတ္တာရပ်ခံပါတယ်။

ငြမ်းမီဒီယာ – မေးခွန်းက အလုပ်သမားလယ်သမားအရေးဆောင်ရွက်နိုင်အောင် တစ်သီးပုဂ္ဂလဝင်ပြိုင် ဖို့စီစဉ်ဆောင်ရွက် ကြသူတွေအနေနဲ့ တချို့သောတောင်သူလယ်သမားအခြေပြုပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတာမျိုးရှိသလားဆိုတာပါ။

UH – လယ်သမားအလုပ်သမား အမည်ခံသက်သက် ပါတီများနဲ့လက်တွဲဖို့တော့ ကျနော်တို့အစီအစဉ်မရှိပါဘူး။ နိုင်ငံရေး နယ်ပါယ်မှာ လက်တွေ့ကျကျ လယ်သမားအလုပ် သမား အကျိုးစီးပွားကိုဆောင်ရွက်မယ့်ပါတီများနဲ့ လက်တွဲဖို့ တော့ ကျနော်တို့ စဉ်းစားဆုံးဖြတ်ကြမှာပါ။ ကျနော်တို့မှာ မဟာမိတ်နဲ့ပတ်သက်ပြီး မူဝါဒမချမှတ်ရသေးပါဘူး။ အလွန် အခက်အခဲရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံရေးပါတီတွေမှာ ရွေးကောက်ပွဲကြေညာစာတမ်းတို့၊ မူဝါဒတို့လောက်မှာပဲ လယ်သမား အလုပ်သမား အကျိုးကို ဆောင်ရွက် ဖို့ရေးထားပြီး လက်တွေ့မှာ ဆောင်ရွက်ဖို့စိတ်မဝင်စားကြတာမျိုးတွေလည်းရှိတတ်တော့ ဒါတွေကို စိစစ်ရတာက ခက် ခဲပါတယ်။ သို့သော် သမိုင်းမှတ်တမ်းအရ ၁၉၈၈ နောက်ပိုင်းဖြတ်သန်းမှုမှာ ဘယ်ပုဂ္ဂိုလ်တွေ ကတော့ လယ်သမားအလုပ်သမားအရေးကို ဘယ်လိုဆောင်ရွက်တယ် မဆောင်ရွက်ဘူးဆိုတာ လယ်သမားအလုပ်သမားထုက ရင်ထဲ အသည်းထဲက သိပြီးသားပါ။ ဘယ်သူကတော့ ရွေးကောက်ပွဲနီးမှ လယ်သမားအလုပ်သမားရဲ့ အလံနဲ့၊ အသံနဲ့ မဲရအောင် ကြိုးစား တယ်၊ ဘယ်သူကတော့ လက်တွေ့မလုပ်ဘူးဆိုတာတွေကို ကျနော်တို့လယ်သမားအလုပ်သမားထုက သိပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဆုံးက မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်ပုဂ္ဂိုလ်မဆို သူဟာ ဒီမိုကရေစီနိုင်ငံရေးနဲ့ အာဏာ နိုင်ငံရေးမှာ ဒီမိုကရေစီနိုင်ငံရေးဘက်ကရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ဖို့လိုပါတယ်။ ဒုတိယ မှတ်ကျောက်က လယ်သမားအလုပ်သမားအရေးကို လက်တွေ့ကျကျဆောင်ရွက်ဖို့ဖြစ်ပါတယ်။ တတိ ယမှတ်ကျောက်ကတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်အောင် အပြောင်းအလဲလုပ်ဖို့ အာမခံနိုင်မှုပဲဖြစ်ပါတယ်။ အဲဒီသုံးချက်နဲ့ပဲ ကျတော်တို့ကတိုင်းတာကြရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မဲပေးတိုင်း မဲပေးတိုင်းမှာ အဲဒီအချက်တွေနဲ့မညီရင် မဲမပေးဖို့လိုပါတယ်။ ဒါ မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ရည်ရွယ်တာမဟုတ်ဘဲ မူအားဖြင့်ပြောရခြင်းသာဖြစ်ပါတယ်။ တစ်ဖက်ကလည်း လယ်သမားအလုပ်သမားအရေးကို ရွေးကောက်ပွဲကြေညာစာတမ်းမှာဖော်ပြရုံသာမဟုတ်ဘဲ ဘယ်သူက ဘယ်လောက်လုပ် သလဲဆိုတာကိုလည်း မှတ်ကျောက်တင်ကြရမှာပါ။ တတိယအချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အရေးကြီးတဲ့ ဖွဲ့စည်းပုံအပြောင်းအလဲလုပ်ဖို့ အဆင်သင့်ရှိပြီလား၊ မည်ကာမတ္တလားဆိုတာ စဉ်းစားရမယ်။ လက်တွေ့လုပ်မယ့် ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေကို မဲပေးဖို့ လိုပါတယ်။ အဲဒီလိုမှ အပြောင်းအလဲ က တကယ်ဖြစ်မှာ။ ပြီးခဲ့တဲ့သက်တမ်းမှာ ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ ခုဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ပေမယ့် မည်ကာမတ္တ၊ ဒါတိုင်းရင်းသားတွေအားလုံးသိပါတယ်။ ပုဒ်မ ၂၆၁ တောင်မှ ရဲရဲဝံ့ဝံ့ပြင်ဖို့ အဆိုပြုတာမျိုးမရှိတဲ့အခါကျတော့ ကျနော်တို့အလုပ်သမားလယ် သမားတွေသာမက တိုင်းရင်းသားလူမျိုးတွေဘက်ကလည်း လက်မခံနိုင်ဘူးဖြစ်နေတာ။ သို့သော် လည်း အာဏာရပါတီက လယ်သမားအလုပ်သမား၊ တိုင်းရင်းသားတွေက ထောက်ခံတဲ့ပါတီကြီးဖြစ်တော့ ကျနော်တို့က အလွန် အသည်းနာရပါတယ်။ ပုဒ်မ ၂၆၁ ကို ဘာကြောင့်လိုလိုလားလား မပြင်ရတာလဲ။ အနည်းဆုံအဆင့် အဲဒီလောက်ပြင်ရင်တောင်မှ ဖက်ဒရယ်နဲ့ပတ်သက်ပြီး၊ တိုင်းရင်းသားညီညွှတ်ရေးနဲ့ပတ် သက်ပြီး တိုင်းရင်းသားတွေဘက်က လက်ခံနိုင်ချေရှိသေးတယ်။ ခုကတော့ လွှတ်တော်ထဲက ဖွဲ့စည်းပုံပြင်တော့လည်း တိုင်းရင်းသားတွေရဲ့အကျိုးစီးပွား ဖက်ဒရယ်နဲ့ပတ်သက် လို့ အလားအလာ မရှိဘူး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံလည်း အလားအလာမရှိတဲ့အခါကျတော့ ဖက်ဒရယ်အသံက ဆိတ်ပြီးတော့ Confederation ကိုတဖြည်းဖြည်းနဲ့ ရှေ့ ရှုနေတာ။ ကျနော်တို့က Balkanization ဖြစ်မှာတောင်စိုးရိမ် နေရတယ်။ ပြည်ပက ဖိအားတွေကလည်းရှိတယ်၊ တိုင်းပြည်ရဲ့ကိုယ်ခံအားက အလွန်နည်းပါတယ်။ တစ်ဖက်လည်း စီးပွားရေးထဲမှာ အလုပ်အကိုင်တွေ က ရှားပါးနေတယ်၊ စား ဝတ်နေရေးက အတိဒုက္ခဖြစ်တယ်။ အဲဒါတွေက ပြည်သူလူထုအပေါ်မှာ သက်ရောက်နေတာ။ ခုနက နိုင်ငံရေးမှာလည်း ဖက်ဒရယ်က ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်နေတယ်။ ပြည်သူလူထုရဲ့အခြေခံစားဝတ်နေရေးနဲ့ အလုပ်အကိုင် ရှားပါးမှုက မီးပွားသဖွယ်ဖြစ်နေတဲ့အခါကျတော့ တစ်နေရာမှာဖြစ်တဲ့ဆင်းရဲမွဲတေမှုက တစ်ပြည်လုံးရဲ့ ဆင်းရဲမွဲတေမှု ဖြစ်လာ ပါတယ်။ အားလုံးက ဆင်းရဲမွဲတေမှုအောက်က ရုန်းမထွက် နိုင်ဘူး။ အဲဒါကြောင့်ရုန်းထွက်နိုင်အောင်လုပ်ပေးမယ့်အစိုး ရ၊ ရုန်းထွက်နိုင်အောင်လုပ်ပေးမယ့်ပါတီမျိုးကို ကျနော်တို့ကလိုလားပါတယ်။ အဲဒီလိုဟာမျိုးကိုပဲ မဟာမိတ်အဖြစ်လက် တွဲချင်ပါတယ်။ သို့သော်လည်း ကျနော်တို့ကိုယ်တိုင် လက် တွဲဖို့ စိစစ်ရတာခက်နေပါတယ်။ အများစုက အသံပဲရှိပြီး အဆံမပါတဲ့ သင်္ကြန် အမြောက်လိုဖြစ်နေတယ်။ အသံသာမည်တာ လက်တွေ့လုပ်တဲ့ပါတီမျိုးကမရှိတဲ့အခါ လက်တွဲဖို့ရွေးချယ်ရတာလည်း အလွန်အခက်အခဲရှိပါတယ်။

ငြမ်းမီဒီယာ – တိုင်းပြည်မှာ Balkanization လိုဖြစ်မှာတောင် စိုးရိမ်ရတယ်ဆိုတာ ဘယ်အချက်တွေကြောင့်လဲ။

UH – ယူဂိုဆလားဗီးယာနိုင်ငံကြီး ပြိုကွဲသွားတဲ့ Balkanization ဖြစ်စဉ်မျိုးနဲ့တူလာမှာကိုစိုးရိမ်တာပါ။ လက် ရှိမြန်မာနိုင်ငံလည်း အဲဒီလိုအခြေအနေဆီဦးတည်မှာကို စိုးရိမ်တာပါ။ ပညာရှင်တွေကလည်း ဒီအချက်ကို ထောက်ပြသတိပေးနေကြပါတယ်။ ပြည်ထောင်စုကြီးပြိုကွဲမှာကို စိုးရိမ်ရပါတယ်။ ဒို့တာဝန်အရေးသုံးပါးထဲမှာလည်း ပြည်ထောင်စုမပြိုကွဲရေးဆိုတာပါပါတယ်။ မပြိုကွဲရေးဆိုတာ မပြိုကွဲအောင် လက်ရှိအာဏာရ ခေါင်းဆောင်တွေကဆောင်ရွက်မှ ဖြစ်မှာပါ။ ပြိုကွဲမယ့်အလားအလာတွေကို ကိုယ်ကိုယ်တိုင်က ဖန် တီးမိရင် အချိန်မရွေးပြိုကွဲနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ကြီး က လည်း ကြာပါပြီ။ တိုင်းရင်းသားညီညွှတ်ရေးကလည်း ခုအချိန်ထိ မလုပ် နိုင်သေးပါဘူး။ အဲဒီလိုအခြေအနေမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတိုင်းရင်းသားတွေဘက်ကကြည့်ရင် အမျိုးသားအဆင့်ဆွေးနွေးပွဲလုပ်ဖို့တောင် မလွယ်အောင်ဖြစ် နေတာ ကျန်တဲ့ဖက်ဒရယ်မူတွေတင်ဖို့အတွက်ကတော့ ပိုအခက်အခဲဖြစ်နေတာပေါ့။ ဒီလိုအနေအထားမှာ ကျနော်တို့ စဉ်းစားရ မှာက ဖက်ဒရယ်အခွင့်အရေးတွေရဖို့ ဖက်ဒရယ်အခွင့်အရေးကိုတင်ပြနိုင်တဲ့အဆင့်တောင် မလွယ်ဘူးဆိုတဲ့အချက်ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းက တစ်နှစ်အတွင်းလွတ်လပ်ရေးရမယ် ကြွေးကြော်ပြီးတော့၊ ပြည်သူလူထုကလည်း တခဲနက်ပေးပြီးတော့ အပြောင်းအလဲလက်တွေ့လုပ်ခဲ့ပါတယ်။ ဒီကနေ့မှာ …

ဒါတွေကိုတင်ပြနိုင်ဖို့ဆိုရင် အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ၊ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးတွေ သူ့နယ်မြေ အသီးသီးမှာ ဖွင့်ပေးရမှာ။ လက်တွေ့ကျတော့ ကျင်းပဖို့တောင် အခက်အခဲဖြစ်နေပါတယ်။ တစ်ခါ ပြည်သူလူထုထဲမှာ အများစုဖြစ်တဲ့ အလုပ်သမားလယ်သမားတွေ ကျပြန်တော့လည်း ဘယ်အထဲမှပါဝင်ဆောင်ရွက်ခွင့်မရှိပြန်ဘူး။ ငြိမ်းချမ်းရေးကိစ္စအတွက်လည်း ကပ်လို့မရဘူး။ အဲဒီတော့ အလုပ်သမားလယ်သမားထုကြီးက ဘေးရောက်ပြီး အရေးမပါသလိုခံစားနေကြရတာ။ အဲဒီတော့ တိုင်းရင်းသား တွေပဲ ဖြစ်ဖြစ် အလုပ်သမားလယ်သမားတွေပဲဖြစ်ဖြစ် ဒီလူထုလူတန်းစားတွေဟာ အမေ့လျောခံသက်သက် ဖြစ်နေတယ်။ ဒီနိုင်ငံမှာတော့နေတာမှန်တယ်၊ ဒါပေမယ့် ဒီနိုင်ငံရဲ့အမျိုးသားရေး တွေဆောင်ရွက်တိုင်း အလုပ်သမား လယ်သမားတွေနဲ့ တိုင်းရင်းသားတွေက အမေ့လျောခံကိုဖြစ်နေရတာ။ ဒါကြောင့် အဲဒါတွေကိုမမေ့ပါနဲ့၊ မေ့ထားရင် တိုင်းပြည်ကြီးက အစိတ်စိတ် အမွှာမွှာကွဲနိုင်ပါတယ်ဆိုတာကို ပြောနေရတာပါ။ ပြိုကွဲရင် ဒါဟာ အလုပ်သမားလယ်သမား၊ တိုင်းရင်းသားတွေကြောင့် မဟုတ်ပါဘူး။ မေ့လျောထားခဲ့သူတွေရဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု ညံ့ဖျင်းလို့သာဖြစ်ပါတယ်။ အခု ၂၀၂၀ က တိုင်းပြည်ရဲ့ အဆုံးအဖြတ် ပေးမယ့် လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။ ဒီပြဿနာတွေအပေါ်မှာတိုင်းပြည်ပြိုကွဲ မသွားအောင် ထိန်းကျောင်းမယ့်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေ အများစုအနိုင်ရဖို့က အရေးကြီးနေပါပြီ။ ဒါကြောင့် ၂၀၂၀ မှာ မဲဆန္ဒရှင်တွေက စိစစ်ပြီးတော့ တိုင်းကျိုးပြည်ကျိုးကိုဆောင်ရွက်ကြဖို့ ကျနော်တို့ ကပန်ကြားနေတာပါ။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံမှာ အခြေခံဥပဒေဆိုရင် ၁၉၄၇၊ နောက် ၁၉၇၄၊ ပြီးတော့ အခု ၂၀၀၈ ပေါ့။နိုင်ငံရေးစနစ်အရ ဆိုရင် လွပ်လပ်ရေးရပြီးချိန်က ပါလီမန်ဒီမိုကရေစီစနစ်၊ ပြီးတော့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်၊ နောက်စစ်အုပ်ချုပ်ရေးစနစ်၊ အခု ၂၀၁၀ ကစပြီး ဒီမိုကရေစီစနစ်ဆိုပြီး ရှိခဲ့ပါတယ်။ အခြေခံဥပဒေအရပဲဖြစ်ဖြစ် နိုင်ငံရေးစနစ်အရဖြစ်ဖြစ် အလုပ်သမား လယ်သမားတွေအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အချိန်အပိုင်းအခြားတစ်ခုကိုပြောပါဆိုရင် ဘာကိုပြောမလဲ။

UH – ပထမဆုံးပြောချင်တာက သမိုင်းအကဲဖြတ်မှုအရ အခုလက်ရှိက ဒီမိုကရေစီခေတ်ကိုမရောက်သေးပါဘူး။ ဒီမိုကရေစီ တစ်ပိုင်းခေတ်ပေါ့။ အာဏာရှင်ကတစ်ပိုင်းရှိသေးတယ်။ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးဆိုတဲ့ Democratization ကာလကို ဖြတ်သန်းနေရတာပါ။ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ မတည်ဆောက်နိုင်သေးတဲ့အတွက် ဒီမိုကရေစီခေတ်ကို မရောက်သေးပါဘူး။

ပင်လုံကတိကဝတ်တွေကို အခြေခံ ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေ ဖျက်သိမ်းခံရပြီးတော့ အာဏာသိမ်းခံခဲ့ရတာကို ဒီနေ့တိုင်ဖြေရှင်းနိုင်မှုမရှိသေးဘူး။ အဲဒါကြောင့် …

ကျနော်တို့က ကြိုးပမ်းရမယ့်ကာလဖြစ်ပါတယ်။ မေးခွန်းမှာပါတဲ့ မြန်မာနိုင်ငံက အခြေခံဥပဒေတွေကို ပြောမယ်ဆိုရင် ကျနော်တို့ဖြတ်သန်းခဲ့တဲ့ အခြေခံဥပဒေသုံးခုထဲမှာ ၁၉၄၇ အခြေခံဥပဒေဟာ အမျိုးသားလှုပ်ရှားမှု၊ လွတ်လပ်ရေး ကျိုးပမ်းမှု တွေနဲ့အတူ ပြည်သူလူထုကို ကိုယ်စားပြုတဲ့လူတွေက ရေးဆွဲတာဖြစ်တဲ့ အတွက် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြည်သူလူထုကိုကိုယ်စားပြု ပေါ်ပေါက်လာတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ အဲဒီမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ပါသလို၊ ပြည်ထောင်စု အခွင့်အလမ်းတွေပါပါတယ်။ တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုအပြည့်အဝ မဖြစ်စေသည့် တိုင်အောင် ဖွဲ့စည်းပုံပြင် ဆင်နိုင်တဲ့ အခွင့်အလမ်းရှိတဲ့အတွက် အဲဒီ ၁၉၄၇ အခြေခံဥပဒေသည် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လက်နဲ့ရေးတဲ့ ဥပဒေဖြစ်ပါတယ်။ ကျန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လက်နဲ့ရေးခဲ့ တာတွေကို ခြေနဲ့ဖျက်တဲ့ အာဏာသိမ်းတဲ့လူတစ်စုက ဦးစီးရေးဆွဲတာဖြစ်ပါတယ်။ ၁၉၇၄ ဥပဒေဟာဆိုရင်လည်း အားလုံးသိတဲ့ အတိုင်း ၁၉၆၂ မှာအာဏာသိမ်းတဲ့ တပ်မတော်က ဦးစီးရေးဆွဲခဲ့တာဖြစ်တယ်။ အဲဒီမှာ ပြည်သူလူထုက လွတ်လွတ်လပ်လပ် အကြံပြုတင်ပြခွင့်မရပါဘူး။ အဲဒီလိုပဲ ၂၀၀၈ ဥပဒေဟာလည်း ၁၉၈၉ မှာ အာဏာသိမ်းခဲ့တဲ့ နအဖ အစိုးရက ဦးဆောင်ရေးဆွဲတာ ဖြစ်ပြီး ပြည်သူလူထုက လွတ်လွတ်လပ်လပ် အကြံပြုခွင့်မရှိပါဘူး။ အားလုံးသိကြတဲ့အတိုင်း ၁/၉၀ တို့၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ ဘယ်လိုပဲပြဌာန်း ပြဌာန်း ကျနော်တို့ရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံရေးဆွဲခွင့် မရပါဘူး။ ဒါကြောင့် လူတစ်စုကရေးဆွဲထားတဲ့ ဖွဲစည်းပုံအခြေခံဥပဒေတွေသာဖြစ်ပါတယ်။

မည်ကာမတ္တလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ကျွမ်းကျင် သူတွေ၊ ပညာရှင်တွေဖြစ်ရုံလောက်နဲ့ မရပါဘူး။ ဒီအပြောင်းအလဲကို ပြောင်းလဲရဲတဲ့သတ္တိရှိဖို့၊ တိုင်းပြည်ရဲ့အလှည့်အပြောင်းကို လုပ်ရဲတဲ့သတ္တိရှိဖို့လိုပါတယ်။ ဒီနေ့ရင်ဆိုင်နေရတာ …

အမျိုးသားညီလာခံကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြဌာန်းထားတဲ့ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ အန္တရာယ်ကိုကာကွယ်တဲ့ဥပဒေ စတဲ့ဥပဒေတွေနဲ့ တားဆီးပိတ် ပင်ထားလို့ နိုင်ငံရေးပါတီတွေရော၊ နိုင်ငံရေးသမားတွေရော မည်သူမျှ ကန့်ကွက်ခွင့် အကြံပြုခွင့် မရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ အဲဒီတော့ ၁၉၇၄ ဖွဲ့စည်းပုံရော၊ ၂၀၀၈ ဖွဲ့စည်းပုံရောက လူတစ်စုက၊ အာဏာသိမ်းအစိုးရက ရေးဆွဲတာဖြစ်တဲ့အတွက် ကျနော်တို့ပြည်သူလူထုကို ဖိနှိပ်တဲ့ဖွဲ့စည်းပုံဥပဒေဖြစ်ပါတယ်။ ၁၉၄၇ ဥပဒေကတော့ လွှတ်လပ်ရေး ခေါင်းဆောင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းပြုပြည်ပြု လွှတ်တော်က ကိုယ်စားလှယ် တွေက ပင်လုံစာချုပ်ကိုအခြေခံ ပြီး ရေးဆွဲတာဖြစ်တဲ့အတွက် အားနည်းချက်တချို့ပါသော်လည်း လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့အတူ၊ ပြည်သူလူထုဆန္ဒနဲ့အတူ ပြည်သူလူထုတွေကိုယ် တိုင်ပါတဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်။ ကျနော်တို့က အဲဒီအချက်ကို တော့ လက်ခံကြရမှာဖြစ်ပါတယ်။ မကျေနပ်ရင် ပြင်ဆင်သုံးစွဲရမှာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက အဲဒီလို ဗိုလ်ချုပ် အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေက ပြည်သူလူထုဆန္ဒသဘောထားတွေ၊ ပင်လုံကတိကဝတ်တွေကို အခြေခံ ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေ ဖျက်သိမ်းခံရပြီးတော့ အာဏာသိမ်းခံခဲ့ရတာကို ဒီနေ့တိုင်ဖြေရှင်းနိုင်မှုမရှိသေးဘူး။ အဲဒါကြောင့် ကျနော်တို့ရဲ့အာဏာရပါတီရော၊ လက်နက်ကိုင်တပ်ဖွဲ့တွေရောက ၁၉၄၇ ဖွဲ့စည်းပုံသမိုင်းကို အသိအမှတ် ပြုဖို့လိုပါတယ်။

ပါတီတစ်ရပ် အာဏာရရုံနဲ့ ဒီမိုကရေစီမရပါဘူး။ ခုက ဒီမိုကရေစီနဲ့ အာဏာရှင်နိုင်ငံရေးကို ရောသမမွှေထားတာ။ ဒါကြောင့် ဒီဖွဲ့စည်းပုံကြီးကို အပြောင်းအလဲလုပ်ရမှာ …

ဒီမိုကရေစီလိုလားသူတိုင်းက ၁၉၄၈ ကနေ ၁၉၆၂ အထိ အုပ်ချုပ်တဲ့ကာလကို အလေးထားဖို့လိုပါတယ်။ ဘာလို့လည်းဆို ဒီမိုကရေစီခေတ်ကိုဖြတ် သန်းတာ ဖြစ်လို့ပဲ။ အဲဒီကာလက ပါတီတွေ၊ ခေါင်းဆောင်တွေဟာ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါ တယ်။ သို့သော်လည်း သူတို့က တိုင်းပြုပြည်ပြုလွှတ်တော်ကရေးဆွဲထားတဲ့ဥပဒေအရ ပြည်သူရွေး ချယ်ထားတဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ ဒီဘက်ကာလတွေက အာဏာရလူတစ်စုက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံတွေနဲ့ ပြည်သူလူထု ပါဝင်ဆောင်ရွက်ခွင့်မရတဲ့ ဖွဲ့စည်းပုံကိုရေးထားတာဖြစ်တဲ့အတွက် အာဏာရှင် ဖွဲ့စည်းပုံဖြစ်ပါတယ်။ အဲဒီတော့ ဒီမိုကရေစီ ဖွဲ့စည်းပုံနဲ့ အာဏာရှင်ဖွဲ့စည်းပုံဆိုရင် ဒီမိုကရေစီဖွဲ့စည်းပုံဘက်ကပဲရပ်ရမှာပဲ။ အဲဒီအခြေခံရှိဖို့လိုပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသုံးရပ်မှာ ကျနော်တို့က ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ လက်ခံပါတယ်။ ဆိုတော့ အနာဂတ်မှာ ရေးဆွဲရင်လည်း ၁၉၄၇ ဖွဲ့စည်းပုံက အားနည်းချက်တွေကို သင်ခန်းစာယူပြီးတော့ ပင်လုံကတိကဝတ်တွေကို အခြေခံတဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးဖွဲ့စည်းပုံဖြစ်ဖို့ လိုပါတယ်။ အခုကတော့ ဒီမိုကရေစီခေတ်လည်း မရောက် သေးပါဘူး။ အသွင် ကူးပြောင်းရေးကာလကို ဖြတ်သန်း နေ ရတာပါ။ အဲဒီမှာမျက်စိလည်နေကြတာ။ ပါတီတစ်ရပ် အာဏာရရုံနဲ့ ဒီမိုကရေစီမရပါဘူး။ ခုက ဒီမိုကရေစီနဲ့ အာဏာရှင်နိုင်ငံရေးကို ရောသမမွှေထားတာ။ ဒါကြောင့် ဒီဖွဲ့စည်းပုံကြီးကို အပြောင်းအလဲလုပ်ရမှာ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကိုအခြေခံတဲ့ဖွဲ့စည်းပုံဖြစ်မှ ကျနော်တို့က ဒီမိုကရေစီနိုင်ငံရမှာ။ ခုက ဒီမိုကရေစီခေတ်မဟုတ်ပါဘူး။ အာဏာရှင်ခေတ်တစ်ခုကို အသွင်ကူးပြောင်းရေးကာလအားဖြင့် ဖြတ်သန်းနေတဲ့ကာလဖြစ်ပါတယ်။ ကျနော်တို့မှာ တိုက်ပွဲဝင် ရမယ့်တာဝန် ပခုံးမှာရှိနေသေးပါတယ်။ အဲဒါကြောင့် မည် ကာမတ္တလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ကျွမ်းကျင် သူတွေ၊ ပညာရှင်တွေဖြစ်ရုံလောက်နဲ့ မရပါဘူး။ ဒီအပြောင်းအလဲကို ပြောင်းလဲရဲတဲ့သတ္တိရှိဖို့၊ တိုင်းပြည်ရဲ့အလှည့်အပြောင်းကို လုပ်ရဲတဲ့သတ္တိရှိဖို့လိုပါတယ်။ ဒီနေ့ရင်ဆိုင်နေ ရတာ အဲဒီလိုအလှည့်အပြောင်းလုပ်ရဲတဲ့သတ္တိမရှိတဲ့ ခေါင်း ဆောင်တွေကြောင့်၊ မူဝါဒမပြတ်သားတဲ့ ခေါင်းဆောင်တွေ ကြောင့် ဖိနှိပ်ချုပ်ချယ်ထားတဲ့ အာဏာရှင်နွံထဲက ရုန်းမထွက်နိုင်ဖြစ်နေရတာ။ အဲဒါကြောင့် ဒီမိုကရေစီလည်းမှေးမှိန်၊ ဖက်ဒရယ်ဆိုတာလည်း ဝေလာဝေးဖြစ်နေရတာ။ ၂၀၂၀ မှာ အဲဒီအခြေအနေတွေက ရုန်းထွက်ဖို့ဆိုရင် အများစုအနိုင်ရမယ့်ပါတီတွေဟာ အပြောင်းအလဲကို ရဲရဲဝံဝံဆောင်ရွက်နိုင် တဲ့ သတ္တိရှိဖို့လိုပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဖဆပလနိုင်ငံရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဗိုလ်ချုပ်အောင်ဆန်းက တစ်နှစ်အတွင်းလွတ်လပ်ရေးရမယ် ကြွေးကြော်ပြီးတော့၊ ပြည်သူလူထုကလည်း တခဲနက်ပေးပြီးတော့ အပြောင်းအလဲလက်တွေ့လုပ်ခဲ့ပါတယ်။ ဒီကနေ့မှာ အဲဒီလိုပါတီ၊ အဲဒီလို ခေါင်းဆောင်မျိုး  မရှိပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့အနိုင်ရရင် ဒီမိုကရေစီကို တစ်ခါတည်း အပြောင်းအလဲ လုပ်မယ်ဆိုတဲ့ ခေါင်းဆောင်မျိုးမရှိသေးပါဘူး။ အဲဒီလို သတ္တိမရှိတဲ့ပါတီ၊ အဲဒီလိုသတ္တိမရှိတဲ့ခေါင်းဆောင်မျိုးကို ကျနော်တို့မဲပေးဖို့မရည်ရွယ်ပါဘူး။ အဓိကက အဲဒါပါပဲ။ အပြောင်းအလဲကို လက်တွေ့လုပ်ရဲဖို့လိုပါတယ်။ မည်ကမတ္တနဲ့ အမည်ခံလုပ်ရင် အဲဒီ အမည်ခံ အပေါ်မှာ မျက်စိလည်ပြီးတော့ ကြာလေ ဒီမိုကရေစီနဲ့ဝေးလေဖြစ်နေမယ်။ အဲဒီလို ဒီမိုကရေစီ အမည်ခံ အာဏာရှင်အုပ်ချုပ်ရေးကို သက်တမ်းရှည်အောင်လုပ်တဲ့သူကတော့ သမိုင်းတရားခံဖြစ်မှာပါပဲ။ ကျနော်တို့ကတော့ သမိုင်း တရားခံ အဖြစ်မခံနိုင်ပါဘူး။ လယ်သမား အလုပ်သမားတွေက သတ္တိရှိရှိနဲ့ဖောက်ထွက်ဖို့ ပြင်နေပါတယ်။ အပြောင်းအလဲ အတွက် ဖန်တီးမယ့်ခေါင်းဆောင်၊ ပါတီ မည်သူနဲ့မဆိုလက်တွဲမှာ။ အပြောင်းအလဲကို မည်ကာမတ္တလုပ်ဖို့ ယောင်သံပေးတဲ့ ခေါင်းဆောင် မျိုးကိုတော့ ကျနော်တို့လက်တွဲမှာမဟုတ်ပါဘူး။ ကျနော်တို့က သူမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုသလို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ခံစားခဲ့ရပြီးဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

အလုပ်သမားလယ်သမားတွေအရေးကို အာဏာရပါတီခေါင်းဆောင်က စိတ်ပါဝင်စားမှုမရှိတာပဲ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,