မေတ္တာနဲ့ ဆောင်ရွက်ကြပါလို့ပဲ အားလုံးကို တောင်းပန်ချင်ပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ဆရာတော်ဦးဣန္ဒက သီတင်းသုံးရာကျောင်း

အခွင့်အရေးယူ အသုံးမချကြပါနဲ့။ ဒီပြဿနာကိုလေ။ နိုင်ငံမတည်မငြိမ်ဖြစ်အောင်၊ လူမျိုးရေးကို မုန်းတီးအောင် မလုပ်ပါနဲ့ ၊မဖွကြပါနဲ့လို့ပဲ တောင်းပန်ချင်တာပေါ့ဗျာ။ ဒီဆရာတော်ကြီးကတော့ ကျနော်တို့ မြို့နယ်အသင်းကလည်း ဒီဆရာတော်ကို သိတယ်။ စာပေဝါသနာရှင်ဗျ။ သူတော်စင် သူတော်ကောင်းကြီး၊ ပြီးတော့ စာတတ်ပေတတ် ဓမ္မာစရိယအောင်ပြီး။ ပြီးတော့…

ထောက်ကြန့်မြို့၊ လမင်းသာ(၂) စားသောက်ဆိုင်တွင် နိုဝင်ဘာလ (၂၈) ရက်က ရိုက်နှက်ခံခဲ့ရသော ဆရာတော်ဦးဣန္ဒက၏ ဖြစ်စဉ်နှင့်ပတ်သက်၍ ရမ်းဗြဲမြို့နယ်အသင်း ဥက္ကဌ ဦးစိုးဝင်းကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – ဆရာတော်ကြီးရဲ့ဖြစ်စဉ်မှာ ရဲစခန်းကရော၊ သံဃနာယကအဖွဲ့ကရော အရက်လာဝယ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆရာတော်ကြီးက ဘယ်လိုများ မိန့်ခဲ့ပါသလဲ။

USW – ဆရာတော်ကြီး ကတော့ သူက ဆေးသောက်ဖို့ လေ။ ဘဏ်ကို ငွေ(၂)သိန်းသွားသွင်းတယ်။ ပြန်ထွက်လာတော့ ခရီးလမ်းလျှောက်လာတော့ ပင်ပန်းတယ်၊ မောတယ်ပေါ့။ ရောဂါကလည်း ရှိတော့ ဆေးသောက်ဖို့ အချိန်တန်တော့ ရေတောင်း တယ်။ ဒီဆရာတော်ကြီးက ဗမာလို မပီဘူးလေ။ ရခိုင်ကို ရေကို “ ရီ” လို့ ခေါ်တာပေါ့။ “ ရီယာပေးပါဝေ့” လို့ ရခိုင်လိုပြောတာ။ ရေပဲပေးပါကွာ။ “ ရီယာပေးပါဝေ့” လိုပြောတာ ဟိုက “ ဘီယာပေးပါဝေ့” လို့ ကြားမှာပေါ့။ အဲဒီတော့ မူးနေတဲ့ဝိုင်းက ဘုန်းကြီးနဲ့ ဘာဆိုင်လဲဆိုပြီး နားရင်းဆွဲအုပ်။ လက်သီးနဲ့ ဆွဲထိုး။ အဲလို ၃ ယောက်ရိုက်ကြတာ။ လူကိုမမှတ်မိတာ။ သူက ဗီဒီယိုဖိုင်ကို ကြည့်နေရတဲ့ လူကတော့ သိတာပေါ့။ မျက်နှာကို ပါးကို ဘယ်ပြန်၊ ညာပြန်ရိုက်နေတော့ မျက်နှာကို ငုံ့ထားရတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သံဃနာယက အတွင်းရေးမှူးလို့ ပြောတယ်။ တကယ် ဟုတ်မဟုတ် ဘုန်းကြီးက မသိဘူး။ သူတို့ ကိုးကွယ်တဲ့ သူတို့ကျောင်းလို့ပဲ ထင်တယ်။ အဲဒီကို ခေါ်သွားပြီး လူတွေက ဝိုင်းထားတာကိုး။ ဘုန်းကြီးကိုလည်း အသက်ကြီးမှ ဘာလို့အရက်သောက်ရသလဲ၊ ဘာညာ မကောင်းတာကိုပဲ မေးတယ်လေ။ ပြီးတော့ ..

ရိုက်တဲ့သူတွေကို သူက မော်ကြည့်လို့ မရဘူး။ အဲဒီတော့ နားရင်းပါးရင်းရိုက်ခံရတယ်။ တစ်နာရီ နှစ်နာရီလောက်ကြာတယ် ပြောတယ်။ အဲဒါကို ဘေးက အမြင်မတော်တဲ့သူ တစ်ယောက်မရှိဘူး။တော်ပါတော့လို့ ပြောတဲ့သူ မရှိဘူး။မလုပ်ကောင်းပါဘူး ပြောတဲ့သူလည်း မရှိဘူး။ လူ့အသိုင်းအဝိုင်း လူ့ခွင်ထဲရောက်တော့ သူတို့လုပ်သမျှ ခံနေရတယ်။ တစ်ယောက်တည်း။ ဘုန်းကြီးက တကယ့် သူတော်စင်ကြီးက အရက်သမားဘဝရောက်။ စွပ်စွဲပြီးတော့ မတန်တဆကို လုပ်ကြတာဗျာ။ ဘယ်လိုမှကို ကြည့်တဲ့သူတိုင်း ခံစားလို့ မရဘူး။

ငြမ်းမီဒီယာ – သံဃနာယကအဖွဲ့ဆီမှာ ခံဝန်ထိုးထားခဲ့တာလည်း ရှိပါတယ်။ အဲဒီလို ထိုးခဲ့ရတာကရော ဘယ်လို အခြေအနေကြောင့် ပါလဲ။ ဆရာတော်ကြီးကရော ဘယ်လိုများ မိန့်ကြားပါသလဲ။

USW – သံဃနာယကလို့ ဘေးကလူပြောမှ သိတယ်လေ။ သံဃနာယက အတွင်းရေးမှူးလို့ ပြောတယ်။ တကယ် ဟုတ်မဟုတ် ဘုန်းကြီးက မသိဘူး။ သူတို့ ကိုးကွယ်တဲ့ သူတို့ကျောင်းလို့ပဲ ထင်တယ်။ အဲဒီကို ခေါ်သွားပြီး လူတွေက ဝိုင်းထားတာကိုး။ ဘုန်းကြီးကိုလည်း အသက်ကြီးမှ ဘာလို့အရက်သောက်ရသလဲ၊ ဘာညာ မကောင်းတာကိုပဲ မေးတယ်လေ။ ပြီးတော့ အရက်ဆိုင်ကို နောင်မဝင်တော့ပါဘူး။ နောင် အရက်မဝယ်တော့ပါဘူး။ နောင် အရက်မသောက်တော့ပါဘူး။ သူတို့ဟာ သူတို့ရေးပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ မထိုးရင် အဲဒီမှာတင် ကိစ္စရှင်းပစ်လိုက်မယ့်၊ နှုတ်ပိတ်လိုက်မယ့် သဘောရှိတယ် ဒကာကြီးတဲ့။ အဲဒီတော့ တရားဥပဒေဆိုတာလည်း ဘယ်ဆီရောက်နေမှန်းမသိ။ ကူညီမယ့်လူမရှိ ဘာမရှိနဲ့ အသက်တစ်ချောင်း ချမ်းသာကြောင်းနဲ့ ဘာရေးရေး ထိုးခဲ့ရတာပေါ့။ ထိုးခဲ့တယ်လို့ပြောတယ်။ ဒါပေမဲ့ ဆရာတော် ဒီလိုထိုးတာ တရားသူကြီး ရှေ့ထိုးတာလည်း မဟုတ့်၊ ရဲစခန်းထိုးတာလည်း မဟုတ်။ ဒါကြောင့် တရားမဝင်ပါဘူးဘုရားလို့။ သက်သာရာ သက်သာကြောင်း ကျနော်တို့က လျှောက်တယ်လေ။

ငြမ်းမီဒီယာ – ရဲစခန်းကို သွားရောက်မေးမြန်းတဲ့အခါမှာ ရဲစခန်းက ဆရာတော်က တောင်ဝှေးနဲ့ ရိုက်တယ်လို့လည်း ပြောဆိုခဲ့ ပါတယ်။ အဲဒီဖြစ်စဉ်အပေါ်မှာရော ဆရာတော်ကြီးက ဘယ်လိုများ မိန့်ပါသလဲ။

နိုင်ငံရေးသမားတွေ အသုံးချမှာလည်း စိုးရိမ်တယ်ဘုရားလို့။ ရခိုင်တို့၊ ဒီဆိုင်က ကုလားဆိုင်တို့ လျောက်ပြောပြီးတော့လေ။ ရခိုင်မို့လို့ ကုလားက ရိုက်တာပေါ့လို့ ပြောတာလည်း တမျိုး။ အမျိုးမျိုးလျောက်ပြီးတော့ ဖွကြတာပေါ့ဗျာ။ တခုခုဖြစ်ရင် နိုင်ငံရေးသမားတွေက …

USW – တောင်ဝှေးနဲ့ရိုက်တယ်ဆိုတာတော့ မရှိပါဘူး။ သူက အဲဒီတောင်ဝှေးနဲ့ ခံတာဖြစ်မှာပေါ့ဗျာ။ ဟိုက ရိုက်တာကို ခံတာဖြစ်ရင် ဖြစ်မှာပေါ့။ ရိုက်တယ်လို့ ဆရာတော်ကြီးလည်း မပြောဘူး။ သူက မေတ္တာ၊ ကရုဏာ သမား။ သူများရိုက်ရင် ခံမယ်လေ။ ပြန်လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ အခုတောင် ဝဋ်ရှိလို့ ခံရတာ၊ ကျုပ်တော့ တအားရှက်တယ်။ ပြောပြီး မျက်ရည်ကျ။ အသံက ဝင်သွား၊ တိမ်သွား။ မဟုတ်ပါဘူး ဆရာတော် ခွင့်လွှတ်ပေမယ့် သာသနာညှိုးနွမ်းအောင် စော်ကားတာကိုတော့ တပည့်တော်တို့ က ခွင့်လွှတ်လို့ မရဘူး။ ဒီလူတွေ နောင်မှာ ဒီလို အပြုအမူမျိုး မပြုရဲအောင်တော့ ဥပဒေအရ သင့်တဲ့ပြစ်ဒဏ် ခံရအောင်တော့ လုပ်ရမှာပေါ့ဘုရားလို့။ ပြီးတော့ ဒါကို တစ်ဖက်ကလည်းပဲ ဒီအခွင့်အရေးကို နိုင်ငံရေးသမားတွေ အသုံးချမှာလည်း စိုးရိမ်တယ်ဘုရားလို့။ ရခိုင်တို့၊ ဒီဆိုင်က ကုလားဆိုင်တို့ လျောက်ပြောပြီးတော့လေ။ ရခိုင်မို့လို့ ကုလားက ရိုက်တာပေါ့လို့ ပြောတာလည်း တမျိုး။ အမျိုးမျိုးလျောက်ပြီးတော့ ဖွကြတာပေါ့ဗျာ။ တခုခုဖြစ်ရင် နိုင်ငံရေးသမားတွေကလည်း အကွက် ချောင်းနေတာကိုး။

ငြမ်းမီဒီယာ – ဒီဖြစ်စဉ်ပေါ်မှာ အခြေခံပြီး ဆူပူအောင်လှုံ့ဆော်တာတို့၊ သတင်းကို အဟုတ်နဲ့ မဟုတ်ရောပြီး နိုင်ငံရေးအရ အသုံးချဖို့ ကြိုးစားတာတွေရှိနေတော့ အဲဒီအပေါ်မှာရော ဦးစိုးဝင်းတို့အနေနဲ့ ဘာများပြောချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USW – အခွင့်အရေးယူ အသုံးမချကြပါနဲ့။ ဒီပြဿနာကိုလေ။ နိုင်ငံမတည်မငြိမ်ဖြစ်အောင်၊ လူမျိုးရေးကို မုန်းတီးအောင် မလုပ်ပါနဲ့ ၊မဖွကြပါနဲ့လို့ပဲ တောင်းပန်ချင်တာပေါ့ဗျာ။ ဒီဆရာတော်ကြီးကတော့ ကျနော်တို့ မြို့နယ်အသင်းကလည်း ဒီဆရာတော်ကို သိတယ်။ စာပေဝါသနာရှင်ဗျ။ သူတော်စင် သူတော်ကောင်းကြီး၊ ပြီးတော့ စာတတ်ပေတတ် ဓမ္မာစရိယအောင်ပြီး။ ပြီးတော့ သမ္မတ (သင်္ကန်းတိုက်)ဦးသန်းနိုင်တို့ တောင် စာချလာတဲ့ ပုဂ္ဂိုလ်။ သူ့ရဲ့ရွာ ရမ်းဗြဲမြို့နယ်၊ ကျက်သရေရွာဆိုတာ သူ့ကျောင်းက သိန်းကို ထောင်နဲ့တန်တာ။ ဒါကို စွန့်ပြီးတော့ စာရေးချင်တဲ့အလုပ်ကိုပဲ သူက ဝါသနာပါပြီး လှည်းကူးဆိုတဲ့နေရာမှာ တစ်ပါးထိုင် ကျောင်းကလေး ဆောက်လုပ်ပြီး ငြိမ်ငြိမ်ဆိမ်ဆိမ်၊ တိတ်တိတ်ဆိတ်ဆိတ်၊ စိတ်ကူးလေးကောင်းအောင် ပန်းပင်လေးတွေ ရေလောင်း။ မရောက်ဖူးပါဘူး။ ဒါပေမဲ့ ဆရာတော်ရဲ့ နေတတ်ထိုင်တတ်တဲ့ သဘာဝလေ။ အတွေးအခေါ်ကောင်းလေးတွေရတော့ စိတ်ကူးကောင်းလေးတွေ ဝင်ပြီး။ သူကိုယ်တိုင်လည်း စာအုပ်တစ်အုပ်ထွက်ရင် ဒကာကြီး အားပေးပါဦး။ တစ်အုပ်ကို ဘယ်လောက် ရောင်းလဲ ဆရာတော်။ တစ်အုပ်ကို ၂၀၀၀။ ဒါပေမဲ့ ဒကာကြီး စာအုပ်ဖိုးပဲ ၁၅၀၀ ပဲပေးပါဆိုတော့ အုပ်(၁၀၀) ကျနော်က အမြဲတမ်း အားပေးတယ်။ တစ်ခါတလေကျတော့ စာအုပ်မယူတော့ပါဘူး ဆရာတော်။ ဝတ္ထုပဲ ကပ်လိုက် ပါမယ်ဆိုပြီးတော့ ဝတ္ထုပဲကပ် တယ်ဗျ။ ဆရာတော်ထုတ်တဲ့ စာအုပ်တွေဆို (၇) အုပ်လောက်ရှိပြီ။ နံပါတ်(၁)က ယောဂီတို့ ရှေ့ဆောင် ဆိုပြီးတော့ အရင်ဆုံး ထွက်တယ်ပေါ့ဗျာ။ နံပါတ်(၂) ကတော့ ယောဂီတို့ အိတ်ဆောင်ဆိုပြီး ဒုတိယ ထွက်တယ်။ တတိယ ယောဂီတို့ထွက်လမ်းဆိုပြီးတော့ ထွက်တယ်။ နံပါတ်(၄)က ယောဂီတို့ အလင်းရောင်က (၂)အုပ်ထွက်တယ်။ ပထမတွဲနဲ့ ဒုတိယတွဲ။ နံပါတ်(၅)က ဗုဒ္ဓနဲ့ ဘာသာသိစရာဆိုပြီးထွက်တယ်။ အခု နောက်ဆုံးကတော့ ဗုဒ္ဓဘာသာဝင် သိစေချင်ဆိုတဲ့စာအုပ်။ အဲဒါကို ထွက်တယ်။ တကယ့်သူတော်စင်ပါဗျာ။ ဘယ်နှယ့် အရက်သမားဖြစ်ရမှာလဲ။

သူတော်စင်ကို ပြစ်မှားတဲ့အတွက် အပယ်လေးပါးသွားမှာတော့ သေချာတယ်။ ဒါပေမဲ့ ပြစ်ဒဏ်အရ အရေးယူလို့ရအောင်၊ နောင်ကျဉ်အောင်၊ သာသနာကို မစော်ကားအောင်တော့ ကျနော်တို့က လုပ်မယ်ပေါ့ဗျာ။ လုပ်ဖို့ရှိတယ်။ မနေ့က…

ငြမ်းမီဒီယာ – ဒီကိစ္စအပေါ် ရဲစခန်းနဲ့ သံဃနာယကအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကိုရော ဘယ်လိုမြင်ပါသလဲ။

USW – အားမလို အားမရ ဖြစ်တာပေါ့လေ။ တချို့ကလည်း ပြောကြတာပေါ့။ ဘီယာဆိုင်နဲ့ ရဲစခန်းနီးတယ်။ အပေးအယူရှိတယ်။ ဒါကတော့ စွပ်စွဲတာပေါ့လေ။ ဟုတ်ချင်မှ ဟုတ်မယ်။ ကျနော်တို့ကတော့ ပြစ်မှု၊ ပြစ်ဒဏ်ပေါ့။ မတရားခံရတာ မဖြစ်စေချင်ဘူး။ အမှုမှန် ပေါ်ပေါက်အောင်လုပ်မယ်။ ထိုက်သင့်တဲ့ ပြစ်မှု။ ဥပဒေအရ အရေးမယူရင်လည်း သူတော်စင်ကို ပြစ်မှားတဲ့အတွက် အပယ်လေးပါးသွားမှာတော့ သေချာတယ်။ ဒါပေမဲ့ ပြစ်ဒဏ်အရ အရေးယူလို့ရအောင်၊ နောင်ကျဉ်အောင်၊ သာသနာကို မစော်ကားအောင်တော့ ကျနော်တို့က လုပ်မယ်ပေါ့ဗျာ။ လုပ်ဖို့ရှိတယ်။ မနေ့က ကော်မတီတွေ ဖွဲ့လိုက်တယ်။ ရှေ့နေတွေ၊ ဥပဒေအရာရှိတွေ၊ ညွှန်ကြားရေးမှူး အငြိမ်းစားတွေပါဝင်တဲ့ ဥပဒေသမားတွေကို အကြံပေးအဖွဲ့ဆိုပြီး (၅) ယောက်။ နောက် သတင်းထုတ်ပြန်ရေး။ မဟုတ်က ဟုတ်ကတွေ လျောက်မပြောနဲ့။ ဒီသတင်းနဲ့ ပတ်သက်ပြီး သမ္မတ(သင်္ကန်းတိုက်) ဦးသန်းနိုင်က ပြောရေးဆိုခွင့်ရှိသူ။ ရမ်းဗြဲမြို့နယ်အသင်း ဥက္ကဌက ပြောမယ်ဆိုပြီး သတ်မှတ်တယ်လေ။ ကျန်တဲ့ ရဟန်းအဖွဲ့ကတော့ ရဟန်းအဖွဲ့တွေ ဖွဲ့ကြတာပေါ့။ ရဟန်းငယ်တွေကတော့ တက်ကြွတယ်ပေါ့ဗျာ။ တက်တက်ကြွကြွလုပ်ချင်တော့ လူငယ်တွေပဲ ဦးဆောင်ပြီး ဆရာတော်ကိုပင့်သွားပြီးတော့ ထောက်ကြန့်ရဲစခန်းကို ခေါ်သွားတယ်။ ထွက်ပြေးတာလည်း မဟုတ်ဘူး။ ပျောက်နေတာလည်း မဟုတ်ဘူး။ မတော်မတရား လာလုပ်မှာစိုးလို့ (၂၈) ရက်နေ့ဖြစ်တယ်ဆို (၂၉)ရက်နေ့ အလုံးအရင်းနဲ့ ကျောင်းကို ရောက်လာကြပြီး ဆရာတော်ကို ရိုက်တဲ့လူ ဖမ်းချုပ်ထားပြီးပြီ။ ဆရာတော်ခွင့်လွှတ်မှ ကျေအေးမှ ထွက်လို့ရမှာ ဘုရား။ လိုက်ခဲ့ပါဘုရား။ လာခေါ်တဲ့သူရှိတော့ ညဘက် ညရေးညတာလည်း စိတ်မချတာ တစ်ကြောင်း၊ ပြီးတော့ ဒီကျောင်းမှာ တစ်ပါးတည်းနေတော့ အရက်ပုလင်းတွေ လာပုံထားပြီးတော့ လာဖမ်းမယ်ဗျာ။ အရက်ပုလင်းတွေ ဒီကျောင်းမှာ တွေ့ရှိရ တယ်ဆိုပြီး အမှုကို သေချာအောင်လုပ်ပြီး ဆင်မှာလည်း စိုးရိမ်ရတော့ စိတ်မချလို့ ကျနော်တို့က လုံခြုံတဲ့နေရာမှာ တစ်ညသိပ်ပြီးတော့ သမ္မတ(သင်္ကန်းတိုက်)ဦးသန်းနိုင်က သူအဆင်ပြေအောင် လုပ်ပေးမယ်ဆိုလို့လေ။

ငြမ်းမီဒီယာ – ဘယ်နေ့မှာ ဦးစိုးဝင်းတို့ ဘယ်အသင်းက သွားပင့်ဆောင်ခဲ့တာလဲ။

USW – (၂၈)ရက်နေ့မှာ ဖြစ်တယ်လေ။ ည(၈း၀၀) နာရီမှာ ဘုန်းကြီးက ကျောင်းရောက်တယ်။ တစ်ညလုံး အိပ်မပျော်ဘူး။ ငါ သီလ၊ သမာဓိ စင်ကြယ်နေရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလိုအဖြစ်မျိုး ဖြစ်ရသလဲ။ ရှက်လည်း ရှက်တယ်။ အိပ်လို့ မပျော်ဘူး။ နောက်နေ့ ကျတော့လည်း ဒီလိုလာပြီးတော့ အုံနဲ့ကျင်းနဲ့ ခွင့်လွှတ်ပါ၊ သည်းခံပါ၊ ဆရာတော်ကျေအေးပါ။ စသည်ဖြင့် လာပြောတယ်။ ဆရာတော်က ငါဆွမ်းစားပြီးရင် တပါးတည်း လိုက်လို့ မဖြစ်ဘူး၊ တပည့်တစ်ယောက်နဲ့ လိုက်ခဲ့မယ်။ ပြောပြီး ပြန်လွှတ်လိုက်တာပေါ့။ စဉ်းစားတော့ ငါသွားလို့ မဖြစ်ဘူး။ ဒီမှာနေရင်လည်းပဲ ဒီတစ်ခါ လာခေါ်လို့ မလိုက်ရင် နောက်တစ်ခါ အုံနဲ့ကျင်းနဲ့ဆို ညအမှောင်မှာ လာပြီး တခုခုလုပ်မှာ စိုးရိမ်တယ်။ ဒါကြောင့်မို့ ကျနော်တို့အသင်းရဲ့ အီးစီ တစ်ယောက်ရဲ့ ညီမဆီကို ဆက်ပြီးတော့ မြို့ထဲကို ကြွလာ ပါပေါ့။ သူ့ဟာသူ လာတာ။ ရောက်နေမှန်းသိတော့မှ ကျနော်တို့က လုံခြုံတဲ့နေရာကို ပို့ပြီးတော့ (၂၉)ရက်နေ့ မြို့ထဲမှာ ကျိန်းတယ်။ နောက်နေ့က စပြီးတော့ ကျနော်တို့ နေရာပြောင်းထားတယ်။

ငြမ်းမီဒီယာ – ကျေအေးဖို့ လာတောင်းပန်ကြတာ ဘယ်သူတွေပါလဲခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USW – အဲဒါ ဆိုင်ပိုင်ရှင်ရဲ့ အကိုလို့ ပြောတယ်။ အကိုနဲ့ တပည့် အသိုင်းအဝိုင်းရှိတယ်။ နောက် ရဲ။ ယူနီဖောင်းတော့ မပါဘူး။ ရဲတစ်ယောက်တော့ လာတယ်လို့လည်း ပြောတယ်။

ငြမ်းမီဒီယာ – ဆရာတော်ကြီးက ပြောတာလား ခင်ဗျ။

USW – ဟုတ်တယ်။ ဆရာတော်ကြီးက ပြောတာ။

ငြမ်းမီဒီယာ – ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ဦးစိုးဝင်းတို့ အသင်းအဖွဲ့တွေ အနေနဲ့ သက်ဆိုင်ရာ ရဲစခန်း၊ သံဃနာယက တို့နဲ့ တွေ့ဆုံဆွေးနွေးတာများ ရှိပါသလား။

USW – ကျနော်ကိုယ်တိုင်တော့ မရှိဘူး။ သံဃာတွေကတော့ အရှင်ဝီရသူရဲ့ တပည့်၊ ဆရာတော်ဦးကေတုတို့၊ လူငယ် အမျိုးသားရေးလှုပ်ရှားတဲ့သူတွေ၊ နောက် ကျနော်တို့အသင်းက လူငယ်တွေ၊ သူတို့သွားလာ လှုပ်ရှားပြီးတော့ ပြောဆိုတာတော့ ရှိတာပေါ့။ ကျနော်တို့က အသက်ကြီးပြီဆိုတော့ မလိုက်နိုင်ဘူး။ မနေ့က ရဲစခန်းသွားလည်း လူကြီးတွေ မလိုက်တော့ဘူးကွာ။ လူငယ်တွေပဲ ဆရာတော်ကြီး ပင့်ပြီး သွားကြပါ။ တချို့ကလည်း ဆရာတော် အရက်သောက်လို့ ထွက်ပြေးသွားပြီ။ ထိုင်းနယ်စပ် ရောက်သွားပြီ။ မဟုတ်မှန်တဲ့အကြောင်း အဖြစ်မှန် ပေါ်အောင်ပေါ့။ သွားပြပြီး ထွက်ဆိုချက်ပေးလိုက်ပါဆိုပြီး မနေ့က စီစဉ်ပေးလိုက်တယ်။

ငြမ်းမီဒီယာ – ဆရာတော်ကြီး ရဲစခန်းကို သွားရောက်ခဲ့ပြီးပြီပေါ့။

USW – ဟုတ်တယ်။ ရောက်ခဲ့ပြီးပြီ။

ငြမ်းမီဒီယာ – စခန်းမှူးက တရားလိုလုပ်ပြီး ဆိုင်ရှင်ကို ပုဒ်မ(၃) ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒီအမှုတွေအပေါ် ဆရာတော်ကြီးကရော ဘယ်လိုဆက်လုပ်သွားဖို့ သဘောထားရှိပါသလဲ။

USW – ဆရာတော်ကြီးကတော့ ခွင့်လွှတ်ပါတယ်။ ဘယ်သူ့ကိုမှ ဘာမှမလုပ်ကြပါနဲ့။ ငါဝဋ်ရှိလို့ ခံရတာ။ နောက်လူတွေ ဆက်ပြီး မခံရပါစေနဲ့ဆိုပြီး မေတ္တာသမားဆိုတော့ မေတ္တာပဲပွားတာပေါ့လေ။ ဘာပုဒ်မမှန်းလည်း သူက စိတ်မဝင်စားဘူး။ နားလည်း မလည်ဘူး။ ကျွန်တော်တို့ကတော့ သိထားတာပေါ့။ ပုဒ်မ ၂၅၆၊ သာသနာတော် ညှိုးနွမ်းစေမှု။ နောက် ၃၂၃၊ ၁၁၄။ ပုဒ်မတွေတပ်ပြီး စွဲထားတာ သိရတယ်လေ။

ငြမ်မီဒီယာ – ဆရာတော်ကြီးအနေနဲ့ရော အမှုကို ပယ်ဖျက်ဖို့ မိန့်တာရောရှိလားခင်ဗျ။

USW – အဲလိုတော့ မရှိဘူး။ အဲဒါတော့ မရှိဘူး။ တရားလိုက စခန်းမှူးကိုယ်တိုင် တရားလိုလုပ်ပြီး ဖွင့်တာကိုး။ ဆရာတော်ကြီးက တရားရုံးတွေ ဘာတွေလည်း မသွားနိုင်ဘူး။ ရှုပ်ရှုပ်ရှက်ရှက်လည်း မလုပ်နိုင်ဘူး။ ငါ့ သာသနာရေးကိစ္စ၊ ဘုရားကိစ္စ။ တရားကိစ္စ။ စာရေးတဲ့ကိစ္စ။ နောက် အချိန်လည်း ကုန်တဲ့အတွက် ငါ့ဝဋ်နဲ့ ငါပဲ သည်းခံလိုက်မယ်ဆိုပြီးတော့ ပြောတယ်။

ကိုယ့်အမျိုးသားရေး နဲ့ အမြတ်ထုတ်တာတို့၊ ခုတုံးလုပ်တာတို့၊ ဆူပူအောင်လုပ်တာတို့တော့ မဖြစ်စေချင်ဘူးလေ။ ကျွန်တော်က ဒါကို တော်တော် စိုးရိမ်ပါတယ်။ နိုင်ငံရေးပါတီတွေဆို အသုံးချဖို့လောက် ချောင်းနေကြတာကိုး။ ဆိုတော့ …

ငြမ်းမီဒီယာ – ဦးစိုးဝင်းတို့လို ဒကာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေကရော ဘယ်လိုဆက်လုပ်လုပ်ဆောင်သွားကြမလဲ။

USW – လုပ်သင့်တာတော့ ကျွန်တော်တို့ လုပ်မယ်။ ဒီနေ့လည်း (၁း၀၀) နာရီမှာ အစည်းအဝေးခေါ်ထားတယ်။ အလုပ် အမှုဆောင်အဖွဲ့တွေ ပညာရှင်တွေအပါအဝင်ပေါ့။ ဘာလုပ်သင့်လဲ၊ တဆင့်ပြီးတဆင့် ဘာလုပ်မလဲ။ ပထမအဆင့်က ဘာ၊ ဒုတိယ အဆင့်က ဘာ၊ တတိယ အဆင့်က ဘာ။ ပြီးတော့ ဆရာတော်ကြီးရဲ့ ကျန်းမာရေးအတွက်လည်း တဖက်က စောင့်ရှောက်ထား ရတာကိုး။ လိုအပ်တာတွေမှန်သမျှ မြို့နယ်အသင်းက လုပ်မယ်။ အမှုနဲ့ ပတ်သက်ပြီးလည်း ဥပဒေကြောင်းအရ ဥပဒေဝန်ထမ်းတွေ အများကြီး ရှိတယ်။ ဒီပုဂိုလ်တွေရဲ့ အကြံပေးချက်နဲ့ အညီ ဒီ ၂၉၅ ကပေါ့နေတယ်၊ ပုဒ်မ ဘယ်လောက်ကို ဦးတိုက်လျောက်ဖို့ သင့်တယ်ဆိုလည်း လုပ်မယ်ဗျာ။ ဒါကတော့ အားလုံးသဘောတူညီချက်နဲ့ လုပ်ရတာကိုး။ ကျနော်အသင်းဥက္ကဌဆိုပေမယ့် တစ်ယောက်တည်းသဘောနဲ့လည်း လုပ်လို့ မရဘူးလေ။

ငြမ်းမီဒီယာ – ဒီဖြစ်စဉ်က ဘယ်လိုကြောင့်ဖြစ်တယ်လို့ ဦးစိုးဝင်း အနေနဲ့ သုံးသပ်မိလဲ။

USW – ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ပဲ ပြောရမှာပေါ့ဗျာ။ ဆရာတော်ကြီးက သူတော်စင်ဖြစ်ပေမယ့် ဘီယာဆိုင်မှန်းမသိ။ တောက လာတာဆိုတော့။ သူရေတစ်ခွက်ရဖို့၊ ဆေးသောက်ဖို့ပဲ သိတော့လေ။ ပြီးတော့ တခြားပုဂ္ဂိုလ်တွေလို ကျီးကန်းတောင်းမှောက် ဟိုသည်ကြည့်နေတာလည်း မဟုတ်ဘူး။ မျက်လွှာချပြီးတော့ လေး ငါးတောင် အကွာလောက်ကိုပဲ ကြည့်တာကိုး။ အဲဒီတော့ ဆိုင်းဘုတ်ကို မော့မကြည့်ဘူး ထင်ပါတယ်။ သူဆိုင်ထဲဝင်သွားတယ်။ ရေတစ်ခွက်ရဖို့။ ဒါပဲ သူက ပြောတာ။ ဘာဆိုင်မှန်းကို သူမသိဘူးတဲ့။

ဘယ်လူမျိုးမဆို လူဆိုးနဲ့လူကောင်း ရှိတာကိုးဗျာ။ အားလုံးက လူဆိုးမဟုတ်သလို အားလုံးလည်း လူကောင်း မဟုတ်ပါဘူး။ သူတော်ကောင်းတွေ ရှိသလို လူယုတ်မာတွေလည်း ရှိတာပဲ။ အဲဒီတော့ …

ငြမ်းမီဒီယာ – သက်ဆိုင်ရာ ရဲစခန်း၊ သံဃနာယကရဲ့ ပြောဆိုချက်အပေါ်မူတည်ပြီး ကနဦးရက်တွေမှာ ဘုန်းကြီးအရက် လာဝယ်တယ်လို့ သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့တာရှိသလို ဒီဖြစ်စဉ်ပေါ် အခြေခံပြီးတော့ နိုင်ငံရေးအရ အသုံးချချင်တဲ့သူတွေကလည်း ပိုပြီး ပုံဖျက်လုပ်ဆောင်နေတာတွေအပေါ် ဦးစိုးဝင်းတို့ အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ။

USW – သတင်းအမှန်ပဲ ရေးကြပါပေါ့ဗျာ။ အသုံးမချကြပါနဲ့။ ကျနော်တို့ တာဝန်ရှိတဲ့သူတွေကိုတိုက်ရိုက်မေးမြန်းပြီးတော့ ရေးသားကြပါလို့ပဲတောင်းပန်ချင်တာပေါ့။ ဒီအမှုကို အသုံးချပြီး။ အခုက တော်တော်စိတ်ဝင်စားတဲ့အမှုဖြစ်သွားပြီ။ ပြီးတော့ တကမ္ဘာလုံးက သိတဲ့ အဆင့်မျိုး ရောက်သွားပြီ။ တခြားဘာသာဝင်တွေလည်း အားရမယ့်၊ ကျေနပ်မယ့် အပြုအမူမျိုး၊ အထင်သေးမယ့်ဟာမျိုး မဖြစ်စေချင်ဘူးပေါ့လေ။ အဲဒါပါပဲ။ ကြားတာနဲ့ရေးတာ၊ မခိုင်မာဘဲရေးတာ၊ ထင်ကြေးနဲ့ရေးတာ၊ ဟိုဘက် ဒီဘက်ရေးတာတွေက ဆိုင်ရှင်ဘက်က ရေးတာလည်း ရှိမှာပေါ့လေ။ ဒီကြားထဲ ပါတီဘက်က ဝင်ရေးတာလည်း ရှိမယ်။ ရခိုင်ပြည်က အရက်သမားတွေပါကွာ၊ ငယ်ငယ်ကတည်းက အရက်သောက်ပြီး ဘာညာက လူမျိုးရေး ပုတ်ခတ် စော်ကားတာ တွေလည်း ရှိတယ်လေ။ ဘယ်လူမျိုးမဆို လူဆိုးနဲ့လူကောင်း ရှိတာကိုးဗျာ။ အားလုံးက လူဆိုးမဟုတ်သလို အားလုံးလည်း လူကောင်း မဟုတ်ပါဘူး။ သူတော်ကောင်းတွေ ရှိသလို လူယုတ်မာတွေလည်း ရှိတာပဲ။ အဲဒီတော့ မျှမျှတတ ကိုယ့်အမျိုးသားရေး နဲ့ အမြတ်ထုတ်တာတို့၊ ခုတုံးလုပ်တာတို့၊ ဆူပူအောင်လုပ်တာတို့တော့ မဖြစ်စေချင်ဘူးလေ။ ကျွန်တော်က ဒါကို တော်တော် စိုးရိမ်ပါတယ်။ နိုင်ငံရေးပါတီတွေဆို အသုံးချဖို့လောက် ချောင်းနေကြတာကိုး။ ဆိုတော့ အဲဒီဘေးကလည်း ဝေးပါစေ ဆုတောင်းပါတယ်။

ငြမ်းမီဒီယာ – ဒီဖြစ်စဉ်အပေါ်မှာ ရခိုင်မို့လို့ ဆိုတာမျိုးတွေ၊ ဆိုင်ရှင်က မွတ်ဆလင် ဆိုတာမျိုးတွေ၊ NLD ပါတီဝင်ဖြစ်တယ် ဆိုတာမျိုးတွေ၊ အဲလိုမျိုး ပုံဖျက်ပြောဆိုနေမှုအပေါ်မှာရော ဘယ်လိုများ တရားဝင်ပြောချင်ပါသလဲ။

USW – မလုပ်ကြပါနဲ့လို့။ ထင်ယောင်ထင်မှားဖြစ်အောင် မဖန်တီးကြပါနဲ့ပေါ့ဗျာ။ ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် မေတ္တာနဲ့ ဆောင်ရွက်ကြပါလို့ပဲ အားလုံးကို တောင်းပန်ချင်ပါတယ်။ မေတ္တာရပ်ခံချင်ပါတယ်။

ငြမ်းမီဒီယာ
ဒီဇင်ဘာ(၃)၊၂၀၁၇၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,